မောင်ရင်မောင် မမယ်မ (အခန်း ၂၆ ) // ဂျိမ်းစ်လှကျော်

မောင်ရင်မောင် မမယ်မ (အခန်း ၂၆ ) // ဂျိမ်းစ်လှကျော်

---

မစောတင်သားအမိတို့သည် ယခင်ဆိုခဲ့သည့်အတိုင်း လှည်းခုနစ်စီး၊ နောက်ပါကျေးကျွန် အခြံအရံနှင့်တကွ ရွှေဘိုမြို့မှထွက်ခွာ၍ တောင်စူးစူးသို့ရှေးရှုသွားရာ ခုနှစ်ရက်လည်ကာလ ညနေနေဝင်သောအချိန်တွင် ကျောက်တာရွာသို့ ရောက်၍ ၎င်းရွာအနီးတွင် လှည်းခုနစ်စီးကို ရပ်တန့်စခန်းပြုလုပ်အိပ်ကြ၏။

နောက်နေ့နံနက် မိုးမသောက်တသောက်တွင် မစောတင်သည် မိမိအပါးတွင် အိပ်ပျော်လျက်နေသူ မကြီးမိကိုနှိုး၍ပြောသည်မှာ မကြီးမိ-မကြီးမိ ထပါဦး၊ ကျွန်မအိပ်မက်ကား အလွန်တရာထူးခြားပါသည်၊ ကျွန်မအိပ်မက်အတိုင်း မှန်မည်ဟူ၍လည်း ကျွန်မထင်ပါသည်၊ ကျွန်မသည် အိပ်မက်ထဲတွင် ရွာစဉ်ကိုလျှောက်၍ ကိုဘိုးရင်ကို လိုက်လံရှာဖွေရာ တခုသောရွာ၌ မည်သည့်ကပ်ရောဂါမသိ၊ ကပ်ရောဂါဖိစီးနှိပ်စက်သောကြောင့် လူအမြောက်အမြားတို့သည် ရွာ၏အရှေ့ကွင်းပြင်သာတခု၌ အတုံးအရုံးသေသူသေ၊ နာသူနာ၊ ရေငတ်ပါသည်၊ ရေငတ်ပါသည်- ရေပေးပါ တောင်းသူလည်းအချို့၊ သည်ကဲ့သို့ရေတောင်းဆဲအတွင်း လင်းတဆွဲသူလည်းအချို့၊ တောခွေးဝံပုလွေစသော တောတိရစ္ဆာန်သားရဲတို့ ဆွဲငင်ကိုက်စားကြသည်လည်းအချို့၊ အချို့တို့မှာလည်း ထိုတလင်းပြင်ဗဟိုချက်၌ရှိသော ဆန္ဒရမက်နှင့် မနိုင့်အနိုင်ရေအိုင်ရှိရာသို့ ရှေးရှုလေးဖက်တွားသူအချို့၊ တိရစ္ဆာန်မြွေသွားသည့်နည်းဖြင့် ကိုယ့်ကိုယ်ကို လွန့်လူးကာ သွားလာသူအချို့၊ သည်ကဲ့သို့ဖြစ်ရာ ခုနစ်တောင်တာမျှခရီးတွင် ခွန်အားကုန်ခန်း၍ သေသူလည်းအချို့၊ သည်ကဲ့သို့ရှိကြသည့် လူများအနက် တဦးသောသူသည် ရုတ်တရက် ရှောင်တခင်ဖြင့်မစောတင်ရေ မြင်လှည့်ပါဦးဟူ၍ ဟစ်အော်သံကိုကြားသောကြောင့် ကျွန်မသွားရောက် ကြည့်ရှုကာလ အခြားသူမဟုတ်၊ ကိုဘိုးရင်စစ်စစ် ဖြစ်ပါသည်။

ကိုဘိုးရင် ရေငတ်လှရှာသောကြောင့် ကျွန်မသည် ရေရှိရာသို့ ပွေ့ချီယူသွားပြီးလျှင် လက်ခုပ်ဖြင့် ခပ်ယူ၍ ရေတိုက်ကျွေးကာလ ချက်ချင်းအားအင်တိုးတက်လူမမာအဖြစ်က ကိုလူသန် လူမာပကတိအဖြစ်သို့ ရောက်ပါသည်။ ထို့နောက် ကိုဘိုးရင်သည် သူခေတ္တတည်းခိုနေထိုင်သော ဘုန်းကြီးကျောင်းတကျောင်းသို့ ကျွန်မအား ခေါ်ငင်သွားပါသည်။ သည်ကဲ့သို့ ခေါ်ငင်သွား၍ ကျောင်းရှေ့သို့ရောက်လျှင် ကျောင်းရှေ့တွင်ရှိသော စံကားစိမ်းပင်မှ ပန်းသုံးပွင့်ကိုဆွတ်ခူးပြီးလျှင် ကျွန်မဦးခေါင်းထက် ဆံထုံးတွင် ပန်ဆင်ပေးပါသည်။ ထို့နောက် ကိုဘိုးရင်သည် ကျွန်ုပ် မကျန်းမမာသည့်အတွင်း ကျွန်ုပ်ကိုပြုစုပါဟူ၍ မှာနေသည့်အခိုက် ကျွန်မတို့လှည်းသမားအများတို့ အော်ဟစ်ကြသောကြောင့်အိပ်မက်မဆုံး၊ တဝက်တပျက်နှင့်ပင် ကျွန်မ လန့်၍ နိုးလာပါသည်။

အိပ်မက်မဆုံးသော်လည်း အိပ်မက်၏အဓိပ္ပာယ်အရမှာ ကိုဘိုးရင် မုချအားဖြင့် ဘုန်းကြီးကျောင်းတကျောင်းတွင် မကျန်းမမာရှိနေပြီးလျှင် သူ မကျန်းမမာသည့်အတိုင်း ထောက်မပြုစုရန် ကျွန်မကို တသလျက်ရှိနေပါသည်။ ဤဘုန်းကြီးကျောင်းကို ကျွန်မမျက်စိထဲတွင် ရုပ်ပုံရေးသားထားဘိသကဲ့သို့ထင်မြင်လျက်ရှိပါသည်။ ထိုဘုန်းကြီးကျောင်းကို မြင်လျှင် ကျွန်မ မုချမှတ်မိပါသည်။ အခြားအရာကို မမှတ်မိလျှင်ရှိစေတော့၊ ကျောင်းရှေ့၌ရှိသော ကိုဘိုးရင် ပန်းသုံးပွင့်ဆွတ်ခူးသည့် စံကားစိမ်းပင်ကား ကျွန်မ မုချမှတ်မိပါသည်။ ဤအကြောင်းနှင့်စပ်၍ မည်သို့ပြုလုပ်ရမည်ကို မကြီးမိက အကြံပေးပါဆို၏။ မကြီးလည်း ငါ့တူမအိပ်မက်ကား လွန်စွာထူးခြားပေသည်၊ သို့သော်လည်း အိပ်မက်ဆိုသောအရာသည် အိပ်မပျော် စားမဝင်သောကြောင့် သွေးလေနှင့်တကွ ဓာတ်လေးပါးချောက်ချားခြင်းကြောင့်လည်း မက်တက်သည်။ ရှေး၌ တွေ့ဖူး ထင်ဖူး မြင်ဖူးသောအာရုံကို ဥပါဒါန်စွဲလမ်းသောကြောင့်လည်း မက်တက်သည်၊ နတ်တို့သည် အကျိုးကိုလို၍လည်းကောင်း၊ မလို၍လည်းကောင်း အထူးထူး အပြားပြားသော အာရုံကိုကိုရှေးရှုဆောင်ယူ လှည့်ဖြားသောကြောင့်လည်း မက်တက်သည်၊ ကုသိုလ်အကုသိုလ်၏ အစွမ်းဖြင့် ရှေ့ကိုမုချအကျိုးဖြစ်မည်၊ ပျက်မည်များကို ပြသောအားဖြင့်သော်လည်း မက်တတ်သည်။ ယခုရေတွက်၍ပြသော အိပ်မက်ခြင်းလေးမျိုး၌ တမျိုးသာလျှင် မှန်တတ်သောအရာ ပါရှိသည်။ ငါ့တူမအိပ်မက်ကား အမှန်မယူရသောအိပ်မက်သုံးပါးတွင် ပါဝင်မည်။ ထိုအိပ်မက်ကိုအစွဲအလမ်းမရှိလေနှင့်၊ ငါ့တူမအိပ်မက် ထူးခြားသည်ကားမှန်၏။ ရွာရှေ့တလင်းပြင်တွင် လူနာလူသေမှစ၍ တချို့ကို မသေမီက ငှက်တိရစ္ဆာန်လင်းတတို့ ဆွဲစားသည် ငါ့တူမ ပြောပြသောအခါ အဒေါ်ပင်လျှင် ကြက်သီးနှလုံးတုန်လှုပ်သည်၊ သို့သော်လည်း ငါ့တူမအိပ်မက်သည် စွဲလမ်းခြင်းကြောင့်ဥပဒ်ရောက်တတ်သည်၊ ဤအိပ်မက်ကို အစွဲအလမ်းမပြုနှင့်၊ ယခုပင် လှည်းထွက်ကာလ တောင်ဖီလာကိုမြင်ရတော့မည်။ တောင်ဖီလာကျောင်းတော်သို့ရောက်ပြန်လျှင်လည်း မောင်ဘိုးရင်သတင်းကို ကြားရတော့မည်။ ဤသို့လျှင်အနည်းနည်း အဖုံဖုံအားဖြင့် မကြီးမိက မစောတင်ကို ချော့မော့၍ ထား၏။

မကြီးမိသည် တူမ မစောတင်အား သည်ကဲ့သို့ပြောဆိုချော့မော့၍ ထားသော်လည်း မစောတင်အိပ်မက်သည် လွန်စွာထူးခြားရုံမက မှန်ကောင်းမှန်လိမ့်မည်ဟူ၍ စိတ်စွဲလမ်းခြင်းရှိနေသည့်အတွင်း မိမိထက် ဗဟုသုတအကြားအမြင်များသူ လင်မောင်မှတ်နှင့် တွေ့ဆုံမိလျှင် မစောင်အိပ်မက်တိုင်းကို ပြောပြ၍ အိပ်မက်၏အနာဂတ်ကို မေးမြန်း၏။ မောင်မှတ်ကလည်းဤအိပ်မက်ကား သာမညအိပ်မက်မဟုတ်၊ လွန်စွာထူးခြားသောအိပ်မက်ဖြစ်သည်။ ဤအိပ်မက်သည် အရိပ်နိမိတ်အားဖြင့် မှန်ကန်သော ရုပ်လက္ခဏာပါသည်ပြောဆိုလိုက်လျှင် မကြီးမိလည်း မူလအစကပင် ဤအိပ်မက်မှန်ကန်သည်ဟူ၍ စွဲလမ်းခြင်းရှိရာတွင် လင်မောင်မှတ်က ဤကဲ့သို့ ပြောပြန်ကာလမုချမှန်ပြီဟူ၍ ယူဆပြီးလျှင် တူမ မစောတင်အား မောင်မှတ်ပြောသမျှကိုပြန်ပြော၏။

သည်ကဲ့သို့ပြန်ပြောလျှင် ကျွန်မအိပ်မက်အတိုင်း မှန်ကန်ပါလျှင် ကိုဘိုးရင်သည် ယခုပင် မကျန်းမမာရှိပြီးလျှင် မကျန်းမမာရှိရာတွင် ထောက်မပြုစုရန် ကျွန်မကို တသလျက် နေရှာလေပြီ၊ သည်ကဲ့သို့ တသနေကြောင်းကိုနတ်သူတော်ကောင်းတို့သည် ကျွန်မအား အိပ်မက်အားဖြင့် သတင်းစကားလာရောက် ပြောကြားကြပေသည်။ သည်ကဲ့သို့ပြောကြားလျှင် ကျွန်မကားမနေသာ ကိုဘိုးရင် မကျန်းမမာရှိရာသို့ အမြန်သွားရောက် ကြည့်ရှုပြုစုရာသော ဝတ္တရားရှိပါသည်ဆို၏။ မကြီးမိလည်း ငါ့တူမ- ယနေ့ကား တောင်ဖီလာကျောင်းသို့ ငါတို့ရောက်တော့မည်၊ တောင်ဖီလာကျောင်းသို့ ရောက်သောအခါ မောင်ဘိုးရင်သတင်းကို မုချကြားသိရလိမ့်မည်။ သတင်းကြားသိရမှသာ အဒေါ်သညာပေးနိုင်မည်၊ ငါ့တူမ အိပ်မက်အကြောင်းကို မေမေ့အားမပြောလေနှင့်ဦး၊ ငြိမ်ဝပ်စွာသာလျှင် ဣန္ဒြေမပျက် နေပါဟု ပြော၏။

နံနက်မိုးသောက် အရုဏ်တက်လတ်သော် ဆိုခဲ့သောလှည်းခုနစ်စီးတို့သည် စစ်ကိုင်းမြို့သို့ ရှေးရှုမောင်းနှင်ပြန်၏။ ကျောက်တာရွာတောင်ဘက်သို့ ထွက်ပြီးနောက် မကြီးမိလင် အောင်မှတ်သည် မိမိစီးမြဲဖြစ်သော မြင်းကိုစီးလျက် မကြီးမိ၊ မစောတင်နှစ်ဦးပါသော လှည်းအပါးသို့ ချဉ်းကပ်လာလျှင်တောင်ဖီလာတောရနီးပါပြီလော၊ မည်သည့်အကြောင်းကြောင့် တောင်ဖီလာခေါ်ပါသနည်းဟု မစောတင်ကမေး၏။

မောင်မှတ်လည်း တောင်ဖီလာခေါ်သည့်အရာမှာ အခြားအကြောင်းကြောင့်မဟုတ်၊ ယခုကြည့်ရှုလိုက်လျှင် ခရီးတတိုင်နှစ်တိုင်ခန့်ကပင် တောင်ကန့်လန့်ဖီလာမြင်သောကြောင့် တောင်ဖီလာခေါ်သည်။ ယခုလည်း တောင်ဖီလာသို့ နီးပြီဆိုပြီးလျှင် တောင်ဖီလာကို လက်ညှိုးညွှန်၍ မစောတင်အားပြသ၏။ မစောတင်လည်း လက်ညှိုးညွှန်ရာကိုကြည့်လိုက်ရာ တောင်ဖီလာဆရာတော်ကျောင်းကို မမြင်ရသော်လည်း ရှေ့တွင် ဖီလာခံလျက်ရှိသောတောင်မှစ၍ ထိုတောင်ထိပ်ဖျား၌ရှိသော စေတီတော်ကိုမြင်လျှင် ကိုရင်မောင်ကိုယ်တိုင်ကို လှမ်းလှမ်းက မြင်ရဘိကဲ့သို့ စိတ်၏အာရုံတွင် ထင်မြင်မိသဖြင့်ကြက်သီးနှလုံးထကြွခြင်းဖြစ်၏။

ထိုအခါ မောင်မှတ်သည် တောင်ဖီလာဆရာတော်အကြောင်း၊ ၎င်းအပြင် ဆရာတော်၏ခမည်းတော် ဦးဖြူတုတ်အကြောင်းများကို မစောတင်အားပြောပြသဖြင့် မစောတင်လည်း ဤပုဂ္ဂိုလ်နှစ်ဦးကား ငါ့အား ကရုဏာသက်မည့်ပုဂ္ဂိုလ်များပင် ဖြစ်ပေသည်။ ကျောင်းတော်သို့ရောက်ကာလ ဤပုဂ္ဂိုလ်နှစ်ဦးထံ ဆည်းကပ်မည် အကြံပြု၏။

ထို့နောက် တောင်ဖီလာကျောင်းသို့ရောက်လျှင် အမိဝန်ကတော်သည် မိမိကိုယ်တိုင်စီးသောလှည်းတစီး၊ မစောတင်၊ မကြီးမိ စီးသော လှည်းတစီးများကိုချန်လှပ်၍ ကျန်လှည်းများနှင့်တကွ ကျေးကျွန်သင်းပင်းတို့ကို စစ်ကိုင်းမြို့ မည်သည့်အိမ်သို့သွားနှင့်လေ စေခိုင်းပြီးသည့်နောက် မိမိကိုယ်တိုင်နှင့်တကွ သမီးမစောတင်၊ မကြီးမိတို့ကို ခေါ်ငင်ပြီးလျှင် တောင်ဖီလာကျောင်းသို့ဝင်၏။ သည်ကဲ့သို့ ဆရာတော်ကျောင်းသို့ ဝင်ရောက်ရာ ဆရာတော့်ခမည်းတော် ဦးဖြူတုတ်နှင့်တွေ့ဆုံမိလျှင် ဦးဖြူတုတ်လည်း ဝမ်းသာအားရခရီးဦးကြိုဆိုပြီးနောက် ဆရာတော်ဘုရားထံ ခေါ်ငင်သွားသောကြောင့် ဆရာတော်ဘုရားရှေ့တော်သို့ ရောက်ကာလ ဝန်ကတော်နှင့်တကွ မစောတင်၊မကြီးမိတို့ပါ ရှိခိုးပူဇော်ကြရ၏။

---

အခန်း ( ၂၇ ) ဆက်ရန်


---

#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်

#shared_by_louis_augustine
#sbla

Comments