လရောင်ကြောက်သူ // ဂျူး
လရောင်ကြောက်သူ // ဂျူး
---
ကျွန်မက လရောင်သည် အလွန် စိတ်ကြည်နူး နှစ်သက်စရာ ကောင်းသည်ဟု ထင်သည်။ ည၏ အရိပ်အရောင် များသည် လရောင် အောက်မှာမှ ပိုမို ပီပြင်ထင်ရှား သည်ဟု ထင်သည်။ နောက်ပြီး လရောင်မှာ လန်းဆန်းစေသော မွှေးရနံ့တစ်မျိုး ပါဝင်နေသည် ဟုပင် ထင်၏။ လ၏ ဆွဲငင်အားကိုလည်း ကျွန်မသိထား၊ လက်ခံထားသည်။ လရောင်၏ စွမ်းအား အလွန် ကြီးမားလှသည်ဟု ကျွန်မ ထင်၏။ သို့သော် ထိုမျှ အေးချမ်း ဆိတ်ငြိမ်သော လရောင်ကိုမှ မုန်းတီး ကြောက်ရွံ့သူ တစ်ဦးကိုလည်း ကျွန်မ သိခဲ့ဖူးပါသည်။ အဖြစ်အပျက်သည် ထူးဆန်း အံ့ဩစရာဟု ထင်ရသော်လည်း တကယ်တော့ အလွန် ရိုးစင်းသော ဖြစ်ရိုးဖြစ်စဉ် တစ်ခုသာ ဖြစ်သည်။ ကာလကတော့ တော်တော်လေး ကြာမြင့်ခဲ့ပါပြီ။ ကျွန်မ အလုပ်သင် ဆရာဝန် ဘဝမှာ မန္တလေး ပြည်သူ့ ဆေးရုံကြီး၏ ဌာနခွဲတစ်ခု ဖြစ်သော မန္တလေး စိတ်ရောဂါ အထူးကု ဆေးရုံသို့ သုံးပတ်ကြာမျှ တာဝန် ထမ်းဆောင်ရန် သွားခဲ့ရဖူးသည်။ ဖျားနာဆောင် (Medical Ward) များတွင် တာဝန်ကျသော အလုပ်သင် ဆရာဝန်တိုင်း ကြုံတွေ့ဖြတ်ကျော်ရသည့် တာဝန်များသာဖြစ်ပြီး ကျွန်မတို့၏ အလုပ်တာဝန်များကလည်း သိပ်ထူးထူးဆန်းဆန်းကြီး မဟုတ်ပါ။
နံနက် (၈) နာရီ မှာ စိတ်ရောဂါကု ဆေးရုံသို့သွား၊ လူနာများကို ကိုယ်ရေးရာဇဝင် မေးမြန်း၊ လူနာဆောင်များသို့ ဆရာနှင့် အတူလိုက်၍ ကြည့်ရှုလေ့လာရင်း ဆရာ စာသင်သည်ကို နားထောင် ရေးမှတ်။ နေ့လည် ၁၂နာရီမှာ အဆောင်ပြန်၍ နေ့လည်စာကိုစား၊ နေ့လည် ၂ နာရီမှာ ဆေးရုံပြန်ဝင်၊ လူနာသစ်များကို ကိုယ်ရေး ရာဇဝင်မေးမြန်း၊ လူနာမှတ်တမ်းများကို ဆရာထံပို့၍ ရောဂါ ရာဇဝင်နှင့် ကုသမှုများကို ဆရာနှင့် ဆွေးနွေးမေးမြန်း။ ဤအဖြစ်အပျက်များသည် နေ့စဉ်လိုလို ကြုံတွေ့ရသော အဖြစ်အပျက်များသာ ဖြစ်၏။ လူနာများသာ တစ်ယောက်ပြီး တစ်ယောက် ပြောင်းသွားသော်လည်း ရောဂါရာဇဝင်များက ဆင်တူရိုးမှားတွေချည်း ဖြစ်သည်။ စိတ်ကစဉ့်ကလျား ရောဂါ၊ စိတ်ကျ ရောဂါ၊ စိတ်ကြွရောဂါ၊ မိမိကိုယ်ကို သေကြောင်း ကြံစည်သည့် ရောဂါ၊ ဝက်ရူးပြန်ရောဂါတို့ ဖြစ်သည်။ မိမိကိုယ်ကို သေကြောင်း ကြံစည်သူများ ကိစ္စမှာတော့ ရဲနှင့် သက်ဆိုင်သောအမှု ဖြစ်သဖြင့် ကျွန်မတို့ အလုပ်သင် ဆရာဝန်များ မှတ်ချက် ရေးပြီးတိုင်း ဆရာ့ထံသို့ လွှဲပြောင်း ပေးအပ်ရလေ့ ရှိသည်။ ဆရာက ထပ်မံ စစ်ဆေး မေးမြန်းပြီးမှ စိတ်ရောဂါ ရှိမရှိ အတည်ပြု သတ်မှတ်ပေးလေ့ ရှိသည်။
ကျွန်မ ကြုံတွေ့ရသော ကျွန်မ မမေ့နိုင်သည့် လရောင်ကြောက်သူ တစ်ဦးမှာ မိမိကိုယ်မိမိ သေကြောင်း ကြံစည်မှုဖြင့် ကျွန်မတို့ ဆေးရုံသို့ စိတ်အခြေအနေ စစ်ဆေးခံရန် ဖျားနာဆောင်တစ်ခုမှ လွှတ်လိုက်သော လူနာတစ်ဦး ဖြစ်သည်။ လူနာသည် အမျိုးသမီးတစ်ဦး ဖြစ်သည်။ ထူးဆန်းသည်မှာ ပိုးသတ်ဆေး သောက်၍ မိမိကိုယ်ကို သေကြောင်း ကြံစည်သူ တော်တော်များများနှင့် မတူဘဲ အမှန်ကို ဝန်ခံရဲသော သတ္တရှိသူ ဖြစ်နေ၏။ ရေနံဆီ၊ ပိုးသတ်ဆေး စသည်တို့ကို သောက်ပြီး ဆေးရုံသို့ ရောက်လာသော လူနာ အတော် များများသည် မှားသောက်မိလို့ပါ ဟူသော ဆင်ခြေကို ပေးတတ်ကြ၏။ ဤအမျိုးသမီးကတော့ တည်ငြိမ်သော မျက်ဝန်းများဖြင့် “သေချင်လို့ သောက်တာပါ” ဟု ဖြေခဲ့သည်။ “ဘာဖြစ်လို့ သေချင်တာလဲ” ဟု ကျွန်မက ထပ်မေးတော့ အမျိုးသမီး မျက်နှာ အနည်းငယ် တင်းသွားပါသည်။ ထိုစဉ်က ကျွန်မ၏ အသက်မှာ ၂၄နှစ်သာ ရှိသေး၏။ အမျိုးသမီးကတော့ အသက် ၃၅နှစ် ရှိနေပြီ။ ကျွန်မက သိပ်ငယ်ရွယ်နေလို့များ သူမက မလေးမစား ဆက်ဆံ နေတာလားဟု ထင်ရအောင်ကလည်း သူမ၏ ဟန်ပန်က ရိုကျိုးမှုအပြည့် ဖြစ်၏။ ပထမတော့ လူနာချင်း လွှဲပြောင်းရလျှင် ကောင်းမလားဟု တစ်ဖက်ခန်းရှိ သူငယ်ချင်း အမျိုးသား ဆရာဝန်ထံ လှမ်း အကဲခတ်မိသေး၏။ သို့သော် သူက ယောက်ျားလူနာ တစ်ဦးကို မေးမြန်းနေသည်။ တမင် မျှမျှတတ ဖြစ်အောင် လူနာကို ခွဲဝေပေးထားခြင်းပဲဟု ကျွန်မ နားလည်သွားကာ ရင့်ကျက်သော ဟန်အမူအရာ ဖြစ်အောင် အားတင်း ထိန်းချုပ်၍ ဆက်လက် မေးမြန်းရပါသည်။
“ဟုတ်ပါတယ်၊ ဒါကိုတော့ ကျွန်မ နားလည်ပါတယ် အစ်မရယ် ... ဒါပေမယ့် လူ တော်တော်များများက မသေချင်ဘူး၊ သေရမှာ ကြောက်လို့ နည်းမျိုးစုံနဲ့ ကာကွယ်တားမြစ် နေတယ်၊ အစ်မကတော့ တခြားသူတွေနဲ့ မတူဘူး၊ ဒီတော့ တခြားသူတွေရဲ့ ခံစားချက်နဲ့ မတူတဲ့ သီးသန့် ခံစားချက် တစ်ခုခု ရှိနေသလား ဆိုတာ ကျွန်မ သိချင်လို့ပါ၊ ကျွန်မကို ယုံယုံကြည်ကြည် ဖွင့်ပြောပါ”
သူမက မတုန်မလှုပ်။ ချော့မော့ဖျောင်းဖျ မေးမြန်း၍ မရသောအခါ ကျွန်မအနည်းငယ် စိတ်တိုသွား၏။ ကျွန်မ နောက်ထပ် ကြည့်ရမည့် လူနာတွေက ရှိသေးသည်။
“အစ်မ ဆေးရုံက ဆင်းတဲ့အခါ ကိုယ့်ကိုကိုယ် သေကြောင်းကြံမှုနဲ့ ထောင်ကျရဦးမယ် ဆိုတာ အစ်မ မသိသေးဘူး ထင်တယ်”
အမျိုးသမီး မျက်နှာမှာ တုန်လှုပ်မှုကို သိသိသာသာ တွေ့ရ၏။ ကျွန်မ တိတ်တိတ်ကလေး ကျိတ်ပြုံးလိုက်မိပါသည်။
“အစ်မ ထောင်ကျတာ မကျတာဟာ ကျွန်မတို့ ဆေးရုံက မှတ်ချက်အပေါ်မှာ လုံးဝ မူတည်နေတယ်”
သူမမျက်လုံးမှာ ကျွန်မကို အားကိုးလိုဟန် အနည်းအကျဉ်း တွေ့ရ၏။
“လူနာတွေ ဒုက္ခရောက်အောင်ကျွန်မတို့ ဘယ်တော့မှ မလုပ်ပါဘူး၊ ပျော်ပျော်ရွှင်ရွှင် အိမ်ပြန် သွားကြတာကို ကျွန်မတို့ မြင်ချင်တယ်၊ အဲဒီအတွက်ပဲ အစ်မတို့ကို စိတ်အခြေအနေ စစ်ဆေးပေးနေ ရတာပါ၊ အမှန်အတိုင်း ဖွင့်ပြောပါ၊ ကျွန်မတို့က လူနာရဲ့ လျှို့ဝှက်ချက်တွေကို ကိုယ်သေတဲ့အထိ သိမ်းသွားမယ့် ဆရာဝန်တွေပါ”
သူမသည် အခန်း ပတ်ဝန်းကျင်ကို မသင်္ကာသည့် မျက်လုံးများဖြင့် အကဲခတ်လိုက်ပြီးနောက် “ဒီနားမှာ ကျွန်မယောက်ျား ရှိနေသလား ” ဟုမေး၏။
“မရှိဘူး၊ ဒီအခန်းရဲ့ အပြင်ဘက်မှာ ဆရာမကြီး တစ်ယောက် လာစောင့်ပေးနေတယ်၊ လိုအပ်လို့ မခေါ်မချင်း လူနာရဲ့ အဖေလည်း မဝင်ရဘူး၊ အမေလည်း မဝင်ရဘူး၊ အစ်မယောက်ျားလည်း မဝင်ရပါဘူး”
ထို့နောက် အမျိုးသမီးက သူ၏ အဖြစ်အပျက်ကို ကျွန်မအား အားလုံး ဖွင့်ပြောပြပါသည်။
“ကျွန်မ ယောက်ျားနဲ့ ကျွန်မနဲ့က တစ်မြို့တည်းသားတွေ မဟုတ်ဘူး၊ သူက ကျွန်မတို့မြို့နဲ့ မိုင်၁၀၀ လောက်ဝေးတဲ့ မြို့ကြီးတစ်မြို့ကပါ၊ မြို့ကြီးသားစရိုက် အပြည့်ရှိတယ်၊ ဝတ်ပုံစားပုံ သေသပ်ကျနတယ်၊ မျက်နှာထားကလည်း ဣန္ဒြေရရ၊ စကားပြော သိမ်မွေ့တယ်၊ ကြင်နာတတ်တယ်၊ ကျွန်မတို့ အိမ်နဲ့ နှစ်အိမ်ကျော်လောက်က ဆီစက်တစ်ခုမှာ မန်နေဂျာပေါ့၊ ပညာတတ် ဘွဲ့ရ တစ်ယောက်ပဲ၊ ကျွန်မတို့ အိမ်ကတော့ အလတ်စား ဂျုံစက်ရုံကလေးပဲ ဆိုပါတော့လေ၊ အိမ်မှာတော့ မန်နေဂျာရယ်လို့ မရှိပါဘူး၊ အဖေနဲ့ ကျွန်မနဲ့ ဂျုံစက်ကို တစ်လှည့်စီ စောင့်ကြပ် အုပ်ချုပ်ကြတာပဲ၊ ကျွန်မက ဆယ်တန်း အောင်ရုံပဲ၊ ဒါပေမယ့် အဖေက စာရင်းအင်းပညာ ကျွန်မကို သင်ပေးထားလို့ ကျွန်မကောင်းကောင်း စာရင်း ကိုင်တတ်ပါတယ်၊ ကျွန်မနဲ့ သူနဲ့ မျက်မှန်တန်းမိ သွားကတည်းက တစ်ယောက်ကို တစ်ယောက် ချစ်ခင် သွားကြတယ်လို့ ပြောရမလား မသိဘူး၊ ကျွန်မကတော့ တကယ့်ကို သူ့ကို မြတ်မြတ်နိုးနိုး စုံမက် ခဲ့တာပါ။ ကျွန်မတို့ မြို့က ခပ်သေးသေး ဆိုတော့ အဖြစ်အပျက် တစ်ခု ဆိုရင် တစ်ရပ်ကွက်လုံး တစ်မြို့လုံး ပျံ့နှံ့သိသွား တတ်ကြတယ်၊ ကျွန်မနဲ့ သူနဲ့ ဘာလိုလို ဖြစ်နေတာကို အဖေတို့ သိသွားတာပေါ့၊ အဖေက ကျွန်မကို သတိပေး သလိုလိုနဲ့ တားမြစ်တယ်၊ တစ်မြို့တည်းသားချင်း မဟုတ်လို့ သူ့အကြောင်းကို ကျွန်မတို့ အမှန်အတိုင်း သိဖို့ ခဲယဉ်းတယ်ပေါ့လေ၊ သူ့မြို့မှာ သူဟာ မယားကြီးတွေ ဘာတွေ ရှိနေနိုင်တယ်၊ ဘာပြဿနာတွေ ရှိခဲ့မယ်ဆိုတာ ကျွန်မ မသိနိုင်ဘူး ... တဲ့၊ အဖေက တစ်မြို့တည်းသား အတွင်းသိ၊ အစင်းသိ လူငယ် တစ်ယောက်ယောက်ကိုပဲ လက်ထပ်စေချင်တယ်၊ ကျွန်မကတော့ သူ့ကို ယုံတယ်၊ သူ့မှာ ဘာအရှုပ်အထွေးမှ မရှိနိုင်ဘူး၊ သူဟာ ရိုးသားသိမ်မွေ့တယ် ဆိုတာ အလိုလို သိနေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အင်းလေ ... တစ်ညမှာပေါ့၊ ကျွန်မတို့နှစ်ယောက် တော်တော်ရင်းနှီးတဲ့ အခြေအနေကို ရောက်သွားရော ဆိုပါတော့၊ နေဦး ... အဲဒီည အကြောင်းကို ဒေါက်တာသိမှ ဖြစ်မယ် ထင်တယ်၊ နောက်ပိုင်း သူဆီစက်မှာပဲ ညအိပ်လေ့ ရှိတယ်လေ၊ ကျွန်မနဲ့ နီးနီး နေချင်လို့တဲ့၊ ညတွေမှာ ရပ်ကွက်ထဲက လူတစ်ချို့နဲ့ သူလမ်းလျှောက်ပြီး ဂစ်တာ တီးတတ်တယ်၊ အိုး ... ဂစ်တာတီးလဲ တော်တော်ကို ကောင်းတဲ့လူပဲ၊ သူ့ဂစ်တာသံ ကြားရင် ကျွန်မ အခန်းပြတင်းကို ဖွင့်ပြီး နားထောင်နေမိ တတ်တယ်၊ လသာဆောင် ဘက်တော့ မထွက်ရဲပါဘူး၊ ကျွန်မကို သူတို့ မြင်သွားမှာပေါ့၊ အဲဒီညကတော့ လကလဲ အရမ်းကို သာနေတယ်၊ လပြည့်ခါနီး ည တစ်ညပဲ၊ ကျွန်မတို့အိမ်က ခြံဝိုင်းအကျယ်ကြီး ဒေါက်တာရဲ့၊ ခြံဝိုင်းထောင့်အိမ်နဲ့ တော်တော်ဝေးတဲ့ နေရာမှာ မြတ်လေးပန်းရုံကြီး ရှိတယ်၊ အိမ်မကြီးကနေ လှမ်းကြည့်ရင် မမြင်ရဘူး၊ ကြားမှာ ဂျုံစက် အဆောက်အဦက ကွယ်နေတယ်လေ။ အဲဒီညက ကျွန်မ မြတ်လေးပန်း သွားခူးမိတယ်၊ ပန်းကို အိမ်ကလူတွေ သိပ်ဂရုစိုက်နိုင်တာ မဟုတ်ပါဘူး၊ ကျွန်မလဲ ခါတိုင်းတော့ မခူးမိပါဘူး၊ အဲဒီညကတော့ နောက်နေ့မနက် ဘုရားပွဲ လှည့်မှာမို့ ပန်းကုံးအကြီးကြီး ရအောင်သီမယ် ဆိုတဲ့ စိတ်နဲ့ ညနှစ်နာရီခွဲ လောက်မှာ ပန်းထခူးမိတာ၊ ခြံစည်းရိုး အပြင်ဘက်မှာ သူရောက်လာပြီး ကျွန်မနဲ့ စကားခဏ ပြောနေသေးတာ၊ နောက်တော့ ကျွန်မတားတဲ့ ကြားကနေ သူခြံထဲကို ဇွတ်ကျော် ဝင်လာတော့တာပါပဲ၊ မြတ်လေးရုံဘေးက ကုန်းမြင့်တလင်းပြင် ကလေးဟာ လရောင်နဲ့ ဆိုတော့ သိပ်လှနေတာပဲ၊ အရောင်တောင် လက်နေတယ်၊ ပြာလဲ့လို့ပေါ့၊ ငှက်တွေလဲ အိပ်ချိန် လူခြေလဲတိတ်ချိန် တစ်လောကလုံး တိတ်ဆိတ် ပြာလဲ့နေတာပဲ၊ ကျွန်မ ဘဝမှာ အဲဒီညကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး၊ သူ့ကို ချစ်တဲ့စိတ်၊ သူ့ကို ကြောက်တဲ့စိတ်၊ သူ့ကိုပဲ ရှက်တဲ့စိတ်၊ အိုး ... တော်တော် အံ့ဩစရာ ကောင်းတဲ့ ညပါပဲ၊ နောက်တော့ ရက်ခြား ဆိုသလို ကျွန်မ ပန်းခူးထွက်ရတော့ တာပေ့ါ၊ ချစ်သူ့ မျက်နှာညှိုးမှာကို စိုးရိမ်ရတာလောက် လှိုက်လှဲကြေကွဲတဲ့ ခံစားချက်မျိုး ရှိမှာတောင် မဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ နောက်ဆုံးတော့ ကျွန်မတို့ အကြောင်းကို အမေသိရော ဆိုပါတော့၊ အမေက ကျွန်မကို ဆူလိုက်တာ၊ သူ မယူဘဲ ပစ်သွားမှာကို စိုးရိမ်နေမိတဲ့ ကျွန်မတို့ မိသားစုဟာ သူက မိသားဖသားပီပီ တောင်းရမ်းယူတော့ တော်တော် စိတ်အေးသွားရ ပါတယ်၊ ကျွန်မတို့ နှစ်ယောက် မင်္ဂလာပွဲကို ဘယ်မယားကြီးမှလဲ လာမဖျက်ပါဘူး၊ သူ့မှာလဲ ကျွန်မကလွဲလို့ ဘာအနှောင်အဖွဲ့မှ မရှိပါဘူး၊ ကျွန်မတို့ နှစ်ယောက် နေဖို့အခန်းကို သူကိုယ်တိုင် ရွေးပေးတာပါ၊ ကျွန်မတို့ အိမ်ကြီးက ပျဉ်ထောင်အိမ် အမြင့်ကြီး ဒေါက်တာရဲ့၊ အခန်းတွေ အခန်းတွေမှ အများကြီးပဲ၊ တစ်ခန်း တစ်ခန်းကလည်း အကျယ်ကြီးပါပဲ၊ လသာဆောင်နဲ့ ကပ်လျက် ဘေးအစွန်ဆုံး အခန်းကို သူရွေးလိုက်တယ်၊ အဲဒီ အခန်း ပြတင်းပေါက် နှစ်ခုကလဲ အမြင့်ကြီးတွေ၊ နဂိုကတော့ ပြတင်းအမိုးခုံး တစ်ခုပဲ မှန် ပါတာ၊ တံခါးရွက်တွေက သစ်သားတွေ၊ အဲဒါကို ကျွန်မယောက်ျားက ပြင်ယူလိုက်တယ်၊ တံခါးရွက်တွေ အားလုံး မှန်တပ် လိုက်တယ်၊ လသာတဲ့ ညတွေမှာဆို လရောင်က တံခါးရွက် မှန်ချပ်တွေကို ဖြတ်ပြီး အခန်းထဲကို ဖြာကျနေတတ်တယ်၊ အခန်းနံရံ၊ စားပွဲ၊ ခုတင်၊ မွေ့ရာ အားလုံးဟာ လရောင် တစ်ဝက်တစ်ပျက်နဲ့ ဆိုတော့ အပြာလဲ့လဲ့ကလေးပေါ့၊ သူက ကျွန်မကို ခဏခဏ ပြောလေ့ရှိတယ်၊ ဝေ့မျက်နှာဟာ လရောင်အောက်မှာ သိပ်လှတာပဲတဲ့၊ ဝေ့ ခန္ဓာကိုယ် နွဲ့နွဲ့ကလေးကလဲ လရောင်က အလင်းတင်လိုက်တဲ့အခါ ပိုမိုပီပြင် သွားတယ်တဲ့၊ အလင်းအမှောင်ကို အချိုးညီညီ ရောပြီး ပြထားတဲ့ ပန်းပုရုပ်လိုပဲတဲ့ ဒေါက်တာရယ်၊ သူပြောတတ်တဲ့ စကားလုံးလေးတွေက သိပ်နားထောင်လို့ ကောင်းတာ၊ ပညာတွေလဲ တော်တော်တတ်ပြီး စာတွေဘာတွေလဲ တော်တော်ဖတ်ခဲ့တဲ့ ပုံပဲ ၊ ကျွန်မမှာတော့ သူ့ကို ချစ်တာအပြင် ကျေနပ်တာ၊ လေးစားတာ၊ ဂုဏ်ယူတာတွေ အမျိုးမျိုး စုပေါင်းပြီး သူ့တစ်ယောက်သာ တစ်ကမ္ဘာလို့ ထင်ခဲ့ပါတယ်။ ကျွန်မမှာ ကံဆိုးချင်တော့ သားသမီး လုံးဝ မရခဲ့ဘူး ဒေါက်တာရယ်၊ အိမ်ထောင်သက် ငါးနှစ်အရမှာ အဖေ ဆုံးသွားတယ်၊ ဂျုံစက်ကို ကျွန်မယောက်ျားပဲ ဦးစီးခဲ့တာပဲ၊ သူက စီးပွားရေး အမြင်လဲ ရှိပါတယ်၊ လုပ်ငန်းက သူ့လက်ထက်မှာ ပိုပြီး ကျယ်ပြန့်လာတယ်၊ သူ့အနေအထိုင် အပြုအမူ၊ အလုပ်သမ ကောင်မလေးတွေ အပေါ်ဆက်ဆံရေး ... အားလုံးဟာ ပုံမှန်ပဲ၊ ဘာမှ ချို့ယွင်းချက် မရှိဘူး၊ ဒါပေမယ့် ကျွန်မမှာ သံသယတစ်ခု ဝင်လာခဲ့ရတယ်၊ ဘေးစကား ဆိုတာကို ကျွန်မ နဂိုကတည်းက ယုံခဲ့တာ မဟုတ်တော့ သတင်းကြားကြားချင်း စိတ်ဆိုး ဒေါသထွက်ဖို့ သတိမရဘဲ အံဩတုန်လှုပ် သွားခဲ့တယ်၊ သူနဲ့ အလုပ်သမကလေး တစ်ယောက် တိတ်တိတ်ပုန်း ညားနေကြတယ် ဆိုတဲ့ သတင်းပေါ့၊ ကျွန်မတို့ ရပ်ကွက် အစွန်က ချောင်းစပ်မှာ သဲသောင်ပြင် အပြန့်ကလေး တစ်ခုရှိတယ်၊ ကြက်သွန်ခင်းတွေနဲ့ ချောင်းရေ စပ်စပ်ကလေးနဲ့ ညတွေမှာ ဆည်းဆာနေရောင် အောက်မှာတော့ တော်တော် သာယာတဲ့ နေရာကလေးပါ၊ အဲဒီ ချောင်းစပ်ကလေးမှာ ကျွန်မယောက်ျားနဲ့ သူ့ကောင်မလေးနဲ့ ညညမှာ ချိန်းတွေ့ကြတယ် ဆိုတဲ့ သတင်းက ကျွန်မနားကို ရောက်လာတယ်၊ သူ့ကိုရန်တွေ့ပြီး စွပ်စွဲမေးမြန်းတော့ သူက ရယ်လိုက်တာ၊ ကိုယ့်ယောက်ျားကိုယ် ဒီလောက်မှ အကဲမခတ်တတ်ဘူးလား၊ ကိုယ့်ယောက်ျား ဒီလိုလူစားမျိုး ဟုတ်မဟုတ် ဝေ အသိဆုံး ဖြစ်မှာပေါ့တဲ့၊ သူပြောတော့ ကျွန်မ သူ့ကိုတောင် အားနာသွားရတယ်၊ တကယ်လဲ သူဟာ အိမ်ကို ညကိုးနာရီအရောက် အမြဲပြန်တဲ့လူ၊ ကျွန်မထက်လဲ အရင်အိပ်ပျော်တဲ့လူ၊ မနာလိုတဲ့ လူတွေက တမင် နာမည်ဖျက်တာလို့ ကျွန်မ ယူဆရတော့တာ ပေါ့လေ၊ ဒါပေမယ့် ကျွန်မ သတိရှိပါတယ်၊ ကျွန်မ ည ည တစ်ရေးနိုးရင် သူ့ကို စမ်းသပ် ကြည့်ရတယ်၊ ကျွန်မ ဘေးနားမှာ သူရှိနေတဲ့အခါ ကျွန်မဘာသာ မလုံမလဲ ပြုံးမိပြီး ပြန်အိပ်ပျော်သွားတာပေါ့။ ဒါပေမယ့် တစ်ညမှာတော့ သံသယက တော်တော် ခိုင်လုံသွားရတယ် ဒေါက်တာရဲ့၊ ကျွန်မ တစ်ရေးနိုးလို့ သူ့ကို စမ်းကြည့်တော့ သူ့ကို မတွေ့ဘူး၊ အိမ်သာ သွားတက်နေတာ ဖြစ်နေမလား ဆိုပြီး ကျွန်မ ခဏ စောင့်နေတယ်၊ သူမလာဘူး၊ နာရီပြန် နှစ်ချက်လောက် ရှိပြီ၊ ဒါနဲ့ ကျွန်မ တစ်အိမ်လုံး တစ်ခန်းဝင် တစ်ခန်းထွက် လိုက်ရှာတယ်၊ သူ့ကို မတွေ့ဘူး၊ အောက်ထပ် အခန်းတွေ လိုက်ရှာ မီးတွေဖွင့်တော့ အမေ နိုးသွားတယ်၊ အမေ မေးတော့ ကျွန်မ အမှန်အတိုင်းပဲ ပြောလိုက်တယ်၊ အမေက ပြန်အိပ်ခိုင်းတယ်၊ ဘယ့်နှယ်လုပ်ပြီး ကျွန်မ အိပ်နိုင်ပါ့မလဲ ... မဟုတ်ဘူးလား၊ လကလဲ လပြည့်လ ဆိုတော့ တစ်လောကလုံး လရောင်နဲ့ လင်းနေတာ၊ ကျွန်မ ကြောက်စိတ်လဲ မရှိဘူး၊ ခြံဝန်းတစ်လျှောက် သူ့ကို လိုက်ရှာမိတယ်၊ ဘာဖြစ်လို့မှန်း မသိဘူး၊ သူခြံဝန်းထဲမှာ ရှိမနေနိုင်ဘူးလို့တော့ ထင်သား၊ ဒါနဲ့ ကျွန်မ လမ်းဘက် ထွက်ရှာမယ် လုပ်တော့ အမေက ဆွဲထားတယ်၊ ကျွန်မက ခေါင်းမာတယ်လေ၊ ဒီည ဒီအကြောင်းကို သိရမှဖြစ်မယ်၊ အမေ မလိုက်ချင်နေ ကျွန်မ သွားရှာမယ် ဆိုတော့မှ အမေက ကျွန်မနဲ့ လိုက်လာတယ်၊ ကျွန်မတို့ လမ်းတစ်လျှောက်မှာ သက်ရှိဆိုလို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ရဘူး၊ ဒါပေမယ့် ကျွန်မ မကြောက်ဘူး၊ စိုးရိမ်ပူပန်စိတ်နဲ့ နာကြည်းတဲ့ ဒေါသ ပေါင်းစပ်ပြီး ကျွန်မ တစ်ကိုယ်လုံးကို လောင်နေတာလေ၊ နောက်တော့ သိပ်မကြာခင်မှာပဲ ချောင်းစပ်ကို ကျွန်မတို့ ရောက်သွားရော၊ လရောင် ဖွေးနေတဲ့ သောင်ပြင်အစပ်ဆီကို လှမ်းကြည့်လိုက်တဲ့အခါ ကျွန်မတစ်ကိုယ်လုံး ပျော့ခွေသွားတော့တာပါပဲ၊ လရောင်အောက်မှာ လူနှစ်ယောက်မှန်း သိသာတဲ့ အရိပ်သဏ္ဌာန်နှစ်ခု တစ်ခုနဲ့တစ်ခု ပူးကပ်နေတယ်၊ တစ်ခုက မြင့်မြင့်၊ တစ်ခုက နိမ့်နိမ့်၊ သူတို့ လှုပ်ရှားမှုတွေကို မသဲမကွဲ မြင်နေရပေမယ့် ဘယ်သူတွေလဲ ဆိုတာ ကျွန်မ မသိဘူး၊ ဒါပေမယ့် ရှေ့လဲ မတိုးရဲဘူး၊ ရှေ့တိုးလို့ တစ်ခုခုကို အတိအကျ လက်ခံသွားရမှာကိုလဲ ကျွန်မ ကြောက်နေတယ်၊ တစ်ယောက်က ဝတ်ထားတဲ့ အရောင်ဟာ စိမ်းမလို ပြာမလိုလို၊ ကျွန်မယောက်ျားကလည်း အစိမ်းနုရောင် အင်္ကျီ ဝတ်ထားတယ် ဆိုတာ ကျွန်မ သတိရသွားတယ်၊ ကျွန်မမှာ ကြည့်ရင်းကြည့်ရင်း တစ်ကိုယ်လုံး အေးစက်ပြီး မျက်ရည်တွေ ကျလာတော့တာပဲ၊ အမေက ကျွန်မအရိပ်အကဲ မဟန်မှန်းသိလို့ ဖက်တွဲပြီး အိမ်ပြန် ခေါ်လာတယ်။
သမီး ပြန်အိပ်၊ အဲဒီကို အမေတစ်ခေါက် သွားကြည့်ပေးမယ်၊ သမီး ဦးကြီးကို နှိုးပြီး အမေ သွားကြည့်မယ် တဲ့။
ဦးကြီးဆိုတာ တကယ်တော့ ကျွန်မတို့နဲ့ ဘာမှ မတော်ပါဘူး၊ ခြံစောင့်သဘောမျိုးပေါ့၊ ဂျုံစက်ထဲမှာ စောင့်အိပ်တဲ့ ဂိုဒေါင်စောင့်ဆိုလဲ ဟုတ်တယ်၊ တကယ်လဲ အဲဒီညက အမေနဲ့ ဦးကြီးနဲ့ သွားကြတယ်၊ အမေတို့ ပြန်လာတော့ အမေ့မျက်နှာကို ကျွန်မ ချက်ချင်း မကြည့်ရဲဘူး၊ အမေက ပြုံးရယ်ပြီး ကျွန်မကို နှစ်သိမ့်တယ်။
မိဝေနှယ် အစိုးရိမ် လွန်ရန်ကော၊ အဲဒီ ကောင်ကလေးက ဟိုဘက်ရပ်ကွက်က မြင်းလှည်းသမားကလေး ပါဟယ်၊ ငါတို့မှာ သူတို့ မမြင်အောင် ပုန်းလျှိုးကွယ်လျှိုး ပြန်ပြေးခဲ့ရတယ်၊ ညည်းယောက်ျား ခြံဝန်း တစ်နေရာရာမှာ ရှိချင်ရှိမှာပေါ့၊ ဒါမှမဟုတ် လသာသာနဲ့ လမ်းထွက်လျှောက်တာ ဖြစ်မှာပေါ့
အမေ့အပြုံးက တစ်မျိုးပဲလို့ ထင်ပေမယ့် ကျွန်မ ယုံလိုက်ပါတယ်၊ အဲဒီညက သူပြန်မလာမချင်း ဧည့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့တယ်၊ သိပ်မကြာခင်မှာ သူပြန်လာရော၊ သူ့ဟန်အမူအရာက ကျွန်မယောက်ျားနဲ့လဲ မတူဘူး၊ လေးလေးကန်ကန်နဲ့၊ ဘေးဘီကိုလည်း မကြည့်ဘူး၊ တံခါးပေါက် တည့်တည့်ကို ဝင်လာတယ်၊ ဧည့်ခန်းမှာ မီးလင်းနေတာ ကျွန်မ ထိုင်နေတာ အားလုံးကို သူဂရုမစိုက်ဘူး၊ သူ့မျက်နှာကလဲ မျက်နှာသေနဲ့၊ ကျွန်မကို ကျော်ပြီး လှေကားဆီ လျှောက်သွားတော့ ကျွန်မ ငိုချင်လိုက်တာ၊ ဒါနဲ့ သူ့ကိုပြေးဖက်တော့မှ သူက ဗြုန်းဆို လှည့်ကြည့်တယ်။
ဟင် ... ဝေ ... ဘာလုပ်နေတာလဲ တဲ့၊ သူ့အသံက သိပ်အိပ်ချင်မူးတူး အသံ၊ ကျွန်မ ဒေါသထွက်လွန်းလို့ သူ့တစ်ကိုယ်လုံး ထုနှက် ရိုက်ပုတ်မိတယ်၊ သူက ဘာမှ နားမလည်တဲ့ ပုံစံနဲ့ ကျွန်မကို ဆွဲဖယ်တယ်လေ။
ကောင်မလေး ဘယ်ကျန်ခဲ့လဲ ဆိုတော့ သူက မျက်နှာမပျက်ဘူး၊ ကျွန်မကို ဘာတွေ လာပြောနေပါလိမ့် ဆိုတဲ့၊ ဇဝေဇဝါ အကြည့်မျိုးနဲ့ ကြည့်လို့၊ ဘယ်က ကောင်မလေးလဲတဲ့၊ သူ့အမူအရာဟာ ဟန်ဆောင်နေတဲ့ အမူအရာ မဟုတ်ဘူး ဒေါက်တာရယ်၊ လူတစ်ယောက် အထူးသဖြင့် ကိုယ့်ယောက်ျား ဟန်ဆောင်နေတာလား တကယ့်မျက်နှာလား ဆိုတာ ကျွန်မ သိပါတယ်၊ ဒီလောက်တော့ ကျွန်မ သိပါတယ်၊ ဒါနဲ့ သူ့ကို ဘယ်သွားနေတာလဲလို့ အသံမာမာနဲ့ပဲ မေးမိတယ်၊ သူက သူ့ဟာသူ လမ်းထလျှောက်မိတာကို အမှတ်မရဘူးနဲ့ တူတယ်၊ အိမ်သာသွားတာ ဖြစ်လိမ့်မယ်တဲ့၊ သူ ကောင်းကောင်း မမှတ်မိဘူးတဲ့၊ သူ တကယ်နိုးသွားတဲ့အခါ ကျွန်မက သူ့ဘေးမှာ ရပ်ပြီး ငိုနေပြီတဲ့၊ ဖြစ်နိုင်ပါ့မလား ဒေါက်တာရယ်၊ လူတစ်ယောက်ဟာ အိပ်ရာက နိုးလို့ လမ်းလျှောက်တာတောင် သူ့ဟာသူ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား၊ အိပ်မက်မက်ရင်း လမ်းထလျှောက်တတ်တဲ့ လူတို့ဘာတို့ ကျွန်မ ကြားဖူးပါတယ်၊ ညီမဝမ်းကွဲ တစ်ယောက်တောင် အဲဒီအကျင့် ရှိသေးတယ်၊ သူကတော့ အိပ်ရာပေါ်က လိမ့်ကျတတ်တယ်၊ အခန်းထဲက ထွက်သွားတတ်တယ်၊ ဒါပေမယ့် အိမ်ထောင်ပရိဘောဂ တစ်ခုခု ဒါမှမဟုတ် နံရံ တစ်ခုခုနဲ့ တိုက်မိပြီး နိုးသွားတတ်တာပါပဲ၊ ငါးမိနစ်တောင် မကြာဘူး နိုးလာတတ်တာပဲ၊ သူ့အိပ်ရာ သူပြန်ရောက်တတ်တာပဲ၊ ကျွန်မယောက်ျား အဖြစ်က ဒါမျိုးမှ မဟုတ်ဘဲ နောက်ပြီး အိမ်ထောင်သက် ဒီလောက် ကြာခဲ့ပြီပဲ၊ သူသာ အဲဒီအကျင့်ရှိရင် ကျွန်မက အသိဆုံးလူ ဖြစ်မှာပေါ့။ ကျွန်မမှာ လက်ခံရအခက်၊ လက်မခံရ အခက်နဲ့၊ မနက်လင်းလို့ ညက ပြဿနာကို မေးကြည့်တော့ သူဘာမှ မမှတ်မိဘူးတဲ့၊ ဒီလိုနဲ့ ကျွန်မ ညညမှာ တစ်ရေးမနိုးမှာ ကြောက်လို့ သတိထား အိပ်လာရတာ အိပ်ရေးတွေလဲ ပျက်လို့၊ သူက အိပ်ရာဘေးမှာ ရှိတတ်ပြန်ရော၊ ကျွန်မ ခဏခဏ ထစမ်းကြည့်လွန်းလို့ သူနိုးလာရင် ကျွန်မကို ငေါက်တတ်သေးတယ်၊ ကျွန်မရဲ့ သံသယတွေက သူ့ကို တစ်နေ့တစ်ခြား စော်ကားနေတာတဲ့၊ ကျွန်မတို့ ခဏခဏ ရန်ဖြစ်ရတယ်၊ အထူးသဖြင့် သူပျောက်ပျောက် သွားတတ်တဲ့ ညတွေမှာပေါ့၊ လေးငါးဆယ်ရက်လောက် မပျောက်ဘဲရှိချင် ရှိတတ်တယ်၊ ပျောက်တဲ့ ညကျပြန်တော့ ပျောက်မှန်း ကျွန်မသိလို့ လိုက်ရှာဖို့ ဟန်ပြင် ခြံထဲဆင်းတော့မယ် ဆိုရင် သူပြန်ပြန် ရောက်လာတတ်တယ်၊ နောက်ပိုင်းတွေမှာတော့ သတိထားမိတာ တစ်ခုရှိတယ် ဒေါက်တာရဲ့၊ သူက လသာတဲ့ညတွေဆို ပျောက်ပျောက် သွားတတ်တာကိုး၊ သမန်းကျားတို့ ဘာတို့ ယုံတမ်းစကားတွေလိုမျိုး ဖြစ်နေမလားလို့ ကျွန်မ ပူပင်လွန်းလို့ အမေနဲ့ တိုင်ပင်ကြည့်တော့ အမေက အဲဒါမျိုး တကယ် မရှိပါဘူးတဲ့၊ မစိုးရိမ်ပါနဲ့တဲ့။ ကျွန်မမှာ စက်ထဲက အလုပ်သမကလေးတွေကို အကဲခတ်ရပါ များလို့ သူတို့ကရော၊ ကျွန်မယောက်ျားကပါ မကြည်မလင်တွေ ဖြစ်လာတယ်၊ ဒါပေမယ့် ဘာပြဿနာမှ မပေါ်လာဘူး၊ ဥပမာ တစ်ယောက်ယောက် ထွက်သွားတာတို့၊ ကိုယ်ဝန်ပျက်ကျတာတို့၊ ကျွန်မကလဲ ဒီလောက်ပဲ အကဲခတ်တတ်တာကိုး၊ နောက်တော့ စက်ရုံက အလုပ်သမကလေးတွေကို လစာကြိုထုတ်ပေးပြီး အလုပ်ဖြုတ်ပစ် လိုက်တယ်၊ သူတို့နဲ့ ကျွန်မယောက်ျား နီးစပ်နေမှာကို ကျွန်မ ကြောက်တယ်လေ၊ နောက်ပြီး ခြံဝင်းတံခါးသော့ကို အခန်းနံရံမှာ မချိတ်ထားတော့ဘဲ ကျွန်မ ညတိုင်း ဝှက်ထားတော့တယ်၊ ဝှက်တဲ့ နေရာကလည်း တစ်နေရာနဲ့ တစ်နေရာ မတူအောင် ထားရတာပေါ့၊ အဲဒီလောက်တော့ ကျွန်မလည်း ဥာဏ်သွားပါသေးတယ်။ ဒီလိုနဲ့ နောက်တစ်နှစ်လောက် သံသယဖြစ်လိုက် မဖြစ်လိုက်နဲ့ အခြေအနေမပျက် အမူအရာမပျက် ရှိခဲ့ရာက ကျွန်မမှာ ကိုယ်ဝန် ရှိလာတယ်၊ ကျွန်မတို့ နှစ်ယောက်စလုံး တော်တော် ကြည်နူးခဲ့ရတယ်၊ ကိုယ်ဝန်နဲ့ ပတ်သက်လို့ သူကျွန်မကို တော်တော်လေး ဂရုစိုက်ခဲ့တာကို ကျွန်မ ဝန်ခံရမှာပဲ၊ ကျွန်မ မပင်ပန်းအောင် ကျွန်မအလုပ် တော်တော်များများကို သူကူပေးခဲ့တယ်၊ ဒါ့အပြင် ကျွန်မတို့နဲ့ ဆွေမျိုးနီးစပ် မကင်းတဲ့ တစ်ယောက်ယောက်ကို ကူဖော်လောင်ဘက် ခေါ်ဖို့ အကြံပေးတယ်၊ ကျွန်မတို့ အမျိုးတွေ အနီးအနားရွာမှာ ရှိတယ်လေ၊ ဒါနဲ့ ကျွန်မ ကလေးမလေး တစ်ယောက်ကို ခေါ်လိုက်တယ်၊ ရုပ်ကတော့ မလှဘူး၊ ကျွန်မက ရုပ်လှတဲ့ မိန်းကလေးငယ်ငယ် တစ်ယောက်ကို ကျွန်မတို့အိမ်မှာ မထားရဲဘူးလေ၊ ဒါပေမယ့် ဒီကိစ္စမျိုးက ရုပ်လှတာ မလှတာနဲ့ မဆိုင်ဘူးဆိုတာ နောက်မှ သိရတယ်။ ကျွန်မမှာ ရှိသမျှ မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေ အားလုံး ပျက်စီးကုန်တဲ့ ညကို ကျွန်မကောင်းကောင်း မှတ်မိနေပါတယ် ဒေါက်တာရယ်၊ အဲဒီရက်က ကျွန်မ မီးမဖွားမီ ငါးရက် အလိုမှာပဲ၊ အဲဒီညက လပြည့်ည၊ ကျွန်မ နိုးလာတဲ့အခါ ကျွန်မတို့ အခန်းထဲမှာ ကျွန်မယောက်ျား မရှိဘူး၊ ကျွန်မရဲ့ ကိုယ်ဝန်ကို ဖိမိမှာစိုးလို့ ဆိုပြီး သူခွဲအိပ်တာ ကြာပြီလေ၊ နိုးလာတော့ အခန်းထဲကို တစ်ပိုင်းတစ်စ ကျနေတဲ့ လရောင်ကို သတိထားမိတယ်၊ တော်တော်ကို တောက်ပတဲ့ လရောင်ပဲ၊ လရောင်ကို မြင်လိုက်ရတဲ့အခါ ကျွန်မ ဗြုန်းခနဲ စိုးရိမ်သောကနဲ့ ပူပန်သွားတယ်၊ စိတ်ထဲမှာ ထင့်ခနဲ လေးသွားတယ်၊ အဲဒီလို တစ်ခါမှ မခံစားရဖူးဘူး၊ တစ်ခုခုကို ကြိုသိနေတဲ့ ခံစားမှုမျိုးပါပဲ၊ ဘယ်လိုပြောရမှာလဲ ... အဖေ မမာနေတုန်းက အဖေသေခါနီး သုံးလေးရက် အလိုမှာ ကြိုသိနေတဲ့ ကြေကွဲမှုမျိုးနဲ့ တူတယ် ဒေါက်တာ၊ ကျွန်မ တော်တော်ကို စိတ်တွေ ထိုင်းမှိုင်းသွားတာပါ၊ ဒါပေမယ့် ကျွန်မ အခန်းတစ်ခုချင်း လိုက်ရှာမိတယ်၊ မတွေ့နိုင်ဘူး ဆိုတာလဲ သိနေပါတယ်၊ တကယ်လဲ မတွေ့ပါဘူး၊ ကောင်မလေးအခန်း ကြည့်တော့လဲ ကောင်မလေးကို မတွေ့ရဘူး၊ ဒါနဲ့ပဲ ကျွန်မခြံထဲကို ဆင်းလာခဲ့တော့တယ်၊ အမေ နိုးသွားမှာ စိုးလို့ တံခါးဖွင့်တာ ပိတ်တာ ခြေလှမ်းလှမ်းတာ အားလုံး သာသာလေးပဲ လုပ်ခဲ့တယ်၊ ထူးဆန်းတာ အဲဒီအချိန်မှာ ဒေါသ မရှိဘူး၊ မမြင်အပ်တဲ့ အရာတစ်ခုကို မြင်ရမှာ စိုးရိမ်နေတဲ့ ခံစားမှုပဲ ရှိတယ်။ ဂျုံစက်ကို ကွေ့ပတ်ပြီး ခြံထောင့်ဘက်ကို လျှောက်သွားလိုက်တဲ့ အခါမှာတော့ ကာလ တော်တော်ကြာအောင် ရှိခဲ့တဲ့ သံသယတစ်ခုဟာ တကယ်ဖြစ်နေတာ တွေ့လိုက်ရတော့တာပါပဲ၊ မြတ်လေးပန်းရုံမှာ ပန်းတွေမှ ဖွေးဖွေးလှုပ်နေတာပဲ၊ ပန်းရုံဘေးက ကုန်းမြင့်ကလေးမှာတော့ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ ဘယ်သူတွေလဲဆိုတာ ကျွန်မချက်ချင်း သိလိုက်တယ်၊ အရင်တစ်ခါတုန်းက သောင်စပ်မှာလို အကွာအဝေမျိုးမှ မဟုတ်ဘဲ ဒေါက်တာရဲ့၊ သိပ်ကိုနီးတဲ့ အကွာအဝေးလေးပဲ၊ သူတို့ ခန္ဓာကိုယ်ပေါ်မှာ ဖြာကျနေတဲ့ လရောင်ကြောင့် အားလုံးကို ထင်ထင်ရှားရှားကြီး မြင်ရပါတယ်၊ ထူးဆန်းလိုက်တာ ကျွန်မမှာ ဒေါသမရှိဘူး၊ သူတို့ လှုပ်ရှားမှုတွေကို အနီးကပ် ရုပ်ရှင်ပြကွက်လိုပဲ ငေးမောကြည့်ပြီး ရပ်ကြည့်နေမိတယ်၊ ကျွန်မယောက်ျားရဲ့ ကိုယ်ခန္ဓာကို အဲဒီတစ်ခါလောက် ဘယ်တုန်းကမှ ထင်ထင်ရှားရှား ကွဲကွဲပြားပြား မမြင်ဖူးပါဘူး၊ နောက်ပြီး သူ့မျက်နှာ၊ ကျွန်မ တစ်ခါမှ ဂရုစိုက် မကြည့်ဘူးတဲ့ အဲဒီမျက်နှာထားကို ကျွန်မ ရွံ့မုန်းလိုက်တာ၊ သူတို့ ကျွန်မကို မမြင်ဘူး၊ ကျွန်မကတော့ သူတို့ကိုသာမက သူတို့ အနီးအနားမှာ မှောက်ကျနေတဲ့ ပန်းခူးတဲ့ ပလတ်စတစ်ဆန်ခါ အနီရောင်လေးကိုတောင် မြင်ရပါတယ်၊ ကောင်မလေး ပုခုံးအောက်မှာ ပိပြားနေတဲ့ ပန်းပွင့်အစုကလေးကိုတောင် မြင်ရပါသေးတယ်၊ ကျွန်မ ရင်ထဲမှာ ရောဂါတစ်ခု ကင်းစင်သွားသလို ဟာခနဲ ပေါ့ပါးသွားတယ်၊ တစ်ချိန်တည်းမှာပဲ အလွန်ရွံရှာစရာကောင်းတဲ့ လောက်ကောင်တွေကို မြင်ရသလို၊ ခွေးအန်တာ ကြောင်အန်တာကို စောင့်ကြည့်နေရသလို သန်ကောင်တွေ ရွစိရွစိဖြစ်နေတာကို မြင်ရသလို အော်ဂလီဆန်လာတယ်၊ ဒါနဲ့ပဲ အိမ်ဘက်ကို ပြန်လှည့်ခဲ့မိတော့တယ်၊ အဲဒီညက စပြီး ကျွန်မယောက်ျားကို ကျွန်မ စကားမပြောတော့ဘူး၊ ဘယ်သူ့ကိုမှ စကားမပြောတော့ဘူး၊ ဒါပေမယ့် အခန်းပြတင်းပေါက်တွေ ကိုတော့ တူနဲ့ထုပြီး ရိုက်ခွဲပစ်လိုက်တယ်၊ မှန်တွေ အစိတ်စိတ် အမြွှာမြွှာ ကြေကွဲသွားသည်အထိ စိတ်ရှည်လက်ရှည် ခွဲလိုက်တယ်၊ ကျွန်မယောက်ျားက အလွန်အပြစ်ကင်းတဲ့ မျက်နှာနဲ့ ကျွန်မကို ဆွဲဖက်ပြီး နှစ်သိမ့်တယ်၊ ဆရာဝန်ကို အိမ်ပင့်ပြီး ကျွန်မ ရုတ်တရက် စိတ်ဖောက်ပြန်သွားတဲ့ ပုံစံမျိုးနဲ့ ဆေးကုပေးတယ်၊ ကျွန်မကို အရူးတစ်ယောက်လို အနားမှာ အရိပ်တစ်ကြည့်ကြည့် စောင့်နေခဲ့တယ်လေ၊ ဘယ်လောက်များ ရယ်စရာ ကောင်းလိုက်သလဲနော် ဒေါက်တာ၊ ကျွန်မရူးသလား သူရူးသလား အသိသာကြီးပါ၊ ကျွန်မ စကားတစ်ခွန်းမှ မဟဘဲ ကိုယ်ဝန်ကြီးနဲ့ပဲ ပြတင်းပေါက်ကို သစ်သားချပ်တွေနဲ့ ကိုယ်တိုင်ပြန်ရိုက်ဖို့ ကြိုးစားတယ်၊ အမေက ကမန်းကတန်း ကျွန်မကို ချော့မော့ပြီး မေးတယ်၊
ဒီပျဉ်ချပ်တွေနဲ ပြန်ကာစေချင်သလား သမီး တဲ့၊ ကျွန်မက သဘောတူတဲ့ အမူအရာ တွေ့သွားတော့ အမေကိုယ်တိုင် လက်သမားဆရာ ခေါ် ချက်ချင်း ပြင်တော့တာပဲ၊ ပြတင်းပေါက်မှာ ဘာလရောင် ဘာအလင်းရောင်မှ ဖြတ်သန်းလို့ မရအောင် ပိတ်ဆီးနေတာကို ကြည့်ပြီးမှ ကျွန်မစိတ်ချမ်းသာသွားတယ်။ နောက်ညလဲ လသာချင် သာမှာပေါ့၊ ဒါပေမယ့် ကျွန်မမသိဘူး၊ လရောင်ကို ကျွန်မ မမြင်ရဘူးလေ၊ ဒီယောက်ျားအကြောင်း အမေနဲ့ ရပ်ကွက်လူကြီးတွေကို သက်သေပြပြီး ကျွန်မ ကွာရှင်းမယ်လို့ စိတ်ကူးပေမယ့် အကောင်အထည် မဖော်လိုက်ရဘူး၊ ကျွန်မမီးဖွားဖို့ ဝေဒနာကို စပြီး ခံစားလိုက်ရလို့ပေါ့၊ ကျွန်မ အိမ်မှာပဲ မီးဖွားဖို့ကို နဂိုက စီစဉ်တယ်၊ ဒါပေမယ့် ကလေးက တော်တော်နဲ့ အပြင်ကို ရောက်မလာဘူး၊ ကျွန်မမှာ ရှိသမျှ အင်အားတွေလဲ ကုန်ဆုံးခဲ့တာ ကြာပါပြီ၊ နောက်ဆုံးတော့ သတိလစ်လုနီးပါး အခြေအနေအထိ ရောက်သွားတယ်၊ ကျွန်မ ဆေးရုံကို ဘယ်လို ရောက်လာသလဲ မသိပါဘူး၊ ကျွန်မ ဘာဒုက္ခဝေဒနာ ကြုံခဲ့တယ် ဆိုတာလဲ ကျွန်မ မသိတော့ပါဘူး၊ ကျွန်မ အာရုံထဲမှာ ပေါ်နေတာ တစ်ခုတည်းပဲ ရှိတယ်၊ လရောင်အောက်က မြတ်လေးပန်းပွင့်တွေနဲ့ ကုန်းမြင့်ပေါ်က လူနှစ်ယောက်ပေါ့။ ... ကျွန်မ သမီးလေးဟာ အသက်ပါမလာဘူး ဒေါက်တာ၊ သမီးမျက်နှာကို ဖြတ်ခနဲ ကျွန်မ မြင်လိုက်ရပါတယ်၊ သိပ်ချစ်စရာကောင်းတဲ့ ကလေးပဲ သမီးကို ကျွန်မ ကိုင်ကြည့်ပါရစေ ဆိုတာတောင် ဆရာမတွေက ခွင့်မပေးဘူး၊ ဒါပေမယ့် ကျွန်မ သိပါတယ်၊ သမီးရဲ့ ပါးပြင်ကလေးတွေ ပြာနှမ်းနေပေမယ့် ပန်းပွင့်ချပ်ကလေးတွေလို နူးညံ့နေမယ် ဆိုတာ ကျွန်မ သိပါတယ်။ သမီးကလေးဟာ ကျွန်မ ရင်ခွင်ထဲကို ရောက်ဖို့ ကြိုးစားလျက်သားနဲ့ မရောက်လိုက်ရ ရှာဘူးလို့ ကျွန်မ ဝမ်းနည်းနေတယ်၊ ကျွန်မရဲ့ ကြေကွဲမှုတွေကြောင့် ကျွန်မဟာ ကိုယ်ကိုယ်တိုင်ကိုတောင် မေ့လျော့နေခဲ့တယ်၊ ကျွန်မ ထမင်းစား ပြီးပြီလား၊ အိပ်ပြီးပြီလား ဆိုတာ ဘာမှမသိဘူး၊ အချိန် ဘယ်လောက် ကြာအောင် ကျွန်မကိုယ်ကျွန်မ မေ့နေမိတယ် ဆိုတာလဲ ကျွန်မ မသိပါဘူး ဒေါက်တာရယ်၊ ပထမဆုံး အကြိမ် ကျွန်မ ရေချိုးခွင့်ရတဲ့နေ့ ခြံထဲဆင်း လမ်းလျှောက်ခွင့်ရတဲ့ နေ့မှာပဲ သစ်ပင်က ပိုးတွေကို သတ်တဲ့ ပိုးသတ်ဆေးဘူး တစ်ဘူး တွေ့တာနဲ့ အကုန် သောက်ပစ်လိုက်မိတာ ပါဘဲ၊ ကျွန်မ ဘာဖြစ်လို့ သေချင်တာလဲလို့ ဒေါက်တာ သိသွားပြီလား ဒေါက်တာ၊ သိရင် ကျွန်မကို ပြောပြပါဦး၊ ကျွန်မ ဘာဖြစ်လို့ သေချင်ခဲ့တာလဲ၊ သမီးကြောင့်လား၊ ကျွန်မယောက်ျား ကြောင့်လား”
အမျိုးသမီးသည် မနားမနေ တတွတ်တွတ် ပြောနေရာမှ ကျွန်မကို ဖျတ်ခနဲ မော့ကြည့်ကာ မေးခွန်း မေးလိုက်၏။ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိသောကြောင့် အနည်းငယ်ပြုံး၍ နှစ်သိမ့်လိုက်မိပါသည်။
“သေတယ်ဆိုတာ ကျွန်မတို့အလုပ် မဟုတ်ဘူး၊ သဘာဝရဲ့ အလုပ်ပဲ၊ နောက်ပြီး သေသွားလို့ ဘယ်သူ့ကိုမှ အစ်မ မနိုင်နိုင်ဘူး၊ အစ်မ အသက်ရှင်နေမှ နိုင်မှာ၊ နိုင်အောင် ကြိုးစားနိုင်မှာ”
ကျွန်မ တတ်သလောက် မှတ်သလောက် အားပေးလိုက်တော့ အမျိုးသမီးက တောက်ပသော မျက်လုံးများဖြင့် ကျွန်မကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ အမျိုးသမီး၏ မျက်လုံးများမှာ စိတ်ဖောက်ပြန်သူ၏ မျက်လုံး မဟုတ်တာ သေချာပါသည်။
“ကျွန်မ ဆေးရုံပေါ်မှာ သတိရရချင်း ကျွန်မကိုယ်ကျွန်မ ဘာဖြစ်သွားတယ် ဆိုတာ သိလိုက်ရင် သိလိုက်ချင်း ပထမဦးဆုံး ခံစားချက်ကတော့ အတိုင်းအဆမရှိ ဝမ်းသာသွားတဲ့ ခံစားချက်ပါပဲ၊ ကျွန်မ မသေဘူးလို့ သိလိုက်ရတဲ့အခါ ကျွန်မ ဆေးရုံက ဆရာဝန်တွေ အားလုံးကို ကျေးဇူးတင်သွားတယ်၊ နောက် ကျွန်မကို ဆေးရုံပို့ပေးတဲ့ အမေ့ကိုရောပေါ့၊ ကျွန်မသေလို့မှ မဖြစ်ဘဲ ဒေါက်တာရယ်၊ ကျွန်မယောက်ျားနဲ့ ကျွန်မ မကွာရှင်းရသေးသမျှ ကျွန်မသေလို့ မဖြစ်သေးဘူး၊ ကျွန်မရဲ့ စည်းစိမ်ချမ်းသာ ပေါ်မှာ သူဆက်လက် ခံစားနေမှာကို ကျွန်မ မမြင်နိုင်ဘူး၊ ဒီအကြောင်းကို ဘာဖြစ်လို့ ကျွန်မ မတွေးမိခဲ့သလဲ ကျွန်မ တော်တော်တုံးတဲ့ မိန်းမပဲ၊ ကျွန်မနားမှာ သမီး မရှိပေမယ့် အမေ ရှိတယ်လေ၊ တော်ပြီပေါ့ ... ဘာများ လိုဦးမှာလဲ။ ဒါပေမယ့် ကျွန်မ အာရုံထဲမှာ အမြဲလွှမ်းမိုးနေတဲ့ မြင်ကွင်း တစ်ခုတော့ ရှိတယ် ဒေါက်တာ၊ အဲဒီမြင်ကွင်း ပျောက်သွားအောင် ကျွန်မကို ကုပေးပါ၊ လရောင်အောက်က ပြာလဲ့နေတဲ့ ကုန်းမြင့်လွင်ပြင်လေး ပေါ်က ပူးကပ်နေတဲ့ ကိုယ်ခန္ဓာနှစ်ခုကို ကျွန်မ ဘယ်လိုမှ မဖျောက်နိုင်ဘူး ဖြစ်နေတယ်၊ အဲဒီ လရောင်အောက်က ကျွန်မ မြင်လိုက်ရတဲ့ ကျွန်မယောက်ျားရဲ့ မျက်နှာဟန်ပန်ကို ကျွန်မ အမြဲသတိရနေတယ်၊ မသတီစရာ တစ်ခုခုကို အော်ဂလီဆန်ဆန် သတိရနေတဲ့ ခံစားချက်မျိုးပါ၊ တစ်ချိန်တည်းမှာပဲ အဲဒီ ကိုယ်ခန္ဓာနှစ်ခုတည်းက တစ်ခုဟာ ကျွန်မ ဖြစ်ဖြစ်သွားတယ်၊ အဲဒီအခါမှာ ကျွန်မ သိပ်မုန်းတာပဲ ဒေါက်တာ၊ ကျွန်မ မှားခဲ့တယ်၊ သိပ်ကို မှားခဲ့ပါတယ်၊ အဲဒီညက မြတ်လေးပန်း သွားခူးခဲ့မိတာကိုက ကျွန်မ အမှားပါ၊ အဲဒီတုန်းကသာ ကျွန်မ ပန်းမခူးမိခဲ့ရင် ဒီလို အဖြစ်အပျက်တွေ ဆက်တိုက် ဖြစ်လာမှာ မဟုတ်ဘူး၊ နောက်ပြီး ကျွန်မ ပန်းခူးတဲ့ညမှာ လသာမနေခဲ့ရင်လဲ ဒီအဖြစ်အပျက်တွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မထင်တယ်။ ...အခုတော့ ကျွန်မ လရောင်ကိုလဲ မမြင်ချင်ပါဘူး၊ လရောင်ကို ကျွန်မ ကြာကြာမြင်ရရင် ရူးမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမှာ လရောင်က တရားခံ ဖြစ်နေလို့ပဲ”
အမျိုးသမီး၏ မျက်နှာကို ကျွန်မ ငေးမောကြည့်မိသည်။ ကျွန်မ ခေါင်းယမ်းလိုက်ချင်သည်။ သို့သော် ကျွန်မ ငြိမ်သက်စွာ နေခဲ့ပါသည်။
လူတစ်ယောက်၏ ဖောက်ပြန်မှုသည် လရောင်နှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း သူမ သိလာလိမ့်မည်။ သို့သော် ထိုကဲ့သို့ သိခွင့် ရသွားမှာကိုလည်း ကျွန်မ စိုးရိမ်မိပါသည်။
“တကယ်တမ်းကျတော့ ဒေါက်တာရေ၊ ဒေါက်တာတို့ ဆေးကုပေးရမှာက ကျွန်မ မဟုတ်ဘူး၊ လသာတဲ့ညတိုင်း ဖောက်ပြန်တတ်တဲ့ ကျွန်မယောက်ျားကိုသာ ဆေးကုပေးရမှာပါ၊ ဒေါက်တာတို့ ကုပေးလို့ ရမယ် မဟုတ်ဘူးလား”
သူမမျက်ဝန်းများ ငြိမ်သက်နေပါသည်။ ရူးသွပ်မှုမျိုး မတွေ့ရပါ။ သူမ တကယ်ပင် အကြံဥာဏ် တောင်းနေခြင်း ဖြစ်ပါသည်။ သူမ၏ ယောက်ျားကို သူမ မုန်းတီးစက်ဆုတ်သည် ဆိုခြင်းမှာ တကယ်မှ ဟုတ်ရဲ့လားဟု ကျွန်မ သံသယ ဖြစ်မိသည်။ သို့သော် ထိုသံသယ မှန်မမှန်ကိုတော့ ကျွန်မ သိခွင့်မရလိုက်ပါ။ သူမကို ကျွန်မ နောက်တစ်ကြိမ် ပြန်မတွေ့ ရတော့သောကြောင့် ဖြစ်သည်။
ထိုနေ့ညက ဆေးရုံအထွက်တွင် သူမအား ကြင်နာစွာ ဖေးမ ခေါ်ဆောင်သွားသော သူမ၏ ခင်ပွန်းကို သူမ ကြည့်လိုက်သော မျက်လုံးများကိုတော့ ကျွန်မ မကြာခဏ သတိရနေမိသည်။ ထိုမျက်လုံးများသည် လှောင်အိမ်တစ်ခုကို ကြည့်သော သားကောင်၏ မျက်လုံးမျိုး ဖြစ်သည်။
---
#ဂျူး
#လရောင်ကြောက်သူ
#shared_by_louis_augustine


Comments
Post a Comment