မောင်ရင်မောင် မမယ်မ (အခန်း ၂၀) // ဂျိမ်းစ်လှကျော်
မောင်ရင်မောင် မမယ်မ (အခန်း ၂၀) // ဂျိမ်းစ်လှကျော်
---
ဆိုခဲ့သည့်နောက်တနေ့နံနက် နေလုံးပေါ်လျှင် အမိမဖားဥလည်း ကိုရင်မောင်မှာလိုက်သော တောင်းထဲတွင် ထမင်းဟင်းထည့်လျက် ရွက်၍ရောက်လာရာ သားအိပ်ပျော်နေသည်ကိုမြင်လျှင် တောင်ဖီလာကျောင်းသို့သွားရသဖြင့် အအိပ်ပျက်သည်တကြောင်း၊ မောသည်တကြောင်းကြောင့်အိပ်လျက်နေသည်ကို သိရှိသဖြင့် အိပ်ရာမှမနှိုးဘဲ သားနိုးသည်တိုင်အောင်အပါးက စောင့်ဆိုင်းကာနေ၏။ နေလုံးထန်းတဖျားခန့်မြင့်၍ ကိုရင်မောင်နိုးကာလ အမိအပါးကစောင့်ဆိုင်းနေသည်ကို မြင်လျှင် ရုတ်တရက်ထပြီးမှမျက်နှာများကို ရေဖြင့်ဆေးသစ်၊ အမိတည်ခင်းကျွေးသော ထမင်းဟင်းများကိုစားသောက်၏။
ထိုအခါ ကိုရင်မောင်ကပြောသည်မှာ အမေ- ကျွန်တော်သည် ယမန်နေ့ညက တောင်ဖီလာဆရာတော်ကျောင်းသို့ သွားရောက်ပြီးကာလ အမေ့အကြောင်းကို ဆရာတော်ဘုရားနှင့်တကွ ခမည်းတော် ဦးဖြူတုတ်တို့အား ပြောကြားတောင်းပန်ရာ အစစအရာရာ ဝန်ခံလိုက်ကြပေသဖြင့် အမှုကိစ္စချောမောလေပြီ။ အရေးရှိက ကျောင်းသို့သာသွားရောက် လျှောက်ထားပါလေ။ အမေကိုယ်တိုင်မသွားနိုင်လျှင်လည်း လူစေလွှတ်ပါ။ ကျွန်တော်ထွက်ခွာသွားရသည်ကကို ၁ဝရက်တန်သည် ၁၅ ရက်တန်သည်ရှိသော် ကိစ္စပင်မရှိသော်လည်း လူချင်းသိကျွမ်းရုံမျှ တခေါက်သွားရောက်၍ ဦးဖြူတုတ်နှင့် စကားပြောဆိုပါ။ ကျွန်တော်မရှိသည့်အတွင်းအမေ စားသုံးရန်ကြေးငွေမှာ ဦးဖြူတုတ်ထံ ကျွန်တော် ငွေ ၁ဝဝကျပ် အပ်ထားခဲ့သည်။ ယခု အမေအပြန်တွင်လည်း ငွေ၁၀၀ကျပ် ကျွန်တော်ပေးလိုက်ဦးမည် ဆိုပြီးလျှင် ထမင်းစား၍ပြီးကာလ တောထဲသို့ဝင်ရောက်၊ ယမန်နေ့က မိမိသီးခြား၍ မြှုပ်ထားသောပစ္စည်းများအနက်ရွှေခွက်ငွေခွက်အချို့ကို မိမိပုဆိုးတစနှင့် ထည့်သွင်းယူဆောင်လာ၏။ ၎င်းနောက် အမေ- ဤပစ္စည်းများကားအမေ စားသုံးရစ်နှင့်ရန် ပစ္စည်းဖြစ်သည်ဆိုလျှင် မဖားဥသည် ရွှေခွက်ငွေခွက်အမြောက်အမြားမြင်ကာမျှနှင့် အံ့သြလှသဖြင့် ငါ့သား- ဤမျှလောက်ပစ္စည်းများကို အဘယ်က မောင်ရပါသလဲမေး၏။ ကိုရင်မောင်လည်း အမေ-ကျွန်တော်ကား အမေ့အား မုသားစကားကို မဆိုလို၊ မမှန်သည်ကို ကျွန်တော်ပြောလျှင်လည်း ကျွန်တော့်မှာ အပြစ်ရှိလိမ့်မည်။ သို့ဖြစ်၍ မမေးပါနှင့်ဆို၏။ မဖားဥလည်း မောင်ရင်- မောင်ရင်ကား ငယ်ငယ်ကတည်းကပင်ခိုးတတ် ဝှက်တတ်ခြင်းမရှိ၊ ထောင်တွင်းသို့မောင်ကျရောက်မှလည်း ထိုမကောင်းသောအမူအရာများကို မောင်ရင် ကျင့်ကြံမည်ဟူ၍လည်း အမေလုံးလုံးမထင်၊ သို့သော်လည်း အမေ စိတ်စနောင့်စနင်းမရှိရအောင် ထိုပစ္စည်းများသည် သန့်စင်သောပစ္စည်းများ မှန်မမှန်ကို အမေ့အား ပြောပါဆို၏။
ကိုရင်မောင်လည်း အမေ- ဤအကြောင်းနှင့်စပ်လျဉ်း၍ စိတ်သာချပါ။ ဤပစ္စည်းကား မုချသန့်စင်သောပစ္စည်းဖြစ်သည်၊ အမေ့သားလည်းထောင်တွင်းသို့ ကျသည့်အတွက် ရှေးကထက် သီလ သမာဓိတရားနှင့်ပြည့်စုံပါသည်။ အမေပေးလိုသည့်သစ္စာကိုပေးပါ။ ကျွန်တော် ကျိန်ဆိုပါမည်ဆိုလျှင် မဖားဥလည်း သာဓု- သာဓု မောင်ရင်မကျိန်မဆိုနှင့်တော့၊ အမေယုံကြည်ပါ၏ဟု ဆို၏။ ကိုရင်မောင်လည်း ဆိုခဲ့သည့်ငွေများအနက်မှ ငွေ၁ဝဝကျပ်ခန့် ခွဲထုတ်၍ ပေးပြီးလျှင် ကျန်ဥစ္စာရပ်များကို မဖားဥမျက်မှောက်တွင် မဖားဥကို ကြည့်ရှုစေလျက် မိမိတို့အရိပ်ခိုလျက်နေကြသော သစ်ပင်ကြီးအရင်းတွင်ပင် တူး၍မြှုပ်၏။ ထို့နောက် မှာထားသည်မှာ အမေအသုံးလိုကာလ လိုသရွေ့ကို လူမသိအောင်လာယူပါ။ ဦးဖြူတုတ်ထံမှ ကြေးငွေကိုလည်း အနည်းငယ်ယူငင်ပြီးလျှင် အရင်းအနှီးပြုလုပ်၊ ဦးဖြူတုတ်က မ,စလေဟန်ဖြင့် အနည်းငယ်ကူးသန်းပါ။ ၎င်းနောက် မမြတ်မစွန်းသော်လည်း မြတ်စွန်းလေဟန်ဖြင့် တရွေ့ရွေ့ အမေ့အနေအခြေ၊ နေအိမ်ကိုပြုပြင်၊ တဲကုပ်ကိုဖျက်၍ အိမ်ကလေးဆောက်လုပ်ပါ။ ၎င်းကမှ တဆောင်ထပ်၍တိုးလျှင် နှစ်ဆောင်အိမ်ဖြစ်က အမေချမ်းသာစွာ နေနိုင်ပါလိမ့်မည်။ ကျွန်တော့်အတွက်ကြောင့် ပူပန်သောကဆို၍ စိုးစဉ်း မရှိလေနှင့်။ အမေ့ကိုယ်ကိုသာ အမေကျန်းမာအောင် ကြံဖန်၍နေပါ။ ကျွန်တော်သည် မင်းပြောင်းကာလ အောက်မြို့ကျေးရွာက ပြန်လာခဲ့မည်ဆို၏။
အမေဖားဥလည်း မောင်ရင်- အမေလည်း အသက်ကြီး၍ အိုမစွမ်းရှိပြီ၊ ငါ့သားနှင့် ပြန်၍တွေ့ မှတွေ့ ရပါဦးမည်လောဆိုပြီးလျှင် ငိုကြွေး၏။ ကိုရင်မောင်လည်း အမေ့ကိုသာ အမေစောင့်ရှောက်၍ ကျန်းမာအောင်နေပါ၊ တွေ့ရပါလိမ့်ဦးမည်၊ နောက်တကြိမ်တွေ့ရသောအခါ၌ ယခုကဲ့သို့ ခိုးကြောင်ခိုးဝှက်မဟုတ်ပြီ၊ သားအမိပီပီ သူသိသူမြင် တွေ့ဆုံရပါလိမ့်မည်။ စိတ်သာချပါဟု အားပေး၏။ ထို့နောက် ကျွန်တော်သည် နက်ဖြန်နံနက်မိုးမလင်းမီ ဤအရပ်မှထွက်ခွာရလိမ့်မည်။ သို့ဖြစ်သောကြောင့် အမေမလာနှင့်တော့ဟု မှာထား၏။ မဖားဥလည်း မိမိသားကို ယနေ့ကစ၍ နောင်အကယ်၍တွေ့ရပါလျှင် နှစ်ပေါင်းများစွာ ကြာမြင့်မှတွေ့ရတော့မည်အောက်မေ့ပြီးလျှင် ဝမ်းနည်းလှသောကြောင့် ငိုမည်ပြုသော်လည်း သား ကိုရင်မောင်စိတ်မကောင်းရှိမည်စိုးသောကြောင့် ချုပ်တည်းကာသာ နေရရှာ၏။ ကိုရင်မောင်လည်း အမိမဖားဥကို နှုတ်အားဖြင့် အားပေးသောစကားကိုဆိုသော်လည်း စိတ်တွင်း၌ကား အမိကဲ့သို့ပင် မချိရှိ၏။
ထို့နောက် မှာထားရန်စကားရှိသမျှကို ကုန်စင်အောင်မှာထားပြီး၍ နေမွန်းတည့်လျှင် အမေအချိန်လွန်ပြီး အမေ အိမ်သို့ ပြန်မှသင့်မည်ဆိုပြီးလျှင်ဦးညွှတ်ကန်တော့၏။ မဖားဥလည်း ထုံးစံရှိရာ ဆုတောင်းပတ္တနာကိုပြုပြီးလျှင် မိမိငွေပါသောအဝတ်ထုပ်ကို ဦးခေါင်းထက်၌ ရွက်လျက် မျက်ရည်စက်လက်နှင့် ပြန်သွား၏။ ကိုရင်မောင်လည်း အမိသွားလျှင် ဝမ်းနည်းသည့်စိတ်များကို ဖျောက်ဖျက်၍ မိမိသွားလျှင် အထက်ဆိုခဲ့သော အဖိုးထိုက်တန်သော ပစ္စည်းအမြောက်အမြားကို ယူဆောင်ရန် ဤသို့ကြံစည် ပြုလုပ်၏။ ရွှေခွက်ငွေခွက်များမှာ လေးလံသောပစ္စည်းများဖြစ်၍ အနည်းငယ်မျှယူပြီးလျှင် မိမိတောင်းနှစ်လုံးအောက်ခြေက ထည့်ပြီးမှ တောင်းအတွင်းအောက်ခြေတွင် လူသူမသိနိုင်အောင် အခြေတထပ် ထပ်မံရက်ပြီးနောက် အပေါ်ယံတွင်မျက်လှည့်တန်ဆာများနှင့် ဆေးအိတ်များကို ထည့်ထားခြင်းဖြင့် လျှို့ဝှက်၏။ ပတ္တမြား၊ ကျောက်နီ၊ စိန်၊ မြ စသည်များမှာ ဝန်ပေါ့၍ အဖိုးတန်သည့်အရာများဖြစ်သဖြင့် သူတပါး မရှာမဖွေတန်သည့်နေရာကို အကြောင်းပြုပြီးလျှင်မိမိကိုယ်တိုင်ခုတ်လုပ်သော ထမ်းပိုးတွင် အခေါင်းဖောက်ပြီးမှ ၎င်းထမ်းပိုးတွင်းသို့ သွတ်သွင်း၍လျှို့ဝှက်၏။ ဤသို့ ပစ္စည်းများကို သူတပါး မမြင်မတွေ့နိုင်အောင် လျှို့ဝှက်စီမံပြီးကာလ ၎င်းနေ့ညဦးယံအချိန် တခဏမျှအိပ်ပြီးလျှင် အဝမြို့အနီးအပါးတွင် မိမိအသိအကျွမ်းများနှင့် မတွေ့မဆုံမိနိုင်အောင် သန်းခေါင်ကျော်အချိန်တွင် မိမိဆိုင်းထမ်းပိုးများကို ထမ်းလျက်တောင်စူးစူးသို့ ရှေးရှုထွက်ခွာသွားရှာ၏။
---
အခန်း ( ၂၁ ) ဆက်ရန်
---
#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်
#shared_by_louis_augustine
Comments
Post a Comment