မောင်ရင်မောင် မမယ်မ (အခန်း ၁၈) // ဂျိမ်းစ်လှကျော်
မောင်ရင်မောင် မမယ်မ (အခန်း ၁၈) // ဂျိမ်းစ်လှကျော်
---
ကိုရင်မောင်သည်ဆိုခဲ့သည့်အတိုင်း အမိမဖားဥကို စောင့်ဆိုင်းနေရာ မကြာမီပင် အမိမဖားဥချောင်းဟန့်သံကိုကြား၏။ ကိုရင်မောင်လည်းယခင်မှာထားသည့်အတိုင်း တုံ့ပြန်၍ ချောင်းဟန့်အသံကိုပြု၏။ သားအမိနှစ်ယောက်တွေ့ဆုံမိကြလျှင် အမိမဖားဥလည်း မိမိယူဆောင်လာသောအစားအသောက်များကို သားကိုရင်မောင်အား ကျွေးလေ၏။ သည်ကဲ့သို့ကျွေးသော စားဖွယ်သောက်ဖွယ်များကို စားသောက်ပြီးသည့်နောက် အမိမဖားဥဆိုသည်မှာ မမယ်မတယောက်သည် သူတပါးနှင့် လက်ဆက်အိမ်ထောင်ပြုရသည့်အရာ၌ ငါ့သားကို မချစ်ခင် မစုံမက်၍မဟုတ်ပေ။ ငါ့သားမောင်ရင်မောင်မရှိ၊ သေလေပြီထင်သည့်နောက် သူ့အဖဦးသာဓုသေဆုံး၊ အိမ်တွင်ပစ္စည်းပျက်ပြုန်း ပါးရှားလှသဖြင့် စားရာမဲ့ သောက်ရာမဲ့ဖြစ်လျှင် ငမြတ်သာနှင့် သူတပါး စပ်လာသောကြောင့် မလွှဲသာ၍ အိမ်ထောင်ပြုရခြင်းဖြစ်သည်။ဤအကြောင်းနှင့် စပ်လျဉ်း၍ ငါ့သားက စိတ်မခုနှင့်ဆို၏။ ကိုရင်မောင်လည်း အမေ- မမယ်မကြောင်းနှင့် စပ်လျဉ်း၍ အမေကလည်း မပြောဆိုပါနှင့်၊ ကျွန်တော်ကလည်း မပြောမဆို မလိုပါဟူ၍ လွန်ခဲ့သောညက အမေ့အားကျွန်တော် မှာထားပါသည်။ မမယ်မအကြောင်းနှင့်စပ်၍ ကျွန်တော့်အားရှေ့သို့ဆက်လက်၍ မပြောလေနှင့်ဟု ပြန်ပြော၏။
ကိုရင်မောင်သည် မမယ်မအကြောင်း စကားစပ်၍မပြောပါလေနှင့်ဟု အမိမဖားဥအား မြစ်တားသော်လည်း မိမိကိုယ်တိုင်မှာကား မမယ်မအကြောင်းစိတ်မကူးဘဲမနေနိုင်သဖြင့် ငါ့အမိပြောသည့်စကား မုချမှန်သည်။ ငါသေပြီဟု စိတ်လုံးလုံးချစေကာမူလည်း အမိမစာမှစ၍ သူတပါး အပူတပြင်း မသွေးမဆောင် မတိုက်မတွန်းက သူအိမ်ထောင်ပြုမည်မဟုတ်၊ မည်သို့ပင်တိုက်တွန်းစေကာမူလည်း ကိုယ့်ကိုယ်ထူထောင်နိုင်ရုံမျှ ဥစ္စာအင်အားရှိသည်မှန်က မမယ်မသည် ငမြတ်သာနှင့် အိမ်ထောင်ပြုမည်မဟုတ်၊ ယခုမှာကား အကြောင်းကြောင်းမျိုးစုံသည့်ပြင် အကြံကုန်အောင် ဆင်းရဲလှ၍သာ သူအိမ်ထောင်ပြုရရှာပေသည်။ အဝမြို့သို့ ငါဆိုက်ရောက်သည်မှာ တရက်တည်းမျှ နောက်ကျသည်။ မင်္ဂလာမပြုမီတညက ငါဆိုက်ရောက်ခဲ့ပါလျှင် ကြံသာဖန်သာမည်ဖြစ်၍ ဤကဲ့သို့မဖြစ်ရ။ ယခုမှာကား ငါဝီရိယနည်းပါးသောကြောင့် မမယ်မခမျာ လွန်ခဲ့သော တညကပင် ငမြတ်သာ၏မယားဖြစ်ရရှာလေပြီတကားဟု တွေဝေစဉ်းစားနေရာတွင် မဖားဥလည်း ငါ စကားစမိသောကြောင့် မှိုင်လျက်နေရှာပြီ။ အခြားစကားကို ငါထောက်၍ပြောဦးမှသင့်မည် အကြံပြုပြီးလျှင် မောင်ရင်- ရွှေဘိုတပယင်းအရပ်သို့အမောင်သွား၍နေရာ မည်သည့်အလုပ်အကိုင်ကိုလုပ်ကိုင်၊ မည်သို့နေထိုင်စားသောက်ခဲ့ပါသနည်းဟု မေးကာလ ကိုရင်မောင်သည် တွေဝေလျက်နေရာမှ သတိရပြီးလျှင် မိမိဖြစ်ခဲ့သမျှကို စေ့ငုသေချာစွာ ပြောသည့်အနက် တပယင်းမြို့ ဘုန်းတော်ကြီး ဦးဝရလင်္ကာရကျောင်းတွင် တည်းခိုနေထိုင်သည့်အတွင်း မိမိလည်ပင်းကို ငမြတ်သာနင်းသည် အိပ်မက်သောကြောင့်အိပ်ရာမှ ယောင်ယမ်း၍ ကျောင်းသားသူငယ်ကို ငမြတ်သာမှတ်ပြီးလျှင်ထိုးကြိတ်မိသည့်အကြောင်း ကျရောက်ကာလ လရက်ကိုတွက်စစ်ကြည့်ရှုရာ မမယ်မက ငမြတ်သာကိုယူပါတော့မည် စကားတုံ့ပြန်သည့်နေ့နှင့် တိုက်ဆိုင်မိကြောင်းသိရှိရ၏။ သည်ကဲ့သို့ သိရှိရပြန်လျှင်လည်း ငါ၏ကိုယ်စောင့်နတ်၊ နတ်သူတော်ကောင်းတို့သည် ငါ့ကို သတိပေးနှိုးဆော်ရှာကြပါလျက် ငါထိုင်းမှိုင်း၍သာလျှင် မရိပ်မိ မသိရှိလေသည်ဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိပြန်၏။
ထို့နောက်မှ ရုတ်တရက်သတိရ၍ ဆက်လက်ပြောပြန်၏။ သည်ကဲ့သို့ ပြောရာ၌ မစောတင်အကြောင်းကိုပြောက အမိအမေးအမြန်းထူထပ်သဖြင့် စကားရှည်လျားမည့်ပြင် သင်းလင်ယူလို့ရှိမှ မောင်ရင် မယားယူပါတော့ကောဟု အမိပြောမည်တချက်၊ မိန်းမချင်းကိုယ်ချင်းစာသဖြင့် မစောတင်နှင့်သာ အိမ်ထောင်ပြုပါလေဟု တိုက်တွန်းလျှင် မိမိကိုယ်တိုင် စိတ်ပါပြီးဖြစ်သည့်အတိုင်း လိုက်နာမိမှားပြီးလျှင် သေဘေးကျရောက်မည်စိုးရိမ်သည်တချက်ကြောင့် မစောတင်အကြောင်းကို အရိပ်အမြွက်မျှမဆိုဘဲ ခြွင်းချန်ပြီးလျှင် အခြားဖြစ်ပျက်ခဲ့သမျှကို ကုန်စင်အောင် ပြောပြီးနောက် အမိအား ဤသို့မှာထား၏။ အမေ- ကျွန်တော် အောက်မြို့ကျေးရွာသို့ သွားရောက်ကာလ အမေမှာ အားကိုးရာမဲ့ ဖြစ်လိမ့်မည်။ သူတပါးကို များစွာမစိုးရိမ်။ ကျွန်တော့်အမိဖြစ်သည့်အကြောင်းသက်သက်ကြောင့် ငမြတ်သာက အမေ့ကို နှောင့်ယှက်လိုသောဆန္ဒရှိလိမ့်မည်။ သို့ဖြစ်သောကြောင့် ကျွန်တော်မရှိသည့်နောက် အမေ့၌ အရေးတစုံကိုယ်တွင်ကြုံ၍ရှိက စစ်ကိုင်းဘက် တောင်ဖီလာဆရာတော်ကျောင်းတော်ရှိ ဆရာတော့် ခမည်းတော် ကပ္ပိယကြီးဦးဖြူတုတ်ထံ အကြောင်းကြားလျှင် အမေ့အား ထောက်မလိမ့်မည်။ စိတ်ချ၍သွားရအောင် ယနေ့ညနေပင်လျှင် ကျွန်တော် သွားရောက်ပြီးလျှင် မှာထားမည်ဟုဆို၏။ မဖားဥလည်း ကောင်းလှပြီဟု ပြော၏။
ထို့နောက် ကိုရင်မောင်သည် အောက်မြို့ကျေးရွာသို့ သွားသောအခါ ယမန်နှစ်က ရွှေဘိုတပယင်းသို့သွားသည့်နည်းစနစ်အတိုင်း မျက်လှည့်ဆရာအယောင်ဆောင်၍ သွားမှ သင့်မည်အောက်မေ့သဖြင့် အမိအား ဤသို့ပြော၏။ ကျွန်တော် အောက်မြို့ကျေးရွာသို့သွားမည်ဆိုသော် တောင်းနှစ်လုံးနှင့် ဆိုင်းထမ်းပိုးလိုသည်။ ထမ်းပိုးမှာ တောထဲတွင် လွယ်လင့်စွာရနိုင်ပါသည်။ နက်ဖြန် အမေ ထမင်းပို့ လာသောအခါ တောင်းနှစ်လုံး ရှာကြံဝယ်ခဲ့ပါ။ဝယ်ယူသောအခါ၌လည်းလူသူလေးပါးမရိပ်မိနိုင်အောင်သတိပြု၍ တလုံးစီအသီးအခြားပြုပြီးလျှင် လူအသီးအခြားထံမှဝယ်ပါ ရရှိ၍ ကျွန်တော့်ထံယူလာသောအခါသည် သူတကာမြင်က တောင်းတလုံးတည်းထင်မှတ်အောင် တလုံးအတွင်းသို့ တလုံးသွင်း၍ ရွက်ခဲ့ပါဟု မှာထားပြီးနောက်အမိမဖားဥအိမ်သို့ပြန်လျှင် ထင်းခွေရာမှ ပြန်လာသည် သူတပါးထင်မှတ်စေခြင်းငှာ ထင်းခြောက်အနည်းငယ် ရှာဖွေစည်းနှောင်၍ ပေးလိုက်၏။ မဖားဥလည်း ကိုရင်မောင် ညစာအဖို့ ထမင်းဟင်းအနည်းငယ်ကို ဖက်နှင့်ထုပ်၍ပေးခဲ့ပြီးလျှင် ထင်းစည်းကိုရွက်၍ အိမ်သို့ ပြန်သွား၏။
သည်ကဲ့သို့ အမိမဖားဥပြန်သွားသည့်နောက် ကိုရင်မောင်လည်း နံနက်က မိမိတူးဖော်တွေ့ရှိသော ပစ္စည်းဥစ္စာရပ်များကို အသေအချာကြည့်ရှုပြန်ရာ ရွှေခွက်များထည့်သည့်အိုးတွင် ရွှေခွက်များအလယ် ရွှေကြုတ်တခုကို တွေ့မြင်၏။ ထိုရွှေကြုတ်ကို ဖွင့်လှစ်ကြည့်ရှုကာလ ရွှေသင်္ကန်းဖြင့်မွမ်းမံထားသော ရုပ်ပွားတော်တဆူ၊ ထိုရုပ်ပွားကိုယ်တော်နှင့်အတူ ရွှေပေလွှာတစောင်ကို တွေ့မြင်ရ၏။ ထိုရုပ်ပွားတော်၏ နဖူး၌ မြတလုံးခြယ်လှယ်လျက်ရှိ၏။ ရွှေပေလွှာပါ ကမ္ပည်း၌ မဟာဗောဓိသားအစစ်ကိုထုလုပ်သည်ဟု ပါသဖြင့် ထိုဝတ္ထုကား ရာဇဝတ်ကို တိမ်းရှောင်နေရသူငါကဲ့သို့သော လူနှင့်မလျော်၊ တောင်ဖီလာဆရာတော်ဘုရားကို ကပ်လှူရန်ရည်စူးမိ၏။ ၎င်းပြင် အောက်မြို့ကျေးရွာသို့ သွားရောက်ကာလ အသုံးပြုရန် ပတ္တမြားကျောက်နီအနည်းငယ်၊ မြအနည်းငယ် ထုတ်နုတ်ယူငင်ပြီးသည့်နောက် ကျန်ပစ္စည်းများကို နေရာဟောင်းတွင်ပင် ပြန်၍မြှုပ်ထား၏။
---
အခန်း ( ၁၉ ) ဆက်ရန်
---
#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်
#shared_by_louis_augustine


Comments
Post a Comment