ပွဲသိမ်းတိုက်ကွက် // အဏ္ဏဝါစိုးမိုး

ပွဲသိမ်းတိုက်ကွက် // အဏ္ဏဝါစိုးမိုး

(မြင်သာမဂ္ဂဇင်း)

---

ကျွန်တော့်အစ်ကို ကိုညီမောင်သည် မြန်မာပြည်လွတ်လပ်ရေးမရမီ အင်္ဂလိပ်လက်ထက်မှာ ၇-တန်းအထိ နေဖူးသူဖြစ်လို့ ပြည်တော်သာခေတ်မှာ ကျောင်းဆရာဖြစ်သွားသည်။ ကျောင်းဆရာ ခန့်စာရသည့်နေ့ကစပြီး လယ်ထဲမဆင်းတော့လို့ ကျွန်တော့်မရီး မခင်လှခမျာ မိန်းမတန်မယ့် ပျိုးနုတ်ရုံသာမက မထွန်ရသေးသော ကျန်နေသည့် လယ်ကွက်တွေကိုပါ ထွန်လိုက်ရသေးသည်။ ကျောင်းဆရာ လောင်းလျာကတော့ ဘန်ကောက်လုံချည် တရွှမ်းရွှမ်းဖြင့် လမ်းသလားနေတော့သည်။

ကျောင်းဆရာ ခန့်စာ ရပြီးသော်လည်း ဘယ်ရွာကိုကျမယ်ဆိုတဲ့ ပိုစတင် မကျသေးလို့ စောင့်နေရသည်။ စောင့်နေစဉ် မိမိ၏ မူရင်းအလုပ်ဖြစ်သည့် လယ်ကို ပြီးစီးအောင် လုပ်ပါတော့လား။

လုပ်ဘူးခင်ဗျ၊ လယ်လုပ်နေလျှင် ပိုစတင်ကျလို့ ပညာအုပ်နှင့်တွေ့ရန် မြို့ကိုတက်ရသည့်အခါ အသားတွေမည်းနေမည်။ တကိုယ်လုံးက ရွံ့စော်နံ နုန်းစော်နံ နေမည်။ တောသားလယ်သမားဆိုပြီး အထင်သေးသွားနိုင်သည်ဟု ဆိုနိုင်ပါသည်။ ကျောင်းဆရာလောင်းလျာက လယ်ထဲ မဆင်းတော့သည့်အခါ ကျောင်းဆရာကတော် မဖြစ်တဖြစ် ကျွန်တော့်မရီးက လယ်ထဲဆင်းပြီး အလုပ်လုပ်ခဲ့ရသည်။ ဒီကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်တို့ ဆွေမျိုးထဲမှာ ပြောစရာတခုဖြစ်သွားသည်။

“ပြည်တော်သာခေတ်မှာ ညီမောင်တို့ကံကောင်းမြောင်းတည့်ပြီး ကျောင်းဆရာဖြစ်သွားတာနဲ့ လယ်မလုပ်ချင်တော့ဘူး၊ ကျောင်းဆရာဘဝမှာဘယ်လောက် အောက်ခြေလွတ်ဦးမလဲ ဆိုတာ စောင့်ကြည့်ရဦးမယ်”

ကျွန်တော်တို့ ကိန္နရီချောင်းနှင့် ၇-မိုင်သာဝေးသည့် ကိုင်းတောကွင်းရွာ မူလတန်းကျောင်းမှာ တာဝန်ကျသည်။ ကိန္နရီချောင်းနှင့် ကိုင်းတောကွင်းကို မနက်သွားညနေပြန် အလုပ်ဆင်းရန်အတွက် ဘိုင်စကယ်ဝယ်ချင်သည် ဆို၍ ၄၅ဝိ/-ဖြင့် ဝယ်ပေးရသေးသည်။ မြင်းကို ချိုတပ်ပေးသလို ဖြစ်သွားသည်။ ဘန်ကောက်လုံချည်၊ လက်ပါတ်နာရီ၊ ကတ္တီပါဖိနပ်နှင့် ရာလေးဘိုင်စကယ်ကို စီးနိုင်သော ပြည်တော်သာခေတ် ကျောင်းဆရာဖြစ်၍ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် မဟုတ်သော်လည်း အအိုတိုင်းကြိုက်သည့် ကျောင်းဆရာဖြစ်နေသည်။ မရီးမခင်လှ စိုးရိမ်နေရသည့် အခြေအ‌နေဖြစ်သည်။

ပြည်တော်သာခေတ်မှာ လစာ ၁၂၆ကျပ် ရသောကျောင်းဆရာဖြစ်၍ အထင်ကြီးလောက်သူဖြစ်သည်။ ရွှေတကျပ်သားကို ၁၆ဝကျပ် ဆန်တပြည်ကို၂၅ပြား၊ ဆီတပိဿာကို ၃.၅ဝါး၊ ဆားတပိသာကို ပြားငါးဆယ် ပေးရသော ခေတ်ဖြစ်လို့ ကျွန်တော့်အစ်ကိုရသော လစာငွေသည် စားမကုန်သည့်အပြင် လစဉ် ရွှေဝယ်စုနိုင်သည့်အခြေအနေဖြစ်သည်။ ကျွန်တော့်မရီးက လောဘရှိသည်။ လယ်သိမ်းပြီးလို့ အလုပ်ပါးသည့်အချိန်မှာ အနားမနေဘဲ မုန့်လုပ်ရောင်းသည်။ သားသမီးတွေရဲ့ နောင်ရေးက ရှိသေးသည် ဆိုပြီး စုဆောင်းသည်။ အဲဒီတော့ကျွန်တော့်အစ်ကိုနဲ့ မရီးမှာ ရွှေနဲ့ငွေနဲ့ ပြည့်ပြည့်စုံစုံလုံလုံလောက်လောက်ရှိသည်။

စီးပွားရေး စိုစိုပြေပြေ ဖြစ်လာတော့ ကျွန်တော့်အစ်ကို ဗွေဖောက်လာသည်။ အသောက်အစား ပိုများလာသည်။ ဘိုင်စကယ် ဝယ်ပေးထားပါလျက် ကိုင်းတောပကွင်းရွာမှာ ညအိပ်တာတွေ လုပ်လာသည်။ အကြောင်းပြချက်ကတော့ အသောက်များသွားလို့ ဘိုင်စကယ်မနင်းနိုင်တော့လို့ တပည့်တယောက်၏ အိမ်မှာ အိပ်လိုက်ရသည် ဟူ၍ဖြစ်သည်။

ကျွန်တော့အစ်ကို အလုပ်ဝင်ပြီး သုံးနှစ်လောက်အကြာမှာ ကိုင်းတောကွင်း ကျောင်းအုပ်ဆရာကြီးအငြိမ်းစား ယူသွား၍ ကျွန်တော့်အစ်ကိုက ကျောင်းအုပ်ဖြစ်သွားသည်။ ကျားအတောင် တပ်ပေးလိုက်သလို ဖြစ်သွားသည်။ ဆရာ ကိုညီမောင်ဘ၀မှ ဆရာကြီးဦးညီမောင် ဖြစ်သွားသည်။ အစ်မ မခင်လှလည်း ဆရာကြီးကတော် အခေါ်ခံရ လို့ဝမ်းသာနေသည်။ ဘဝကို ကျေနပ်နေသည်။

ကျွန်တော်တို့ရွာမှ မိုင်လေးဆယ်ဝေးသည့် မြို့လစာထုတ်ဖို့ သွားလျှင် အစ်ကို့ဘိုင်စကယ်နောက်က ထိုင်စီးလိုက်သွားရတာကို အတော်အရသာတွေ့ခဲ့သည်။ မြို့ဈေးဝက ရွှေဆိုင်မှာ ရွှေဝယ်ပြန်လာသည့် လဆိုလျှင် ရွှေဆွဲကြိုးတဝင်းဝင်းနဲ့ ရွာထဲလျှောက်တာ အတော် မျက်စိနောက်စရာ ကောင်းသည်။

မြို့နယ်ပညာရေးမှူးရုံးကို လစာထုတ်ရန် အတွက် လစဉ်သွားရသည့် ကျောင်းအုပ်ဆရာကြီး ဘိုင်စကယ်နောက်က ကယ်ရီယာခုံမှာ ဆရာကြီးကတော် မခင်လှ လစဉ် မလိုက်နိုင်သော်လည်း လိုက်မည့်သူက လစဉ် ရှိသည်ဟု သတင်းစကားတွေ ကြားလာရသည်။ လိုက်သူတွေကလည်း အမျိုးသမီးတွေချည်း ဖြစ်သည်ဟု သိရပြန်သည်။ အခိုင်အမာ ကြားသိရသည့် သတင်းကတော့ ကိုင်းတောကွင်းကျောင်းက မူလတန်းပြ ဆရာမလေးက ပုံမှန်လိုက်သည် ဟုသတင်းရသည်။ ဆံရာမလေးသည် မြို့နှင့်နီးသည့်ရွာ ကလေး တရွာကဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး၏ ဘိုင်စကယ်နောက်မှာ ထိုင်ပြီး ဆရာကြီး၏ ခါးကိုဖက်ကာ လစဉ် လိုက်နေခြင်း ဖြစ်သည်။

ဒီကိစ္စနှင့်ပတ်သက်ပြီး အစ်ကိုနှင့် မရီးတို့ စကားများရန်ဖြစ်ကြတာ အကြိမ်ကြိမ်ဖြစ်သည်။ စကားများပြီး ရန်ဖြစ်သည့် နောက်နေ့မှာ အိမ်ကို ပြန်မလာတော့ဘဲ ကိုင်းတောကွင်းရွာ မှာပင် အိပ်နေတော့သည်။ ဆရာမလေးကလည်း အဲဒီရွာမှာပဲ အိမ်ငှားနေသည် (ထိုခေတ်ကအိမ်ငှားနေစရာမလိုပါ) ထမင်းလခ၁၅ိ/-ပေးသည့်အိမ်မှာ အလကားနေလို့ရသည်။ဆရာမလေးကလည်း အဲ့ဒီရွာမှာပဲရှိနေသည်။ အစ်ကိုလည်း အဲဒီရွာမှာပဲ ညအိပ်နေသည် ဆိုတော့ အစ်မမခင်လှ ကမ္ဘာမီးလောင်တော့သည်။

ကမ္ဘာမီးလောင်ပေမယ့် ကျွန်တော့်မရီးက မာနခဲဖြစ်သည်။ အောက်ကျခံပြီး လိုက်မခေါ်ဘဲထားသည်။ ချော့မပေါင်းဘဲ ခပ်တင်းတင်းနေပြသည်။ ကျွန်တော့် မရီးဘက်က ပျော့မလာတော့ ကျွန်တော့်အကိုက ပိုပြီးမာပြသည်။ တပါတ် ဆယ်ရက်ကြာအောင် ရွာပြန်မလာဘဲ နေသည်။ အခြေအနေက ဆိုးရွား တင်းမာလာသည်။ နှစ်ဘက်ဆွေမျိုးတွေကြား ဝင်ဖြန်ဖြေရသည့် အဆင့်ကို ရောက်လာသည်။ နှစ်ဘက်မိဘတွေနဲ့ ဆွေမျိုးတွေချော့မော့ ဖျောင်းဖျလို့ ကျွန်တော့်မရီးက အ လျှော့ပေးလိုက်သည်။

ကျွန်တော့်အစ်ကို ရွာပြန် ရောက်လာသည်။

အစ်ကို ရွာပြန်လာတော့မှ ပြဿနာက ပါလာသည်။ ကျောင်းဆရာမလေးက သူ့မှာဆရာကြီးနဲ့ ရသည့်ကိုယ်ဝန် သုံးလရှိနေပါပြီ ဆိုပြီး ရပ်ရွာလူကြီးတွေကို တိုင်လို့ ကျော်မကောင်း၊ ကြားမကောင်း ဖြစ်ကြရတော့သည်။ အဲဒီမှာ ကျွန်တော့်မရီးက ကျွန်တော့်အစ်ကိုကို အိမ်ထဲအဝင်မခံတော့ပဲ အိပ်ခန်းတံခါးပိတ်ပြီး ဆန္ဒပြတော့သည်။ အိမ်ထဲမဝင်ရတော့ ဆရာမလေးရှိရာ ကိုင်းတောကွင်းရွာကို ပြန်သွားပြီးဆရာမလေးကို တရားဝင် လက်ထပ်လိုက်တော့သည်။

ဒီလိုဖြစ်လာတော့ ကျွန်တော်တို့ ဆွေမျိုးတွေက မရီးဘက်က ရပ်တည်ကြသည်။ အားပေးကြသည်။ ကလေးနှစ်ယောက် မျက်နှာ မငယ်ရအောင် ဝိုင်းဝန်းပံ့ပိုးကြသည်။ ဖတဆိုးသားလေး သမီးလေးတွေ ဆိုပြီး ပို၍ အလိုလိုက်ကြသည်။ ဒီအချိန်မှာ သမီးအကြီးမလေးက ဆယ်နှစ်သား၊ အငယ်ကောင်လေးက ခြောက်နှစ်ခန့်ရှိကြပြီဖြစ်သည်။ မရီးက မျက်နှာထားတည်တည်ဖြင့် ရွာလည်ပြီး မုန့်ရောင်းသည်။

လယ်ကို ကိုယ်တိုင်မပြုလုပ်တော့ဘဲ သူရင်းငှားဖြင့် သီးစား ချထားလိုက်သည်။ လယ်ဆီ လယ်ခ ခံစားနေသည့်အတွက် ဆန်စပါး တနှစ်စာ ပူစရာမလိုဖြစ်နေသည်။ ရွှေ၊ ငွေ၊ လက်ဝတ်လက်စား အပြည့်အစုံရှိသည့်အတွက် ဣန္ဒြေမပျက် နေလို့ရသည်။ မုန့်လုပ်ရောင်းနေသူ ဖြစ်လို့ ကလေးမုန့်ဖိုးလည်း မလိုသည့်အခြေအနေဖြင့် ခပ်တင်းတင်း နေလို့ရသည်။

အခြေမခိုင် ဖြစ်သွားတာက ကျွန်တော့်အစ်ကို ဖြစ်သည်။ သူ့နောက်ကို ရာလေးဘိုင်စကယ် တစီးနှင့် ခါးဝတ်ခါးစားပဲ ပါသွားသည်။ ချမ်းသာသမျှ စီးပွားအားလုံး သူ့ဇနီး ကျွန်တော့်မရီးထံမှာ ကျန်နေခဲ့သည်။ ဒေသရိုးရာ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံအရ အိမ်ထောင်ရေး စတင်ဖေါက်ဖျက်သူက လက်သာကိုယ်ကျွတ် ဆင်းပေးရကြေး ဖြစ်လို့ ကျွန်တော့်အစ်ကိုက ဘာတခုမှ ရပိုင်ခွင့်မရှိ ဖြစ်သွားသည်။ ပျဉ်ထောင်ကာ၊ ဓနိမိုး ပျဉ်းကတိုးအိမ်ကြီးက အစမရီးက အပိုင်ရလိုက်သည်။ ဒါကို မခံမရပ်နိုင် ဖြစ်သည့် ကျွန်တော့် အစ်ကိုက အကွက်ဆင် လာသည်။

သူသည် သူ့ဇနီးနှင့် တရားဝင် ပြတ်စဲတာ မဟုတ်လို့ လက်ထက်ပွား ပစ္စည်းတွေကို သူလည်းတဝက် ပိုင်သည်။ မိမိအိမ်ကို ဝင်နိုင်ထွက်နိုင်သည် ဆိုပြီး အိမ်ထဲကို ဝင်ဖို့ ကြိုးစားသည်။ မြို့တွေမှာလို ခြံစည်းရိုးနှင့် ဝင်းတံခါး မရှိလို့ အိမ်ထဲအထိ ရောက်သွားသည်။ ကျွန်တော့် မရီးမခင်လှက အော်ဟစ် အကူအညီတောင်းလို့ နှစ်ဘက်ဆွေမျိုးတွေနှင့် ကျွန်တော်တို့ ညီအစ်ကိုတွေ ဝိုင်းလိုက် သွားကြသည်။ ချော့မော့ပြီး ပြန်ဆွဲ ခေါ်လာ ခဲ့ရသည်။

“မရီး စိတ်ဆိုးနေတုန်းမှာ ဒီလိုမလုပ်နဲ့ ဦးလေ၊ သူစိတ်ပြေပြီး သွေးအေး သွားတဲ့အခါ ကျွန်တော်တို့ပါ ကူပြီး နားချပေးမှာပေါ့ အဲဒီအခါ ကျတော့ မယားပြိုင်စနစ် ကျင့်သုံးပြီး ဟိုရွာနှင့်ဒီရွာ တလှည့်စီ နေလို့ရတာပေါ့”

ကျွန်တော်တို့ ပြောတဲ့ မယားပြိုင်စနစ်ဆိုတဲ့ စကားကိုသဘောကျပြီး ဖီလင်တက်သွားသည်။ အိမ်ထဲက ပြန်ထွက်ပြီး သူ့မယားငယ်ရှိရာ ရွာကို ပြန်သွားသည်။ မယားငယ်ကလည်း မွေးခါနီးပြီ ဟုသိရသည်။ မယားငယ် မွေးခါနီး ဖြစ်နေလို့ မယားကြီးအနားကို ပြန်ကပ်လာတယ်လို့ ပြောပြီး ပြုံးသူတွေတောင် ရှိသည်။ ကျွန်တော့် အစ်ကို သိက္ခာကျအောင် ကြံဖန်တွေးသူတွေ ရှိသည်။ ကျွန်တော့် အစ်ကိုကလည်း ဒီကိစ္စမျိုးနှင့် ပတ်သက်လာလျှင် မျက်နှာပြောင်သည်။

လကုန်ရက်မှာ လစာငွေ ၁၂၆ကျပ် ကို မယားကြီးကို အပ်ဖို့လာတယ်ဆိုပြီး အိမ်ထဲဝင်ပြန်သည်။ မရီးကလည်း ပိုက်ဆံကိုသာ လက်ခံမည်။ လူကိုတော့ လက်မခံနိုင် ဆိုသည့် အမူအယာ ပြနေသောအခါ လခပိုက်ဆံပေးဖို့ လာသူကလည်း လူကိုလက်မခံလျှင် ပိုက်ဆံကိုလည်း မပေးနိုင် ဆိုသည့် သဘောဖြင့် အိတ်ထဲက ပိုက်ဆံကို ထုတ်ဖို့လုပ်ပြီးမှ ပြန်ထိုးသွင်းလိုက်သည်။ အစ်ကို အိမ်ထဲဝင်သွားတာကို မြင်သည့် နှစ်ဘက်ဆွေမျိုးတွေ ဝိုင်းအုံ ရောက်လာကြပြန်၍ တရားဝင် မကွာရှင်းရသေးသည့် ငါ့မိန်းမပဲဆိုပြီး မဟားဒယား၊ နသားပါယားလုပ်ခွင့် မသာဖြစ်သွားသည်။ အိမ်က ပြန်ထွက်သွားခါနီးမှာ ကျွန်တော်တို့ဘက် လှည့်ပြောသွားသေးသည်။

“နင့်အစ်မရဲ့ လုပ်ပေါက်က မလွယ်ပါဘူးကွာ”

အခုတော့ ဘယ်လွယ်တော့မလဲ၊ ဟိုမိန်းမက ဗူးဆိုရင် ဖရုံမသီးတဲ့ မိန်းမဆိုတော့ မလွယ်ဘူးဖြစ်နေသည်။

အစ်ကိုနှင့် မရီးတို့ အစေးမကပ် ဖြစ်နေတဲ့ ပြဿနာမှာ အလိုက်ကန်းဆိုး မသိသည့် ကျွန်တော်တို့ ရွှေမျိုးတွေလည်းပါသည်။ သူလင်သူမယား နှစ်ယောက်ချင်း တွေ့အောင် လွှတ်ပေး ထားလိုက်ပေါ့။ မသကာ လုံးထွေး သတ်ပုတ်ရုံပေါ့။ လုံးထွေး သတ်ပုတ်ရင်း အဆင်ပြေချင်လည်း ပြေသွားမှာပေါ့။ အခုတော့ မဟုတ်ပေါင်ဗျာ။ ကျွန်တော့် အစ်ကို ခင်မျာ ဘာမှလုပ်ခွင့်မသာအောင် ဆွေတွေမျိုးတွေက ဝိုင်းအုံလာကြတော့ အလုပ်မဖြစ်ဘူး ဖြစ်ဖြစ်သွားသည်။ မရီးကလည်း ဆွေမျိုးတွေရှေ့မှာ ပိုပြီး ဟန်လုပ်ပြနေရသည်။ အဲဒီတော့ လုပ်ပေါက်က မလွယ်ဘူးလို့ အပြော ခံရတော့သည်။ ဒါကိုပဲ မရီးက အောင်ပွဲရသည့် အနေဖြင့် ဂုဏ်ယူနေသည်။

ကျွန်တော့် အစ်ကိုသည် မယားကြီးနှင့် မယားငယ်ကြားမှာ မယားပြိုင်စနစ် ကျင့်သုံးနိုင်ရေးအတွက် ကြိုးစားတာ ဆယ်နှစ်လောက် ကြာသွားသည်။ လုံးဝမအောင်မြင်ဘဲ ပွဲတိုင်း နောက်ကောက် ကျခဲ့ရသည်။ သမီးနှင့် သားကို စကားပြောခွင့်တောင် မရလို့ အတော့်ကို မကျေမနပ် ဖြစ်နေသည်။ မခင်လှသည် မိမိ၏ တရားဝင်ဇနီးဖြစ်သည် ဆိုတာကို ပြသခွင့်မရ ဖြစ်နေတာ ကြာပြီ ဖြစ်သည်။ ရှင်းအောင် ပြောရလျှင် ကျွန်တော့် အစ်ကိုသည် မရီးကို သနားပြီး ပြန်ပေါင်းချင်နေတာ ဖြစ်သည်။ သူ့မယားငယ် ကျောင်းဆရာမမှာ ဆယ်တန်းအောင်တယ် ဆိုတဲ့ ပညာဂုဏ်နှင့် အသက်ငယ်တယ် ဆိုတဲ့ ငယ်ဂုဏ်သာရှိသည်။ ရုပ်ရည်ရူပါနှင့် ကိုယ်လုံးကိုယ်ပေါက်က မရီး မခင်လှ လောက်စွဲမက်စရာ မကောင်းလို့ ကြာလာတော့ စိတ်ကုန်လာဟန် တူသည်။

စိတ်ကုန်လာတော့မှ ပြည့်ပြည့်တင်းတင်းဖြင့် စွဲမက်စရာကောင်းသည့် မယားကြီးကို အငမ်းမရ ပြန်ပေါင်းချင်သည့် ဆန္ဒတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

ဒီပွဲက စပြီး မရီးကို ပြန်လည်နီးစပ်ခွင့် ရလိမ့်မည်အထင်ဖြင့် ပျော်နေသည်။ သမီးကို လက်ထပ်ပေးရမည့်ပွဲ ဖြစ်သည်။ မင်္ဂလာဖိတ်စာမှာ ဦးညီမောင်နှင့် ဒေါ်ခင်လှ တို့၏ သမီးဆိုသည့် စကားလုံးလေးတော့ ထည့်ရိုက် ရတော့မည် ဖြစ်သည်။ သို့သော် မင်္ဂလာဖိတ်စာ ထွက်လာသောအခါနှင့် မင်္ဂလာပွဲ ကျင်းပသောအခါ ကျွန်တော့် အစ်ကို မျှော်လင့်သလို ဖြစ်မလာဘဲ အလွဲလွဲ အမှားမှားတွေ ဖြစ်ကုန်သည်။ မင်္ဂလာဖိတ်စာမှာ ဦးလှအေး၊ ဒေါ်ကြေးတို့၏ မြေး၊ ဒေါ်ခင်လှ၏ သမီးဆိုပြီး လုံးချထားသည်။ ကျွန်တော့်အစ်ကို အတော် မကျေနပ် ဖြစ်သွားသည်။ မင်္ဂလာဆောင်သည့် နေ့ကျ ပြန်တော့လည်း သတိုးသား၏ အဖေက အမေနှစ်ယောက်ကို ဝဲယာရံပြီး သတို့သားနှင့် သတို့သမီး၏ နောက်မှာ ထိုင်နေတာကို မြင်ရတော့ ကျွန်တော့်အစ်ကို ဆောက်တည်ရာ မရဖြစ်နေသည်။ မင်္ဂလာမဏ္ဍပ် အပြင်ဘက်မှာ တောက်တခေါက်ခေါက်ဖြင့် လမ်းသလားနေသည်။ သတိုးသမီးက အဖေကိုမြင်တော့ မျက်ရည်ကျသည်။ မင်္ဂလာဦးမှာ မျက်ရည် မကျ ကောင်းဘူးလို့ ဝိုင်းပြောကြလို့ ထွက်လာသည့် မျက်ရည်တွေကို ပြန်မြိုချ လိုက်ရသည်။

“နင့်အစ်မရဲ့ လုပ်ပေါက်ကတော့ အတော်ဆိုးတယ်ကွာ”

“စိတ်လျော့လိုက်ပါ အစ်ကိုရယ်၊ ကလေးတွေ စိတ်အနှောက်အယှက် ဖြစ်နေပါမယ်”

“မင်းစဉ်းစားကြည့်လေကွာ၊ ဒီပွဲမှာတော့ ငါ့ကိုအသိအမှတ် ပြုသင့်ပါတယ်ကွာ”

“ဒီပွဲကိုတော့ လက်လျော့လိုက်တော့၊ အငယ်ကောင် ရှင်ပြုတဲ့အခါ အစ်ကိုမပါလို့ မရဘူးလေ။ သပိတ်လွယ်၊ ယပ်ထမ်းဖို့ လူစားထိုးလို့ မရဘူးလေ။ မရီးက သင်္ကန်းတောင်ပဲ ကိုင်လို့ရမှာပေါ့။ အဲဒီပွဲကတော့ အစ်ကို့ရဲ့ပွဲပဲ။ နွှဲဖို့သာ ပြင်ထားပေတော့”

ကျွန်တော်တို့ နှစ်သိမ့်စကား ပြောလိုက်လို့ စိတ်သက်သာ သွားရသည်။ သမီးကြီးဖြစ်သူ သတိုးသမီးနှင့် အလှချင်း ပြိုင်နိုင်လောက်အောင် ပြင်ဆင်ထားသည့် မယားကြီးကို ကြည့်ပြီး ဖီလင်တွေ တက်နေဟန်တူသည်။ မကြာခဏ တံတွေးမျိုတာ တွေ့ရသည်။ မရီးမခင်လှသည် ကိုယ်လုံးကိုယ်ပေါက်လှသော ညိုချော ဖြစ်လို့ မင်္ဂလာဆောင်အတွက် အထူးရှယ် ပြင်ဆင်ဝတ်စားထားတာ မြင်ရသော ကျွန်တော့် အစ်ကို ရင်မှာ ပြန်ပေါင်းချင်သည့် ချစ်ဖီလင်တွေ ဆောင့်တက် နေဟန် တူသည်။

နွေအကုန်၊ မိုးအကူး အတာကူးသည့် တန်ခူးလမှာ အငယ်ကောင်ကို ရှင်ပြုရန်စီစဉ်သည်။ အိမ်ရှေ့မှာ မဏ္ဍပ်ကြီးထိုးပြီး အိုးကြီးအိုးငယ်ဖြင့် ချက်ပြုတ် နေကြသည်။ ဖိတ်စာ မဝေဘဲ အယုတ်အလတ်၊ အမြတ်မရွေး ကျွေးမည်ဆို၍ ရှင်လောင်း အဖေနာမည် ကိစ္စ မပီပြင်သေး ဖြစ်နေသည်။ ကျွန်တော်တို့ အားပေးစကား ပြောထားသည့် စကားအရ သပိတ်လွယ်၊ ယပ်ထမ်းဖို့ ကိစ္စကြီး ရှိနေသေးလို့ ရှင်လောင်းလှည့်မည့်နေ့ကို မျှော်လင့်တကြီး စောင့်စားနေရသည်။

“ကြည့်မယ်လေ၊ သူ ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ရသေးတာပေါ့၊ ဒီပွဲကတော့ နောက်ဆုံးပွဲပဲ။ သူ့ရဲ့ပွဲသိမ်း တိုက်ကွက်ကို ကြည့်မယ်။ သူပဲကွဲမလား။ကိုယ်ပဲ လဲမလား ဟင်းဟင်း”

မနက်ဖြန် မနက်မှာ ရှင်လောင်းလှည့် ကြတော့မည်။

အခုအချိန်အထိ သူ့ကို တစုံတရာ အကြောင်းမကြား အသိအမှတ်ပြုသည့် လက္ခဏာကို မပြသေး၍ စိုးရိမ်ပြီး ရှက်ရမ်းရမ်းနေသည်။ သူ့မယားငယ် ရှိရာကိုင်းတောကွင်းရွာကို မပြန်ဘဲ ကိန္နရီချောင်းရွာမှာ ညအိပ်နေသည်။ သူ့ကို လိုအပ်လို့ ခေါ်လျှင် အသင့်ရှိနေအောင် မြင်သာသည့် နေရာမှာ သွားလာ လှုပ်ရှားပြနေသည်။ အလှူမဏ္ဍပ်ကြီး ရှေ့က အိမ်မှာ ထိုင်ပြီး လေသံမြှင့် စကားပြောသည်။ မရီး ရှေ့ထွက်တာ မြင်လျှင် သူ့အသံကို ကြားအောင် လေသံမြှင့်ပြီး ကျယ်လောင်စွာ ပြောသည်။

ရှင်လောင်း လှည့်ကြတော့ မလို့ ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်တွေ တန်းစီ နေရာ ယူကြသည်။ကကြိုး တန်ဆာ ဆင်ထားသည့် လှည်းယဉ်ကြော့ ပေါ်မှာ မောင်ရင်လောင်းကို ရွှေထီး အုပ်မိုး နေလေပြီ။ ရှင်လောင်း လှည့်တော့မည် ဖြစ်သည်။ ဒီအချိန်အထိ ကျွန်တော့်အစ်ကို ဦးညီမောင်ကတော့ စွပ်ကျယ် လက်မောင်းပြတ်ကို ဝတ်ပြီး မဏ္ဍပ် ရှေ့ကအိမ်တအိမ်မှာ ဒူးထောင် ပေါင်ကားပြီး ထိုင်နေရတုန်း ရှိသေးသည်။

ပရိက္ခရာ ရှစ်ပါးအနက် သင်္ကန်းကို သမီးအကြီးမကရွက်သည်။ သပိတ်ကို ဘယ်သူလွယ်ပြီး ယပ်ကိုဘယ်သူ ထမ်းမည်နည်း။ ဒီနေရာကို ဘယ်သူဝင်မလဲ။ ဒီတာဝန်ကို ဘယ်သူယူမလဲ စောင့်ကြည့် နေကြသည်။ လူတန်းကြီး၏ ရှေ့ဆုံးမှာ နေရာယူထားသည့် ဆိုက္ကားပေါ်က လော်စပီကာက (သပြေတောရွာ ဗျောသံတွေ သာသာယာယာ) ဖွင့်နေပြီ။ ရှင်လောင်းလှည့် ပွဲကြီး ရွေ့လျားခါနီးမှ မရီးမခင်လှက ဝတ်စုံပြည့်ဖြင့် အိမ်ခြံထဲက ထွက်လာသည်။

မရီးမခင်လှကို ကြည့်ပြီး လူတိုင်းအံ့ဩသွားကြသည်။ ဇာပုဝါရှည်နှစ်စကို လည်ပင်းမှ ခွပြီးချထားသည်။ ဝဲဘက်ပုခုံးမှာ သပိတ်ကိုလွယ်ပြီး ယာဘက်ပခုံးမှာ ထမ်းဖူး ယပ်ကို ထမ်းထားသည်။ကွမ်းတောင်ကိုင်၊ ပန်းတောင်ကိုင်တွေ နောက်မှာ မရီးမခင်လှ နေရာ ဝင်ယူလိုက်သည်နှင့် တပြိုင်နက် ရှင်လောင်း လှည့်ပွဲကြီး စတင် ရွေ့လျားသွားလေတော့သည်။ အလှူမဏ္ဍပ်ကြီးရှေ့က အိမ်မှာ ဒူးစောက်စောက်ဖြင့် ထိုင်နေသည့် ကျွန်တော့်အစ်ကို ထိုင်ရမလို ထရမလိုဖြင့် ဆောက်တည်ရာမရ ဖြစ် သွားလေသည်။

“နင့်မရီးရဲ့ လုပ်ပေါက်က အတော့ကို ဆိုးတယ်ကွာ”

“မရီးရဲ့ အကြောင်းကို ဆယ်နှစ်လောက် ပေါင်းလာခဲ့တဲ့ အစ်ကို အသိဆုံးပေါ့လေ”

“ဘာကို သိရမလဲကွ”

“အော်…ဟိုဒင်း...ကောင်းတာ၊ ဆိုးတာ ပြောတာပါ”

“တော်စမ်းပါကွာ…၊ မင်းတို့လည်း ဘာမှ အားကိုးရတဲ့ အကောင်တွေ မဟုတ်ပါဘူး။ ”

ဘာကိစ္စအတွက် အားကိုးချင်သည် မသိ၊ မယားငယ် ယူတုန်းကတော့ဘယ်သူ့ အကူအညီမှ မယူဘဲ ကိုယ့်အားကိုယ်ကိုးယူခဲ့သည်။ အခုမရီးနဲ့ ပြန်ပေါင်းချင်တော့မှ ကျွန်တော်တို့ အကူအညီမရလို့ အားမကိုးလောက်ဘူးလို့ ပြောလာသည်။ ရန်ရှာလာမည် စိုးလို့ ရှင်လောင်း လှည့်ရာ လိုက်ပါလာခဲ့သည်။

---

#အဏ္ဏဝါစိုးမိုး
#ပွဲသိမ်းတိုက်ကွက်

#shared_by_louis_augustine
#sbla

Comments