မောင်ရင်မောင် မမယ်မ (အခန်း ၂၃) // ဂျိမ်းစ်လှကျော်

မောင်ရင်မောင် မမယ်မ (အခန်း ၂၃) // ဂျိမ်းစ်လှကျော်

---

သည်ကဲ့သို့ သတိပြုလျက်နေရာတွင် မမယ်မသည် မဖားဥအိမ်သို့ နေ့စဉ်သွားသည်ကို မောင်မြတ်သာမြင်ပြန်လျှင် မမယ်မကား မောင်ရင်မောင်မသေကြောင်းကိုသိ၍ မောင်ရင်မောင်နှင့်တွေ့ဆုံရအောင် ဖားဥအိမ်သို့သွားရာသည်ဟု တွေးထင်၏။ မောင်မြတ်သာသည် လွန်စွာချစ်ခင်သော မယားကိုသည်ကဲ့သို့ မသင်္ကာမကင်းသည့်စိတ် ကပ်ငြိလျှင် စားကောင်းခြင်းမစားနိုင်၊ အိပ်ကောင်းခြင်းမအိပ်နိုင်ရှိသဖြင့် တနေ့တခြား အသားအရေ ဆုတ်ယုတ်ခြင်းဖြစ်၏။

တနေ့သ၌ မောင်မြတ်သာသည် ဤကဲ့သို့ အောက်မေ့၏။ ငါကား မဖားဥအိမ်ကို ဦးဖြူတုတ် လာရောက်ရုံမျှဖြင့် အကြောင်းမဲ့ စိတ်ဒုက္ခရောက်လျက်ရှိသည်။ အကယ်အားဖြင့် ဦးဖြူတုတ်သည် အရပ်က မိန်းမများတွေးထင်ကြသည့်အတိုင်း မဖားဥနှင့် အိမ်ထောင်ပြုရန်ကြံရွယ်၍သာ မဖားဥထံသို့ ကြိမ်ဖန်များစွာလာသည်ဖြစ်မည်။ သည်အတိုင်းမှန်ကန်လျှင်လည်းမမယ်မ မသိတန်သည် ကြံပြီးလျှင် တနေ့သ၌ မမယ်မအား ဤသို့မေး၏။ မမယ်မ- မမယ်မကား မဖားဥထံသို့ မကြာမကြာသွားလေ့ရှိသည်။ မဖားဥသည် ဦးဖြူတုတ်နှင့် အိမ်ထောင်မည်ပြောကြသည့်အရာ မှန်ပါသလောမေး၏။ မမယ်မကလည်း မဖားဥနှင့် ဦးဖြူတုတ်နှစ်ယောက်လုံးတို့တွင် မည်သူမျှအိမ်ထောင်လိုသောဆန္ဒမရှိ၊ မဖားဥဆင်းရဲသည်ကို သနားသောကြောင့် အိမ်ထောင်သည်ကို ရှုကြည့်လိုသော်လည်း ယခုအခါ သူတို့နှစ်ယောက်ကိုသိကြားမင်းဆင်း၍ အောင်သွယ်သော်လည်း စိတ်ကူးကြမည်မဟုတ်ဟု စကားတိုတိုဖြင့် ပြန်ပြော၏။ မောင်မြတ်သာလည်း ရှေ့သို့ဆက်လက်မေးမြန်းလိုသောဆန္ဒရှိသော်လည်း မိမိမယား မမယ်မကို ကြောက်ရွံ့ရင်းဖြစ်သဖြင့် မမေးဝံ့ဘဲ တိတ်ဆိတ်စွာသာနေပြီးလျှင် ဤသို့တွေးတောပြန်၏။ မမယ်မပြောသည့်စကားသည် အမှန်ပင်ဖြစ်သည်။ ဦးဖြူတုတ်နှင့် မဖားဥတို့ တဦးနှင့်တဦးပြောဆိုနေထိုင်ကြသော အမူအရာသည် ချစ်ကြိုက်သည့်လက္ခဏာမပါ၊ သို့သော်လည်း သူတပါး မကြားမသိစေလိုသောအရာကို တိုင်ပင်ကြသည့်အရာမှာကား မုချထင်ရှားသည်။ ဤကဲ့သို့ သူတပါးမသိစေလိုသည့်အကြောင်းမှာလည်း အခြားအကြောင်းမဟုတ်။ မောင်ရင်မောင့်အကြောင်းသာလျှင်ဖြစ်မည်။ မောင်ရင်မောင်လည်း အနီးအနားတွင်ပင် ပုန်းအောင်းလျက်ရှိမည်။ မမယ်မလည်း မောင်ရင်မောင် အနီးအနားတွင်ရှိကြောင်းသိ၍ တွေ့ဆုံရအောင် နေ့စဉ် မဖားဥအိမ်သို့သွားရောက်သည်မုချ ဖြစ်ရမည်။ ဦးဖြူတုတ်မလာမီက မမယ်မသည် မဖားဥအိမ်သို့သွားသည်မရှိ၊ ယခု ဦးဖြူတုတ်လာမှနေ့စဉ်သွားသည်။ ဤအရာ၌ မိန်းမတို့မာယာ ထင်ရှားသည်။ တဲပုတ်ကိုဖျက်၍ အိမ်ဆောက်လုပ်သည့်အရာမှာလည်း မောင်ရင်မောင် တခါတရံလာလျှင် လူသူမမြင်စေရန်ကြံရွယ်၍ ဆောက်သည့်အရာဖြစ်သည်။ နောက်တကြိမ် ဦးဖြူတုတ်လာ၍ ညအိပ်လျှင် အသေအချာသိရအောင် ငါ ချောင်းမြောင်း၍ နားထောင်အံ့ဟု အကြံပြု၏။

လောက၌ အကြင်လင်နှင့်မယားတွင် မယားဖြစ်ကလည်း မိမိလင်ကို တပါးသောမိန်းမနှင့် သင်္ကာမကင်းသည့်အရာ၊ လင်ဖြစ်ကလည်းမိမိမယားကို သူတပါးနှင့် သင်္ကာမကင်း စိတ်လက်မချသည့်အရာ များသည်။ သည်ကဲ့သို့ သင်္ကာမကင်း စိတ်လက်မချသူပုဂ္ဂိုလ်အား စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်းဒုက္ခကို ပွားများစေတတ်၏။ သည်ကဲ့သို့ ပွားများသောဒုက္ခဆင်းရဲသည် သာမညမဟုတ်။ လူကောင်းစင်စစ် ဟုတ်မှန်လျက်နှင့်စိတ္တဇရောဂါ ကပ်ရောက်သဖြင့် သူရူးအဖြစ်သို့ရောက်၍ လောကငရဲခံစားရဘိသကဲ့သို့ ရှိတတ်၏။ ယောက်ျားတပါးနှင့် ချစ်ကြိုက်ဖူးသော မိန်းမ၊ မိန်းမတပါးနှင့် ချစ်ကြိုက်ဖူးသောယောက်ျားနှင့် အိမ်ထောင်သူတို့သည် ဤဒုက္ခကို အခြားသူတို့ထက် တွေ့ကြိမ်လွယ်၏။

မောင်မြတ်သားသည် မောင်ရင်မောင်မသေ အသက်ရှည်လျက်ရှိသည်ဟူ၍ မိမိစိတ်၌ အထင်ရောက်သည်က အစပြု၍ မမယ်မကို မယုံမကြည်ရှိပြီးလျှင် ညအခါ အိပ်ရာမှလျှင်လည်း မမယ်မသည် ထ၍သွားနိုး၊ နေ့အခါ၌လည်း တပါးသောအိမ်တွင် မောင်ရင်မောင်နှင့် ချိန်းချက်၍ တွေ့ဆုံနိုးဖြင့်နေ့ညမပြတ် ဥပါဒါန်ကပ်ရောက်သဖြင့် အိပ်မပျော် စားမဝင် ကိုယ်စိတ်နှစ်ပါးပင်လျှင် မချမ်းသာ၊ လွန်စွာဆင်းရဲသော လောကငရဲကို ခံစားရ၏။

ထို့နောက် များမကြာမီ ဦးဖြူတုတ်သည် တပည့်သုံးယောက်နှင့် ရောက်လာပြီးလျှင် ခါတိုင်းကဲ့သို့ပင် မဖားဥအိမ်တွင် တည်းခိုနေထိုင်၏။ ညခါကျရောက်ကာလ နှစ်ယောက်သောတပည့်တို့သည် လူငယ်တို့ဘာဝအရပ်ထဲသို့ အလည်အပတ်သွားကြသဖြင့် ကျန်တပည့်တယောက်လည်း အိပ်ခလောက်ဆွဲတွင် အိပ်နေ၏။ ဦးဖြူတုတ်လည်း ဘုရားပုထိုးရှိခိုးပူဇော်ပြီး၍ မအိပ်မီအတွင်း မဖားဥနှင့် ဘုရားတရားတော်အကြောင်း ပြောဟောနေ၏။ သည်ကဲ့သို့ ပြောဟောနေသည့်အတွင်း ခလောက်ဆွဲတွင် အိပ်နေသောသူသည် ရုတ်တရက် လူ- လူ- ဟု ဟစ်အော် အိမ်ပေါ်မှခုန်ချပြီးလျှင်လိုက်၏။ ထိုအခါတွင် ကံအားလျော်စွာ အလည်အပတ်သွားသော တပည့်နှစ်ယောက်တို့သည် လည်ပတ်ရာမှပြန်လာ၍ အိမ်ဝင်းဝအနီးသို့ရောက်ရှိသဖြင့် လူ- လူ- အော်ဟစ်သံကြားသည်နှင့်တပြိုင်နက် မဖားဥဝင်းအတွင်းမှ လူတယောက် ပြေး၍ထွက်လာသည်ကိုမြင်လျှင် တယောက်သောသူကလည်ကို ရုတ်တရက်ဖက်၍ နှိမ်ထား၏။ တယောက်ကလည်း ကျောကိုထောင်းထု၊ ၎င်းနောက် လူ- လူ- ဟု အော်သောသူ ရောက်လာပြန်လျှင်လည်း ကူညီထောင်းထုပြန်၏။ သည်ကဲ့သို့ ထောင်းထုသောအသံကို အရပ်က ကြား၍ မီးခွက်များနှင့် လာရောက်ကြည့်ရှုရာတွင်မှ မိန်းမတဦးကအလိုလေး မောင်မြတ်သာပါ၊ တန်ပါ၊ လွှတ်လိုက်ပါအော်သော်လည်းမရ။ မောင်မြတ်သာဖြစ်က သူတကာ့အိမ်ကို အဘယ့်ကြောင့် ခိုးရန်ချောင်းမြောင်းရသနည်းဆိုပြီးလျှင် ထပ်ကာထပ်ကာ ထောင်းထုပြန်ရာ ဦးဖြူတုတ်လာရောက်၊ ဟဲ့- လွှတ်လိုက်ပါဆို၍ လွှတ်လိုက်မှ မောင်မြတ်သာသည် လူအမြင်မခံဝံ့ရှာသဖြင့် ဒဏ်ရာပြင်းထန်လှသောကြောင့် ကောင်းမွန်စွာ မသွားနိုင်သော်လည်း ယိမ်းယိုင်ကာဖြင့် တိမ်းရှောင်ထွက်ခွာသွားလေ၏။

---

အခန်း ( ၂၄ ) ဆက်ရန်


---

#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်

#shared_by_louis_augustine
#sbla

Comments