မောင်ရင်မောင် မမယ်မ (အခန်း ၂၅ ) // ဂျိမ်းစ်လှကျော်

မောင်ရင်မောင် မမယ်မ (အခန်း ၂၅ ) // ဂျိမ်းစ်လှကျော်

---

နောက်တနေ့နံနက်ကျလျှင် ဝန်ကတော်နှင့်တကွ ဝန်မင်းပါ မောင်မှတ်ကို မျှော်ကြ၏။ မစောတင်လည်း မိမိမျှော်မြဲဖြစ်သော ပြတင်းကမျှော်နေသည့်အတွင်း တောင်စူးစူးမှ လူသုံးဦး လာကြသည်ကို အဝေးကမြင်လျှင် မောင်ဘိုးရင် ပါနိုးဖြင့် အသည်းနှလုံးတုန်လှုပ်လျက် ကြည့်ရှုရှာ၏။ သည်ကဲ့သို့ အတန်ကြာ ကြည့်ရှုရာမှ မောင်ဘိုးရင် မပါကြောင်းကို သိရှိသည့်ပြင် တယောက်သောသူကား အခြားမဟုတ်၊ မကြီးမိယောက်ျားမောင်မှတ်ဖြစ်သည်ကိုမြင်လျှင် မကြီးမိကို အမြန်ခေါ်ငင်မေးမြန်း၏။ မကြီးမိလည်းပြတင်းပေါက်က မျှော်၍ကြည့်ရှုပြီးနောက် ဤသို့ပြော၏။ တူမ- မောင်ကြီးမှတ်ကား အခြားကိစ္စနှင့်သွားရသည်မဟုတ်၊ မောင်ဘိုးရင် လာလျှင်လည်းလမ်းတွင်တွေ့ဆုံစေတော့၊ မလာလျှင်လည်း စစ်ကိုင်းမြို့ တောင်ဖီလာဆရာတော် ဘုရားကျောင်းမှ သတင်းစကားကြားရစေတော့ အကြံနှင့် သွားသည်။ယခုမှာ မောင်ဘိုးရင်မပါ၊ သတင်းစကား ပါလာလိမ့်မည်။ ငါ့တူမ စိတ်လက်မသာမယာရှိမည်စိုးသောကြောင့် အဒေါ် အထက်က မပြောပြသည်၊ မည်သည့်သတင်းစကား ပါလာသည်ကို အဒေါ် နားထောင်ချေဦးမည်ဆို၍ အိမ်ဦးသို့သွား၏။ မစောတင်လည်း ငြိမ်ဝပ်စွာဆိုင်းငံ့၍မနေနိုင်သဖြင့် မကြီးမိ ထွက်သွားလျှင် အိမ်ဦးခန်းနှင့်ကပ်လျက်ရှိသော အခန်းတခုအတွင်းသို့သွားရောက်ချောင်းမြောင်း နားထောင်နေ၏။

မောင်မှတ်လည်း အိမ်ဦးခန်းသို့ရောက်၍ ဝန်မင်းရှေ့တွင်ပင် ဝန်ကတော်မေးသဖြင့် မောင်ဘိုးရင်နှင့် မတွေ့မဆုံခဲ့ရကြောင်း၊ မောင်ဘိုးရင်သတင်းကို တောင်ဖီလာဆရာတော်ကျောင်း ဦးဖြူတုတ်ထံမှစ၍ ဆရာတော်ဘုရားထံ မေးရာလည်း ကောင်းမွန်စွာမပြော၊ သတင်းစကားဆို၍ မည်သည့်အရာမျှ သေချာစွာ မရရ၊ ဤရွှေဘိုမြို့ကအပြန်တွင် မောင်ဘိုးရင်ကျောင်းသို့ ဝင်ရောက်သွားကြောင်းမျှလောက်သာ ကျောင်းသားကလေးတို့ပြောပြသိရှိခဲ့ရကြောင်း၊ ကျွန်တော်မျိုး ပြန်မည့်နေ့ရက်တွင်မှ ဦးဖြူတုတ်ကကျွန်တော်မျိုးကို ပြန်ခေါ်ပြီးလျှင်မည်သည့်အကြောင်းကြောင့် မောင်ဘိုးရင်သတင်းကို သိလိုသလဲမေးသောကြောင့် ကျွန်တော်မျိုးက မစောတင်ကိစ္စအကြောင်းပြောပြမှ သည်အတိုင်းမှန်က ဝန်မင်းနှင့်ဖြစ်စေ၊ ဝန်ကတော်နှင့်ဖြစ်စေ တွေ့ဆုံတိုင်ပင်လိုသည်။ ငါကား အိုမစွမ်း၍ ရွှေဘိုမြို့သို့ မလာမရောက်နိုင်ကြောင်း၊ ဝန်မင်းနှင့်တကွ ဝန်ကတော်တို့ကို လျှောက်ထားလိုက်ပါ မှာလိုက်ကြောင်းများနှင့်ပြော၏။

ထိုစကားကို ဝန်မင်းကြားလျှင် ဝန်ကတော်- ဦးဖြူတုတ်ကားအကြောင်းထူးရှိ၍ သာလျှင် မှာသည်။ ကျွန်ုပ်မှာကား မင်းမှုထမ်းဖြစ်၍မသွားနိုင်သည် တကြောင်း၊ ဤအကြောင်းနှင့် ကျွန်ုပ်သွား၍လည်း မသင့်မလျော်၊ ဝန်ကတော်နှင့်ဆိုင်သောအလုပ်ဖြစ်၍ ဝန်ကတော်သွားမှ သင့်လျော်မည်၊ တိုင်ပင်လိုသည့်စကားလည်း သူတကာ မသိမကြားအပ်သောစကားဖြစ်၍သာ ငမှတ်ကို စကားအုပ်စုံမပြောလိုက်ဘဲ ကျွန်ုပ်တို့နှစ်ယောက်ကိုမှာသည်။ နေ့ကောင်းရက်သာကိုရွေးပြီးလျှင် အမြန်သွားပါလေ။ ဦးဖြူတုတ်နှင့်တကွ ဆရာတော်ဘုရားထံ လျှောက်ထားရန် အလွှာစီကုံးရေးသား၍ ကျွန်ုပ်ပေးလိုက်မည်ဆို၏။ ဝန်ကတော်လည်း ကောင်းလှပြီ၊ ဤအမူ၌ ကျွန်ုပ်သွားမှသာပြီးစီးမည်၊ နောက်လိုက်နောက်ပါ လူငါးယောက်ခြောက်ယောက်ခန့်နှင့် မိန်းမအဖော်တယောက်ပါလျှင် တော်လောက်ပြီဟု ဆိုပြီးလျှင်ဝန်ကတော်လည်း တပါးသို့ ထသွား၏။

မစောတင်လည်း မိမိချောင်းမြောင်းနားထောင်နေသောအခန်းမှ မိမိအခန်းသို့ ရွှေ့ပြောင်းနေထိုင်၏။ထို့နောက် တခဏမျှကြာ၍ မကြီးမိဝင်ရောက်လာပြီးလျှင် သတင်းစကားများကိုပြောပြမည်အပြုတွင် မစောတင်က မပြောပါနှင့်တော့ မကြီးမိ၊ ကျွန်မ အလယ်ခန်းက နားထောင်သောကြောင့် အကုန်အစင်ကြားသိရလေပြီ။ စစ်ကိုင်းမြို့သို့ မေမေနှင့်အတူ ကျွန်မလည်းလိုက်မည်။ မကြီးမိပါ လိုက်ခဲ့ပါဆို၏။ မကြီးမိလည်း အံ့အားသင့်လျက်အတန်ကြာနေပြီးသည့်နောက် ငါ့တူမလိုက်၍ လျော်မှလျော်မည်၊ ထို့ပြင်လည်း ဝန်ကတော်ကခေါ်ကောင်းမှခေါ်မည်ဟု ပြန်၍ပြောသည့်အတွင်း စကားအဆက်မျှမပြတ်သေးမီ ဝန်ကတော်သည် ဝင်ရောက်လာ၏။ ဝန်ကတော်လည်း အကြောင်းအမျိုးမျိုးကို မစောတင် မသိသေးထင်သောကြောင့် တိုက်ရိုက်ပြောပြလျှင် မစောတင် စိတ်မချမ်းမသာရှိမည်စိုးသဖြင့် သွယ်ဝိုက်ကာပြောမှ သင့်မည်ကြပြီးလျှင် ဤကဲ့သို့ဆို၏။ မေမေပြောမည် မစော၊ မောင်ဘိုးရင်သည် တလနှင့်ပြန်လာမည်ပြောဆိုသွားရာ ယခု နှစ်လနီး၍လည်းမပြန်မလာ ရှိနေသည်။ စစ်ကိုင်းမြို့တောင်ဖီလာကျောင်းတော်သို့ မေမေသွားရောက် သတင်းမေးချေဦးမည်ဆိုလျှင် မစောတင်က မေမေသွားလျှင် ကျွန်မလည်း လိုက်မည်ပြော၏။ ဝန်ကတော်ကလည်း အတန်ငယ်တွေဝေ၍ စဉ်းစားဆင်ခြင်နေပြီးနောက် သမီး- သမီးလိုက်၍တော်မည်မထင်၊ ရပ်ရွာကကဲ့ရဲ့အပြစ်တင်လိမ့်မည်၊ အမေ အမြန်သွား၍ အမြန်ပြန်ခဲ့မည်၊ ငါ့သမီးမှာရွှေမိနှင့်အတူ ကောင်းမွန်စွာ ပျော်ပျော်နေရစ်ဟုဆို၏။ မစောတင်လည်း မေမေ လူများကဲ့ရဲ့မည်ဆိုသည့်စကားမှာ မဟုတ်ပါ၊ နေပြည်တော် အမရပူရမြို့ ရွှေဘွားတော်မြတ်အောက်သွားမည် သတင်းလွှင့်၍ မေမေသွားသော်မည်သူ သိပါမည်နည်း၊ သို့တည်းမဟုတ် တောင်ဖီလာဆရာတော်သည်ဖေဖေနှင့် ငယ်သူငယ်ချင်း ကျောင်းနေဖက်ဖြစ်သည်။ ယခု ဆရာတော်ဖြစ်၍ တောင်ဖီလာကျောင်းကို အစိုးရတော်မူသောကြောင့် ဆရာတော်မှာကြားရာ ဖေဖေမသွားနိုင်၍ မေမေသွားသည်ဆိုသော် မည်သူသိပါမည်နည်း၊ အမေသွားလျှင် သမီးပါမြဲဖြစ်သည်၊ ကျွန်မ မပါလျှင်သာ သူတကာ တနည်းနည်းတွေးထင်ရန် ရှိပါသည်၊ ကျွန်မပါလျှင် အမေသွားရာ သမီးပါသောကြောင့် လူသူကဲ့ရဲ့မည်မဟုတ်ပါ၊ ထို့ပြင်လည်း မေမေသွားလျှင် ရက်ပေါင်း ၂ဝ၊ ၂၅ ရက်မျှ ကြန့်ကြာပါလိမ့်မည်။ သည်ကဲ့သို့ ကြန့်ကြာနေသည့်အတွင်း အနည်းနည်းအဖုံဖုံ စိတ်ကူးတိုင်း တွေးတောပြီးလျှင် မျှော်ရသည့်ဇောနှင့်ကျွန်မ လွန်စွာဒုက္ခရောက်ပါလိမ့်မည်၊ ကြာလျှင် သေကောင်းသေရပါလိမ့်မည်၊ စိတ်ပျောက်လက်ပျောက် စိတ်အေးလက်အေးရှိအောင် ကျွန်မလိုက်ပါရစေဆိုလျှင် ဝန်ကတော်လည်း ငါ့သမီးအဘထံ အမေခွင့်ပန်ဦးမည်၊ သူခွင့်ပြုလျှင် လိုက်ပေတော့ဆိုပြီးလျှင် ဝန်မင်းထံ သွားရောက်ပြောဆိုရာဝန်မင်းက ဤသို့ ပြန်ပြော၏။ သမီးကလေးသည် စိတ္တဇရောဂါ ကပ်ရောက်လျက်ရှိသည်၊ ကြာမြင့်လျှင် ရောဂါကြီးပွားက အတိဒုက္ခရောက်ကြလိမ့်မည်ကို ကျွန်ုပ်စိုးရိမ်သည်၊ သို့ဖြစ်၍ စိတ်ပြေလက်ပြေ ခေါ်၍သွားသော်သင့်လျော်လိမ့်မည်၊ ထို့ပြင်လည်း တောခရီး တောလမ်းဆိုသည်မှာ ထမင်းမြိန်တတ်သည်၊ စိတ်ကူးမလွဲနှင့် ခေါ်၍သာ သွားပါလေဆို၏။ ထိုအကြောင်းကို အမိဝန်ကတော် ပြန်၍ပြောသောအခါ မစောတင်ကြားသိလျှင် လွန်စွာ ဝမ်းမြောက်ဝမ်းသာ ရှိသဖြင့် လွန်ခဲ့သော ၁၅ ရက်ခန့်ကစ၍ ကိုယ့်ကိုယ်ကိုမပြုမပြင်၊ မဖီးမလိမ်း အစားအစာမှာလည်း ကောင်းမွန်စွာ မစားမသောက်ရှိရာ ယခုမှာ ထိုနေ့က သုံးရက်လည်ကာလ ရက်ကောင်းအခါ ရသည်ဆိုလျှင်အစားအစာ ကောင်းမွန်စွာ စားသောက်၊ မိမိကိုယ်ကိုလည်း အနည်းငယ်မျှရှေးကထက် ပြုပြင်ဖြီးလိမ်း၏။

ထိုနေ့ကကို သုံးရက်စေ့ရောက်လျှင် လှည်းခုနစ်စီး၊ ယောက်ျားအစေခံ ၁၅-ယောက်ခန့်၊ မိန်းမအစေခံကြီးငယ် သုံးယောက်ခန့်တို့နှင့် မစောတင် သားအမိတို့သည် ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ထွက်ခွာသွားကြ၏။

---

အခန်း ( ၂၆ ) ဆက်ရန်


---

#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်

#shared_by_louis_augustine
#sbla

Comments