မောင်ရင်မောင် မမယ်မ (အခန်း ၂၂) // ဂျိမ်းစ်လှကျော်
မောင်ရင်မောင် မမယ်မ (အခန်း ၂၂) // ဂျိမ်းစ်လှကျော်
---
တလုတ်မြို့တွင် ကိုရင်မောင် သည်ကဲ့သို့ မကျန်းမမာရှိနေသည့်အတွင်း အဝမြို့တွင် အမိမဖားဥ၊ ရွှေဘိုမြို့တွင် မစောတင်တို့သည် မည်သို့ဖြစ်ပျက်ကြသည်ကို အနည်းငယ်မျှ ပြဆိုပေဦးအံ့။
မဖားဥလည်း ကိုရင်မောင်မှာထားခဲ့သည့်အတိုင်း ကိုရင်မောင် အဝမြို့မှ ထွက်ခွာသွားသည်ကကို ၁၀ရက်၊ ၁၅ ရက်ခန့်ကြာရှိလျှင် တောင်ဖီလာဆရာတော်ကျောင်း ကပ္ပိယကြီးဦးဖြူတုတ်ထံ သစ်သီးလက်ဆောင်များနှင့်သွားရောက်၏။ ဦးဖြူတုတ်က မေးမြန်းသောကြောင့် မောင်ဘိုးရင်၏အမိဖြစ်ကြောင်းနှင့် မဖားဥကပြောပြလျှင် အားရဝမ်းသာ ခရီးဦးကြိုဆိုလက်ခံပြီးမှလောကဝတ်ကိုပြု၏။ ထို့နောက် ကိုရင်မောင့်အကြောင်းကို ပြောဆိုကြရာ ကိုရင်မောင်သွားမည့်လမ်းစဉ်ကို ကိုရင်မောင်ပြောထားသောကြောင့် ဦးဖြူတုတ်သိရှိသဖြင့် ယခုအခါ မည်သည့်ရပ်ရွာသို့ ရောက်တန်သင့်သည်ဟူ၍ နှစ်ဦးလုံးပင် မှန်းတန်းတွေးတောကြပြီးသည့်နောက် မဖားဥကို တောင်ဖီလာဆရာတော်ဘုရားလည်း အားရဝမ်းသာရှိတော်မူသောကြောင့် အစစအရာရာတွင် ဆရာတော်နှင့်တကွ ဒကာကြီး ဦးဖြူတုတ်ကိုပါ အားကိုးပြုလေတော့ဟု မှာထားတော်မူ၏။ ထို့နောက် မဖားဥပြန်လျှင် ဦးဖြူတုတ်သည် မဖားဥအား စားသုံးရန် ကြေးငွေထောက်မ,သည့်ပြင် စစ်ကိုင်းမြို့သို့အရောက်လှည်းဖြင့် ပို့စေ၏။
ထိုနေ့က နှစ်ရက်ကြာရှိပြန်လျှင် ဦးဖြူတုတ်သည် အဝမြို့ မဖားဥအိမ်သို့ တပည့်လက်သားများနှင့်တကွ သွားရောက်၏။ သည်ကဲ့သို့ သွားရောက်ရာတွင် မဖားဥဆင်းရဲနွမ်းပါးလှသဖြင့် တဲပုတ်နှင့်နေရသည်ကိုမြင်လျှင် သစ်များကို ဝယ်စေပြီးမှ ပျက်စီးယိုယွင်းလျက်ရှိသော ထန်းလက်တဲကိုဖျက်၍ ၎င်းနေရာတွင် အိမ်ငယ်တဆောင်ကို ကိုယ်တိုင်ကြီးကြပ်ဆောက်လုပ်ပေးရာ သုံးရက်ခန့်ကြာ၍ အိမ်ပြီးစီးမှ ပြန်သွား၏။ ၎င်းနောက်လည်းဦးဖြူတုတ်သည် ၁ဝ ရက်တကြိမ်၊ ၁၅ ရက်တကြိမ်မျှ မဖားဥထံလာ၍နှစ်ယောက်ချင်း အကြိမ်ကြိမ် တီးတိုးစကားပြောဆိုကြသည်ကို အရပ်ထဲကမိန်းမကြီးငယ်တို့မြင်လျှင် မိန်းမတို့ဘာဝ အနည်းနည်းအဖုံဖုံ အလွဲလွဲအချော်ချော် တွေးထင်ကြ၏။ အချို့သောမိန်းမများကမှာ ဝမ်းတွင်းတွင် မျိုသိပ်၍ မထားနိုင်၊ တိုက်ရိုက်လည်း မမေးဝံ့သောကြောင့် တနေ့သ၌ တဦးသောမိန်းမသည် မဖားဥအိမ်သို့လာပြီးလျှင် အမေ- ဦးဖြူတုတ် သဘောသကာရကောင်းပါ၏လောမေး၏။ မဖားဥလည်း သဘောရိုးဖြစ်ရကား မေးသူ၏အရိပ်နိမိတ်ကို ဂရုမပြုမိသော်လည်း အလွန်မှ သဘောကောင်းသောကြောင့်သာလျှင် အိမ်ရာပင် ဆောက်လုပ်ပေးပေသည်မဟုတ်လောဟု ပြန်ပြော၏။ ကွယ်လွန်သူ ဦးဘိုးအိုနှင့် မည်သူက သာ၍ သဘောကောင်းပါသနည်းဟုမေးပြန်လျှင် မဖားဥသည် ယခုအခါ ဦးဘိုးအိုအကြောင်း စ၍မပြောလာပါနှင့်၊ အမေ လွန်စွာစိတ်မကောင်းဖြစ်သည်ဟူ၍ ပြန်ပြောလိုက်ကာလ ထိုမိန်းမလည်း မိမိတွေးထင်တိုင်းမှန်ပြီဟု စိတ်ချပြီးလျှင် မဖားဥ လင်ယူတော့မည်ဟုရပ်ရွာထဲတွင် ပျံ့နှံ့အောင် သတင်းကြေညာ၏။
ထိုစကားကို မမယ်မ ကြားလျှင် မဖားဥကို အမိရင်းကဲ့သို့ ချစ်ခင်ကြင်နာသနားကရုဏာသက်ရင်း ရှိသည်ဖြစ်၍ ဟုတ်မှန်လျှင်လည်း မဖားဥမှာ အားကိုးမှီခိုရာသူတယောက်ရရာ၏ဟု အောက်မေ့သော်လည်း မဖားဥအိမ်ထောင်ပြုလိမ့်မည်ဟူ၍ မထင်သောကြောင့် အိမ်သို့လာရောက် မဖားဥအရိပ်အခြည် နေပုံထိုင်ပုံကို ချင့်ချိန်ရာ မဟုတ်ကြောင်းသိရှိလျှင် ရှေးကထက်ကရုဏာသက်ဝင်သဖြင့် မမယ်မသည် မဖားဥအိမ်သို့ နေ့စဉ်လာရောက်အလုပ်အကိုင် လုပ်ကိုင်ရန် ရှိသမျှတွင် ကူလုပ်ကိုင်ပေး၏။ ဦးဖြူတုတ်ကကိုယ်တိုင် ကာလသားဖြစ်ခဲ့ဖူးသည့်ပြင် ဗဟုသုတ အကြားအမြင်များပြား၊ အစစအရာရာတွင် သတိပြုတတ်သောသူဖြစ်သဖြင့် မဖားဥအိမ်သို့ မိမိလာတိုင်းလာတိုင်း အနီးအနားရှိအိမ်များမှ မိန်းမများသည် အထူးဝီရိယစိုက်ထုတ်၍ မိမိနှင့်မဖားဥနှစ်ဦးတို့ကို ချောင်းမြောင်းကြည့်ရှုသည်ကိုမြင်ကာမျှဖြင့် ၎င်းမိန်းမများသည် အလွဲလွဲ ထင်မှတ်လျက်ရှိကြကြောင်းကို သိ၏။၎င်းအကြောင်းကို မဖားဥအားပြောကြားပြီးလျှင် ဤသို့သတိပေး၏။ ကျောင်းအမ- ကျွန်ုပ်တို့နှစ်ဦးလုံး၌ အိုကြီးအိုမ အိမ်ထောင်ပြုလိုသော ဆန္ဒလည်းစိုးစဉ်းမျှမရှိကြ၊ ယခုမှာ အရပ်က အလွဲလွဲထင်ကြသည်မှာ အရှည်ကိုဆင်သည်ရှိသော် မောင်ရင်မောင် ကောင်းဖို့မျှဖြစ်သည်။ သို့ဖြစ်သောကြောင့်သူတကာ အထင်လွဲသည့်အရာများကို ဂရုမပြုပါနှင့်၊ နေမြဲသာ နေပါဟုမှာထား၏။
မဖားဥထံ ဦးဖြူတုတ် သည်ကဲ့သို့ မကြာမကြာ လာရောက်ထောက်မသည့်အရာကို ချောင်းမြောင်းကြည့်ရှု၍ အကဲခတ်ကြသည့်အရာ၌ ယခင်ဆိုခဲ့သော မိန်းမများချည်းသာမဟုတ်၊ အခြားသောမိန်းမများလည် အကဲခတ်ကြလေသည်။ ထိုမိန်းမများမှာ ယောက်ျားနှင့်မိန်းမ အိမ်ထောင်သည့်ကိစ္စတွင် မိန်းမတိုင်းတို့၏ဘာဝ ဝါဒရှိသောကြောင့်သာလျှင် ပြုလုပ်ကြသည့်အရာဖြစ်သည်။
မောင်မြတ်သာမှာကား သည်ကဲ့သို့ ပျော်ပါးလို၍မဟုတ်၊ ကိုရင်မောင်ကို ထောင်တွင်းတွင် ချုပ်နှောင်ထားရာမှ လူရှင်ကို လူသေမှတ်၍ရေထဲသို့ ချလိုက်မိသောကြောင့် ကိုရင်မောင်သေပြီဟူသောစကား ကြားနာရသည့်အခါကပင်လျှင် ရေကူးအရာ၌ ကိုရင်မောင်သည် အထူးသဖြင့် စွမ်းသန်သူဖြစ်ကြောင်းကို သတိရသဖြင့် ကိုရင်မောင်သေပြီဟူ၍စိတ်မချ။ အသက်ရှည်လျက် ရှိလေဦးမည်ဟူ၍သာ ထင်သောကြောင့် ထိုအခါများက ကိုရင်မောင်ကို ရေသို့ချသော အာဏာသားနှစ်ယောက်ထံ ကိုယ်တိုင်သွားရောက်ငွေကြေးပေးခြင်း၊ ထန်းရည်အရက်တိုက်ခြင်းအားဖြင့် ချော့မော့မေးမြန်းရာအာဏာသားတို့ကလည်း ကိုရင်မောင်ကိုယ်ကို မိမိတို့ကိုယ်တိုင် အိတ်စွပ်၍ အိတ်တွင်းသို့ ခဲကျောက်အမြောက်အမြား လေးလံစွာ သွတ်သွင်းပြီးမှမိမိတို့ကိုယ်တိုင် ရေထဲသို့ချရာ မိမိမျက်မှောက်တွင်ပင် ရေ၌မြုပ်သွားသည်သာမက ပြန်၍လည်း မပေါ်လာကြောင်းနှင့် ကျမ်းသစ္စာကျိန်ဆို၍ အတန်တန်ပြောမှ အနည်းငယ်စိတ်အေးသော်လည်း စိတ်လုံးလုံးမချနိုင်သဖြင့် မဖားဥအိမ်ကို အစဉ်သဖြင့် တစေ့တစောင်း သတိပြု၍ ချောင်းမြောင်းကြည့်ရှုကာနေ၏။ သည်ကဲ့သို့ ကြည့်ရှုနေသည့်အတွင်း တောင်ဖီလာဆရာတော်၏ခမည်းတော် ဦးဖြူတုတ်သည် နောက်နောက်က မသိကျွမ်းဖူးဘဲလျက် ရုတ်တရက်ရောက်လာပြီးလျှင် မောင်ရင်မောင် အမိမဖားဥကို ကြည့်ရှုစောင်မအိမ်ရာဆောက်ပေးရုံမျှမက ရံဖန်ရံခါ လာရောက်ကူပံ့သည်များကို တွေ့မြင်ရလျှင် မောင်မြတ်သာတွေးထင်သည်မှာ မောင်ရင်မောင်ကား မုချအားဖြင့်အသက်ရှည်လျက်ရှိသည်။ သူ့ကို ဦးဖြူတုတ် လျှို့ဝှက်ထားသည်ဖြစ်မည်၊ ဦးဖြူတုတ် လျှို့ဝှက်ထားလျှင်လည်း အရပ်ဝေးတွင်မဝှက်၊ တောင်ဖီလာကျောင်းအနီးအနားတွင်ပင် ဝှက်မည်။ ယခု ဦးဖြူတုတ်သည် မဖားဥထံမကြာမကြာလာရောက်သည်မှာ မဖားဥကို ချစ်ကြိုက်၍လာသည်ဟူ၍ အရပ်ထင်ကြသည့်အရာမမှန်၊ မောင်ရင်မောင်က စေလွှတ်သောကြောင့် မောင်ရင်မောင့်ကိုယ်စားလှယ်ပြုလုပ်၍ လာသည် မုချဖြစ်မည် ငါသတိပြု၍ကြည့်ရှုမှ သင့်မည်ဟု အကြံပြု၏။
---
အခန်း ( ၂၃ ) ဆက်ရန်
---
#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်
#shared_by_louis_augustine
Comments
Post a Comment