မောင်ရင်မောင် မမယ်မ (အခန်း ၂၈ ) // ဂျိမ်းစ်လှကျော်
မောင်ရင်မောင် မမယ်မ (အခန်း ၂၈ ) // ဂျိမ်းစ်လှကျော်
---
ထိုအခါ ဦးဖြူတုတ်သည် မိမိ၌ဆောင်ထားသောသွေးဆေး နှာခေါင်းစသည်များကို နှိုက်စေသဖြင့်လည်းကောင်း၊ မကြီးမိ လာရောက်နှိပ်နယ်သောကြောင့်လည်းကောင်း မစောတင်သတိရ၏။
ထို့နောက် စကားကို ဆက်၍ ပြောပါဦးဟူ၍ တောင်းပန်ပြန်သဖြင့် ဦးဖြူတုတ်လည်း ငါပြောတိုင်းပြောတိုင်း ဤသို့သာလျှင် ငါ့သမီးစောတင်တက်ချက်၍နေမည်ဆိုသော် ငါမပြောလိုပြီ ဆိုကာလ မစောတင်ကလည်း အဖေကျွန်မ နောက်နောင် သည်ကဲ့သို့ မေလျော့တော့မည်မဟုတ်ပါ၊ ပြောသာပြော အဖေ၊ ယခုတင်ကမှ ရုတ်တရက်ရှောင်တခင်ဖြစ်၍ သတိလစ်ဟင်းမေ့လျော့သွားပါသည်။ ကိုဘိုးရင်သည် အောက်မြို့ ကျေးရွာသို့ ထွက်ခွာ၍သွားသည်မှာ ရက်ပေါင်းမည်မျှကြာပါပြီနည်း၊ မည်သည့်အရပ်သို့ သွားပါသနည်း၊ မည်သည့်လမ်းက သွားပါသနည်း၊ မည်သူနှင့် သွားပါသနည်း၊ မည်သည့်ပိုးအဝတ်ကိုဝတ်ဆင်၍ သွားပါသနည်း၊ ကိုဘိုးရင်သွားခါနီးတွင် အဖေ့သမီးအကြောင်းနှင့်စပ်လျဉ်း၍ တစုံတရာ မှာသွားပါ၏လော၊ ကိုဘိုးရင်သွားစဉ်အခါက ကျန်းမာစွာရှိပါ၏လော မေးလျှင် ဦးဖြူတုတ်လည်း တန်ဦး မစောတင်၊ မစောတင်မေးသော မေးခွန်းများသည် လွန်စွာများပြားလွန်းသည်သောကြောင့် အဖေ့ကို မဆိုထားဘိဦး၊ သိကြားမင်းမှပင် ပြေကျေအောင် ဖြေနိုင်လိမ့်မည်မထင်၊ မှန်တိုင်းသာလျှင် အဖေပြောနိုင်မည်၊ မောင်ဘိုးရင်သွားသည့်နေ့မှ ယခုနေ့ နှစ်လခွဲကျော်လေပြီ၊ သူသွားမည့်ရွာစဉ်ကို အဖေ့အား မှာထားပေမည်။ အဝမြို့ကကို ငမြာ၊ ကျောက်တလုံး၊ ၎င်းကမှ တရုတ်ခြံ၊ မြင်းခြံ၊ ၎င်းကမှတဖန် ရေနံချောင်း၊ ၎င်းကမှတဖန် တောင်တွင်းကြီး၊ တောင်တွင်းကြီးမှတဖန် နယ်ကျန်၊ ၎င်းကမှတဖန် တောင်ငူမြို့၊ ၎င်းကမှ သင့်ရာခရီးလမ်းမှ ကုလားမင်းပိုင်သော မော်လမြိုင်မြို့သိုအရောက်သွားမည် မှာထားသည်ဆို၏။ မစောတင်လည်း အဖေ- ကိုဘိုးရင်သည် ယခုအခါ မော်လမြိုင်မြို့သို့ ရောက်လောက်ပါပြီလောမေး၏။ ဦးဖြူတုတ်လည်း ခရီးသွားယောက်ျားဆိုသည်မှာ အမှန်အကန်မရှိ၊ ခရီးစဉ်မှန်သော်လည်း လမ်းစခန်း၌ အခွင့်မသင့်မတင့်ရှိက ကြန့်ကြာတတ်သည်။ သို့သောကြောင့် ရက်ရေနှင့်ချင့်တွက်ရသော် နယ်ကျန်မြို့အပြင် လွန်၍ရောက်လေဦးမည် အဖေမထင်၊ ၎င်းပြင်လည်း မောင်ဘိုးရင်သည် ကျေးတောသားအယောင်တူစွာဆောင်ပြီးလျှင် ကျေးတောသားမျက်လှည့်ဆရာအဖြစ်ဖြင့် ရွာစဉ်ကိုလျှောက်၍ မျက်လှည့်ပြသလျက်သွားမည်ဖြစ်သောကြောင့် များစွာခရီးတွင်မည်မဟုတ်ဟူ၍ ဦးဖြူတုတ်က ပြန်ပြော၏။
မစောတင်လည်း အဖေ- အဖေကား ကျွန်မကို မုချမေတ္တာရှိပါပေသည်၊ ကိုဘိုးရင်အကြောင်းနှင့်စပ်လျဉ်း၍ ကျွန်မသည် ယမန်နေ့ညကအိပ်မက်မက်ပါသည်၊ ဤအိပ်မက်အရမှာ ကိုဘိုးရင်သည် လမ်းခရီး၌ရှိသောရွာတရွာတွင် မကျန်းမမာရှိပြီးလျှင် ယခုအခါ ဆိုင်းငံ့နေပါသည်ဆိုလျှင် ဦးဖြူတုတ်လည်း ငါ့သမီးမစောတင်၊ မစောတင်ကား မောင်ဘိုးရင်အကြောင်းကို ညတိုင်းညတိုင်း အိပ်မက်မက်လိမ့်မည် အဖေသိသည်၊ ဤကဲ့သို့မက်သောအိပ်မက်ကို အလေးဂရုမပြုလေနှင့်၊ စွဲလမ်းခြင်းကြောင့်မက်သောအိပ်မက်မျှဖြစ်သည်ဟုဆို၏။
မစောတင်လည်း အဖေ- ကျွန်မကား ကိုဘိုးရင်အကြောင်းကို ညစဉ် ညစဉ် အိပ်မက်မြင်လိုသည့်ဆန္ဒ ရှိသည်ကား မှန်ပါ၏။ သို့သော်လည်းအကယ်စင်စစ် မက်မြင်သည်ကား ဤတကြိမ်မျှသာရှိပါသေးသည်။ ကျွန်မမက်သော အိပ်မက်ကိုနားထောင်ပြီးလျှင် အိပ်မက်နိမိတ်ကို ဖတ်စမ်းပါဆိုပြီးကာလ မိမိမက်မြင်တိုင်းကို ယခင်မကြီးမိသို့ပြောပြသည့်အတိုင်း ပြော၏။
ဦးဖြူတုတ်လည်း မစောတင်မက်မြင်သော အိပ်မက်အကြောင်းကို ကြားနာရလျှင် ဤအိပ်မက်ကား သာမညမဟုတ်၊ ထူးခြားသောအိပ်မက်ဖြစ်သည်။ မောင်ဘိုးရင်သည် လမ်းခရီးသွားသည့်အတွင်း မမာမကျန်းခြင်းကြောင့် ဆိုင်းငံ့နေရသည်ဆိုသော် ဟုတ်မှန်တန်သည်။ စံကားစိမ်းပင်ရှိသောဘုန်းကြီးကျောင်းတကျောင်းသို့လည်း အဖေရောက်ဖူးသည်။ ဤဘုန်းကြီး ကျောင်း၏ပုံသဏ္ဌာန်ကို အိပ်မက်ထဲတွင်မြင်သမျှပြောပြစမ်းပါ ခိုင်း၏။ မစောတင်လည်း မိမိမက်မြင်တိုင်းကို ပြန်ပြော၏။ ထိုအခါ ဦးဖြူတုတ်သည်ဤဘုန်းကြီးကျောင်းကိုကား ငါမုချရောက်ဖူးသည်။ ဤကျောင်းသည် အခြားအရပ်တွင်မဟုတ်၊ ငမြာကျောက်တလုံးအရပ်တွင်လည်းဖြစ်မည်၊ သို့မဟုတ်တလုတ်မြို့တွင်လျှင်လည်း ဖြစ်မည်။ အဖေရောက်သည်မှာ ငါးနှစ်ကျော်မျှကြာရှိပြီဖြစ်၍ ယခု သေချာစွာ မပြနိုင်ပြီဟုဆို၏။
ဤသို့လျှင် ကိုရင်မောင်အကြောင်းကို ပြောဆိုနေရာမှ မိုးချုပ်လတ်သော် ဝန်ကတော်နှင့်မစောတင်တို့သည် နောက်ပါလူများနှင့်တကွ စစ်ကိုင်းမြို့ တည်းခိုရာအိမ်သို့ လှည်းဖြင့်သွားကြ၏။
---
အခန်း ( ၂၉ ) ဆက်ရန်
---
#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်
#shared_by_louis_augustine
Comments
Post a Comment