မောင်ရင်မောင် မမယ်မ (အခန်း ၁၉ ) // ဂျိမ်းစ်လှကျော်
မောင်ရင်မောင် မမယ်မ (အခန်း ၁၉ ) // ဂျိမ်းစ်လှကျော်
---
ထိုနေ့ညနေ နေဝင်၍မှောင်စပြုလျှင် မိမိပုန်းအောင်းသောတောတွင်းမှ မြစ်ဆိပ်သို့သွားရောက်၊ မြစ်ဆိပ်ကမှ လှေငယ်တခုကို တိတ်တိတ်ခိုးယူ၊ စစ်ကိုင်းဘက်သို့ ကူး၍သွားရာ တဖက်ကမ်းသို့ရောက်ကာလ သင့်ရာအရပ်တွင် လှေငယ်ကို ဝှက်ထားပြီးလျှင် တောင်ဖီလာဆရာတော်ကျောင်းသို့အမြန်သွားရောက်၏။ ထိုအခါ၌ ကိုရင်မောင်လည်း ကပ္ပိယဦးဖြူတုတ်ထံ သွားမည်အကြံဖြင့် တောင်ဖီလာဆရာတော်ကျောင်း၊ ဘုရားဆောင်အပါးမှ ဖြတ်သန်း၍သွားရာ ထိုအခါ ဆရာတော်ဘုရားသည် ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းနေဆဲအခါဖြစ်၍ လူရိပ်မြင်လျှင် ဟဲ့- မည်သူလဲဆိုလျှင် ကိုရင်မောင်လည်း တပည့်တော် မောင်ဘိုးရင်ပါဘုရား ဟု လျှောက်ထား၏။ ဆရာတော်ဘုရား ဝမ်းသာအားရရှိသည့် လက္ခဏာဖြင့် ငါ့တပည့်- ကျောင်းပေါ်သို့တက်ဦး အမိန့်တော်ရှိ၏။ ကိုရင်မောင် ကျောင်းပေါ်သို့တက်မိလျှင် မောင်ဘိုးရင် တစ္ဆေမြင်ဖူးပါ၏လော ဟုမေး၏။ ကိုရင်မောင်လည်း မမြင်ဖူးကြောင်းပြန်၍လျှောက်ထားလျှင် တောင်ဖီလာဆရာတော်ဘုရားသည် မောင်ဘိုးရင်ကား ဗေဒင်ကျမ်း၊ ဗိန္ဒောကျမ်းများ တဖက်ကမ်းခပ်မျှ တတ်ကျွမ်းသူမှန်သော်လည်း တစ္ဆေသူရဲကိုမြင်သော် မောင်ဘိုးရင် ရဲပါမည်လော မေး၏။ ကိုရင်မောင်လည်း တပည့်တော်ကား အာမဝန်မခံဝံ့ရှိပါသည်။ သို့သော်လည်း ဆရာတော်ဘုရားအပါးက နေရလျှင် မည်သည့်တစ္ဆေသရဲကိုမျှ ကြောက်ရွံ့ခြင်းမရှိ မြင်ဝံ့ပါ၏ဟု လျှောက်ထား၏။ ဆရာတော်ဘုရားသည် မောင်ဘိုးရင် ငါ့နောက်ကလိုက်ခဲ့ဟုဆိုပြီးလျှင် ကျောင်းပေါ်မှဆင်းသက် ကျောင်းလှေကားရင်းသို့ရောက်ကာလ ငါ့တပည့်မကြောက်နှင့်၊ တစ္ဆေသူရဲကိုခေါ်၍ပြမည်ဆိုပြီးလျှင် ဟဲ့ကောင်တွေ- ငါ့တပည့် မောင်ဘိုးရင်လာသည့်အခိုက် ရုပ်နာမ်ဖန်တီး၍ပြကြစမ်းဟူ၍ ကျယ်စွာသောအသံဖြင့် ဟစ်အော်၏။ ကိုရင်မောင်လည်း တစ္ဆေကိုမြင်ရတော့မည်ဟု သတိပြု၍ ကြည့်ရှု၏။ သို့ကြည့်ရှုပါသော်လည်း တစုံတရာမျှမမြင်၊ ထူးခြားခြင်းမရှိသည့်အတွင်း တောင်ဖီလာ ဆရာတော်ဘုရားသည် ယခင်ကထက် ကျယ်မြင့်သောအသံနှင့် ယခင်ကကဲ့သို့ပင် ထပ်မံတကြိမ်အော်ဟစ်၊ တကြိမ်မှနှစ်ကြိမ်၊ ကြိမ်ဖန်များစွာအော်ဟစ်၍မျှ တစ္ဆေသူရဲတို့ မရောက်မလာကြလျှင် ဆရာတော်ဘုရားသည် ယနေ့ညကား လွန်စွာထူးခြားသည်၊ ညတိုင်းညတိုင်းမှာ ငါခေါ်လိုက်လျှင်တစ္ဆေသရဲတို့သည် မနေနိုင်၊ ငါ့မျက်မှောက်သို့ လာရောက်ကြသည်။ ယခုကား တစုံတယောက်သော တစ္ဆေစုန်းနတ်မျှပင်လျှင် မနွံမနာ ရှိနေသည်၊ အကြောင်းမည်သို့ရှိသည်မသိရသေး၊ အကြောင်းကိုသိရအောင် ငါ စုံစမ်းဦးအံ့ဟု ပြောပြီးလျှင် ကိုရင်မောင်ကို ကျောင်းပြင်သို့ ခေါ်သွား၏။ ကျောင်းပြင်သို့ရောက်ကာလ ယခင်နည်းအတိုင်း တစ္ဆေစုန်းနတ်တို့ကိုခေါ်ပြန်ရာမရ၊ မနွံမနာရှိနေလျှင် ဤအရာကား လွန်စွာထူးခြားလှသည် ငါ့တပည့် မောင်ဘိုးရင်၌ ငါ့ထက်လွန်ကဲသော အာဏာအထူးရှိပြီ။ ဤအကြောင်းကြောင့်သာလျှင်ငါမွေးကျွေးထားသော သူရဲသဘက်တို့ မလာမရောက်ဘဲရှိသည်။ မောင်ဘိုးရင်ဤနေရာတွင်နေဦးဆိုပြီးသည့်နောက် ဆရာတော်ဘုရားသည် ကျောင်းတွင်းသို့ဝင်ပြီးလျှင် အိပ်ပျော်လျက်ရှိသော ကျောင်းသားသုံးဦးအနက် တဦးသောကျောင်းသားကို နတ်သွင်းသည်၊ သည်ကဲ့သို့သွင်းသောအခါ အိပ်ပျော်လျက်နှင့်ပင် ကျောင်းသားကို နတ်ဝင်သောကြောင့် ထ၍ထိုင်ပြီးလျှင် ဆရာတော်ဘုရားအားဦးချ၏။ ဆရာတော်ဘုရားလည်း တစ္ဆေသူရဲတို့သည် ယနေ့ညငါ ၇ကြိမ်၊ ၈ ကြိမ်တိုင်အောင်ခေါ်ပါသော်လည်း မနွံမနာရှိသည် အကြောင်းမည်ကဲ့သို့နည်းမေး၏။ ကျောင်းသားကလေးသည် အရှင်ဘုရားက အရှင်ဘုရားနှင့်အတူပါသောပုဂ္ဂိုလ်၏ကိုယ်၌ ဝတ္ထုတခုပါပါသည်။ ထိုဝတ္ထုအပါးသို့ချဉ်းကပ်ရန်မှာ သီလ၊ သမာဓိ စွဲမြဲသောသူသာလျှင် ချဉ်းကပ်နိုင်ပါသည်၊ တပည့်တော်တို့သည်ကား အရှင်ဘုရား၏ အာဏာကို လွန်စွာကြောက်ရွံ့သော်လည်း တပည့်တော်တို့သည် ထိုသူ၏အပါးသို့ မထိမကပ်ဝံ့ရှိသည်။ ထိုသူ၏ထံမှ ထိုပစ္စည်းကို ပယ်ပါစေ။ တပည့်တော်တို့ လွယ်လင့်စွာ လာရောက်နိုင်ပါသည်ဟူ၍ ကျောင်းသားကလေးက လျှောက်ထားကာလ တောင်ဖီလာဆရာတော်ဘုရားသည် ကိုရင်မောင်ကိုခေါ်ပြီးလျှင် တပည့်မောင်ရင်မောင် -ငါ့တပည့်ကား ဗေဒင်အတတ်၊ ၎င်းပြင် ဗိန္ဒောအတတ် ဤနှစ်ရပ်ကိုသာတတ်ကျွမ်းသည်ဟု ဆရာထင်မိမှားသည်။ ပညာအကြမ်းအနုအရာ၌ တောင်ဖီလာကျောင်းတွင် ကျောင်းထိုင်သောပုဂ္ဂိုလ်အဆက်ဆက်တို့သည်တက္ကသိုလ်မှ တတ်ကျွမ်းနားလည်ကြသည်။ ယခု ငါ့လက်ထက်ကူးရောက်ပြန်လျှင်လည်း ငါ့ဆရာသင်ကြားခဲ့သော ပညာဖြစ်သော တစ္ဆေသူရဲတို့သည် နွံနာမြဲနွံနာကြပါလျက် ယခု မောင်ဘိုးရင်ဤကျောင်းသို့ ဆိုက်ရောက်လာလျှင်မည်သူတစုံတယောက်မျှ မနွံမနာရှိလေသည်။ မနွံမနာရှိသည့်အကြောင်းလိုက်၍ စစ်ဆေးရာ မောင်ဘိုးရင်၌ တစ္ဆေကြောက်ရွံ့သောဝတ္ထုတခုခုပါရှိသည်ဆို၍ မည်သည့်ဝတ္ထုဖြစ်သည်ကို ဆရာ့အား ပြောကြားပါ တောင်းပန်၏။ ကိုရင်မောင်လည်း ကိုယ်၌ပါသော သတ္တဓာတုဆေးလုံးကို ဦးစွာသတိရ၏။ ဤဆေးလုံးသည် ဗိန္ဒောနှင့်သာလျှင် စပ်လျဉ်းသည်၊ အကြမ်းအနုအရာ၌တန်ခိုးအာနိသင်ရှိသည်ဟူ၍လည်း ငါ့အဖမမှာ၊ ထိုမှတဖန် ကိုယ့်ကိုယ်ကိုလိုက်၍ လက်ဖြင့်စမ်းသပ်ကြည့်ရှုရာ ယခင်တခန်းကဆိုခဲ့ပြီးသော ရုပ်ပွားတော်ကို မိမိဦးခေါင်းထက်ဝယ် ခေါင်းပေါင်းတွင် ချည်နှောင်လျက်ထားသည်ကို စမ်းသပ်မိရာတွင် ကိုရင်မောင်လျှောက်ထားသည်မှာ အရှင်ဘုရား-အရှင်ဘုရား၏တပည့် သားမြေးတို့သည် အရှင်ဘုရားကို မနွံမနာရှိသည်အရာမှာ အခြားမဟုတ် ဤဝတ္ထုကြောင့်သာလျှင် ဖြစ်ပါသည်ဆို၍ ရုပ်ပွားတော်နှင့်တကွ ရွှေပေလွှာပါ ဆရာတော်ဘုရားသို့ ကမ်းလှမ်းလိုက်၏။
ဆရာတော်ဘုရားလည်း ရွှေပေလွှာကို ကောက်ယူဖတ်ကြည့်ရာ မဟာဗောဓိပင်၏အသား အစစ်ဖြစ်ကြောင်းနှင့် တွေ့မြင်ရလျှင် များစွာအံ့သြခြင်းဖြစ်၏။ ငါ့တပည့် မောင်ဘိုးရင် ယခုတင်က တစ္ဆေသရဲတို့ မလာမရောက်ကြသည်မောင်ဘိုးရင်ကိုယ်၌ ဤကိုယ်တော်မြတ်ပါလာသောကြောင့်သာလျှင် ဖြစ်သည် ပြီးလျှင် ရုပ်ပွားတော်မြတ်ကို ဦးသုံးကြိမ်ချ၏။
ကိုရင်မောင်လည်း တပည့်တော်သည် ဤကိုယ်တော်မြတ် အရှင်ဘုရားအား လှူဒါန်းလိုသောကြောင့် ယူဆောင်ခဲ့ပါသည်။ တပည့်တော်မှာရာဇဝတ်သင့်ရောက်လျက်ရှိသူဖြစ်သောကြောင့် ဤပစ္စည်းကို မည်သည့်နေရာမှ မည်သို့ရသည်ဆိုသောအကြောင်းကို မလျှောက်မထားပါရစေနှင့်ဦး။ အချိန်ကာလကျရောက်လျှင် စုံစွာ တပည့်တော်လျှောက်ထားပါမည်။ ယခုအခါမှာ အရှင်ဘုရားနှင့်တကွ အရှင်ဘုရား၏ခမည်းတော် ကပ္ပိယဒါယကာဦးဖြူတုတ်နှစ်ပါးတို့အား လျှောက်ထားတောင်းပန်ရန် အရေးကိစ္စရှိပါသည်။ အရှင်ဘုရားခွင့်ပြုပါလျှင် တပည့်တော်လျှောက်ထားပါရစေ ပြောဆိုပြီးမှတပည့်တော်သည် အရပ်ဝေးသားမဟုတ်ပါ။ အဝမြို့သားမျှဖြစ်ပါသည်။ အဝမြို့တွင် ဦးဘိုးအို မဖားဥဟူ၍ ထင်ပေါ်သော ပုဂ္ဂိုလ်နှစ်ဦးတို့၏သားမှန်ပါသည်။ ယခုအခါတိုင်းရေးပြည်မှုအကြောင်းနှင့် တပည့်တော် တိမ်းရှောင်နေရသည့်အခါ ဖြစ်ပါသည်။ သည်ကဲ့သို့ တိမ်းရှောင်ရာ၌ ကုလားမင်းပိုင်သော အောက်ပြည်နိုင်ငံကျေးရွာသို့ပြေးမှ အသက်ဘေးချမ်းသာရမည်ထင်သည်။ ဤအရပ်တွင် နေထိုင်မည်ဆိုသော်လည်း ဖြစ်နိုင်ပါ၏။ သို့သော်လည်း ကိုယ့်ကိုယ်ကို အသိအမြင်မခံဝံ့ဘဲ ကိုယ့်ရုပ်ကို ကိုယ်ဖျက်ပြီးလျှင် ပုန်းလျှိုးနိုင်မှ အသက်ဘေးချမ်းသာရပါလိမ့်မည်။ သို့ဖြစ်သောကြောင့် ဤအရပ်တွင် နေထိုင်က စိတ်လက်ချမ်းသာခြင်း ရနိုင်တော့မည်မဟုတ်၊အောက်ကျေးရွာတွင် ကုလားမင်းပိုင်ဆိုင်သော နေရာအရပ်၌ကား ပုန်းလျှိုးရခြင်းမရှိပြီ၊ ထင်ပေါ်စွာ လုပ်ကိုင်စားသောက်နေနိုင်လိမ့်မည်ဖြစ်သောကြောင့်တပည့်တော်ကား နေ့ချင်းညချင်းပင် မျက်လှည့်သည် အယောင် တူအောင်ဆောင်ပြီးလျှင် အဝမြို့မှ ကျောက်တလုံး၊ ကျောက်တလုံးမှ တလုတ်မြို့၊ တလုတ်မြို့မှ ရေနံချောင်း၊ ၎င်းမြို့မှ မကွေး။ ဤသို့လျှင် ခရီးအစဉ်အဆက်သွားမည်ကြံရှိပါသည်။ ဤကဲ့သို့ တပည့်တော်သွားပြန်လျှင် အမိမဖားဥသည်အားကိုးရာမဲ့ရှိပါသည်။ သူတပါး အနှောင့်အယှက်ပြုလုပ်မည်ကိုလည်းစိုးရိမ်ပါသည်။ သည်ကဲ့သို့ အနှောင့်အယှက်ရှိလျှင် ဆရာတော်ဘုရားအားတိုင်ကြားလေဟု အမိကို တပည့်တော် မှာထားပြီးဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် တပည့်တော်၏အမိ မဖားဥကို ဆရာတော်ဘုရားနှင့်တကွ အဖဦးဖြူတုတ်နှစ်ပါးလုံးတို့ကပင် အမိ မဖားဥ ဆင်းရဲဒုက္ခရောက်လျှင် ကြည့်ရှုစောင်မစေလိုပါသည်ဘုရားဟူ၍ လျှောက်ထားလျှင် ဆရာတော်ဘုရားလည်း မောင်ဘိုးရင်- မောင်ဘိုးရင်ကို ငါမေးမြန်းလိုသော ပုစ္ဆာအများပင်ရှိသည်။ သို့သော်လည်း ငါမေး၍ အကြောင်းကြောင်းမျိုးသိရလျှင် ငါ့အပေါ်တွင် ဝန်တက်လိမ့်မည်။ သို့ဖြစ်သောကြောင့် ငါ မမေးမြန်းလိုပြီး မောင့်အမိအကြောင်းမှာစိတ်သာချ၊ မည်သူတစုံတယောက်မျှ အနှောင့်အယှက်မရှိရအောင် ငါဆရာ ကြည့်ရှုမှိုင်းမမည်။ အောက်မြို့ကျေးရွာသို့သာလျှင် စိတ်လုံးလုံးချ၍သွားလေဟု မိန့်ဆိုတော်မူ၏။
သည်ကဲ့သို့ ဆရာတော်ဘုရားထံမှ အမိမဖားဥကို ကြည့်ရှုလိုက်မည်၊ စိတ်ချ၍သာလျှင်သွားဟူသော စကားကိုရရှိလျှင် ကိုရင်မောင်သည် အထူးဝမ်းသာအားရရှိ၏။ ထို့နောက် ဆရာတော်ဘုရားထံ ခွင့်ပန်ပြီးလျှင် ကပ္ပိယဒကာကြီး ဦးဖြူတုတ်ထံသွားရောက်၍ ယခင်နည်းအတိုင်း အမိမဖားဥကိုစောင်မပါမည့်အကြောင်းနှင့် တောင်းပန်၏။ ဦးဖြူတုတ်လည်း ကောင်းစွာ အာမခံသဖြင့် ယခင် အပ်နှံထားခဲ့သော ငွေ ၁၀၀ ကျပ်နှင့် ပုဆိုးများကိုအမိအသုံးလိုသည့်အခါ အမိကိုထောက်ပံ့လိုက်ပါ မှာထားပြီးကာလ အဝမြို့သို့ သုတ်သုတ်ပြန်လာရာ လမ်းခရီးတွင် အခွင့်မသင့် မသာသည့်အရာမရှိချောမောဆိုက်ရောက်သော်လည်း မိုးလင်းလုပြီဖြစ်၍ အမိအိမ်သို့ ဝင်မည်ကြံစည်အားထားသော်လည်း မဝင်နိုင်ဘဲ လှေကို နေရာရင်းတွင် လက်ရာမပျက်ပြန်၍ ချည်နှောင်ထားပြီးလျှင် မိမိတောစခန်းသို့သာ အမြန်သွားရရှာ၏။ ရောက်ကာလ တောင်ဖီလာဆရာတော်ဘုရား ကျောင်းတော်မှယူဆောင်လာသော မျက်လှည့်ပြရန် ကိရိယာမှစ၍ ဗိန္ဒောဆေးများကို ထုပ်လာသည့်အထုပ်ကို ခေါင်းအုံးလျက် သစ်ပင်ရင်းတွင် လျောင်းလိုက်ရာ မောပန်းလှသောကြောင့် ချက်ချင်းပင် အိပ်ပျော်သွားရှာ၏။
---
အခန်း ( ၂၀ ) ဆက်ရန်
---
#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်
#shared_by_louis_augustine


Comments
Post a Comment