လင်ရယ် မယားရယ် // မောင်ကိုယု

လင်ရယ် မယားရယ် // မောင်ကိုယု

---

“ လင်ရယ်မယားရယ်လို့ ဖြစ်လာရင် ကိုယ်က အလျဉ်ဦးအောင် လေ့ကျင့်ပေးရတယ်ကွ ”

ကိုရင်မောင်သည် သူ၏တရားကို ဤသို့နိဒါးချီပြီး စတင်လိုက်သည်။ ယနေ့ ကိုရင်မောင်၏ လက်ဖက်ရည်ဆိုင် တရားပွဲကလေးတွင် တရားနာပရိသတ်မှာ လွန်းကြွယ် တဦးတည်းသာ ရှိလေသည်။ သို့သော် တရားဟောဆရာကမူ ခါတိုင်း ဟောခဲ့ ပြောခဲ့ပြီးသော တရားများထက် ပို၍အာတွေ့ဟန်ရှိသည်။ သူ့ရှေ့ရှိ လက်ဖက်ရည်ခါးခါးတခွက် အေးစက်နေသည့်တိုင်အောင် သူ့တရားမှာမပြတ်သေး။ စိတ်ပါလက်ပါရှိလှ၏။ ကိုရင်မောင် အာတွေ့မည်ဆိုလျှင်လည်း ဖြစ်နိုင်ကောင်းသည်။ ယခုဟောနေသော တရားအကြောင်းအရာမှာ ကိုရင်မောင်အတွက် အပိုင်ဆုံးဘာသာရပ်ဖြစ်သည်။ အများပတ်ဝန်းကျင် မိတ်ဆွေအပေါင်းအသင်းများက ဤသို့ပင် ယုံကြည်ရင်းရှိကြသည်။

လင်ခန်းမယားခန်း ပိုင်ပုံနိုင်ပုံများမှာတော့ ကိုရင်မောင်ကို မီသူမရှိဟု သူငယ်ချင်းအသိုက်အဝန်းအားလုံးက ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြ၏။ ကိုရင်မောင်က သူ့ဇနီးမယားကို ချုပ်ကိုင်မှု၊ စည်းရုံးမှုကောင်းလေသောကြောင့်သာ မိတ်ဆွေသူငယ်ချင်းတွေ တရုန်းရုန်းနှင့် ဧည့်မစဲ၊ မိတ်မစဲ ကိုရင်မောင့်အိမ်၌ ဝင်နိုင်ထွက်နိုင် စားနိုင်သောက်နိုင်ကြခြင်းသာဖြစ်လေရာ အများက ဤသို့ယုံကြည်ယူဆချက်တို့သည် လက်တွေ့အားဖြင့် မှန်နိုင်ကောင်းပေသည်။ ထို့ကြောင့်လည်း မကြာတော့မည့် သီတင်းတပတ်အတွင်း မင်္ဂလာဆောင်တော့မည့် သူငယ်ချင်းလူပျိုကြီး လွန်းကြွယ်ခမျာ မယားမီးသေအောင် လေ့ကျင့်နည်းတွေကို အသေအချာဆည်းပူးရန် ယနေ့ရောက်လာခြင်းဖြစ်၏။

အိမ်မှာ ဇနီးလောင်းကို ကိုရင်မောင့်ဇနီး မမယ်မထံထားခဲ့ပြီး နှစ်ယောက်သား လွတ်လွတ်လပ်လပ် လက်ဖက်ရည်ဆိုင်ထွက်ခဲ့ကြခြင်းမှာ ဤရည်ရွယ်ချက်ကြောင့်ပင်ဖြစ်ပေသည်။ လွန်းကြွယ်အဖို့တော့ ကိုရင်မောင်နှင့် သူငယ်ချင်းဖြစ်ရသည်ကြောင့်ပင် ဧရာမအကျိုးစီးပွားဖြစ်ခဲ့သည်ဆိုလျှင် မမှားပေ။

“ဒီတသက် လွန်းကြွယ်တယောက် စွံတော့မှာ မဟုတ်ဘူးဟေ့” ဆိုသောစကားသံတို့သည် ယနေ့တွင် တရားမဝင်တော့သည်မှာ ကိုရင်မောင်ကျေးဇူးဆိုလျှင် မမှားပေ။

ကိုရင်မောင်တို့အိမ်သို့ တံခါးမရှိဓားမရှိ ဝင်နိုင်ထွက်နိုင် စားနိုင်အိပ်နိုင်ခဲ့သောကြောင့် ကိုရင်မောင်ဇနီးမမယ်မ၏ ညီမဝမ်းကွဲတော်သူ မခင်အိနှင့် ဆုံစည်းရခြင်းဖြစ်ပြီး မကြာမီရက်ပိုင်းအတွင်းတွင် အကျအန မင်္ဂလာဆောင်ကာ လင်ရယ်မယားရယ်လို့ အိမ် ထောင်သည်ဖြစ်ရချေတော့မည်မဟုတ်ပါလော။

“အိမ်ထောင်ဦးကတည်းက ကျင့်မထားနိုင်ရင် မောင်ရင်ရဲ့လွတ်လပ်မှုနဲ့ ပျော်ရွှင် ချမ်းမြေ့မှုဟာ ဆုံးခန်းတိုင်ရောက်သွားပြီလို့သာ မှတ်လိုက်ပေတော့”

လွန်းကြွယ်ခမျာ ကိုရင်မောင်၏ နည်းလမ်းတွေကို ကြားချင်ဇောဖြင့် သောက်လက်စ ဆေးလိပ်တိုပင် ဆက်မဖွာတော့ဘဲ လွှင့်ပစ်လိုက်၏။

“အထူးသဖြင့် မင်းတို့လို လူပျိုကြီးတွေအတွက် ပိုအရေးကြီးတယ်”

“ဘာဖြစ်လို့လဲဗျ”

“အို ဘာဖြစ်ရမှာလဲကွ၊ မောင်ရင်တို့က မိန်းမတယောက်ကို အချိန်အခါနှင့်အညီ ရတာမျိုးမှမဟုတ်ဘဲ၊ အခါလွန်မှရတဲ့လူတွေဆိုတော့ ထိပ်ပေါ်တင် ခေါင်းပေါ်ရွက် ထားတတ်ကြလို့ပေါ့ကွ”

“ဒါလောက်လည်း မဟုတ်သေးပါဘူးဗျာ။ ချစ်တာ ချစ်တာ တခြားပေါ့”

လွန်းကြွယ်က မခံချင်စိတ်နှင့် ငြင်းချက်ထုတ်လိုက်ရာ ကိုရင်မောင်သည် လှောင်ရယ်ကလေး ရယ်လိုက်ရင်း

“ကြည့်ကြသေးတာပေါ့လေ၊ ကြည့်သေးတာပေါ့။ ပြီးတော့လည်း ဒီမှာ လွန်းကြွယ်ရဲ့၊ မောင်ရင်တို့အတွက် မယားမီးသေဖို့ ပိုအရေးကြီးတယ်ဆိုတာ နောက်တကြောင်းရှိ သေးတယ်ကွ”

“လင်းစမ်းပါဦး”

“လူပျိုကြီးဆိုတာ အရွယ်လွန်တဲ့တိုင်အောင် လွတ်လွတ်လပ်လပ်နေလာတာမဟုတ်လား၊ ရောက်ရာမှာပျော်၊ ထင်ရာကိုသွား၊ တွေ့ရာမှာစားလာတာမျိုး၊ ကိုယ်လွတ်လူလွတ် နေလာတာဆိုတော့ လွတ်လပ်မှုရဲ့အရသာကို တင်းပြည့်ကျပ်ပြည့် ခံစားခဲ့ရတဲ့လူတွေ၊ မိန်းမဆိုတာက ကိုယ့်လင်ကိုယ့်သားကို စည်းကမ်းကလနားနဲ့ ထိန်းသိမ်းထားချင်တဲ့ သတ္တဝါအမျိုးအစားတွေဆိုတော့ အဲဒီမှာ ကျားနဲ့ဆင်ပဲမောင်၊ ကိုယ်ညံ့ရင်ကိုယ်ခံစတမ်းပဲ”

ဒီတချက်တော့ ကိုရင်မောင်၏စကားသည် မှန်လှသည်။ လွန်းကြွယ်တို့လို လူပျိုကြီးများအဖို့ လွတ်လပ်မှုသည် ဧရာမအရသာကြီးပင်ဖြစ်၏။ ကြုံရာမှာ အိပ်လိုက်၊ စားလိုက်၊ ပျော်လိုက်နေထိုင်သူများဖြစ်၏။ အခြားသူများကဲ့သို့ နောက်ဆံတင်းစရာမလို၊ ယခုလို လက်ဖက်ရည်ဆိုင်များတွင် ဝိုင်းဖွဲ့စကားပြောနိုင်၏။ ရုံးကဆင်း အိမ်ကိုအရောက် ပြေးစရာမလို၊ ထမင်းဆိုင်စားပြီး ရုပ်ရှင်ရုံတန်း၍ဝင်နိုင်၏။

“အဲဒါတော့ မှန်တယ်ဗျ။ မိန်းမတယောက်ရဖို့ ဒီမြတ်နိုးစရာကောင်းတဲ့လွတ်လပ်မှုကို မစွန့်နိုင်ဘူးဗျာ။ ဒါပေမယ့် မိန်းမတော့လည်း လိုချင်သေးတာပဲဗျာ”

“အဲဒါကြောင့်ပေါ့ကွ၊ ကိုယ်ယူမယ့်မိန်းမကို ကျင့်ပေးရမယ်ဆိုတာ”

“ကဲ ဆိုဗျာ၊ ဘယ်လိုကစပြီး ကျင့်ရမလဲ”

လွန်းကြွယ်က စိတ်မရှည်နိုင်တော့သဖြင့် သူလိုချင်သော နည်းလမ်းများကို တိုက်ရိုက်မေးလိုက်သည်တွင် ကိုရင်မောင်အဖို့ သူဆင်သောတရားကွက်တော့ ဝင်ပြီဟု ကျေနပ်စွာပြုံးရင်း အေးစက်နေသောလက်ဖက်ရည်ကို တကျိုက်နှစ်ကျိုက်သောက်ကာ အရှိန်ယူလိုက်လေသည်။

“ပထမနည်းကတော့ ကိုယ်ချစ်တာကို သိပ်မပြနဲ့၊ ပြီးတော့ ဦးမကျိုးစေနဲ့ဟေ့၊ ဒါပဲ”

“ဘယ်လိုလဲဗျ”

“သူနဲ့ကိုယ်နဲ့ နှစ်ယောက်အတူတူ နေတဲ့အချိန်မှာ နေထိုင်ပုံစနစ်ဟာ သူကြိုက် မဖြစ်စေနဲ့၊ ကိုယ်ကြိုက်ဖြစ်ပစေ”

လွန်းကြွယ်ထံမှ တရားထောက်သံမကြားသဖြင့် ကိုရင်မောင်အဖို့ ထပ်မံရှင်းပြရန် လိုသေးကြောင်း သိနားလည်ကာ သူ့စကားကို ဆက်လိုက်သည်။

“ရှင်းရှင်းပြောမယ်ကွယ်၊ ဘယ်မိန်းမ မဆို ကိုယ့်လင်သားရုံးပြန်မှန်တာ၊ ထမင်းစား မှန်တာ၊ အအိပ်မှန်တာကို လိုချင်တာပဲ။ အချိန်တန်လို့ ရုံးကပြန်မရောက်ရင် ဆူချင်ဆောင့်ချင်၊ စိတ်ကောက်ချင်တယ်၊ သူငယ်ချင်းတွေနဲ့ မိုးချုပ်တလွဲ လျှောက်လည်တာကို မကြိုက်ဘူး။ အချိန်ရှိသရွေ့ သူတို့မျက်စိတကမ်းမှာ ရှိစေချင်တယ်၊ ဟော မင်းတို့၊ ငါတို့ကျတော့ အပေါင်းနဲ့အသင်းနဲ့ နေလာကြတာမဟုတ်လား၊ အမြဲတမ်းတော့ ရုံးက အိမ်ကို တန်းတန်းမတ်မတ် ပြန်မလာနိုင်ဘူး။ စာအုပ်ဆိုင်တော့ဖြစ်ဖြစ် ဝင်ပြီးမွှေလိုက်ချင်သေးတယ်၊ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင် စကားဝိုင်းဖွဲ့လိုက်ချင်သေးတယ်၊ ကြုံရင်ကြုံသလို စားလိုက်ချင်တယ်၊ ညကိုးနာရီပွဲလေးတော့ အမြဲတမ်းမဟုတ်တောင် အဖော်ကောင်းရင် ကြည့်လိုက်ချင်သေးတယ်၊ တခါတလေ ကျောင်းနေဖက်မိတ်ဆွေဟောင်းတွေ ဆုံမိရင် မအိပ်တမ်း စကားပြောလိုက်ချင်တယ်၊ ဒီတော့ မိန်းမနဲ့ယောက်ျား အလိုဆန္ဒချင်း ဆန့်ကျင်မနေဘူးလား”

“အမှန်ပဲဗျို့၊ ဒါကိုတော့ အပေးအယူမျှဖို့ လိုတယ်”

“အောင်မယ်၊ ကိုယ့်လူ အပေးအယူတွေ သွားလုပ်မနေနဲ့၊ ကွဲသွားမယ် နားလည်လား။ ပထမဦးဆုံး ကိုယ့်အကျင့် ကိုယ့်စရိုက်မှာ သူကယဉ်ပါးလာအောင် ကျင့်သားရလာအောင် လုပ်ထားလိုက်ရင် ပြီးတာပဲ”

“မိန်းမက ဘယ်ကျေနပ်မလဲဗျ"

“ကဲ သူငယ်ချင်းရ ဘယ်ဆင်က သစ်တုံးဆွဲချင်မလဲကွ၊ နောက် ယဉ်ပါးလာတဲ့အခါ သစ်တုံးဆွဲရတာကို သူ့အတွက်လုပ်နေကျအလုပ်ဖြစ်သွားတဲ့အခါ သူ့ဟာသူ ကျေနပ်နေတာပဲမဟုတ်လား၊ မိန်းမဆိုတဲ့သတ္တဝါတွေကလည်း ပထမတော့ အစွယ်ပြကြသေးတာပဲ၊ မာယာပေါင်းတထောင်နဲ့ လင်ယောက်ျားကို ပုံသွင်းတာပဲ၊ ကိုယ်က ကျုံးမဝင်မိဖို့ အရေးကြီးတယ်၊ ဟော ရုံးက ကိုယ်ပြန်မလာမချင်း ထမင်းမစားဘူး၊ ထမင်းပွဲ ယပ်ခတ် စောင့်နေတတ်တယ်၊ အဲဒီတော့ ယောက်ျားလုပ်တဲ့လူတွေက သြော် သူ့ခမျာ ငါမပြန်ရင် ထမင်းဆာနေတော့မယ်ဆိုပြီး ထောက်ထားလာရော အိမ်ကို အချိန်မှန်ပြန်အောင်ပေါ့ကွာ၊ ဒီနေရာမှာ ကိုယ်က မလိုက်လျောနဲ့၊ ရုံးက တမင်နောက်ကျမှပြန်၊ သွားစရာမရှိရင် လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ် ထိုင်နေလိုက်”

“ကိုယ်ကိုယ်တိုင်က ထမင်းဆာလာရင်ရောဗျာ"

“အို ဘာခက်တာမှတ်လို့၊ လမ်းမှာဝယ်စားလိုက်ပေါ့၊ အိမ်ရောက်တော့ သူက ထမင်းစားဖို့ပြောရင် လမ်းမှာစားခဲ့ပြီလို့ ပြောလိုက်၊ အဲဒီတော့ သူကပြောလိမ့်မယ်၊ အိမ်ကမိန်းမက အဆာခံပြီးစောင့်နေလိုက်ရတာ ဘာညာနဲ့ပေါ့ကွာ ချွဲမှာပဲ၊ ကိုယ်က ပျော့မသွားနဲ့၊ အဲဒီလိုသာ ရက်ပေါင်းများစွာ ကျင့်ပေးလိုက်ရင် နောက်တော့ သူ မစောင့်တော့ဘူး၊ ဒီတပွဲတော့ ကိုယ်အောင်လိုက်ပြီသာ အောက်မေ့လိုက်”

ကိုရင်မောင်သည် ပုစ္ဆာတပုဒ်ကို တွက်ချက် ဖြေဆိုပြလိုက်ပြီးသော ကျောင်းဆရာကဲ့သို့ ဟန်ဝင်၍ နောက်ပုစ္ဆာတပုဒ်ကို စ ပြန်သည်။

“နောက်တခုက မိန်းမများ မျက်ရည် အင်မတန်လွယ်တယ်ကွ၊ ဘာမဟုတ်တာလေးနဲ့ပေမယ့် ငိုပြတတ်တယ်၊ တခါတလေ လင်ယောက်ျားမသိအောင် အိပ်ရာထဲ ကျိတ်ငိုသလိုလိုနဲ့ အသံကြားအောင်ငိုတယ်၊ ဒါမျိုးများ သွားမချော့လိုက်နဲ့မောင်၊ နောက်ကျွမ်းပစ်ပြီလို့သာ မှတ်လိုက်ပေတော့၊ ဟော တို့ကျတော့ ရှင်းတယ်၊ မမယ်မတို့ငိုပြီဆိုရင် စိတ်ညစ်တယ်ကွာဆိုပြီး ထွက်သွားလိုက်တာပဲ၊ ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်ကို စတိုင်လ်လေးနဲ့ သွားကြည့်နေလိုက်တယ်၊ အိပ်ရာထဲ ကိုယ်မကြားကြားအောင် ကျိတ်ငိုတဲ့ဟန်မျိုးများ လုပ်ရင်တော့ မကြားချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့် အိပ်လိုက်တာပဲ၊ ခုများတော့ ငိုပါဦးဆိုတာတောင် မမယ်မတို့ မျက်ရည်မကျတော့ဘူး၊ ဒါဟာ မိန်းမတို့ရဲ့ အထက်မြက်ဆုံးလက်နက်ကို ရိုက်ချိုးပစ်လိုက်တာပဲ”

“ဟုတ်တယ်ဗျ၊ ခင်ဗျားဇနီးချောလေး မတော့ အမြဲတမ်းပြုံးနေတာပဲ၊ ကျုပ်တို့တတွေ ဘယ်လောက်ပဲ ခင်ဗျားတို့အိမ်မှာလာပြီး ညှဉ်းညှဉ်း ဘယ်တော့မှ မျက်နှာပျက်တာမတွေ့ရဘူး”

“ဒီပုံ ဒီစခန်းရောက်အောင် အလေ့အကျင့်ပေးခဲ့တဲ့လူကိုလည်း ကြည့်ဦးလေကွာ ဟား ဟား“

ကိုရင်မောင်သည် ရင်ကိုကော့၍ နောက်သလိုလိုနှင့် တကယ်ဂုဏ်ယူကာ ကြွယ်ပြလိုက်ရသဖြင့် တော်တော်ကျေနပ်သွားလေသည်။ ထို့ကြောင့်လည်း သူ၏မယားလေ့ကျင့်ပုံနောက်ဆုံးနည်းကို ဆက်လိုက်ပြန်သည်။

“အဲ ကိုယ်က သူ့ဆီကအခွင့်အရေးတခုခု လိုချင်ရင် သူလိုချင်တာလေးတခုခုကို ဦးအောင်ရှာကြံပြီး ပေးလိုက်၊ ဒီလိုဆိုရင် ကိုယ့်အတွက်လည်း သူ မငြင်းတော့ဘူး”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါ သတိထားဖို့လိုတယ်၊ ဒါတွေကိုကြိုတင်ပြီး ခင်ဗျားဆီက သိထားရတာ ကောင်းတယ်ဗျာ၊ ကျုပ်အတွက် ကိုယ်ခံကောင်းသွားတာပေါ့”

ကိုရင်မောင်ကမူ ပြုံးပြုံးကြီး ခေါင်းညိတ်လိုက်လေသည်။ ကိုရင်မောင်တို့ လက်ဖက်ရည်ဆိုင်တွင် မယားနိုင်နည်းတွေ နှီးနှောဖလှယ်ချိန်၌ မမယ်မကလည်း သူ့ညီမ မခင်အိကို အချိန်ရှိတုန်းကလေး သွန်သင်ဆုံးမနေလေသည်။

---

“ညည်းနော် ဒါပဲ၊ ငါက အခုကတည်းက ပြောထားမယ်၊ ငါ့ညီမလုပ်နေပြီး ကိုလွန်းကြွယ်လိုလူပျိုကြီးကိုမှ ဇက်ကြိုးနိုင်အောင် မကိုင်နိုင်ရင် အသိပဲ”

“ဘာလဲမမရဲ့၊ ယူကြမယ်မှ မကြံသေးဘူး၊ ဘယ်လိုဇက်ကြိုးကိုင်ရမှာလဲ”

“ဒီမှာမရွှေအိရဲ့၊ ကိုလွန်းကြွယ်တို့လို လူပျိုကြီးတွေဟာ ကိုယ်ကကိုင်နိုင်ရင် အကောင်းဆုံးလင်ယောက်ျားဖြစ်မှာပဲ၊ ကိုယ်မနိုင်ရင်တော့ မျက်ရည်နဲ့ဒူးနဲ့သာ သုတ်ပေတော့”

မခင်အိသည် သူ့အစ်မစကားကိုကြားသောအခါ လင်ယူရမည်ကိုပင် ကြောက်သလိုလို ဖြစ်သွားမိ၏။ မမယ်မကမူ သူ့ညီမထုံနနကလေးကို ကိုယ်တွေ့နည်းကလေးပေးလိုက်မှ ကိုယ်ခံကောင်းတော့မည်ကို ရိပ်မိလိုက်သဖြင့် တွတ်ထိုး၍ ပြောနေလေ တော့သည်။

“အရွယ်လွန်အောင် ကလေကလွင့် စည်းလွတ်ဝါးလွတ်နေလာတဲ့လူမျိုးကို စဟေ့ ဆိုကတည်းက စည်းကလေး ကမ်းကလေးနဲ့ နေလာသွားလာအောင် ထိန်းပေးရတယ်၊ ရုံးကပြန်ရင် အိမ်ကို တန်းတန်းမတ်မတ်ပြန်ပြီး မယားချက်တဲ့ထမင်း အငွေ့မသေခင် စားတတ်အောင် ကိုယ်ကိုယ်တိုင်က သူလာမှ စားမယ့်ဟန်မျိုးလုပ်ပြီး စောင့်နေပြရတယ်”

“ဟင် မမကလည်း သူက မိုးချုပ်မှပြန်လာရင် အူလိပ်ပြီး သေရောပေါ့”

“မိရွှေအိရယ် အ ရန်ကော၊ ဘယ် ဒီလိုဟုတ်မလဲကွယ့်၊ ကိုယ်တကယ်စားပြီး မပြီး သူမြင်တာ သူသိတာမှတ်လို့၊ စောစောတည်းက အဆာပြေလေး ကျိတ်စားရတာပေါ့ဟဲ့၊ သူပြန်လာတော့ မစားရသေးဘူးပေါ့၊ သူနဲ့မှ လက်ဆုံစားချင်တဲ့ဟန်မျိုးပေါ့”

“အင်း အင်း”

ဒီတချက်တော့ မခင်အိ သဘောကျသွား၏။

“ပြီးတော့ ကိုယ့်ယောက်ျားလုပ်တဲ့သူဟာ အငိုမှာပျော့သလား၊ အရယ်မှာ ပျော့သလား၊ မျှော့သွေးစမ်းသလို စမ်းသပ်ပြီး လေ့လာရတယ်”

“အချို့ယောက်ျားတွေက မိန်းမမျက်ရည် မြင်ရင် ဒါမှမဟုတ် မိန်းမရှိုက်သံကြားရင် တခါတည်း အရည်ပျော်ကျလာတတ်တယ်၊ တောင့် မခံနိုင်ဘူး၊ ဒီလိုယောက်ျားမျိုးကျတော့ ဗြောင်ငိုတဲ့နည်းနဲ့တမျိုး၊ ကျိတ်ပြီးရှိုက်သံပေးတဲ့နည်းနဲ့က တမျိုး၊
ကိုယ့်ရင်ခွင်ထဲ ခေါင်း ငိုက်ကျလာအောင် လုပ်ရတယ်၊ ဟော အချို့အမျိုးသားတွေဆိုရင် ငိုသံကို မကြားချင်ဘူး၊ မိန်းမငိုရင် ရှောင်တတ်တယ်။ ဒါမျိုးကျတော့ မကြိုက်တာပေမယ့် အငိုလေးနဲ့သွားမလုပ်နဲ့၊ မကြိုက်ပေမယ့် အလိုလိုက်ပုံမျိုးနဲ့ ပြုံးပြုံးကလေးနေလိုက်၊ ကိုယ်တော်ချောတွေ သူတို့ဘာသာ အလိုက်သိပြီး ငါ့မိန်းမဘာမကြိုက်ဘူးလဲဆိုတာ ရှာကြံပြီး ဆင်ခြင်လာတတ်တယ်၊ ကိုယ်က အကင်းပါးပေါ့ကွယ်”

မမယ်မသည် ချုပ်လက်စအဝတ်ကို ဘေး ချပြီး မခင်အိပေါင်ကို ပုတ်လိုက်ရင်း

“ဒီမှာ ရွှေအိ ငါပြောတာ တခုတော့ မြဲမြဲမှတ်ထား၊ ဘယ်ယောက်ျားမဆို မိန်းမရဲ့တီတီတာတာ ပလီပလာကို ကြိုက်တတ်ကြတာပဲ၊ လင်နဲ့မယား လူမမြင်တဲ့နေရာမှာ ကိုယ့်လင်ကို ကလက်ချင် ကလက်ပါစေ၊ နှဲ့ပေးရတယ်၊ ခရာ တာတာကလေး ပြောပေးရတယ်”

“အို မမကလည်း ရှက်ပါတယ်”

မယ်အိက ပခုံးလေးတွန့် ခေါင်းကလေး ငုံ့ပြီး ပြုံး၍ပြန်လည်ပြောသည်ကို မမယ်မက မေးငေါ့၍ မဲ့ပြလိုက်လေသည်။

---

ကိုရင်မောင်နှင့် မမယ်မသည် သဘောတရား အပြောစကားတွင်သာမဟုတ် သူတို့၏ကိုယ်စီ လင်ရယ် မယားရယ် လေ့ကျင့်သည့်နည်းလမ်းများကို ကိုယ်တိုင် လက်တွေ့ကျင့်သုံးနေကြသူများဖြစ်ကြ၏။

ကိုလွန်းကြွယ်တို့ဇနီးမောင်နှံလောင်းစုံတွဲ ပြန်သွားကြသည့်ညတွင် ကိုရင်မောင်က သူလိုချင်သောအခွင့်အရေးတခုနှင့် ချဉ်းကပ်လာသည်ကို မမယ်မကလည်း သူလိုချင်သော အခွင့်အရေးတရပ်ဖြင့် ခရီးဦးကြိုပြုလိုက်သည်။

“မောင် ဒါပဲနော်၊ မခင်အိတို့လက်ထပ်ပွဲမှာဝတ်ဖို့ ပဝါနဲ့အင်္ကျီ ဆင်တူဖြစ်အောင် ဟိုဘက်အိမ်က အညွန့်တို့လာပြထားတဲ့ ‘ခရိစ’ ဝယ်လိုက်တော့မယ်”

မမယ်မ၏စကားကို ကြားကတည်းကပင် ကိုရင်မောင်အဖို့ ပိုင်ပြီဟု ဝမ်းထဲက ကျေနပ်လိုက်သည်။

ဇနီးချော လိုချင်တာလေး ကြိုတင်ပြီးအလိုလိုက်ပါက သူ့အတွက် အကွက်ကောင်းဆိုက်ပြီဆိုတာ သေချာပြီ။

“အမယ်လေး မရယ်၊ ဒါများ ရေးကြီးခွင်ကျယ်လုပ်ပြီး ခွင့်တောင်းနေရသေးလား၊ ကိုယ့်ဘာကိုယ် ဝယ်ဝတ်တဲ့ဥစ္စာ၊ မ လှအောင်ဆင်တာ မောင်အကြိုက်ကြီးပဲပေါ့”

မမယ်မက ကိုရင်မောင်၏ရင်ခွင်တွင်းသို့ ခေါင်းထိုး၍ဝင်ကာ ရင်ဘတ်ကြီးပေါ်တွင် မျက်နှာဝှက်ရင်း

“ဟင်း ဟင်း မောင်မသိဘဲနဲ့ မ ဘာမှမလုပ်တတ်ဘူးဆိုတာ မောင်သိသားနဲ့” ဟု ချွဲလိုက်၏။

ကိုရင်မောင်သည် တဟဲဟဲရယ်ရင်း မမယ်မ၏ဆံပင်များကို တယုတယ သပ်ပေးလိုက်၏။ ထို့နောက်မှ

“မောင့်မလည်း ဒုက္ခပဲမရယ်၊ ကိုရွှေလွန်းကြွယ်က လက်မထပ်မီညမှာ ဒီအိမ် သူငယ်ချင်းတွေစုပြီး လူပျိုညကျင်းပကြမယ်တဲ့၊ သောက်ကြ စားကြမယ်ပေါ့ကွာ၊ ခွင့်မပေးလည်း အခက်”

“အို မောင်ကလည်း လုပ်ပါစေ၊ ကိုယ့်သူငယ်ချင်းရဲ့ပွဲပဲ မဟုတ်လား၊ ငြင်းလို့ ကောင်းမလား”

ကိုရင်မောင်အဖို့တော့ သူ့နည်းသည် အမှန်ပင်အောင်မြင်ကြောင်းတွေ့ရသဖြင့် ကျေနပ်ကြီးကျေနပ်၍ မဆုံးမီပင် အိပ်ခန်းတွင်းမှ သားကြီးမောင်မောင်၏ တရေးနိုးငိုသံ ကြားလိုက်ရ၏။

“မောင်ရယ် သားတော်မောင် နိုးလာပြန်ပြီ။ ကိုယ့်သားကြီးဆီ သွားလိုက်ပါဦးနော်” ဟု မမယ်မက ဆိုလိုက်ရာ ကိုရင်မောင်သည် ယဉ်ပါးပြီး ဆင်ကြီးတကောင်က ချွန်းမပေါက်ရဘဲ သစ်တုံးဆွဲရန် မြစ်ခြေကမ်းစပ်သို့ တရွေ့ရွေ့ဆင်းသွားသကဲ့သို့ သားတော် မောင်ရှိရာ အိပ်ခန်းဆီ ရှေးရှု၍ ရွေ့လျားသွားလေတော့သည်။

---

#မောင်ကိုယု
#လင်ရယ်မယားရယ်

#shared_by_louis_augustine
#sbla

Comments