မရဏသွားတောလား // သန်းမြင့်အောင်

မရဏသွားတောလား // သန်းမြင့်အောင်

---

“ပန်းအလှပြင်တာက တစ်သိန်းခွဲလောက် အနည်းဆုံး ကျမယ်တဲ့ ကိုကိုကြီး၊ အဲဒါတောင် အိမ်မှာ လာမပြင်ပေးနိုင်ဘူးတဲ့၊ ကားကောင်းကောင်းသန့်သန့်တစ်စီး သူတို့ရဲ့ ... ဟိုတယ်မှာ တစ်ညကြိုပြီး ပို့ထားပေးရမယ်တဲ့”

ဘုရား … ဘုရား … မသာကားကို အလှပြင်တာ ပန်းဖိုးချည်းပဲ တစ်သိန်းခွဲတဲ့၊ သည်တစ်ခါပဲ ကြားဖူးတယ်။ အဲဒီတစ်သိန်းခွဲများ အမြတို့ ထီပေါက်သလို ရလိုက်ရင် သည်အိမ်ဖော်ဘဝက လွတ်ပါပြီ။ ကြီးကြီးလှကို လက်ဆွဲ … ရွာပြန်ပြေးပြီး မြေပဲတစ်ခင်းလောက်များ စိုက်စားလိုက်ရရင် အနည်းဆုံးတော့ ရှေ့နှစ်ဘုရားပွဲမှာ နားပွင့်ကလေးတစ်ရံတော့ ပန်နိုင်လောက်တယ်။ 

“တစ်သိန်းခွဲက အရေးမကြီးပါဘူး၊ ကားကောင်းကောင်းဆိုတာက အရေးကြီးတယ်၊ ဘယ်သုသာန်မှာမှ နိဗ္ဗာန်ယာဉ် သားသားနားနားမရှိဘူး။ ရှာတာလည်း နှံ့နေပြီ။ ပြီးတော့ မသာကားမှန်း သိသိသာသာ ပုံစံကြီးနဲ့ ယူသွားလို့လည်း မဖြစ်သေးဘူး၊ သူတို့ဟိုတယ် ကျက်သရေယုတ်တယ်ဆိုပြီး ပေးဝင်မှာ မဟုတ်ဘူး”

အမလေးတော် … မသာ တင်ဖို့ ကားပဲ၊ မသာကားမဖြစ်လို့ ဘာကားဖြစ်ရဦးမှာလဲ။ ကြီးကျယ်နေလိုက်ကြတာ။ ဒါဆိုလည်း အိမ်မှာ ကိုကိုကြီးတို့၊ ကိုကိုလေးတို့၊ မမလတ်တို့ ၊ မမလေးတို့ စီးတဲ့ကားတွေ နည်းလို့လား။ နာမည်သာမခေါ်တတ်တာ အားလုံး ကားကောင်းတွေချည်းပဲ။ အကြီးယူမလား၊ အသေးယူမလား၊ အဖြူယူမလား၊ မီးခိုးရောင်ယူမလား။ သူတို့လောက်ချမ်းသာတာ သူတို့ပဲရှိတယ်။ အမေသေတော့ ကြီးကြီးလှက ရွာပြန်လာပြီး …

“မိမြ ကြီးကြီးနဲ့လိုက်ခဲ့။ ညည်းက အပျိုအရွယ်လေးဖြစ်နေပြီ။ ရွာမှာ သွေးရင်းသားရင်းလည်းမရှိဘဲနဲ့ ငါစိတ်မချဘူး။ အခု မြို့မှာ ငါက ထမင်းချက်ဆိုပေမယ့် အိမ်ရှင်သူဌေးတွေနဲ့က လူယုံဖြစ်နေပြီ။ ညည်းတစ်ယောက်ပါလာလို့ ဘာမှပြောမှာမဟုတ်ဘူး။ ညည်းလည်း လုပ်တတ်ကိုင်တတ်နေပြီပဲ။ ရန်ကုန်မှာက အိမ်ဖော်ဆိုပေမယ့် ညည်းရွာမှာ အခင်းထဲ မြေပဲအငှားလိုက်နှုတ်တာထက် ပိုသက်သာတယ်” ဆိုပြီး ကြီးကြီးလှ ဆွဲခေါ်လို့ပါလာတာ။

ဒီကျတော့ စကားအပိုမပြောဘဲ အလုပ်ကို ဇယ်စက်သလို လုပ်တတ်တဲ့ ကြီးကြီးလှကို သဘောကျတဲ့ သူ့အရှင်သခင်တွေနေတဲ့ အိမ်က နန်းတော်ကြီးအတိုင်းပဲ။

“မေမေက အင်မတန်မိတ်များတာ။ မေမေ့ရဲ့ချမ်းသာကြွယ်ဝမှု၊ မေမေ့ရဲ့ စည်းစိမ်ဥစ္စာအရှိန်အဝါနဲ့လိုက်အောင် မေမေ့ကို အခမ်းနားဆုံး သင်္ဂြိုဟ်ရမယ်။ အဲဒါဟာ တို့မိသားစုအားလုံးရဲ့ ဂုဏ်သိက္ခာလည်း ဖြစ်တယ်”

ဂုဏ်သိက္ခာ …။ အဲဒီစကားကို အခုမှကြားဖူးတယ်။ ဒါကြောင့် ကြီးကြီးလှနဲ့ မြို့လိုက်သွားတော့မယ်ဆိုပြီး ဆရာတော်ဘုရားကို သွားလျှောက်ပြီးကန်တော့တော့ …

“မြို့မှာနေတော့ အမြင်ကျယ်တာပေါ့၊ ဗဟုသုတလည်းရတာပေါ့။ ဒါပေမယ့် ဘယ်အရပ်ရောက်ရောက် ရတနာသုံးပါးကိုမမေ့နဲ့၊ အကျင့်သီလမပျက်စေနဲ့” လို့ မိန့်တော်မူလိုက်တာ။ 

အခု ကိုကိုကြီးပြောနေတဲ့ ‘ဂုဏ်သိက္ခာ’ဆိုတဲ့စကားလုံးဟာ ကြီးကျယ်ခမ်းနားလှတဲ့ ဧည့်ခန်းမကြီးထဲက ရေမြှုပ်မွေ့ယာကြီးပေါ်မှာ ခန့်ညားထယ်ဝါမှုအပြည့်နဲ့ သစ်လွင်တောက်ပစွာ ပြင်ဆင်ထားတဲ့ မေမေကြီးရဲ့ ရုပ်အလောင်းထက် မေမေကြီး အသက်ရှင်စဉ်က ပြုမူကျင့်ကြံနေထိုင်ခဲ့တဲ့ ကိုယ်ကျင့်သီလဆိုတဲ့ မြင့်မြတ် စင်ကြယ်ခြင်းနဲ့တင် ပြည့်စုံနေပြီလို့ သူတို့မပြောနိုင်ကြဘူးလား …။

အိမ်ကိုရောက်တာ သုံးနှစ်ရှိပြီ။ အသုဘချတာတွေလည်း မြင်ဖူးပေါင်းများပြီ။ ဒါပေမယ့် မေမေကြီးလိုအသုဘမျိုးတော့ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။ မေမေကြီးတို့ရဲ့ စီးပွားရေးနယ်ပယ်က ရတနာကုန်သည်တွေကလည်း တဖွဲဖွဲလာ … မမကြီးတို့၊ မမလေးတို့၊ ကိုကိုကြီးတို့ ညီအစ်ကိုတွေရဲ့ မိန်းမတွေကလည်း ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အကောင်းစား အနက်ရောင်ဝတ်စုံတွေနဲ့ ဧည့်သည်တွေကို ဧည့်ခံနေကြ …။

မေမေကြီးများ သေပန်းပွင့်လိုက်တာ အားကျစရာတောင် ကောင်းသေးတော့။ ဟုတ်တယ် … တကယ့်ကိုသေပန်းပွင့်တာ၊ မေမေကြီးကိုယ်ပေါ်မှာ အကောင်းစားပန်းတွေပွင့်နေတာ နည်းနည်းနောနော မဟုတ်ဘူး။ နောက်နေ့ကျရင် ကားပေါ်မှာပါ ဆက်ပွင့်ဦးမှာ …။

“ဟဲ့ … ကောင်မလေး … ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ဒီနေရာမှာ ဘာလာချောင်းနေတာလဲ။ လာခဲ့၊ အိမ်ရှေ့ကဧည့်သည်တွေအတွက် အအေးသွားချပေးရမယ်”

တော်ပါသေးရဲ့၊ နောက်ကနေ ပခုံးကိုလာပုတ်လိုက်တာ ကြီးကြီးလှမို့လို့ …။

“ရော့ ရော့ ဗန်းကို သေသေချာချာကိုင်နော်၊ ဖန်ခွက်တွေ ကျမကွဲစေနဲ့။ ဒီဖန်ခွက်တွေက အရေးကြီးတဲ့ဧည့်သည်လာရင် ထည့်တိုက်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံခြားဖြစ်တွေ။ ဟိုမှာ မြင်လား၊ မမကြီးရော မမလေးရော ပြာပြာသလဲထွက်ကြိုနေကြတာ စိန်တိုက်က ဧည့်သည်တွေ၊ သေသေချာချာ ဂရုစိုက် ကိုင်သွား”

ဟုတ် … ဟုတ်ပ …။ ဧည့်ခန်းမှာ တကယ့်ကို ပြာယာခတ်နေကြတာ၊ ငြိမ်နေတာဆိုလို့ မေမေကြီးတစ်ယောက်ပဲရှိတယ်။ သူတို့ပြာတာက အရေးမကြီးဘဲ ကိုယ်ပါ ရောပြာသွားရင် ဒုက္ခရောက်မယ် …။

“ကိုကိုကြီး၊ ရက်လည်ကျရင် ဘာကျွေးမှာလဲ၊ ဒန်ပေါက်နဲ့လိမ္မော်ရည်တိုက်မှာလား၊ ထောပတ်ထမင်းနဲ့ ရေခဲမုန့်ကျွေးမှာလား။ လူက နည်းမှာ မဟုတ်ဘူးနော်။ ချက်မှာလား၊ အော်ဒါမှာမလား ကြိုတွက်ထားရအောင်”

“မေမေကြိုက်တဲ့ ခေါက်ဆွဲကြွပ်ကြော် မှာကျွေးရင် မကောင်းဘူးလားဟင်”

"နေကြစမ်းပါဦးဟာ … ရက်လည်ကျွေးဖို့ကိစ္စက နောက်မှ စဉ်းစားစမ်းပါ။ ပိုက်ဆံရှိရင် ဘာလုပ်လုပ်ရပါတယ်၊ ကြိုက်တဲ့ ဟိုတယ်က တစ်ရက်ကြိုမှာလိုက်ရင် ရတယ်၊ ဘာမှပူမနေကြနဲ့။ နင်တို့ပူရမှာက မေမေ့ကို တင်ဖို့ကား။ ကားကလည်း အဖိုးတန်မှဖြစ်မှာ၊ အချိန်က သိပ်မရှိတော့ဘူး။ ငါတော့ ဦးနှောက်တွေခြောက်လှပြီ၊ သူငယ်ချင်းတွေကိုလည်း ကူရှာခိုင်းထားတယ်။ ဒါပေမယ့် ခုထိ အကြောင်းမထူးသေးဘူး။ ခေါင်းကိစ္စသွားနေတဲ့ ကိုထွေးရော ပြန်မလာသေးဘူးလား”

“လာမှာပေါ့ကိုကိုကြီးရာ ဒီလောက်လည်းစိတ်ပူမနေပါနဲ့။ ကားအတွက်လည်း အဆင်မပြေရင် မေမေစီးနေကျကားနဲ့ပဲ အလယ်ခုံတွေ ဖြုတ်ပြီး မေမေ့အလောင်းတင်လိုက်လို့ မရဘူးလား။ မေမေ့ကားက အကျယ်ကြီးပဲဟာ၊ အဲဒါကိုပဲ ပန်းဆင်ဖို့ အရင်ပို့ထားလိုက်ပေါ့”

မမကြီးရဲ့ အပြောမှာ အလန့်တကြားဖြစ်သွားတဲ့ မမလေးက

“ဟာ … အဲဒီလိုလုပ်လို့ဘယ်ဖြစ်မလဲ၊ ပြီးရင် ဒီကားကို ညီမလေးတို့က ဆက်စီးမယ့်ဟာ၊ မသာကားကြီးတော့ မစီးချင်ပေါင်။ နိမိတ်မရှိ နမာမရှိနဲ့ အလောင်းကြီးတော့ မတင်ပါနဲ့”

ဟောတော့၊ အဲဒီအလောင်းကြီးကဖြင့် တစ်ခြားလူလည်း မဟုတ်ဘဲနဲ့၊ သူတို့ပဲ မေမေကြီးကိုချစ်လှချည်ရဲ့ဆို၊ မေမေကြီး ထားခဲ့တဲ့ပစ္စည်းတွေဖြင့် သူတို့တစ်သက် စားလို့တောင်မကုန်နိုင်ဘူးဆိုပဲ။ ဟေ … ဟိုမှာ တစ်ယောက်လာနေပြန်ပြီ၊ မမလေးရဲ့ ယောက်ျား ကိုထွေးဆိုတာ သူပေါ့။ ဒီအိမ်မှာ သူ အဆိုးဆုံးပဲ။ ဟိုလူ့ မျက်နှာလုပ်ရ၊ သည်လူ့ မျက်နှာလုပ်ရနဲ့ ပြာယာကိုခတ်နေတာပဲ။ ဒီအိမ်မှာ ကိုကိုကြီးက မောင်နှမတွေထဲမှာ ဩဇာအရှိဆုံးမို့ အိမ်ရှေ့မှာ ကားရပ်ပြီးတာနဲ့ သားရေအိပ်အမည်းကြီး ချိုင်းကြားညှပ်ပြီး သူ့မိန်းမကိုတောင် လှည့်မကြည့်နိုင်ဘူး၊ ကိုကိုကြီးဆီ တန်းပြေးလာတာ။

ကိုကိုကြီးကလည်း သူ့ကိုမြင်လိုက်တာနဲ့ …
 
“ဟေ့ကောင် … အဆင်ပြေခဲ့လား”

“ပြေတယ် ကိုကြီး၊ ခေါင်းက အပေါ်မျက်နှာပြင်တစ်ခုလုံး မှန်တပ်ထားတဲ့ အလူမီနီယမ်ခေါင်း အကောင်းစား၊ ဘက္ထရီနဲ့ ပလပ်ထိုးလိုက်တာနဲ့ အဲယားကွန်းလွှတ်ပြီးသား၊ စပါယ်ရှယ်ပဲ။ အားလုံးမှ ငါးသိန်းပဲ ကျတယ်”

“ဟယ် … အဲကွန်းပါတာတောင် ငါးသိန်းပဲပေးရတယ်၊ တန်လိုက်တာနော်”

ထပ်များဝယ်ချင်နေကြသေးလား မဆိုနိုင်ဘူး၊ ကိုကိုလေးမိန်းမနဲ့ မမလတ်ဆီက အသံတွေ ပြိုင်တူထွက်လာတယ်။ မမလေးကတော့ အဝယ်တော်တဲ့သူ့ယောက်ျားမျက်နှာကို ဂုဏ်ယူဝင့်ကြွားတဲ့ပုံနဲ့ ပြုံးပြုံးကြီး ကြည့်လို့။

ကိုကိုကြီးက ခေါင်းတညိတ်ညိတ်နဲ့နေပြီး တအောင့်လောက် ကြာတော့မှ …

“ကားကိစ္စရော ဘာမှမထူးသေးဘူးလား။ အရေးကြီးတာက ကားပဲကွ၊ ကားမရှိရင် ဘာမှလုပ်လို့မရဘူး”

“အသုဘပို့မယ့်ကားတွေအားလုံး ဘီအမ်အသစ်တွေချည်းပဲ ကိုကြီး၊ အတော်များများက ကိုယ်ပိုင်ကားနဲ့ပို့ကြမှာပါ။ အဲဒီအတွက်လည်း ကျွန်တော်စီစဉ်ပြီးပါပြီ”

“ဟေ့ကောင် … အသုဘပို့မယ့်ကားကို ပြောတာမဟုတ်ဘူးကွ။ မေမေ့ကိုတင်မယ့်ကားကို ပြောတာ”

ဆိုတော့ ကိုထွေး ပါးစပ်ပိတ်သွားတယ်။ မမကြီးက …

“အသုဘမှာ ကမ်းဖို့ အမှတ်တရပစ္စည်းတစ်ခုခုတော့ အဖိုးတန်တာ ပါမှဖြစ်မယ်နော်၊ အချိုရည်ဘူးကိုလည်း အကောင်းစားပဲလုပ်ချင်တယ်"

*လုပ်ကြ … လုပ်ကြ … လုပ်ချင်တာလုပ်၊ ဝယ်ချင်တာဝယ်။ ကုန်ချင်သလောက် ကုန်ပစေ”

ကိုကိုကြီးတို့များ ရက်ရောချက်ကတော့ အဲသလိုကမ်းကုန်တာ။ 

“ဟဲ့ … ကောင်မလေး … ဒီမှာ ဘာရပ်လုပ်နေပြန်တာတုန်း …၊ ကိုယ့်အလုပ် ကိုယ်လုပ်တာမဟုတ်ဘူး။ အတော်စပ်စုတဲ့ ကလေးမပဲ”

လာပြန်ပြီ … အဲဒီ ကြီးကြီးလှကလည်း တစ်မျိုး။

---

“အမလေး … အခုမှပဲ ရင်ထဲကအလုံးကြီး ကျသွားတော့တယ်” 

အသုဘရက်အတွင်းမှာ ကိုကိုကြီး အားရပါးရပြုံးလိုက်တာ ဒီတစ်ခါပဲ တွေ့သေးတယ်။ တယ်လီဖုန်းစကားပြောခွက်ကို ပြန်ချပြီးတာနဲ့ ကိုကိုကြီးဟာ သူ့မောင်နှမတွေဘက်ကို လှည့်ပြီး …

“မေမေ့အတွက် ကားရပြီဟေ့”

လို့ တဆက်တည်း လှမ်းပြောလိုက်တာနဲ့ မောင်နှမတွေအားလုံး ကိုကိုကြီးနားကို စုပြုံပြီး ရောက်လာကြတယ်။ သူတို့ကိုကြည့်ရတာ ဇာတ်ကနေသလိုပဲ၊ ကိုကိုကြီးကတော့ ဇာတ်လိုက်ပေါ့။

“ဘယ်သူ့ကားလဲဟင် … ဘယ်က ရတာလဲ”

“တော်ပါသေးရဲ့၊ အချိန်မီရပေလို့”

“ကားက အကောင်းစားတောင်းအေ့(စ)တဲ့၊ အထဲမှာ အလူမီနီယမ်ခေါင်း တင်ဖို့ စတီးလ်ဗန်းကလည်း အဆင့်သင့်ပါတယ်တဲ့။ ဝမ်းသာစရာကောင်းလိုက်တာ၊ မေမေ့ကုသိုလ်ကံကြောင့် နတ်သိကြားတွေကများ ဖန်ဆင်းပေးလိုက်သလား မှတ်ရတယ်”

နတ်သိကြားတွေကလည်းတော် … အခုမှပဲ ဖန်ဆင်းပေးတော်မူတယ်၊ မနေ့ကတည်းက ဖန်ဆင်းပေးလိုက်ပြီးရော။

“ကားပိုင်ရှင်က ဘယ်သူလဲဟင် ကိုကိုကြီး၊ တော်တော်စေတနာကောင်းတာပဲနော်၊ အခု ကိုကိုကြီးကို သူ ဖုန်းဆက်တာလား”

“ကိုဝင်းဇော် ဆက်တာ၊ ကားက သူနဲ့ ပတ်သက်နေတဲ့ နာရေးကူညီမှုအသင်းက ကားတဲ့။ အဲဒီအသင်းက အခုမှစပြီး ဖွဲ့တာမို့ ကားတွေကလည်း အသစ်တွေနီးနီးပဲတဲ့။ အဲဒီအသင်းအကြောင်းကို ငါလည်း အခုမှကြားဖူးတာ၊ မနက်က ကိုဝင်းဇော်ဆီဖုန်းဆက်ပြီး ကားရှာခိုင်းလိုက်မိတာ မှန်သွားတယ်။ အခု တို့ကိုပေးမယ့်ကားက တစ်နေ့ကမှ သိန်းလေးဆယ်နဲ့ ဝယ်လိုက်တာတဲ့။ အခု ကိုဝင်းဇော် အဲဒီအသင်းရုံးမှာ စောင့်နေတယ်။ ကားသွားကြည့်မယ်၊ ဘယ်သူလိုက်ဦးမလဲ။ လိုက်ချင်တဲ့လူ လိုက်ခဲ့လို့ရတယ်။ ကိုထွေးကတော့ ပါမှဖြစ်မှာနော်၊ ညနေကျရင် အဲဒီကားကို မင်းပဲသွားယူပြီး ဟိုတယ်ကို ပို့ရမှာ”

မှိုရတဲ့မျက်နှာနဲ့ မြူးပြီးထွက်သွားတဲ့ ကိုကိုကြီးရဲ့နောက်ကို သုံး လေးယောက် အပြေးအလွှားလိုက်သွားကြတာ မေမေကြီးရဲ့အလောင်းသာ မျက်တောင်ခတ်လို့ရရင် တော်တော်မျက်စေ့နောက်မယ်။

အတော်လေးကြာနေတော့ ဗြုန်းဗြုန်း ဗြုန်းဗြုန်းနဲ့ ပြန်ရောက်လာကြပြန်ရော …။ အိမ်မှာကျန်ခဲ့တဲ့သူတွေနဲ့ ကားသွားကြည့်ပြီး ပြန်လာတဲ့လူတွေ တစ်ယောက်တစ်ပေါက် မေးကြပြောကြ ပွက်လောကိုရိုက်ကရောပဲ။ ဒါပေမယ့် အဲဒီထဲက စိတ်ဝင်စားစရာတွေ မမျှော်လင့်ပဲ ကြားလိုက်ရတယ်။

“အဲဒီကားကြီးတွေနဲ့ ဆင်းရဲနွမ်းပါးလို့ အသုဘစရိတ်မတတ်နိုင်တဲ့ လူတွေကို အလကားသယ်ပြီး သင်္ဂြိုဟ်ပေးတာတဲ့၊ အလောင်းထည့်တဲ့ခေါင်းကလည်း အလူမီနီယမ်ခေါင်းတွေတော့၊ အပျံစားပဲ”

“မတတ်နိုင်တဲ့လူတွေချည်းအတွက် မဟုတ်ပါဘူး၊ ငါတို့လို တတ်နိုင်ပေမယ့် အခက်အခဲရှိလို့ အကူအညီတောင်းရင်လည်း ပေးတာပါပဲ” 

“ဘာပဲပြောပြော အဲဒီအသင်း ပေါ်လာတာ တကယ်အကျိုးရှိတယ်။ အခုပဲ ငါတို့ခေါင်းမီးတောက်နေတဲ့ကိစ္စ ပြေလည်သွားပြီ”

ဟုတ်တာပေါ့၊ သူဌေးတွေအကျိုးရှိတာထက်ကို ဆင်းရဲသားတွေက အဆတစ်ရာလောက် ပိုအကျိုးရှိမှာတော့ သေချာတယ်။ တစ်လောကပဲ ဟိုဘက်ခြံမှာ ပန်းရံလာလုပ်တဲ့ ကောင်မလေးရဲ့ အဖေ ဆုံးတာ ရွှေပြည်သာမှာဆိုလား အသုဘစရိတ်မတတ်နိုင်လို့ အတော်ဒုက္ခရောက်တာတဲ့။ ဒီအိမ်က ခြံစောင့်ဘကြီးထွန်းကနေတဆင့် ကြားတာနဲ့ ကြီးကြီးလှကတောင် ဆင်းရဲသားအချင်းချင်း ရိုင်းပင်းပြီး ကူငွေလေး ထည့်ပေးလိုက်ရသေးတယ်။ ဒါတောင် အလောင်းမြေကျဖို့အရေး အကြွေးတွေ မနည်းတင်သွားတယ်ဆိုပဲ။ အင်မတန်စကားနည်းတဲ့ ကြီးကြီးလှကတောင် အဲဒီတုန်းက …

“ရန်ကုန်မှာသေဖို့များတော့ အကြောက်ကြီးကြောက်ပါရဲ့တော်” လို့ပြောတာနဲ့ “သေခါနီးတော့လည်း တောပြန်ပြေးကြတာပေါ့ ကြီးကြီးလှရာ” လို့ နောက်လိုက်မိသေးတယ်။ ခုတော့ ပြေးစရာမလိုတော့ဘူးပေါ့။

“ကဲ … ကိုထွေး၊ မင်း ခဏတဖြုတ်နားပြီး ရေမိုးချိုးချင်ချိုးလိုက်။ ညနေကျရင် အဲဒီအသင်းကိုပြန်သွား၊ ကားကို မင်းမမောင်းနဲ့၊ သူတို့ယာဉ်မောင်း ရှိတယ်။ မင်းက ဘေးကထိုင်လိုက်ပြီး ဟိုတယ်ထဲက ပန်းအလှပြင်တဲ့ဆီကို သွားထိုးပေးလိုက်။ မနက်စောစော အဆင့်သင့်ဖြစ်အောင် အလှဆုံးပြင်ပေးပါလို့ ထပ်မှာခဲ့ပြီး ပြန်လာ၊ ဟုတ်ပလား။ ပန်းကို အရောင်စုံစုံလေးနဲ့ အရွက်စိမ်းစိမ်းအနွယ်ကလေးတွေလည်း လှအောင်ထည့်ပေးပါလို့ ပြော။ မေမေ့ဓာတ်ပုံကြီးပါ တစ်ခါတည်း သယ်သွား၊ မေမေ့ဓာတ်ပုံကို ထင်းကနဲမြင်အောင် သေသေချာချာနေရာချပြီး လှအောင်ချိတ်ဖို့လည်း ပြောဦးနော်”

မသာကားပြင်တာများ မင်္ဂလာခန်းမဆင်တာကျနေတာပဲ။ အလှအပနဲ့ ပကာသနတွေအကြား သူတို့အစား မောလိုက်တာ။

“ဟဲ့ကောင်မလေး မိမြ၊ လာခဲ့စမ်း နောက်ဖေးကို၊ ဒီမှာ ဘာလာလုပ်နေတာတုန်း”

“မောလို့ပါ ကြီးကြီးလှရာ …၊ ဟာ … ဟုတ်ပါဘူး”

---

“ဘာ … ဘာပြောတယ်၊ ဟေ့ကောင် ပြန်ပြောစမ်း” 

ဟိုဘက်က ဘာပြောတယ်မသိဘူး။ ဒီဘက်ကနေ အော်လိုက်တဲ့ ကိုကိုကြီးရဲ့အသံဟာ အခန်းထဲမှာ ဟိန်းပြီးညံတက်သွားတယ်။ ဒီတစ်ခါတော့ အင်မတန်အေးပါတယ်ဆိုတဲ့ ကြီးကြီးလှတောင် ခေါင်းထောင်သွားတယ်။

“မနက်ကကြည့်ခဲ့တဲ့ကားဆို ဘာဖြစ်လို့ အဲဒီလိုဖြစ်သွားရတာလဲ၊ မြန်လှချည်လား”

လူတွေအားလုံး ထိတ်ထိတ်ပြာပြာနဲ့ ကိုကိုကြီးဆီ စုလာကြပြန်တယ်။

“ဘာဖြစ်တာလဲဟင် ကိုကိုကြီး၊ ဘာဖြစ်တာလဲ”

“တောက်၊ စိတ်ဆင်းရဲလိုက်တာကွာ။ ကိုဝင်းဇော်ဆီရော မင်း လှမ်းဆက်ပြီး အကူညီမတောင်းဘူးလား။ အခု ကားသွားယူမှပဲ အဲဒီလိုဖြစ်ရသလား”

“ကိုထွေး ဆက်နေတာလားဟင်၊ ဘာတဲ့လဲ၊ ကား မရတော့ဘူးတဲ့လား”

မျက်စေ့ပျက်မျက်နှာပျက် ဖြစ်ကုန်ကြတဲ့ အိမ်သားတွေကို ကိုကိုကြီးဟာ ဘာမှလှည့်ပြောမနေအားတာကြောင့် တယ်လီဖုန်းခုံပေါ်က ခလုတ်ကလေးတစ်ခုကို နှိပ်လိုက်တာနဲ့ ဟိုဘက်ကအသံတွေကို အားလုံးကြားလိုက်ရတယ်။

“ဆက်တယ်ကိုကိုကြီး၊ ကိုဝင်းဇော်လည်း ဘာမှမတတ်နိုင်ဘူး။ အသင်းစည်းကမ်းကို သူလည်း ကျော်လုပ်လို့မရဘူးတဲ့။ အခုအသင်းမှာ တာဝန်ရှိပုဂ္ဂိုလ်တစ်ယောက် ရောက်နေတယ်။ ကိုကိုကြီးကိုယ်တိုင် ပြောကြည့်ပါလား”

“အေး အဲဒီဖုန်း သူ့ကိုပေးလိုက်”

“ဟလို … ပြောပါခင်ဗျ။ ကျွန်တော် နာရေးကူညီမှုအသင်းကပါ” 

“ကျွန်တော် ကွယ်လွန်သူ ‘…’ရဲ့သားကြီးပါ၊ ကိုဝင်းဇော်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေပါ”

“ဟုတ်ကဲ့ခင်ဗျ၊ သိပါတယ်။ ကိုဝင်းဇော်ကလည်း ပြောပါတယ်။ ကျွန်တော် ဘာအကူအညီပေးရမလဲ၊ အမိန့်ရှိပါ” 

“မနက်က ကျွန်တော်တို့ အကူအညီတောင်းထားတဲ့ကားကို ကြည့်တုန်းက ‘နာရေးကူညီမှုအသင်း’ ဆိုတဲ့ စာတန်းနဲ့ ဖုန်းနံပါတ် မရှိဘူးခင်ဗျ။ အခု ကားလာယူမှ အဲဒီစာတန်းတွေပါနေလို့ ခဏလောက် ပြန်ခွာပေးဖို့ မေတ္တာရပ်ခံချင်လို့ပါ။ ကျွန်တော်တို့ ကိစ္စပြီးသွားတာနဲ့ ဘယ်လောက်ကုန်ကုန် ပြန်ပြီး စိတ်တိုင်းကျဆောင်ရွက်ပေးပါ့မယ်”

“ကျွန်တော်တို့ကလည်း အဲဒီကားကို အေးအေးဆေးဆေးမှ ပြင်ဆင်ပြီးသုံးဖို့ပါ၊ အခု အစ်ကိုကြီးတို့ဆီက အကူအညီတောင်းလို့ ချက်ချင်း အရေးပေါ်စာတန်းကပ်ပြီး ပြင်ပေးလိုက်တာပါ။ ပြီးတော့ ကျွန်တော်တို့ကော်မတီဝင် ဦးဝင်းဇော်ရဲ့မိတ်ဆွေရင်းလည်း ဖြစ်နေလို့ ကားကို တစ်ညလုံးလည်း ပေးထားတာပါ၊ အခြားဘယ်သူ့မှ အစ်ကိုကြီးတို့လို မကူညီဖူးသေးပါဘူးခင်ဗျ”

“အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် စာတန်းကြီးက ကျွန်တော်တို့အတွက် အနှောင့်အယှက်ဖြစ်နေလို့ပါ။ ဟိုတယ်ထဲကို ကျွန်တော်တို့ အဲဒီစာတန်းကြီးနဲ့ ဝင်မသွားချင်လို့ပါ၊ သူတို့ကလည်း လက်ခံနိုင်မယ်မထင်ဘူး”

“အဲဒါကတော့ အစ်ကိုကြီးတို့ဘက်က အပိုင်းပါ။ ကျွန်တော်တို့အသင်းကို အကူအညီတောင်းရင်တော့ ကျွန်တော်တို့အသင်းရဲ့အမှတ်အသားကတော့ ပါမှာပါပဲခင်ဗျ။ အဲဒီအတွက် ဘာမှမပြင်ဆင်ပေးနိုင်တာ ခွင့်လွှတ်ပါ။ ဒီကားကလည်း ကျွန်တော်တစ်ဦးတစ်ယောက်ထဲ ပိုင်တဲ့ကား မဟုတ်ပါဘူး။ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေး လိုအပ်လို့ အကူအညီတောင်းခံလာရင် ကူညီဖြည့်ဆည်းပေးဖို့အတွက် အများပြည်သူက လှူဒါန်းထားတဲ့အလှူငွေနဲ့ ဝယ်ထားတဲ့အပိုင်ပစ္စည်းပါ။ အသင်းရဲ့ စည်းမျဉ်းစည်းကမ်းကို ကျွန်တော်တို့ ဖောက်ဖျက်နိုင်ခွင့် မရှိပါဘူး”

“ကျွန်တော်တို့ကလည်း မေမေ့အတွက် အသင်းကိုလှူဦးမှာပါ။ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်မိခင်ကြီးရဲ့ နောက်ဆုံးခရီးအတွက် လှလှပပ ခမ်းခမ်းနားနား သင်္ဂြိုဟ်ချင်လို့ပါ။ အဲဒီကားကို ပန်းအလှပြင်တာနဲ့ ခေါင်းဖိုးတင် ခြောက်သိန်းခွဲလောက်ကုန်နေပါပြီ။ အုတ်ဂူနဲ့ဆိုရင် ဆယ်သိန်းဝန်းကျင်လောက်ကိုရှိတာပါ။ မေမေဂုဏ်ငယ်သွားမှာစိုးလို့ ကျွန်တော် ဒီလောက် တောင်းပန်နေတာပါ။ တတ်နိုင်ရင် လိုက်လျောစေချင်ပါတယ်”

“အစ်ကိုကြီးတို့ချမ်းသာကြွယ်ဝမှုကို သဘောပေါက်ပြီးသားပါခင်ဗျာ၊ ကျွန်တော်တို့ကားနဲ့ ချလို့လည်း ဂုဏ်ငယ်နိုင်မယ် မထင်ပါဘူး၊ ကားကလည်းအသစ်ပါ၊ တစ်နေ့ကမှ သိန်းလေးဆယ်နဲ့ ဝယ်ထားပြီး အစ်ကိုကြီးတို့ကိုဦးဦးဖျားဖျား အကူအညီပေးတာပါ။ အစ်ကိုကြီးတို့ အသင်းကို ငွေလှူမယ်ဆိုတဲ့အကြောင်း ဦးဝင်းဇော်လည်း ပြောထားတာမို့ ကျေးဇူးတင်ပါတယ်ခင်ဗျား။ အဲဒီလိုအလှူငွေတွေနဲ့ မရှိနွမ်းပါးသူတွေအတွက် ပြန်သုံးပေးရမှာမို့ အစ်ကိုကြီးတို့ အများကြီး ကုသိုလ်ရပါတယ်။ မော်တော်ကားမှာကပ်ထားတဲ့ အသင်းရဲ့ အမှတ်အသားစာတန်းကို ဖြုတ်မပေးနိုင်တာကိုတော့ ဝမ်းနည်းပါတယ်ခင်ဗျာ၊ အနူးအညွတ် တောင်းပန်ပါတယ်”

“ဟုတ်ပြီ … ဟုတ်ပြီ …၊ ဒါဆိုလည်း ကျွန်တော့်ယောက်ဖကို ပြောချင်ပါတယ်၊ သူ့ကိုဖုန်းပေးလိုက်ပါ”

ကိုကိုကြီးရဲ့ မျက်နှာနဲ့လေသံဟာ ချက်ချင်းပဲ ပြောင်းသွားတယ်။ အိမ်သားတွေအားလုံးလည်း တုတ်တုတ်မှမလှုပ်ဘဲ ကိုကိုကြီးဆီ အာရုံရောက်နေကြတယ်။ ဟိုဘက်က အသံမလာခင် ကိုကိုကြီးဆီက မချိတင်ကဲ ညည်းညူသံတစ်ချက် ထွက်လာတယ်။

“တောက်၊ အဲဒီသိန်းလေးဆယ်တန်ကားမျိုး ဆယ်စီးလောက် ဝယ်ပြီး ထုချေပစ်လိုက်နိုင်တယ်။ သူတို့ကိုယ်သူတို့ ဘာများမှတ်နေကြလဲမသိဘူး၊ ကြီးကျယ်နေလိုက်ကြတာ”

ဟောတော့ …။

ကိုကိုကြီးစကားကလည်း တစ်မျိုးကြီးပဲနော်၊ ဒါဆိုလည်း ဘာဖြစ်လို့ ဆယ်စီးတောင်ဝယ်နေမလဲ၊ တစ်စီးတည်းဝယ်ပြီး မေမေကြီးအတွက် သုံးပြီးတာနဲ့ ကိုယ်မစီးချင်ရင် အဲဒီအသင်းကို လှူလိုက်ပြီးရော။

“ကိုကိုကြီး ကျွန်တော်ဘယ်လိုလုပ်ရမလဲ၊ ပြန်လာခဲ့ရမလား” 

“မင်းကပြန်လာပြီး ဘာလုပ်မှာလဲ၊ မင်းကို ကားယူဖို့လွှတ်လိုက်တဲ့ဟာ”

“ဒီလိုဆို ကားကို … ဟိုတယ်ကိုယူသွားပြီး ပို့ထားခဲ့ပြီးမှ ကျွန်တော်ပြန်လာခဲ့မယ်လေ”

“ဟေ့ကောင် ခုချက်ချင်း ပို့လို့ရမလားကွ၊ ကားဘေးက စာတန်းကြီးတွေကို လူမြင်ကုန်မှာပေါ့။ နည်းနည်းလေး မှောင်အောင် စောင့်ပြီးမှ တစ်ခုခုနဲ့ အကာအကွယ်လုပ်ပြီး ယူသွား၊ အဲဒီကိစ္စကို မင်းဟာမင်း ဦးနှောက်သုံးပြီး စီစဉ်၊ ကြားလား”

“ဟုတ်ကဲ့” 

“ဟိုကျရင် ပန်းပြင်တဲ့ဆရာကို အဲဒီစာတန်းတွေ ဖုန်းနံပါတ်တွေကို ဖေါ့ပြားနဲ့ဖြစ်ဖြစ် လုံအောင်အုပ်ပြီး အပေါ်ကနေ ပန်းကို ထူထူလေး ဆင်ပေးပါလို့ ပြော၊ ပိုက်ဆံပိုပေးချင်ပေးရပါစေ၊ ကြားလား”

“ဟုတ်ကဲ့ ကိုကိုကြီး၊ စိတ်ချပါ”

“ဒါဆို … ဒါပဲ၊ မင်း အေးအေးဆေးဆေးမှ ပြန်လာခဲ့”

ကိုကိုကြီးဟာ ဖုန်းကို ခွပ်ခနဲ ချပြီးတာနဲ့ နီးရာဆိုဖာပေါ်ကို ဖုတ်ခနဲ ခြေပစ်လက်ပစ် ထိုင်ချလိုက်တာများ သနားစရာကြီး။

“ကဲ … စိတ်လျော့လိုက်ပါတော့ ကိုကိုကြီးရာ၊ ကိုကိုကြီးလည်း ပင်ပန်းလှပါပြီ။ အေးအေးဆေးဆေး နားလိုက်ပါဦး”

“နားလို့မရသေးဘူး။ စီစဉ်စရာရှိတာတွေ တစ်ခါတည်း စီစဉ်ပေးထားမယ်၊ မနက်ဖြန် အသုဘချတဲ့နေ့ဆို အလုပ်ရှုပ်မှာ” 

“အဲဒါ ကျွန်တော်တို့ကို မှာထားလေ၊ နေရာတကာ ကိုကိုကြီးတစ်ယောက်တည်း လျှောက်လုပ်နေလို့ ဘယ်တတ်နိုင်မလဲ။ မလတ်တို့၊ မမကြီးတို့လည်း ရှိတာပဲ”

တစ်ချိန်လုံးငြိမ်နေတဲ့ ကိုကိုလေးက ဝင်ပြောတော့မှ ကိုကိုကြီးက … 

“ဟုတ်တယ် … မေမေ့လည်း သင်္ဂြိုဟ်ပြီးရော၊ ငါ့ပါ ဆက်ပြီး သင်္ဂြိုဟ်ရမလားမသိဘူး၊ လူရောစိတ်ရော မောလို့သေတော့မယ်”

“အို … ကိုကိုကြီးကလည်း နိမိတ်မရှိနမာမရှိ”

မမလေးဟာ တော်တော်နိမိတ်ကိုယုံတဲ့ပုံပဲ။ အခုလည်း မျက်ကလဲ ဆန်ပြာနဲ့ ဖြစ်နေလိုက်တာ။

“မနက်ဖြန်ခါအတွက် မှာစရာရှိတာ တစ်ခါတည်း မှာထားမယ်။ ပန်းအလှပြင်ထားတဲ့ကားက အိမ်ကို စောစောရောက်နေမှာ၊ ကားကို အိမ်ရှေ့မှာပဲ ရပ်ထား။ မေမေ့ကို ချက်ချင်း ကားထဲမထည့်နဲ့ဦး။ အဲယားကွန်းပေးထားတဲ့ အလူမီနီယမ်ခေါင်းနဲ့ မိုးလင်းကတည်းက ဧည့်ခန်းမှာ ပြင်ထားလိုက်။ ပန်းတွေဘာတွေ အသစ်လဲပစ်နော်၊ မှန်ထဲကနေ မေမေ့ကိုမြင်နေရမှာ၊ အသုဘချခါနီး လူစုံတော့မှ မေမေ့အခေါင်းကို ကားထဲကိုထည့်။ အဲဒီကိစ္စကို မင်းနဲ့ကိုထွေးကတာဝန်ယူ၊ ကြားလား”

“သင်္ချိုင်းရောက်ရင် ငါက ချက်ချင်း အိမ်ပြန်လိုက်လို့မဖြစ်သေးဘူး၊ ဂူလုပ်တဲ့ကောင်တွေကို စောင့်ကြည့်ရဦးမယ်၊ ဘိလပ်မြေတွေ သံပန်းတွေ ဖြစ်သလို လုပ်လိုက်ရင် ရုပ်ပျက်ဆင်းပျက်ဖြစ်ဦးမယ်။ ကိုထွေးကို ငါနဲ့ ထားခဲ့၊ မင်းက နာရေးကူညီမှုအသင်းကကား အပြန်မှာ နောက်က ကိုယ့်ကားနဲ့ကိုယ်လိုက်သွားပြီး အသင်းကို ပိုက်ဆံတစ်ခါတည်း သွားလှူလိုက်၊ ကိစ္စတစ်ခုပြတ်သွားအောင်”

“ဒါဆိုရင် အိမ်ကထွက်ကတည်းက ပိုက်ဆံတစ်ခါတည်း ထည့်လာခဲ့ရမှာပေါ့။ ဘယ်လောက်လှူမှာလဲ ကိုကိုကြီး”

သည်တစ်ခါတော့ အလေးအနက် စဉ်းစားနေတဲ့ပုံစံနဲ့ ကိုကိုကြီးရဲ့အသံက ခဏတဖြုတ် တိတ်ဆိတ်သွားတယ်။ ပြီးတော့မှ …

“အင်း … တစ်သောင်းခွဲလောက် လှူလိုက်” 

နားကြားများ လွဲသွားသလားမသိဘူး။ 

“တစ်သိန်းခွဲလား ကိုကိုကြီး”

ကိုကိုလေးကလည်း နားထွေးသွားဟန်တူရဲ့။ မမလေးနဲ့ မမလတ်ကလည်း ကိုကိုကြီးမျက်နှာကို စူးစိုက်ကြည့်လို့ …။

“တစ်သောင်းခွဲ တစ်သောင်းခွဲ … တစ်သောင်းခွဲဆိုတဲ့ငွေဟာ သူတို့ပြောတဲ့ မရှိနွမ်းပါးသူတွေအတွက်ဆို နည်းတာမဟုတ်ဘူး။ ဒီမှာလည်း အကုန်အကျတွေ ဒီလောက်များနေတာ တော်ရောပေါ့” 

ဟာ … ကိုကိုကြီးတို့များ ရက်ရောလိုက်တာနော် … အံ့ရော …။

ဟောတော့ … ကြီးကြီးလှ၊ နောက်ကနေ ပါးစပ်အဟောင်းသားနဲ့ ဘာဖြစ်နေတာလဲ။

“ဟဲ့ … ကောင်မလေး၊ ဒီမှာ နင့်အလုပ်ဘာရှိလို့လဲ၊ လာခဲ့စမ်းလို့ ပြောတော့လေ …”

---

#သန်းမြင့်အောင်
#မရဏသွားတောလား

#shared_by_louis_augustine
#sbla

Comments