မောင်ရင်မောင် မမယ်မ (အခန်း ၃၀) // ဂျိမ်းစ်လှကျော်

မောင်ရင်မောင် မမယ်မ (အခန်း ၃၀) // ဂျိမ်းစ်လှကျော်

---

သည်ကဲ့သို့သွားရာ မကွေးမြို့သို့ရောက်လျှင် ယခင်နည်းအတိုင်း ဘုန်းကြီးကျောင်းတကျောင်းတွင် ဝင်ရောက်တည်းခိုနေထိုင်သဖြင့် ၁၅ ရက်ခန့် ကြာ၏။ ထိုမြို့ကမှတဖန် ရှေးရှုသွားပြန်ရာ တောင်တွင်းမြို့ရောက်ပြန်၏။ တောင်တွင်းမြို့တွင်လည်း ဘုန်းကြီးကျောင်းတကျောင်းတွင် ဝင်ရောက်တည်းခို၏။ တောင်တွင်းမြို့သို့ရောက်၍ ငါးရက်ခန့်ကြာရှိလျှင် ကိုရင်မောင်လည်း ထမ်းပိုးပျောက်သည့်အတွက်ကြောင့် စိတ်လက်မကောင်းသည်နှင့် ငါးရက်လုံးလုံး မျက်လှည့် မပြမသနေ၏။

သည်ကဲ့သို့ ငါးရက်ကျရောက်သည့်နေ့၌ ကိုရင်မောင်စိတ်ကူးမိသည်မှာ ငါကား မျက်လှည့်ဆရာအယောင်ဆောင်၍ လာသည်၊ မျက်လှည့်ဆရာဟူ၍ သူတပါးစိတ်တွင် မှတ်ထင်လေအောင် ပြုလုပ်ဦးမှ သင့်မည်၊ ယနေ့ငါမြို့တွင်းသို့ သွားရောက်၍ မျက်လှည့်ပြဦးအံ့ အကြံပြုပြီးလျှင် မြို့တွင်းသို့သွားရောက် လမ်းဆုံလမ်းခွ သက်ရောက်ရာ ညောင်ပင်ကြီးတခုအောက်၌ မိမိမျက်လှည့်တောင်းများ ချထားပြီးလျှင် မိမိ၌ပါလာသော မောင်းငယ်ကိုကျေးတောသားမျက်လှည့်ဆရာတို့ ထုံးစံအတိုင်း ရိုက်ခတ်၏။ သည်ကဲ့သို့မောင်းကို ရိုက်ခတ်လိုက်သော် လူတယောက်သည် ငွေတမူးနှင့် လာ၍ငှား၏။ ကိုရင်မောင်လည်း ကြေးငွေကို အလိုရှိသည်မဟုတ်၊ မျက်လှည့်ဆရာအမည်ကိုသာလျှင် ဆောင်လိုသောသူဖြစ်သည့်အတိုင်း မငြင်းမဆိုဘဲ ယခင်ဆိုခဲ့သော ညောင်ပင်ကြီးအောက်တွင်ပင် မျက်လှည့်ပြ၏။

ကိုရင်မောင်သည် တလုတ်မြို့တွင် ထမ်းပိုးပျောက်သည့်နေ့ကစ၍ စိတ်မကောင်းသည်တကြောင်း၊ ၎င်းပြင် မိမိ၌ ကာလရောဂါစွဲကပ်သဖြင့်ရှေးကကဲ့သို့ ခြေလက်မစွမ်းမသန်ရှိသည်တကြောင်းများကြောင့် မျက်လှည့်ပြသသောအရာများကို အရပ်သားကာလသားကလေး တဦးနှစ်ဦးတို့သည်ကိုရင်မောင် လက်လှည့်သည့်အရာကို မြင်ကြရ၏။ ထိုအခါ အချို့သောကာလသားကလေးတို့သည် မျက်လှည့်ဆရာ ကိုရင်မောင်အား လှောင်ပြောင်ခြင်း ပြုကြ၏။

ကာလသားလူငယ်တဦးကမှာ ဤမျက်လှည့်ဆရာကား တပါးအပေါ်တွင် ငွေတမူးကို လိမ်၍ယူမည့်အကြံနှင့် ငါတို့မြို့သို့ လာရောက်သည်၊ ဤမျက်လှည့်ဆရာသည် ကောင်းသောသူမဟုတ်၊ လူလိမ်သက်သက်ဖြစ်သည်ဟူ၍ လူငယ်တို့ဘာဝ အော်ဟစ်လေသည်။ သည်ကဲ့သို့အော်လိုက်လျှင် အခြားသူတယောက်သည် ယခင်မျက်လှည့်ဆရာကိုလှောင်ပြောင် အော်ဟစ်သောသူငယ်၏ သျှောင်ကိုဆွဲလျက် လူတယောက်လုပ်ကိုင်စားသောက်သည်ကို နင်အဘယ်ကြောင့် လှောင်ပြောင်ရသနည်းဟုပြီးလျှင် ပါးရိုက်၏။ ထိုအခါ ပါးရိုက်ခြင်းခံရသူ သူငယ်သည် ပါးရိုက်သူ သူငယ်ဘက် လူလုံးလူရပ်ကြီးမြင့်သည့်အတိုင်း လှန်ပြန်၍ ရိုက်မည်အပြုတွင် ယောကျ်ားကြီးနှစ်ဦးသုံးဦးတို့သည် ရုတ်တရက်ဝင်ရောက်ကန့်ကွက်ဆွဲငင်ကြသည့်အကြောင်းကြောင့် ဤနေရာတွင်ပင် ခိုက်ရန်ကင်းငြိမ်း၏။

သည်ကဲ့သို့ ရန်ပွဲအပြီး၌ ကိုရင်မောင် အောက်မေ့မိသည်မှာ ဤတောင်တွင်းမြို့တွင် ငါ၌ အသိအကျွမ်းမိတ်ဆွေခင်ပွန်းမရှိ၊ ယခုတင်ကငါ့မျက်လှည့်ပြရာတွင် လှောင်ပြောင်သောသူငယ်အား ဝင်ရောက်ထိုးကြိတ်သောသူငယ်သည် မုချအားဖြင့် ငါ့အား မေတ္တာသက်ဝင်သောသူဖြစ်သည်။ ထို့ပြင်လည်း ထိုသူငယ်မျက်နှာသည် ငါမြင်ဖူးသောမျက်နှာဖြစ်သည်။ ထိုသူငယ်မျက်နှာကို ငါမြင်ရလျှင် လွန်စွာ ငါမေတ္တာသက်ဝင်သည်။ ထိုသူငယ်နှင့် နှုတ်ခွန်းဆက်ရအောင် ငါကြံအံ့ဟူ၍ အကြံပြုမိ၏။ သည်ကဲ့သို့အကြံပြုပြီးသည့်နောက် ကိုရင်မောင်သည် မိမိမျက်လှည့်ပြသော တောင်းခွက်များကို သိမ်းရုံးပြီးလျှင် မိမိတည်းခိုရာကျောင်းသို့ ပြန်သွား၏။

ကျောင်းသို့ရောက်၍မကြာမီခဏတွင်ပင် ယခင်ဆိုခဲ့သောသူငယ်သည် မိမိလက်၌ တုတ်တချောင်းကိုစွဲကိုင်လျက် ကိုရင်မောင်ရှိရာသို့လာ၏။ ကိုရင်မောင်လည်း ထိုသူငယ်မျက်နှာကိုမြင်လျှင် ဤသူငယ်ကား မုချငါသိကျွမ်းဖူးသောသူငယ်ဖြစ်သည်၊ ငါသတိမကောင်း၍သာ အမည်နေရပ်ကို နေရာတကျ မမှန်းမတပ်နိုင်သည်၊ သို့သော်လည်း သိဟောင်းကျွမ်းဟောင်းကို တွေ့ ဆုံမိပါလျက် အမည်နေရပ်ကို မမှည့်မတပ်နိုင်ဟုဆိုသော် လွန်စွာအားနာဖွယ်ကောင်းသည်၊ ငါမရရအောင် စဉ်းစားဦးအံ့ဟူ၍ ကြံပြီးလျှင်အကြိမ်ကြိမ်စဉ်းစားပါသော်လည်းမရ၊ သည်ကဲ့သို့ ကိုရင်မောင်စဉ်းစားနေသည့်အတွင်း ယခင်ဆိုခဲ့သောသူသည် ကိုရင်မောင်ရှိရာကျောင်းပေါ်သို့တက်လာပြီးလျှင် မိမိလက်၌ပါသောတုတ်ကို မိမိရှေ့တွင်ချထား၏။ ကိုရင်မောင်လည်းသူငယ်၏မျက်နှာကိုမြင်လျှင် ဤသူငယ်၏မျက်နှာကား မျက်နှာအသစ်မဟုတ်၊ မျက်နှာအဟောင်းဖြစ်သည်၊ ၎င်းပြင်လည်း ဤမျက်နှာသည် သူစိမ်းမျက်နှာမဟုတ်၊ ငါနှင့် လွန်စွာ ချစ်ခင်စုံမက်ဖူးသောမျက်နှာ ဖြစ်သည်၊ ဤမျက်နှာကို ငါမည်သည့်အရပ်တွင် တွေ့ဆုံခဲ့ပါလိမ့်နည်းဟူ၍ အတန်တန်စိတ်ကူးဉာဏ်နှင့် ဆင်ခြင်ပါသော်လည်း တွေးတော၍မရရှိနေသည့်အတွင်း ယခင်ဆိုခဲ့သော သူငယ်က ဆရာကျန်းမာပါ၏လောမေး၏။ ဤကဲ့သို့မေးသည့်အသံကိုကြားပြန်လျှင် ကိုရင်မောင်သည် ကျန်းမာပါ၏ဟူ၍ ဖြေဆိုသော်လည်း ဤအသံကား ငါ့မိတ်ဆွေထဲမှ တဦးဦး၏အသံဖြစ်သည်၊ အသံရှင်အမည်နာမနေရပ်ကို ငါမည်သို့မှန်းတပ်ရပါနည်းဟူ၍ အောက်မေ့၏။ကိုရင်မောင်သည် မိမိရောက်ဖူးသည့်အရပ်များကို ပျံ့နှံ့အောင် လိုက်လံတွေးတောပါသော်လည်း မိမိမျက်မှောက်၌ရှိသော သူငယ်၏ အမည်နာမနေရပ်ကို တွေးတော၍ မရနိုင်ရှိလျှင် မောင့်အမည်ပြောစမ်းပါဟူ၍မေး၏။ သူငယ်လည်း ဆရာ- ကျွန်တော့်အမည်ကား မောင်ဘိုးစောခေါ်ပါသည်ဆိုလျှင် ကိုရင်မောင်သည် ဤအမည်ကိုကြားလိုက်လျှင် ရွှေဘိုသူ မစောတင်ကိုပြေး၍ သတိရ၏။ ၎င်းနောက် အမောင် ... တောင်တွင်းသားဇာတိမှန်၏လောမေး၏။ မောင်ဘိုးစောကလည်း ကျွန်တော်ကား တောင်တွင်းသားမဟုတ်ပါ။ ရွှေဘိုသားဇာတိ မှန်ပါသည်။ ကိစ္စအထူးရှိသောကြောင့် ကျွန်တော် တောင်တွင်းသို့လိုက်ခဲ့ရပါသည် ပြန်ပြောပြီးကာလ ယခင် မိမိကိုင်ဆောင်လာသောတုတ်ကိုယူ၍ တနေရာမှတနေရာသို့ ရွှေ့လိုက်သည်တွင် ကိုရင်မောင်လည်း သတိပြု၍ ကြည့်ရှုလိုက်မိသဖြင့် ယခင်တလုတ်မြို့တွင် မိမိပျောက်ဆုံးခဲ့သော ထမ်းပိုးဖြစ်သည်ကို မှတ်မိလျှင် လက်ဆုပ်လက်ကိုင် ယူငင်ကြည့်ရှု၍ အမောင်- ဤထမ်းပိုးကို မည်သည့်အရပ်က ရပါသနည်း၊ ဤထမ်းပိုးကိုအစ်ကိုသို့ရောင်းပါ၊ ငါ့ညီအလိုရှိသရွေ့ အသပြာကြေးငွေ အစ်ကိုပေးမည်ဆို၏။

မောင်ဘိုးစောလည်း ဤထမ်းပိုးကား ရောင်းရန်ထမ်းပိုးမဟုတ်ပါ။ တလုတ်မြို့တွင် ကျောင်းထိုင်လျက်ရှိနေသူဘုန်းကြီး ဦးဝိစာရက သူ့တပည့်တယောက် မျက်လှည့်ဆရာအယောင်ဆောင်၍ အောက်မြို့ကျေးရွာသို့သွားလေသည်၊ တွေ့လျှင်ပေးလိုက်ပါဆိုသောကြောင့် ကျွန်တော် ယူဆောင်ခဲ့ပါသည်ဆို၏။ ထိုအခါ ကိုရင်မောင်လည်း ဘုန်းကြီးဦးဝိစာရမှာလိုက်သောသူကား အခြားမဟုတ်ပါ၊ အစ်ကိုပင်ဖြစ်သည်၊ ပေးပါဆိုလျှင် မောင်ဘိုးစောလည်း အစ်ကိုမှန်သည် မမှန်သည်ကို ကျွန်တော် စမ်းသပ်မေးမြန်းရန်ရှိပါသေးသည်၊ ဤထမ်းပိုးကို အလိုရှိက ကျွန်တော့်အစမ်းသပ်ကိုခံပါ ပြန်ပြော၏။ ကိုရင်မောင်လည်း စမ်းသပ်ပါတော့ဆိုလျှင် မောင်ဘိုးစောသည် ကိုရင်မောင်အား ဤသို့မေး၏။ အစ်ကို ရွှေဘိုမြို့တွင် ဝန်မင်းသမီး မစောတင်နှင့်သိကျွမ်းဖူးပါ၏လောမေး၏။ ကိုရင်မောင်လည်း မောင်ဘိုးစော ဤသို့မေးသည့်မေးခွန်းကိုကြားလျှင် မထင်သည့်မေးခွန်းသို့ ရုတ်တရက်မေးသောကြောင့် များစွာတုန်လှုပ်ခြင်းဖြစ်၍ ကြက်သီးမွေးညင်းထ၏။

ထို့နောက် ကိုရင်မောင်သည် မေးသူမျက်နှာကို စေ့စေ့ကြည့်ရှုလိုက်ရာ မောင်ဘိုးစောဆိုသူမှာ အခြားမဟုတ်၊ မစောတင်ဖြစ်ကြောင်းကို သိမြင်ရလျှင် အတန်ငယ်မျှ အံ့အားသင့်လျက်နေပြီးနောက် မစောတင်မဟုတ်ပါလောဟု မေး၏။ မောင်ဘိုးစောကလည်း လူတူ၍သာရှိပါသည်၊ မဟုတ်ရပါဟု ပြန်ပြောသော်လည်း ကိုယ့်ဣန္ဒြေကိုမထိန်းနိုင်သဖြင့် ငို၏။

---

အခန်း ( ၃၁ ) ဆက်ရန်


---

#မောင်ရင်မောင်မမယ်မ
#ဂျိမ်းစ်လှကျော်

#shared_by_louis_augustine
#sbla

Comments