ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ // ဂျူး
ရာဇဝင်ထဲမှာ မောင့်ကိုထားရစ်ခဲ့ // ဂျူး
---
နင့်အပြုံးကြောင့် ... ငါ့ကိုယ်ငါ ရှက်သွားတယ်ဆိုရင် နင်အံ့သြမိမလားမသိဘူး။ ... တကယ်ကို ငါရှက်သွားတယ်။ အမှန်က နှစ်နှစ်တောင် ကြာခဲ့ပြီပဲ။ ဒီလောက်ကြာမှတော့ တစ်ဖက်က ပြောင်းလဲတဲ့ အခြေအနေကို ... လိုက်ပြီး ငါ့ဘက်ကလည်း ပြောင်းလဲသင့်တာပေါ့။ အနည်းဆုံးဟာ ... နင်ပြုံးပြလိုက်တဲ့ အပြုံးမျိုးလေးကိုတော့ ငါတုံ့ပြန်နိုင်ဖို့ သင့်တာပဲ။ ဒါပေမယ့် နင်ပြုံးသလို ငါမပြုံးတတ်ဘူး။ ဒီအတွက် ငါ့ကိုယ်ငါ ရှက်တယ်။
နင့်အပြုံးမှာ ငါ ... ဘာအရိပ်အယောင်ကိုမှ မတွေ့လိုက်ဘူး။
သံယောဇဉ် အရိပ်အယောင်ကိုလည်း မမြင်၊ ကြင်နာရိပ်ဆိုတာလည်း မတွေ့၊ တမ်းတတဲ့ အနေအထားမျိုးလည်း မရှိ၊ လွမ်းရိပ်ဆိုတော့ ဝေးရော။ ငါ ချီးကျူးပါတယ်။ ဒါလောက်သန့်စင်တဲ့ အပြုံးမျိုးကို ပြုံးနိုင်လို့ နင့်ကို ငါချီးကျူးပါတယ်။
ငါ နင့်ကို တွေတွေဝေဝေ ကြည့်ရင်းက ပြန်ပြုံးပြဖို့ ကြိုးစားလိုက်ပါသေးတယ်။ ပြုံးတော့ ပြုံးလိုက်တာပဲ။ ဒါပေမယ့် ... ငါသိလိုက်ပါတယ်။ ငါ့နှုတ်ခမ်းတွေ လှုပ်သွားကြပေမယ့် အပြုံးတစ်ခု ဖြစ်မသွားဘူးဆိုတာ။ အဲဒီလို သိလိုက်တဲ့ အချိန်မှာပဲ ဝမ်းနည်းမှုနဲ့အတူ ရှက်ကြောက်မှုကိုပါ ငါခံစားလိုက်ရတယ်။ ငါ့ရှေ့မှာ လာရပ်တဲ့ နင့်ကို မကြည့်ရဲသလို ဖြစ်နေတယ်။
အမှန်ကတော့ နင့်ကို အဝေးကတည်းက မြင်ပြီးသားပါ။
ဟို ... အဝေးကတည်းက နင်မှန်းသိပြီးသားပါ။ ငါ ဘယ်လို မေ့နိုင်မှာလဲ။ ဒီလို လမ်းလျှောက်ဟန်၊ ဒီလိုပုံစံကို ငါ ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။
ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး နင်လမ်းလျှောက်တဲ့ပုံကလည်း တစ်မျိုး။ မျက်နှာကို ခပ်ပင့်ပင့် ကြော့ကြော့လေး လျှောက်တာမျိုးမှ မဟုတ်ဘဲ နင်က မျက်နှာကို အမြဲတမ်း ငုံ့ထားတာနော် ညာဘက်ကို ခေါင်းငဲ့ထားတော့ ဖြန့်ချထားတဲ့ ဆံပင်တွေက ညာဘက်ပိုကျနေသလိုထင်ရတယ်။ ထဘီကို ညာဘက်ခါးမှာ လာညှပ်ထားပြီး ထဘီဘေးအနားကို ... ခပ်လျော့လျော့ ဖိထားတတ်တယ် မဟုတ်လား။ နင့်ထဘီက ခြေမျက်စိဖုံးတာထက်တောင် ကျော်ချင်သေးတယ်။
ကိုယ်ကို နွဲ့တာလည်း မဟုတ်ဘဲနဲ့ ယိုင်ယိုင်လေး လျှောက်တတ်တဲ့ နင့်ဟန်ကိုလေ ... ငါဘယ်တော့မှ မေ့မှာ မဟုတ်တော့ပါဘူး။
ဒီတော့လဲ ... ဟို ... အဝေးမှာကတည်းက နင်မှန်းသိလိုက်တယ်။ နှစ်နှစ်လောက် မမြင်ရတဲ့ နင့်သဏ္ဍာန်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲမှာ ဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အမှန်အတိုင်းဆိုရင် နင့်ကို ငါမတွေ့ချင်ဘူး။ မတွေ့ချင်ဘူးဆိုတာမှာလဲ နင့်ကိုတွေ့ရင် ခံစားလိုက်ရမယ့် ဝေဒနာကို ငါကြောက်လို့ပါပဲ။
ဒါပေမယ့် ဘယ့်နှယ်လုပ်မလဲ။
ငါ ရပ်နေရာကနေ ရှေ့ဆက်လျှောက်ရင် နင်နဲ့ပိုနီးမယ်။ နောက်ကိုလည်း လှည့်သွားလို့ မဖြစ်ဘူး။ ဖူးစာကုန်းဆိုတာက အလာလမ်း အပြန်လမ်း ဒီတစ်လမ်းပဲရှိတဲ့ မြစ်ကမ်းပါးကြီး မဟုတ်လား။ ငါ နောက်ဆုတ်သွားလို့မှ မဖြစ်ဘဲ။ အပြန်လမ်းကို ဆက်လျှောက်ဖို့ကျတော့ နင်က လျှောက်လာနေပြီ။
ဘာလုပ်ရမှန်း မသိတဲ့အတူတူတော့ ရပ်နေလိုက်တာဟာ အကောင်းဆုံးပဲလေ။
နင်ငါ့ကို အဝေးတုန်းက လှမ်းမြင်မှာ မဟုတ်ပါဘူး။ နင်က လမ်းလျှောက်ရင် နင့်ရှေ့နှစ်ကိုက်လောက်က မြေပြင်ကိုပဲ ငေးနေတတ်တယ် မဟုတ်လား။ ငါကတော့ ပြန်မယ့်လမ်းဘက်ကို ခြေစ,ထားတဲ့သူ။ ဒီတော့ ငါကပဲ စ မြင်တယ်။
နင်တော့မသိဘူး။ ငါတော့ မြင်မြင်ချင်း တုန်လှုပ်သွားတာပဲ။ နင့်ဆီက မျက်နှာလွှဲပြီး ရှေ့က မြက်ပင်လေးတွေကို ငေးကြည့်နေမိတာ...နင် ငါ့မြင်ကွင်းထဲ ရောက်လာတဲ့ထိပဲလေ။
ငါ့ကို လှမ်းမြင်ရင် နင်လာလမ်းကိုများ ပြန်လှည့်မလားလို့ ပထမ တွေးမိသေးတယ်။ ဒါပေမယ့် နင်ကပညာရှိပဲ။ လူမိုက်အလုပ်ကို မလုပ်ဘူးဆိုတာ တွေးမိပါတယ်။
စ,မြင်လိုက်တုန်းက ဆုံရင် ပြုံးပြရမလား၊ ဘယ်လို ပြုံးရမလဲ ... စဉ်းစားထားတယ်။ စဉ်းစားလို့ မရဘူး။ နင်ကတော့ တော်ပါတယ်ဟာ၊ သွားရင်းဟန်လွဲ မိတ်ဆွေပြုံးနဲ့တောင် ငါ့ကို နှုတ်ဆက်တတ်နေပြီပဲ။
“တစ်ယောက်တည်းလား ...”
ကြည့်စမ်း ... ။ ငါ့ရင်ထဲမှာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ နင်တွေးမိရဲ့လား။ မေးရက်လိုက်တာ။ နင်ပဲ ငါ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တာမို့လား။
ဒီတစ်ခါတော့ ခေါင်းညိတ်ဖြစ်ပါတယ်နော်။ နင့်ကို ကျေးဇူးတင်ပါတယ်။ ငါနှုတ်ဆက်ရခက်၊ အပြုံးရခက်နေတဲ့ ဒီအချိန်မှာ နင်က စ,နှုတ်ဆက်လို့။ (ရင်လဲနာရပါတယ်)
‘တစ်ယောက်တည်းလား’ လို့ မေးခံရတဲ့ ဝေဒနာဟာ တစ်ယောက်တည်း ထားခဲ့လို့ ခံရတဲ့ ဝေဒနာနဲ့ မထူးပါဘူးဟာ။ ရင်နာနာနဲ့ နင့်ကိုငေးနေတဲ့အချိန်မှာ ငါ့လက်ဖျားတွေ အေးစက်လာလို့ ငါ့လွယ်အိတ်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရတယ်။
တုန်ယင်နေတဲ့ ငါ့အထက်နှုတ်ခမ်းကြောင့်လား ...။
ဝေဒနာရိပ်လွှမ်းနေတဲ့ ငါ့မျက်လုံးကြောင့်လား ...။
ဟန်လုပ်ပြီး ခပ်မော့မော့ရပ်နေပေမယ့် ယိုင်နွဲ့နေတဲ့ ငါ့ဟန်အစစ်ကို နင်တွေ့သွားလို့လား ...။
လွယ်အိတ်ကိုပဲ ဖိဆုပ်ထားတဲ့ ငါ့လက်တွေကတစ်ဆင့် လှုပ်ရှားနေတဲ့ ငါ့စိတ်ကို ရိပ်မိသွားလို့လား ... ကွဲကွဲပြားပြားတော့ မသိဘူး။ အဲဒီထဲက တစ်ခုခုကြောင့်ပဲ ထင်တယ်။ နင့်အပြုံးက မှိန်သွားတယ်။ နောက်ပြီး ငါ့အထင်က သံယောဇဉ်ရိပ်ကလေးကိုလဲ နင့်မျက်လုံးမှာ တွေ့လိုက်ရသလိုပဲ။
ဒီနှစ်နှစ်အတွင်းမှာ နင့်ပုံစံကလဲ ဘာမှ မပြောင်းလဲပါလား။
ဆံပင်ကို အရင်တုန်းကလိုပဲ နဖူးပေါ်က အားလုံးသိမ်းပြီး နောက်ကိုလှန်ထားတယ်။ နင့်နဖူးက အလျင်လို ရှင်းနေတုန်းပဲ။ နားသယ်စပ် နှစ်ဖက်ဆီမှာတော့ အလျင်လို ဆံပင်တွေက အုပ်ပြီးကျနေတယ်။ မျက်ခုံးကလဲ ခပ်ပါးပါး ခပ်မျှင်မျှင်ပဲ။ အလျင်ကလိုပါပဲ။ ဘာကိုမျှ ထပ်ဖြည့်ဆွဲထားတာ မရှိပါဘူး။ အို ... ဘာမှကို မပြောင်းလဲသေးပါဘူးလေ။ ပြောင်းလဲတာကတော့ အချိန်တွေရယ်၊ နင့်သဘောထားတွေရယ်။
ဪ ... ကြည့်ပါဦး ...။
နင့်ဆံပင်မှာ စကားပွင့် ဖြူဖြူလေးကလဲ အရင်လိုပါဘဲလား။ စကားပွင့်လေးကို ... ငါငေးနေမိတာ အကြာကြီးပဲ။ နင်ကလဲ ငါ့ကို ငေးနေပါတယ်။ နင်ဘာတွေ တွေးနေမလဲ။
ငါ့ပုံစံ ဘာမှ မပြောင်းလဲသေးတာကို နင်တွေးနေမှာပေါ့ ... ။
ငါ့ဆံပင်ကို အရင်လို ညာဘက်က ခွဲထားသလား နင်ကြည့်မယ်။ အင်္ကျီ လက်ကို ကြယ်သီးမတပ်ဘဲ အရင်လို ဖိုးရိုးဖားရား ချထားလား ... နင်ကြည့်မယ်။ အပေါ်ဆုံး ရင်ဘတ်ကြယ်သီးကို အရင်လိုဖြုတ်ထားသလား ... နင်ကြည့်မယ်။ လွယ်အိတ်ကို အရင်လို ပခုံးစလွယ်သိုင်း လွယ်သေးသလား ... နင်ကြည့်မယ်။
“ဖြေနိုင်တယ်မဟုတ်လား”
စကားပွင့်လေးဆီကနေ နင့်မျက်နှာဆီကို အကြည့်ပြောင်းလိုက်ရတယ်။ ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲကို ရည်ရွယ်ပြီး မေးလိုက်တယ်ဆိုတာ ငါသိပါတယ်။ ငါ့ရင်ထဲမှာ စူးရှသွားတယ်။ ဘာဖြစ်လို့နာတာလဲ။ ငါ့ကိုယ်ခန္ဓာက ... သိပ်သေးငယ်သွားသလိုပဲ။ ကမ္ဘာမြေကြီးက အကြီးကြီး၊ ငါက သေးသေးလေးရယ်။ ငါ့အောက်နှုတ်ခမ်းကို အပေါ်သွားနဲ့ ဖိကိုက်မိတယ်လို့ ထင်လိုက်တယ်။ ငါ့ခန္ဓာကိုယ်က သွေးတွေ ပူလာတယ်လို့ ထင်ရတယ်။
အကြာကြီး ငေးကြောင်နေရင် မကောင်းတတ်လို့ ခေါင်းကို ဖြည်းဖြည်း ယမ်းပြလိုက်တာပါ။ နင်ဘာဖြစ်လို့ မျက်လွှာချသွားတာလဲ။ ဘာဖြစ်လို့ ပင့်သက်ရှိုက်လိုက်တာလဲ။ ငါဆယ်တန်းမဖြေနိုင်လို့ စိတ်မောစရာ နင့်မှာ မရှိတော့ဘူးဘဲ။
ဪ ... ငါ နင့်ကို တစ်ခွန်းမှ စကားမပြောရသေးဘူးနော်။
“ကျောင်းက ဘယ်နှစ်ရက်ပိတ်တာလဲ”
ဒီမေးခွန်းကို ငါ ခက်ခက်ခဲခဲ မေးရတယ်ဆိုတာ နင် ... သိမှာပါ။
“သုံးလ ... ဖိုင်နယ်ဖြေပြီးလို့ ပိတ်လိုက်တာ”
“ဘယ်နှစ်နှစ်ရောက်ပြီလဲ”
“အခုပြန်တက်ရင် သာ့ဒ်အမ်-ဘီ တတိယနှစ်”
တစ်ဖက်ကို တစ်ဖက် ဆုပ်ကိုင်ထားတဲ့ နင့်လက်ချောင်းလေးတွေကို ငါငေးနေမိတယ်။ လက်သည်းက တိတိရိရိကို ကိုက်ဖြတ်ထားတာတွေ့လို့ အရင်လိုပဲ ဆိုတာ သိလိုက်ရပြန်တယ်။
ဟောဒီဖူးစာကုန်းမှာပဲ ဟောဒီဆည်းဆာချိန်မှာပဲ ... အဲဒီလက်ချောင်း ဖြူဖြူလေးတွေကို ငါ ဆုပ်ကိုင်ရင်း လမ်းလျှောက်ခဲ့ရဖူးတယ်။ နင့်လက်လေးတွေက နွေးနွေးလေး ပျော့နွဲ့နွဲ့လေးတွေ။ အဲဒီအနွေးဓာတ်လေးဟာ ခုထိ မပြယ်သေးဘူးဆိုရင် နင်ယုံပါ့မလား၊ နင်ပန်နေကျ စကားပန်းရနံ့လေးဟာလဲ ငါ့ဆီမှာ အမြဲပျံ့ သင်းနေတယ်ဆိုရင် နင်ယုံပါ့မလား။
“နင် ... သိပ်ပိန်သွားတယ်၊ နေမကောင်းဘူးလား ...”
ပိန်တယ်။ အို ... ငါ့ကို ပိန်တယ်လို့ အထူးသတိထားမပြောကြတာ နှစ်နှစ်တောင် ရှိသွားပြီပဲ။ ဒီနှစ်နှစ်အတွင်း ငါပိန်သွားတယ်လို့ မှတ်ချက်ချတာ နင်က ပထမဆုံးပဲ။
“ကောင်းပါတယ် ...”
“ကျန်းမာရေးကိုလည်း ဂရုစိုက်ဦး ... နော်၊ လူက တအားကို ပိန်သွားတာပဲ”
ဪ ... နင်တောင် ဆရာဝန်မကြီး ဖြစ်တော့မယ်။ အရင်လို အခြေအနေမျိုးသာဆိုရင်တော့ ... “ဆေးကုပေးမယ့်သူ ရှိသားပဲ” လို့ ပြုံးစပ်စပ်နဲ့ ပြောမိမှာပဲ။
ခုတော့ဘယ်လိုပြောရမလဲ။
နှုတ်ခမ်းတင်းတင်းစေ့ပြီးအတိတ်ကစကားသံတွေကိုဇွတ်မေ့ပစ်နေရပါတယ်။
“စိတ်ဆိုးသွားလားဟင်၊ ငါက ...”
“အို... မဟုတ်ပါဘူး”
ကြည့်ပါဦး။ ဒီမျက်လုံးလေးတွေပေါ့ ငါ့ဒေါသတွေကို ချေမွပစ်ခဲ့တာ။ အဲဒီလိုပဲ ဝေ့ကြည့်လိုက်ရင် ငါ့ရင်ထဲက ဒေါသတွေဟာ ဘယ်ရောက်ကုန်မှန်း မသိတော့ဘူး။
တကယ်ဆို ... ငါနင့်ကို ဘယ်လောက် နာကျည်းသင့်သလဲ။
မပြောမဆိုနဲ့ သစ်စိမ်းချိုးချိုးခဲ့တာ ဘယ်သူလဲ...၊ စာတွေ တစ်စောင်မှ မပြန်ဘဲ လတွေ အများကြီး နှိပ်စက်ထားခဲ့တာ ဘယ်သူလဲ...၊ စိတ်မချလွန်းလို့... မနေနိုင်လို့ မန္တလေးထိ လိုက်လာရတဲ့သူကို “မယုံလို့လား...” ဆိုပြီး စိတ်ကောက်ခဲ့တာ ဘယ်သူလဲ...။ မန္တလေးကို မလာရဘူး နင်ပဲ အမိန့်ထုတ်ခဲ့တယ်။ ငါ နောက်ထပ်တစ်နှစ် ထပ်ကျမှာ စိုးလို့ပေါ့လေ...။
ငါ မန္တလေးက ပြန်လာတော့ရော နင်စာလှမ်းရေးခဲ့လို့လား။
နင် ကျောင်းခဏပိတ်လို့ ရေနံချောင်းကို ပြန်ရောက်တဲ့အချိန်မှာ လာနေကျ နေရာကို လာဖို့ ပျက်ကွက်ခဲ့တာလဲ... နင်ပဲ။ သုံးရက်ဆက်တိုက် မလာလို့ အကျိုးအကြောင်းမေးတော့ မျက်နှာစိမ်း ခြယ်ထားတာ ဘယ်သူလဲ။
ငါ ဆေးတက္ကသိုလ် မရောက်နိုင်မှန်း သိလျက်နဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခိုင်းခဲ့တဲ့ နင့်စေတနာကို ငါကြောက်ပါတယ်၊ ငါ ပန်းချီဆရာ၊ ကဗျာဆရာ ဖြစ်ချင်မှန်း အစကတည်းက နင်သိလျက်နဲ့ ... နောက်ပြီး... အို... ဒါတွေဟာ လမ်းခွဲဖို့ အကြောင်းရှာတာတွေပဲဆိုတာ အဲဒီတုန်းက မသိခဲ့တာ ငါ ညံ့လို့ပေါ့။ နင့်ကို ငါယုံခဲ့တာကိုး။
နင်ပြန်ခါနီးမှာ ငါ့ဆီက နင့်စာတွေ ပြန်တောင်းခဲ့တာလေ... ငါ ဘယ်တော့မှ မမေ့ဘူး။
ကြည့်ပါဦး။ ခုရပ်နေရင်းကို ဘာဖြစ်လို့ ရင်နာလာရတာလဲ။ ဒီအကြောင်းတွေ ပြန်စဉ်းစားရင် ငါ့ရင်က ဘာဖြစ်လို့ လှိုက်လာရတာလဲ။ နှစ်နှစ်ဆိုတဲ့ အချိန်ဟာလဲ ငါ့ဒဏ်ရာကို မကုစားနိုင်ခဲ့ပါလား။
အို... ငါ နင့်ကို အကြာကြီး ကြည့်နေမိတာပဲ။ ငါ့မျက်စိ လွှဲပစ်သင့်တာ ငါသိပါတယ်။ ဒါပေမယ့် နင့်မျက်နှာပေါ်ကနေ အကြည့်ကို မဖယ်နိုင်ဘူး။
ငါ့ရင်ခွင်ထဲကနေ ဘယ်သူမှ လုမပြေးနိုင်အောင် တအားဝှက်ပြီး ကာထားချင်တယ်၊ နင့်ကို ဘယ်မှ မသွားအောင် လုပ်ထားချင်တယ်၊ မစိမ်းရဘူး ... မပြေးရဘူး...လို့ အော်ပစ်ချင်လိုက်တာ။ ဟောဒီလွယ်အိတ်ကလေးထဲ နင့်ကို ထည့်ထားလို့ ရရင် သိပ်ကောင်းမှာ။ ဘယ်သွားသွား မခွဲဘူး။
အို... ငါဘာတွေလျှောက်တွေးနေတာလဲ။ငါ့ လွယ်အိတ်ထဲမှာ နင်ရှိနေပါတယ်၊ တကယ်။
နင့်ပုံတူ ပန်းချီလေ။ နှစ်ခုတောင်မှပဲ။ အခုနေ ထုတ်ပြလိုက်ရင် ဘယ်လိုနေမလဲ။
“ပန်းချီ...ဆွဲသေးလား...”
ကြည့်စမ်း...ငါ့အတွေးနဲ့ နင့်အတွေးနဲ့ ဆင်လိုက်တာ။ စိတ်ချင်း ဆက်သွယ်တာလား၊ လူချင်းပြန်နီးဖို့နိမိတ်လား။
ခေါင်းကို အသာညိတ်ရင်း လက်က ဘယ်လိုရောက်သွားလဲ မသိဘူး။ လွယ်အိတ်ထဲက ခဲပုံတူ တစ်ပုံ၊ ရေဆေးနဲ့ တစ်ပုံ၊ နင့်ပုံတူ နှစ်ခုကို ထုတ်ပြမိတော့တာပဲ။
မပြုံးတပြုံး နင့်နှုတ်ခမ်းပါးလေး ဝိုင်းသွားတာ ငါသတိထားမိတယ်။ နင့်မျက်လုံးလေးတွေ ဝေသွားတာ ငါသိတယ်။
နင့်ကိုယ်လုံး နွဲ့နွဲ့လေး ယိုင်သွားတာ ငါသိလိုက်တယ်။
“အို...” တိုးတိုးကလေး ရေရွတ်သံကို ငါကြားလိုက်ပါတယ်။ ငါ့ကို ငေးကြည့်နေတဲ့ အကြည့်ထဲမှာ သံယောဇဉ်ကို ငါမြင်ပြီ။ ခင်တွယ်မှုကို ငါမြင်ပြီ။ တမ်းတမှုကိုလည်း ငါပြန်တွေ့ပြီ။ နောက်ပြီး... နောက်ပြီးတော့ အလွမ်းတွေ အများကြီး ငါတွေ့လိုက်ပြီလေ။
အို... နင့်အကြည့်က ငါ့ကို ရင်ခုန်စေတယ်။ နင်လဲ ရင်ခုန်နေတယ် မဟုတ်လား။ ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ချောင်လေးတွေ တုန်ယင်နေတာ ငါမြင်တယ်။ ငါ့ကို ငေးရာကနေ ငါ့ ဘယ်ဘက်ကို လှမ်းငေးလိုက်တဲ့ နင့်မျက်လုံးမှာ မျက်ရည်ဝေ့ဝေ့ကိုလဲ ငါ မြင်လိုက်ရပါတယ်။ နင်ငေးရာကို ငါလှမ်းကြည့်မိတယ်။
ဗြုန်းဆို ငါ့ရင်က ဟာသွားတယ်။
နေရာဟောင်း...၊ ဟုတ်တယ်နော်...၊ ကမူထိပ်လေးလေ။ နင်နဲ့ငါနဲ့ ဟိုအတိတ်တုန်းက အတူထိုင်ခဲ့ကြတဲ့ နေရာလေးပါ။
ဒီကမူလေးကို ကြည့်ပြီး ဘာဖြစ်လို့ လက်ဖျားတွေ အေးလာရပြန်တာလဲ၊ တစ်ကိုယ်လုံးက ဘာဖြစ်လို့ ပျော့ခွေသွားရတာလဲ။ နှမြောတမ်းတတဲ့ ဝေဒနာပဲ ထင်ပါရဲ့။ ငါ့ရင်ထဲမှာ ပျံ့နှံ့ကုန်ကြပြီ။ နင်နဲ့ ငါနဲ့ အကြည့်ချင်း ပြန်ဆုံကြတယ်။ နောက်... နောက်တော့...။
နင်ကပဲ ခြေလှမ်း စ,တာလား...၊ ငါကပဲ အလျင် ခြေလှမ်းစတာလား မသိဘူး။ ဘယ်သူက အလျင်ဦးသလဲ မပြောတတ်ဘူး။ သိလိုက်တာက နင်နဲ့ငါ နှစ်ယောက်လုံး ကမူစွန်းလေးဆီကို သွားနေမိတယ် ဆိုတာပဲ။ အဲဒီရောက်တော့လဲ နှစ်ယောက်သား ရှိန်းတိန်းတိန်းနဲ့ပဲ ခပ်ခွာခွာ ထိုင်လိုက်မိကြတယ်။
နင် ခေါင်းငုံ့ထားတယ်။ နင့်ဆံပင်တွေက ခါးတောင် ကျော်နေပြီပဲ။ နက်မှောင်ပြီး ဖွာနေတယ်။ လှလိုက်တာဟာ။ နက်မှောင်တဲ့ နောက်ခံပေါ်မှာ အဖြူရောင် ပန်းပွင့်လေးက ထင်းနေတာပဲ။
နင် ဘာဖြစ်လို့ ငြိမ်နေတာလဲ။ နင်လဲ ငါ့လိုပဲ အပျော်လေးတွေ ပြန်တွေးနေမှာပဲနော်။ ပျော်ရတဲ့ အချိန်လေးတွေက တစ်သက်လုံး ပြန်မရောက်နိုင်တော့ပါလား။ တို့တွေဟာ သူစိမ်းပြင်ပြင် ဖြစ်နေကြပြီနော်။ ဒါတွေဟာ အိပ်မက်မက်နေတာဆိုရင် ဘယ်လောက်ကောင်းမလဲ။ မဖြစ်နိုင်မှန်းတော့ သိနေပါတယ်လေ။ ငါ အမျိုးမျိုး တောင်းပန်တဲ့ကြားက နင် ခြေစုံကန်သွားတာကိုး။
နင့်ကို ငါ စိမ်းစိမ်းကားကားကြီး ပြောပစ်ချင်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က မပြောလိုက်ရတဲ့ စကားတွေကို အားရပါးရ ပြောချင်တယ်။ ဖြစ်နိုင်ရင်တော့လေ...နင့်ပခုံးနှစ်ဖက်ကို တအားဆုပ်ကိုင်ပြီး ဆောင့်ဆောင့်လှုပ်ရင်း မေးလိုက်ချင်ပါတယ်။
“နင် ဘယ်လို လုပ်ပစ်ခဲ့တာလဲ...”လို့။ ဟောဒီ ဖူးစာကုန်းမှာတင်မက ရေနံချောင်းတစ်မြို့လုံး လွှမ်းသွားလောက်တဲ့ အသံနဲ့ ကုန်းအော်ပစ်လိုက်ချင်တယ်။ နင်သိပ်ဆိုးပါလား။ ဆင်ခြေရဖို့အတွက် ငါချစ်တဲ့ကဗျာနဲ့ ပန်းချီကို ဝေဖန်ခဲ့၊ စွန့်လွှတ်ခိုင်းခဲ့တာလေ။
ဟိုတုန်းက ငါကဗျာရေးတာ၊ ပန်းချီဆွဲတာကို နင်မသိဘူးလား။
ဟောဒီ ဖူးစာကုန်းမှာရော...၊ ကျောင်းခန်းထဲမှာရော...၊ ကျောင်းဝိုင်းထဲက တမာပင်အောက်မှာ... ငါ့လွယ်အိတ်ထဲက ငါ့ကဗျာတွေ ဖတ်ခဲ့တာ နင်မေ့ပြီလား။ ငါ့ပန်းချီတွေ ကြည့်ခဲ့တာ နင်မေ့ပြီလား။ ဟိုတုန်းကတော့ နင်ပဲ ငါ့ကဗျာတွေကို ငါ့ကို ချစ်သလို ချစ်ပါတယ်ဆို။ ဟိုမှာ ဒုတိယလူကို ရပြီးကာမှ ငါ့ကဗျာကို နင်မုန်းတတ်တာပါဟာ။
ဘာပဲဖြစ်ဖြစ် ငါ့ဒေါသက ဘယ်တော့မှ ကြာကြာမခံခဲ့ရဘူး။ ဒီပွဲက လူမိုက် လူမိုက်ချင်း တွေ့ကြတဲ့ပွဲမှ မဟုတ်ဘဲ၊ ပညာရှိနဲ့ လူမိုက်ပဲလေ။
မျက်ရည်လည်နေတဲ့ မျက်လုံး ဝိုင်းဝိုင်းလေးတွေရယ်၊ မဲ့တဲ့တဲ့လေး မဟတဟဖွင့်ထားတဲ နင့်နှုတ်ခမ်းလေးတွေရယ်က ငါ့ဒေါသတွေကို ချေဖျက်ပစ်ခဲ့တယ်။ ဒါတင်မကဘူး၊ နင့်မျက်နှာထားလေးနဲ့ ငါ့ကိုယ်ငါတောင် ဇဝေဝါ ဖြစ်ခဲ့ရတယ်။ နင့် မျက်တောင်ကော့တွေပေါ်မှာ ခိုတွဲနေတဲ့ အကြောင်းပြချက်လေးတွေကြောင့် ငါ့ကိုယ်ငါ တိုင်နဲ့ ခေါင်းနဲ့ ဆောင့်ပြီး အပြစ်ပေးလိုက်ရမလိုလို ဖြစ်ခဲ့တယ်။ ငါ့နာကျည်းချက်တွေကို တစစီဖဲ့ပစ်ခဲ့တယ်။
နင့်အကြောင်းပြချက် တစ်ခုကတော့ဟာ လွန်လွန်းပါတယ်။ ငါအတန်းပညာမှာ ညံ့တာ နင်လဲအသိ။ ငါ့ကိုနင်ပဲ စာပြပြပေးခဲ့ရတာ။ ဒီလိုကောင်က ဘယ့်နှယ်လုပ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်နိုင်မှာလဲ။ ပန်းချီသမား... ကဗျာသမားပဲ ဖြစ်ဖို့ရှိတာပဲ။ မဖြစ်နိုင်တာကိုမှ နင်က ရွေးပြီး တိုက်တွန်းခဲ့တာကိုး။
နှင့်အမေ ဂုဏ်မက်တာ ငါသိပါတယ်။ နင့်အမေလိုပဲ နင်မက်လိမ့်မယ်လို့ အစက မတွေးခဲ့မိတာ ငါ့အမှားပါပဲ။ နင်ကတော့ “အမေ သဘောတူလို့” ပေါ့။ နင့်သဘောကလဲ အတန်းတူ၊ အရည်အချင်းတူ လူကိုမှ မက်မောခဲ့တာပဲ မဟုတ်လား။
အို... အားလုံးဟာ နင့်သဘော တစ်ခုတည်းနဲ့ ပြီးသွားခဲ့တာပဲ။ ငါ့ ဆန္ဒတစ်ခုမှ မပါခဲ့ရဘူး။ နင့်ရှေ့ရောက်ရင် ငါ ခေါင်းယမ်းတဲ့ အတတ်ပညာကိုတောင် မေ့မေ့သွားရပါတယ်။ တခြားလူတွေရှေ့မှာက ကျောက်တုံး ဖြစ်ချင်ဖြစ်မယ်...နင့်ရှေ့မှာတော့ ငါက ဖယောင်းပါ။ ငါကနင့်ရဲ့ ရုပ်သေးရုပ်ပဲဟာ...။ နင်ကြိုးဆွဲသလို ငါက ကခဲ့ရတာ။
အေးလေ... ခံခဲ့ရတုန်းကတော့ ခံခဲ့ပြီးပြီ။ ခုအချိန်မှာတော့ နင့်ရုပ်သေးရုပ် မဖြစ်ချင်ပါဘူး။
အမှန်ကတော့ ဟောဒီနေရာမှာ အတူယှဉ်တွဲထိုင်ဖို့ မသင့်ဘူး။ ငါထွက်သွားနိုင်ရင် အကောင်းဆုံးပါပဲ။ နင့်မျက်နှာ ညှိုးမှာလဲ စိုးတယ်။ နင့်မျက်နှာညှိုးမှာကို ဟိုတုန်းကတည်းက ကြောက်ခဲ့တဲ့ ကောင်ပါဟာ။
ပန်းချီစာရွက်တွေကို ကိုင်ထားတဲ့ နင့်လက်ခုံလေးကို ငေးရင်း ရင်ထဲမှာ တင်းကျပ်လာပြန်ပြီ။ ဖြူနုနေတဲ့ နင့်လက်ခုံလေးကို ဖွဖွလေး ဆုပ်ပြီး နင့်မျက်နှာလေးကို တမေ့တမော ငေးနေရတဲ့ အချိန်လေးတွေဟာ လွန်ခဲ့ပြီနော်။ ငါထင်ပါတယ်... နင့်လက်မှာ ရှင်မတောင် သနပ်ခါးနဲ့လေး သင်းနေဆဲ ဖြစ်မှာလို့။
ရင်ထဲမှာ နာကျင်လာတယ်။ပြောစမ်းပါဦး ဆေးကျောင်းသူကြီးရဲ့။ ဘာနဲ့မှ မခိုက်မိဘဲနဲ့ အဲဒီဘယ်ဘက်ရင်က ဘာဖြစ်လို့ လှိုက်လှိုက်ပြီး နာတာလဲ။ နှလုံးဆီက နာမှန်းတော့ သိပါရဲ့။ နင့်မျက်နှာလေး ငေးရုံနဲ့ နှလုံးက ဘာလို့ နာရတာလဲ။ ငါ့လည်ချောင်းတွေကရော ဘာဖြစ်လို့ ခြောက်သွေ့လာရတာပါလိမ့်။
ငါ နှမြောနေတယ်...တမ်းတနေတယ်။ ဟုတ်တယ်၊ နင် ငါ့အနားမှာ ရှိနေပေမယ့် နင့်ကို အောက်မေ့နေတယ်ဟာ။ နင့်ကို လွမ်းနေတယ်။ ယုံရဲ့လား...နင့်ကို ငါလွမ်းနေတယ်။
“ရော့...”
နင်လှမ်းပေးတဲ့ ပန်းချီပုံနှစ်ခုကို ယူလိုက်တော့ နင့်လက်နဲ့ ငါ့လက် ထိမိတယ်။ ဘယ်သူ့လက်က ပိုအေးစက်နေလဲ ငါမသိဘူး။ စာရွက်ကလေးတွေကို လွယ်အိတ်ထဲ ထည့်ပြီးတော့ ငါ့လက်ကို ငါပြန်ငေးမိတယ်။
ဪ... လက်သန်းမှာလေ၊ ဘယ်ဘက် လက်သန်းမှာလေ...အဖြူစင်းကြောင်းလေးကို အရစ်လိုက် မြင်နေရတုန်းပဲ။ အဲဒါ လက်စွပ်ရာလေးလေ။ နင်နဲ့ငါ့ရဲ့ အချစ်နေ့က နင်ပေးခဲ့တဲ့ ကျောက်စိမ်းလက်စွပ်ရဲ့ သင်္ကေတလေး။ မနှစ်ကမှ စာနဲ့လှမ်းတောင်းလို့ ပြန်ပေးခဲ့ရတဲ့ လက်စွပ်ရဲ့ အရာအလေးပါ။ အခု အဲဒီလက်စွပ်ကလေးက အခုဆို...
ဪ... ပြီးတော့ နင့်လည်ပင်းမှာ ဆွဲကြိုးကလေးလဲ မမြင်ပါလား။ နင်နဲ့ငါ့ဇာတ်လမ်းကလေး စပြီးတဲ့နောက် လော့ကတ်သီးလေးနေရာမှာ သင်္ကေတတစ်ခု ဆွဲကြိုးလေး။ ငါ့နာမည် အစ စာလုံး အင်္ဂလိပ်အက္ခရာ အင်(န်)ကို အမှတ်တရ လုပ်ပြီး ဆွဲထားတဲ့ အဲဒီဆွဲကြိုးလေး မမြင်ပါလား။ လွှင့်ပစ်လိုက်ပြီလား။ အင်းလေ... အဖြစ်နိုင်ဆုံးကတော့ အင်(န်)စာလုံးအစား အက်(စ်)စာလုံး လဲတပ်ထားတာ ဖြစ်မှာပေါ့။ အို... ဒါက ငါ့အရေးမှ မဟုတ်ဘဲ။ ငါနဲ့ နင်နဲ့ ဘာမှမှ မဆိုင်ဘဲ။ မဆိုင်တော့ပါဘူးလေ။
ငါ့နှုတ်ခမ်းတွေ ခြောက်သွေ့နေတယ်။ ရင်က ဟာပြီးမှ ပူလောင်နေတယ်။
ဆေးလိပ်သောက်မယ်... လို့ အမှုမဲ့အမှတ်မဲ့တွေးပြီး လွယ်အိတ်ထဲက ဒူးယားတစ်လိပ်ရယ်...မီးခြစ်လေးရယ် ထုတ်လိုက်တယ်။
နှုတ်ခမ်းပေါ်မှာ ဆေးလိပ်လေးကို ရွရွတင်လိုက်တုန်း...။
“ဆေးလိပ်တွေ သိပ်မသောက်နဲ့ဟာ” တဲ့။ နင့်အသံပါ။ နင့်ဆီက လာတာ မဟုတ်မှန်းတော့ သိပါတယ်။ ဘယ်ကပါလိမ့်။ ဟောဒီမီးခြစ်ကလေးကပဲ ထင်တယ်။
ဒီမီးခြစ်ကလေးဟာလဲ နင်နဲ့ငါ့အတွက် အမှတ်တရ ပစ္စည်းလေးပါ။
သစ်သားမီးခြစ်ပိန်ပိန်လေးနဲ့ မီးခြစ်ခြစ်နေရတဲ့ ငါ့အဖြစ်ကို နင်ကြည့်ပြီး လက်ဆောင်ပေးခဲ့တဲ့ အချစ်မီးခြစ်လေး။ နှင့်အချစ်က ဟောင်းပြီး ပျက်သွားပေမယ့် နင့်လက်ဆောင်လေးက မပျက်သေးပါဘူး။ ငါ ငိုင်နေမိတာ ဘယ်လောက်ကြာသလဲ မပြောတတ်ဘူး။ ငါ့ဘေးကကပ်ပြီး အသံတစ်ခု ကြားလိုက်ရတယ်။ နင့်ဆီကပါ။ ထိန်းချုပ်ထားရင်းက ပွင့်ထွက်လာတဲ့ အသံမျိုး။
အို...။နင်... ငိုနေတယ်။
ဟုတ်ပါတယ်။ ငါမျက်စိ မမှားပါဘူးနော်။ ငါ့ နားကြားလဲ မလွဲပါဘူး။ နင်ငိုနေတာပါ။ ငါ့လက်ထဲက မီးခြစ်ကလေးကို ငေးရင်း နင်ငိုနေတာပါ။
ငါ့တစ်ကိုယ်လုံးဟာ မြေကြီးနဲ့ တအား ကပ်ဖိခံထားရသလိုပဲ။ ငါ ဘာဖြစ်သွားတာလဲ။ ငါ မယုံတာထင်တယ်။ ဟုတ်တယ်... ငါမယုံဘူး။ နင်ငိုနေတာလို့... ငါဘယ်လို ယုံရမှာလဲ။ လောကကြီးဟာ ဘာတွေဖြစ်ကုန်ပြီလဲ။ အို...မယုံပါဘူး... မဖြစ်နိုင်ဘူး။
ဒါပေမယ့် နင့်မျက်ရည်တွေဟာ ငါ့ရင်ကိုလာပြီး အပူပေးနေတယ်။ ငါ့နှလုံးသားကို ဆတ်ဆတ်ခါအောင် ဆွဲယမ်းနေတယ်။ ကြာရင်တော့ ပူလွန်းလို့ ကျွမ်းရချည်ရဲ့ကွယ်။ ငါဘာလုပ်ရမှာလဲ ပြောပါဦး၊ ဆံပင် ကကပိုကရိုကြားထဲက နင့်မျက်နှာ နွမ်းနွမ်းလေးဟာ ဟောဒီကမ္ဘာမှာ အင်အား အကြီးဆုံးပဲ သိလား...။ တုန်ယင်နေတဲ့ နင့်နှုတ်ခမ်းပါးလေးကို ငါ မကြည့်ရက်ဘူး။
“မငိုနဲ့ အချစ်ရယ်...” လို့ မျက်ရည်သုတ်ပေးရင်း ချော့ရမလား။ နင့်မျက်နှာပေါ်က ဆံနွယ်စတွေကို လက်နဲ့ အသာအယာဖယ်ပေးရင်း နှစ်သိမ့်ရမလား၊ နင့်မေးစေ့လုံးလုံးလေးကို လက်နဲ့ အသာပင့်တင်ရင်း နဖူးလေးကိုပဲ ဖွဖွနမ်းလိုက်ရမလား။ ငါ့မှာ နင့်အငိုကို ချော့ပိုင်ခွင့်ရောရှိရဲ့လား။
ကြည့်ရင်း... ကြည့်ရင်း ငါ့မျက်စိထဲမှာ ဝေဝါးလာတယ်။ မျက်လုံးက စိုစွတ်လာတယ်။ နင့်ကိုယ်ပေါ်က အစိမ်းနုရောင်ဟာ ပိုဖျော့ပြီး ဝါးသွားတယ်။ အို...ငါ့နှုတ်ခမ်းထောင့်စွန်းတွေက ... ငါထိန်းလို့မရအောင် တုန်လှုပ်နေပြီလား။ နောက်ပြီး...ငါ အသက်မှ ရှူမိရဲ့လား...။ ငါ့ နှလုံးခုန်သံရော ရပ်သွားသလား။
ငါ့ကိုယ်ငါ သတိရတဲ့အချိန်မှာ ငါ နင့်လက်ကို ဆုပ်ကိုင်ထားမိပြီ။ အို... မဟုတ်ဘူး... နင်က ငါ့လက်ကို ဆုပ်ထားတာမဟုတ်လား။ အို... မသိပါဘူးလေ။ ဘယ်သူ့လက်က ဘယ်သူ့လက်ကိုဆုပ်ထားတာလဲ မသိပါဘူး။ ငါ့ရှေ့က မြက်ခင်းပေါ်မှာ ဒူးယားစီးကရက်လေးရယ်၊ မီးခြစ်ကလေးရယ်... လွတ်ကျနေကြတယ်။
မီးခြစ်ကလေးပေါ်မှာ ငါးလေးနှစ်ကောင် မျက်နှာချင်းဆိုင်နေကြတယ်။
အို... ဒါပေမယ့်... သူတို့ တစ်ကောင်နဲ့တစ်ကောင် ဦးတည်ရာဘက်တူရဲ့လား။ ဆန့်ကျင်ဘက်ကို ဦးတည်နေကြတယ်နော်။ ကြည့်ပါဦး... သူတို့က ဦးတည်ရာမှ မတူဘဲ။ ဒါကိုရော... နင်သတိထားမိရဲ့လား။
“နိုင်...”
ငါ့ တစ်ကိုယ်လုံး လေထဲမှ မြောက်သွားသလိုပဲ။ ရင်ထဲကတော့ ဟာနေတယ်။ နိုင်... တဲ့လား။ နင် ငါ့ကို ‘နိုင်’လို့ ခေါ်သေးတယ်နော်။ ခေါ်နိုင်စွမ်းရှိသေးတယ်နော်။
နင့်အကြည့်ကို ငါ နားမလည်တာ အမှန်ပါ။ နင့်မျက်လုံးက ငါ့ဆီမှာ မဟုတ်ဘူးထင်တယ်။ ငါ့ကိုတော့ ကြည့်နေတယ်လေ။ တစ်မျိုးပဲ။ ငါ့ကို ကျော်ပြီး ငေးနေသလိုပဲ။ နင် ဘာတွေ တွေးနေတာလဲ။ နင် ဘာကို ပြောချင်နေတာလဲ၊ တစ်ချက်တစ်ချက် ရှိုက်လိုက်တဲ့ နင့်ရှိုက်သံလေးတွေက ငါ့နှလုံးကိုသာ လာဆောင့်နေတယ်။
“ပြောလေ... ငါ နားထောင်နေပါတယ်”
နင့် နှုတ်ခမ်းတွေကို တင်းနေအောင် စေ့ထားတယ်။ နောက်ပြီး... နင် သက်ပြင်းချလိုက်တယ်မဟုတ်လား။
နင့်ကို ကြည့်နေတဲ့ ငါ့အကြည့်ထဲမှာ မျှော်လင့်ရိပ်တွေ ပါသွားမယ်လို့ ငါထင်တယ်။ ငါ့ရင်ထဲမှာရှိတဲ့တမ်းတမှု ဆန္ဒကို နင်လဲ နားလည်ပါလိမ့်မယ်။ နင့်မှာလဲ တွယ်တာစိတ်တွေ ရှိမှာပါ။ ဒါပေမယ့် မန္တလေးမှာက...။
အို... ငါ့ခေါင်းက ဘာဖြစ်လို့ မူးသွားရတာလဲ။ ကြည့်ပါဦး။ နင်ဘာလုပ်တာလဲ။ အခု နင်ဘာလုပ်နေတာလဲ။ နင်က ဒီလိုပဲလား။ နင့်စိတ်က နီးရာကို ယိမ်းတတ်သလား။
နင့်လက်ကို လွှတ်လိုက်မိတဲ့အတွက် ငါ့ကို ခွင့်လွှတ်ပါ။ ငါကြောက်တယ်ဟာ။
“နိုင်ရယ်...”
နင် ဘာလို့ ညည်းတာလဲ။ ငါ့ကိုရော ဘယ်လို အဓိပ္ပာယ်နဲ့ ကြည့်တာလဲ။ နင့်ကို ငါသနားတယ်။ ငါဆိုတဲ့ ကောင်က နင့်မျက်ရည်တစ်ပေါက်ကို ပေါက်ကွဲတတ်တဲ့ ဗုံးတစ်ခုလို ကြောက်တတ်ခဲ့တဲ့ ကောင် မဟုတ်လား။ ငါ့ရင်တွေ အရမ်းခုန်နေပြီ။ နင်ပြောချင်တာကို မြန်မြန်ပြောလိုက်ပါလား။
“ငါ့ကို... ခွင့်လွှတ်ပါ”
အို... နင် ငါ့ကို တောင်းပန်တယ်။ ငါနင့်ကို ဘယ်တုန်းကမှ အပြစ်မဆိုခဲ့ပါဘူးဟာ။ ငါ အမြဲတမ်း ခွင့်လွှတ်ထားတာပဲ။ တောင်းပန်စရာ မလိုပါဘူးဟာ။ တောင်းပန်မယ့်အစား အကြောင်းစုံကို ငါ့ကို ပြောပြရင် သိပ်ကောင်းမှာ။ ငါ့အပေါ်မှာ အလျင်လို စိတ်မျိုး ထားနိုင်မယ်လား။
“ဟိုတုန်းကအတွက်ရော၊ အခု ငို... ငိုမိတဲ့အတွက်ရော”
ငါ ဘာနားလည်ရမှာလဲ၊ ဘယ်လို နားလည်ရမှာလဲ။ ငါ့ပါးစပ်က တစ်ခုခု ပြောနိုင်ရင်ကောင်းမယ်။ ဘာမှ မပြောနိုင်ဘူး။ ဘာဖြစ်နေတာပါလိမ့်။
“ငါသွားတော့မယ်”
ငါ့ တစ်ကိုယ်လုံး အေးစက်သွားတယ်။ ဟုတ်မှ ဟုတ်ရဲ့လား၊ နင်ပြောလိုက်တာမှ ဟုတ်ရဲ့လား။
“သွားတော့မယ်” ဟုတ်လား။
နောက်ဆုံးတော့ တစ်ယောက်တည်းဟာ...တစ်ယောက်တည်းပါပဲလား။ နင် ငါ့အနားက ထသွားလိုက်ပြီထင်တယ်။ ဝေးသွားတဲ့ နင့်ခြေသံကို ငါ ကြားနေရသလိုပဲ။ ဒါပေမယ့် သနပ်ခါးနံ့လေးကတော့ ငါ့ အနားမှာ ကျန်ခဲ့ပါရော။ နင့်ရှိုက်သံလေးတွေလဲ ငါ့အနားမှာ ကျန်ခဲ့ပါရော။
လောကကြီးဟာ ရှိသင့်တာထက် ပိုမှောင်သွားတယ်။ ငါ့ရင်ထဲမှာလည်း ရှိသင့်တာထက် တစ်ခုခု ပိုလာသလိုပဲ။ အို... မဟုတ်ပါဘူး။ လိုတာ...။ ရှိသင့်တာထက် တစ်ခုခု လိုတာ။ နင့်ကို ငါ ပြန်လှည့်ကြည့်ချင်တယ်။ နင်လဲ ငါ့ကို တစ်ချက်ဖြစ်ဖြစ် ပြန်လှည့်ကြည့်မယ်လို့ ထင်တယ်။ အခုနေ... နင် ဝေးဝေးရောက်ဦးမှာ မဟုတ်ဘူး။ ငါ လှမ်းခေါ်မယ်လေ။
“မိမွန်ရေ...”လို့ အော်လိုက်မယ်။ နင်လဲ ငါ့ခေါ်သံကို စောင့်နေမယ် မဟုတ်လား။ ခေါ်သံကြားရင် တအားပြန်ပြေးလာမှာ... နော်။
အို... မခေါ်ဘူး... လှည့်မကြည့်ဘူး... လှမ်းမခေါ်ဘူး။
လက်နှစ်ဖက်နဲ့ ပွေ့ထားတဲ့ ဒူးနှစ်ခုပေါ်မှာ မျက်နှာကို တအား မှောက်ချလိုက်တယ်။ နင့်ဘက်ကို မျက်နှာလှည့်မိမှာစိုးလို့။ စိုစွတ်လာတဲ့ မျက်စိတွေကိုလည်း ဇွတ် မှိတ်ပစ်လိုက်တယ်။ နင့်သဏ္ဍာန်လေးကိုချည်း မြင်နေရမှာစိုးလို့။
အောက်နှုတ်ခမ်းကိုကိုက်ထားလိုက်တယ်။
သွားနဲ့ဖိပြီး အော်လိုက်မိမှာစိုးလို့။ ငါ့အသံတွေကိုလည်း ထိန်းချုပ်ထားလိုက်တယ်။
‘မသွားပါနဲ့’ လို့ အကျယ်ကြီး ...ကဲ ...မအော်ဘူး၊ လှမ်းမခေါ်ဘူး။
တအားကြီး စူးရှပြီး နာကျင်လာတဲ့ရင်ကိုတော့ ဒူးနှစ်ဖက်နဲ့ အတင်းဖိထားလိုက်တယ်။ သွားပါ မိမွန်ရယ်၊ ဟို... အဝေးထိအောင်သာ သွားလိုက်ပါတော့။
---
#ဂျူး
#ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့
#shared_by_louis_augustine
Comments
Post a Comment