အိမ်ကလေး (၁၅) // နေဝင်းမြင့်
အိမ်ကလေး (၁၅) // နေဝင်းမြင့်
(အိမ်ကလေး ၁၆ လုံး)
---
“ နှင်းခတလင်း
ရွှေရောင်ဝင်းပ လှုပ်လှုပ်ရွရွ
လေကအဝှေ့၊ စပါးလှေ့ကြ
ကွေ့ကာဝိုက်ကာ၊ ကောက်လှိုင်းပုံဘေး
ပြေးကာဆော့ကာ၊ လဝါဝါလေး
တိမ်ပြာမဟူရာ၊ ဇာပါးအထွေး
ညဥ့်ဦးလေအေး၊ ကောက်နံ့မွှေးမွှေး... ”
( ဆရာဒဂုန်တာရာ ၊ မုန်းမှ ကယ်လီဖိုးနီးယားသို့ ကဗျာ )
သည်အချိန် သည်ရာသီဆိုလျှင် ကောက်သစ်တွေ ပေါ်လောက်ရောပေါ့။ ကျွန်တော် ဆယ်နှစ်သား လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ကျော်က ကောက်နံ့မွှေးမွှေးကိုပင် ရနေသည်ဟု ခံစားရပါသည်။ သည်လို ကောက်သစ်ဦး ရာသီရောက်တိုင်း မနက်စောစောကြီး ထကြကာ အဘိုးလေးနောက်ကို လိုက်
တာ သတိရသည်။ အဘိုးလေးက မနက်ခင်း ဘုန်းကြီးကျောင်းက အရုဏ် ကုလားတက်သံဆုံးသည်နှင့် ငေါက်ခနဲ ထကာ လှည်းပြင်သည်။ ကျွန်တော်တို့ ညီအစ်ကိုတွေက ကွေးလို့ကောင်းကြတုန်း။ အဘိုးလေးက ခြေနှင့် ကန်ကာ နှိုးတော့မှ ပုဆိုးခြုံလျှက်က လှည်းပေါ် ငုတ်တုတ်ငိုက်ကြရသည်။ တစ်ညလုံး နှင်းရိုက်ထားသည့် ကောက်လှိုင်းစည်းတွေကို ရွာနှင့်လှမ်းသော ခူကန်လယ်ကွင်းတွေဆီကို လှည်းနှင့် သွားတိုက်ကြရသည်။ တလင်းကတော့ အိမ်ရှေ့မှာ ပြောင်ပြောင် သန့်အောင် ‘ခေါက်’ ပြီးသား။ ကျွန်တော်တို့ ဒေသမှာ တလင်းပြင်တာကို တလင်းခေါက်သည်ဟု သုံးသည်
။ မြေကို ညီနေအောင် ညှိ၊ ရေကလေး ဖျန်းလိုက်၊ သစ်သားရိုး တပ်ထားသည့် သံဒင်နှင့် ဆောင့်လိုက်။ ထန့်ပြီ ဆိုတော့မှ လှည်းကို နွားနှစ်ကောင် တပ်ကာ အထပ်ထပ်ကြိက်ရသည်။ လှည်းဘီးက သံဝတ်ခွေက အရာချင်းထပ်အောင် ကြိတ်ဖန်များတော့ တလင်းသားက အင်္ဂတေနု ကျံထားသလို မာတင်းတင်း ဖြစ်လာသည်။
အဘိုးလေးလယ်ကမိသားစုလယ် ဖြစ်သည်။ အမေတို့လည်း အချိုးကျပိုင်တော့ နှစ်စဉ် စပါးခွဲတမ်းရသည်။ အဘိုးလေးက အဘိုး၏ ညီအငယ်ဆုံး ဖြစ်သည်။ အဘိုးအဘွားလက်ထက်က ကျလာသော ဝေစု ဝေပုံ စားရသည့်လယ်ဆိုတော့ စရိုးလယ် ( စားရိုးလယ် ) လို့လည်း ခေါ်သည်။ “ အလို ရောက်သား ၊ နတ်ကောက်သလေး ၊ ဆင်ကောင်းနွှေး ” သည့် လယ်မျိုး မဟုတ်။ ကောက်လျင်လယ် ဖြစ်သည်။ ရှေးက စပါးသုံးမျိုးတွင် ကောက်ကြီး စသော ‘ဓည’ စပါး၊ မုယော၊ ဂျုံ စသော ‘ကုဓည’ စပါးနှင့် ပဲသီး ပဲနောက် စသော ‘သမီဓည’ စပါးဟူ၍ ခွဲခြားသည်။ ‘ဓည’ စပါးမျိုးကိုမှ သာလိမည်သေ ကောက်ကြီးစပါး၊ ဝီဟိမည်သော ကောက်လတ် စပါးနှင့် သဌိကမည်သော ကောက်လျင် စပါးအဖြစ် ထပ်ခွဲသည်။ ရှေးကတော့ ကောက်ကြီးကို မျိုးစေ့မြေကျ ရှစ်လ၊ ပျိုးကို နှုတ်၍ စိုက်သည်က ခြောက်လ၊ ပေါင်း ဆယ့်လေးလရှိမှ ရိတ်ရ သိမ်းရသော စပါးမျိုးကို ကောက်ကြီးခေါ်ကြသည်။ မြီးတို၊ မြီးရှည်၊ မြီးတုံး၊ ငစိန်၊ ငကျောက်၊ ငကျွဲ၊ ငကျည်း၊ ဗြတ်ကြီး ဗြတ်ကလေး စသည့် စပါးတို့ကို ဆိုသည်။ မီးလောင်မြေ တောင်ယာ၌ဖြစ်သော ကောက်ကြီး၊ လယ်၌ဖြစ်သော ကောက်ကြီး၊ နုတ်၍မစိုက်သော၊ မထွန်မယက်သော မြေ၌ အလိုလိုပေါက်သော ကောက်ကြီး၊ ပျိုးထောင်ပြီးနှုတ်၍ စိုက်ရသော ကောက်ကြီး ရိတ်ပြီး အပင်ငုတ်က ပေါက်သော ကောက်ကြီး စသည်ဖြင့် ထပ်ခွဲကြသည်ဖြစ်ရာ တည်ရာအလိုက် အရသာကွဲပြားသည်။ ဆန်နီကောက်ကြီးကတော့ ‘မင်း စားကောက်ကြီး ’ ဖြစ်သည်။ ရတ္တသာလိလို့ ခေါ် ကြသော သလေးနီ ကောက်ကြီး ဖြစ်သည်။
ကောက်လတ်စပါးကတော့ နုတ်၍ စိုက်သည်မှာ လေးလ၊ ငါးလအကြာ ဝဿနဥတု၊ သရဒဥတုများ၌ ရိတ်သိမ်းရသော စပါးကို ဆိုသည်။ ရှေးကတော့ ကြိုင်းသင်၊ ပုတ်သင်ချောင်၊ ကောက်လျင်ကြီး စသည်ဖြင့် ခေါ်ကြသည်။ ကောက်လျင်စပါးကတော့ စိုက်သည်မှ နှစ်လ သုံးလအကြာ မိမှဥတု၊ ဟေမန္တဥတုများ၌ ရိတ်သိမ်းရသော ရေနွယ်၊ မက်လိပ် စသော စပါးမျိုးကို ခေါ်ခြင်းဖြစ်သည်။ ကောက်လျင်ကိုပဲ ကျေးတောနေတို့ မက်ရေ စက်ရေ ရှိကြသည်။ ဆန်ကြမ်းတော့ အစားခံသည်။
“ ကောက်လျင်များမှပဲ ချိုသယ်၊ ဆိမ့်သယ်၊ ကြေလွယ်သယ် ထင်သာပဲ၊ ကျင်ကြီးများတော့ ကျစ်သပေါ့ကွာ၊ လေနဲ့သည်းခြေများတော့ နိုင် ချက်ပေါ့၊ သက်ငယ်ဆန်စားတော့ အသက်တိုသယ် ပြောကြသာလည်း ဟုတ်ထင်ပေါင်ကွာ၊ တို့အဖေများ ကိုးဆယ်ကျော် နေခဲ့ရသာပါ ”
အဘိုးလေးတို့ လယ်သမားတွေ စုမိလျှင် သည်စကားတွေပဲ ကြားရသည်။ ကျွန်တော်တို့ ခေတ်မှာတော့ စပါးမျိုးတွေ ဒီးတိုက်နေပြီ။ အိမ်ရှေ့တလင်းမှာ လှေ့ပြီးသား စပါးတို့ တောင်ကမူလို စုန့်စုန့်ပုံ့ပုံ့ ရှိပြီ။
ခေါင်းပေါင်းကြီးပေါင်းထားသည့် ဒွေးလေးက လှေ့ဗန်းကို ပင့်ကာပင့်ကာ တစောင်းလှေ့လှေ့ချသည့်အခါ အပြိန်အမှော် အဖျင်းအဖြုန်းတို့ ဝေ့ဝေ့လူလေသည်။ သုံးချောင်းထောက်မှာ ဆိုင်းထားသည့် ဆန်ခါကျဲကို ဖောက်ကျလာသည့် စပါးစေ့တွေက သန့်ပြီးသား။ အဘိုးလေးက လေ ကို ခေါ်သည်ဆိုကာ တရွှီရွှီ လေချွန်နေတတ်သည်။
စပါးစေ့ ၂၀၀ ကို တစ်လက်စွန်း၊ နှစ်လက်စွန်း တစ်လက်ဆုပ်။ နှစ်လက်ဆုပ် တစ်လက်ပက်၊ နှစ်လက်ပက် တစ်လက်ခုပ်၊ နှစ်လက်ခုပ် တစ်စလယ်၊ နှစ်စလယ် တစ်ခွက်ဆိုတာလောက်ကို ရွတ်ပြနိုင်သည်ဆိုလျှင်ပင် အဘိုးလေးက ကောက်ညှင်းပေါင်း လက်တစ်ဆုပ်ကို ကျစ်ကျစ်ကြီး ဆုပ်ရင်း နှမ်းဆီပန်းကန်လေးထဲ ဆတ်ခနဲနှစ်ကာ ပေးတတ်သည်။ နှမ်းဆီနံ့သင်းသင်း ကောက်ညှင်းပေါင်းက ကောင်းလှချည့်။ အဘိုးလေးက ကျွန်တော်တို့ မျက်နှာတွေကို တစ်ယောက်စီ လိုက်ကြည့်သည်။
“ ကိုင်းဗျာ နှစ်စလယ် တစ်ခွက်ပြီးတော့ ဆက်ဆိုကြလေကွာ၊ ရတဲ့ကောင် နှစ်ဆုပ်ကွာ ”
ကျွန်တော်တို့ကလည်း အချင်းချင်း ပြန်အကဲခတ်ရသည်။ ပြီးခဲ့သည့် သုံးလေးရက်က ဗြောင်းဗြောင်းပြေးထားရသည့် အခြင်အတွယ်။ အဘိုးကော ဒွေးလေးကပါ သင်ပေးထားသည် မဟုတ်လာ။ နှစ်စလယ် တစ်ခွက်၊ နှစ်စလယ် တစ်ခွက်... ။ ကျွန်တော့်ညီဝမ်းကွဲက သကျိုးပကျိုးဖြင့် ရယ်လိုက်ရင်းက လုရွတ်သည်။ “နှစ်ခွက်တစ်ပြည်၊ နှစ်ပြည် တစ်စရွတ်၊ နှစ်စရွတ် တစ်စိတ်၊ နှစ်စိတ် တစ်ခွဲ...” သည်နေရာမှာ ရပ်သွားသည်။ နှစ်စိတ်တစ်ခွဲ... နှစ်စိတ်တစ်ခွဲ။
“ နှစ်ခွဲ တစ်ဆင်း ၊ လေးတင်းတစ်တို ... ”
“ တစ်တို ဟုတ်ပေါင်ဗျာ တစ်တို့ပါ ”
အဘိုးလေးက ထောက်ပေးတော့ နှမအထွေးက ရွတ်လက်စ ဆက်ရွတ် ဆက်ရွတ်လေ၏။
“ နှစ်ခွဲတစ်တင်း၊ လေးတင်းတစ်တို့၊ လေးတို့ တစ်ပုတ်၊ လေးပုတ် တစ်ကတ်၊ လေးကတ် တစ်ကျ၊ လေးကျ တစ်ကျီ ”
“ အလို မယ်စိမ်းသမီးက အာဂကြီးပါလားဟ၊ နို့တစ်ကျီိဆိုသာ ဘယ်နှတင်းပါလိမ့်ဗျာ ”
“ ထောင့်နှစ်ဆယ့်လေးတင်း ”
သည်အရေအတွက်ကိုတော့ အားလုံးက ဝိုင်းအော်ကြခြင်း ဖြစ်၏ ။
“ကိုင်း... အဘိုးလေးလယ်က တစ်ကျီရပေါ့ဗျာ ”
တကယ်တော့ အဘိုးလေး လယ်နှစ်ဧက လက်နှစ်လုံးလျှော့က တင်းထောင်ကျော် ထွက်စရာအကြောင်းမရှိလေ။ စပါးတွေ ခြွေစိုက်လှေ့ခိုက်၊ စပါးများများ ပိုက်မိစေခြင်းငှာ ကောက်ညှင်းပေါင်း ကျွေးကာ မင်္ဂလာယူခြင်း ဖြစ်သည်။ ဒွေးလေးကတော့ နေတော်တော်ကြီးမြင့်မှ နားလေသည်။ ခေါင်းက ဗန်းမော်တဘက်ကို ဖြုတ်ပြီး မျက်နှာက ချွေးကိုသုတ်သည်။ လောဘဖြင့် ငေးခြင်းမဟုတ်။ စပါးကို ‘ ချင့် ’ ကြည့်ခြင်း ဖြစ်သည်။ ကောက်ဦး ဒါနပြုရဦးမည်။ မုန့်ဆန်းဦး၊ ကောက်ရိတ်ဦး၊ ထုံးဖွဲ့ဦး၊ ကောက်လှိုင်းဦး၊ တလင်းသွင်းဦး၊ ကောက်နယ်ဦး၊ စပါးခြင်ဦး၊ ကျီသွင်းပုတ်သွင်းဦး၊ ထမင်းဦး၊ ဒါနကိုးပါးမှာ တလင်းသွင်းဒါန ပြုခဲ့ပြီးပြီ။ ဒါနလေးပါး ကျန်သေးသည် ။ မပူပါနှင့် လှူပါလိမ့်မည်။
“ ကိုရင့်နှယ် ကလေးတွေ မုန့်ဆန်းကလေး ‘လော’ ကျွေးရောပေါ့ ”
ကျွန်တော်တို့အားလုံး မုန့်ဆန်းသကြားပေါင်း ကြိုက်သည်။ အဘိုးလေး လယ်က ကောက်ညှင်းလည်း ထွက်သည်။ ကောက်ညှင်းသန့်သန့်ကို ရိတ်ကာ နင်းခြွေ ခြွေရသည်။ သည်ကောက်ညှင်း စပါးကိုမှ အိုးကင်းနှင့် လှော်ကာ အခွံကလေးနပ်လောက်ပြီဆိုတော့မှ ထောင်းသည်။ ထောင်းပြီးသား ‘ ထောင်းစာ ’ ကိုမှ ရေနွေးကလေးဖျန်းကာ သကြားနှင့် ဆုပ်ဆုပ်နယ်သည့်အခါ မုန့်ဆန်းမွှေးမွှေး အီအီကို ရပြီ။
တစ်ခါတစ်လေတော့ အဘိုးလေး လယ်တွေရှိရာ ခူကန်ကွင်းကို ကျွန်တော်တို့အားလုံး လိုက်သွားတတ်ကြပါသည်။ ခူကန်ကွင်း၊ ဆပ်ဗကျင်း ( ဆပ်ပြာကျင်း ) ကွင်း၊ ညောင်မုတ်ဆိတ်ကွင်း၊ ထန်းနှစ်ပင်ကွင်း၊ ရေကြက်မကွင်း၊ ကွင်းတွေမှာက နာမည်တွေ ရှိသည်။ ကွင်းချင်းဆက်နေတော့ အဝေးကကြည့်လျှင် လယ်တွေက အဝေးသစ်တောထဲကို တိုးဝင်သွားကြပုံမျိုး။ အညာဆိုသော်လည်း ရေရမြက်တင်ကာလတွေ။ မိုးက မောက် လွန်းလို့ ဖိတ်ကျသည့်ကာလတွေ။ မိုးကိုလင့်၍ ပျိုးရင့်ရတာမျိုး မရှိ။ ကောက်ပင်တွေက မိုးရူးသစ်ပင်တွေလို လန်းလန်းကြီး ရွှင်နေတတ်ကြသည်။
တောင်ညို့ညို့ တောစို့စို့ အခြေမရောက်သော်လည်း ခူကန်ကွင်းကို သွားရတာကပင် အချိန်ယူရသည်။ တစ်ခါတော့ အဘိုးလေးနှင့် ကျွန်တော် နှစ်ယောက်တည်း လှည်းနှင့် ထွက်ခဲ့ကြသည်။ အဘိုးလေးက ခေါင်းမှာ သူ့ထုံးစံအတိုင်း ခေါင်းပေါင်းကြီး ပေါင်းထားသည်။ ခေါင်းပေါင်းထဲမှာ ထိုးထည့်ထားသည့် ထန်းရွက်စ သုံးစကို မြင်နေရသည်။ သည်ထန်းရွက်စခြောက်မှာ တစ်မနက်လုံး စုံတိစုံမွှား မျက်လုံးများဖြင့် ခဲတံကို တံတွေးဆွတ်ကာ ရေးထားသည့် စာတွေပါတာ ကျွန်တော် သိပါသည်။ အဘိုးလေး အဆိုအရတော့ ပိုးပြေးဂါထာဟု ဆို၏။ စပါးတွေက တစ်တောလုံး၊ တစ်ခင်းလုံး စိမ်းနေသော်မှ ပိုးကျသော်ရှိ မကျသော်ရှိ ကြိုတင်ကာကွယ်သည့် သဘော ဖြစ်ပါလိမ့်မည်။ ထန်းရွက်သုံးရွက်မှာ တစ်လုံးချင်း ရေးနေသည့် ဂါထာကို ဘေးက လိုက်ဖက်သူ ကျွန်တော်ပင် အလွတ်ရနေပြီ ။
“ ဥုံ ပိုးကြီးငမောက်၊ ဒေါင်းမယ်မြမောင်၊ အတောင်ကန့်ကြား၊ နင့်သား နင့်မြေး၊ ခေါ်၍ပြေး၊ သေရမည်ဆက်ဆက်၊ မျက်စိနဲ့ ကျက်ကျက် ဆိုတာ ဘာကိုပြောတာလဲ အဘိုးလေး ”
“ တို့လယ်ထဲ ပိုးမကျအောင် လုပ်ရသာကွ၊ ဂါထာက စွမ်းတော့ ပိုးမကျတော့ဘူးပေါ့ဟ ”
“ ဟုတ်ပါ့မလား အဘိုးလေးရ ”
“ မင်းအဖေ အဖေတွေ လက်ထက်ကတည်းက စွမ်းလာသာဟ မယ်သိန်းသားရ ”
အဘိုးလေးက ဂါထာရေးထားသည့် ထန်းရွက်တွေကို ထောင့်သုံးထောင့်မှာ လိုက်ချသည်။ ပါးစပ်ကလည်း တတွတ်တွတ်။ ကျွန်တော်ကတော့ အဘိုးလေးကိုပဲ ငေးနေမိပါသည်။ အဘိုးလေးက သဘောမနော ကောင်းသည်။ သည်လယ်ကို သူတို့လင်မယား အားသွန်ခွန်စိုက် လုပ်နေကြသော်လည်း ဘယ်သူကမှ ပျိုးတစ်စည်းရွှေ့ကြတာ မရှိ။ ကောက်လှိုင်းတစ်လှိုင်း ကူသယ်ပေးတာမရှိ။ စပါးလှိုင်းတွေကို နွားတစ်ကောင်နှင့် နယ်တော့လည်း ကောက်ဆွတစ်ချက် ကိုင်ကြသူမရှိ။ သို့သော် အဘိုးလေးကသော်လည်းကောင်း၊ ဒွေးလေးကသော်လည်းကောင်း ငြူစူကြသည်မရှိ။ ကပ်ဖိုးကပ်ဖဲ့မရှိ။ စကားနာကြေးတမ်းထိုးကြသည် မရှိ။ ရသမျှ မျှမျှတတ ရှိကြသူတွေ ဖြစ်သည်။ အိမ်ဝိုင်းတိုက်ကြီးထဲမှာ အားလုံး နေထိုင်ကြတာဆိုတော့ အဘိုးလေးလယ်က ထွက်သမျှ မမြင်ချင်လို့မရ။ အဘိုးလေးနှင့် ဒွေးလေး မိသားစုအတွက်တော့ ဟင်းခွက်ကိုယ်စီ ကမ်းကြတာတော့ရှိသည်။
“ သုံးထောင့်ထဲလား၊ သည်ထောင့်ကျတော့ ဘာဖြစ်လို့ မချတာလဲ ”
“ ထောင့်လေးထောင့်စလုံး ချတော့ မင်းအမေလင် ပိုးတွေက ဘယ်က သွားထွက်မှာတုံး ”
အဘိုးလေးက သူ့ပိုးပြေးဂါထာကို အင်မတန် ယုံကြည်သူ ဖြစ်သည်။ အိမ်က ခိုင်းနွားမှန်သမျှမှာ ခလောက်တွေ ဆွဲထားကာ ခလောက်တိုင်း မှာလည်း သင်္ဘောဆေးကို တုတ်နှင့်တို့ကာ အင်းကွက်တွေ ရေးထားတတ်သည်။ အကွက်လေးကွက်ပါသည့် အင်းကွက်ထဲမှ အင်းဆံအက္ခရာ လေးလုံး ရေးထားသည် ။ ‘ ထို ၊ထံ ၊ ဥုံ ၊ အ ’ ကျွဲနာ နွားနာ ပျောက်အင်းဟု ဆိုလေသည်။
အဘိုးအဘွားတို့လက်ထက်က ရှိခဲ့သော အိမ်ကြီးမှာလည်း မြေဖြူနှင့် ရေးထားသည့် ‘ သံ သုံးချက်စည်းချဂါထာ ’ ဆိုတာကို ထင်းထင်းကြီး ရေးထားသည်လည်း ရှိ၏။
‘ ဥုံ သံတိုင် သံတိုင်၊ ဗုဒ္ဓသံတိုင်၊ ဓမ္မသံတိုင်၊ သံဃသံတိုင်၊ သုံးသံတိုင်စပ်ကြား ဟောထား ၊ ဓမ္မခန္ဓာသံဆူးကာ၏။ သံဆူးအာဏာ မဆန်သာ၊ ဆုတ်ဆိုင်းပြောင်းပြန်၊ ပက်လက်လန်၊ လန်ဆရာလန် ၊ ပြန်ဆရာပြန်...။’
အိပ်ရာတွေ ကြမ်းတွေ၊ ကုလားထိုင် ပရိဘောဂတွေမှာ ကြမ်းပိုးလွတ်ဂါထာ ၃၇ အုပ်ရွတ်ကာ တစ်အိမ်လုံး လက်နှင့် သုံးချက်စီ လိုက်ပုတ်သည်လည်း ရှိသည်။ ကြမ်းပိုးပြေးလေသလား။ မပြေးလေသလား ကျွန်တော် မမှတ်မိတော့ ။
အဘိုးတို့အိမ်က အညာမှာ ဆောက်သည့် အိမ်ဆိုသော်လည်း မွန်အိမ်ဖြစ်သည်။ အိမ်ကြီးကနှစ်ထပ်ဆိုသော်လည်း အပေါ်ထပ်မှာ လူမနေပါ။ လယ်ယာကထွက်သည့် ဆန်နှင့် ပဲမျိုးစုံ၊ နှမ်းနှင့် နှမ်းဆီ စဉ့်အိုးတွေ ထားရုံသာ။ တစ်ခါတစ်ခါ ကြွက်တွေ ငှက်တွေ ကိုက်ဖောက်ထားလို့ တက်ရှင်းတာမျိုးတော့ ရှိသည် ။ ကျွန်တော်က ကြွက်ပြေးဂါထာရှိရင် ကောင်းမှာနော် ။ အဘိုးလေးဆိုတော့ ကျွန်တော့်ကို မျက်လုံးပြူးကြီးနှင့် စိန်းစိန်းကြည့်တတ်သည်။
“ ဟာ... ကောင်လေး၊ ဇော်ဂနီ ဇော်ဂနက် နတ်ရဲမိစ္ဆာ ၊ တောသူ သားရဲနှင်တဲ့ ဂါထာတောင် ရှိသဟာကွာ၊ မင်းကြွက်စုတ်လောက်တော့ အာဂပေါ့၊ မလုပ်ချင်လို့ပါကွာ ”
ကျွန်တော်တို့ အဘိုးအိမ်မှာ ဗျက်ဆံကျယ်ကျယ် လှေကားကြီး တပ်ထားတော့ ကျွန်တော်တို့ ဆော့စရာနေရာဖြစ်သည်။ ဒွေးလေးကတော့ မနက်စောစော ဆွမ်းတော်တင်၊ ရေချမ်းတော်၊ ပန်းတော်ကပ်ဖို့ အပေါ်ထပ် တက်သည်ကလွဲလျှင် အပေါ်ထပ်ကို အရောက်အပေါက် မရှိကြသလောက် ရှားသည်။ ကောက်ဦးပေါ်ချိန်ဆိုလျှင်တော့ အပေါ်ထပ်ကို ရှင်းလင်းကာ ရဟန်းသံဃာတောများကို ဆွမ်းကပ်သည်။ မိတ်ဆွေ သင်္ဂဟတွေကို ထမင်းဦး ဒါနပြုကာ ကျွေးမွေးသည်။ အဘိုးအိမ်ကြီး ပတ်လည်မှာ အဘိုး၏ သားမြေးများဖြစ်သော အမေတို့ မောင်နှမတွေ ကိုယ့်အိမ်ကလေးနှင့် ကိုယ်နေကြသည်ဖြစ်ရာ သည်အချိန်မှာတော့ အိမ်ကြီးပေါ်မှာ စုကြသည့် အချိန်ဖြစ်သည်။ မွန်အိမ်ဆိုသော်လည်း အပေါ်ထပ်ကြမ်းနှင့် တစ်ပြေးတည်း ဖောက်ထားသည့် ပြတင်းများလည်း ရှိလေရာ တစ်နှစ်မှ တစ်ခါသာ ဖွင့်ရသော ပြတင်းများသာဖြစ်သည်။ ကြွက်လျှောက်တန်းတွေက ကြွက်တွေအတွက် တံတားဆောက်ထားသည်နှင့် တူ၏။ မြားတန်း၊ ချင်ပိတ်၊ ပန်းဆွဲ မြင်းနား၊ ဒေါက်ရပ်တွေကတော့ မြန်မာဟန်ဖြစ်သည်။
“ အိမ်မကြီးနဲ့ မီးနေဆောင်ကို တပ်ထားတဲ့ တံခါးရွက်ကြီးက ယောကျာ်းများဖွင့်တော့ အသံတစ်မျိုး
၊ မိန်းမများဖွင့်တော့ အသံတစ်မျိုး ဖိုသံ မသံ ကွဲအောင် လုပ်ထားသာ ”
အိမ်မကြီးအဝင် အပေါ်တန်းမှာတော့ ‘ လွှထောင် လွှတ်တိုက်ဆရာ ဆရာမြို့၊ ဆင်ဖြူကျွန်း ’ ဟု ထွင်းထားသည့်အပြင် သည်အိမ်ကြီးကို ဆောက်သည့် ခုနှစ်နှင့် ရက်စွဲပါ ပါသည်။ ခုနှစ်ကိုတော့ ကျွန်တော် မမှတ်မိတော့။ အဘိုးအိမ်ကြီးပေါ်က ငုံ့ကြည့်လျှင် အိမ်ကြီးကို ဝန်းရံလျှက်ရှိနေကြသော အိမ်ကလေးတွေက ‘တိုက်ဆင်’ ကို ရံထားကြသော ဆင်ခြေကာ ဆင်ဖြေဖုံး ရဲမက်တော် ကိုးယောက်လို ငုတ်စိကလေးတွေ၊ အဘိုးတို့ မရှိကြတော့သော်လည်း အိမ်ကြီးကို မဖျက်ကြ။ လူလည်း မနေကြ။ အမွေဆိုင်ကြသော်လည်း အမွေအဖြစ် ခွဲစိတ်ခြင်း မရှိကြဘဲ ‘ အနှစ် ’ အဖြစ်သာ သဘောထားခဲ့ကြသည်။ အဘိုးလေးနှင့် ဒွေးလေးကလည်း အိမ်အောက်က အခန်းတစ်ခန်းမှာသာ နေကြသည်ဖြစ်ရာ အဘိုးလေး သားသမီးတွေက ဒါန်းစင်ပေါ်မှာလိုလို တန်းလျားရှည်တွေပေါ်မှာလိုလို ကွပ်ပျစ်ပေါ်မှာ လိုလိုနှင့် ကြီးပြင်းခဲ့ကြသူတွေဖြစ်သည်။
“ ကောက်ဦးပေါ်စ ၊ ကောက်နံ့မွှေးမွှေး ”ရလိုက်တိုင်း အဘိုး၏ အိမ်ကြီးကို ကျွန်တော်လွမ်းရသည်ချည်း၊ အခုတော့လည်း စိမ်းချင်သော်လည်း မလန်းတော့ပြီ၊ ထားချင်သော်လည်း မလုံတော့ပြီ၊ နှစ်တွေကပဲ ကြာလှပေါ့။
“ကမ်းစပ်ပေါ်မှ၊ အိမ်စုမျှသာ
ရှေးကတိုင်ပင်၊ ကျွန်းပင်အုန်းပင်
စောင်းလျားပင်အို၊ ကမ်းပြိုစပ်ဘေး
ငါမွေးရာအိမ်၊ တလိုင်းအိမ်လျှင်
မြေရှင်နှင့်တူ၊ မရှိမူတော့...
ခြုံထူမြက်တော၊ တိမ်ကောနေသော
မြေရာအမှတ်မျှသာ ... ”
( ဆရာဒဂုန်တာရာ မိမိရွာကို ဖြတ်သန်းခြင်း )
ရွာမပြန်ဖြစ်သော နှစ်ပေါင်းလေးဆယ်အတွင်း ပထမ ဆယ်နှစ်တုန်းက အပြန် စိပ်ခဲ့သေးသော်လည်း နောက်ဆယ်နှစ် တစ်ကန့်စီမှာတော့ အပြန် ကျဲခဲ့ရပြီး လက်ငင်းဆယ်နှစ်မှာတော့ မရောက်တော့တာပဲ ကိုးနှစ်ရှိလေသည်။ နှစ်ပေါင်း ကိုးနှစ် ဆယ်နှစ်သည် မနေ့တနေ့ကလို ကုန်ဆုံးသွားသော်လည်း အကြောင်းပြုပြင် စီရင်အပ်သော တရားတည်းဟူသော ရုပ်တရား၊ နာမ်တရားတို့ ပြောင်းလဲမှုကတော့ ကြီးမားလှသည်။
သင်္ခါရလေးပါး၌ ပယောဂါ ဘိသင်္ခါရဆိုသော ကိုယ်ကိုလည်းကောင်း စိတ်ကိုလည်းကောင်း အားထုတ်စေသည် ဝီရိယလေးပါးသည်ပင် ခန်းခြောက်နေလေသည်။ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ ဟူသော ဟိတ်ခြောက်ပါးတို့သည် မိမိနှင့် အတူတကွဖြစ်သော ခန္ဓာငါးပါး ရုပ်နာမ်တရားတို့ကို စည်ပင်ပြန့်ပွားခြင်း၏ အကြောင်းရင်းခံ အဖြစ်အားဖြင့် ကျေးဇူးပြုခြင်းတို့ ထင်ရှားလှချည့်။
သည်တစ်ခေါက် ကျွန်တော် ရွာကိုပြန်ရောက်တော့ အဘိုးလေးတို့ ဒွေးလေးတို့ မရှိကြတော့တာ ကျွန်တော်သိသည်ထားဦး၊ အဘိုးလေး မိသားစု၊ ကျွန်တော့်မိခင်ဘက်မှ မိသားစု၊ မိကြီးဖကြီးတို့က ဆင်းသော ဆွေမျိုးဉာတိ မိသားစုတို့ပါ သည်ဝိုင်းတိုက်ကြီးထဲမှာ မရှိကြတော့တာများသည်။ အဘိုးနှင့် အဘိုးလေးတို့၏ နှမအငယ်ဆုံး မယ်အုန်းညိုက ဆွေအုပ် မျိုးအုပ် အရွယ်ရောက်နေသော်ငြား ဥစ္စာမရှိတော့ စကားမအောင် ဖြစ်နေရပုံပေါ်သည်။
“ မင်းမလာတော့တဲ့ ဆယ်နှစ်အတွင်း မရှိကြတော့သာပါပဲကွာ၊ ငါတောင် အကိုတို့ အာရုံတွေကို လွန်းရ( လွမ်း ) လို့ နေနေသာသာရယ်၊ ကိုရေပေါတို့ကေ ရွာခိုင်မယ်၊ ခြံစိုက်ကြလို့ အဘိုးကြီး အမယ်ကြီး ကြီးမှ ခွဲနေရသလိုတော့ ဖြစ်သာပေါ့ကွာ၊ မင်းအစ်ကို အစ်မများကလည်း ကိုယ့်ကိစ္စတွေနဲ့ ကိုယ် ထွက်ကုန်ကြပြီ။ ဟိုတုန်းခေတ်ကလို မင်းအဘိုးလေးလုပ်စာ တစ်မျိုးလုံး ထိုင်စားလို့ မရတော့ဘူးကိုး။ စိတ်ထားတွေကလည်း မကောင်းကြတော့ ရှေးကလို ‘ ဒေါင်းဥတော့ စာက အုပ်၊ စာဥတော့ ဒေါင်းကအုပ် ’ မဟုတ်ကြတော့ဘူး ”
ရိုးသားစွာ ဘဝဝမ်းကို ကျောင်းခဲ့ကြသော အဘိုးအဘွားတို့၏ ရုပ်ပတ်ဝန်းကျင်၊ စိတ်ပတ်ဝန်းကျင်၌ တွေးခေါ်မြော်မြင်ကြပုံ ရိုးစင်းကြသော်ငြား သူတို့ လူအဖွဲ့အစည်းကလေးအတွင်းမှာ အချင်းချင်း၌ မကောင်းမှု မပြုရန် တားမြစ်ခြင်း၊ ကောင်းမှု၌ တည်စေခြင်း၊ မကြားနာဖူးသည်ကို ကြားနာစေခြင်း၊ နတ်ရွာ နိဗ္ဗာန်လမ်းကို ပြသညွှန်ပြခြင်း စသော မဟာမိတ် လက္ခဏာလေးပါးဖြင့် နေထိုင်ခဲ့ကြသူတွေ ဖြစ်သည်။
အဘိုး၏ အိမ်ကြီး မရှိတော့ပါ။ သည်နေရာမှာ ပဲစဉ်းငုံတောကြီးသာ ရှိနေသည်။ ကြီးတော် မယ်အုန်းညိုက အိမ်ဟောင်းအဖြစ် ရောင်းစ သုံးနှစ်ပဲ ရှိသေးသည်ဟု ဆိုသည်။ ရသမျှ အနောက်ရိပ်သာခေါ် မဂ္ဂင်ရိပ်သာကျောင်းကို တစ်ပြားမကျန် လှူလိုက်သည်။ အိမ်ဟောင်းဝယ်သူတွေဆီက ပျဉ်တစ်ချပ်သာ တောင်းထားလိုက်ကြောင်း ပြောပြသည်။
ခါတိုင်း တိုက်ဆင်ကို ဆင်ခြေကာ ဆင်ခြေဖုံးလို ဝန်းရံထားသည့် အိမ်ကလေးတွေလည်း မရှိတော့ ဝိုင်းဟောင်းလောင်းကြီးလို ဖြစ်နေသည်။ လယ်တွေက ကောဆိုတော့ လယ်တွေကလည်း မိုးမရွာ၊ ရေမရောက်၊ ပိုးကျလို့ လုပ်နိုင်သူကို ငှားပြီး ရသမျှသာ ယူတော့သည်ဟု ဆိုသည်။ အဘိုးလေးသာရှိလျှင် ပိုးကျစရာ အကြောင်းမမြင်။
ဗြဟ္မဏဝါဒ၌ သီရီနတ်သမီးသည် အိမ်ကောင်းအိမ်မွန်မှာ၊ ပန်းမန်မှာ အလံဦးကင်းမှာ၊ ထီးဖျားမှာ၊ ကျောက်မျက်ရတနာမှာ၊ လယ်သီးနှံတွေမှာ၊ ရတနာ ဆင် မြင်း ကျွဲ နွားတို့မှာ ကိန်းတတ်၊ မွေ့လျော်တတ်သည်ဟု ဆိုသည်။ ထိုနေရာများ၌ ကိန်အောင်းသဖြင့်လည်း ထိုနေရာတို့၌ ကျက်သရေ မင်္ဂလာသည် ရှိ၏ဟု အယူရှိသည်။ အခုတော့ ကျက်သရေတို့ ကိန်းရာတည်ရာ သည်အရာတွေ မရှိတော့။ ကြီးတော် မယ်အုန်းညိုက ဗလာစာအုပ်ကလေးတစ်အုပ် ထုတ်ပြသည်။ အဘိုးလေး၏ ဂါထာမန္တန်များကို အဘိုးလေးကိုယ်တိုင် မှတ်တမ်းတင်ထားသည့် စာအုပ်ကလေး ဖြစ်သည်။ ကြီးတော်က အိမ်ဟောင်းဝယ်သူတွေဆီက တောင်းယူထားလိုက်သည်ဆိုသော ပျဉ်တစ်ချပ်ကိုလည်း ပြလိုက်သေးသည်။
‘ လွှထောင် လွှတိုက်ဆရာ ဆရာမြို့၊ ဆင်ဖြူကျွန်းရပ် ’
ကျွန်တော် အိမ်နေရာကလေးတွေကို လိုက်ကြည့်သည်။ အိမ်ကြီး ရှိခဲ့ရာ နေရာကို လိုက်ကြည့်သည်။ အဘိုးလေးတို့ နေထိုင်ခဲ့ရာ အခန်းကလေးနေရာကို စိတ်ဖြင့် မှန်းကြည့်သည်။ အလွမ်းဆုံးကတော့ သည်အိမ်ဝိုင်းဆီက သင်းပျံ့လာတတ်သော ကောက်သစ်နံ့ မွှေးမွှေးကို ဖြစ်သည်။
---
အိမ်ကလေး (၁၆) သို့ ဆက်ရန်။
---
#နေဝင်းမြင့်
#အိမ်ကလေး
#shared_by_louis_augustine


Comments
Post a Comment