မောင်ရင်မောင် မမယ်မ (အခန်း ၂၄) // ဂျိမ်းစ်လှကျော်

မောင်ရင်မောင် မမယ်မ (အခန်း ၂၄) // ဂျိမ်းစ်လှကျော်

---

ကိုရင်မောင် အဝမြို့မှထွက်ခွာသွားသည့်နောက် အမိမဖားဥတို့ နေထိုင်ရပုံ၊ မမယ်မ မောင်မြတ်သာတို့ နေထိုင်ဖြစ်ပျက်ကြပုံမှစ၍ မောင်မြတ်သာသည် မယား မမယ်ကို သင်္ကာမကင်း မယုံမကြည်ရှိလျှင် ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းဖြစ်ပွား၊ အတိဒုက္ခတွေ့ကြိမ်ရသည့်အကြောင်းများကို အထက်ကပြဆိုခဲ့လေပြီ။ ရွှေဘိုမြို့တွင် မစောတင်မှစ၍ အဘဝန်မင်းအမိဝန်ကတော်တို့ အဖြစ်အပျက်ကို ယခု အနည်းငယ်မျှ ပြဆိုပေဦးအံ့။

ဤလောက၌ ယောက်ျားနှင့်မိန်းမ ဓမ္မတာသဘောအရ ချစ်ခင်စုံမက်ကြရာ၌ မည်သူ့အချစ်မေတ္တာ သာ၍ကြီးကျယ်ကြောင်းမှာ ရှေးပညာရှိ ကဝိပုဂ္ဂိုလ်တို့ပင်လျှင် တဦးနှင့်တဦး သဘောအယူအဆမတူ ကွဲလွဲလျက်ရှိကြသည်။ အချို့သောဆရာတို့က မိန်းမကြိုက်ကမျှော်လိုက်ကာ၊ ယောက်ျားကြိုက်ကစိုက်စိုက်လာဟူသောကြောင့် မိန်းမ၏အချစ်မေတ္တာထက်ယောက်ျား၏အချစ်မေတ္တာက ကဲလွန်သည်ဟူ၍ ပြဆိုသည်။ အချို့တို့ကလည်း မိန်းမတို့ ဣန္ဒြေ ရွှေပေး၍မရဟူ၍ အဆိုရှိသည်။ မိန်းမတို့မှာကား ဣန္ဒြေကိုစောင့်ထိန်းရခြင်းကြောင့် အချစ်ကို လူသူမသိရှိသည်။ အကယ်စင်စစ်ကား မိန်းမတို့၏အချစ်က ပိုလွန်သည်ဟူ၍ အယူရှိသည်။ အချို့ကလည်း မိန်းမနှင့်ယောက်ျားတွင် မည်သူက မည်သူ့ထက်သာသည်ဟူ၍ မဆိုသာ။ လူ၏သဘောကိုသာလိုက်၍ ဖြစ်သည်ဟူ၍လည်း ပြောဆိုရေးသားကြသည်။မိန်းမနှင့်ယောက်ျားတွင် မည်သူက အချစ်သာသည်ဟူ၍ပင်ဆိုစေ၊ ဤကဲ့သို့သော ချစ်ခြင်းမျိုး၌ အသက်အရွယ်နုနယ်သူတို့၏ ချစ်ခြင်းသည်အသက်အရွယ် ကြီးရင့်သောသူတို့၏ ချစ်ခြင်းထက် ဆတက်ထမ်းပိုး ကဲပုံသာလွန်ကြောင်းမှာ မုချမှန်သည်။ စီးဆင်းသောရေအားကြီးက တားဆီးပိတ်ဆို့၍မရနိုင်သည့်နည်းတူ ချစ်ခြင်းအားကြီးကလည်း တားဆီးပိတ်ဆို့၍မရနိုင်။ အသက်အရွယ်ကြီးရင့်သူတို့၏ ချစ်ခြင်းကား ချုပ်တည်းနိုင်သည်။ ယောက်ျားငယ်၊ မိန်းမငယ်တို့ ကလေးချင်းဘာဝချစ်ကြိုက်ကြလျှင် လွန်စွာချုပ်တည်းနိုင်ခဲသည်။ ကြိုက်လျှင်လည်းမရှက်၊ ငိုက်လျှင်လည်းမရှက်ဟူသော ရှေးပညာရှိတို့ စကားသည် သူငယ် သူငယ်မတို့ ချစ်ကြိုက်ခြင်းကိုရည်၍ဆိုခြင်းဖြစ်သည်။

သို့ဖြစ်သောကြောင့် အသက် ၁၇-နှစ်ရွယ်မျှရှိသူ အပျိုမိန်းကလေး မစောတင်သည် မိမိနှင့်အရွယ်တူဟု ဆိုအပ်သော မောင်ရင်မောင်နှင့် ချစ်ကြိုက်မိလျှင် မောင်ရင်မောင်အား အထူးသဖြင့် ချစ်ကြည်အားထားသည့်အရာများကို ထူးခြားသည်မဆိုသာ။ ယခင်တခန်းတွင် ပြဆိုခဲ့သည့်အတိုင်း ကိုရင်မောင်သည် မစောတင်နှင့် အိမ်ထောင်ဖက်ရန် ရပ်ရွာကိုပြန်၍ မိဘတို့ထံ ခွင့်ပန်ချေဦးမည် ပြောဆိုထွက်သွားသဖြင့် မစောတင်မျက်ရည်စက်လက်နှင့် ကျန်ရစ်ခဲ့ပြီးသည့်နောက် တလခန့်မျှကြာလိမ့်မည်။ ကိုရင်မောင် မှာထားသည့်အတိုင်း နေ့စဉ်နေ့စဉ် နေ့ရက်ကိုရေတွက်ပြီးလျှင် ယနေ့လျှင်လည်း ရက်ပေါင်းမည်မျှရှိပြီဖြစ်၍ ကိုဘိုးရင်လာရန် ရက်ရေမည်မျှလိုသေးသည်သာလျှင် တွက်စစ်ကာနေ၏။ သည်ကဲ့သို့ ရေတွက်ရာမှ တလစေ့ရောက်လုနီးလျှင် ကိုဘိုးရင်လာရောက်တော့မည်။ လာကလည်း သူတကာမမြင်ရမီ သူတကာ့အလျင်မြင်ရအောင်ဟု ကြံပြီးလျှင် မိမိအိပ်ခန်း တောင်ဘက် ပြတင်းပေါက်ကသာ ကိုရင်မောင်လာမည့်လမ်းကို နေထွက်နေဝင် နေ့စဉ်မပြတ်မျှော်တမ်းရှာ၏။

သည်ကဲ့သို့ပင် တလကနှစ်ရက်ခန့် ကျော်လွန်လျှင် မစောတင်သည် မိန်းမငယ်တို့ဘာဝ တွေးတောဆင်ခြင်သည်မှာ ခရီးသွားတို့မည်သည်မှာ အခိုက်အခန့်မသင့်လျှင် နှစ်ရက်တန်သည် သုံးရက်တန်သည် ကြန့်ကြာမြဲဖြစ်သည်။ ယနေ့မရောက်လျှင် နက်ဖြန်ရောက်လာလိမ့်မည်။ နက်ဖြန်မရောက်လျှင်လည်း သန်ဘက်ခါရောက်လိမ့်မည်။ ကိုဘိုးရင်သည် ငါ့အားမုချစုံမက်သည်။ ငါ့ကိုလိမ်လည်မည်မဟုတ်၊ ကိုဘိုးရင်မျက်နှာတွင် လိမ်လည်တတ်သည့်လက္ခဏာမပါဟုအောက်မေ့။ ကိုဘိုးရင်ရှိစဉ်က ငါ့အားမည်သည့်စကားကို ပြောဆိုဖူးသည်။ မည်သို့ ကျီစယ်ဖူးသည်များကိုလည်း အောက်မေ့ပြီးလျှင် ကိုယ့်စိတ်ကိုကိုယ် ဖျောင်းဖျကာဖြင့် မျှော်လျက်သာနေ၏။

တလက တလခွဲခန့်ကြာရှိပြန်လျှင် ကိုဘိုးရင်ကား မကျန်းမမာ၍သာလျှင် ချိန်းချက်သည့်နေ့ရက်ကို မလာနိုင် မရောက်နိုင်ရှိသည် တွေးထင်မိပြန်သဖြင့် ပူဆွေးဒုက္ခကြီးလှသောကြောင့် ဝမ်းတွင်း၌ တကိုယ်တည်းမမျိုမသိပ်နိုင်ရှိလျှင် အိမ်တွင်နေထိုင်၍ မိမိအား ငယ်စဉ်ကတည်းက ထိန်းကျောင်းကျွေးမွေးလာသော မိမိအထိန်း ၃၆-နှစ်ရွယ် မိန်းမတဦးအား ဤသို့ပြောကြားတိုင်ပင်၏။ မကြီးမိ- ကိုဘိုးရင်သည် တလနှင့် ပြန်လာမည်ပြောဆိုသွားရာ ယခုကား တလခွဲကျော်၍လည်း မပြန်မလာရှိနေသည်၊ ကျွန်မမှာ စား၍လည်းမဝင်၊ အိပ်၍လည်းမပျော်နိုင်ရှိနေသည်၊ မည်သို့ကြံရမည်ကိုအကြံပေးစမ်းပါဆိုလျှင် မကြီးမိလည်း ငါ့တူမ- ငါ့တူမအရိပ်ကို အဒေါ်ကြည့်ရှုလျက်နေသည်၊ အဒေါ်အမှတ်မဲ့နေသည်မထင်နှင့်၊ အဒေါ်တို့လည်း အဒေါ်တို့အခါများက ဤကဲ့သို့ပင် ကြိမ်ကြိုက်ခဲ့ဖူးသည်။ သို့ဖြစ်၍ မစောတင် စိတ်တွင် မည်သို့ ပူဆွေးသည်ကို အဒေါ်သိသည်။ နောက်ဆုံးကျရောက်ကာလ အဒေါ်အကြံပေးမည်။ ယခုမှာ မောင်ဘိုးရင်သွားသည့်ခရီးနှင့် နှိုင်းစာသော် ရက်ပေါင်းများစွာ ကြန့်ကြာသေးသည်မဟုတ်။ မကွေးမြို့ဆိုသည့်ခရီးသည် အဒေါ်မေးမြန်းကြည့်ရာ ကုန်းတတန်၊ ရေတတန်၊ လှည်းတတန်၊ လှေတတန် သွားရသည့်ပြင် ဆယ်ရက် ဆယ့်ငါးရက်ခန့်သွားမှရောက်သည်။ အသွားအပြန်ဆိုသော် တလခွဲ နှစ်လခန့်ကြာပေမည်၊ မစိုးရိမ်နှင့်၊ နောက်ဆုံးတနေ့ကျလျှင် အဒေါ်ကိုယ်တိုင်သွား၍ ခေါ်ပေးမည်ဟုဆို၏။

မစောတင်လည်း အဒေါ်- မြို့သူကြီးသမီးများသည် ကျွန်မအား မနာလိုရှိသည်။ ထိုမိန်းမများ ကဲ့ရဲ့မည်ကို စိုးရိမ်ရှက်ကြောက်ပါသည်ဆိုလျှင် မကြီးမိလည်း ငါ့တူမကိုကဲ့ရဲ့လျှင် သင်တို့လည်ပင်းကို အဒေါ်နင်း၍ ပါးကိုရိုက်မည်ဆို၏။ ထိုအခါ မစောတင်သည် မကြီးမိကား ငါနှင့်ကိုယ်ချင်းစာသူဖြစ်သည်။ သူကိုယ်တိုင်လည်း ဤအမှုမျိုး တွေ့ကြိမ်ခဲ့ဖူးသည်။ သူ့ကိုကား ငါအားကိုးလောက်သည်။ သူ့စကားကို ငါနားထောင်အံ့ဟု အကြံပြု၏။

တနေ့သ၌ ဝန်မင်းဦးကျောက်ခဲသည် ညအိပ်ရာဝင်တွင် ဝန်ကတော်နှင့် တိုင်ပင်သည်မှာ ဝန်ကတော်- မောင်ဘိုးရင်သည် တလနှင့်ပြန်လာမည်ဆို၍သွားရာ ယခုကား တလခွဲရှိ၍မှ မလာရှိနေသည်၊ ဝန်ကတော်သမီးလည်း အသားအရေဆုတ်ယုတ် မျက်နှာမသာရှိလှပြီ၊ ကျွန်ုပ်ကား မိန်းကလေးကို လွန်စွာသနားသည်၊ အစစအရာရာတွင် ဝန်ကတော်က အမိဖြစ်သည်နှင့်လျော်ညီစွာ အားပေးပါ။ ကျွန်ုပ်ကား ကရုဏာအားကြီးလှသောကြောင့် မိန်းကလေးမျက်နှာကိုမျှ မကြည့်ချင်အောင်ရှိသည်။ ကျွန်ုပ်သည် နံနက်ခင်းအချိန် ဝင်းအတွင်းစင်္ကြံလျှောက်တိုင်းပင် မိန်းကလေးသည် ပြတင်းပေါက်က တောင်သို့မျှော်နေသည်ကို တွေ့မြင်ရသည်။ ညနေခင်းကျရောက်ပြန်လျှင်လည်း ဤနည်းပင် မျှော်တော့သည်။ သမီးကလေး သည်ကဲ့သို့မျှော်သည်ကို မြင်ရလျှင် ကရုဏာအားကြီးလှသဖြင့် ကျွန်ုပ်စိတ်နှလုံး၌ များစွာမချမ်းမသာဖြစ်သောကြောင့် ယခုကား ဝင်းအတွင်းကိုမျှ ကျွန်ုပ်ဆင်း၍ စင်္ကြံမလျှောက်ပြီဟုဆိုလျှင် ဝန်ကတော်လည်း ဝန်မင်း- ကျွန်ုပ်သည် အမှတ်မဲ့နေသည် ဝန်မင်းထင်သလော၊ ဝန်မင်းမှာ အဘမျှဖြစ်သည်၊ ကျွန်ုပ်မှာ မစောတင်အမိဖြစ်သည်၊ မိန်းကလေးသည် ယခုမှ မောင်ဘိုးရင်ကိုမျှော်သည်မဟုတ်၊ မောင်ဘိုးရင်သွား၍ ရက်ပေါင်းအစိတ် စေ့ရောက်သည့်နေ့ကပင် စ၍မျှော်သည်၊ ကျွန်ုပ်မှာ မောင်ဘိုးရင်မှာသွားသော တလစေ့ကုန်၍ ၁၅ ရက်စွန်းလျှင် ရွှေမိလင် ငမှတ်ကို စေလွှတ်လိုက်သည်။ ငမှတ်သည် ကိုယ်နှင့်လည်းဆွေမျိုးတော်စပ်သည်။ ၎င်းမယား ရွှေမိလည်း ကျွန်ုပ်ညီမတော်ပင် ဖြစ်သည်၊ အစစအရာရာတွင် သူတို့ကို ရှက်ကြောက်ရန်အကြောင်းမရှိ၊ ငမှတ်သည်လိမ္မာရေးခြားရှိသည်၊ ခိုင်းလေရာရာ ပေါက်ပေါက်ရောက်ရောက်လည်းရှိသည်။ အကယ်၍ မောင်ဘိုးရင်လာလျှင်လည်း လမ်းတွင် တွေ့ဆုံမိစေတော့ မလာလျှင် စစ်ကိုင်းမြို့တောင်ဖီလာဆရာတော်ကျောင်းသို့ ရောက်သွား၍သတင်းမေးပြီးလျှင် ပြန်လာလိမ့်မည်။ ယခုနေ့ ငမှတ်လာရက် နေ့ရောက်သည်။ ယနေ့မလာလျှင် နက်ဖြန်ဆက်ဆက် ရောက်လာလိမ့်မည်။ ငမှတ်နှင့်အတူလည်း နောက်ပါလူနှစ်ယောက် ထည့်လိုက်သည်ဆိုလျှင် ဝန်မင်းလည်း ဝန်ကတော်ကား အမြော်အမြင်ရှိသော မိန်းမကောင်း ပီပါပေသည်ဟုချီးမွမ်း၏။

---

အခန်း ( ၂၅ ) ဆက်ရန်


---

#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်

#shared_by_louis_augustine
#sbla

Comments