သမိုင်းလှလွန်းသည့် စာတပိုဒ် // တက္ကသိုလ်ဘုန်းနိုင်

သမိုင်းလှလွန်းသည့် စာတပိုဒ် // တက္ကသိုလ်ဘုန်းနိုင်

(တက္ကသိုလ်ဘုန်းနိုင်၏ အမြင့်သို့ အာရုံညွန့်တက်ခြင်း(သို့မဟုတ်)ကဗျာ၊ မှ)

---

(၁)

ဦးပေါ်ဦးကို မြန်မာ့သမိုင်း၌ အလွန်ထင်ရှားသော ပညာရှိအမတ်ကြီးအဖြစ် မြန်မာတိုင်းလိုလို သိကြသည်။ ကဗျာစာဆိုကြီးအဖြစ် သိသူကား နည်းပါးသည်။ သိသူများပင်လျှင် ဦးပေါ်ဦး၏စာကို နှုတ်တက်ရွရွ ရွတ်ဆိုပြပါဟု ဆိုလျှင် နဝဒေးတို့၊ နတ်သျှင်နောင်တို့၊ လက်ဝဲသုန္ဒရတို့၏ စာတွေကို ရွတ်ဆို ပြနိုင်သကဲ့သို့ လွယ်လွယ်ကူကူ ရွတ်ဆိုမပြ နိုင်ကြ။

ဦးပေါ်ဦး၏စာက ရိုမင်းတစ် စာမျိုးမဟုတ်။ ခံစားမှုမပါမဟုတ် ပါသော်လည်း လက်ဝဲသုန္ဒရ၏ ခံစားမှုမျိုးပင်မဟုတ်။ သူ့စာက ပုဂ္ဂလိက အဇ္ဈတ္တ ခံစားမှုကို ဖော်သည့် လိုင်းရစ် ကဗျာမျိုး မဟုတ်သောကြာင့် သာမန်လူတို့အတွက် ရင်ခုန်ဖွယ် မတွေ့။ သည်တော့... အသည်းမစွဲ။

၁၉၇၉ ခုနှစ်မှစကာ စာဆိုတော် ဟောပြောပွဲများတွင် ‘သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်’ ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော် ဟောပြောခဲ့သည်။

၀ါသနာဆိုသော စကားကိုလည်း လူအများက ပေါ့ပေါ့ဆဆ နားလည်ထားကြသည်။ အရှင်မဟာရဋ္ဌသာရ ဆိုလိုသည့် နက်နဲသော အဓိပ္ပါယ်ကို မသိကြ။

ပါဠိပညာရှင်ကြီး ချီး(လ်)ဒါး(စ်) (Childers) က ဝါသနာကို - 

Vasana - Impression remaining on the mind from past good or evil actions and producing pleasure or pain. 

၀ါသနာဟူသည် (ပစ္စုပ္ပန်ဘ၀) စိတ်၌ အတိတ်ဘ၀မှ ကုသိုလ်၊ အကုသိုလ်ကံတို့၏ အာနိသင်ကြောင့် ရှိနေသော အကျိုးတရားဖြစ်သည်။ သုခဝေဒနာကိုလည်းကောင်း၊ ဒုက္ခဝေဒနာကိုလည်းကောင်း ပေါ်စေတတ်သည် - ဟု အဓိပ္ပါယ် ဖွင့်ဆိုသည်။

စာဆိုတို့၌ ဤသို့လျှင် လေးနက်သော ဝါသနာမျိုး ရှိကြသည်။

မြင့်မြတ်ကြီးကျယ်သော စာဆိုကြီးများ၌ မြင့်မြတ်ကြီးကျယ်သော ဝါသနာ ရှိကြသည်။ အမှန်တရားကို တွေ့လျှင် သုခဝေဒနာ ပေါ်ပြီး၊ အမှားကို တွေ့လျှင် ဒုက္ခဝေဒနာပေါ်ကာ... ချီးမွမ်းသင့်သည်ကို ချီးမွမ်း၍ ကဲ့ရဲ့သင့်သည်ကို ကဲရဲ့လျက် စာရေးဖွဲ့တတ်ကြသည်။
 
ဤဝါသနာသဘောကား အလွန်တွန်းအားကြီးသည်။ ကိုယ်ကျိုးကိုပင် စွန့်လွှတ်ရဲစေတတ်သည်။

ဤကဲ့သို့ စာဆိုကြီးများ၏ ဝါသနာအကြောင်း ဟောပြောတိုင်း ဦးပေါ်ဦး၏ အဖြစ်နှင့် သူ့စာနှစ်ပိုဒ်ကို ရွတ်ပြလျက် ကျွန်တော် ဟောပြောလေ့ရှိပါသည်။

စာတပိုဒ်က သူ့ ရတု၏ အစပိုဒ်မှ အဖွင့်စကား။

“တင့်တိုးကျက်သရေ၊ မြင့်ဖြိုးဝေသား၊ စက်နေပမာ၊ ချက်မြေချာ၀ယ်၊ တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့်၊ ပျံ့လူးဥက္ကာ၊ ကဲ့ပမာသို့...”

ဤအပိုဒ်က ‘အကျိုး’ ကို ရည်ညွှန်းသည်။
နောက်တပိုဒ်က... သူ့ရတု၏ အဆုံးပိုဒ်မှ နိဂုံးကောက်ချက်စကား။

“ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေသား၊ မိုးမြေတုတ်ခွန်၊ ယုတ်မလွန်အောင်၊ အမွန်ရှည်ကြာ၊ တည်စိမ့်ငှာဟု”

ဤအပိုဒ်က ‘အကြောင်း’ ကို ပြသည်။
အမျိုးဘာသာ သာသနာနှင့် မြန်မာ့လူ့ဘောင်အကျိုး ချစ်မြတ်နှိုးသည့် မေတ္တာ၊ စေတနာ၊ ဝါသနာ တို့မှ ပေါက်ဖွား ပေါ်ထွန်းလာသည့် ကဗျာ။

(၂)

ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတို့သည် အဆင့်မြင့်သော ယဉ်ကျေးမှုဖြင့် အချုပ်အခြာ အာဏာပိုင်စိုး ၍ ကမ္ဘာပေါ်တွင် နေလာခဲ့ကြသည်မှာ ကြာခဲ့ပြီ။ ကျွန်တော်တို့၏ ယဉ်ကျေးမှုသက်သည် ယနေ့ ဥရောပသားအများ၏ ယဉ်ကျေးမှုသက်ထက် ပိုကြီးသည်။

ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် အမျိုးသားသွင်ပြင်လက္ခဏာ၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကျငှန်းဟု ခေါ်သော အချုပ်အခြာ အာဏာပိုင်မှုတို့ဖြင့် နှစ်ပေါင်းထောင်ကျော် ကမ္ဘာမြေပေါ်၌ ရပ်တည်နိုင်ခဲ့ကြသည်မှာ အကြောင်းမဲ့မဟုတ်။ အကျိုးမှန်သမျှ၌ အကြောင်းရှိသည်သာတည်း။

ဂျီအိုပေါ်လစ်တစ် (Geopolitic) ခေါ် ပထဝီနိုင်ငံရေးပညာအရဆိုလျှင် အင်္ဂလိပ်လို စတိတ်(State) ခေါမလို ပေါ်လီတီးယား(Politeir) ၊ မြန်မာလို နိုင်ငံဟုခေါ်သော လူ့အဖွဲ့အစည်း အမြင့်စားတခု ပေါ်ပေါက်လာရန် ပထဝီဒေသတခုအတွင်း အတူနေကြသူ လူတို့အားလုံး၏ စိတ်အတွင်း၌ စတိတ်အိုင်ဒီယာ (State idea) ဟုခေါ်သည့် နိုင်ငံသဘော ပေါ်လာရသည်။ နိုင်ငံသဘော ဆိုသည်မှာလည်း လူ၏ အသိဥာဏ်တမျိုး ဖြစ်လေသည်။ အားလုံးအကျိုးအတွက် အားလုံးစောင့်ရှောက် လိုက်နာကြရမည့် စည်းကမ်းစနစ် လိုအပ်သည်ဟု နားလည်လာသော အသိဥာဏ်ဖြစ်သည်။ ထိုအသိဥာဏ်သည်လည်း လူတို့၏ တူညီသော ရည်ရွယ်ချက်များကို သဘောတူ ဖော်ပြခြင်း (statement of purpose) မှ ထင်ရှား ပေါ်လာရသည်။

စည်းကမ်းစနစ်များ ချမှတ်ခြင်း၊ ထိုချမှတ်ထားသော စည်းကမ်းစနစ်များကို အကောင်အထည်ဖော်ရန်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် ထက်မြက်သောအဖွဲ့အစည်း၊ ထိရောက်သော စီမံခန့်ခွဲမှု စသည်တို့ တည်ထောင်ခြင်းသည် နိုင်ငံတခု၏ ရည်ရွယ်ချက်များပင် ဖြစ်လေသည်။ ထိုရည်ရွယ်ချက်များကိုပင် အင်္ဂလိပ်လို ဗိုင်းအေးဗလစ်တီအော့(ဖ်)စတိတ် (viability of state) ဟု ခေါ်သည်။ မြန်မာလိုတော့ ... နိုင်ငံ၏ အမြစ်ခိုင်ရှင်သန်ကြီးပွါးခြင်း၏ အကြောင်းခံတရား ဟု ခေါ်သည်။

ရှေးပဝေသဏီတည်းက မြန်မာတို့၌ နိုင်ငံသဘောခေါ် အသိဥာဏ်ရှိသည်။ နိုင်ငံ၏ အမြစ်ခိုင်ရှင်သန်ကြီး ပွါးခြင်း၏ အကြောင်းခံတရားတွေ ရှိပြီး ... ထိုအကြောင်းခံတရားတွေကို ကောင်းစွာ စောင့်ရှောက်သည်။

ဦးပေါ်ဦး၏ စာသည် ထိုသို့သော အကြောင်းခံတရားတွေကို ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက်နေ သည်။

(၃)

ဘိုးတော်မင်းတြားကား မြန်မာ့သမိုင်းမှ မင်းကောင်းမင်းမြတ်တပါး ဖြစ်လေသည်။
သို့ရာတွင်... ပုထုဇဉ်ဖြစ်သောကြောင့် မှားနိုင်သည်။ တခါတွင် ဘိုးတော် မင်းတြားသည် ‘ပညာရှိ သတိဖြစ်ခဲ’ အမိန့်တခု ချမှတ်ခဲ့လေသည်။

မြစ်တော်လေး ညောင်ရမ်းမင်းအတွက် မြဧယဉ်ပြုလုပ်ရန် သဿမေဓဆိုင်ရာမှ ငွေတော် ရှစ်သိန်း ရွှေတိုက်မှ ထုတ်ယူစေဟု မင်းကြီးတို့အား အမိန့်တော် ထုတ်ပြန်သည်။ ဤသည်ကို အမတ်ကြီး ဦးပေါ်ဦး ကြားသောအခါ -

“မင်းကြီးများ၏ ရှင်ဘုရင်သည် ရှင်ဘုရင်ပါးမဝသေးပါဘူး”

ဟု ဆိုလေသည်။

(မြန်မာစာညွန့်ပေါင်းကျမ်း။ စတုတ္ထတွဲ။ စာမျက်နှာ ၂၂၉)

ဘိုးတော်မင်းတြား မျက်တော်မူသောကြောင့် ရာထူးအဆောင်အယောင်တို့ကို နှုတ်ပြီး ဦးပေါ်ဦးအား သိန္နီမြို့နယ်သို့ အကျဉ်းနှင့် ပို့စေသည်။

အမှန်ကား... ဦးပေါ်ဦးပြောပုံမှာ နင့်သီးလွန်းသောကြောင့် ရုတ်တရက်သော် မင်းတြားကြီးကို အပြစ်မဆိုသာ။ လောက၀တ်၊ ရာဇ၀တ်၊ ဓမ္မ၀တ်ဟူ၍ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ ရှိသည်။ ဤသည်တို့ကို ဦးပေါ်ဦး သိသည်။ သိလျက်နှင့် ဘာကြောင့် နင့်နင့်သီးသီး ဆိုခဲ့သနည်း။

ငယ်ကျွန်ယုံဖြစ်သောကြောင့် သခင့်အပေါ် ဂရုဏာဒေါသောနှင့် ပြောမိဟန်လည်း တူသည်။ ထို့ထက်... သမိုင်းရှေ့ရေးတွေးမျှော်ပြီး ‘လေးနက်ရန် သွေးထွက်ခံပြီး’ ပြောသည်ဟု ယူဆရသည်။

နင့်သီးသော်လည်း ဦးပေါ်ဦး၏ စကား၌ ပညာပါနေသည်။ နှုတ်မထိန်းနိုင်၍ လွှတ်ခနဲ ထွက်သောစကားမျိုး မဟုတ်။
ရှင်ဘုရင်ဆိုသည်မှာ... ဘာနည်း။ ရှင်ဘုရင်ပါး၀သည် ဆိုသည်မှာ ဘာနည်း။ ကဗျာသတ္တိ အနက် ကိန်း၀င်နေသော စကားဖြစ်လေသည်။ နောင်လာနောက်သားတို့ စကားတလုံး တင်ကျန်ရစ်အောင် ပြောခြင်းလည်း ဖြစ်နိုင်သည်။

သိန္နီရောက်မှ ဦးပေါ်ဦးသည် ရတု ၆ ပိုဒ်ရေးပြီး ဘုရင့်ထံပို့၍ သူ့စေတနာကို ရှင်းပြသည်။
သူ့စေတနာကို မရှင်းပြမီ... ရှေးအစဉ်အလာကို လိမ္မာပါးနပ်စွာ ဖော်ပြသည်။

“... ညဉ့်ရောင်ဆည်းစျာ၊ နေ့ညီလာ၌၊ ရွှေဗျာလှစ်ကြူ၊ မိန့်တော်မူလျက်၊ ယူလျှင်ယူသင့်၊ မယူသင့်ဖြင့်၊ ရှင်ပင့်မေးတော်၊ အရေးပေါ်လျှင်၊ တွေးမြှော်မဆိုင်း၊ ဥာဏ်ချင့်နှိုင်း၍၊ ဟုတ်တိုင်းထင်ထင်၊ တင်လျှောက်အင်ကို၊ နေ့စဉ်မသွေ၊ မှတ်ရချေ၍...”

ဘုရင်သည် ကိစ္စပြဿနာများ၌ အတ္တနောမတိ မလုပ်တတ်။ သင့်၏ မသင့်၏ မှန်၏ မမှန်၏ကို ညညီလာ၊ နေ့ညီလာများ၌ မှူးမတ်များနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတတ်သည်။ ဦးပေါ်ဦးကဲ့သို့ တာ၀န်သိသော မှူးမတ်များကလည်း တွေးခေါ်စဉ်းစားပြီး ဟုတ်တိုင်းမှန်ရာ ဖြောင့်ဖြောင့်တင်ကြသည်။
လောကဓမ္မတာ နန်းတွင်း၌ ဖြစ်တတ်ကြသည့် သဘာ၀ကိုလည်း -

“သံကျူးသံသာ၊ သံချိုဝါနှင့်၊ သာယာသမှု၊ နန်းရတုကို၊ နန်းမှုကုန်အောင်၊ နန်းဘုံဆောင်၌၊ နန်းယောင်မတ်များ၊ သိနိုးနာနှင့်၊ စကားပြေစွာ၊ မရေရာပင်...” ဟု ဝေဖန်ပြသည်။

ဘုရင့်အကြိုက် နောကျေအောင်လေ့လာပြီး အပြောကောင်း အပြောလှတွေနှင့် လိမ်ညာစားနေသူ မှူးမတ်များလည်း ရှိကြသည်။ သူတို့သည် တကယ်တမ်း ဘာမျှ ဟုတ်ဟုတ်ပတ်ပတ် မသိကြ။ အကြိုက်လိုက်ပြောတတ်ကြသည်သာ ဖြစ်သည်။
မိမိကတော့ ထိုသူမျိုးတွေထဲ မပါ။ မိမိစကားသည်... နင့်သီးကောင်း နင့်သီးမည်ဖြစ်သော်လည်း... မိမိ၏ စေတနာကား -

“ကျင့်မျိုးခက်ဝေ၊ မြင့်တိုးစေ” ရန်ဖြစ်သည်။

သူ့စာမှ ‘ဥာဏ်ခလုပ်ကို နှိပ်ပြသော’ စကားနှစ်လုံးကား...
‘ကျင့်မျိုး’ နှင့် ‘မြင့်တိုး’ ဟူသော စကားနှစ်လုံး ဖြစ်လေသည်။

ကျင့်မျိုးဆိုသည်မှာ... အကျင့်ကောင်း အကျင့်မြတ်မျိုးတွေ ဖြစ်လေသည်။ ထုံးစံကောင်း ထုံးစံမြတ်၊ စည်းကမ်းကောင်း စည်းကမ်းမြတ်တွေကား... ကျင့်မျိုးတွေ ဖြစ်လေသည်။ သစ်ပင်ကြီး တပင်၌ အကိုင်းအခက် အရွက်တွေ ဝေဖြာနေမှ ရှင်သန်ပွါးစည်နေသော သစ်ပင်ဟု ခေါ်ရသည်။ နိုင်ငံတခုတွင်လည်း အကျင့်မြတ် အကျင့်ကောင်းတွေသည် ဝေဖြာနေရမည်။ ဦးပေါ်ဦးက (viability of state) ခေါ် နိုင်ငံ၏ အမြစ်ခိုင် ရှင်သန်ကြီးပွါးခြင်း၏ အကြောင်းခံတရားကို မြန်မာလို ပြောခြင်းဖြစ်သည်။ ‘မြင့်တိုးစေ’ ဟူသောစကားက အနာဂတ်ကို ညွှန်သည်။ ကျင့်မျိုးတွေသည် ပစ္စုပ္ပန်တွင်မက အနာဂတ်အဆင့်ထိ ဆင့်ပွါးတိုးတက် မြင့်မားသွားရမည်။ သို့မှသာ... ရှေးစကားနှင့် ဆိုလျှင် သားတော်စဉ် မြေးတော်ဆက် ထီးသက်နန်းသက် ရှည်မည်။ ယခု ခေတ်စကားနှင့်ဆိုလျှင် နိုင်ငံတော် တည်တံ့ခိုင်မြဲ ကြီးပွါးမည်။ ဘုရင်နှင့် မှူးမတ်များတွင် ဤပစ္စုပ္ပန်တာ၀န်နှင့် အနာဂတ်တာ၀န်တွေ ရှိသည်။ ရှေ့ဆောင်နွားလား ဖြောင့်သွားရမည်။ မသွားသော် နောက်နွားတွေ လမ်းကြောင်းကောက်၍ လမ်းပျောက်သွားနိုင်သည်။

ယခု ဘိုးတော်မင်းတြားသည် ‘သတိမမူသဖြင့်၊ ဂူမမြင် ဖြစ်ခဲ့ရသည်’ ၊ အနီးရှိ မှူးမတ်များကလည်း ‘ဥာဏ်ချင့်ချိန်၍၊ ဟုတ်တိုင်းထင်ထင်’ မတင်လျှောက်ကြ။ မှူးမတ်တွေ တာ၀န်ပျက်လေသည်။

ယခု မြဧယဉ်အတွက် ငွေတော် ရှစ်သိန်းကိစ္စမှာ နိုင်ငံတော် အရေးမဟုတ်။ ဘုရင်၏ ကိုယ်ရေးကိုယ်တာအရေး ဖြစ်လေသည်။
ဤကိစ္စမျိုးတွေနှင့် ပတ်သက်သည့် စည်းကမ်းဘောင် စည်းကမ်းမြတ်တွေကို -

“ကမ္ဘာဦးနတ်၊ သူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား...” - အစချီလျက် ဦးပေါ်ဦးက လျှောက်လဲ လေတော့သည်။

ကမ္ဘာဦးနတ်ဆိုသည်မှာ ကမ္ဘာဦးက ဘုရားအလောင်းတော် မဟာသမ္မတ မင်းကြီး ဖြစ်လေသည်။ လူအပေါင်းနှင့် နောက်မင်းအားလုံး၏ ဥက္ကဋ္ဌကြီး ဖြစ်လေသည်။ ထိုမင်းမြတ်ကြီးက မည်သို့ စည်းကမ်းသတ်မှတ်ခဲ့ ပါသနည်း။

“ကမ္ဘာဦးနတ်၊ သူ့ဥက္ကဌ်တို့၊ ပညတ်တော်မှန်၊ ဝေဖန်ဟန်ကား၊ လေးတန်ဓမ္မ၊ သင်္ဂဟတွင်၊ သဿမေဓေါ်၊ ခွန်သီးတော်မူ၊ စစ်သူရိက္ခာ၊ ဖြစ်စေရာ၏။”

သဿမေဓမှ... သဿ ဟူသောစကားက ကောက်၊ ကောက်စပါးဟု အဓိပ္ပါယ်ရှိသည်။ ကိုယ်ပိုင်လယ်ယာလုပ်သူ ပြည်သူတွေထံမှ ကောက်ယူခွင့်ရှိသော အခွန်ငွေဖြစ်လေသည်။ ရှေးခေတ်ကဆိုလျှင် ထိုအခွန်မျိုးကား... နိုင်ငံတော်၏ အများဆုံး၀င်ငွေ ဖြစ်လေသည်။ ထိုငွေတွေကို ဘုရင့်ကိုယ်ရေးအတွက် သော်လည်းကောင်း၊ အခြား ဘာရေးအတွက် သော်လည်းကောင်း မသုံးရ။ ထိုငွေတွေကို စစ်သူရိက္ခာ အတွက်သာ သုံးရမည်။
 
ယခုခေတ်စကားနှင့် ဆိုလျှင်... ကာကွယ်ရေးအသုံးစရိတ်၊ အလွန်အရေးကြီးသမျှ၊ စည်းကမ်းကြီးလှသော အသုံးစရိတ်၊ နိုင်ငံ့အတွက် သေရေးရှင်ရေး ဘဏ္ဍာတော်။
ဘုရင့် ကိုယ်ရေးကိုယ်တာအတွက် လုံး၀သုံးခွင့်မရှိသော အခွန်တော်ငွေတွေကိုလည်း ဦးပေါ်ဦးက ရေတွက်ပြသည်။

မြို့ပေါ်ရှိ အိမ်များ၊ စျေးများ၊ ကုန်သွယ်မှုများ၊ သူကြွယ်သူဌေးများထံမှ ကောက်ခံရသော အခွန်ကို အသည်၀န်သို့ အပ်ရသည်။ သူက “လမ်းရေးသာယာ၊ မြို့တန်ဆာဖြင့်၊ ပြင်ရာနေရာချွန်” တို့အတွက် သုံးရသည်။ စည်ပင်သာယာရေးအတွက် ဘဏ္ဍာတော်။
ဘုရားကျောင်းကန်စသော မြေတို့မှ ရရှိသည့် အခွန်ကို ဦးပေါ်ဦးက ‘၀တ္ထုဂါမ်ထွက်၊ ခွန်ဆီနက်’ ဟု ခေါ်သည်။ ထိုငွေဖြင့်

“ဘုရားဂူဟောင်း၊ တန်ဆောင်းပြဿဒ်၊ စရပ်ကျောင်းဘုံ၊ ထူပါရုံကို၊ ကုံလုံမကျန်၊ ပြင်ဆင်ရန်...” သုံးရသည်။ သာသနာ့ အဆောက်အအုံများအတွက် ဘဏ္ဍာတော်တည်း။

နောက်ပိတ်ဆုံး - 

“မြေသုဿန်မှ၊ စဏ္ဍာလတွင်၊ ရသည့်ခိုင်ခွန်၊ အရွတ်၀န်က၊ ကြေပွန်အောင်သာ....” ဟု သုဿန်မြေမှ ရသော အခွန်ကို အရွတ်၀န်က တာ၀န်ယူပြီး သူ့ကိစ္စနှင့်သူ သုံးစွဲရသည်။

သည်အတိုင်းဆိုလျှင်တော့... ရှင်ဘုရင်တွင် ကိုယ်ရေးကိုယ်တာအတွက် ဘယ်ကငွေကို သုံးစွဲရမည်နည်း။

“ပဏ္ဏာတော်ပန်း၊ မြို့တနန်းက၊ ပို့မြန်းဆက်လှာ၊ ဂါရိကာနှင့်၊ လယ်ရာမြေဟု၊ အခြေပြုလျက်၊ ပြည်သူ့ခြားပိုင်း၊ တရားတိုင်းဖြင့်၊ လမိုင်းဆိုင်ရာ၊ ထိုသည့်တာကို၊ ဘဏ္ဍာတော်မြတ်၊ မင်းသုံးမှတ်လော့...”

ဟု ဦးပေါ်ဦးက ရှင်းပြသည်။

အခြားမင်းများက ပဏ္ဏာဆက်သည့်ငွေများ၊ တရားဥပဒေအရ ဘုရင်၏ကိုယ်ပိုင်ဟု သတ်မှတ်ပေးထား သော လမိုင်းလယ်ယာမှ ရသော ငွေများကိုသာ ဘုရင်သည် ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့်ရှိသည်။

ယခု... ဤစည်းကမ်းကို ချိုးဖောက်ပြီး... ဘိုးတော်မင်းတြားက သဿမေဓငွေတော်ကို ကိုယ်ရေးကိုယ် တာ အတွက် သုံးသည်။ နိုင်ငံတော်၏ အရေးတကာအနက် ကာကွယ်ရေးထက် အရေးပိုကြီးသော အရာမရှိ။ ထီးသက်နန်းသက်ရှည်ရေး (အချုပ်အချာအာဏာတည်မြဲရေး)၊ နိုင်ငံတော်မပြိုကွဲရေး၊ နိုင်ငံတော်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကာကွယ်ရေး တောင့်တင်းခိုင်မာမှုသည် အဓိကအကျဆုံး ကိစ္စဖြစ်သည်။ ရှင်ဘုရင်လုပ်သူအတွက် သည့်ထက်အရေးကြီးသောကိစ္စ ဘာရှိသနည်း။
 
ဤကိစ္စ၌ပင် ဂရုမထားခဲ့သော် အခြားကိစ္စတွေ၌ ဘာဖြစ်ကုန်မည်နည်း။ တဖန် ဤမသင့်သောအမှုသည် အစဉ်အလာဖြစ်သွား၍ သားတော်စဉ် မြေးတော်ဆက် အတုခိုးမှားခဲ့သော် နိုင်ငံတော်၏အနာဂတ်သည် ရင်လေးဖွယ် ကောင်းလေစွ။

ထို့ကြောင့် လေးနက်ရန် သွေးထွက်ခံပြီး ‘ရှင်ဘုရင်ပါး မဝသေးပါဘူး’ ဟူသော စကားကို ဦးပေါ်ဦး ဆိုသည်။ အခြားစကားမရှိ။

ဘိုးတော်မင်းတြားသည်လည်း အံ့ဖွယ်ကောင်းလှသည်။

ဤ ရတု(၆)ပိုဒ်ကို ဖတ်ရသည်တွင် သတိပညာ၀င်လာပြီး ဦးပေါ်ဦးကို ပြန်ခေါ်တော်မူ၍ ချီးမြှောက်တော် မူမြဲ၊ ချီးမြှောက်တော်မူလေသည်။

ရှင်ဘုရင်ဟူသည် မာန်ကြီးမြဲ ဖြစ်လေသည်။ အမှန်တရားနှင့် နိုင်ငံအကျိုးအတွက် မင်းမာန်ကို နှိမ့်ချကာ အမှားကို ပြင်ရဲသော မင်းတြားကြီး၏ သတ္တိကို ချီးမွမ်းရမည်သာ ဖြစ်လေသည်။

စာဆိုလည်း တင့်တယ်သည်။ မင်းလည်း တင့်တယ်သည်။ သြော်... သမိုင်းလည်း တင့်တယ်သည်။

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘ၀က တတိယနှစ်တွင် နိုင်ငံအုပ်ချုပ်မှုသဘောတရား၊ စီမံခန့်ခွဲမှု ပညာ၊ စည်းကမ်းဥပဒေအမျိုးမျိုး ပါ၀င်သည့် နိုင်ငံရေးသိပ္ပံ (political science) ကို သင်ယူခဲ့ရသည်။ သင်ကြားခဲ့ရ သည်မှာလည်း ခေါမခေတ်မှ ယနေ့မော်ဒန်ခေတ်အထိ သူရို့ ဥရောပမှ နိုင်ငံရေးသိပ္ပံတွေသာ ဖြစ်လေသည်။ မြန်မာအပါအ၀င် အာရှတိုက်မှ နိုင်ငံရေးသိပ္ပံတွေ မပါ။ ကျွန်တော်တို့ မြန်မာနှင့် အာရှ ယဉ်ကျေးမှုကြီး များတွင် နိုင်ငံရေးသိပ္ပံ မရှိသယောင်ယောင်။ မြင့်မြတ်သော စည်းကမ်း၊ ဥပဒေတွေနှင့် သဘောတရားတွေ မရှိလေဟန်။

သူရို့ဆီမှ ဥပဒေဘောင်တွင်းမှ ဘုရင်စနစ်ကို ပုံကြီးချဲ့ပြကြသည်။ မြန်မာနှင့် အရှေ့တိုင်းယဉ်ကျေးမှု တို့မှ ဘုရင်များကို သက်ဦးဆံပိုင်တွေအဖြစ် တဘက်သတ် မြင်စေခဲ့သည်။

ပဒေသရာဇ်၊ ဧကရာဇ်ခေတ်ကား သူ့ခေတ်နှင့် သူသာတည်း။ သို့ရာတွင် မြန်မာမင်းတို့ကို ထိန်းကွပ် ထားသော တရားဓမ္မတွေ၊ သဘောတရားတွေ၊ ထုံးတမ်းစဉ်လာတွေ၊ ဥပဒေစည်းကမ်းတွေ များစွာရှိလေသည်။

သမိုင်း၌ သမနိရှည်သော မြန်မာတွေတွင်... နိုင်ငံ၏ အမြစ်ခိုင် ရှင်သန်ကြီးပွါးခြင်း၏ အကြောင်းခံတရား တွေ ရှိသည်။ ထို အကြောင်းခံတရားတွေကို ထိန်းသိမ်းစောင့်ရှာက်တတ်သော ပညာ၊ သတိ၊ သတ္တိ နှင့် အစဉ်အလာကောင်းတွေလည်း ရှိခဲ့သည်။ ထို့ကြောင့်လည်း ကမ္ဘာ့နိုင်ငံတကာနည်းတူ လောကဓံတရားတွေ ကြုံသည့်အခါ ကြုံခဲ့ရသော်လည်း -

“တင့်တိုးကြက်သရေ၊ မြင့်ဖြိုးဝေသား၊ စက်နေပမာ၊ ချက်မြေချာ၀ယ်၊ တေဇာကွန့်မြူး၊ ကြယ်သောက်ရှူးနှင့်၊ ပျံ့လူးဥက္ကာ၊ ကဲ့ပမာသို့...”

မြန်မာဟူသည် ကမ္ဘာပေါ်၌ ကျက်သရေရှိရှိ တည်ရှိနေနိုင်စွမ်းသည်။

ဦးပေါ်ဦးနှင့် ဘိုးတော်မင်းတြားတို့၏ သမိုင်းစစ် ဇာတ်မှန်ကို သတိရမိတိုင်း... အထက်၌ ရေးခဲ့သကဲ့သို့ ... 

စာဆိုလည်း တင့်တယ်သည်။ မင်းလည်း တင့်တယ်သည်။ သြော်... သမိုင်းလည်း တင့်တယ်သည်... ဟု ကျွန်တော် ဂုဏ်ယူမိပါကြောင်း....။

တက္ကသိုလ်ဘုန်းနိုင်။

---

#တက္ကသိုလ်ဘုန်းနိုင်
#သမိုင်းလှလွန်းသည့်စာတပိုဒ်

#shared_by_louis_augustine
#sbla

Comments