နွံအညစ်ဝယ် // ကြည်အေး
နွံအညစ်ဝယ် // ကြည်အေး
(ရှုမဝမဂ္ဂဇင်း။)
---
လောကကြီးသည် ကာမဘောင်ကြီးပေတည်းဟု ဘုန်းဘုန်းဟောပြခဲ့သည်မှာ မှန်လှပါကလား...ဟု သန်းကြည် အောက်မေ့မိသည်။ ယောက်ျား၊ မိန်းမအရွယ်အစားစား အတန်းစားအမျိုးမျိုးတို့သည် ကာမဘုံသားများဖြစ်သောနေရာ၌ ဂျပန်ကော်ရုပ်များ တခုနှင့်တခု မကွဲပြားသလို လုံးစေ့ပတ်စေ့ တူကြသည်တကား၊ သြော်... ကာမဘောင်ကြီးမှာ လူဖြစ်လာရတာမို့လည်း ထမင်းဝဝ စားရတော့သကိုးဟု သန်းကြည်သည် တရားကျရာက ပြောင်ချော်မိလေသည်။
သန်းကြည်သည် မှန်ထဲက ကိုယ့်ရုပ်ကို ငေးစိုက်၍ကြည့်မိပြန်၏။ ရှည်လျားသော ကိုယ်လုံးပေါ်မှန်ဘီလူးသည် တစ်တစ်ရစ်ရစ် အသားညိုညက်ညက် မိန်းမတယောက်ပုံကို ကိုးယိုကားယား ပြလေ၏။ သန်းကြည်သည် ကိုယ့်မျက်နှာကိုယ် ကြည့်လေ့မရှိလှ။ ဘာကြောင့်ဆိုလျှင် မျက်နှာတယ်မလှသောကြောင့် ဖြစ်လေ၏။ မျက်နှာခပ်ဝိုင်းဝိုင်းလုံးလုံးမှာ နှာခေါင်းပါးစပ်၊ မျက်လုံးမျက်ခုံးတို့သည် တခုမှ လှတယ်ဟုမရှိ။ ကံမသဖြင့် အားလုံးစုလိုက်သော် အဆင်ပြေရှာသည်။ သန်းကြည်၏ ကိုယ်လုံးကိုယ်ထည်မှာ ကြွကြွရွရွတော့ အရှိသားပင်...၊ ကြော့ရှင်းသည် မဟုတ်သော်လည်း ဝတ်ပုံစားပုံကြောင့်လား၊ အနေအထိုင်ကြောင့်လားမသိ၊ စိတ်ထိခိုက်စရာတော့ ဖြစ်လေသည်။ အသားရောင်ကို ရှိသည့်အတိုင်းပြသော အော်ဂန်ဒီများများပဒုမ္မာအင်္ကျီကို ဗိုက်မှဘော်လီချိတ်ထိုးထားတာပေါ်အောင် တိုတိုဝတ်သည်။ အင်္ကျီမှာ ကျပ်လည်းကျပ်လေရာ၊ ကြယ်သီးကို ဆွဲတပ်လိုက်သော် ကန့်လန့်အစင်းအရစ်များ စီရီလာသည်။ ရင်ဘတ် ကြယ်သီး တလုံးကိုမူကား မတပ်ဘဲထားလိုလှရာ ရင်ဖုံးသည် ဝ တခြမ်းလိုကွေးကာ ဟနေလေသည်။
သန်းကြည်၏အလှမှာ ထိုမျှပင်ရှိသည်။ သူမ၌ ကြီးမားကြမ်းတမ်းသော လက်များခြေများ ရှိသည်။ လက်ချောင်းများကား အရစ်ရစ်တွန့်၍ ပုတိုသည်။ လက်သည်းများသည် အဖျားကား၍ ပက်ပြဲဖြစ်နေသည်။ ခြေချောင်းများမူကား အင်မတန်ညိုမဲကာ သနပ်ခါးကြောင်းများအုပ်ကာ ပြားပပ် ပြန့်ကျဲလျက်ရှိသည်။ သန့်ရှင်းခြင်းလည်းမရှိ၊ သို့သော် ... သန်းကြည်သည် ဒါတွေကို ဂရုမစိုက်ချေ။
သန်းကြည်အဖို့ အလှကို တန်ဖိုးထားခြင်းမရှိ။ သူမ၌ ကာမဂုဏ် သစ္စာတရားတခုသာ ရှိလေသည်။ သန်းကြည်သည် ကြေးစား၍ ယောက်ျားတကာနှင့် အိပ်သော မိန်းမတယောက်မျှသာ ဖြစ်လေသည်။ သူမ၌ ကိုယ်ခန္ဓာရှိလျှင် တော်ပေပြီ။
မိမိကို ထမင်းကျွေးသော ကိုယ်ခန္ဓာကို သန်းကြည်သည် မှန်ထဲမှနေ၍ ကြည့်မဝတော့ချေ။ တနေကုန် အိပ်ထားသဖြင့် တွန့်ကြေသော အင်္ကျီကို ဆွဲဆန့်သည်။ အနီနှင့် အဝါပွင့်များခြယ်သော လင်မရစ်လုံချည်ကို ပြင်၍ ကိုယ့်ဓလေ့အတိုင်း ဘိုသီဘတ်သီ ဝတ်သည်။ ခါးသေးသဖြင့်သာ မချောကျခြင်းဖြစ်လေ၏။ ထို့နောက် သန်းကြည်သည် ခေါင်းဖြီးစပြုလေသည်။
အပြင်၌ မိုးသည်ဖွဲနေ၏။ မိုးသံကို နားထောင်ရသည်မှာ ပျင်းစရာပင်၊ ဘဝမှာ ထူးထူးခြားခြား ဘာမှမရှိ၊ ထပ်တလဲလဲ ဖြစ်နေတာများကိုသာ တွေ့ရသည်။ ရုပ်ရှင်၊ ပြဇာတ်များကိုလည်း သိပ်မကြည့်ချင်တော့ချေ၊ ပိုက်ဆံလည်း ကုန်လှသောကြောင့်ပေတည်း။ ရှာရခက်သောငွေကို စုရမည်။ စုနိုင်မှ သည်အတိုင်း ငြိမ်ငြိမ်နေသွားနိုင်မည်။
ခေါင်းဖြီးပြီးသော် သန်းကြည်သည် ငိုင်နေပြန်သည်။ အိပ်ရေးဝဝနှင့် ငိုင်ရခြင်းမှာ စည်းစိမ်ရှိလှ၏။ စိတ်သည် လေးလေးပင်ပင်နှင့် ဟိုသည်ကို ရောက်လာသည်။ အိမ်နီးချင်းများအကြောင်း၊ ညနေ ထမင်းချက်ဖို့အကြောင်း၊ မနက်ဖြန် ဆူးလေဘုရားပွဲတော်မှ ကြည့်ချင်ပွဲ သွားရမည့်အကြောင်း။
သန်းကြည်သည် အိမ်ရှေ့အိမ်ကို ကြည့်မိသည်။ ငြိမ်ချက်သားကောင်းလှသည်။ တံခါးများလည်း ပွင့်နေသည်။ အိမ်ရှေ့အိမ်၌ ယောက်ျားချည်းလေးယောက်နေသည်။ အသက်အကြီးဆုံး ဖြစ်ဟန်တူသော အသက်သုံးဆယ်ရွယ်လူမှာ ကိုလှတင် အမည်ရှိ ရုံးဝန်ထောက်ဖြစ်သည်။ သူ့ကိုယ်သူ လူပျိုဟုပြောကာ ရှုပ်ပွေရမ်းကားလှသော လူပေတည်း။ သို့သော် အမြင်ကပ်စရာ မာနကြီးလှသည်။ သန်းကြည်က ပြုံး၍မှ ပြန်မပြုံးချင်သော ခွေးမျိုးကြီးပင်၊ အရက်သောက်လျှင်လည်း လုံချည်မနိုင်အောင် သောက်တတ်သည်။ သူနှင့်တွဲသော ကောင်မများမှာ ငယ်ငယ်လှလှနှင့် အင်္ဂလိပ်စကားတတ်ကြတာ တွေ့ရသည်။ သို့သော်လည်း တလှည့် အခန့်မသင့်လျှင်တော့ မိမိကိုကြို့ရဦးမည်ဟု သန်းကြည်က ထင်စားထားလေသည်။ သည်တော့မှ လက်စားချေရမည်။
ကိုလှတင်ထက် နည်းနည်းငယ်ပုံရသော ရခိုင်ကြီးမှာ လူအေးကြီးပင်၊ သူ့နာမည်က စံထွန်းလှကျော်ဆိုလား၊ ကျော်ထွန်းလှစံဆိုလား၊ စံလှထွန်းကျော်ဆိုလား။ ရှေ့နောက်ညီညီ မမှတ်တတ်ပါပြီ။ ရိုးလိုက်သည်မှာ ထင်းတုံးကြီးအတိုင်းဟု သန်းကြည်က ဥပမာထားသည်။ လူအိုပမာ ငြိမ်းချမ်းသူဖြစ်သော်လည်း သည်လူသာ လူပျိုအစစ်ဟု လည်ပတ်သော သန်းကြည်က သိသည်။ သူ့ကိုတော့ သန်းကြည်သည် ဘယ်လိုမှစိတ်မထား၊ အဖက်လည်းမလုပ်ချေ။ သူဘာအလုပ်လုပ်သည်ဆိုတာတောင် မသိ။
အသက်အစိတ်ခန့်ရှိ အသားညိုညို၊ စုတ်ချွန်းချွန်းသေးသေးကွေးကွေးလူကား သန်းကြည်နှင့် ရင်းနှီးသော ကောလိပ်ကျောင်းသားအောင်ခင် ဖြစ်လေသည်။ အောင်ခင်ကို သန်းကြည် အံ့သြသည်။ ကျောင်းသားဆိုပြီး ကျောင်းမှန်မှန်တက်သည်လည်း မရှိ၊ စာမေးပွဲလည်း အင်မတန် ဖြေခဲသည်၊ ဖြေလျှင်လည်း အောင်ခဲသည်။ အဝတ်အစားကိုလည်း ဂရုမစိုက်၊ ဘန်ကောက်လုံချည်ဝတ်သော်လည်း အဖိုးတန်မှန်းမသိ၊ ခေါင်းကလည်း ပွယောင်းယောင်းနှင့်၊ မျက်နှာက လက်လည်းမရှိသည့် ပူစီကလေးလိုနေသော်လည်း သေသေချာချာများကြည့်လျှင် တဇွတ်ထိုးမိုက်မဲဟန်ကလေးကို နှုတ်ခမ်းထောင့်များမှာ၊ မျက်နက်ဆန်များမှာ၊ နဖူးရေများမှာ တွေ့ရသည်။ အောင်ခင်ကြောင့် ယခုတလော ပိုက်ဆံရွှင်ရသည်။ သူသည် သန်းကြည်ကို အလုပ်ပီပီသသ မဆက်ဆံချေ။ အလကားနေရင်းနှင့် တဆယ်ငါးကျပ် ပေးလျှင်ပေးသည်။ ပင်နစ်စလင်ဖိုးကြောင့် သူပိုက်ဆံမရှိသည့်အခါမူကား သန်းကြည်သည် အကြွေးစာရင်းနှင့် မှတ်တတ်သည်။ အောင်ခင်ကမူ ဘာမှ သတိမူဟန်မရှိ၊ သူအလိုရှိလျှင် တံခါးလာခေါက်တတ်သည်။ အလိုမရှိလျှင် မျက်နှာထား ခပ်ကြီးကြီးနှင့် မှုန်ကုပ်ကုပ် လုပ်တတ်သည်၊ ဘာပဲဖြစ်ဖြစ် အောင်ခင်ကလေးတော့ ဘုန်းတန်ခိုးကြီးလို့ အသက်ရှည်ပါစေ။
ကျန်တယောက်မူကား တယောကျော် ကိုမောင်မောင်ပင်ဖြစ်သည်။ ကိုမောင်မောင်မှာ မိန်းမနှင့်ကလေးများကို အညာမှာထားခဲ့ပြီး ရန်ကုန်မှာသောင်တင်နေသောလူ ဖြစ်လေသည်။ ကိုမောင်မောင်သည် အငြိမ်မနေနိုင်သော လက်ချောင်းများနှင့်အတူ မွေးဖွားလာသည်။ သူ့လက်ချောင်းများသည် တယောထုံးတံနှင့် သံကြိုးများကို မကလိရလျှင် ဖဲချပ်များကို တဖျတ်ဖျတ် လှန်တတ်သည်။ တရေးနိုးထပြီး တီးဆိုလျှင် တီးဆိုသည်။ အိမ်ရှေ့ပြတင်းပေါက်နှင့် ကပ်နေသော သူ့အိပ်ရာပေါ်၌ ပက်လက်ကြီးလှဲကာ ဖဲချပ်များကို မှတ်လျှင်မှတ်နေသည်။ ကိုမောင်မောင်ကား လူချောပင်။ သူသည် သန်းကြည်ကို စွဲမက်သောမျက်လုံးများနှင့် ကြည့်ရုံသာ ကြည့်တတ်သည်။ ပြီးတော့လည်း ဘာမှ မလှုပ်ရှားချေ။ သူ့သွေးများသည် ရေခဲသာသာပင် နွေးမည်ထင်ရသည်။ သည်လိုပင် စွဲမက်သောမျက်လုံးများနှင့် ကြည့်ကြည့်နေကာ ကြည့်ကြည့်နေရင်းဖြင့်သာ အဆုံးသတ်သည်။ သန်းကြည်က ကြိုးစားပါ၏။ သို့သော် သူသည် ဘယ်တော့မှ တံခါးလာမခေါက်ချေ။
သူတို့နှင့်သိရသည်မှာ အောင်ခင်မှတဆင့် ဖြစ်လေ၏။ သန်းကြည်သည် သူတို့အားလုံးကို မိမိထက် အင်မတန် အထက်တန်းကျသည်ဟုထင်ကာ သိပ်ပြီး မရဲလှချေ။ ဘာပဲဖြစ်ဖြစ် တခါသောအခါ၌မူကား... ယောက်ျားဟူသော ဆန့်ကျင်ဘက်လိင်၏ အရိပ်အရောင်များကို သူတို့၌ အားတက်စရာ မြင်ရသည်။ စင်စစ်သော မိန်းမတယောက်ဖြစ်သော မိမိကို သူတို့သည် အလိုရှိကြသည်ကို သူမ တွေ့ရလေသည်။ ရခိုင်ကြီးသည်ပင် မရိုးသောအချိန်ကို တွေ့သည်။ ကိုမောင်မောင်လည်း ပူနွေးလာသည်ကို တွေ့သည်။ ကိုယ်ယုံကြည်သော တံခါးလေးတွေ ကိုယ်စီပိတ်ထားကြတာသာရှိသည်။ သန်းကြည်သည် အောင်ခင်ကလေးကို အံ့သြပြန်သည်။ ထို့နောက်ကား သူမ၏သစ္စာတရားအတိုင်းပင် လောကကြီးသည် ကာမဘောင်ကြီးပေတည်း။
“အော်... ထမင်းအိုး တယ်ရပါဦးမယ်...” ဟု သန်းကြည်ညည်းကာ မှန်ရှေ့မှခွာသည်။ မီးဖိုချောင်သို့ရောက်သော် မနက်က ဟင်းများ နံနေသည်ကို တွေ့ရသည်။ လင်တော်မောင် ပြန်လာလျှင် ဟင်းမရှိရကောင်းလားဟု ဆူပွက်ဦးမည်၊ စျေးဝယ်ရမှာလည်း ပိုက်ဆံနှမြောမြောရှိလေရာ၊ သန်းကြည်သည် ငံပြာရည်ချက်ကလေးတခွက် ချက်ရန်ပြင်လေသည်။
ထို့ကြောင့် ငရုတ်သီးထောင်းရသည်၊ ကြက်သွန်လှီးရသည်၊ ပုစွန်ခြောက် ထောင်းရသည်။ အားလုံးပြီး၍ ချက်တော့မည်ပြင်တော့ ဆီမရှိချေ။
သန်းကြည်သည် တခွန်းဆဲလိုက်ပြီး သတိရလာသည်။ ဟိုဘက်အိမ်မှ ဒေါ်လေးထံ သွားဝယ်မည်။
ဟိုဘက်အိမ်က ဒေါ်လေးဆိုသည်မှာ ဘယ်သူဟူ၍ ပြောရမည်မှာ ရာဇဝင်နှင့်ချီပြီး ပြောမှ ရှင်းမည်။ ဒေါ်လေးသည် ဟိုဘက်အိမ်မှ တရုတ်လင်မယားအိမ်တွင် အိမ်တွင်းစီမံခန့်ခွဲသော မိန်းမဖြစ်လေသည်။ ဒေါ်လေးသည် အိမ်ရှင်တရုတ်၏ ကိုယ်လုပ်တော်လည်းဖြစ်သေးလေရာ၊ အသားဖြူစပ်စပ် သားကလေးတယောက် မွေးပေးပြီးသည်နှင့် အိမ်နောက်ဖေး၌ သူမ၏သြဇာ လုံးလုံးသက်ရောက်သွားသည်။ သို့သော်လည်း ပိုက်ဆံမကိုင်ရချေ။ ထိုအခါ ကိုင်ရသော ဆီ၊ မုံ့ညင်းချဉ်၊ ကြက်သွန်ဥ၊ ပဲငံပြာရည်တို့ကို ပိုက်ဆံဖြစ်အောင် ကြံသည်။
သန်းကြည်သည် “ဒေါ်လေးရေ... ဆီတမူးဖို့လောက် ပေးပါဦး” ဟု အော်လိုက်သည်။ သည်အချိန်ဆိုလျှင် တရုတ်လင်မယား အိမ်ပြန်မရောက်သေးရာ၊ ခုလို အော်ရဲသည်။
အပြင်၌ မိုးသည်တိတ်လေပြီ။
---
သန်းကြည်၏ယောက်ျား ကိုမြမောင် ပြန်လာလေပြီ။
ကိုမြမောင်သည် အလွန်အေး၍ စကားနည်းသော လင်ပေတည်း။ သူ့ကို မယုယလည်း ဂရုမစိုက်။ အဖက်မလုပ်၍လည်း ဝမ်းမနည်းချေ။ သူသည် အလုပ်နှင့်လက် မမြဲသောလူပေတည်း၊ ယခုတလအတွင်းတော့ မြူနီစပယ်မှ အမှိုက်ကျုံးသောကားကို မောင်းသည်။ ဘယ်တော့ လူသွားလမ်းပေါ်တက်မောင်းပြီး အလုပ်ပြုတ်မည်လဲမသိ၊ ကိုမြမောင်သည် အလုပ်မျိုးစုံကို စပ်စပ်တတ်သည်။ သို့သော် ဘယ်ဟာကိုမှ ကျကျနန မတတ်ချေ။ သန်းကြည်၏ ၁၅ကျပ်ပေးရသော လက်ပတ်နာရီကလေး နဂိုချည့်ချည့်နဲ့နဲ့ကို ပြင်ပေးမလိုနှင့် လျှောက်ဖြုတ်ရာ၊ ပြန်မတပ်တတ်တော့ဘဲ သည်တိုင်း ပစ်ထားရသည်။
အကျင့်စာရိတ္တနှင့် ပတ်သက်လျှင်တော့ သန်းကြည်သည် သူမလင်ကို အင်မတန်အထင်ကြီးသည်။ ကိုမြမောင်သည် အရက်လည်း သောက်တတ်သည်၊ ကုတ်ကင်းလည်း ပွတ်တတ်သည်။ ဖဲလည်းရိုက်တတ်၊ မြင်းလည်းလောင်းတတ်၊ ကိုးမီးလည်း ကစားတတ်၊ ဘာမှမတတ်တာမရှိ။ ခါးပိုက်နှိုက်တောင် တတ်သည်။ သို့သော် သူသည် ဘာကိုမှ စွဲစွဲမြဲမြဲမလုပ်ချေ။ သူတို့လင်မယားသည် အင်မတန် ရန်ဖြစ်ခဲသည်။ ကိုမြမောင်သည် ညဉ့်မှန်မှန်ပြန်အိပ်သော လင်ဖြစ်သည်။ သန်းကြည်၏ ဧည့်သည်လာလျှင် အလိုက်သိစွာ မီးဖိုချောင်၌ သွားထိုင်တတ်သည်။ အလုပ်ကိစ္စနှင့် သန်းကြည်အိမ်ပြန်နောက်ကျလျှင် မညည်းမညူ သန်းခေါင်သန်းလွှဲ တံခါးဖွင့်ပေးတတ်သည်။
သည်လိုလင်မျိုးနှင့် ဘယ်မယားက ရန်ဖြစ်မည်လဲ။
တခုသာရှိသည်။ ကိုမြမောင်သည် ပိုက်ဆံအလွန်သုံးသောသူဖြစ်၏။ သူ့ကို မရအရ ဖောအောင်ရှာပေးရလေသည်။ သူဘယ်လိုသုံးသည် ဆိုတာတော့... သန်းကြည်အဖို့ မေးကောင်းသော အရာမဟုတ်ချေ။ မေးလျှင် သူတို့ရန်ဖြစ်လေတော့သည်။
ယခုလည်း စကားတလုံးမှ မပြောဖြစ်ဘဲ၊ ထမင်းစား၍ ပြီးသွားလေပြီ။
သန်းကြည်ကသာ တွတ်တွတ်ပြောသည်။ ထမီ ဘိန်းစားရုတ်သွားသည့်အကြောင်း၊ ဟိုဘက်အိမ်က အောင်သွယ်ဒေါ်မြအိမ်မှာ သမီးရည်းစားနှစ်ယောက် ချိန်းတွေ့သည့်အကြောင်း၊ နံရံပျဉ်ပြားကို လွန်ပူနှင့်ဖောက်ပြီး ချောင်းကြည့်တာ ဘာမြင်ရကြောင်း၊ ကိုမြမောင်ကတော့ “အင်း...အင်း” ဟု လေးလေးကြီး လိုက်ကာ ထမင်းစားပြီးသည်နှင့် ရှပ်အင်္ကျီအိတ်ထဲက ကွာစိများကို တစိပြီးတစိကိုက်သည်။
“ကိုမြမောင်” ဟု သန်းကြည်က ထမင်းပွဲသိမ်းရင်း ခေါ်သည်။
“ဟေ” ဟု သူကထူးသည်။
“မနက်ကလေ သိလား” ဟု သန်းကြည်က ပြောသည်။
“အင်း" ဟု သူကဖြေသည်။
“ဟိုဘက် အစွန်ဆုံးက ကောင်မဖြူဖြူဟာလေ... ဟိုညနေညနေ ဘော်လီမပါဘဲ သရက်ထည် အင်္ကျီတထပ်ထဲ ဝတ်ဝတ်ပြီး လမ်းသလားတဲ့ ကောင်မလေးသိတယ်မှုတ်လား”
ကိုမြမောင်က မကြားသလို နေလေသည်။
“အဲဒါ ဆိုက်ကားစီးလာပြီး သူ့အိမ်ထဲ ကုပ်ပြီး တံခါးပိတ်နေတာကိုး၊ ဆိုက်ကားသမားက တက်လိုက်လာပြီး ပိုက်ဆံတောင်းတော့ ဘယ်ရှာတွေ့တော့မတုန်း၊ ကျုပ်ကိုမေးတော့ အမြင်ကပ်ကပ်နဲ့ လက်ညှိုးထိုးပြလိုက်တာ... အဟိ...”
သန်းကြည်နှင့် “ကောင်မဖြူဖြူ” မှာ ပြိုင်ဘက်များပေတည်း။
“မင်းကလဲကွာ” ဟု ကိုမြမောင်က နောက်ကျပြီးမှဟန့်သည်။
“အို... ဘာလဲ ... မတရားသဖြင့်”
“မင်းကော... မလုပ်ဖူးဘူးလား”
“အမယ် ကျုပ်က ပိုက်ဆံမပါမှ လုပ်တာပါတော်”
သန်းကြည်တို့ ရှစ်အိမ်တွဲ နှစ်ထပ်တန်းလျားမှာ နောက်ဖေးမှ လှေခါး ဟိုဘက်စွန်းတခု၊ သည်ဘက်စွန်းတခု တပ်ကာ အလည်မှ စင်္ကြံရှည်ဖြင့် သွယ်ကာထားရာ၊ အိမ်ခန်းပေါက်တိုင်းကို နောက်ဖေးချောင်မှဝင်ရသည်။ ဘယ်အိမ်ပေါက်ကို ဝင်လိုသူမဆို ဟိုဘက်လမ်းလှေကားမှသော်လည်းကောင်း၊ သည်ဘက်လမ်း လှေကားမှသော်လည်းကောင်း တက်ရမည်။ လှေကားမှ တက်ပြီးသော် ဝင်လိုရာ အိမ်ပေါက်ကို ဝင်ပြီးသည်နှင့် ပျောက်လေရာ၊ ဆိုက်ကားသမားသည် လှေကားမှတတ်လိုက်လာသော်လည်း ဘယ်အိမ်ခန်းကိုဝင်၍ ပိုက်ဆံတောင်းရမှန်းမသိတော့ချေ။
“အခုလေ... ဟိုဘက်လမ်းက လူတွေကပါ ကျုပ်တို့လမ်းမှာ လာဆိုက်ပြီး ဒီဘက်လှေကားကတက်၊ ဟိုဘက်လှေကားက ဆင်းသွားရောတော့။ သည်လိုချည်း လုပ်နေတယ်၊ ခုကျုပ်တို့ ဆိုက်ကားစီးချင်လို့တောင် စီးလို့မရဘူး၊ သွားမယ့်လမ်းပြောလိုက်ရင် မလိုက်တော့ဘူးရှင့်”
သည်လိုနှင့် တညနေကုန်သည်။ မှောင်ရီလာသော် သန်းကြည်သည် ဖယောင်းတိုင် နှစ်ဆယ့်ငါးတိုင်အား မီးပွင့်ပြာကလေးကို ထွန်းသည်။ သူတို့အိမ်ခန်းကလေးသည် ပြာလဲ့မှောင်ဝေကလေး ဖြစ်နေသည်။ ညဉ့်၏ အဆင်သည် လျို့ဝှက်နက်နဲလာသည်။ ဆန်းကြယ်လာသည်။ သန်းကြည်သည် ပျော်၏၊ ကျေနပ်၏။ ဆေးပေါ့လိပ်တိုတိုကို ကြွက်လျှောက်ပေါ်မှ လှမ်းယူကာ မီးညှိသည်။
အပြင်လမ်းထိပ်မှ ညစျေးတန်း၏ အသံဗလံသည် ဝေ့၍လာသည်။
သန်းကြည်သည် အပြင်ထွက်ချင်စိတ်ပေါက်လာလေသည်။ လူသူတွေထဲမှာ ရောပြီး လျှောက်ချင်သည်။ မျက်စိသည် ပြူးကျယ်ကာ ထက်မြက်သည်။
“လမ်းလျှောက်ရအောင်တော်”
“အိပ်ချင်တယ်ကွာ...” ဟု ပြော၏။ ကိုမြမောင်သည် အိပ်ရာသို့ ဝင်သည်။
“ကိုးနာရီတောင် မထိုးသေးဘူး”
သန်းကြည်သည် အိမ်ရှေ့ပြတင်းမှ ငေးနေသည်။ အိမ်ရှေ့ကိုလှတင်တို့အိမ်၌ မီးအလွန်လင်းနေသည်။ ခါတိုင်းထက်ပင် ဆူညံဆူညံလုပ်နေကြသည်။ ကိုမောင်မောင်သည်ပင် လက်အလကား အားနေပြီး စကားဝိုင်းထဲဝင်လျက် ရှိသည်။ ရခိုင်ကြီးကမူ ခပ်ငြိမ်ငြိမ်ပင်၊ ယောက်ျားအားလုံးတို့၏ မျက်နှာအမူအရာကို မျက်စိကောင်းသော သန်းကြည်သည် စေ့စေ့ငှငှ မြင်လေ၏။ “ကိုအောင်ခင် ကလေးကော... ဘယ်ရောက်နေပါလိမ့်”
သန်းကြည်၏ စပ်စုစိတ်သည် ကြွလာကာ ဘာဖြစ်သလဲဆိုတာ သိချင်လာသည်။ သူတို့ ခါတိုင်းလို စကားငြင်းကြတာမဟုတ်။ ရန်ဖြစ်ကြတာ မဟုတ်။ ဟော... ကိုလှတင်ကြီး၏ တိုင်းသံကို ကြားရပြန်သည်။
သန်းကြည်သည် ကိုမြမောင်ကို ငဲ့ကြည့်သည်။ လင်လုပ်သူမှာ အိပ်ရာပေါ် မှောက်လျက်ကြီးလှဲလျက် ငြိမ်နေသည်။ သူ့လက်များ၌ စီးကရက်တလိပ် မီးမညှိရသေးဘဲ ညှပ်လျက်ရှိသည်။
“ကျုပ် အိမ်ရှေ့အိမ် သွားလိုက်ဦးမယ်။ ဘာဖြစ်ကြတယ် မသိဘူး၊ ကိုအောင်ခင်များ ဓားထိုးခံရသလား မသိဘူး”
ဟု ပြောပြောဆိုဆို နောက်ဖေး ဘုံလှေကားမှ ဆင်းခဲ့သည်။
အိမ်တန်းလျား၏ အောက်ခန်းများကား တချို့ပိတ်လေပြီ၊ ဖိနပ်ချုပ်ဆိုင်နှင့် စာပုံနှိပ်စက် နှစ်ခန်းတွဲများသာ မီးထိန်ကာ အလုပ်လုပ်လျက်ရှိသည်။ သန်းကြည်သည် ညရိပ်နှင့် မီးရောင်များကိုဖြတ်ကာ ခဏလေးနှင့်ရောက်ခဲ့သည်။
သည်အိမ်ကို ကိုအောင်ခင် အကြောင်းပြု၍ ခုလိုဆင်ခြေရှာတွေ့သည့် အခါတော့ လာရဲသည်။ သန်းကြည်သည် သူမရှိသမျှ အသိဥာဏ်ဖြင့် မျက်နှာလို မျက်နှာရ အမူအရာကိုပြုကာ “ဘာလုပ်နေကြလဲ...ဟင်” ဟု မရဲတရဲမေးသည်။ သူမသည် ကောင်းကောင်းလည်း မရယ်ရွှင်ပြဝံ့ရာ စပ်ဖြဲဖြဲဖြစ်နေသည်။
ကိုလှတင်သည် ဘာမျှမပြော...၊ စိတ်ညစ်ဟန်ဖြင့် သန်းကြည်ကို အဖက်မတန် ဟန်ပြဖို့ရာတောင် မေ့ပြီး ငေးကြည့်နေသည်။ ကိုမောင်မောင်က လက်ဖဝါးများ အချင်းချင်းပွတ်ကာ ရပ်နေလေသည်။ ရခိုင်ကြီးက ခပ်ဆိုင်းဆိုင်းနှင့် “ဘာမှမလုပ်ပါဘူး။ အကောင်ကလေး မူးလာလို့” ဟု ပြောသည်။
သန်းကြည်မှာ စိတ်ပူသွားပြီး “အော်... ကိုအောင်ခင့်နှယ်နော်” ဟု ရေရွတ်ကာ ရှေ့သို့တိုးလာ၏။
အကောင်ကလေးကမူ မူးလဲနေတာ အမှန်ပင်၊ ပါးစပ်မှ အန်ဖတ်များလည်း ရင်ဘတ်ပေါ် ပေနေသည်။ တဟင်းဟင်းညည်းကာ “မူးတယ် ...မူးတယ်” ဟု အော်လေသည်။ စကားတွေလည်း မပီမသ များနေသည်။ သို့သော် ကိုအောင်ခင်ကလေး မဟုတ်ချေ။
ကောင်ကလေးမှာ အောင်ခင်ထက်ပင် ငယ်ပုံရသေး၏။ သြော်... ကလေးကလေးမှ ကလေးကလေးပါပဲ။ သူ့အမေများမြင်ရင် ဘယ်နှယ်နေပါ့မယ်...။ သန်းကြည်သည် ရင်ဆို့မိသည်။ သည်လိုမြင်ကွင်းမျိုးမှာ သူမအဖို့ ရိုးလှပြီဖြစ်သော်လည်း သည်လောက် ငယ်ရွယ်မွန်ရည်သူကလေးမျိုး ဖြစ်နေပုံတော့ မတွေ့ဘူးချေ။
“ခွေးမသားလေး” ဟု ကိုလှတင်က ဆဲသည်။
“ကဲ...သူ့ပစ္စည်းတွေ ကျတော်သွားယူခဲ့မယ်” ဟု ရခိုင်ကြီးကဆိုသည်။
ကိုကိုမောင်က ကောင်ကလေးခေါင်းကိုထူကာ “ဟေ့ ဝင်းမောင် ဝင်းမောင်” ဟု ခေါ်လေသည်။
သန်းကြည်သည် ဘာမှန်းမသိသော်လည်း ကူညီဖို့အသင့်ရှိနေသည်။ “ဝင်းမောင်လေး” ဟု စိတ်ထဲကရွတ်သည်။ မိန်းမကလေးလို လှပချောမွတ်သော မျက်နှာကလေးကို ချစ်သည်။ ဝင်းမောင်လေး။
သို့လျှင် အိမ်ရှေ့အိမ်၌ လူတယောက်တိုးလာသည်။ သန်းကြည်သည် အိမ်ရှေ့ပြတင်းပေါက်မှာချည်းနေသည်။ ဝင်းမောင်ကတော့ သူမကို ဂရုမစိုက်ချေ။ မျက်လုံးချင်းများဆုံလျှင် ပြုံးပြလိုက်မည် ကြံသည်။ သန်းကြည်သည် စိတ်အနည်းငယ် တည်ငြိမ်သည်။ ညစ်လည်း ညစ်ညူးသည်။ ဝင်းမောင်၏ သန့်ရှင်းသော ကလေးငယ်လို မျက်နှာကလေးကို မြင်လျှင် ကိုယ့်မှာ အပြစ်တွေ ပုံနေသလို ခံစားမိသည်။
ဝင်းမောင်၏အကြောင်းကို ရသမျှ စုံစမ်းလေရာ သူမသည် ကိုအောင်ခင်ကလေးကို ကပ်ရပေသည်။ သို့သော် သူက တယ်မပြောချင်။ “ခင်ဗျား ကောင်လေးကို မမြှူနဲ့နော်” ဟု ရက်ရက်စက်စက်ပြောသေးသည်။ ပြီးတော ငွေငါးကျပ်ပေးသည်။
သန်းကြည်သည် ရင်ထဲက နာလေသည်။ ရင်နာနာနှင့်ပင် ကောင်လေးကို စိတ်ဝင်စားမြဲရှိလေသည်။
လင်သည်ကိုလည်း ပါးစပ်မငြိမ် ပြောမိသည်။
“ကိုမြမောင်ရေ အဲဒီကောင်လေးဟာ ဘယ်ကပါလိမ့်...ဟင်၊ သူဌေးသားကလေးနဲ့တူတယ်၊ ပိုးလုံချည် ခါးကမချဘူး”
ကိုမြမောင်က မျက်လုံးလှန်ကြည့်သည်။ သန်းကြည်သည် အနည်းငယ်တုန်သွားသည်။
“ဒီကောင်လေးတော့ ပျက်စီးပါလိမ့်မယ်၊ ဟိုကကောင်တွေနဲ့ပေါင်းရင်” ဟု ပူပန်သည်။ ကောင်လေးသည် အောင်ခင်နှင့်တွဲပြီး ထွက်တတ်လာသည်။ သန်းကြည်သည် စိတ်မသက်သာတော့ချေ။ သူမသည် အခွင့်အရေးကိုရှာသည်။ ထို့ကြောင့် တနေ့တော့ တွေ့သည်။
“ကျမတို့အိမ် လာလယ်ပါ၊ နေ့လည်နေ့ခင်း ပျင်းရင်လေ၊ ကိုအောင်ခင်တို့နဲ့ ခင်ပါတယ်” ဟု သူမ ပြော၏။ သန်းကြည်၏အသံသည် အက်လှသည်။ ပြီးတော့ မျက်နှာသည် ညိုတဝက် ပြုံးတဝက်ရှိသည်။ ဝင်းမောင်က ပထမ မျက်မှောင်ကုတ်သည်။ ထို့နောက် တမျိုးပြုံးနှင့် “မသန်းကြည်ဆိုတာလား” ဟု မေးလေသည်။ သန်းကြည်သည် ကမန်းကတန်း ခေါင်းညိတ်၏။ သူမ ဝမ်းသာရမလား၊ ဝမ်းနည်းရမလားမသိ။
“ကျွန်တော် အိမ်မလယ်တတ်ပါဘူး”
ဆယ့်လေးငါးရက်ကြာသော် သန်းကြည်သည် မနေနိုင် မထိုင်နိုင်နှင့် ဝင်းမောင်တို့အိမ်သို့ကူးရန် ရမယ်ရှာပြန်သည်။ ဝမ်းမောင်ကို နီးနီးကပ်ကပ်မတွေ့ရလျှင် မနေနိုင်တော့ဘူးဟာလားကွယ်၊ ခက်သည်။ သန်းကြည်သည် မနက်က စီစဉ်ထားသည့်အတိုင်း စျေးကဝယ်လာသည့် ကောက်ညှင်းထုပ်လို ကျစ်ကျစ်ထုပ်ထားသော ပုစွန်ချဉ်ထုပ်ကို ပန်းကန်ဖြူဖြူ ရှာ၍ပြင်သည်။ ပါးပါးလှီးသော ကြက်သွန်ကို ရေနာနာဆေး၍ အပေါ်မှအုပ်၏။ မိုးမျှော် ငရုတ်သီးကို အနီအစိမ်းမျှ၍ လှီးထည့်၏။ ငရုတ်သီးခြောက် ထောင်းလည်းထည့်၏။ အပေါ်မှ ဆီရွှဲရွှဲဆမ်းလိုက်ပြီး ခြေလန့်နေပြန်လေ၏။
သို့သော်လည်း ရောက်ခဲ့သည်။ “ဖျာပုံက ကျမအမက ပို့လိုက်တယ်၊ စားကြည့်စမ်းပါ သိပ်ကောင်းတာပဲ” ဟု သူမသည် ဝင်းမောင်၏မျက်နှာကို မဝံ့မရဲကြည့်၍ ပြောလေသည်။ ဝင်းမောင်က နားမလည်သလို “ဗျာ” ဟုပြော၏။ “အင်း...အင်း” ဟု မခံ့လေးစားပြောပြီး ယူထားသည်။ သန်းကြည်က ယောင်လည်လည်နှင့် နေသေးတာကိုပင် ထိုင်ပါမပြော။
ပြန်လာပြီး ဝမ်းနည်း၏။ သို့သော်လည်း သန်းကြည်သည် အိမ်ရှေ့အိမ်မှ ရောယှက်ထွေးရှုပ်လာသော အသံများထဲမှာ ခပ်ညှပ်ညှပ်နှင့် စကားဆတ်ဆတ်ပြောတတ်သော ဝင်းမောင့်အသံကို နားထောင်ရင်းသာ အလုပ်လုပ်သည်။
ခုတလော သန်းကြည်သည် ပိုက်ဆံကြပ်သည်။ သူမသည် ညဉ့်စျေးတန်းကို သိပ်မလျှောက်ဖြစ်၊ အင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်သည်။ အောင်ခင်ပေးသော ပိုက်ဆံနှင့် လောက်အောင်နေသည်။ တနေ့က ဆိုလျှင် ပိုက်ဆံတမူးထဲ ကျန်တော့ရာ ကိုမြမောင်၏ အပေါင်းအဖော်များနှင့် ပိုကာနိုင်အောင်ဒေါင်း၍ ပိုက်ဆံဖြစ်အောင် လုပ်ရသည်။
ကိုမြမောင်သည် ညည်းညူလာသည်။
“ဟေ့... မင်းမှာ ပိုက်ဆံမရှိဘူးလား”
ထို့နောက် ပြုံးစေ့စေ့နှင့်
“ဟိုသူဌေးသားကောင်လေးက မင်းကို တယ်ကြည့်ပါလားကွ”
သန်းကြည်သည် အကြီးအကျယ် စိတ်ဆိုးသည်။ ဆောင့်၍ အောင့်၍ ထသွားသည်။ “လောကကြီးဟာ ဒုက္ခဘောင်ကြီးပါကလား” ဟု ဘုန်းဘုန်း၏ ဆုံးမစကားတခွန်းကို ကိုးကားမိပြန်လေ၏။
အမှန်ပင် ဝင်းမောင်သည် သူမကို ကြည့်နေလေသည်။ သူ၏ သိမ်မွေ့သောမျက်လုံးထဲတွင် အထင်အမြင်သေးသောဟန်ကို တွေ့သည်။ သန်းကြည်သည် ထိုမျက်လုံးများ၏အကြည့်ကို မီးလိုပူသည်။
“မင်းကို ငါမမြှူပါဘူးကွယ်၊ ဘယ့်နဲ့လဲ ကိုအောင်ခင်”
သို့သော် ကိုအောင်ခင်သည် သူမကို အလွန်မျက်မုန်းကျိုးဟန် ပြုလာသည်။ “ခင်ဗျားကြီး ကောင်လေးကို အရောဝင်ထား သလား” ဟု မေးလာသည်။ သန်းကြည်သည် ဘာမှမဖြေတော့ချေ။
သန်းကြည်သည် လဆုတ်ခြောက်ရက် ညဉ့်အိမ်ရှေ့ပြတင်း၌ ငိုင်နေပြန်၏။ အိမ်ရှေ့အိမ်၌ ခါတိုင်းလိုမီးလင်း၏။ အောင်ခင်နှင့် ဝင်းမောင်နှစ်ယောက်ထဲ ရှိဟန်တူသည်။ သူတို့သည် ရန်ဖြစ်နေကြသည်။ တခါတခါ စကားလုံးတောင် ကွဲတော့မလိုဖြစ်သည်။ ထို့နောက် ငြိမ်သွားပြီး ဝင်းမောင်၏ ထူးထူးဆန်းဆန်း ကျယ်လောင်သော အသံကိုကြားရ၏။
“အချစ် လောကကြီးဟာ အဆင်မပြေ၊
အချစ်ရဲ့ ဖူးစာနတ်က
သူလှည့်ပတ်ကာ ထပ်ကာသာ ဂြိုလ်မွှေ”
“ကောင်လေး မူးနေပြီ” ဟု သန်းကြည်ပြောမိ၏။ သူမသည် စိတ်ထိခိုက်နေသည်။ အိမ်ရှေ့အိမ်မှမီး ဖြုတ်ကနဲ ငြိမ်းသွား၏။ သူတို့ အိပ်ကြတော့မလား။ မှောင်ထဲမှ သူတို့လှေကားမှ ဆင်းလာသည်ကို ခပ်ဖြူဖြူတွေ့ရ၏။ အိမ်ဘေးဆီသို့လျှောက်ပြီး တိုက်ရိပ်က ကွယ်လိုက်၏။ ဘယ်သွားကြတာပါလိမ့်ဟု တွေး၍ မဆုံးမီ မီးဖိုချောင်မှ တံခါးခေါက်သံကြားသည်။
ငွေပြတ်၍ စိတ်ညစ်နေသော ကိုမြမောင်က အပြေးကလေးထ၍ တံခါးဖွင့်သည်။
သန်းကြည်သည် အိမ်ရှေ့သို့ရောက်လာသော အောင်ခင်နှင့် ဝင်းမောင်ကိုကြည့်၍ ထိတ်၏။
“ကဲ... မချော ဟောဒီမှာ” ဟု အောင်ခင်က ဒေါသသံနှင့် ဝင်းမောင်ကို မေးငေါ့ပြ၏။ ဝင်းမောင်၏ မျက်နှာမှာ အရက်ကြောင့်လား၊ အရှက်ကြောင့်လားမသိ နီနေ၏။ မျက်လုံးများကား ပူလောင်၏။ သန်းကြည်သည် ဟစ်၍ ငိုလိုက်ချင်၏။ ပူလောင်သော မျက်လုံးများကို အစုံတွေ့ခဲ့ဖူးလေပြီ။ မရေတွက် နိုင်လေပြီ။ သို့သော် ဝင်းမောင်လေးထံမှာတော့ မတွေ့ပါရစေနဲ့။
ဆုတောင်းဆိုသည်မှာ အလကားပင်။ ဘယ်တော့မှမပြည့်။ ဝင်းမောင်သည် အောင်ခင်ကို တိုးတိုးပြော၏။ အောင်ခင်က “ခွေးမသား” ဟု ဆဲပြီး ထွက်သွားသည်။ ကိုမြမောင် ထွက်သွားသဖြင့် ပွင့်နေသော တံခါးမှ ဆင်းသွားသံကို ကြားလိုက်၏။
“တံခါးသွားပိတ်ချေပါ” ဟု ဝင်းမောင်က မောဟိုက်သောလေသံနှင့် ပြောလေ၏။
သန်းကြည်သည် ငြိမ်လျက်နေပေ၏။ ဖယောင်းတိုင်နှစ်ဆယ့်ငါးတိုင်အားသည် အလွန်ပင်လင်းနေ၏။ အိမ်ဦးခန်းမှာ မဟာမြတ်မုနိပုံတော်သည် ရွှေခြည်မှုံများနှင့်လက်နေလေ၏။ သန်းကြည်သည် စစ်ကိုင်းချောင်ကို သတိရနေလေသည်။
“တံခါးပိတ်ချေပါလေ”
သန်းကြည်သည် ခေါင်းငုံ့၍ “မပိတ်နိုင်ဘူးကွယ်” ဟု ဖြေးညှင်းစွာပြောလေသည်။
“အလို... ဘာဖြစ်တာတုန်း”
“ကျမ နေမကောင်းဘူး” ဟု သန်းကြည်သည် ပြောမိပြောရာ ပြော၏။
ဝင်းမောင်သည် ခဏမျှ တိတ်ဆိတ်၏။ ထို့နောက် တချက်ရယ်ကာ “ဘယ်လောက် လိုချင်သလဲ” ဟု မေးလေ၏။
“ကျမ ပိုက်ဆံရှိသားပဲ” ဟု ဒေါသနှင့်ပြော၏။ စင်စစ်တော့ နှစ်ကျပ်ပြည့်အောင် မရှိချေ။ ဝင်းမောင်ကိုပါးရိုက်လိုက်ချင်၏။ ဆဲရေးတိုင်းထွာလိုက်ချင်၏။ သည်လိုလုပ်၍ ကောင်ကလေးများငိုလျှင် ချော့ပြီးသိပ်လိုက်မည်။ သားငယ်လေးလို ပုခက်လွှဲလိုက်မည်။
သို့သော် သန်းကြည် ဘာမှမလုပ်ရဲချေ။ ငေးစင်းသော မျက်လုံးများနှင့် ကြည့်ကာ “ဖာသယ်ဆီကို ရှင်ဘာဖြစ်လို့ လာချင်တာလဲ” ဟု မပွင့်တပွင့်ပြော၏။
ဝင်းမောင်သည် ရုတ်တရက် နားမလည်ချေ။ နားလည်သည့်အခါ စက်ရုပ်ကြီးလို ခဏတောင့်သွား၏။ ရှက်သွား၏။ စိတ်ဆိုးသွား၏။ နောက်ဆုံးတော့ ပျော့ခွေသွားကာ “နွဲ့ နွဲ့” ဟု တကိုယ်တည်း စွဲလမ်းသော နာမည်ကို တသည်။
သန်းကြည်၏ငေးစင်းသော မျက်လုံးများသည် အသက်ဝင်လာသော် ဝင်းမောင်မရှိတော့ချေ။
ကိုမြမောင်နှင့် မိုးလင်းလင်းချင်း ရန်ဖြစ်ရသည်။
“မင့်လင်ကလေးမို့ ပိုက်ဆံမယူလိုက်တာလား” ဟု ဆဲသည်။
“ပိုက်ဆံလိုချင်ရင် ကျုပ်ရှာပေးပါမယ်ရှင်... ကိုအောင်ခင်ဆီက ခုလိုချင် ခုရပါတယ်” ဟု သန်းကြည်က အော်၏။
ကိုမြမောင်၏မျက်နှာ၌ အဓိပ္ပာယ်ကို ဖမ်းမိဟန်ပေါ်လာ၏။
ချက်ချင်းပင် မကောင်းကြံဟန်သို့ ပြောင်းကာ
“မဟုတ်ဘူး။ မင်း ဒီကောင်လေးဆီက ပိုက်ဆံကိုရအောင်ယူရမယ်။ မဟုတ်ရင် မင်းနဲ့ငါတော့ အသိပဲ” ဟု ကြိမ်း၏။
“ကောင်ကလေးပိုက်ဆံကို တသက်မထိဘူး။ ကျုပ်ကိုလည်း တသက် သူမထိရဘူး”
ကိုမြမောင်သည် အလွန်ဒေါသကြီးလာကာ သန်းကြည်ကို ရိုက်နှက်လေ၏။ သန်းကြည်သည် ငြိမ်၍သာ ခံလေသည်။ ယောင်ပြီး တတောင်နှင့် ခံတွတ်မိသည်ကိုပင် ထိန်းချုပ်ထားသည်။ “သတ်လိုက် သတ်လိုက်” ဟု ဒေါသပြေအောင် အော်မိသည်။
အိမ်၌ တယောက်ထဲကျန်ခဲ့သော် သန်းကြည်သည် ရေမချိုး၊ ခေါင်းမဖြီးဘဲ အိမ်ရှေ့၌ ထိုင်သည်။ ရှိသမျှကို ကိုမြမောင် ယူသွားလေပြီ။ “လောကကြီးမှာ ငွေ... ကွ... ငွေ” ဟု သူကပြောခဲ့သည်။ သန်းကြည်ကတော့ ဂရုမစိုက်။ ဝမ်းဗိုက်ထဲမှာ ဆာလောင်လျက်ရှိသည်။ လေထနေသည်။ ဘယ်နှစ်နာရီရှိပြီလဲ၊ ညနေတော့ စောင်းပြီ။
အိမ်ရှေ့အိမ်၌ ငြိမ်နေသည်။ ဝင်းမောင်ကို ရိပ်ကနဲ ရိပ်ကနဲတွေ့ရ၏။ အလုပ်များနေသလိုပင်။ ကိုမောင်မောင်၏ တယောထိုးသံကို တကြွီကြွီ ကြားရသည်။ ကိုလှတင်နှင့် ရခိုင်ကြီးတော့ မရှိကြချေ။
ကိုအောင်ခင်သည် အိမ်ရှေ့သို့လာရပ်ကာ လိုလိုချင်ချင်ပြုံးပြလေသည်။
သန်းကြည်သည် ဘာမှမသိဘဲ ရမ်းပြီး ဝမ်းသာပြုံး ပြုံးရသည်။
တနာရီခန့် ကြာလျှက် ကားတစီး ဆိုက်လာသည်။ ကောင်ကလေးတွေ အများကြီးပါလာသည်။ ဆူညံဆူညံနှင့် ဝင်းမောင်နာမည်ကို ခေါ်ကြသည်။ အထုပ်အပိုးများကို အိမ်ပေါ်ကချသည်။ ထို့နောက် ဝင်းမောင် ဆင်းလာလေရာ သန်းကြည်သည် ရင်ဒိတ်ကနဲခုန်မိသည်။
ဝင်းမောင်သည် လှမ်းမော်၍မကြည့်။ ရင့်အိုသောမျက်နှာထားနှင့် ကားထဲဝင်ထိုင်လိုက်သည်တွင် သန်းကြည်သည် ကားနံပါတ်ကို မှတ်လိုက်ရသည်။
အောင်ခင်က အိမ်ပေါ်ပြန်ရောက်နေပြီး “ဗျို့... မသန်းကြည်” ဟု အော်နေလေ၏။ ထို့နောက် အူရွှင်စွာ စပ်ဖြဲဖြဲနှင့် သီချင်းဆိုလေ၏။ “လောကကြီးမှာ... လူလာဖြစ်တာ...၊ သေရဖို့ရယ်... နေရဖို့ရယ်... တကယ် သည်နှစ်လမ်း သေရဖို့ မဟုတ်ဘူးနော်” ဟု သူ့ကိုယ်သူ ဆိုရင်း သတိပေးနေသေး၏။
သန်းကြည်သည် ငေးနေလေ၏။ စိတ်ဆွေးမြေ့၏။ ကိုယ်လက်များ အရိုက်ခံထားရ၍ နာနေ၏။ အူတကြုတ်ကြုတ် မြည်နေ၏။ လက်ထဲ၌ ခြူးပြားပင်မကပ်။ မျက်ရည်များ အေးစိမ့်၍ ကျလာ၏။ အပ်ပျောက်မြေကျ ရှာမရသောကြောင့် ရင်ဟာ၏။ အသဲကွဲတယ်ဆိုတာ ဒါပါပဲ။ မဲ့ပြုံးပြုံးကာ “လောကကြီးမှာ ငါဘာဖြစ်လို့ လူလာဖြစ်ပါလိမ့်” ဟု မေးမိ၏။ သို့မေးရသော်လည်း သူမ၏ မျက်ရည်များသည် အမြဲတမ်းပူလောင်လေ့ရှိကာ သည်တခါသာ အေးစိမ့်၍ ကျရသည့်အတွက် ကျေနပ်မိလေသည်။
---
#ကြည်အေး
#နွံအညစ်ဝယ်
#shared_by_louis_augustine
Comments
Post a Comment