အိမ်ကလေး (၁၆) // နေဝင်းမြင့်

အိမ်ကလေး (၁၆) // နေဝင်းမြင့်

(အိမ်ကလေး ၁၆ လုံး)

---
 
(၁)

သည်တစ်ခေါက် ကြီးတော်သိုင်းကို တွေ့လိုက်ရတော့ ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ ကြီးတော်သိုင်း အတော့်ကို ပိန်ကျသွားခဲ့သည်။ မြင်နေကျ ပြားဖိုင့်ဖိုင့် ခန္ဓာကိုယ်က လေး ငါး ခြောက်လအတွင်း ရွေဘော်နှင့် ထိုးချလိုက်သလို ပါးလျားသွားခဲ့သည်။ အသားအရေကလည်း အကျွမ်းလှော်ထားသည့် နှမ်းတွေလို ခြောက်မည်းမည်း။ နဂိုကလည်း ဖြူဖြူစင်စင်တော့ မဟုတ် ယ။ ချင်းတွင်း အညာသူကြီးဆိုတော့ တောရည် တောသွေးကလေးဖြင့် ခပ်ညိုညိုထဲက ဖြစ်၏။ မန်ကျည်းစေ့ရောင်။ သည်ထဲကမှ ကျန်ကောင်းကျန်ရာ အကြည်ဓာတ်တွေကို နုတ်ယူလိုက်သလို ညစ်မည်းသွားခြင်း ဖြစ်သည်။ ဇရာရေစီးမြောင်းတွေက မြောင်းလက်တက်တွေလို မျက်နှာတပြင်လုံး ဖြာထွက်နေကြသည်။ အုန်းဆီကလေး တစွက် ၊ နှစ်စွက်သော်မှ မလူးနိုင်ရှာရော့သလား။ ဆံစတွေက လေလာတိုင်း လွင့်ကြသော ဖွဲမှုန်တွေလို မျှင်မျှင်လှုပ်လှုပ်။ ငယ်စဉ်က ရခဲ့သော ကျောက်ရောဂါကြောင့် ကျောက်ဖေးပြောက်တွေ တင်းကြမ်း။

“ ကျုပ်တို့ငယ်ငယ်က ကျောက်ရောဂါဆိုသာ သေရာပါ ရောဂါပေါ့တော်။ ကတိမ်းကပါး ဖြစ်လိုက်ရင် ရွာလုံးကျွတ်တော့သာ။ ကျုပ်တောင် ကံကြီးလွန်းလို့ လွတ်သယ် ပြောပါရော့ ယ။ အဖေက ဆေးဝါး နားလည်တော့ ကျုပ်တို့ကို ကျောက်မျက်စဉ်းခတ်ပေးသယ်၊ ဆင်သမနွယ်မြစ်ကယ်၊ နွယ်ချိုသတ္တုရည်ကယ်၊ ထောပတ်ကယ်၊ တောထဲ တောင်ထဲ ပေါက်တဲ့ တောနရွဲမြစ်ကယ် အမျှစုပြီး မျက်စဉ်းခတ်တော့ မျက်စိများတော့ ကျောက်လွတ်ပါရဲ့။ ကျောက်ကြီးနာတွေကတော့ သေရာပါကရောပဲ ”

မျက်နှာပေါ်က ကျောက်ဖေးတွေအကြောင်း စကားရောက်သည့်အခါ ငယ်ငယ်က ရခဲ့သည့် ရောဂါကို မမေ့မလျော့ ပြောနေတတ်သည်။ အခုအထိလည်း ရေရယ် မိုးရယ် ချိုးသည်မရှိ။ သမီးတွေက “ နေပွင့်သားပဲ အမေရဲ့ ၊ အခိုးကလေး ပွင့်အောင် ရေနှစ်မှုတ် သုံးမှုတ်လောက် ချိုးဦးမှပေါ့ ” လို့ ပြောတတ်ကြသော်လည်း ကြီးတော်သိုင်း မလှုပ်လေ။ သီတင်းကျွတ်လပြည့်နေ့ကတည်းက မချိုးလိုက်သည့်ရေ တပေါင်းလပြည့်ကျမှ တစ်ခါချိုးသည် ဆိုလေ၏။ အချိန်အခါ မရောက်သေးဘဲ ရေချိုးခိုင်းလျှင် သမီးတွေကို ပက်ခနဲ ပြန်တွယ်တတ်သည်။

“ ငါ့များ သေတွင်းပို့ချင်လို့အေ ၊ ရေ… ရေနဲ့ ဘာများမှတ်လို့တုံး ၊ ပုစွန်တွင်းမြင်းနဲ့ မဟုတ်တမ်းတရမ်းတော် ” 

တစ်ခါတလေတော့ ကြီးတော်သိုင်း ပြောတတ်သည့် ချင်းတွင်းအညာလေကို မှတ်မှတ်သားသား ရှိရသည် ။ တောင်သူတောင်သား ဆိုတော့ တောစကား တောင်စကား ကြားရတတ်သည်။ ဘဝထဲကလာသော စကားရိပ်တွေ ပါလာတတ်သည်။ သူတို့ငယ်စဉ်က ကြည့်ခဲ့ရသည့် ဇာတ်ပွဲ ရုပ်သေးပွဲများ၊ ဆေးမြီးတိုများ၊ ပုံတိုပတ်စများ၊ စကကိုးစကကား ( စကားကိုးစကားကား ) များ ကြားရတတ်သည်။ အကြော်ဆိုင်ကလေးတည်ကာ ဘဝဝမ်းကျောင်းရသော်လည်း သည်းကြီးခေါင်ခိုင် ဖျားသည်၊ နာသည်လိုတော့ မကြားရ။ ညှော်များလို့၊ ငန်းမန်းကလေးကြွလို့၊ ဇက်ကြောထိုးလို့ ဆိုသည့် အာဂန္တုရောဂါတွေကို အမည်တပ်ကာ တစ်ခါတ‌လေတော့ ကျွန်တော်တို့အိမ်ကို ဆေးလာတောင်းတတ်တာတော့ ရှိသည်။ ကျွန်တော်တို့ကလည်း မှန်းကာဆကာ ဆေးပေးရသည်။

“ အင်္ဂလိပ်ဆေးက တစ်ပွဲတိုးတော့ ကောင်းသယ် ဆရာရဲ့၊ ကျုပ်က မအားလွန်းလို့ပါတော်၊ နို့မို့ဆို ကိုယ့်ရောဂါကိုယ် သိလိုက်သာမှ ခွက်ထဲ ကျင်ငယ်ခံပြီး ဆီတစ်ပေါက် ထည့်ကြည့်သာနဲ့ ဘာဖြစ်နေသယ် သိသားဟာကို။ စကားရှိသားဟာကော ဆရာရဲ့၊ သတိဟူသည် လွန်ကြိုးစ၊ ဒုက္ခဟူသည် တွင်းတွင်းချတဲ့။ သိသာသိသော်လည်း ထမလုပ်နိုင်တော့ ကျွဲ၊ နွား သင်းပျက် အကွပ်ခက်၊ သက်ငယ်ဟောင်းလျက် အဖျက်ခက် ဆိုသာလို ကိုယ့်ခန္ဓာကိုယ် ငုတ်တုတ်ထိုင်ကြည့်နေရသာပဲ ”

ကိုယ့်ရောဂါကိုယ် သိလိုက်တာမှ ဆိုသဖြင့် ကျွန်တော် စဉ်းစားရသည်။ ရောဂါဘယ်ပုံရှာပါလိမ့်။ ကြီးတော်သိုင်း၏ ရောဂါရှာပုံကို တစ်ခါတော့ မှတ်မှတ်ရရ မေးကြည့်ဖူးသည်။ ခွက်ထဲ ကျင်ငယ်စွန့်ကာ ဆီတစ်ပေါက် ထည့်ကြည့်သည် ဆို၏။ ဆီပြန့်သွားတော့ ဝါယောပျက်သည်။ ဆီပွက်ကလေးထတော့ သည်းခြေပျက်သည်။ ဆီပေါက်ကလေး ကျင်ငယ်ထဲမှာ ခဲသွားလျှင် သလိပ်ပျက်တာ သေချာပြီ။ လေ ၊ သလိပ် ၊ သည်းခြေ သုံးပါးစလုံး ပျက်တော့ ဆီက ကျင်ငယ်ရေထဲ နစ်လေသည်ဟူ၏။ တစ်ပါးပါး မျက်မှန်းသိတော့ လေဆေး၊ သလိပ်ဆေး၊ သည်းခြေဆေး ဝယ်စားလေသည်။

“ ဆရာနှယ် ၊ ပလူပရွက်တွင်းက ထွက် ဆိုသာလိုပဲ၊ လူ့ခန္ဓာကိုယ်ကြီးကိုယ်နှိုက်က ပိုးအိမ်ကြီးဟာကော။ ကျုပ်မလည်း အိမ်အိုကြီး ဖြစ်နေမှတော့ တစ်အိမ်လုံး ဖျက်မှ ထင်းတစ်ပွေ့ မရချင်တော့တဲ့ဟာ နေပျော်လာပါပြီ။ မြေးလေးတွေက ရှိသေးသမဟုတ်လား။ သီလကောင်းလို့ အသက်ရှည်ပေမယ့် ကိုယ့်အရိုး ကိုယ်ကောက်နိုင်မှ ကောင်းသာရယ် ”

ကျွန်တော့်ကိုတော့ ဆရာလို့ ခေါ်တတ်ကာ ကျွန်တော့်ဇနီးကိုလည်း ဆရာမဟု ခေါ်တတ်သည်။ အသက်အရွယ် ရပြီဆိုသော်လည်း တောင်ဝှေး ကူတာတော့ မရှိ။ ဖျတ်ဖျတ်လတ်လတ်တော့ ရှိသည်။ ကျွန်တော်တို့အိမ်ကို အမြဲ လာနိုင်တာတော့ မဟုတ်။ အကြောင်းရှိမှ ကူးလာသူ ဖြစ်သည်။ တစ်ခါတလေ‌ ကျွန်တော်တို့အိမ်က အုန်းပင်တွေ၊ အုန်းဖတ်တွေ များနေလျှင် သူကိုယ်တိုင် ဓားတစ်ချောင်းဖြင့် ရောက်လာကာ ထိုးထိုးခွာတတ်သည်။ အုန်းဖတ်ခြောက်က အကြော်ဆိုင်အတွက် မီးကောင်းရသည့်ထင်းဟု ဆိုသည်။ ကျွန်တော်က မြေးကြီးတွေ ခိုင်းရောပေါ့ဆိုတော့ ‘ပင့်ရတာ အထနှေးလွန်းလို့’ ဟု ညည်းတတ်သည်။

ကြီးတော်သိုင်း အကြော်ဆိုင်က ကျွန်တော်တို့လမ်တိုကလေးထဲ ဝင်ရာ လမ်းလေးခွထောင့်မှာ ရှိသည်။ ဘယ်လမ်းက ထွက်လာလာ ကြီးတော်သိုင်း အကြော်ဆိုင်ကို ဦးတိုက်နိုင်သည်။ အကြော်တွေ ကြော်ထားပြီး မကုန်သည့်နေ့တွေမှာတော့ ကြီးတော်သိုင်း သည်နေရာမှာ မွန်းတိမ်းအောင် ထိုင်နေရတော့သည်။ မနက်ခင်း ထမင်းကြမ်းစားလေ့ရှိသည့် ကျွန်တော့်အိမ်အတွက် ကြီးတော်သိုင်းအကြော် ပူပူနွေးနွေးက အကူအဖက် ဖြစ်ရသည်။ ကြော်တတ်လို့ ကြော်တာပဲလား၊ အတွေ့အကြုံကပဲ သင်ပြလေသလား၊ ကြီးတော်သိုင်း အကြော်တွေက အချိုးအချိပ်တော့ ကျလေသည်။ မနက်ခင်း အကြော်ဆိုင်ဆိုတော့ အမိုးရယ်၊ အကာရယ် မရှိ။ ပုံမှန်ရက်တွေဆိုလျှင် ဆွမ်းခံပြန်ချိန်လောက်မှာ ကုန်တတ်မြဲဆိုတော့ ဆိုင်ကလေး ထိုးစရာ မလိုပါ။ ထိုင်စားချင်သူတွေအတွက်တော့ ထမင်းစားစားပွဲကလေးတစ်လုံးနှင့် သစ်သားဖင်ထိုင်ခုံကလေး လေး ငါးလုံး ချထားလိုက်ရုံ။ အချဉ်ရည်ကလည်း ကိုယ်ပိုင်ဖော်မြူလာ ယ၊ မနက်တိုင်း လှည်းကျင်းထားတော့ ဆိုင်ကလေးက သန့်ပြန့်သည်။ ကြီးတော်သိုင်းက အကြော်ဆိုင်နှင့် မနီးမဝေး တစ်ရပ်ကွက်ကျော်မှာ အိမ်ငှားနေသည် ကြားဖူးသော်လည်း ဘယ်လိုအိမ်ကို ဘယ်လိုငှားနေတာလဲ ကျွန်တော် မသိ။ ကလေးနှစ်ယောက် မိခင် သမီးနှင့်အတူနေသည်ဟုသာ ဆို၏။ သည်အကြော်ဆိုင်နားမှာ သမီးအကြီးဆုံး မိသားစု ငှားနေသည့်အိမ် ရှိတော့ အကြော်ဆိုင်ပစ္စည်းတွေ သိမ်းသည့်အခါ သည်အိမ်မှာပဲ နီးနီးနားနား ထားခဲ့သည်။ သမီးအကြီးဆုံးက မွေးသည့် မြေးတွေ ကျောင်းပိတ်ချိန်နှင့် ဆုံလျှင်တော့ ဘွားအေကြီးကို အကြော်ကူရောင်းတာမျိုး ရှိသည်။ အကြော်တွေ မကုန်သည့်နေ့မျိုးဆိုလျှင်တော့ အနားက လမ်းဘေး မယ်ဇလီပင်ရိပ်မှာ ကြီးတော်သိုင်း ရှိနေတတ်၏။

“ ကနေ့ စောစောမကုန်ပါလား ကြီးတော်၊ ကြော်တာ များသွားလို့လား ”

“ ဘယ့်နှယ်ဖြစ်သယ် မပြောတတ်ပေါင် ဆရာရေ၊ ခါတိုင်းလောက် ကြော်သာပါပဲ၊ မနက်ကတော့ ဆွမ်းခံကြွကြတဲ့ ကိုရင်တွေ၊ ဦးဇင်းတွေတော့ လောင်းလိုက်ရသာ၊ အဲသာ အမြတ်ကျန်သာပါပဲ။ ဆယ့်နှစ်လ စုန်းပေါင်းခ၊ ဆယ့်နှစ်လ နတ်ပေါင်းခတဲ့၊ ကနေ့တော့ စုန်းရက်ကျ ထင်ပါရဲ့”

တစ်ခါတော့ ‘ ကျုပ်တို့ဘဝ ကံကောင်းမှ ဖလောင်း ( ဖားလောင်း ) ဖား ဖြစ်ရသာ ’ လို့ ပြောဖူးသည် ။

ကျွန်တော်တို့နှင့် ကြီးတော်သိုင်းက သည်ရပ်ကွက်ရောက်မှ သိရခြင်း ဖြစ်သည်။ ကျွန်တော်တို့ မိသားစုသည်လည်း သည်ရပ်ကွက်ကို ပြောင်းလာတာ မကြာသေးပါ။ အရှေ့ခုနစ်အိမ် အနောက်ခုနစ်အိမ် စုံအောင် မသိ၊ မခင်ရသေး။ အကြော်ဝယ်စားရင်း ဟိုမေး သည်မေး မေးရင်းက ပထမဆုံး ခင်မင်ခဲ့ရသူ ဖြစ်သည်။ ကျွန်တော်က ကြီးတော်လို့ ခေါ်သော်လည်း ကျွန်တော့်ဇနီးက အမေကြီးလို့ ခေါ်သည်။ ကျွန်တော်တို့အိမ်က ကြီးတော်သိုင်း၏ သမီးကြီးဖြစ်သူ မနတ်မတို့နှင့် နီးသည်။ မနတ်မ၏ သမီးငယ်နှစ်ယောက်က ကျောင်းပိတ်ရက် ဆိုလျှင် ကျွန်တော်တို့အိမ်က စာအုပ်တွေ ရှင်းပေးတာမျိုး၊ ဂျာနယ်တွေ၊ သတင်းစာတွေ တွဲပေးတာမျိုး ကူညီနေကျဆိုတော့ သည်မိသားစုနှင့် ရင်းနှီးနေကြပြီ။ ကြီးတော်သိုင်းက အိမ်ထောင်ပျက်၊ သမီးလတ်၊ ကလေးနှစ်ယောက်အမေနှင့် တရပ်ကွက်ကျော်မှာ နေသည် ဆိုသော်လည်း မနတ်မတို့အိမ်မှာ လဲလဲလျောင်းလျောင်းနေတာ များသည်။ မြေးကလေး နှစ်ကောင်က တန်းလန်း တန်းလန်း။ ကျွန်တော်က “ မြေးတွေ ထိန်းရတုန်းလား ” ဆိုတော့ “ တစ်ချုံတိုး ပုဆိုးစုတ်၊ ဘွားအေဆိုး မြေးငုတ်တုတ်ကိုး ဆရာရဲ့” လို့ ပြောတတ်သည် ။ အကူးအလူးကလေး များလာတော့ သည်မိသားစု တမကြီး၏ ဘဝအကြမ်းကို သိလာရသည်။

“ ကျုပ်အိမ်သားက ရေစကြိုဘက်မယ် ထန်းလျက်ပွဲရုံတွေရှိတော့ အဲသည်မှာ အလုပ်လုပ်သယ်၊ သမီးကချည်း ကိုးယောက် မွေးသာ၊ သုံးယောက်က ပဲ့ကရော၊ ခြောက်ယောက်ကျန်သာကို ထဘီရင်ခေါင်းစည်းပြီး လုပ်ကျွေးခဲ့ရသာ၊ ဒါတောင် ကျုပ်ကလေးတွေ ပဲလွန်းစေ့နဲ့ လူဖြစ်ရသာ ဆရာရေ ”

သားသမီးတွေ အရွယ်ရောက်ကြတော့ ပဲခင်းတွေ၊ ဆေးခင်းတွေမှာ ခိုင်းနိုင်ပြီ။ အရွယ်ချင်း မတိမ်းမယိမ်းဆိုတော့ ဝါးတစ်ရုံလုံး ရသေ့တောင်ဝှေးတွေချည်း။ သို့သော် နဂိုက မလုံသည့်အိုးဆိုတော့ ခံသမျှ ယိုကျရသည့်အဖြစ်။ ရွာမှာ လုပ်ကိုင်စားကြတော့လည်း ရွာရိပ်မှာ တစ်ဝမ်းတစ်ခါးတော့ လုပ်သမျှ စားဖို့တော့ ရသည်။ သို့သော် သားသမီးတွေက မြို့ကို ကူးချင်သည့်ခေတ်ရောဂါတွေ ရှိလာကြသည်။ အကြီးဆုံးသမီး မနတ်မ အပျိုဖော်ဝင်ကတည်းက အိမ်သား ဆုံးပါးရှာတော့ ကြီးတော်သိုင်းကပဲ ကြက်သားအုပ်မကြီးလို ကောက်ရသမျှ အစာ သားသမီးတွေအတွက်ချည်းပဲ ဖြစ်ရလေသည်။ အိုးတော်လုပ် ဖုတ်ရင်းက မကျက်တော့ လေဦးစို စိုပေါ့။ လှေဦးခြောက် ခြောက်ပေါ့။ သည်လိုနှင့် သားသမီးတွေ မြို့ပြောင်းတွေ မုန့်လေပွေ ကြွေတာနှင့် ကုန်ရပြီ။ သားသမီးတွေ မြို့ရောက်ကြလို့ လေး ငါးနှစ်လောက်အထိ ရွာမှာပဲ သမီး တခုလပ်မနှင့် နေခဲ့သေးသည်။ နောက်တော့လည်း ရွာက အိမ်ကလေး ရောင်းချကာ သားသမီးတွေနောက် လိုက်လာခဲ့ရသည်။

“ လိုက်သာရသယ်၊ ကျုပ်က ကိုယ့်ဝမ်းကိုယ်ကျောင်းဖို့ စိတ်ကူးပြီးသား။ သားသမီးတွေက လင်ရယ် မယားရယ် ယူကြပြီဆိုတော့ သမက်နဲ့ ချွေးမတွေက ယောက္ခမ ကြည်ဖြူသယ်ဆိုသာ အလကားပြောသာ၊ နဂါးဘုံ ၊ ဂဠုန် မနေနိုင်ဘူးရယ်။ သည်တော့ အကြော်ကလေး ထွက်ရောင်းသယ်။ တခုလပ်မ အိမ်ခေါ်ထားလိုက်သယ်။ ထောက်စာပင့်စာ ပေးတော့လည်း ယူပါသယ် ”

ကြီးတော်သိုင်း၏ ဘဝဒဿန ဖြစ်သည်။ မှားသော်ရှိ၊ မှန်သော်ရှိ သူ့အတွေး သူ့အမြင်ဆိုတော့ ကျွန်တော်လည်း မဖြောင့်သာ။ တလောက ကြီးတော်သိုင်း အကြော်ဆိုင်ကလေး မမြင်တော့။ အရင်းပဲ ပြုတ်လေသလား။ နေထိုင်များ မကောင်းရော့သလား။ အိမ်မှာ အဝတ်လာဖွပ်သည့် မနတ်မကို မေးတော့ သူ့မောင်ရှိရာ ရေစကြို အနောက်ရွာတွေဘက် ခဏ ပြန်သည် ဆို၏။
  
(၂)

ကြီးတော်သိုင်းနှင့် နေသည့် တခုလပ် ကလေးနှစ်ယောက် မအေက အရွယ်ကောင်းသေးသည်။ ရွာမှာကတည်းက အိမ်ထောင်ကျခဲ့ကာ ရွာမှာပဲ အိမ်ထောင်ပျက်ခဲ့သည်။ ရွာမှာ ပဲမျိုးစုံ လာကောက်သည့် ပဲပွဲစား၏တပည့်ဆိုတော့ စပါးကြီး မဟုတ်သော်မှ လင်းမြွေလောက်တော့ အရာရောက်သူ ဖြစ်သည်။ ရွာမှာပဲ မိသားဖသားပီပီ ယူကြရာက သမီးကလေးနှစ်ယောက် မွေးပြီးမှ ရွာက ပျောက်သွားခြင်း ဖြစ်သည်။ ရွှေမှော်တွေဘက် ရောက်သွားသလိုလို၊ ကျောက်တူးလိုက်သလိုလို။

“ အိမ်ကကောင်မက ငရဲအိုး တုတ်နဲ့ထိုးမိသာ ဆရာရဲ့၊ လင်က ပေါ်မလာလိုက်သာ စုပ်စုပ်သာ ကန်းရော။ ယူကြမယ် ဆိုတုန်းက ကျုပ်က တားသယ်။ တယောလူလေ ပလွေကျွဲကျောင်း ကောင်းပုံမပေါ်ပါဘူး သမီးရယ် ဆိုသာတောင် သည်လင်မှ မရရင် မနေပါဘူးဆိုလို့ ပေးစားရသာ။ ဘုရားများ စူးရပါစေ့။ ဆင်စွယ်မမှန်လို့ ပိုးစားခံရသယ် အောက်မေ့မိသယ်။ ဖြစ်လာတော့လည်း စာဥ ဥတော့ ဒေါင်းအုပ်၊ ဒေါင်းဥ ဥတော့ စာအုပ်၊ မအေ ဆိုတော့ မပစ်သာဘူးပေါ့လေ ”

အခုတော့ ကြီးတော်သိုင်း သွားလေရာ လိုက်နေရသည်။ အစ်မ၊ အစ်ကို၊ မောင်ဖားတွေက နှမ၊ အစ်မရယ်လို့ စောင့်ရှောက်ချင်ကြသော်ငြား ကလေးနှစ်ယောက် တတန်းလန်းလန်း ဆိုတော့ မထားချင်ကြတာလည်း ရှိသည်။ သည်တော့ ကြီးတော်သိုင်း မြို့မှာနေနေ၊ ရွာပဲပြန်ပြန် အတူခေါ်ရ၊ အတူနေရတော့သည်။ သည်ကြားထဲ ကျားစီးဖားစီး လုပ်ကိုင်စားမဟဲ့ ဆိုသည့်စိတ် မရှိလေတော့ မအေအိုကြီး လက်လှုပ်မှ ထမင်းတစ်ဆုပ် စားရတာမျိုး။ မြို့ရောက်သားသမီးတွေက မအေအိုကို ငဲ့ကြသော်လည်း မအေ့နောက်က အထုပ်ကိုတော့ မရွက်ချင်ကြတော့။ အဝေးက ပေးနိုင်သလောက် ကမ်းတာမျိုးပဲ ရှိသည်။

ကြီးတော်သိုင်း၏ သမီးကြီးဖြစ်သူ မနတ်မက ကျွန်တော်တို့ရပ်ကွက်ထဲမှာ ခေါ်သူရှိ၊ ရှိသလို အဝတ်လိုက်လျှော်သူ ဖြစ်သည်။ လပေးစနစ်ဖြင့် မနက်တိုင်း သွားလျှော်သည့်အိမ်ရှိသလို ခေါ်ကောက် လိုက်လျှော်ရတာလည်း ရှိသည်။ လင်က ပန်းရန်ဆရာ။ မြို့ထဲ ဆိုက်တွေမှာ နေရတာများသည်။ မနတ်မက လင့်ပိုက်ဆံကို စုစေကာ သူရသမျှနှင့် လောက်အောင် စားသည်။ လင့်ပိုက်ဆံ တစ်ခါရှင်းတော့မှ အိမ်ငှားခ ချေသည်။ အိမ်ငှားခက တစ်လ တစ်ခါရှင်း ဆိုတော့ မပေးနိုင်သေးသည့်လ မှတ်ထားလိုက်ရုံ။ သမီးအငယ်မနှစ်ယောက်ကို ဘုန်းကြီးကျောင်း ပညာရေး ( ဘကကျောင်း ) မှာ ကျောင်းထားသည်။ အလတ်ကောင်က ခုနစ်တန်းကျတော့ အလုပ်လုပ်ချင်သည် ဆိုသဖြင့် ကျောင်းထုတ်ထားရသည်။ အကြီးကောင်က စိတ်ပါသည့်အခါ ဖအေနှင့်လိုက်။ မနတ်မက အလုပ်ရှိသမျှ ကျုံးရုန်းလုပ်တတ်သူ ဖြစ်သည်။ သူ လှုပ်နိုင်မှ မီးဖိုချောင်က အခိုးထွက်ရသည်။ မြို့ကို ရောက်တာ ကြာပြီဆိုတော့ မြို့ဂိုက်ကလေး ထုတ်ချင်တာ၊ မြို့လေကလေးနှင့် ပြောချင်တာတော့ ရှိ၏။ အဝတ်လျှော်အိမ်တွေက ပေးသည့် မြို့အင်္ကျီ လျှာဖတ်လပ်ကို ကြိုက်လှပြီ။

“ ဆရာမရေ… အစ်မမောင် ကိုသာကျော် မနေ့က ပန်းရန်ခ သုံးလစာ ပေါင်းထုတ်လာသာ ရော့အင့် ရော့အင့်နဲ့ ဆပ်ရသာ ကုန်ကရော။ ကျွန်မ လုပ်နိုင်လွန်းလို့ရယ် ။ နို့မို့များတော့… ”

မနတ်မ သမီးအငယ်မ နှစ်ယောက်ကို ဥပုသ်ကျောင်းပိတ်ရက်တွေမှာ တောက်တိုမည်ရ ခိုင်းရသည်။ တစ်ပတ်စာ ကျောင်းမုန့်ဖိုးပေးရသည်။ ဟင်းလို၊ ထမင်းလို ကျန်ကောင်းကျန်ရာတွေ ပေးရတာလည်း ရှိသည်။ မနတ်မက တစ်ခါတလေတော့ သူတို့ငယ်ဘဝတွေကို မီးပူတိုက်ရင်း ပြောပြတတ်သည်။ သူမက အကြီးဆုံး၊ သူမကို မွေးတော့ ရွာမှာ စီးပွားရေးကလေး သောင်သာလို့ နတ်မလေခြင်း ဆိုသည့်အတိတ်ဖြင့် နတ်မဟု မှည့်သည်။ သူ့အောက် မောင်က ရွာမှာ စိန်ကြာညို လာကသည့်နှစ်က မွေးလို့ ကြာညို။ ကြာညို့အောက်က ချင်းတွင်းမော်တော်ပေါ်မှာ ဗိုက်နာသည့် မောင်က အောင်ဇေယျ၊ မော်တော်နာမည်က အောင်ဇေယျ ဆို၏။ အောင်ဇေယျ အောက်မှာတော့ တခုလပ်မ။ တခုလပ်မ နာမည်က မွေးခိုက်ဖွားခိုက် အိမ်ခေါင်ပေါ်က ကျီးသာလို့ မကျီးသာ။ မကျီးသာ အောက် နှစ်ယောက်က ဇော်ဝမ်းနှင့် ဇော်တူး။ ဇော်ဝမ်းနှင့် ဇော်တူးတို့၏ သမိုင်းတော့ မသိရ။ ချင်းတွင်းကမ်းကရွာမှာ နေကြရင်းက ပထမဆုံး စွန့်ထွက်လာသူမှာ ကြာညို ဖြစ်သည်။ မန္တလေးဘက် ရောင်းထွက်သည့် ကုန်ကားနှင့် လိုက်လာရင်း ရွာကို ပြန်မကပ်တော့သူ ဖြစ်သည်။ တုံးမှီ တိုင်ကပ်နေရင်းက မန္တလေးကို ကုပ်မိပြီ။ သူ ကုပ်မိတော့ ညီတွေကို တစ်နှစ် တစ်ယောက် လှမ်းခေါ်ရင်း အိမ်ကလေးတစ်လုံး ငှားကာ မြို့စွန်မှာ နေခဲ့ကြသည်။ ဆိုက်သားနင်းသူ နင်း၊ ကုန်ထမ်းသူက ထမ်း၊ သကြားစက်လုပ်သူ လုပ် ယ။ ဇာတ်ထဲ ကြိုးဆွဲသူပင် ပါသေးသည်။ အခုတော့ ကိုယ် အကြောင်းပါရာ အိမ်ထောင်ကို အမှီပြု၍ မန္တလေး တစ်မြို့တည်းမှာပဲ တစ်ယောက် တစ်နေရာ။ သည်ကမှ ယောက်ဖဖြစ်သူ ကိုသာကျော်ကို ခေါ်ယူကာ မြို့ ‘သွေး’သွင်းပေးကြသည်။ 

“ ကျွန်မတို့ မန္တလေး ရောက်တော့ ဆရာမနှယ်၊ မြို့စွန်က အမှိုက်ကျင်းထဲ စင်ကလေး ထိုးနေကြသာပဲ။ နောက်တော့ လူမနေနိုင်တဲ့ မြေကွက်တွေထဲ ခွင့်တောင်းပြီး လိုက်လိုက်နေရသာကပဲ နှစ်တော်တော်ကြာသယ်။ ကိုသာကျော် ပန်းရန်လုပ်၊ ကျွန်မက ဝက်တွေ အဖက်မွေး၊ အငယ်မ နှစ်ကောင်က သည်ရောက်မှ မွေးသာ ”

မနတ်မတို့ မန္တလေးရောက်လာပြီး လေး ငါးနှစ်လောက် ရောက်တော့ အမေအိုကြီးကို လှမ်းခေါ်ဖို့ မောင်နှမတတွေ တိုင်ပင်ကြသည်။ မအေအို ကြီးတော်သိုင်းခမျာ သည်အရွယ်ရောက်မှ ချက်ချင်းကြီး ကောက်ကာငင်ကာ မြို့ကို လိုက်ဖို့မလွယ်။ ရွာမှာ အိမ်ကလေး ဝိုင်းကလေး ရှိသေးသည်။ ဆွေရယ် မျိုးရယ် ရှိသေးသည်။ ကိုးကွယ်ရာ ကျောင်းရယ်၊ ကန်ရယ် ရှိသေးသည်။ တောင်သူတောင်သားပီပီ ရှေးဘိုးဘွားတို့ ခေါင်းချရာအရပ်က ခွာဖို့ ခက်သည်။ သည်ကြားထဲ လင်ကံမကောင်းရှာသူ သမီးနှင့် တနွယ်ငင် မြေးကလေးနှစ်ယောက်က ရှိသေးသည်။ သားသမီးစကား သုံးခွက်တခွက်တင် ဆိုတော့ ခေါ်တိုင်း မလိုက်ဝံ့တာလည်း ပါလေသည်။

“ မြို့သာ ခေါ်ကြသာ၊ ဘယ်သမီး ဘယ်သားအိမ်မှာတော့ နေပါ အမေရယ် ဆိုတော့ မပါတော့ ကျုပ်က စဉ်းစားသယ်။ တနေကုန် ကတော်တဲ့ ကြက်မ ဥတော့ တစ်လုံးတည်းဆိုသာလို ခေါ်ကြပေသိလို့ ကျုပ်ကလည်း သမီးမြေးတွေနဲ့ ပက်ကျိလို အမျှင်တန်းကိုး၊ စဉ်းစားရသယ်။ ဒါပေသိ ကျုပ် လိုက်လာရသာပါပဲ ဆရာရယ်။ ပြောရစေတော့ ကျုပ်ကလည်း မိသားစုနဲ့ မခွဲနိုင်သာလည်း ပါသယ် ”

တစ်ခါက ကြီးတော်သိုင်း ကျွန်တော်တို့မိသားစုကို ပြောပြသည့် ခံစားမှု ဖြစ်သည်။ တောသူတောင်သားပီပီ စိတ်ထဲရှိသလို ပြောလိုက်ခြင်း ဖြစ်သော်လည်း မိသားစုတန်ဖိုးကို တပ်မက်သော လူ့ဗီဇကို ပြောပြနေခြင်းသာ ဖြစ်သည်။ လူ့ယဉ်ကျေးမှုသမိုင်းသည်ပင် မိသားစု ဆိုသည့် စုဖွဲ့မှု ပွားစည်းခြင်းတွေကို လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်သည်။ သည်နှောင်ဖွဲ့မှုသည် ချစ်ခြင်းအားဖြင့် တည်သော သမုဒယစုခဲမှု ဖြစ်သည်။ လူသား၏ ပကတိစိတ်သည် မိမိဘဝ တည်မြဲရေးသက်သက်သဘော မဟုတ်။ မိမိဘဝ တည်မြဲရှင်သန်ရေးသက်သက်ချည်း မဟုတ်။ အစုအသင်းစိတ်လည်း ရှိကြရသည်။ ဝံပုလွေတွေလို၊ မျောက်တွေလို လူသည်လည်း အစုအသင်းအားဖြင့် နေခဲ့ကြရသည်။ နေခဲ့ကြသလို နေရဦးမည့်သဘောလည်း ရှိနေသည်။ လူသည် တစ်ဦးချင်း လုံခြုံမှုထက် အများစု၏ လုံခြုံမှုကို စုပေါင်းသဘော တာဝန်ယူကြရင်း တစ်ဦးချင်း လုံခြုံမှုကို တည်ဆောက်နေကြရသူတွေ ဖြစ်သည်။ မေတ္တာအားဖြင့် နွေးထွေးရသော အရသာကို တရှိုက်မက်မက် ရှိကြရစမြဲ။ မိသားစုဘဝသည် အေးစက်သော၊ ကြမ်းကြုတ်မှုများ မပါသည့် နွေးထွေးသော စည်းနှောင်မှု ဖြစ်သည်။ အသက်အရွယ် ကြီးရင့်လာလေ၊ တစုံတရာသော မျှော်လင့်ချက်ဖြင့် မျှော်မောရသော အနှောင်အဖွဲ့က ရုန်းဖို့ခက်လေ။ မိသားစု အနှောင်အဖွဲ့က ရုန်းပြေးနေကြသည့် သားသမီးများဆီ တစ်ခါက ချစ်ခြင်းမေတ္တာမျိုး ရလိုရငြား ကျေးကျွန်တစ်ယောက်လို အပြေးလိုက်နေရသည့် မိဘတို့၏ အမောတကောရှိမှုကား ရင်နာစရာကောင်းလှသည်။ လင်သားမရှိတော့သည့်နောက် အမေ့အိမ်အိုကလေးက ဒရောသောပါး ထွက်ခွာသွားကြသော သားသမီးတွေနောက်ကို လိုက်ချင်နေသည့် ကြီးတော်သိုင်းကို ကျွန်တော် နားလည်နိုင်ပါသည်။ ညွှတ်က မတိုးလှာတော့ ငှက်ကပဲ တိုးရတော့သည်။ သားဝန် သမီးဝန်ကို ‘ ရွယ်ကြီးတွင်းဆုံး ’အထိ ပင့်မထားချင်သေးသည်ကော။ အဝေးက သားသမီးတွေကို ဘီလူးကြည်ဖြူ၊ နတ်လူချစ်ခင်၊ အိပ်လျှင် ချမ်းသာ၊ နိုးခါသုခ၊ စောင်မနတ်များ၊ တည်ကြားစိတ်စက်၊ အိပ်မက်ကောင်းစွာ မျက်နှာကြည်လင် ရှိကြစေချင်သေးသည်။ ကြီးတော်သိုင်းကတော့ မိသားစုနှင့် မခွဲနိုင်လို့ မြို့ လိုက်လာရသည်ဟု ဆိုသည်။ သားသမီးတွေကတော့ သူတို့မိသားစုနှင့် သူတို့ ကောင်းတူဆိုးမျှ ရှိနေကြပြီ။ သားသမီးတို့၏ မိသားစုစာရင်းမှာ သည်မအေအိုကြီး ပါနိုင်စရာ ရှိသေးအံ့မထင်။ အဝေးက မိခင်အတွက် နေရာကလေးတစ်နေရာ ဖဲ့ပေးနိုင်ဖို့ကော သေချာရဲ့လား။ မိသားစုဝင် တစ်ဦးချင်းစီ၏ ပကတိစိတ်နှင့် ပေါင်းစည်းထားသော အဆောက်အအုံသစ်မှာ အမေ့အတွက် မြင့်မြတ်သော ခန်းဆောင်ဆိုတာကော ရှိနိုင်သေးရဲ့လား။ စိတ်အားဖြင့် နှလုံးသားအားဖြင့် မိခင်ဆိုသည့် ဦးထိပ်ထားမှုကလွဲလျှင် အမေ့ယာတောဆီ သူတို့ မလိုက်နိုင်တော့။ ကျွန်တော်ကတော့ ဆရာမောင်လင်းကြည်၏ ‘တော’ ကဗျာထဲက 

‘ မိုးမကျလို့၊ မျိုးမချရတော့၊ ထိုးပြစရာ၊ အပင်မရှိတဲ့ အမေ့ယာ ’ 

ဆိုသည့် ကဗျာပိုဒ်ကိုပဲ သတိရနေခဲ့သည် ။

သည်တစ်ခေါက် ကြီးတော်သိုင်း ပြန်လာတော့ အသားတွေ ခြောက်မည်းလာခဲ့သည် ။ ဆံစတွေက လေတိုက်တိုင်း လွင့်သည့် ဖွဲမှုန့်လို လွင့်လှုပ်မျှင်မျှင်။ ပြားဖိုင့်ဖိုင့် ခန္ဓာကိုယ်သည်ပင် ရွေဘော်နှင့် ထိုးချလိုက်သလို ပါးလျားခဲ့ပေါ့။ ကြီးတော်သိုင်းနှင့်အတူ မြေးကလေးတစ်ယောက် ပါလာခဲ့၏။ ခရီးပန်းလို့ ဖျားလာသည့် မြေးကို တပွေ့ပွေ့။ ကြီးတော်သိုင်း မြို့ကို စွန့်ခွာခဲ့ခြင်းသည်ပင် နှစ်ဝက်ကျိုးတော့မည်။ သူ့ရွာသူ ပြန်တာတော့ မဟုတ်။ မောင်ဖားများရှိရာ ရေစကြိုအနောက်ဘက် ရွာတစ်ရွာကို ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်တော့မည် ဆိုကာ ပြန်သွားခြင်း ဖြစ်သည်။ သူ သွားတော့ သမီး အိမ်ထောင်ပျက်နှင့် မြေးကလေးနှစ်ယောက်လည်း ပါရသည်။ မြို့ရောက်လို့ သားသမီးတွေဆီ တစ်အိမ် တစ်လှည့် လိုက်နေသေးသော်လည်း တစ်ရက်က နှစ်ရက် မကူးနိုင်။ မနတ်မတို့ အိမ်မှာနေခိုက် ကျွန်တော်တို့အိမ်ဘက် ကူးလာခဲ့သည်။

“ ကြီးတော် ပိန်သွားလိုက်တာ။ အခု မောင့်ရွာ လိုက်နေတာ အဆင်ပြေရဲ့လား ”

“ သားသမီးများ လွမ်းလွန်းလို့ ပြန်ခဲ့သာ ဆရာရေ၊ မောင်ဖားများကတော့ တလှည့် နေကြည့်ကြပေါ့ဆိုလို့ သွားနေသာပ၊ ကိုယ့်ရွာ ကိုယ့်ရပ် မဟုတ်တော့ မရဲတရဲ ပွဲထဲဝင်ရသလိုပေါ့။ ရွာပြန် မလှချက်တော့ ပဲတွေတော့ သိမ်းခဲ့ပါပြီ။ ပုတ်ထဲ၊ ကျီထဲ သွင်းဖို့လောက် ကျန်သပေါ့။ အခုလည်း သားသမီးများနဲ့ နေချေဦးမယ်။ ကန်တော့ငွေကလေးများလည်း ယူချေဦးမယ်ဆိုပြီး လာခဲ့သာ။ ခမျာများလည်း သောင်သာပုံ မရကြပါဘူး။ ပြောပါသယ်။ အမေရယ်… ရက်ကလေးစောင့်ရင်း နေသေးသာပေါ့တဲ့၊ ကောက်နှောင်းတော့ ဆင်စာပေါ့လေ ”

သမီး အိမ်ထောင်ပျက်ကော ဆိုတော့ ရွာမှာ ကျန်ခဲ့သည် ဆို၏။ ဆွေမျိုးသားချင်း ဆိုပေသိ ယာခင်း၊ ပဲခင်း ဒီးတိုက်အောင် ဆင်းရပြီး ကြီးတော်သိုင်းက အများစာ ဒိုင်ခံချက်ပြုတ်၊ ခံတောင်းထဲ ထည့်ရွက်ကာ ယာတော ထမင်းပို့၊ ယာထဲ ကိုင်းထဲ လုပ်နိုင်တာ ဝိုင်းလုပ်။ မိုးကြီးစုံးစုံးချုပ်မှ အိမ်ရောက်ရသည်။ ကျွန်တော်တို့မိသားစုက ကြီးတော်သိုင်း ပြန်ခါနီးရင် စရိတ်ထောက်လိုက်ရပါစေ ဆိုတော့ မနက်ဖြန်မနက်ဘဲ ပြန်တော့မည် ဆိုလေ၏။

“ မြို့ရောက်တုန်းရောက်ခိုက် သားသမီးတွေနဲ့ ဝအောင်နေဦးမှပေါ့ ကြီးတော်ရဲ့။ ဘယ့်နှယ် ပြန်တော့မယ်ရယ်လို့ ”

“ တစ်အိမ် တစ်ရက် သားတွေ မြေးတွေနဲ့ နေခဲ့ရပါပြီ။ အလွမ်းလည်း ပြေပါရဲ့၊ ပလုတ်ပလောင်းလည်း ရှိပါရဲ့”

ကျွန်တော်က ခရီးစရိတ်မှ ဖြစ်စေတော့ သဘောဖြင့် ငွေကလေး နှစ်ထောင် လက်ရောက် ကန်တော့တော့ ဝမ်းသာရှာသည်။ သားသမီးတွေအကြောင်း မေးချင်သော်လည်း မမေးကောင်းတော့ မမေးဖြစ်။ မြေးကလေး လက်ဆွဲကာ ထွက်သွားသည်အထိ ဆုတွေ တတွတ်တွတ် တောင်းသွားခဲ့သေးသည်။
 
(၃)

သည်တစ်ခါ မိသားစုအမြုံထဲက ရုန်းထသွားသူမှာ ကြီးတော်သိုင်း ဖြစ်သည်။ လမ်းထွက်တိုင်း ကြီးတော်သိုင်း၏ အကြော်ဖို မီးကျင်းဟောင်းကို မြင်နေရသည်။ တစ်ခါက သည်မီးကျင်းကလေးဘေးမှာ အရွက်မကြွေချင်သော သစ်ပင်တစ်ပင် ရှိခဲ့ဖူးသည်။ အအုပ်အသင်းထဲက သင်းမကွဲချင်သည့် ဝံပုလွေအိုကြီး ရှိခဲ့ဖူးသည်။ သည်တစ်ခါတော့ သေခြင်းတရားက လက်တို့ရုံဖြင့် ကြီးတော်သိုင်း အသာအယာ လိုက်ပါသွားခဲ့ပုံပေါ်သည်။ သမီးကြီး မနတ်မက အဝေးမှာ မအေ ဆုံးသည့်သတင်းကို လာပြောရင်း ရှိုက်ကြီးငင်ကြီး ငိုလေသည်။

“ တခြား ဝမ်းမနည်းပါဘူး ဆရာရယ်၊ အမေက ကျွန်မတို့ မောင်နှမတွေကို ယုံပြီး ရွာက အိမ်ကလေးရောင်းပြီး လိုက်လာရှာသာ။ အမေတို့ တသက်လုံး နေခဲ့တဲ့ အိမ်ကလေးမှာ သိက္ခာရှိရှိ နေတဲ့ကြားက ကျွန်မတို့ကို ငဲ့ပြီး ရောင်းလိုက်ရသာကို ပြောမဆုံးရှာဘူး။ သေတော့ တခြားရွာက မောင့်အိမ်မှာ… ဖြစ်ရပုံများ ”

ကြီးတော်သိုင်း ဆုံးပါးခြင်းသည် သလိပ်၊ သည်းခြေ၊ လေ၊ သန္နိပါတ်၊ မပြတ်ယှဉ်မှု၊ ဥတုအာဟာရ၊ ပယောဂနှင့် ကမ္မတရား ဤရှစ်ပါးကြောင့်တော့ ဟုတ်ဟန်မတူ။ ရင်ကွဲနာကျခြင်းလည်း ဖြစ်နိုင်သည်။ အိမ်ကွဲနာကျခြင်းလည်း ဖြစ်နိုင်သည်။

---


#နေဝင်းမြင့် 
#အိမ်ကလေး

#shared_by_louis_augustine
#sbla

Comments