မောင်ရင်မောင် မမယ်မ (အခန်း ၂၉ ) // ဂျိမ်းစ်လှကျော်

မောင်ရင်မောင် မမယ်မ (အခန်း ၂၉ ) // ဂျိမ်းစ်လှကျော်

---

ကိုရင်မောင်သည် တလုတ်မြို့၌ ကာလရောဂါစွဲကပ်ရာ၌ပါသောဆေးနှင့် ဘုန်းကြီးဦးဝိစာရကုသသောကြောင့် အသက်ချမ်းသာသော်လည်းကိုယ်လက်တွင် ချည့်နဲ့သောရောဂါစွဲကပ်သောကြောင့် မိမိအပါးတွင် ဘုန်းကြီး ဦးဝိစာရလာရောက်ပေးထားသော အစားအစာကိုမှ ယူငင်၍မစားနိုင်၊ ရေငတ်ပါသော်လည်း ရေအိုးကို လှမ်းလှမ်း၌ မြင်မြင်လျက်နှင့် ခြေလက်မစွမ်းမသန်သောကြောင့် ကိုယ်တိုင်ထ၍ မခပ်မယူနိုင်။

ဤကဲ့သို့ ကိုယ့်ကိုယ်ကို မထူမထနိုင်လျှင် ပထမဦးစွာ အမိမဖားဥကို သတိရ၏။ ထို့နောက်မှတဖန် မမယ်မကို သတိရပြန်၏။ ထိုအခါကိုရင်မောင် စိတ်ကူးမိသည်မှာ မမယ်မကား အခါတပါးနှင့်မတူ၊ သူတပါးမယားဖြစ်လေပြီ၊ မမယ်မကို ငါ့စိတ်ကူးတိုင်း ငါ၌ ဒုစရိုက်ဖြစ်တော့မည်။ ယခု ငါမကျန်းမာသည့်အခါ ငါ့ကိုပြုစုမည့်သူ ရွှေဘိုသူ မစောတင်တယောက်သာ ရှိတော့သည်၊ ငါလည်း ရေငတ်လှသည်၊ ယခုအခါ မစောတင်ကိုယ်တိုင်လာ၍ ရေတခွက်မျှပေးပါမူ ကောင်းလေစွဟု အောက်မေ့ပြီးလျှင် ယောင်ယမ်း အော်ဟစ်မိ၏။ ကိုရင်မောင်သည် သည်ကဲ့သို့ အော်ဟစ်သံကိုကြားလျှင်ကျောင်းထိုင်ပုဂ္ဂိုလ် ဘုန်းကြီးဦးဝိစာရသည် မောင်ရင် သတိထား၊ မောင်ရင်သတိထားဟူ၍ လာရောက်ပြောဆို ရေများကို တိုက်ကျွေးတော်မူ၏။

ထို့နောက် လရက်ကြာလျှင် ဘုန်းကြီးဦးဝိစာရပြုစုသည်တကြောင်း၊ ကိုရင်မောင်လည်း ယောက်ျားပီသသောစိတ်သဘောထားရှိသည် တကြောင်းများကြောင့် လူမမာအဖြစ်ကကို ကျန်းမာသောသူအဖြစ်သို့ ရောက်၏။ သည်ကဲ့သို့ ကျန်းမာလျှင် မိမိကြံစည်ရင်းရှိသည့်အတိုင်း မကွေးမြို့သို့သွားရန်ဆိုင်းထမ်းများကို ကြည့်ရှုလိုက်ရာ မိမိမျက်လှည့်တောင်းများကား အရာမယွင်းရှိ၏။ ထမ်းပိုးမှာကားမရှိ၊ ပျောက်လျက်နေ၏။ ထမ်းပိုးမရှိသည်ကိုမြင်လျှင် ကိုရင်မောင်သည် မိမိ၌ အောက်မြို့ကျေးရွာသို့သွားရန် စီးပွားချမ်းသာကား ဤထမ်းပိုးတွင်ထည့်ထားသည်ဖြစ်၍ ဤထမ်းပိုးမရှိလျှင် ငါ့အကြံခက်ပြီ အောက်မေ့ပြီးလျှင် ဘုန်းကြီးဦးဝိစာရကျောင်းတွင် ကျောင်းပေါ်ကျောင်းအောက် နှံ့ပျံ့အောင် ရှာဖွေ၏။

သည်ကဲ့သို့ရှာဖွေ၍ မတွေ့နိုင်လှမှ ဘုန်းကြီးဦးဝိစာရထံလျှောက်ထား မေးမြန်းရာလည်း ငါ့ကျောင်းဝင်းဇရပ်တွင်နေထိုင်သော ဘိုးသူတော်သည်ငါ့တပည့်အပါးမှ ထမ်းပိုးနှင့်တူသော တုတ်တချောင်းကို ယူဆောင်သွားသည်ကို ငါမှတ်မိသည်။ ဘိုးသူတော်အား မေးစမ်းပါဆို၏။ ကိုရင်မောင်လည်းဘိုးသူတော်ထံသို့ ချက်ချင်းသွားရောက် မေးမြန်း၏။ ဘိုးသူတော်လည်းအမောင်- ကျောင်းဝင်းထဲတွင် ခွေးတွေဆူလှသောကြောင့် မကျန်းမာသူအမောင် နားငြီးမည်စိုးသည်ဖြစ်၍ ခွေးရိုက်ရန် အမောင့်အပါးမှ ကျွန်ုပ် တုတ်တချောင်းဆွဲလာသည်၊ ဤတုတ်ကား ယခု ကျွန်ုပ်လက်မှာမရှိပြီ ယမန်နေ့က သုဘရာဇာငပေသည် ရောဂါနှင့်သေဆုံးသူ ငဘဲကို မီးသင်္ဂြိုဟ်ရာ၌ ကျွန်ုပ်အား အသုဘရှုကြွပါ ပင့်ကြားလာရာ သူလာစဉ်အခါက ထိုတုတ်ကို မီးသင်္ဂြိုဟ်ရာတွင် တံစူးပြုလုပ်ရန်ဆို၍ ယူငင်သွားသည်၊ အမောင့်တုတ်ကား အထူးသဖြင့် ချောမောသောတုတ်လည်းမဟုတ်ပါ၊ အမောင်အလိုရှိက ဤတုတ်ထက်ကောင်းသောတုတ်ကို ကျွန်ုပ်ရှာကြံပေးပါမည်ဆို၏။

ကိုရင်မောင်လည်း ဘိုးသူတော်ပြောသောစကားကို အစအဆုံးတိုင်အောင် နားမထောင်ဘဲ သုဘရာဇာငပေ့အိမ်ကို မေးပြီးလျှင် ငပေ့အိမ်သို့သာ ရုတ်တရက်ထွက်သွား၏။ ငပေ့အိမ်သို့ရောက်၍ ငပေကိုမေးမြန်းရာ ဦးဝိစာရကျောင်းဝင်းနေ ဘိုးသူတော်ထံမှ ကျွန်ုပ် တုတ်တချောင်းယူခဲ့သည်မှာမှန်၏ ၊ ယမန်နေ့က လူတယောက်ကို မီးသင်္ဂြိုဟ်ရာတွင် တံစူးပြုလုပ်ထိုးဆွပြီးကာလ ထူးခြားလှပသော တုတ်လည်းမဟုတ်သောကြောင့် မီးသင်္ဂြိုဟ်ရာတွင်ပင်လျှင် ကျွန်ုပ်ပစ်ထားခဲ့သည်။ ဤတုတ်ကား အဖိုးထိုက်တန်သောဟုတ်မဟုတ်ပါ၊ မောင်၏တုတ်အတွက် အစားအလိုရှိသည်ဆိုသော်ကျွန်ုပ်အစားပေးပါမည်၊ စိတ်မပူပါနှင့်ဆို၏။

ကိုရင်မောင်လည်း စကားခွန်းတုံ့မပြန်ဘဲ သုသာန်သို့ပြေးသွား၏။ သုသာန်သို့ရောက်၍ လူသေအလောင်းကို မီးသင်္ဂြိုဟ်သောနေရာများ၌ ရှာဖွေရာ မိမိထမ်းပိုးအစနှင့်တူသော ထင်းစတစကို တွေ့မြင်လျှင် ငါ့ထမ်းပိုးကားသုဘရာဇာငပေ ထင်းဆိုက်ခဲ့လေပြီ။ ထမ်းပိုးဆုံးလျှင် ထမ်းပိုး၌ပါသောပစ္စည်းလည်း ဆုံးပါးလေပြီ။ သို့သော်လည်း ငါ့မျက်လှည့်တောင်းထဲတွင်ပစ္စည်းဥစ္စာ အနည်းငယ်မျှ ပါသေးသည်။ ထိုဥစ္စာများနှင့်ပင် စရိတ်ပြုလုပ်၍အောက်မြို့ကျေးရွာသို့ သွားရတော့မည် အကြံပြုပြီးလျှင် ကျောင်းသို့ပြန်သွား၏။

ကိုရင်မောင်သည် သုသာန်မှပြန်သွားရာ ဘုန်းကြီးကျောင်းသို့ရောက်လျှင် ဘုန်းကြီးဦးဝိစာရသည် ဤသို့ဆို၏။ ငါ့တပည့်- ငါ့တပည့်သည်ထမ်းပိုးတချောင်းပျောက်သည်နှင့် ဒေါင်းတောက်အောင် ပြေးလွှားရှာဖွေသည်။ ငါ့တပည့်၏အမူအရာကို ငါဆရာဆင်ခြင်၍ကြည့်ပြီ၊ ငါ့တပည့်ကား ဗိန္ဓောကျမ်း၊ ဗေဒင်ကျမ်း၊ ဆေးကြမ်းကျမ်းများကို နိုင်နင်းသူဖြစ်သည်။ ယခု ငါ့တပည့်တွင် ပျောက်ဆုံးသောထမ်းပိုး၌ ဝိသေသတစုံတရာ ရှိလိမ့်မည်။ သည်ကဲ့သို့ ဝိသေသရှိ၍သာလျှင် ငါ့တပည့် ဤမျှလောက် ဂရုစိုက်သည်၊ ယခုရှာ၍မတွေ့လျှင် နောက်တနေ့နေ့တွေ့လိမ့်မည်။ တွေ့ကာလ ငါ့တပည့်ရှိရာသို့ ဆရာပေးပို့လိုက်မည်ဆိုလျှင် ကိုရင်မောင်လည်း ယခင်ဆိုခဲ့သောထင်းစကို မြင်ခဲ့သည်ဖြစ်၍ မိမိထမ်းပိုး မီးလောင်ပြီးပြီ ထင်မှတ်သည့်အတိုင်းမိမိထမ်းပိုးကို ပြန်၍ ရလိမ့်ဦးမည်အာရုံမထားသော်လည်း ဘုန်းကြီး ဦးဝိစာရအား စကားချောမောလှပစေတော့ဟု အကြံပြုပြီးလျှင် ကောင်းပါပြီဟုလျှောက်ထား၏။

ကိုရင်မောင်သည် ဘုန်းကြီးဦးဝိစာရနှင့် ဤကဲ့သို့ စကားပြောဆိုပြီးသည့်နောက်တနေ့တွင် ထမ်းပိုးပျောက်သည့်အတွက်ကြောင့် စိတ်လက်မကြည်မသာရှိသော်လည်း တရွာ၌ ရှည်ကြာစွာနေထိုင်သော် မိမိအသက်ဘေးကို စိုးရိမ်ရသောအကြောင်းရှိသဖြင့် ဘုန်းကြီးဦးဝိစာရကို ခွင့်ပန် ကန်တော့ဝတ်ပြုပြီးလျှင် တရုတ်မြို့မှ တောင်သို့ရှေးရှု၍ သွားလေ၏။

---

အခန်း ( ၃၀ ) ဆက်ရန်


---

#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်

#shared_by_louis_augustine
#sbla

Comments