မောင်သိန်းတင် မသိန်းရှင် // ရွှေဥဒေါင်း

မောင်သိန်းတင် မသိန်းရှင် // ရွှေဥဒေါင်း

(သူရိယမဂ္ဂဇင်း၊ ၁၉၁၇၊ မတ်လ။)

[လွန်ခဲ့သော နှစ်တရာကျော်ခန့်က ဝတ္ထုတိုဖြစ်ပြီး ယခု ဝတ္ထုတို၏ရှေ့တွင် ပေါ်ထွက်ခဲ့သော အခြား ဝတ္ထုတိုရှိသည်ဟူသော အထောက်အထားမရှိသဖြင့် “ မောင်သိန်းတင် မသိန်းရှင် ” ဝတ္ထုတိုအား ဗမာ့ ပထမဆုံး ကာလပေါ်ဝတ္ထုတို အဖြစ် သတ်မှတ်ထားပါသည်။]

---

ကျောင်းဒကာ ဦးဖော့၊ ကျောင်းအစ်မ ဒေါ်သော့တို့သည် မိမိတို့၏အိမ်နီးချင်း ပွဲစားကြီး ဦးဘမောင်၊ ပွဲကတော်ကြီး ဒေါ်သာယာတို့နှင့် ငယ်စဉ်ကပင် ရပ်ဆွေရပ်မျိုးဖြစ်ကြသည့်အလျောက် ဘုရားသွားဖော်၊ ကျောင်းတက်ဖက် ရေစက်အတူ ကြည်ဖြူလေးမြတ်စွာနှင့် တဦး၏ကိစ္စကို တဦး အထူးဆောင်ရွက်လျက် အရာရာတိုင်း၌ပင် တိုင်ပင်နှီးနှောလေ့ ရှိကြလေ၏။

ကျောင်းဒကာကြီး ဦးဖော့၌ မောင်သိန်းတင် အမည်ရှိသော သားတယောက်ရှိလေရာ ပွဲစားကြီးလင်မယား၌လည်း မသိန်းခင်၊ မသိန်းရှင်ဟု သမီးနှစ်ယောက်ရှိလေ၏။ သမီးအကြီး မသိန်းခင်မှာ ဘီအေ (B.A) အောင်ပြီး၍ အငယ် မသိန်းရှင်မှာမူ အပျိုပေါက်ကလေးပင် ရှိသေးလေ၏။ မောင်သိန်းတင်နှင့် မသိန်းရှင်တို့မှာ ငယ်စဉ်ကပင် ကစားဖော်ကစားဖက် ဖြစ်ကြ၍ တဦးနှင့်တဦး မောင်နှမ အရင်းအချာကဲ့သို့ ချစ်ခင်စုံမက်လျက်ရှိခဲ့ကြရာ မောင်သိန်းတင်မှာ လူပျိုကလေးဖြစ်၍ မသိန်းရှင်မှာလည်း ရှက်ကြောက်တတ်သည့်အရွယ်သို့ပင် ရောက်သော်လည်း ၎င်းတို့နှစ်ဦးမှာ ငယ်စဉ်ကကဲ့သို့ပင် ခေါ်ခေါ်ပြောပြော အရောတဝင်နေထိုင်ကြလေ၏။ အမိအဖတို့လည်း နှစ်သက်ကြဟန်လက္ခဏာနှင့် တားမြစ်ပိတ်ပင်ခြင်းမရှိဘဲ အမှတ်တမဲ့သာလျှင် နေကြလေ၏။ မောင်သိန်းတင်မှာ အင်္ဂလိပ်စာ ၉ တန်းတွင် သင်ကြားလျက်ရှိရာ အဖ ကျောင်းဒကာကြီးသည် ၎င်းအား ပညာတိုးပွားစေခြင်းငှာ မောင်ဘလှိုင်ရှိရာ ပွဲစားကြီး၏ အိမ်သို့ နားမလည်သောအရာရှိလျှင် အလွယ်တကူမေးမြန်းနိုင်ရန် ညတိုင်းသွား၍ စာကျက်စေလေ၏။

တနေ့သ၌ မောင်သိန်းတင်သည် စာအုပ်များကိုပိုက်လျက် ပွဲစားကြီး၏အိမ်သို့သွားရာ မောင်ဘလှိုင်နှင့်မသိန်းခင်တို့သည် အရိပ်ပြပွဲသို့သွားရန် ပြင်ဆင်လျက်ရှိနေကြသဖြင့် မောင်သိန်းတင်အား မိမိတို့နှင့်အတူလိုက်ရန် တိုက်တွန်းကြသော်လည်း မောင်သိန်းတင်မှာ စာမေးပွဲနီးပြီဖြစ်၍ မလိုက်လိုကြောင်းနှင့် တောင်းပန်ပြီးလျှင် မိမိစာဖတ်နေကျဖြစ်သော စားပွဲတွင် စာဖတ်နေလေ၏။ ပွဲစားကြီးလင်မယားလည်း မှန်အိမ်များကို လက်ဆွဲလျက် ကျောင်းဒကာကြီးတို့နှင့်အတူ ဘုရားဝတ်တက်ရန် သွားကြလေ၏။ 

မောင်သိန်းတင်လည်း စားပွဲတွင် တယောက်တည်း စာဖတ်လျက်နေရာမှ ခြေသံကြားသဖြင့် လှည့်၍ကြည့်လိုက်ရာ မသိန်းရှင်သည် လက်ဖက်ရည်တခွက်ကို ကိုင်လျက်လာသည်ကို မြင်လျှင် 

“အလို ... မသိန်းရှင်၊ ရုပ်ရှင်ပွဲကို မလိုက်ဘူးလား”

“ခေါင်းနည်းနည်းကိုက်လို့ မလိုက်ဘူး မောင်သိန်းတင်ရေ့၊ ကဲ ... စာဖတ်လို့ တော်တော်မောပြီထင်တယ်။ လက်ဖက်ရည်တခွက် သောက်လိုက်ပါဦး”

ဟု ပြော၍ လက်ဖက်ရည်ခွက်ကို မောင်သိန်းတင်၏ရှေ့တွင် ချပြီးလျှင် အနီးရှိ ကုလားထိုင်တလုံးပေါ်တွင် ထိုင်လျက်နေလေ၏။

မောင်သိန်းတင်လည်း လက်ဖက်ရည်ခွက်ကို ယူသောက်၍ ကျေးဇူးတင်စကားပြောပြီးလျှင် စာဖတ်မည်ပြုပြန်ရာ မသိန်းရှင်သည် ထိုင်ရာမှ မထသေးဘဲ 

“အင်္ဂလိပ်စာများ အင်မတန်ခက်သလား”

ဟု မေးလျှင် 

“လူမျိုးကွဲစာ သင်ရတယ်ဆိုတာ နည်းနည်းတော့ ခက်တာပေါ့ မသိန်းရှင်၊ မြန်မာစာလောက်တော့ ဘယ်လွယ်မလဲ”

“နည်းနည်းတတ်ချင်ပါတယ်၊ သင်ပေးပါလား၊ ကိုကိုက သင်မယ်ဆိုပြီး သင်လည်းမပေးဘူး”

“ကိုကိုက သင်မပေးရင် ဒီက သင်ပေးပါမယ်၊ စာမေးပွဲပြီးတော့ သင်လည်း သင်အားပါလိမ့်မယ်”

“တနေ့က စျေးကပြန်လာတော့ ကောင်ကလေးတကောင်က မိုင်ဆွီးတားဆိုလား ဘာဆိုလား ပြောတာကြားလိုက်တယ်။ ဒါ ဘာဆိုသလဲ ပြောစမ်းပါ မောင်သိန်းတင်ရဲ့”

ဟု အကယ်မသိသောမျက်နှာထားနှင့် မေးလျှင် မောင်သိန်းတင်လည်း စာဖတ်လိုလှသဖြင့် စကားမရှည်လိုသောကြောင့် 

“နောက်တော့ သင်ပေးပါမယ်၊ အခု ခဏဆိုင်းလိုက်ပါဦး”

ဟု ပြောသဖြင့် မသိန်းရှင်သည် ထိုင်ရာမှထ၍ ပြတင်းပေါက်မှ မျှော်ကြည့်လိုက်လေလျှင် အပျိုကလေးတချို့တို့နှင့် ကလေးတို့သည် ရွှေလသာလှသည်နှင့် ထုပ်ဆီးတမ်းကစားလျက် နေကြသည်ကို မြင်သဖြင့် 

“ဒီမှာကြည့်လှည့်စမ်း မောင်သိန်းတင်၊ ပျော်စရာကောင်းလိုက်တာ၊ ထုပ်ဆီးတမ်းများ မကစားရတာ ကြာလှပြီ။ ခဏလောက်ဆင်းပြီး ကစားရရင် မကောင်းဘူးလား”

ဟု ခေါ်၍ပြောလျှင် မောင်သိန်းတင်လည်း ထိုင်ရာမှ ထလာ၍ 

“ခေါင်းကိုက်တဲ့လူကလည်း ထုပ်ဆီးတမ်းတော့ ကစားနိုင်ရောလား၊ မလုပ်ပါနဲ့ မသိန်းရှင်ရယ်၊ စာမေးပွဲက နီးလှပြီ။ စာကျက်စရာတွေကလည်း များသေးတယ်”

ဟု ပြော၍ ပြတင်းပေါက်မှ နှစ်ယောက်သား ခါးထောက်လျက် ကြည့်နေကြလေ၏။

မောင်သိန်းတင်က 

”ခေါင်ကြောင်းစည်းတဲ့ဟာက ဘယ်သူလဲ မသိန်းရှင်ရဲ့”

“ဟိုဘက်အိမ်က မမြမေကလေးလေ”

“သြော် ... သူ့အသားကလေးက လရောင်မှာတော့ တယ်ပြီးလှပါကလား။ ချစ်စရာကလေးပဲနော်။ ဒါကြောင့် မော်လမြိုင်သူများ လှတယ်ပြောကြတာ ထင်ပါရဲ့”

ဟု ပြောလျှင် မသိန်းရှင်လည်း အနည်းငယ်မျက်နှာမသာဘဲ 

“မော်လမြိုင်သူ ဘယ်လိုပဲလှပေမယ့် တနေ့က ဦးကျော်ဒွန်းသမီး နားထွင်းမင်္ဂလာတုန်းက နားရံဖိတ်လို့သွားကြတာ မောင်သိန်းတင်မြင်လိုက်တယ် မဟုတ်လား”

“သြော် .... မြင်လိုက်တယ်။ သည်အရပ်က လေးယောက်ဖိတ်တယ် ထင်ပါရဲ့။ မိန်းမချောကလေးတွေချည်းပါပေပဲဗျာ။ တယ်ချော၊ တယ်လှ”

ဟု ပြောလျှင် မသိန်းရှင်သည် မောင်သိန်းတင်၏မျက်နှာကို စေ့စေ့ကြည့်လျက် 

“သည်လေးယောက်ထဲက ဘယ်သူက အချောဆုံးထင်သလဲ မောင်သိန်းတင်ရဲ့”

“နေပါဦး... ဘယ်သူများ သာလိမ့်မည်၊ မမြမေကလေးရယ်၊ မလှရင်ရယ်၊ မလှတင်ရယ်၊ ပြီးတော့ကော”

“ပြီးတော့ ဒီကရယ် ...”

“သြော် မသိန်းရှင်ရယ်လား၊ အင်း ... လေးယောက်စလုံးပဲ ကြည့်လို့ကောင်းကြပါပေတယ်။ တမျိုးစီပါပဲ”

“တမျိုးစီတော့ ဟုတ်ပါပြီ မောင်သိန်းတင်ရဲ့။ သေသေချာချာ ပြန်စဉ်းစားကြည့်ပါဦး။ ဘယ်သူကသာပြီး ကြည့်လို့ကောင်းသလဲ”

“အင်း၊ မလှရင်ကတော့ နည်းနည်းအသားကလေး ညိုတယ်၊ မလှတင်ကတော့လည်း အရပ်က နည်းနည်းရှည်တယ်”

“ မြမေကကကော ”

“ မမြမေကတော့ မဆိုစလောက်ကလေး အရပ်ပုတယ် ” 

ဟု ပြောပြီးလျှင် မသိန်းရှင်အား ခြေဆုံးခေါင်းဆုံးကြည့်လျက်နေရာမှ 

“မသိန်းရှင်ကတော့ အပြစ်ရှာစရာကြည့်လို့ မမြင်ပေဘူးဗျာ”

ဟု ပြုံးလျက်ပြောလိုက်ရာ 

“ခုတင်ကတော့ မမြမေကလေးက လှတယ်ဆို”

“လှတမျက်နှာ ယဉ်တကိုယ်လုံးတဲ့၊ မော်လမြိုင်သူ ဘယ်လိုပင်လှပေမယ့် သည်က ရွှေမန်းသူတော့ ဘယ်မီနိုင်မလဲ”

ဟု ပြောင်သလိုလိုမျက်နှာထားနှင့် ပြောလိုက်သောအခါ မသိန်းရှင်သည် မိမိမေးမိသည်ကို အရှက်ရ၍ မျက်နှာပူပူနှင့် ဦးခေါင်းကို အောက်ချလျက်နေလေ၏။
မောင်သိန်းတင်လည်း မိမိပြောမိသည့် စကားအဓိပ္ပာယ်ကို စေ့စေ့ပြန်၍ စဉ်းစားမိလျှင် အနည်းငယ်မျက်နှာပူသည်နှင့် ပြတင်းပေါက်မှ အိမ်သို့ လှမ်း၍ကြည့်လိုက်ရာ 

“မုန့်ဖက်ထုပ်၊ မုန့်ဖက်ထုပ်”

ဟု ဟစ်၍ရောင်းနေသော မုန့်သည်ကြီးကိုမြင်လျှင် မုန့်ဖက်ထုပ်က ကောင်းပုံပေါ်သည် ဟု အရှက်ပြေပြောပြီးလျှင် မုန့်သည်ကြီးကို အိမ်ပေါ်သို့ခေါ်၍ မုန့်အနည်းငယ် ဝယ်ယူစားသောက်ကြလျှင် မုန့်သည်မိန်းမကြီးလည်း ၎င်းတို့နှစ်ဦးကို သေချာစွာကြည့်လျက် 

“တယ်ပြီး ရှေ့သွားနောက်လိုက် ညီပါပေတယ်တော်၊ ကြည့်လို့မငြီးပါပေဘူး၊ ယခု မုန့်ဖက်ထုပ်ဝယ်စားရတဲ့အကျိုး၊ တယောက်အပေါ်၌ တယောက် မုန့်ကဲ့သို့ချိုပြီးလျှင် အိုအောင်မင်းအောင် ပေါင်းရပါစေ”

ဟု ဆုတောင်းပြီးလျှင် မုန့်ဗန်းကိုပင့်၍ အိမ်ပေါ်မှ ဆင်းသွားလေ၏။

မသိန်းရှင်လည်း မုန့်သည်အဒေါ်ကြီး အထင်လွဲ၍ ပြောသွားသည်ကို ကြားသဖြင့် များစွာ မျက်နှာထားခက်လျက်ရှိရသည့်အတွင်း မောင်သိန်းတင်က

“အဒေါ်ကြီးက ဘယ့်နှယ်များ အောက်မေ့သွားပါလိမ့်မည်၊ ကြားလိုက်တယ်မဟုတ်လား မသိန်းရှင်၊ အဒေါ်ကြီးပြောတာ ဘယ့်နှယ်သဘောရသလဲ”

ဟု ခပ်ပြုံးပြုံးမျက်နှာထားဖြင့် မေးလိုက်လျှင် မသိန်းရှင်သည် မောင်သိန်းတင်၏မျက်နှာကို မော်ကြည့်ပြီးလျှင် လက်ဖက်ရည်ပန်းကန်ကိုယူ၍ ထသွားလေ၏။

မောင်သိန်းတင်၊ မသိန်းရှင်တို့သည် ငယ်စဉ်မှစ၍ တမိဝမ်းတွင်း အတူဆင်းကြသည့် မောင်ရင်းနှမသဘော အရောတဝင် ခေါ်ငင်ပေါင်းသင်းလျက်လာခဲ့ကြရာ ထိုနေ့မှသည် တဦးကိုတဦး မခေါ်ဝံ့မပြောဝံ့၊ တဦးရှိရာတဦး မလာဝံ့ကြဘဲ အမူကွဲပြားလျက်ရှိကြကုန်၏။ ထိုသို့ပင်ရှိကြသော်လည်း တဦးကိုတဦး ရှေးကထက် နှစ်ဆထမ်းပိုး မြတ်နိုးချစ်ခင် မမြင်လျှင် မနေနိုင်ခမန်းရှိကြသည်အဖြစ်ကို နှစ်ဦးစလုံးပင် သိရှိကြလေ၏။

ဤသို့ ၂ လကျော် ၃ လခန့် ရှိခဲ့လေရာ မောင်သိန်းတင်မှာ ၉ တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုပြီးဖြစ်သဖြင့် မောင်သိန်းတင်၏အမိအဖတို့မှာလည်း သားအား ပညာဆက်လက်သင်ကြားရန် မတတ်နိုင်မူ၍ ရွှေဘိုမြို့ အရေးပိုင်မင်းရုံးတွင် စာရေးအလုပ်တခု လစ်လပ်သည်နှင့် မောင်သိန်းတင်အား လျှောက်ထားစေရာ မောင်သိန်းတင်လည်း ၎င်းအလုပ်ကို ရရှိလေ၏။ ၎င်းအကြောင်းကို မသိန်းရှင်တို့၏အဖ ပွဲစားကြီးကြားသိလေလျှင် များစွာပြစ်တင်ပြောဆို၍ မောင်သိန်းတင်ကို ရန်ကုန်ကောလိပ်ကျောင်းတွင် ပညာသင်ကြားနိုင်စေရန် မိမိကပင် စရိတ်ကြေးငွေ စိုက်ထုတ်ချေးငှားပါမည်ဟု ကျောင်းဒကာကြီးအား အတန်တန်ပြောဆိုပါသော်လည်း ကျောင်းဒကာကြီးမှာ သားတယောက်တည်းဖြစ်သည့်ပြင် မိမိ၌လည်း အိုမင်းမစွမ်းရှိသည်ဖြစ်၍ ကျောထောက်နောက်ခံဆိုဘိသကဲ့သို့ ရစေခြင်းငှာ မိမိတို့မသေမီအတွင်း သားနှင့် ကြာရှည်စွာခွဲခွာ၍ မနေလိုကြောင်းနှင့် ပြောဆို၍ ပွဲစားကြီးအားလည်း မိတ်ဆွေတို့ဝတ္တရားရှိသည့်အတိုင်း စောင်မကြည့်ရှုပေးသည်ကို များစွာကျေးဇူးတင်စကားပြောပြီးလျှင် သားအမိ၊ သားအဖသုံးယောက်တို့သည် ရွှေဘိုသို့သွားရန် ပြင်ဆင်ကြလေ၏။

မောင်သိန်းတင်လည်း ညှိုးငယ်သောမျက်နှာဖြင့် ပွဲစားကြီးအိမ်သို့သွားရောက်၍ အသီးသီးတို့အား ထိုက်သည့်အားလျော်စွာ ဝမ်းနည်းကြောင်း ပြောဆိုပြီးလျှင် မသိန်းရှင်ကို မမြင်ရသေးသည်နှင့် ခပ်ဆိုင်းဆိုင်းလုပ်၍နေရာ မသိန်းခင်လည်း မောင်သိန်းတင်၏ မျက်နှာထားကို ရိပ်မိသဖြင့် ညီမအငယ်ရှိရာသို့ တက်သွားပြီး တအောင့်ကြာလျှင် ပြန်ဆင်းလာ၍ နှမ မသိန်းရှင်မှာ ခေါင်းကိုက်၍နေသဖြင့် ဆင်းမလာနိုင်ကြောင်းကို ပြောလေလျှင် မောင်သိန်းတင်လည်း မသာယာသောမျက်နှာဖြင့် ပြန်ခဲ့ရလေ၏။ အိမ်ပြင်သို့ရောက်လျှင် မသိန်းရှင်အား မမြင်ရလျှင် မနေနိုင်မူ၍ အိမ်ဘက်သို့လှည့်ပြီးလျှင် ပြတင်းပေါက်သို့ ကြည့်လိုက်ရာ မသိန်းရှင်လည်း တံခါးကြားမှ ချောင်း၍ ကြည့်နေသည်ဖြစ်သောကြောင့် မျက်နှာကိုမမြင်ရဘဲ အင်္ကျီစကလေးကိုသာ မြင်လိုက်ရသဖြင့် မောင်သိန်းတင်လည်း သက်ပြင်းချပြီးလျှင် အမိအဖတို့နှင့်အတူ မီးရထားဘူတာရုံသို့ သွားရလေ၏။

ရွှေဘိုသို့ရောက်ကြလျှင် ကျောင်းဒကာကြီး လင်မယားတို့သည် မောင်သိန်းတင်ကို မိတ်ဆွေတယောက်အိမ်တွင် အပ်နှံ၍ မိမိတို့မှာ မန္တလေး၌ ကိစ္စအနည်းငယ်ဆောင်ရွက်ရန် ရှိသေးသည်နှင့် ရုတ်တရက် မရွှေ့ပြောင်းနိုင်သေးသဖြင့် မန္တလေးသို့ ပြန်ကြလေ၏။

မောင်သိန်းတင်လည်း ရွှေဘိုသို့ရောက်၍ အလုပ်အကိုင် ဝင်ရောက်လုပ်ကိုင်ရသော်လည်း အလုပ်၌ များစွာစိတ်မပါသည်နှင့် အမှားမှားအယွင်းယွင်း အချွတ်ချွတ်အချော်ချော်ဖြစ်ပြီးလျှင် အထက်လူကြီးတို့၏ ငြိုငြင်ခြင်းကို ခံရလေ၏။ 

တနေ့သ၌ မောင်သိန်းတင်သည် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူမောင်ဘစိန်နှင့် တွေ့ဆုံမိရာ ကျောင်းသားတို့ဘာဝ မိမိတို့ကျောင်းနေစဉ်အခါက အဖြစ်အပျက်များကို ပြန်လှန်ပြောဆိုကြပြီးနောက် ၎င်းသူငယ်ချင်းသည် မောင်သိန်းတင်ကို သူ့အိမ်သို့ အလည်လိုက်ရန် တိုက်တွန်းပြီးလျှင် သူနှင့်အတူ ခေါ်၍သွားလေ၏။ ၎င်းသူငယ်ချင်းမှာ ရွှေဘိုသားဇာတိဖြစ်သဖြင့် အမိအဖတို့နှင့်အတူ နေထိုင်လျက်ရှိရာ ထိုအခါ၌ အထက်အရပ်များတွင် အင်္ဂလိပ်ပညာတတ်များလည်း ရှားသေးသည် ဖြစ်သောကြောင့် ၎င်း၏ အမိအဖတို့သည် မောင်သိန်းတင်ကို ယခုအခါ ဘီအေများကို ဧည့်ခံဘိသကဲ့သို့ အရေးတယူ ပျူပျူငှာငှာ ဧည့်ခံ၍ စကားပြောပြီးလျှင် အမိအဖတို့နှင့် ဝေးကွာ၍နေရသည့်အတွင်း ၎င်းတို့အား အမိအဖကဲ့သို့ အားကိုးပြီးလျှင် တိုင်ပင်ရန်ရှိကလည်း တိုင်ပင်၍ အားမငယ်ရန်အကြောင်း ပြောလေ၏။ မောင်သိန်းတင်သည် ဝတ္တရားရှိသည့်အတိုင်း မိမိအားလည်း သားကလေး၊ တူကလေးကဲ့သို့ အောက်မေ့ပြီးလျှင် ရုံးကိစ္စမှစ၍ လူငယ်နှင့်လျော်သော အခြားကိစ္စတို့၌လည်း ကြည့်ရှုခိုင်းစေပါက ဝမ်းမြောက်စွာ ဆောင်ရွက်ပါမည့်အကြောင်းကို ပြောလျှင် မောင်ဘစိန်၏အမိအဖတို့လည်း မိမိတို့၏အိမ်သို့ မောင်ဘစိန်မရှိသော်လည်း ဝင်ထွက်လည်ပတ်ရန် ပြောဆိုကြလေ၏။

မောင်သိန်းတင်လည်း ရောက်ခါစဖြစ်သည်နှင့် အသိအကျွမ်းနည်းပါးသည်အခိုက် မောင်ဘစိန်တို့၏အမိအဖတို့က ဤကဲ့သို့ လိုလားကြပေသည်ကို ကျေးဇူးတင်ဖွယ်ရှိစေသဖြင့် ညနေ ရုံးမှပြန်၍ ထမင်းစားပြီးလျှင် မောင်ဘစိန်၏အိမ်သို့ သွားရောက်၍ စကားစမြည်ပြောဆိုနေကြပြီးလျှင် အိပ်ချိန်ကျရောက်မှ ပြန်ခဲ့လေ၏။ ဤသို့ ညစဉ်သွားရောက်၍ စကားအကျွမ်းတဝင် တိုင်ပင်နှီးနှောနေကြသည်မှာ ၁၅ ရက်ခန့်ရှိလေလျှင် ပထမတွေ့စဉ်အခါ၌ လောကဝတ်စကားဖြင့်သာလျှင် ချစ်ခင်အားကိုးပါဟု ပြောဆိုလိုက်သည်မှာ ယခုအခါ၌မူကား အကယ်ပင် လူကြီးကလည်း လူကြီးအလျောက်၊ လူငယ်ကလည်း လူငယ်အလိုက် များစွာ ချစ်ခင် ကြင်ကြင်နာနာရှိကြကုန်၏။

မောင်ဘစိန်၌ အရုပ်အရည်နှင့်ပြည့်စုံ၍ ရွှေဘိုမြို့ပေါ်တွင် “ထိပ်ကျ” သည်ဟုခေါ်လောက်ပေသော (၁၈) နှစ်အရွယ် အစ်မတယောက်ရှိလေ၏။ မောင်သိန်းတင်သည် အိမ်သို့ အလည်လာရောက်သည့်အခါ မသင်းကြည်လည်း အမိအဖတို့နှင့်အတူ ထိုင်၍ စကားစမြည်ရောနှောပြောခဲ့ဖူးသော ကမ္ဘာမြေကြီး၏ အခြေအနေမှစ၍ ပထဝီတွင်ပါရှိသော လူအမျိုးမျိုး၊ တိရစ္ဆာန်အမျိုးမျိုး နှင့်တကွ အင်္ဂလိပ်ရာဇဝင်၊ အိန္ဒိယရာဇဝင်တို့ကို နားထောင်၍မငြီးရအောင် ကူးပြောင်းလဲလှယ် ပြောဆိုလေလျှင် မောင်ဘစိန်၏အမိအဖတို့နှင့်တကွ မသင်းကြည်တို့သည် လွန်စွာနှစ်ခြိုက်အရေးစိုက်ပြီးလျှင် သဘောကြိုက်တွေ့၍ နေကြကုန်၏။ 

မောင်သိန်းတင်လည်း မိမိပြောဟောသည့်အရာတို့ကို မှတ်သားလိုသော လက္ခဏာနှင့် နားစိုက်လျက်နေကြသည်ကို သိလျှင် မန္တလေးသားဇာတိ လူကြီးလူကောင်း၏ သားသမီးဖြစ်သည့်အလျောက် စကားအရာ၌ လိမ္မာချေငံရှိသည်နှင့် လူကြီးကြိုက်တသွယ်၊ လူငယ်ကြိုက်ကလည်းတမျိုး အကျိုးနှင့်အကြောင်း အဆိုးနှင့်အကောင်းတို့ကို ကွဲကွဲပြားပြား ခြားခြားနားနား ကြည်လင်ပြတ်သားသောအသံဖြင့် မရပ်မနားဘဲ ပြောဆိုလေလျှင် မသင်းကြည်သည် ဤမျှလောက် ဗဟုသုတပညာနှင့်ပြည့်စုံ၍ စကားချိုသာ ပီယဝါစာဖြစ်အောင် ပြောဆိုတတ်သူကို တကြိမ်တခါမျှ မတွေ့စဖူးဟု အောက်မေ့သည်နှင့် မောင်သိန်းတင်၏မျက်နှာကို စေ့စေ့ကြည့်လျက် မှတ်သားနာယူလေ့ရှိကုန်၏။ တခါတရံ မောင်သိန်းတင်သည် ရုံးဆင်းမိုးချုပ်သဖြင့် အိမ်သို့မလာရောက်နိုင်သည့်အခါ မသင်းကြည်သည် မသာမယာသောမျက်နှာဖြင့် မိမိအခန်းတွင်းသို့ စောစောစီးစီးဝင်၍ အိပ်လေ၏။

ဤသို့ တလကိုးသီတင်းမျှ ကုန်လွန်၍သွားလေလျှင် တနေ့သ၌ မောင်သိန်းတင်၏အမိအဖတို့သည် ရွှေဘိုသို့ လာရောက်ကြလေ၏။ မောင်သိန်းတင်လည်း အမိအဖတို့ရှိစဉ်အခါ အိမ်မှထွက်ခွာ၍ အခြားအရပ်သို့ လည်ပတ်သည်ကို အမိအဖတို့ မသိစေလိုသဖြင့် မသင်းကြည်တို့၏အိမ်သို့ မသွားရောက်ဘဲနေခဲ့ရာ ခုနစ်ရက်တပတ်ခန့်ရှိလေလျှင် မသင်းကြည်မှာ တနေ့တခြားညှိုးနွမ်းလျက် အစားအသောက်ဆုတ်ယုတ်၍ တွေဝေထိုင်းမှိုင်းသောအမူအရာနှင့်သာ နေလေ၏။ အမိဖြစ်သူလည်း သမီး၏အမူအရာကို သင်္ကာမကင်းရှိသည်နှင့် သမီးအခန်းသို့ဝင်၍ ယုယချစ်ခင်သော မိခင်ဖြစ်သည့်အလျောက် သမီးကို ချော့မော့မေးမြန်းလေလျှင် မသင်းကြည်သည် မျက်ရည်ဝိုင်းလျက် ဘာမျှမဖြစ်ကြောင်း ပြောဆိုသော်လည်း မိခင်သည် ပျိုရာမှ အိုခဲ့သည်ဖြစ်သောကြောင့် အနည်းငယ်ရိပ်မိလေသဖြင့် ဖွင့်၍မေးလိုက်လေ၏။ မသင်းကြည်လည်း မိခင်ပင်ဖြစ်သော်လည်း လွန်စွာရှက်ဖွယ်ကောင်းသည့် အရာမျိုးဖြစ်သဖြင့် မိခင်ထင်သည့်အတိုင်း မှန်ကြောင်းကို ဖွင့်၍မပြောဘဲ မိခင်၏လည်ပင်းကိုဖက်လျက် ဦးခေါင်းကိုအောက်ချ၍ ရှိုက်ကြီးတငင်နှင့် ငိုလေ၏။ မိခင်လည်း သမီးအား ပြစ်တင်စကား များစွာမပြောဆိုဘဲ သမီးအကြိုက်ကို အလိုက်သင့်ချော့မော့၍ ပျော့ပျောင်းသိမ်မွေ့သောအမူအရာဖြင့် မိခင်ပီပီ ပြောဆိုပြီးလျှင် သမီးအခန်းမှထွက်လာပြီးနောက် ခင်ပွန်းဖြစ်သူနှင့် တနာရီမျှ တီးတိုးတိုင်ပင်ကြလေ၏။

နောက်တနေ့ညနေ၌ မောင်သိန်းတင်သည် ရုံးမှပြန်လာ၍ အမိအဖတို့နှင့် စကားစမြည် ပြောဆိုနေကြစဉ် မသင်းကြည်တို့၏အိမ်မှ အစေခံတယောက်သည် အိမ်ပေါ်သို့တက်လာ၍ မောင်သိန်းတင်အား အိမ်သို့အလည်ကြွရန် ပင့်ဖိတ်၍ပြန်သွားလေ၏။ မောင်သိန်းတင်လည်း မရောက်သည်မှာကြာပြီဖြစ်၍ မည်သည့်အကြောင်းရှိလေသနည်းဟု အမိအဖထံ ခွင့်ပန်ပြီးလျှင် လိုက်သွားလေ၏။ 

အိမ်သို့ရောက်လျှင် မသင်းကြည်၏အမိအဖတို့သည် ရှေးကထက်ပင် ခရီးဦးကြိုပြုကြပြီးလျှင် နေရာထိုင်ခင်းပေး၍ ၁၅ မိနစ်ခန့်စကားပြောဆိုနေကြရာမှ မသင်းကြည်တယောက်ကို မမြင်ကြောင်းမေးလျှင် အမိအဖတို့လည်း တဦး၏မျက်နှာကို တဦးကြည့်ပြီးလျှင် မသင်းကြည်တယောက် နေမကောင်းသဖြင့် အိပ်ရာသို့ စောစောဝင်၍ အိပ်နေကြောင်းပြောလေ၏။ မောင်သိန်းတင်လည်း အိမ်ရှင်တို့၏ မျက်နှာထားသည် ခါတိုင်းနှင့်မတူ၊ အမူကွဲပြားခြားနားရလေခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်လေသနည်းဟု ဆင်ခြင်တွေးတောလျက် စကားမပြောဘဲရှိလေလျှင် ယောက်ျားဖြစ်သူသည် ဇနီးသည်၏ မျက်နှာကို ကြည့်ပြီးလျှင် ထိုင်ရာမှ ထသွားလေ၏။
မသင်းကြည်၏ မိခင်လည်း ကွမ်းအစ်ကို တွန်း၍ တည်သည့်ဟန်နှင့် အနီးသို့ချဉ်းကပ်၍ ထိုင်ပြီးလျှင် မောင်သိန်းတင်၏မိဘအခြေအနေတို့ကို တီးခေါက်၍ကြည့်လေ၏။ 

မောင်သိန်းတင်လည်း မိမိ၏အဖမှာ အရွယ်ကောင်းစဉ်အခါက အလုပ်ကြီး အကိုင်ကြီးလုပ်ကိုင်ခဲ့ဖူးသော်လည်း ယခုမှာ အရွယ်ကြီးရင့် နားချိန်သင့်ပြီဖြစ်၍ ဘုရားသွားကျောင်းတက် ဝတ်မပျက်နေထိုင်ကြောင်း ပြောလေ၏။ 

၎င်းနောက် မောင်သိန်းတင်၏အသက်နှင့်တကွ နေ့နံတို့ကိုမေးမြန်းပြီးလျှင် မိမိတို့၏အခြေအနေ အမျိုးအဆွေမှစ၍ ကြေးငွေအင်အား ရွှေသားက မည်ရွေ့မည်မျှ၊ အိမ်ခြံမြေနွား စပါးလယ်မြေက ဧကပေါင်း မည်ရွေ့မည်မျှရှိကြောင်းတို့ကို ပြောဆိုပြီးလျှင် ဤကာလ၌ ယောက်ျားကောင်းဟူ၍လည်း အလွန်နည်းပါး၊ မိန်းမကောင်းဟူ၍လည်း အလွန်ရှားကြောင်းနှင့် သမီးမသင်းကြည်လည်း မိဘ၏ဝတ္တရားကို များစွာ ကျေပွန်လွန်းစွာ သိတတ်သော မိန်းကလေးတယောက်ဖြစ်ကြောင်း ပြောဆိုလေ၏။

မောင်သိန်းတင်လည်း ပထမ၌ မည်သည့်အဓိပ္ပာယ်နှင့် စုံစမ်းမေးမြန်းနေသည်ကို မရိပ်မိဘဲရှိရာမှ သမီးဖြစ်သူသည် လိမ္မာရေးခြား အကင်းပါး၍ စကားချေငံခြင်း စသောဂုဏ်ဒြပ်တို့နှင့် ပြည့်စုံကြောင်း ချီးမွမ်းပြောဆိုသည်ကို ကြားရလေလျှင် ဆိုလိုသည့် အဓိပ္ပာယ်ကို ရိပ်မိသဖြင့် အလွန်တရာကရုဏာရှိသော မျက်နှာထားဖြင့် မပြောတန်သည့်စကားကို မိန်းကလေး၏မိခင်အား မပြောစေလိုမူ၍ ယောက်ျားကောင်းရှားသည့်အနက် မိမိသည် တယောက်အပါဝင်ဖြစ်သည်ဟု သဘောပိုက်ပေသည်ကို အထူးပင်ဝမ်းမြောက်ပါကြောင်း၊ မသင်းကြည်သည်လည်း တည်ကြည်သောဣန္ဒြေနှင့် အသရေရှိသောအမိအဖတို့၏ သမီးတယောက်ဖြစ်ကြောင်းကို ပြောမပြမီကပင် အကဲဖတ်မိပါကြောင်း၊ ယခုကဲ့သို့ အရုပ်အရည်နှင့်တကွ မိကောင်းဖခင်သမီးပီပီ တည်တည်တံ့တံ့ အမျိုးလည်းသန့်သော မိန်းကလေးဆို၍ နှစ်ဦးသာလျှင်တွေ့ဖူးပါကြောင်း၊ တဦးမှာ မိမိ မန္တလေး၌နေစဉ်အခါက မောင်နှမအရင်းအချာကဲ့သို့ တဦးနှင့်တဦး အထူးကြင်နာ မေတ္တာသက်ဝင် ချစ်ခင်စုံမက်နှစ်သက်ခဲ့ကြသည်မှာ နှစ်လ ရှည်ကြာပြီဖြစ်၍ နှစ်ဦးနှစ်ဝလုံး၏အမိအဖတို့ကလည်း မိမိတို့နှစ်ဦးအား သဘောတူမျှ စိတ်ကကြံရွယ်လျက်ရှိနေကြဟန် လက္ခဏာရှိကြောင်းများကို ဝါကြွားလိုသောဆန္ဒရှိသည့်မျက်နှာထား မပါစေဘဲ မိမိ၏အဒေါ်အရင်းအား အကြောင်းစုံ ပြန်ကြား ဘိသကဲ့သို့ တိုင်ပင်သလို ပြောဆိုလေ၏။

မသင်းကြည်၏မိခင်လည်း မိမိသမီးအတွက် များစွာ စိတ်နှလုံးမသာမယာဖြစ်ရှာသော်လည်း မိမိမှာ မိန်းကလေးရှင်ဖြစ်လျက် စကားခင်း၍ပေးရသည်ကို မောင်သိန်းတင်သည် လူလိမ္မာကလေးတို့၏ သဘောပီပီ ထူယောင် အယောင်လည်းမဆောင်၊ ဘေးတိုက်လည်း မကျစေအောင် စကားဖြင့် နောက်သို့ဆုတ်မှန်းမသိ ဆုတ်၍သွားတတ်ပေသည်ကို ဝမ်းတွင်း၌ များစွာ ကျေးဇူးတင်မိလေ၏။ ဖခင်လုပ်သူ ထွက်၍လာလျှင် မောင်သိန်းတင်သည် ယခင်က စကားစပ်ကို ရပ်၍ အခြားစကားများကိုသာ ရယ်မောပြောဆိုပြီးလျှင် ဦးနှင့်အဒေါ်ကို အခွင့်ပန်၍ အိမ်သို့ ပြန်ခဲ့လေ၏။

---

မောင်သိန်းတင်၏မိဘတို့သည် နောက်နေ့နံနက် မန္တလေးသို့ ပြန်သွားကြသော်လည်း မောင်သိန်းတင်သည် မသင်းကြည်တို့၏အိမ်သို့ ရှေးကကဲ့သို့ ဝင်ထွက်သွားရန် မသင့်မလျော်ဟုအောက်မေ့ပြီးလျှင် ရုံးမှပြန်သော်လည်း အိမ်၌သာလျှင် စာဖတ်၍နေလေ၏။

မောင်သိန်းတင်သည် မသင်းကြည်တို့၏အိမ်မှ ပြန်လာ၍ ၁၀ ရက်ခန့်ရှိရာ တညနေ မောင်သိန်းတင်သည် စားပွဲတွင် ထိုင်၍ မသိန်းရှင်ထံသို့ ပေးရန်စာတစ်စောင်ကို စီကုံးလျက်နေစဉ် ယခင်က တကြိမ်လာဖူးသော မသင်းကြည်တို့၏အိမ်မှ အစေခံသည် အိမ်ပေါ်သို့တက်လာ၍ အိမ်သို့ ခေတ္တလာရောက်ရန်အကြောင်းနှင့် စေခိုင်းလိုက်ကြောင်း ပြောလေလျှင် မည်သည့်အကြောင်းရှိလေသနည်းဟု မေးမြန်းရာ မသင်းကြည်သည် အသည်းအသန်ဖြစ်၍နေကြောင်းနှင့် ပြောလေ၏။ မောင်သိန်းတင်လည်း မိန်းကလေးကို များစွာကရုဏာရှိလှသည်နှင့် ရေးနေသောစာကို ပိတ်ပြီးလျှင် ပျာယီးပျာယာနှင့်လိုက်လာရာ အိမ်ဦးခန်းတွင် အဖဖြစ်သူနှင့် တွေ့လေ၏။ မချမ်းသာသောမျက်နှာကိုမြင်လျှင် မောင်သိန်းတင်သည် စောစောက ကြိုတင်၍မသိရခြင်းကြောင့် ဝမ်းနည်းပါကြောင်း၊ အစေခံပြောသလောက်လည်း ဟုတ်မည်မထင်၊ နေမကောင်းထိုင်မသာဖြစ်သည် ဟုသာလျှင် မျှော်လင့်ပါကြောင်းနှင့်ပြောလျှင် ဖခင်ဖြစ်သူသည် ဦးခေါင်းကိုယမ်းလျက် စကားတခွန်းမျှမပြောဘဲ မျက်ရည်ကိုသာ သုတ်လျက်နေလေ၏။ မောင်သိန်းတင်လည်း ဖခင်၏ ယူကျုံးမရ သောကမီးတောက်လောင်လျက်ရှိသော မျက်နှာထားကိုမြင်သဖြင့် ထပ်၍ စကားမပြောဝံ့ဘဲ အပူဓာတ်ရိုက်ပြီးလျှင် ငြိမ်ဝပ်စွာနေလေ၏။

ဤသို့ မိနစ်ခန့်ကြာလာသော် ဖခင်ဖြစ်သူသည် မျက်ရည်များကို တဖန်သိမ်းဆည်းပြန်၍ မောင်သိန်းတင်ကိုလည်း အနီးသို့တိုး၍ ထိုင်စေပြီးလျှင် 

“ဦးတော့ ဘယ်လိုများ အပူကြီးပူလိုက်တယ်ဆိုတာ ပြောလို့ပြနိုင်စရာတောင် မရှိပါဘူးမောင်ရယ်။ သည်သမီးဟာ အစစအရာရာ အင်မတန်လိမ္မာရေးခြားရှိလွန်းလို့ ငယ်ငယ်လေးကတည်းက အလုံးစုံ ယုံကြည်ပြီး ငွေခန်းကြေးခန်းမှစ၍ အရာရာမျက်နှာလွှဲရတဲ့ သမီးကလေးပါ မောင်ရယ်။ လိမ္မာလိုက်တာများကလည်းလေ ငေါက်လို့တောင် ဆုံးမရတယ်မရှိဘူး။ မျက်နှာပြလိုက်တာနဲ့ တခါတည်း သိပြီးဖြစ်နေပြီ။ မိဘမျက်နှာကဲများလည်း ဘယ်လောက်သိတတ်တယ် ပြောစရာမရှိဘူး။ သြော်... မသင်းကြည်ရေ... ငါ့သမီး မနေရတော့ဘူးနော်။ ငွေနဲ့များ အသက်ဝယ်လို့ရရင် ရှိတဲ့စည်းစိမ် အကုန်ပေးပြီး အဖေရော၊ အမေရော ကျွန်ခံလိုက်ပါသေးရဲ့ သမီးရယ်။ ဆရာဝန်များကလည်း သည်ရောဂါလောက်ကမှ မတတ်နိုင်ကြဘူးနော်။ သည်အရပ်ထဲမှာ သူများတကာလည်း ကျောက်ပေါက်ကြပါရဲ့။ ကျုပ်သမီးတော့ စိတ္တဇရောဂါနဲ့ ယှဉ်ပြီးဖြစ်လို့မို့ ဆရာဝန်များက ကျောက်ရောဂါကလည်း သည်လောက်အတွက်မရှိ၊ စိတ်မကောင်းတဲ့ရောဂါယှဉ်တဲ့အတွက် သာပြီးဆိုးတယ်လို့ ပြောကြတယ်မောင်ရယ်။ မောင့်နှယ် ရွှေဘိုကိုလာမှ လာပါပေတယ် မောင်ရယ်။ သည့်ပြင်မြို့များ အလုပ်ရှားလို့လား”

ဟု ပြောဆဲတွင် ခုနစ်နှစ်အရွယ် မိန်းကလေးတယောက်သည် ဖခင်အနီးသို့လာ၍ 

“ဖေဖေ၊ မမ ဘာဖြစ်လို့တုံး၊ ကျွန်မ မကြည့်ရဘူးလား”

ဟု မေးလျှင် ဖခင်သည် ကလေးကို ကောက်ချီ၍ နမ်းရှုပ်ပြီးမှ မျက်နှာကို စေ့စေ့ကြည့်ပြီးလျှင် 

“ဒင်းကလေးတော့ ရှိသေးတယ်။ မျက်နှာပုံချင်းကလည်း ခပ်ဆင်ဆင်ပဲ။ သို့သော် အကင်းပါးပုံ၊ မိဘစကား နားထောင်ပုံများတော့ မတူနိုင်ဘူးထင်တယ် သမီးရယ်။ တကယ်တူပါဦးတော့၊ ဒင်းတို့ကတော့ ကောင်းစားမှ ပေါ်လာကြတဲ့ဟာတွေ၊ ဟိုဟာကလေးက ကောင်းတူဆိုးအတူ၊ ဆင်းရဲဖော် ကောင်းစားဖက်၊ ကံတူအကျိုးပေးလည်းဖြစ်တယ်။ ရှေးဟိုတုန်းက အမိအဖများ နွမ်းပါးလို့ တောင်သူလုပ်ရတုန်းကလည်း ထမင်းထုပ်ကလေး မနိုင့်တနိုင်နဲ့ လယ်တောလာပြီး ထမင်းပို့၊ အဖလယ်ထွန်ရာက မောမောပန်းပန်း သစ်ပင်အောက် ထမင်းထုပ်ဖြည်ပြီးစားတော့ အနားကထိုင်ပြီး ခေါင်းခုကလေးနဲ့ ကျောက ချွေးများသုတ်ပေးရင်း သည်ဟင်းရွက်ကလေးက ကျွန်မခူးတာ အဖေရဲ့၊ သည်ငရုတ်သီးကလေးက ကျွန်မထောင်းခဲ့တာအဖေရဲ့နဲ့ တွတ်တီးတွတ်တာ ပြောဖော်ရလိုက်တာလေ။ အဖေက ငါ့သမီး ငရုတ်သီးထောင်းနဲ့ ဟင်းရွက်ပြုတ်ကလေးက ကောင်းလွန်းလို့ အဖေ တယ်ထမင်းစားမြိန်တယ်လို့ ပြောလိုက်ရင်ပဲ ဝမ်းသာရှာလွန်းလို့လေ။ နက်ဖြန်ကျ သည့်ထက်များများ ခူးခဲ့ဦးမယ် အဖေရဲ့တဲ့။ အဖေလုပ်တဲ့လူကကော ဟင်းရွက်ပြုတ်နဲ့ပေမယ့် သမီးဟင်းရွက်ပြုတ်မို့ တကယ်ကို စားလို့မြိန်သဗျ။ သမီးအကြောင်းများတော့ ပြောလို့မဆုံးနိုင်ပါဘူး မောင်ရယ်”

ဟု ပြောရင်း မျက်ရည်များကို တဖန်သုတ်ပြီးလျှင် ကလေးကို အောက်သို့ချလိုက်ပြီးမှ 

“ကျုပ်သမီး တကယ်ကံဆိုးတယ် မောင်ရယ်။ လိမ္မာတဲ့သမီးမို့ထင်ပါရဲ့၊ အသက်က မရှည်ရှာဘူး။ ကဲ ... ဒါနဲ့ မောင့် ပြောရဦးမယ်။ ဆရာဝန်ကြီးက ခုတင်က ပြောသွားတယ်။ နက်ဖြန်မိုးမလင်းမီဘဲ အသက်ပျောက်လိမ့်မတဲ့ ပြောသွားလို့ ဦးက သမီး ဘာများပြောချင်သလဲမေးတော့ ဖေဖေတော့ မပြောဝံ့ဘူး။ မေမေမှ ပြောချင်သတဲ့။ ဒါနဲ့ သူ့အမေ ခေါ်ပေးတော့ သူ့ကိုယ်သူ မနေရဘူးဆိုတာ သိပါတယ်တဲ့။ ဒါကြောင့် မသေခင် မောင်နဲ့ တခါလောက် တွေ့ပါရစေတဲ့။ ကဲ...လာ၊ ဟိုအခန်းပါပဲ။ ဝင်သာသွားပေတော့”

ဟု လက်ညှိုးညွှန်၍ ပြလိုက်လျှင် မောင်သိန်းတင်လည်း အိပ်မက်မက်နေရာမှ နှိုး၍ လွှတ်လိုက်ဘိသကဲ့သို့ ကယောင်ကတမ်းနှင့် ထသွားလေ၏။
အခန်းတွင်းသို့ရောက်လျှင် နေလည်းဝင်ပြီဖြစ်၍ အခန်းတွင်း၌လည်း မီးမရှိသဖြင့် မှောင်လျက်နေသည်ကိုမြင်လျှင် မောင်သိန်းတင်သည် ခြေသံမကြားအောင် ဖြည်းညင်းစွာနင်း၍ လက်ဖြင့် စမ်းလျက်သွားရာ ခုတင်တခုကို ကိုင်မိလေ၏။ ၎င်းနောက် ရှိုက်၍ ငိုနေသည့်အသံကို ကြားလေလျှင် 

“မငိုပါနဲ့ မေမေရယ်။ ကျွန်မအတွက်တော့ မပူကြပါနဲ့။ ကျွန်မ မွေးကတည်းကစပြီး အမိအဖစကားကိုလည်း ဘယ်အခါမဆို နားထောင်ခဲ့ပါတယ်။ မကောင်းမှုဒုစရိုက်ဆိုရင်လည်း မုသားတောင် မပြောဖူးဘူး။ ဥပုသ်သီတင်းလည်း ဆောက်တည်ခဲ့တယ်။ သည်တော့ ကျွန်မ အမှန် ကောင်းရာရောက်မှာပဲ။ မေမေတို့ ဖေဖေတို့ ကျွန်မအတွက် ဘာမှ စိတ်မပူကြပါနဲ့”

ဟု အသံယဲ့ယဲ့ဖြင့် ပြောသည်ကို ကြားလျှင် မောင်သိန်းတင်လည်း အမိအဖကို မဆိုထားနှင့်၊ ငါပင်လျှင် နှမြောလိုက်ပါဘိ၏ဟု အောက်မေ့လေ၏။ မိခင်ဖြစ်သူလည်း မောင်သိန်းတင်ဝင်လာသည်ကိုသိ၍ ခုတင်နံဘေးတွင် ထိုင်နေရာမှ ထသွားပြီးလျှင် အခန်းပေါက်တွင် ရပ်လျက်နေလေ၏။
မောင်သိန်းတင်လည်း အမိထသွားသောနေရာတွင် ဝင်၍ထိုင်ရာ မသင်းကြည်သည် လက်ဖြင့်စမ်းသပ်၍ 

“ဘယ်သူလဲ၊ မေမေလည်း မဟုတ်ပါဘူး၊ ဖေဖေလား”

ဟုမေးရာ 

“မောင်သိန်းတင်”

ဟု ပြန်ပြောလိုက်လေ၏။

“သြော်...ကိုသိန်းတင်လား”

ဟုပြော၍ အတန်ကြာ စကားမပြောဘဲ ဆိုင်းနေပြီးလျှင် 

“ကျွန်မဘဝက တယ်ပြီး သီလနည်းခဲ့တယ် ကိုသိန်းတင်ရယ်။ အခုတော့ဖြင့် သီလနည်းတာလည်း ခပ်ကောင်းကောင်းပဲ ထင်ပါရဲ့လေ။ နေတယ်လို့လည်း အကျိုးမရှိပါဘူး။ ဒါနဲ့ ရှင့်မန္တလေးက မိန်းကလေးနာမည်က ဘယ်သူတဲ့”

“မသိန်းရှင်တဲ့”

“သြော်...မောင်သိန်းတင်... မသိန်းရှင်၊ နာမည်ချင်းကဖြင့် တယ်လိုက်ပါပေတယ်ရှင်၊ လူချင်းဖြင့် မဆိုနိုင်ပေဘူး။ မသိန်းရှင်က ချောရင်ဖြင့် လိုက်မှာပေါ့။ ချောရဲ့မဟုတ်လား”

“သနားကမားရှိတယ်လို့ အများကဖြင့် ပြောကြပါတယ်”

“ကျွန်မ ကြည့်စမ်းချင်တယ်ရှင်၊ သည်မိန်းကလေး အင်မတန်လှမှာပဲနော်။ သူများတကာကတော့ မနာလိုဝန်တိုဖြစ်တတ်တယ် မဟုတ်လား။ ကျွန်မမှာတော့ မနာလိုလို့လည်း အလကားပါပဲရှင်။ တကယ်လို့ နေရသည်တိုင်အောင် ဝန်တိုတဲ့စိတ် မရှိတတ်ပါဘူးရှင်။ နာမည်ကလေး ကြားရတာနဲ့ပဲ အင်မတန်ချစ်ပြီး ကိုသိန်းတင်မေတ္တာရှိတဲ့ မိန်းကလေးဆိုရင်ပဲ ကျွန်မကလည်း မေတ္တာရှိပါတယ်ရှင်၊ တခါလောက် မြင်ချင်လိုက်တာနော်”

“တနေ့တော့ မြင်ရပါလိမ့်မယ် မသင်းကြည်ရယ်၊ ဟိုကလည်း မသင်းကြည်ကိုမြင်ရင် ချစ်ခင်မှာပါပဲ၊ ကျွန်တော်သိပါတယ်”

ဟုပြောလျှင် မသင်းကြည်သည် ပြန်၍ မပြောဘဲနေရာမှ ရှိုက်၍လာသည်ကို မောင်သိန်းတင်ကြားလျှင် 

“ဘာဖြစ်သလဲ မသင်းကြည် မနေသာလို့လား”

“ကျွန်မအကြောင်း ရှင်က မသိရှာသေးဘူးနော်။ ကျွန်မသေရတော့မယ် ကိုသိန်းတင်ရဲ့။ မနေရဘူး။ နေရသည်တိုင်အောင်လည်း ကျွန်မ မသိန်းရှင်ကို မမြင်နိုင်တော့ဘူး။ လက်ပေးစမ်း ကိုသိန်းတင်၊ သည်မှာ၊ ကဲ သိပြီလား”

ဟုပြောလျှင် မောင်သိန်းတင်သည် တကိုယ်လုံး တုန်လှုပ်၍သွားလေ၏။ (တုန်လှုပ်ခြင်းအကြောင်းမှာ မသင်းကြည်သည် မောင်သိန်းတင်၏လက်ကို ယူ၍ မိမိ၏မျက်နှာကို စမ်း၍ကြည့်စေလျှင် တစ်မျက်နှာလုံး အမာရွတ်ပြီးလျက်ရှိသည်ကို စမ်းမိရသည့်အပြင် မျက်လုံးရှိရာကို စမ်းမိသောအခါ၌လည်း မျက်ခွံတို့သည် မျက်စိအိမ်ခံမရှိသဖြင့် ပျော့လျက်ဝင်သွားသည်ကို စမ်းမိခြင်းကြောင့်ဖြစ်လေသည်။)
မောင်သိန်းတင် တုန်လှုပ်သည်ကို မသင်းကြည်သိလျှင် 

“ကြောက်သလားရှင့်၊ ကြောက်စရာမရှိပါဘူး၊ ဆရာဝန်ကြီးက ပြောသွားပါတယ်။ သည်အနေရောက်မှတော့ မကူးတတ်ဘူးဆိုလို့ ကျွန်မ ကိုသိန်းတင်ကို အခေါ်ခိုင်းလိုက်ပါတယ်။ အခု ကိုသိန်းတင်ရောက်လာတော့လည်း ကြည့်ချင်လို့မှ မမြင်နိုင်တော့ဘူး ကိုသိန်းတင်ရေ”

ဟု ပြောပြန်လျှင် ကူးမည်ကြောက်ရွံ့၍ တုန်လှုပ်သည် မဟုတ်ကြောင်း၊ အကယ်၍ပင် ကူးတတ်စေကာမူ မသင်းကြည်က တွေ့လို၍ အခေါ်ခိုင်းသည်ကို တသက်မျှမက ဆယ်သက်ပင် ဆက်၍သေသော်လည်း ရဲဝံ့စွာလာမည်ဖြစ်ကြောင်းတို့ကို ငိုသံပါနှင့် ပြောလေလျှင် 

“ကိုသိန်းတင်က သေဝံ့ပေမယ့် ကျွန်မကလည်း အသေမခံနိုင်ဘူး။ မသိန်းရှင်ကလည်း အသေမခံနိုင်ပေဘူးရှင့်။ နောက် မသိန်းရှင်နဲ့တွေ့တဲ့အခါ သည်က ကံဆိုးမ မသင်းကြည်ကလေးက လင်နဲ့မယား ချစ်ချစ်ခင်ခင်နဲ့ အိုအောင်မင်းအောင် ပေါင်းရပါစေလို့ မသေခင် ဆုတောင်းသွားတဲ့အကြောင်းများလည်း ပြောလိုက်ပါရှင့်နော်”

ဟု ပြောလျှင် မောင်သိန်းတင်သည် တသက်တွင် ဤမျှလောက် ဝမ်းမနည်းဖူးသလောက် ချုပ်တည်းဖြေဆည်၍ မရနိုင်လောက်အောင် ဝမ်းနည်းပြီးလျှင် ရှိုက်ကြီးငင်ကြီးနှင့် ငိုမိလေ၏။

“မငိုပါနဲ့ ကိုသိန်းတင်၊ ကျွန်မအကြောင်းနဲ့ကျွန်မ၊ သူ့ကုသိုလ်နဲ့သူ ဖြစ်ရတာမဟုတ်လား။ ကျွန်မဖြင့် ဒီလိုဖြစ်လို့ တယ်ပြီး ဝမ်းမနည်းလှပေဘူးရှင့်။ ဖြေမရတာတခုတည်းရှိတယ်။ အခု သည်အခန်းဟာ မှောင်ပြီးနေတယ်မဟုတ်လား။ ဒါ ဘာပြုလို့ တမင်မှောင်အောင် လုပ်ထားသလဲ သိလား။ ကျွန်မမျက်နှာကို ရှင်စမ်းကြည့်တယ် မဟုတ်လား။ ခုတင်က ဘယ်နှယ့်နေသလဲ တွေးမိရဲ့မဟုတ်လား။ မျက်နှာကလည်း ကျောက်ပေါက်နာတွေနဲ့၊ မျက်လုံးကလည်း ဟောက်တောက်ကန်း၊ ဆံပင်တွေကလည်း မရှိ၊ အင်မတန် ရုပ်ပျက်ဆင်းပျက်ဖြစ်ရတယ်ရှင်။ သည်တော့ သည်ကဲ့သို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ကိုသိန်းတင်မြင်မှာ ကျွန်မရှက်လို့ အခန်းကို တမင်မှောင်ချပြီး ထားတယ်။ သည်ဟာ ဘယ်နှယ့်စိတ်လဲ ကျွန်မ မပြောနိုင်ဘူးရှင့်။ တော်တော်ကြာပဲ သေရတော့မယ်။ သေရမယ့်ဆဲဆဲမှာတောင် ကိုသိန်းတင်မြင်မှာ ရှက်ရသေးတယ်။ သည်ဟာတခုပဲ ကျွန်မစိတ်ကို ကျွန်မ မနိုင်တယ်။ ကဲ... ကဲ၊ မေမေတို့ ဖေဖေတို့ကိုလည်း ကျွန်မနှုတ်ဆက်ရဦးမယ်။ ပြန်ပေဦးတော့ရှင်၊ အခုတင်က ကျွန်မမှာတာ မမေ့နဲ့နော်။ ပြောဖြစ်အောင် ပြောလိုက်ပါ။ ကဲ မေမေ့အရင် တစဆိတ်လွှတ်လိုက်ပါရှင့်”

ဟုပြောလျှင် မောင်သိန်းတင်လည်း ခုတင်နံဘေးတွင် ရပ်လျက် ရုတ်တရက်ထွက်၍ မသွားနိုင်သေးဘဲ သနားလွန်းမက သနားပြီးလျှင် မည်သည့်စိတ်ရသည် မသိ၊ မျက်ရည်စက်လက်နှင့် မသင်းကြည်၏နဖူးကလေးကို လက်ဖြင့်စမ်း၍ နမ်းရှုပ်ပြီး အခန်းပြင်သို့ ထွက်သွားလေ၏။

နက်ဖြန်နံနက် ရုံးတက်ချိန်ရောက်လျှင် မောင်သိန်းတင်သည် ရုံးသို့ တခါတည်းမသွားနိုင်သေးဘဲ မသင်းကြည်တို့၏အိမ်အနီးမှ ရပ်လျက် အကဲခတ်နေရာ တအိမ်လုံး ကျွက်ကျွက်ဆူ ငိုကြွေးမြည်တမ်းနေကြသည်ကို ကြားသဖြင့် သက်ပြင်းချပြီးလျှင် ရုံးသို့ သွားလေ၏။ ရုံးသို့ရောက်လျှင် အလုပ်လုပ်ရန် များစွာစိတ်မပါဘဲ စာရွက်တို့ကိုသာ လှန်လျက်နေစဉ် ကြေးနန်းစာပို့ကုလားသည် သံကြိုးတစ်စောင်ကို ကိုင်လာပြီးလျှင် 

“မောင်သိန်းတင် ဆပ်”

ဟုမေး၍ မောင်သိန်းတင်အား ပေးလေ၏။ မောင်သိန်းတင်လည်း မည်သူ့ထံမှ ကြေးနန်းဖြစ်လေသနည်းဟု တွေးတောလျက် ဖွင့်၍ကြည့်ရာ 

“အမြန်လာပါ၊ ယနေ့မရောက်လျှင် မြင်ရတော့မည်မဟုတ်”

ဟု ပါရှိသော မသိန်းရှင်၏ထံမှ ကြေးနန်းဖြစ်သည်ကို တွေ့မြင်ရလေ၏။

မောင်သိန်းတင်သည် ကြေးနန်းစာကို အိတ်ထဲသို့ ထည့်ပြီးလျှင် စာရေးကြီးလုပ်သူလည်း ရုံးသို့ မရောက်သေးသည်နှင့် ဝရန်တာတွင် လမ်းလျှောက်လျက် စောင့်နေရာ ရထားအချိန်နီးလှပြီဖြစ်၍ မြင်းရထားတစီးကို ခေါ်ပြီးလျှင် စာရေးကြီးအိမ်သို့ သွားလေ၏။ အိမ်သို့ရောက်လျှင် စာရေးကြီးက အလုပ်ဝင်စအခါဖြစ်သဖြင့် အခွင့်မပေးနိုင်ကြောင်းပြောလျှင် မောင်သိန်းတင်လည်း 

“အခွင့်မပေးနိုင်ရင် ခင်ဗျာ့အလုပ်နဲ့ ခင်ဗျားနေရစ်တော့”

ဟု ပြော၍ မြင်းရထားပေါ်သို့ တက်သွားလေ၏။ ၎င်းနောက် 

“စတေရှင်ကို ဂျောင်း”

ဟု ကုလားကို ပြောပြီးလျှင် မြင်းရထားပေါ်တွင် အနည်းနည်းအဖုံဖုံ ဆင်ခြင်တွေးတောလျက် မည်သည့်အကြောင်းကြောင့် ဤမျှလောက် အရေးတကြီး ရိုက်ကြားရလေသည်ကို စဉ်းစားလာရင်း မြင်းရထားလည်း ရပ်လေ၏။ မောင်သိန်းတင်လည်း မြင်းရထားမှ ခုန်ဆင်းပြီးလျှင် လက်မှတ်ယူမည်ဟု ကြည့်လိုက်ရာ ဘူတာရုံမဟုတ်၊ ဆေးရုံသို့ ရောက်လာကြောင်း သိရလေ၏။

ဘူတာရုံသို့ မောင်းရန် ပြောသည်ကို အဘယ့်ကြောင့် ဆေးရုံသို့ မောင်း၍ လာရလေသနည်းဟု ကုလားအား ဆဲရေးကြိမ်းမောင်း၍ ဘူတာရုံသို့ အမြန်မောင်းရန်ပြောပြီးလျှင် နာရီကိုကြည့်လိုက်ရာ ၁၁ နာရီထိုးရန် ၁၀ မိနစ်သာလိုကြောင်း တွေ့ရလေ၏။ ရွှေဘိုမှ မန္တလေးသို့သွားသော နောက်ဆုံးရထားသည် ၁၁ နာရီတိတိတွင် ထွက်သည်ဖြစ်၍ မီမှ မီပါဦးမည်လားဟု အောက်မေ့လျက် ကုလားကိုလည်း ဆဲရေး တိုင်းထွာပြီးလျှင် မြင်းကို ကဆုန်မောင်းစေ၏။

ဘူတာရုံသို့ ရောက်လျှင် မောင်သိန်းတင်သည် မြင်းရထားပေါ်မှ ဆင်းပြေး၍ တဖြည်းဖြည်းထွက်လျက်နေသော ရထားပေါ်သို့ မီရာတွဲကို ဖမ်း၍တက်မည်ပြုရာ မြင်းရထားကုလားက အခမရသေးသည်နှင့် ဆွဲ၍ထားသောကြောင့် မတက်နိုင်ဘဲ မီးရထားလည်း ထွက်သွားလေ၏။ မောင်သိန်းတင်လည်း မြင်းရထားကုလားအပေါ်၌ များစွာအမျက်ထွက်သဖြင့် လည်ကိုအစ်ပြီးလျှင် ထိုးမည်ပြုရာ ပုလိပ်တို့က တောင်းပန်သဖြင့် မထိုးလိုက်ရဘဲ ဆွေ့ဆွေ့ခုန်၍ ကျန်ရစ်လေ၏။

နောက်တနေ့၌ မောင်သိန်းတင်သည် နံနက်အစောရထားကို မီစေရန် သန်းခေါင်ကျော်ကပင် ဘူတာရုံသို့သွား၍ စောင့်ပြီးလျှင် နံနက် ၄ နာရီရထားနှင့် လိုက်ပါသွားလေ၏။ (မီးရထားသည် ပေါက္ကံဘူတာနှင့် ဝက်လက်ဘူတာအကြားသို့ ရောက်လျှင် လမ်းချော်၍ ကျသဖြင့် ရထားတစင်းလုံးမှောက်ပြီး များစွာ ခရီးကြန့်ကြာသည့်အကြောင်းများကို ၎င်းနှစ် သတင်းစာတို့တွင် ပါရှိလေသည်။) မောင်သိန်းတင်မှာ ဒဏ်ရာအနာတရ ထိခိုက်ခြင်းမရှိသော်လည်း ရောက်လိုလှသည့်အရပ်ကို မရောက်နိုင်ဘဲ နှောင့်နှေးခြင်းဖြစ်ရလေသည့်အတွက် လွန်စွာ စိတ်နှလုံးမချမ်းသာဘဲ အခြားခရီးသည်တို့နှင့်အတူ စောင့်ဆိုင်း၍ မနေမူ၍ စစ်ကိုင်းသို့ ရောက်အောင် ခြေကျင်လျှောက်မည်အကြံနှင့် ထွက်လာခဲ့လေ၏။ ပေါက္ကံဘူတာအလွန်တွင် စစ်ကိုင်းမှ သံကြိုးရရှိသဖြင့် ခရီးသည်တို့ကို တင်ယူရန် အမြန်လာသောရထားနှင့်တွေ့လျှင် မောင်သိန်းတင်မှာ ပေါက္ကံဘူတာနှင့် အတန်ကွာနေပြီဖြစ်၍ ပြန်၍လည်း မသွားနိုင်ဘဲ ခက်ခဘူတာတွင် တွေ့ဆုံကောင်းပါ၏ဟု အမြန်လျှောက်လာခဲ့လေ၏။

ခက်ခဘူတာနှင့် တမိုင်ခန့်အကွာတွင် မိမိတွေ့လိုက်သောရထားသည် မိမိနှင့်အတူလာသူ ခရီးသည်တို့ကို တင်ဆောင်၍ပြန်လာသည်ကို တွေ့ပြန်လျှင် ကဆုန်ချ၍ အမီလိုက်ပါသော်လည်း ခရီးကလည်း ပန်း၊ စိတ်ကလည်း မချမ်းသာသည်ဖြစ်၍ အနည်းငယ်ပြေးမိလျှင် မောပန်းသည်နှင့် တဖြည်းဖြည်းသာလျှင် လာခဲ့ရလေ၏။ ခက်ခဘူတာအလံတိုင်သို့ ရောက်လျှင် မီးရထားလည်း ထွက်ရန် အလံပြနေပြီးဖြစ်၍ ရထားကို ရပ်ဆိုင်းရန် ဟစ်အော်၍ ပြေးသွားပါသော်လည်း မိမိနှင့် ပေ ၅၀ ကွာလောက်တွင် ရထားလည်း ထွက်သွားလေ၏။

၎င်းတကြိမ် မီးရထားနှင့်လွဲပြန်လျှင် မောင်သိန်းတင်မှာ မိမိကိုယ်ကိုယ် မြေပေါ်သို့သာ လှဲ၍ငိုလိုက်ချင်သော်လည်း မတင့်တယ်သဖြင့်သာ စိတ်ကိုချုပ်တည်း၍ ဘူတာရုံဝရန်တာကို မှီလျက် ထိုင်နေရပြန်လေ၏။ မောင်သိန်းတင်၏စိတ်၌ ငါသည် ဤမျှလောက် ဒုက္ခခံပါလျက်နှင့် တကြိမ်မှနှစ်ကြိမ် အလွဲလွဲအချော်ချော် ဖြစ်ရခြင်းအကြောင်းမှာ မသိန်းရှင်နှင့်လွဲစေဖို့ အတိတ်နိမိတ်ပေတည်းဟု အောက်မေ့လျက် အားကိုလျှော့မည်ဟု ကြံဆဲတွင်မှ ယောက်ျားတို့မည်သည် လုံ့လဝီရိယကို မလျှော့ကောင်းဟု အားတင်းပြီးလျှင် သွားရင်းပင် ခြေတို၍သွားသော်လည်း မန္တလေးသို့ ယနေ့မရောက်လျှင် မနေဟု ဆက်လက်သွားပြန်လေ၏။

မီးရထားပျက်သောနေရာနှင့် စစ်ကိုင်းမြို့မှာ မိုင်ပေါင်း ၂၀ ကျော်ခန့်ဝေးကွာလေ၏။ မောင်သိန်းတင်မှာ နားချည်တလှည့်၊ သွားသည်တဖုံ၊ ကဆုန်ပြေး၍လည်းတမျိုးနှင့် လာခဲ့ရာ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းဘူတာရုံသို့ ရောက်လေ၏။ ရွှေကြက်ယက်ဘက်သို့ ကူးတို့ဖြင့်ကူးသော်လည်း ရထားမရှိကြသဖြင့် မန္တလေးဆိပ်ကမ်းသို့အရောက် သမ္ဗာန်ငှားပြီးလျှင် သမ္ဗန်သမားကိုလည် ကြေးငွေအပိုပေး၍ မရပ်မနားဘဲ ခတ်စေရာ ၈ နာရီခွဲအချိန်တွင် ဂေါဝိန်ဆိပ်သို့ ဆိုက်လေ၏။

ဓာတ်ရထားပေါ်သို့ တက်မိလျှင် လူလေးငါးဦးတို့ ပြောနေကြသည်မှာ တဦးသောသူက 

“ကျွန်တော်တို့အရပ်နားက မိန်းကလေးတယောက်အကြောင်း ကြားပြီးပြီလား”

အခြားတဦးက 

“မကြားရသေးဘူး၊ ဘာဖြစ်လို့လဲ”

ပထမလူက 

“ပွဲစား ဦးဘမောင်သမီးကလေးပေါ့ဗျာ။ ရုတ်တရက် သေသွားရှာသတဲ့”

ဟုပြောလျှင် မောင်သိန်းတင်သည် လှံနှင့်ထိုးလိုက်ဘိသကဲ့သို့ ထိုင်ရာမှ ခုန်ထ၍ ပြောနေသောသူအနီးသို့ ရွှေ့ထိုင်ပြီးလျှင် 

“ပြောစမ်းပါဦးခင်ဗျာ၊ ဘယ်သူလဲ၊ ဘယ်ပွဲစားလဲ၊ သမီးနာမည်က ဘယ်သူလဲ”

ဟု မေးလျှင် ပထမပြောနေသောသူက 

“အလို... ကိုသိန်းတင်လား၊ ခင်ဗျားတို့အိမ်နီးချင်းပေါ့ဗျာ။ ခင်ဗျား မသိသေးဘူး။ သြော် ... ခင်ဗျားက ရွှေဘိုသွားနေတာကိုး။ ဘယ်တော့က ရောက်သလဲ”

“ကဲပါဗျာ၊ ခုတင်ကအကြောင်း ပြောစမ်းပါဦး”

“သြော်... မသိန်းရှင်ကလေးလား။ ဒီလိုဗျ။ ပွဲကတော် ဒေါ်သာယာရဲ့ မောင်တဝမ်းကွဲ တယောက်က ပျဉ်းမနားက လာလည်ပြီး ပွဲစားကြီးအိမ်မှာပဲ တည်းတာကိုးဗျ။ သူ့မှာလည်း သားကလေးတယောက်ပါလာတယ်။ ပိုက်ဆံကလေးကလည်း တော်တော်ရှိတယ်ထင်ပါရဲ့။ ဒါနဲ့ လေးငါးရက်လောက်ရှိတော့ မောင်နှမနှစ်ယောက် တိုင်ပင်ကြတာပေါ့လေ။ ဆွေချင်းခြုံတော့ လုံ၊ မျိုးချင်းထပ်တော့ မြတ်တယ်လို့ သဘောရပြီး မောင်နှမချင်း လက်ဆက်မယ်လို့ ကြံကြတာပေါ့။ ခင်ဗျားတို့ ဘတော်ကြီးများတောင် တိုင်ပင်သေးတယ်ဆိုတာပဲ။ ကောင်မလေးမိဘများက ငွေ ၃,၀၀၀ ကျပ် တင်ရမတဲ့။ စီမံနေကြတဲ့အတောအတွင်း အမေလုပ်တဲ့ဟာကတော့ သမီးဆိုတာ သူပြီးရင်ပြီးတယ်လို့ လုံးလုံးတောင် မတိုင်ပင်ဘူးထင်ပါရဲ့။ ဒါနဲ့ သမီးက ရိပ်မိလို့ သဘောမကျတဲ့အကြောင်း ပြောတော့ ကောင်ကလေးက ဘာမျှဆိုစရာမရှိတဲ့အပြင် ဆွေမျိုးချင်းလည်းဖြစ်တဲ့အတွက် ငြင်းပယ်ဖို့မရှိတဲ့အကြောင်းပြောပြီး ဖိတ်စာတွေဘာတွေ ရိုက်၊ ခန်းဝင်ပစ္စည်းတွေဘာတွေ ဝယ်၊ ဒီကနေ့ည တောင်းဖို့ရမ်းဖို့ပေါ့။ မိန်းကလေးက ဒီကနေ့ညနေ ၆ နာရီလောက်မှာပဲ ရုတ်တရက် သေသွားရှာတယ်တဲ့။ တရပ်လုံး ကျွက်ကျွက်ဆူလို့”

ဟုပြောလျှင် 

“သေရှာပြီလားဗျာ”

ဟု မောင်သိန်းတင်က မေးရာ 

“ကျွန်တော်ကြားတုန်းကတော့ မသေရှာသေးဘူး၊ ဆရာဝန်တွေ ဘာတွေ ဝိုင်းနေတာပဲ။ သို့သော် ရမယ်လို့တော့ မထင်ပါဘူးဗျာ၊ ဒါမျိုး တယ်ခက်တာပဲ”

ဟုပြောသည်ကို မောင်သိန်းတင်ကြားလျှင် ဓာတ်ရထားကိုပင် နှေးသည်ဟု အောက်မေ့၍ ခရီးပန်းလာသည်ကိုမှ သတိမရဘဲ ဆင်း၍သာလျှင် ပြေးလိုက်ချင်၏။

ဓာတ်ရထားမှဆင်းလျှင် မောင်သိန်းတင်သည် မသိန်းရှင်၏အိမ်သို့ တဟုန်တည်း ပြေးသွားပြီးလျှင် အိမ်ရှေ့မှ အကဲခတ်လျက်နေရာ တအိမ်လုံး ဆိတ်ငြိမ်စွာရှိသဖြင့် အနည်းငယ်အားတက်၍ အနီးသို့ ချဉ်းကပ်ပြီးလျှင် အိမ်ပေါ်မှဆင်းလာသူ အဒေါ် ကြီးတယောက်အား မေးမြန်းစုံ စမ်းရာ အဒေါ်ကြီးက 

“အလို မောင်သိန်းတင်လား”

ဟု ပြော၍ လက်ပြပြီးလျှင် အိမ်ပေါ်သို့ တက်သွားပြန်လေ၏။ အတန်ငယ်ကြာလျှင် မသိန်းခင်လည်း အိမ်ပေါ်မှ ဆင်းလာ၍ မောင်သိန်းတင်၏လက်ကို ဆွဲပြီးလျှင် 

“မောင့်ကို ခဏခဏမေးနေတယ်”

ဟုပြော၍ အိမ်ပေါ်သို့ တွန်းတင်လိုက်လေ၏။

မောင်သိန်းတင်လည်း လှေကားကို နင်းရသည်မထင်ဘဲ အိမ်ပေါ်သို့တက်သွားလျှင် အမိအဖတို့သည် တထောင့်၌ မျက်နှာချင်းဆိုင် မှိုင်နေကြသည်။ ဦးဘမောင်နှင့် ဆရာဝန်ကြီးတို့လည်း တဦးနှင့်တဦး တီးတိုးတိုင်ပင်ကြလျက်ရှိသည်။ မောင်သိန်းတင်လည်း ခုတင်ပေါ်တွင် ပက်လက်ကလေး မောလျက်နေသည်ကို မြင်လျှင် ဝမ်းတွင်း၌ရှိသော နှလုံးသားတို့သည် လည်ချောင်းသို့ အကုန်လာ၍ ဆို့ဘိသကဲ့သို့ အသက်ရှူမှားလျက် ခုတင်အနီးသို့ သွား၍ ဒူးထောက်ပြီးလျှင် မသိန်းရှင်၏ မျက်နှာကို စေ့စေ့ကြည့်နေလေ၏။

မသိန်းရှင်လည်း မျက်စိကို မှိတ်နေရာမှ ရုတ်တရက် ဖွင့်ကြည့်ပြီးလျှင် အလွန်တရာ ဝမ်းသာအားရရှိသော မျက်နှာထားဖြင့် 

“ခုမှ လာသလား ကိုသိန်းတင်”

ဟု သဲ့သဲ့ကလေး ပြောပြီးလျှင် ရင်ကို လက်ဖြင့်ဖိ၍ မျက်စိကို ပြန်မှိတ်သွားလေ၏။ ဆရာဝန်ကြီးလည်း သတိရလာသည်ကို မြင်သဖြင့် အနီးသို့လာပြီးလျှင် အတန်ကြာ စိုက်ကြည့်နေရာ မသိန်းရှင်လည်း မလှုပ်ရှားဘဲနေလေလျှင် ဦးခေါင်းကိုခါ၍ အိမ်ပေါ်မှ ဆင်းသွားလေ၏။ မောင်သိန်းတင်လည်း အဘယ့်ကြောင့် ကြာရှည်စွာ မလှုပ်ရှားဘဲနေဘိသနည်းဟု လက်ကလေးကို ကိုင်လိုက်ရာ အေး၍နေသည်ကို စမ်းမိလျှင် ဝမ်းထဲမှာ အစာလည်းမရှိ၊ ခရီးကလည်း ပန်းနေသည့်အတွင်း ချစ်လှစွာသော ရည်းစားသည် မျက်စိအောက်တွင် အသက်ပျောက်၍ သွားချေပြီတကားဟု သတိလစ်၍ လဲသွားလေ၏။

သတိရ၍ မျက်စိကို ဖွင့်ကြည့်သည့်အခါ အမိအဖတို့သည် အိပ်ရာကို တဖက်တချက်တွင် ထိုင်လျက် 

“လူကလေး၊ လူကလေး”

ဟု ခေါ်နေကြသည်ကို ကြားသဖြင့် ရုတ်တရက် အိပ်ရာမှ လူး၍ထပြီးလျှင် 

“ဖေဖေတို့ မေမေတို့၊ ကျွန်တော် အိပ်မက်မက်လိုက်တာ မေမေရယ်။ သြော်... အစသတ်တော့ အကုန်လုံး အိပ်မက်ပါကလား။ ဟီ...ဟီ...ဟီ။ ဟော... ပြတင်းပေါက်က လက်ယပ်ခေါ်တာ ဘယ်သူလဲ။ မသိန်းရှင်မဟုတ်လား၊ အဟုတ်သားပဲ။ လာမယ်ဟေ့၊ မသိန်းရှင်ရေ့၊ မောင်လာပြီ” 

ဟုပြော၍ ပြတင်းပေါက်ဆီသို့ အတင်းရုန်းထွက်သွားပြီးလျှင် အိမ်ပေါ်မှ ခုန်ချလိုက်လေ၏။

(မောင်သိန်းတင်မှာ ယခုအခါ အနောက်ဘက် စစ်ကိုင်းတောင်ရိုး ဣစ္ဆာသယချောင်တွင် ပဉ္စင်းအဖြစ်ဖြင့် သီတင်းသုံးနေရာ စကားစပ်မိကြသဖြင့် ရှေးဟောင်းနှောင်းဖြစ်များ ပြန်လှန်ပြောဆိုသည်နှင့် ကြားသိခဲ့ရသည့်အတွက် ၎င်းထံ အခွင့်လျှောက်တောင်းပြီးလျှင် ဤသတင်းစာတွင် ရေးသားထည့်သွင်းခြင်းဖြစ်ပါကြောင်း)

---

#ရွှေဥဒေါင်း
#မောင်သိန်းတင်မသိန်းရှင်

#shared_by_louis_augustine
#sbla

Comments