After Wedding // မယ်လွင့်
After Wedding // မယ်လွင့်
(Mae Lwint Page မှ ကူးယူဖော်ပြသည်။)
---
နှုတ်ခမ်းပေါ်က စီးကရက်ကိုမီးညှိမယ်လုပ်ပြီးမှ ဟိုတယ်အခန်းက non smoking ဆိုတာကို သတိရလိုက်တယ်။ ဟိုတယ်ဝရံတာကို ထွက်လိုက်တော့ နိုဝင်ဘာညတွေရဲ့ အပြင်လေထုက သဘောကျစရာကောင်းလောက်အောင် စိမ့်စိမ့်ကလေး။ အင်း.. အေးမှာပေါ့ ကျမခန္ဓာကိုယ်မှာ အဝတ်မှမပါဘဲ။ ကိစ္စမရှိပါဘူး အခန်းဝရံတာမီးကိုမှိတ်ထားသလို၊ အိပ်ခန်းထဲက Dim light ကလည်း ကျမခန္ဓာကိုယ်ကို မြင်ရလောက်အောင် အလင်းရောင်မရှိပါဘူး။ လေအေးပေးစက်ကပေးတဲ့ အေးစက်စက်ဆောင်းအတုကလွဲရင် ရန်ကုန်မှာ ဆောင်းလေပီပီသသကိုတောင် မခံစားရတာကြာလှပြီ။ ဝရံတာမှာစီးကရက်ဖွာရင်း ခေါင်းတွေကိုမော့ထားတဲ့အခါ ဆောင်းလေကြောင့်ထင်တယ် ပါးပြင်တွေ၊ လက်ဖျားကလေးတွေ စိမ့်စိုအေးစက်လာတယ်။
ခေါင်းမော့ထားပေမယ့် ကောင်းကင်မှာကြယ်တွေကို မမြင်ရသလောက်ပဲ။ မြို့ပြအလင်းရောင်က သဘာဝတရားကို လွှမ်းမိုးပစ်လိုက်တာများလေ.. ရန်ကုန်ညဟာ တိတ်ဆိတ်နေတုန်းပဲ။ တခြားအခန်းတွေဆီကဖွင့်ထားတဲ့လေအေးပေးစက်သံတွေက စုပေါင်းပြီး တဒီဒီမြည်သံက ကျယ်လောင်လာသလိုခံစားလာရတယ်။ စီးကရက်ကိုသုံးလိပ်ဆက်တိုက်အထိသောက်ပစ်မိလိုက်တဲ့အခါ ခေါင်းထဲမှာရီဝေဝေ မှိုင်းဝေဝေ။ စီးကရက်ငွေ့တွေကရော တိမ်တွေများဖြစ်လာနိုင်သလား.. လေထဲမှာ ဒီအတိုင်းပဲ ပျောက်ကွယ်သွားတာလား။
အိပ်မပျော်မယ့်အတူတူ သီချင်းနားထောင်ဖို့ ဖုန်းကိုပြန်ယူဖို့ အိပ်ခန်းထဲကို ပြန်ဝင်လိုက်တယ်။ အပြင်ကလေထုထက် အိပ်ခန်းထဲကလေထုက ပိုပြီးအေးစက်ချမ်းအေးနေတယ်။ ဖုန်းတင်ထားတဲ့ကုတင်ဘေးကစားပွဲကို ရောက်အောင်သွားဖို့အတွက်တော့ အိပ်ခန်းမီးကိုဖွင့်ဖို့ မလိုအပ်ပေမယ့် နားကျပ်ရှာဖို့တော့ မီးဖွင့်ဖို့လိုတယ်။ Lumos လို့ ခပ်တိုးတိုးရွတ်လိုက်တော့ ဖုန်းရဲ့ Flash light က ပွင့်လာတယ်။ သီချင်းသံကို နားကျပ်တပ်ပြီးနားထောင်ရမယ့်အစား Speaker ကောင်းကောင်းကနေ နားထောင်ချင်လာတယ်။ Music arrangement တွေ၊ Notes အတက်အကျတွေ၊ Harmony တွေကို ပီပီသသ ကျယ်ကျယ်လောင်လောင်ကြားရဖို့ပေါ့။ ဒါပေမယ့်မရဘူး ကုတင်ပေါ်က စောင်ပုံအောက်မှာအိပ်ပျော်နေတဲ့ ကျမခင်ပွန်းရှိနေတယ်။ ညနေက လက်ထပ်ပွဲပြီးတဲ့နောက်မှာသူရောကျမပါ မူးနေခဲ့ကြပြီး ဒီ ကုတင်ပေါ်မှာ မက်မက်မောမောနမ်းခဲ့ကြ၊ မင်္ဂလာဦးညကို ဖြတ်သန်းခဲ့ကြပြီးကတည်းက သူအိပ်ပျော်နေခဲ့တာ။
တကယ်တော့ ကျမတို့အတွက် မင်္ဂလာဦးညဆိုတာ သိပ်မထူးခြားလှတဲ့ ဖြတ်သန်းမှုပါပဲ။ ဟိုတယ်မှာ ညစာစား၊ ဝိုင်သောက်ပြီး Romantic ဆန်ဆန်အိပ်ခန်းထဲမှာ အာသာငမ်းငမ်းနဲ့ ချစ်ရည်လူးတာမျိုးက ကျမတို့နှစ်ယောက်အတွက် မကြာခဏလိုလို လုပ်နေကျ ဖြတ်သန်းမှုမျိုးပဲ။ အရင်နဲ့မတူညီတာဆိုလို့ စိတ်ရှုပ်စရာကောင်းလှတဲ့ မင်္ဂလာဝတ်စုံတွေကို အပြန်အလှန်ချွတ်ပေးနေကြရတာပဲ ရှိတယ်။ ငှားထားတဲ့မင်္ဂလာဝတ်စုံနောက်ကျောက ကြိုးတွေကိုဖြုတ်နေရတာကိုက လှိုင်းထတက်ကြွနေတဲ့ လိင်စိတ်တောင် ပြန်ကျချင်ချင်ပဲ။ ဆယ့်ငါးမိနစ်လောက် အပြင်းအထန်ရုန်းကန်ပြီးကြတဲ့နောက်မှာ သူကတော့ ကျမဘေးကိုလှိမ့်ချပြီး လှဲအိပ်လိုက်ရာကနေ ဆက်ပြီးအိပ်ပျော်သွားတယ်။ အခုထက်ထိအိပ်မပျော်သေးတာကတော့ ကျမပေါ့... မအိပ်ဖြစ်သေးတော့ ဆေးလိပ်ထပ်ပြီးသောက်ချင်လာတယ်။ ကျမခင်ပွန်းက ဆေးလိပ်မသောက်တတ်ဘူး၊ ကျမကိုယ်တိုင်လည်း လပေါင်းအတန်ကြာအောင်ဖြတ်ထားပါလျက်နဲ့ ဒီဆေးလိပ်ဘူးကို မနက်က အလှပြင်ဖို့အိမ်ကအထွက်မှာ ဘာစိတ်ကူးမှမရှိပါဘဲ ကားရပ်ပြီးဝင်ဝယ်လာခဲ့တာ။
ကျမခင်ပွန်းတဲ့... ရယ်စရာ၊ စိတ်ဝင်စားစရာအသုံးအနှုန်းပဲ၊ ကျမ ဒီလူနဲ့ နေ့လည်ကမှ မင်္ဂလာပွဲဆိုတဲ့အရာကို လုပ်ခဲ့ကြတာ။ လူတွေကြားမှာပြုံးရယ်လို့၊ ပုခုံးတွေကို ဖော်ထားတဲ့ ဆင်စွယ်ရောင် wedding dress နဲ့မိန်းမဟာ ကျမမဟုတ်ခဲ့သလိုပဲ ရယ်လို့၊ မောလို့။
လွယ်နေကျပိုက်ဆံအိတ်ထဲက နားကျပ်ကိုထုတ်၊ ဖုန်းမှာတပ်ပြီး Lee So Ra ရဲ့ Into my heart ဆိုတဲ့သီချင်းကို အသံအဆုံးထိဖွင့်ပြီး နားကျပ်ကို နားမှာတပ်ထားလိုက်တယ်။ ပြီးတော့ ကုတင်ဘေးက ကြမ်းပြင်အေးစက်စက်ပေါ်မှာ ဒူးတွေကိုပွေ့ပြီးထိုင်ရင်း စောင်ပုံအောက်ကနေ တစွန်းတစထွက်နေတဲ့ ကျမခင်ပွန်းရဲ့ လက်ချောင်းထိပ်ဖျားကလေးကို စိတ်မှတ်မဲ့ငေးကြည့်နေမိတယ်။ ကိုရီးယန်းအမျိုးသမီးအဆိုတော်ရဲ့သီချင်းကို ကျမအနေနဲ့ ကိုရီးယားစကားမတတ်လို့နားမလည်နိုင်ပေမယ့် သူ့သီချင်းကပေးတဲ့ ခံစားချက်၊ အသံ၊ အရိပ်၊ အရောင်၊ အနံ့နဲ့ ခံစားချက်အားလုံးကို စန္ဒယားသံတွေကနေတဆင့်ရတယ်။
ဝါကျင်သစ်ရွက်အိုတွေရဲ့ အခက်အလက်ကြားက ဖြတ်သန်းတိုးဝင်လာတဲ့ ရွှေအိုရောင်နေအလင်း၊ သစ်ပင်တို့ရဲ့ အညိုရောင်အရိပ်ရှည်တွေ၊ မြူခိုးဝေ့ဝေ့၊ ရေဒီယိုအဟောင်းကလေးတစ်လုံးတင်ထားတဲ့ ဟောင်းနွမ်းပြတင်းပေါင်ကလေးကို လက်ဖျားထိပ်ကလေးတွေနဲ့ တို့ထိရင်း လှိုက်မောနွမ်းလျမှုကို တမြေ့မြေ့ခံစားနေရတဲ့ အချိန်တခဏ။ အဲ့ဒီအချိန်ဟာ ဖြတ်သန်းခဲ့ဖူး၊ ပိုင်ဆိုင်ရဖူးတာကိုလည်း ခံစားရသလို တစုံတရာ သို့မဟုတ် တစုံတယောက်ကို အတူတူရှိနေရင်းနဲ့ကို တမ်းတတိမ်းမက်လွမ်းဆွတ်နေရတဲ့ နှလုံးသားမျိုးကို သီချင်းသံက အပြည့်အဝဖော်ပြနေခဲ့တယ်။ ထူးဆန်းလိုက်တာ ကျမဘယ်သူ့ကိုမှ နင့်မောနာကျင်လောက်အောင် မချစ်ဖူးဘူးထင်တယ်။
နှစ်နှစ်ကြာအောင်အတူရှိခဲ့ကြတဲ့ အခု ကျမရဲ့ခင်ပွန်းကို ကျမတကယ်ပဲ ချစ်ခဲ့ရဲ့လား။ ကျမကိုယ်ကျမရော သူ့ကိုပါ ပတ်သက်ခဲ့ကြတဲ့ အချိန်ကာလတစ်ခုလုံးအတွင်း လိမ်ညာနေခဲ့မိတယ်ဆိုတာကို အခုအချိန်ကျမှ ဉာဏ်အလင်းပွင့်သလို လက်ခံလိုက်ရတယ်။ ကျမသူ့ကို တကြိမ်တခါမှ မချစ်ခဲ့ဖူးဘူးပဲ။ သာယာပြည့်စုံမှုကို အချစ်လို့ ကျမဘာသာသတ်မှတ်ပြီး သမရိုးကျဘဝထဲကို ကျမကိုယ်တိုင်ပဲ လိုလိုလားလားခုန်ဝင်ခဲ့တာ မဟုတ်လား။
မိတ်ဆွေတစ်ယောက်ရဲ့ ဓာတ်ပုံပြပွဲမှာ သူနဲ့တွေ့တယ်၊ ခြောက်လလောက်တွဲပြီးတော့ သူတစ်ယောက်တည်းနေတဲ့သူ့အိမ်ကို ကျမပြောင်းခဲ့လိုက်တယ်။ ကျမအတွက်အိမ်မငှားရတော့တဲ့ပိုက်ဆံကို ကားသေးသေးလေးဝယ်ဖို့ သုံးလိုက်တယ်။ အတူတူနေလာကြတော့ မိဘတွေသိတယ်၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက သိတယ်။ သူ့မိသားစုကရော ကျမမိသားစုကပါ တွဲနေကြတာကြာပြီမို့ လက်ထပ်လိုက်ပါလို့ တိုက်တွန်းလာကြတာတွေ၊ ပတ်ဝန်းကျင်က ဘယ်တော့လက်ထပ်ကြမှာလဲဆိုတဲ့စကားတွေနဲ့ ကျမတို့လက်ထပ်သင့်ပြီဆိုပြီး စီစဉ်လိုက်ကြတဲ့ကိစ္စတွေပဲ။ အခုအချိန်မှာ ကျမရဲ့စိတ်နဲ့နှလုံးသားအတွက် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးဟာ ဆေးခြောက်သုံးထားတဲ့အချိန်မှာ လုပ်မိတဲ့အရာတွေလိုပဲ။ ဖြစ်ပြီးသား၊ လုပ်ပြီးသားဟုတ်ရဲ့လား ... တကယ်ဖြစ်မိရဲ့လားလို့ အကြိမ်ကြိမ်ဆန်းစစ်နေမိသလိုမျိုးပဲ။ ကျမတကယ်လိုချင်ခဲ့တာ ဒါတွေမဟုတ်ဘူး ထင်ပါရဲ့။
လူတွေက ကိစ္စတစ်ခုကို အဆုံးသတ်ဖို့ဖြစ်လာရင် ပတ်ဝန်းကျင်က ဘယ်လိုထင်မလဲဆိုတာတွေ၊ စီးပွားရေးတွက်ချက်မှုတွေ၊ ဂုဏ်သိက္ခာနဲ့ ကိုယ်မဟုတ်တဲ့ မိသားစုဆိုသူတွေရဲ့အကြောင်းတွေကိုပဲ အကြိမ်ကြိမ်ထည့်တွက်စဉ်းစားပြီး ဘယ်တော့မှ တကယ်ကြီးအဆုံးမသတ်ဖြစ်ကြတော့ဘူးမဟုတ်လား။
မရေတွက်ကြည့်ရသေးတဲ့ လက်ဖွဲ့ငွေသားအိတ်တွေကို Hotel ကပေးထားတဲ့ Laundry အိတ်ထဲကို အကုန်ယူထည့်လိုက်တယ်၊ ကျမလက်ရှိသုံးဖို့ ငွေသားလိုတယ်။ ဟိုတယ်ဝန်းထဲကနေ ကားမောင်းထွက်လာတော့ မနက်သုံးနာရီဆိုပေမယ့် လမ်းပေါ်မှာကားတချို့ရှိနေပြီ။ တိုက်ခန်းပေါ်မြန်မြန်တက်၊ အဝတ်အစားတွေကို အိတ်ထဲထိုးထည့်၊ စကင်းကဲတွေ၊ ရေမွှေးတွေနဲ့ တကိုယ်ရည်အသုံးအဆောင်တွေ၊ ပြီးတော့ စာချုပ်စာတန်းတချို့၊ ကျမပိုက်ဆံနဲ့ဝယ်ထားတဲ့ လက်ဝတ်ရတနာအနည်းငယ်၊ အလုပ်ဆက်လုပ်ဖို့အတွက် ကျမရဲ့ Laptop ။ စိတ်ထဲမှာအရာရာကို စနစ်တကျစီစဉ် အကွက်ချထားသလိုမျိုး မြန်မြန်ဆန်ဆန် သွက်သွက်လက်လက်။
အိမ်ကနေပြန်ထွက်လာတော့ မနက်ခုနှစ်နာရီ၊ ခဏနေရင် ကျမခင်ပွန်းဆိုတဲ့လူ နိုးလာတော့မယ်။ ခုလို ဒရောသောပါးနဲ့ ခိုးကြောင်ခိုးဝှက်ထွက်သွားမယ့်အစား ကျမဘဝအတွက် ကျမရဲ့ကိုယ်ပိုင်ရွေးချယ်မှုကို သူ့ကိုဖွင့်ပြောပြီး လမ်းခွဲလိုက်ရင်ရောမရဘူးလားလို့ တိုက်ခန်းလှေကားမှာထိုင်ရင်း စဉ်းစားလိုက်မိသေးပေမယ့် ပြန်ရှင်းပြနေရမှာတွေ၊ အပြန်အလှန်စကားလုံးတွေ စသဖြင့်သော အရာအားလုံးကို ကျမရင်မဆိုင်ချင်ဘူး။ ကျမ တကယ်နေချင်တာ ဒီလိုဘဝမဟုတ်ပါဘူးလို့ ဘယ်လိုကျိန်တွယ်ပြီးပြောပြော ဘယ်သူကမှ လက်ခံနိုင်လိမ့်မယ် မထင်ပါဘူး။
တိုက်ခန်းရှိတဲ့ အိမ်ရာဝင်းထဲကနေ ကားမောင်းထွက်လာတုန်း ခင်ပွန်းဆီက ဖုန်းဝင်လာတယ်။ ခပ်စောစောဖွင့်နေတဲ့ စာရေးကိရိယာဆိုင်ကနေ ကွာရှင်းစာချုပ်တစ်စောင်ဝယ်၊ ကားထဲမှာတင် ရေးစရာရှိတာရေး လက်မှတ်ထိုးပြီး တိုက်ခန်းသော့နဲ့အတူစာအိတ်ထဲကိုပိတ် "ကျမ ကိုယ့်အတွက်ကိုယ်ပဲ အသက်ရှင်ချင်တယ်။ နှုတ်ဆက်ပါတယ်" ဆိုတဲ့စာတစ်စောင်ကိုပါရေးပြီး Grab transport နဲ့ ကျမခင်ပွန်းဆီကို ပို့လိုက်တယ်။ Pet Hotel မှာအပ်ထားတဲ့ ကျမသမီးလေး ကြောင်မကလေး beauty ကိုတော့ တပါတည်းခေါ်သွားရမှာပေါ့။ လမ်းဘေးဈေးသည်ဆီကနေ ဖုန်းကတ်အသစ်တစ်ကဒ်ဝယ်နေတုန်း ကံ့ကော်ပန်းစည်းမွှေးမွှေးလေးတွေ သယ်လာတာကိုတွေ့တာနဲ့ မီးစိမ်းတုန်းကြီး အရူးအမူးတောင်းဝယ်နေလို့ ကျော်တက်လိုက်ရတဲ့ နောက်ကားက ကျမကို ဆဲသွားတယ်။
အရေးမကြီးပါဘူးလေ... ဘယ်သူကဆဲဆိုနေနေ ကျမရဲ့အခုလက်ရှိပျော်ရွှင်မှုကို ဘယ်လိုမှ မထိခိုက်နိုင်တော့တဲ့ဥစ္စာ။ ကျမက တစ်ကိုယ်ကောင်းသမားပါလို့ ကိုယ့်ကိုယ်ကိုယ်လက်ခံလိုက်ပြီးပြီပဲ...
#မယ်လွင့်
#After_Wedding
---
#မယ်လွင့်
#After_Wedding
#shared_by_louis_augustine


Comments
Post a Comment