မောင်ရင်မောင် မမယ်မ (အခန်း ၂၇ ) // ဂျိမ်းစ်လှကျော်
မောင်ရင်မောင် မမယ်မ (အခန်း ၂၇ ) // ဂျိမ်းစ်လှကျော်
---
ထို့နောက် ဝန်ကတော်နှင့်တကွ မကြီးမိတို့သည် ကိုရင်မောင်အကြောင်းကို ဦးဖြူတုတ်နှင့် တီးတိုးမျှ တိုင်ပင်ပြောဆိုကြ၏။ ၎င်းနောက်ကျောင်းပရိဝုဏ်အတွင်းရှိ ဇရပ်နှစ်ဆောင်တွင် ဦးဖြူတုတ်က နေရာချထားသောကြောင့် ခေတ္တခဏမျှ ရပ်နား တည်းခိုနေသည့်အတွင်း မစောတင်သည်ဦးဖြူတုတ်ထံသို့သွားရောက် ကန်တော့ ဝတ်ပြု၏။
ဦးဖြူတုတ်လည်း မစောတင်ကိုမြင်လျှင် အရည်အချင်းနှင့် ပြည့်စုံလုံလောက်သောမိန်းကလေးဖြစ်သည့်အတိုင်း ကရုဏာသက်သဖြင့် မစောတင်ဝတ်ချသည်ကိုမြင်လျှင် စကားမှစမိစေတော့အကြံဖြင့် ဝန်မင်းအကြောင်းကိုမေးမြန်း၏။ ထို့နောက် တရွေ့မှတရွေ့ ကိုရင်မောင်အကြောင်းကို ဆက်မိလျှင် ဦးဖြူတုတ်သည် ဤသို့ပြော၏။ ငါ့သမီးရည်ရွယ်သောသူကား ယောက်ျားမြတ်ဖြစ်သည်။ ပညာဗဟုသုတအရာမှာ တဖက်ကမ်းခပ်မျှတတ်ကျွမ်းသည်၊ ရဲစွမ်းသတ္တိဆိုသည်မှာလည်း ဆိုဖွယ်ရာမရှိ၊ အရုပ်အရည်မှာလည်း ယောက်ျားပီသသည့်အပြင် ချောမောလှပသည့် အဆင်းလည်းရှိသည်။ ငါ့သမီးမှာလည်း အရုပ်အရည်နှင့်တကွ လှပတင့်တယ်ယဉ်ကျေးခြင်းရှိသည့်ပြင် အမျိုးအရိုးဂုဏ်လည်း သူတပါးထက်ထူးသော ဝိသေသရှိပါပေသည်။ ဤအကြောင်းများကြောင့်သာလျှင် မောင်ဘိုးရင်သည်- ငါ့သမီးကိုဤမျှလောက် နှစ်သက်စုံမက်ခြင်း ရှိပါပေသည်ဆိုလျှင် မစောတင်လည်း အဖေ- ကိုဘိုးရင်သည် အဖေထံလာရောက်စဉ်အခါက အဖေ့သမီးအကြောင်းများကို အရိပ်အမြွက်မျှ ပြောသွားပါ၏လောမေး၏။
ဦးဖြူတုတ်လည်း ငါ့သမီးအကြောင်းကို အရိပ်အမြွက်မျှ ပြောဆိုရုံမျှသာပြုမည်ဆိုသော် အဖေ ဂရုပြုမည်မဟုတ်၊ ယခုမှာကား ငါ့သမီး အကြောင်းနှင့်စပ်လျဉ်း၍ မောင်ဘိုးရင်ပြုလုပ်သည့်အရာများ၌ အဖေ ကံကုသိုလ်ကြီးသောကြောင့် အသက်မသေသည်ဟူ၍ဆိုလျှင် မစောတင်က ထပ်ကာထပ်ကာမေးမြန်းကာလ ဦးဖြူတုတ်ပြောသည်မှာ ငါ့သမီးကို မောင်ဘိုးရင် မချစ်မကြည်မည်စိုးရိမ်ရန်အကြောင်းကား အလျဉ်းမရှိ၊ ငါ့သမီးကိုမောင်ဘိုးရင် ချစ်ကြည်ပါသည်ဆို၍ မောင်ဘိုးရင်နှုတ်ဖြင့် ပြောရုံမျှနှင့်လည်းအဖေ ဤမျှလောက် ယုံကြည်အားထားခြင်း ရှိမည်မဟုတ်၊ ယခုမှာကားမောင်ဘိုးရင်သည် ဤကျောင်းသို့ ရောက်လာပြီးလျှင် ယခု ငါ့သမီးထိုင်သည့်နေရာတွင် လျောင်း၍ အိပ်ပျော်နေသည့်အခိုက် သူ့ရည်းစား မစောတင်ကိုသူတပါး စော်ကားကျင့်ကြံသည်ဟု အိပ်မက်မက်သဖြင့် အိပ်ရာမှယောင်ယမ်း၍ ရုတ်တရက်ထကြွ ကျောက်ကန် ထိုးကြိတ်ပြုလုပ်ရာ အဖေ့နဖူးတွင် ယမန်နေ့ကတွင်မှ အဖူးအရောင် ကင်းပျောက်သည်။ အဖေ့နဖူး၌ လက်နှင့်နှိပ်၍ စမ်းသပ်သော် ယခုတိုင် နာကျင်လျက် ရှိသေးသည်။ သို့ဖြစ်သောကြောင့် မောင်ဘိုးရင် ငါ့သမီးမစောတင်ကို ချစ်သည်၊ မချစ်သည်များကိုအဖေ့အား မမေးလာနှင့် မေးတိုင်းမေးတိုင်း အဖေ့နဖူးတွင် အဖူးအရောင်ဖြစ်သည်ဟူ၍ အဖေ့စိတ်၌ ထင်မိသည်ဟုဆို၏။
ဦးဖြူတုတ်ဆိုသောပုဂ္ဂိုလ်သည် ပညာဗဟုသုတ အကြားအမြင်မှစ၍ များပြားသူမှန်သည့်ပြင် သဘောအထား အနေလည်း ဖြူစင်သူဖြစ်သည့်အတိုင်း ကိုရင်မောင်အား အထူးသဖြင့် မေတ္တာသက်ဝင်ခြင်းရှိ၏။ သည်ကဲ့သို့ မေတ္တာသက်ဝင်သည့်အရာတွင် အကြောင်းကိုရှာလိုက်သော် ဦးဖြူတုတ်သည် လွန်စွာ မမာမကျန်းရှိရာ ကိုရင်မောင် လာရောက်ဆေးဝါးကုသဖြင့်သေမင်းလက်မှ အသက်ကို လုယက်ယူငင်ဘိသကဲ့သို့ အသက်ဘေးမှချမ်းသာရသည်တတန်။
ထို့ပြင် မိမိသား ဦးပဉ္စင်းဦးဗုဒ္ဓိယသည် ဟောပြောသည့်နေ့ တဆယ့်နှစ်လအတွင်း ရဟန်းတော်တို့ဘောင်တွင် ရဟန်းတော်တို့၏ ဦးစီးနာယကဥက္ကဋ္ဌအဖြစ်သို့ ရောက်လိမ့်မည် ဗေဒင်ဟောပြောရာ မှန်ကန်သည်တတန်၊ ထို့ပြင် ကိုရင်မောင် မည်သို့ ပင်ပန်းနွမ်းနယ်သော အ၀တ်ကို ဝတ်ဆင်၍လာသော်လည်း ကိုရင်မောင် နေထိုင်ပုံ၊ ကိုရင်မောင် ပြောဆိုပြုမူပုံမှစ၍ ကိုရင်မောင်၏ ရုပ်လက္ခဏာကို မြင်ကာမျှဖြင့် သာမညမဟုတ်ကြောင်းကို သိမြင်သဘောကျနသည်တတန်၊ သည်ကဲ့သို့သော အတန်တန်များကြောင့် ကိုရင်မောင်အား ရင်၌ဖြစ်သော သားအရင်းကဲ့သို့ ချစ်ခင်စုံမက်သဖြင့် လွမ်းဆွတ်တသလျက်ရှိနေသည်အတွင်း မစောတင်၏ ရုပ်လက္ခဏာကို မြင်ရပြန်လျှင်ဤမိန်းမငယ်ကား ရုပ်လက္ခဏာအားဖြင့် လွန်စွာမြင့်မြတ်သောမိန်းမငယ်ဖြစ်သည်၊ မိန်းမတို့၏ရုပ်လက္ခဏာကို ပြဆိုရာသော ကျမ်းအစောင်စောင်၌မျက်လုံး၊ မျက်ဆန်၊ ဆံပင်စသည်နှင့် ပါးစပ်နေပုံကို အရင်းပဋ္ဌာနပြု၍ပြသော ရုပ်လက္ခဏာနှင့် ညီညွတ်သည့်ပြင် ဣတ္ထိသျှတ္တရစသော ကျမ်းဂန်များ၏အထွက်အလာနှင့်လည်း ညီညွတ်သည်။ ကိုယ်လုံးကိုယ်ပေါက်ကို ကြည့်ရှုလိုက်ပြန်ရာလည်း မရှည်လွန်း မပုလွန်း ကျန်းဂန်နှင့်လျော်ညီသည်။ ခါးလည်း သေးသည်၊ ရင်လည်း ချီသည်၊ အစစအရာရာတွင် ရိုးသားဖြောင့်မတ်တည်တံ့သော စိတ်နှလုံးရှိသဖြင့်လည်း တဦးသောယောက်ျားကို စုံမက်မိလျှင် တပါးသောယောက်ျားကို မြက်သစ်ရွက်လောက်မျှ မှတ်ထင်တော့မည်မဟုတ်၊ မျက်နှာထားကားချို၏။ ချိုသော်လည်း ကလိမ်းကလက်ပြုလုပ်လိုသော ရုပ်လက္ခဏာမရှိ။ ဤမိန်းမငယ်ကား မောင်ရင်မောင်အဖို့ တမင်မှာ၍ပြုလုပ်ထုထွင်းထားဘိသကဲ့သို့သာ ရှိတော့သည်ဟု ရုပ်လက္ခဏာကို ဖတ်ကာဖတ်ကာဖြင့် အောက်မေ့ပြီးလျှင် မစောတင်နှင့် စကားပြောလေပြောလေမေတ္တာသက်ဝင်၊ ကိုရင်မောင်အကြောင်းနှင့်စပ်လျဉ်း၍ မစောတင်မေးတိုင်းမေးတိုင်းကို ထိန်ဝှက်ခြွင်းချန်ခြင်းမရှိဘဲ အကုန်အစင်ပြောပြလေ၏။
မစောတင်လည်း ဦးဖြူတုတ်နှင့် စကားတာရှည် ပြောဆိုနေရာမှ ဦးဖြူတုတ်သည် မိမိအား မေတ္တာသက်ဝင်ကြောင်းကို မုချသိရှိလျှင် ဤသို့ဆို၏။ အဖေ- အဖေ့သား ကိုဘိုးရင်ကား လွန်စွာစိမ်းကားသောသူဖြစ်ပါသည်။ အစပထမက ဤသူကား စကားတခွန်းကို ဖျက်မည့်သူမဟုတ်ဟူ၍ ကျွန်မ အောက်မေ့မိပါသည်။ ကိုဘိုးရင်သည် အမိထံတိုင်ကြားချေဦးမည်၊ ရက်ပေါင်းသုံးဆယ်အတွင်း မရောက်ရောက်အောင်လာခဲ့မည် ကတိစကားပြောဆိုသွားပြီးလျှင် ယခုမှာကား ရက်ပေါင်းသုံးဆယ်ကကျော်၍ ရက်ပေါင်းကိုးဆယ်နီးသည်တိုင်အောင် မလာမရောက်ရှိနေသည်။ အဖေ့သားကား သူတပါးကို မညှာတာ၊ စကားမတည်တံ့သော လူလိမ်လူကောက်ဖြစ်ပါသည်တကား ဟုဆိုလျှင် ဦးဖြူတုတ်လည်း ငါ့သမီးမစောတင်၊ ငါ့သမီးကားမိန်းမသားမျှဖြစ်သည်။ မိန်းမတို့မျက်မြင်ကား ဤမျှလောက်သာရှိသည်၊အစစအရာရာ ငါ့သမီးမသိသောကြောင့်သာလျှင် ငါ့သား မောင်ဘိုးရင်ကိုအပြစ်တင်သည်။ မောင်ဘိုးရင်အကြောင်းနှင့်စပ်လျဉ်း၍ အဖေသိသရွေ့သာလျှင် ငါ့သမီးသိမည်ဆိုသော် ငါ့သမီးမျက်ရည်ကျလိမ့်မည်ဆိုလျှင်၊ အဖေ-ကိုဘိုးရင်အကြောင်းနှင့်စပ်လျဉ်း၍ အဖေသိသမျှကို ကျွန်မ သိပါရစေ၊ ကျွန်မကို ပြောပြပါဆို၏။ ဦးဖြူတုတ်လည်း ငါ့သမီး- မောင်ဘိုးရင်အကြောင်းနှင့်စပ်လျဉ်း၍ သူ့အကြောင်းကို သူတပါးသို့ မပြောပါလေနှင့်ဟု သူမှာ၍သွားသည်၊ ငါကလည်း မည်သူတစုံတယောက်သို့မျှ မပြောမပြမည့်အကြောင်းကျမ်းကျိန်ဆိုလိုက်ရသည်ဟုပြောလျှင် မစောတင်လည်း ဦးဖြူတုတ်ကားငါ့အား မုချမေတ္တာရှိသည်၊ ကိုဘိုးရင်ထံ ကျမ်းကျိန်ဆိုထားသော်လည်းငါ အပူတပြင်းမေးရသော် ပြောလိမ့်မည်အထင်ဖြင့် ဤသို့ပြန်ပြော၏။ အဖေ-အဖေဆိုသော ကျမ်းသစ္စာကား သူတပါးနှင့်သာဆိုင်ပါသည်။ သူတပါးကို အဖေပြောသော် သစ္စာဖောက်ဖျက်ရာ ရောက်ပါလိမ့်မည်။ ကျွန်မမှာကား သူတပါးမဟုတ်၊ ကိုဘိုးရင်နှင့် နှစ်ကိုယ်တစိတ်ဖြစ်ပါသည်။ ကိုဘိုးရင်နှင့် ကျွန်မမှာ လင်ခန်းမယားခန်း မမြောက်သေးသော်လည်း မိဘနှစ်ပါးစိတ်တူသဘောတူ လက်ထပ်ထိမ်းမြားမည် ရည်ရွယ်ပြီးသောမယား ဖြစ်ပါသည်။ လင်နှင့်မယားဆိုသည့်အရာမှာ လျှို့ဝှက်ရာသောစကား မရှိရာသည်အတိုင်း ကိုဘိုးရင်အကြောင်း စကားများကို ကျွန်မသို့ ပြောကြားခြင်းအားဖြင့်အဖေ ကျိန်ဆိုထားသော ကျမ်းသစ္စာပျက်ကွက်နိုင်မည်မထင်ပါဆိုလျှင် ဦးဖြူတုတ်လည်း ငါ့သမီးပြောသောစကား မှန်ပါပေသည်။ အဖေ ပြောပြတော့မည်၊ ငါ့သမီး စေ့စေ့သာ နားထောင်လေလော့။ မောင်ဘိုးရင်ကား ပြည့်ရှင်မင်းကြီး အမျက်တော်ပွားများရှိလျှင် ပထမ ရွှေဘို တပယင်းအရပ်သို့ထွက်ပြေးတိမ်းရှောင်ရသည်၊ ရွှေဘိုတပယင်းက ပြန်လာလျှင် အမျက်တော်မပြေမကြေကြောင်း သိရှိပြန်သဖြင့် အသက်ဘေးမှ ချမ်းသာရလေအောင်ကုလားမင်းတိုင်းနိုင်ငံ အောက်မြို့ကျေးရွာသို့ ပြေးရရှာလေပြီဆိုလျှင် ရုတ်တရက် ရှောင်တခင်အားဖြင့် မစောတင်သည် ဟစ်အော်ငိုကြွေးပြီးလျှင်သတိမရ မူးမော် တွေဝေ လဲကျသွားရှာလေ၏။
---
အခန်း ( ၂၈ ) ဆက်ရန်
---
#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်
#shared_by_louis_augustine
Comments
Post a Comment