ညအမှောင်မှာ ငါ့ကောင်တွေလင်းမှာစိုး // မောင်သာချို

ညအမှောင်မှာ ငါ့ကောင်တွေလင်းမှာစိုး // မောင်သာချို

---

(တစ်)

မြန်မာတို့ အင်္ဂလိပ်စကားလုံး ကလေးတစ်လုံး၏အစကို အတို ကောက်ယူကာ လူမှုဝန်းကျင်၌ မကြာခဏသုံးသော စကားလုံး ကလေးတစ်လုံး ရှိပါသည်။ ဂျေ (J) ပဲဖြစ်ပါသည်။ ဂျေဝင်တယ်၊ ဂျေများနေတာ စသည်ဖြင့် သုံးလေ့ရှိပါသည်။ ဂျဲလက်စ်၊ ဂျဲလက်စီ စသည့် Jealous, Jealousy စသော မနာလိုဝန်တိုသော၊ မနာ လိုဝန်တိုခြင်း စသည့်နာမဝိသေသနပုံစံ၊ နာမ်ပုံစံ အင်္ဂလိပ်စကား လုံးကလေးများ၏ ထိပ်စီးစကား လုံးကိုယူကာ သုံးလိုက်ကြခြင်းဖြစ် ပါသည်။

ခပ်ငယ်ငယ်က ကိုယ့်ထက် သာ မနာလိုဖြစ်ဟူ၍ ကြားဖူးနားဝ ရှိခဲ့ရာ မနာလိုဝန်တိုသည့်စိတ်ကို တစ်မျိုးတစ်စားတည်းသာရှိသော စိတ်အခြေအနေတစ်ရပ်ဟု ခပ်လွယ်လွယ်ပဲ သဘောပေါက်နား လည်ခဲ့ကြောင်း ဝန်ခံလိုပါသည်။

သို့ဖြင့် အသက်အရွယ် ကလေး နည်းနည်းရလာလေသော အခါ အဘိဓမ္မာတို့ ဘာတို့ကို စိတ်ဝင်စားစပြုလာပါသည်။ ဗုဒ္ဓအဘိဓမ္မာတရားတော်က စိတ်ကို ဟော ကြားသည့်အခါ ကိလေသာစိတ်၊ အကုသိုလ်စိတ် ၁၄ မျိုးရှိကြောင်း ဆိုပါသည်။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသက စိတ်၏ အညစ်အကြေးများ တရားတော်၌ ယင်းကိုထည့်သွင်း ဟောကြားတော်မူခဲ့လေသောအခါ ငယ်ငယ်က ဗလုံးဗထွေးမှတ်ယူခဲ့သည့် မနာလိုဝန်တိုစိတ်ဟူသည် မှာ အလွန်သိမ်မွေ့နူးညံ့စွာဖြင့် ပါးပါးလှပ်လှပ် အကြောင်းရပ်နှစ်ပါး ကွဲပြားခြားနားနေကြောင်း သိ ခွင့်ရလာခဲ့ပါသည်။

ကိလေသာစိတ် (သို့မဟုတ်) အကုသိုလ်စိတ် ၁၄ မျိုးတွင် နှစ်မျိုးမှာ ဣဿာနှင့် မစ္ဆရိယဖြစ်ပြီး နှစ်မျိုးစလုံးကို ကျွန်တော်က မနာလိုဝန်တိုစိတ်အဖြစ် အရောရော အထွေးထွေးမှတ်ထားခဲ့ခြင်းဖြစ်ပါသည်။

သို့သော် ဗုဒ္ဓအဘိဓမ္မာအပါးသို့ မဝံ့မရဲချဉ်းကပ်မိသောအခါ ဣဿာနှင့် မစ္ဆရိယတို့၏ ကွဲပြား ပုံကို နားလည်သဘောပေါက်လာ ရပါသည်။

(နှစ်)

ဣဿာက မိမိသည် အနိမ့်၌ ရောက်နေသူဖြစ်ပါသည်။ သူ တစ်ပါးက အမြင့်။ မိမိထက်ပို၍ ပညာတတ်၊ မိမိထက်ပို၍ ဓနဥစ္စာ ပြည့်စုံ၊ မိမိထက် ပို၍ထင်ရှား၊ မိမိ ထက် ပို၍ရာထူးကြီး၊ မိမိထက် ပို၍အပေါင်းအသင်းဆံ့၊ မိမိထက် ပို၍အသံကောင်း၊ မိမိထက် ပို၍ ရုပ်ချောစသည် စသည်။ ထိုသူ့အပေါ် မိမိက မလိုမုန်းထားဖြစ်မိသည့် စိတ်ကို ဣဿာဟု ဆိုခြင်း ဖြစ်ပါသည်။

မစ္ဆရိယစိတ်ကမူ မိမိကအမြင့်။ ဤတွင် အမြင့်သို့ရောက်နေ သူက မနာလိုဝန်တိုစိတ်ဖြစ်ရလေသလားဟု စောဒကတက်ချင်စရာ ဖြစ်ပါသည်။ တရားနှင့် အသေအချာတွေ့လိုက်တော့မှ ထိုစိတ်က ရှင်းသွားပါသည်။

မစ္ဆရိယစိတ်က ငါးမျိုးရှိလေသတဲ့။

အာဝါသ မစ္ဆရိယတဲ့။ တိုက်တာနေအိမ်များနှင့် ပတ်သက် သည့် မနာလိုဝန်တိုစိတ်တဲ့။ မိမိ ထိုင်သည့်ခုံ၌ သူတစ်ပါးဝင်ထိုင် မည်ကို ကြောက်ခြင်း၊ မိမိဝင်ခို သည့်အရိပ်၌ သူတစ်ပါးဝင်ခိုမည်ကို ကြောက်ခြင်း၊ မိမိစာဖတ်နေသည့်အလင်းရောင်ဖြင့် သူတစ်ပါး စာဖတ်မည်ကို ကြောက်ခြင်း၊ မိမိ ကူးနေသည့် ရေကူးကန်၌ သူတစ်ပါးဝင်ကူးမည်ကို ကြောက်ခြင်းကဲ့ သို့သော မနာလိုဝန်တိုစိတ်တဲ့။

ကုလမစ္ဆရိယတဲ့။ လူသူလေးပါးပရိသတ်နှင့် ပတ်သက်သည့် မနာလိုဝန်တိုစိတ်တဲ့။ နာမည် ကျော် စာရေးဆရာကြီးနှင့်၊ ရုပ်ရှင်မင်းသားနှင့်၊ အဆိုတော်နှင့်၊ စီးပွားရေးသမားနှင့်၊ နိုင်ငံရေးသမားနှင့်၊ အားကစားသမားနှင့် မိမိသာပဲ သိချင်ကျွမ်းချင်ကာ အခြားလူတစ်ယောက်က ရင်းနှီး ကျွမ်းဝင်သွားမည်ကို မနာလိုဝန် တိုသည့်စိတ်တဲ့။

လာဘမစ္ဆရိယတဲ့။ လာဘ် လာဘနှင့်ပတ်သက်သည့် မနာလို ဝန်တိုစိတ်တဲ့။ မိမိအဝတ်အထည် တွေရနေသလို၊ မိမိ ဆန်၊ ဆီ၊ ဆေး၊ ဆား ရနေသလို၊ မိမိခြင်း ကြီး၊ ခြင်းငယ်ရနေသလို၊ မိမိအထုပ်ကြီး၊ အထုပ်ငယ်ရနေသလို သူတစ်ပါးရသွားမည်ကို စိုးရိမ်နေ သည့် မနာလိုဝန်တိုစိတ်တဲ့။

ဝဏ္ဏမစ္ဆရိယတဲ့။ အဆင်းနှင့် ပတ်သက်သည့် မနာလိုဝန်တိုစိတ်တဲ့။ မိမိဆံပင်၊ မိမိနှုတ်ခမ်း၊ မိမိ အသားအရေ၊ မိမိကိုယ်လုံးကိုယ်ပေါက်၊ မိမိမျက်လုံး၊ မိမိအပြုံး၊ မိမိဟန်ပန်အမူအရာများကို အ ခြားလူတစ်ယောက်က အမီလိုက် လာမည်စိုးသဖြင့် ဖြစ်ပေါ်လာ သည့် မနာလိုဝန်တိုစိတ်တဲ့။

ဓမ္မမစ္ဆရိယတဲ့။ တရားနှင့် ပတ်သက်သည့် မနာလိုဝန်တိုစိတ်တဲ့။ ဤနေရာ၌ တရားဟု အစချီ ထားပြီးခါမှ မနာလိုစိတ်ဆိုသည် ကြီးက ပါနေရပြန်သေးလားဟု အတွေးပွားချင်စရာကြီးဖြစ်ပါသည်။ သို့သော် လူ့စိတ်ဆိုသည်က ကြောက်စရာကြီးဖြစ်ပါသည်။ မိမိ ဉာဏ်အလင်းပေါက်သလို သူ ပေါက်သွားမှာ၊ မိမိသင်္ချာပြဿနာ တစ်ခုဖြေရှင်းတတ်သလို သူဖြေရှင်းနိုင်သွားမှာ၊ မိမိဘာသာစကား တစ်ခု ကျွမ်းကျင်သလို သူကျွမ်း ကျင်သွားမှာ၊ မိမိပါရဂူမြောက် သလို သူပါရဂူမြောက်သွားမှာ စသည်စသည်။

ကိုယ့်နှယ်သူ အမြင့်တစ်နေရာသို့ ရောက်ရှိလာမည်ကို စိုးထိတ်နေသည့် အကုသိုလ်စိတ်။ ကိလေသာစိတ်။ ညစ်ညူးသည့် စိတ်။ မစ္ဆရိယတဲ့။

(သုံး)

ပြည်နယ်တစ်ခု၌ တစ်နေရာက ကောလိပ်တစ်ခုဖွင့်ဖို့ ကြိုးပမ်း ပါသည်။ ထို့နောက် ကောလိပ်မှ ဒီဂရီကောလိပ်၊ ယင်းမှတစ်ဆင့် တက္ကသိုလ် စသည်ဖြင့် တိုးမြှင့်နိုင်ဖို့ ကြိုးစားကြလေရာ မူလပထမ တက္ကသိုလ်ရှိပြီးသား ပြည်နယ်အခြမ်းမှ ပုဂ္ဂိုလ်တို့က အကြိမ်ကြိမ် ကန့်ကွက်ကြလေသတဲ့။

ကျွန်တော် အံ့ဩသွားပါ သည်။ ကိုယ့်ပြည်နယ်အတွင်း၌ တက္ကသိုလ်နှစ်ခုရှိလာသည်မှာ ကောင်းသည့် လက္ခဏာမဟုတ်ဘူးလား။ တောင်ဖျားရှိ လူငယ်တို့ မြောက်ဖျားသို့ ခက်ခက်ခဲခဲ လာ ရောက်၍ ပညာမသင်ကြရတော့သည်မှာ ကောင်းသည့်လက္ခဏာ မဟုတ်ပေဘူးလား။

နိုင်ငံကျော် ပုဂ္ဂိုလ်ကြီးတစ်ဦးကမူ ပြည်တွင်းသို့ စာအုပ် ကောင်းများ ဝင်ရောက်ရန် ခက်ခဲစဉ်အခါက ဝင်လာသည့် သုံးလေး အုပ်ကို တစ်ယောက်တည်း အပိုင် ဝယ်ယူကာ သူတစ်ပါးဖတ်ခွင့်မရအောင် လုပ်ထားပြီး ငါတစ်ယောက်တည်း သိတဲ့ပညာဟူသည့် စတိုင်ဖြင့် ဆရာကြီးလုပ်ခဲ့ဖူး လေသတဲ့။

မစ္ဆရိယတွင် ဓမ္မမစ္ဆရိယသည် နောက်လူကို အမှောင်တွင်း၌ ဆက်လက်ရှိနေစေလိုသည့် အဆိုးဆုံးဝန်တိုစိတ်ပင်ဖြစ်ပါသည်။

ပညာဖြင့် လက်ဆင့်ကမ်း သွားရမည့် နိုင်ငံ၌ အဆိုးဆုံးသော မနာလိုဝန်တိုစိတ်ပင် မဟုတ်ပါလား။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

---

#မောင်သာချို
#ညအမှောင်မှာငါ့ကောင်တွေလင်းမှာစိုး

#shared_by_louis_augustine
#sbla

Comments