ကျွန်တော့် ဘဝဇာတ်ကြောင်း (ဆွေမျိုး) (ပထမတမျိုး) (သော်သော်ကျောင်းနေ နောက်ကျရခြင်း) (သူတို့ ဆွေမျိုးချင်း မလိုတမာ ရှိလိုက်ကြပုံများ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း (ဆွေမျိုး) (ပထမတမျိုး) (သော်သော်ကျောင်းနေ နောက်ကျရခြင်း) (သူတို့ ဆွေမျိုးချင်း မလိုတမာ ရှိလိုက်ကြပုံများ) // သော်တာဆွေ

---

ဆွေမျိုး 

ကျွန်တော်သည် တခါတရံ အလျဉ်းသင့်၍ အိမ်ထောင်ရေးဆောင်းပါးများ ရေးသော အခါ၌ ကြင်ဘက်ရှာသူတို့အား မိမိချစ်သူတယောက်တည်း ဝ,ကွက်မကြည့်ဘဲ ဆွေမျိုးအသိုက် အဝန်း၏ အခြေအနေ၊ စိတ်နေသဘောထားတွေကိုပါ စူးစမ်းဘို့ အကြံဉာဏ်များ ပေးခဲ့ပါ၏။ အကြောင်းမှာ အိမ်ထောင်ကျပြီဆိုလျှင် လင်သည် မယားဘက်က ဆွေမျိုး၊ မယားသည် လင်ဘက် ကဆွေမျိုး စက်ကွင်းထဲသို့ ဝင်ရောက်ရပြီ မလွဲတည်း။ ထိုအခါ ဤဆွေမျိုးတို့က ကောင်းမွန်ပါက စိတ်ချမ်းသာရာရ၏။ မကောင်းဘူးဆိုလျှင် အကြောင်းအမျိုးမျိုးတွေနှင့် စိတ်ဆင်းရဲစရာ ကြုံရတတ်၏။

ဆွေမျိုးဆိုတာတွေကလည်း ကင်းကွာ၍ရသည်မဟုတ်ပေ။ ကိုယ့်အိုးကိုယ့်အိမ်နှင့် သီးသန့်နေပေမင့်လည်း သူတို့ လာကြပေလိမ့်မည်။ ကိုယ်ကလည်း သွားရသောအလှည့်ရှိပေမည်။ ထိုအခါ ချစ်ခင်ကြင်နာမှုရှိကြသည်၊ သူ့ဘက်ကိုယ့်ဘက် မျှတမှုရှိကြသည်ဆိုလျှင် ကောင်း၏။ ကိုယ့်ဘက်ကိုယ် ယက်ချင်တဲ့ လိပ်မျိုးတွေ၊ အနိုင်အထက် ကျင့်ချင်တဲ့ ကျားမျိုးတွေနှင့် တွေ့လျှင်ကား အခြားနိမ်းတတ်လေသတည်း။

ထို့ကြောင့် ဆွေမျိုးအသိုက်အဝန်းကို ကြည့်ဟုဆိုရာ၌ ပထမသူတို့သားအမိ သားအဖ ညီအကို မောင်နှမဆက်ဆံပုံကို ကြည့်ပါ။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာရှိပါသလား၊ အပြောအဆို သိမ်သိမ်မွေ့မွေ့ ရှိပါသလား၊ အပြောအဆို ကြမ်းကြမ်းတမ်းတမ်းနှင့် အကြီးက အငယ်ကို အနိုင့်အထက် ပြုကျင့်တတ်ပါသလား၊ မိဘမသေခင်က အမွေခွဲချင်နေကြသလား...။

ဒုတိယ သူတို့ဆွေမျိုးချင်း ဆက်ဆံပုံ၊ အပေးအယူမျှတပါ၏လော။ မနာလိုဝန်တိုမစ္ဆရိယ ရှိတတ်ပါသလား။ အတင်းအဖျင်းပြောတတ်ပါသလား။ တဦးကိုတဦး ကျွေးချင်မွေးချင် ပေးချင် ကမ်းချင်ရှိပါသလား။ အခြေအနေမြင့်သူက နိမ့်သူကို ဘယ်လိုသဘောထားပါသနည်း။ ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရပေမည်။

ဒီအကြောင်းတွေ ကျွန်တော် ရေးပြနိုင်တာ သော်တာဆွေ စိတ်ကူးဉာဏ်ကောင်းလှလို့ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် ဒီအကောင်းအဆိုးနှစ်မျိုးထဲကို ဝင်ရောက်ခဲ့ရလို့ဘဲဗျို့။ မယုံ မရှိနဲ့ ကိုယ်တွေ့တွေ ကိုယ်တွေ့တွေ၊ ကဲ... လာပါပြီခင်ဗျာ။

---

ပထမတမျိုး

“ဒီမှာ မောင်ကြင်ဆွေရဲ့၊ ဆွေမျိုးကြောင့်ကြ သုံးကြောင့်ကြရှိသကွယ့်၊ ကိုယ့်ထက်သာမှာ စိုးတယ်၊ ကိုယ့်ထက်နာမှာ စိုးရတယ်။ ကိုယ်နဲ့တန်းတူနေမှာ စိုးရတယ်၊ ဘာကြောင့်လဲဆိုတော့ ဒင်းတို့က ကိုယ့်ထက်သာနေရင် ကိုယ်ကအောက်ကျ နောက်ကျဖြစ်မှာပေါ့ကွယ်၊ ကိုယ့်ထက်နာ ကိုယ့်ထက်ဆင်းရဲတယ်ဆိုရင် ကိုယ်ကပေးရကမ်းရလိမ့်မယ်။ ကိုယ့်ဆီလာတောင်းကြ, ရမ်းကြ လိမ့်မယ်။ နို့ပြီး ကိုယ်နဲ့တန်းတူနေတယ်ဆိုရင်လဲ ကိုယ့်ကို ဂုဏ်တုဂုဏ်ပြိုင် လုပ်လိမ့် မယ်ကွယ့်...”

ကဲ... စာရှုသူခင်ဗျာ။ ဒီအတိုင်းဆိုရင်ဖြင့် တောထွက်ပြီး သစ်တပင်ရင်း ဝါးတပင်အောက်မှာ တကိုယ်တည်း တရားကျင့်နေဘိုပဲရှိတော့တယ် ခင်ဗျ။ အိမ်ထောင်သားမွေးမှု မပြုပါလေနဲ့တော့။

ဤဆုံးမဩဝါဒကား ကျွန်တော့်ပထမ ယောက္ခမကြီး၏ မိခင်အဖွားကြီးက ကျွန်တော် သူတို့အိမ်တက်ရောက်၍ မကြာမီမှာ သွန်သင်ပြောပြလိုက်တာ ခင်ဗျ။

တနည်းတဖုံအားဖြင့် ရယ်စရာစကားဟူ၍ ယူဆဘွယ်ရှိသော်လည်း အမှန်စင်စစ်ကား ကျွန်တော့်ယောက္ခမ အိမ်ထောင်နှင့် သူတို့ဆွေမျိုးသားချင်းများ ကျင့်သုံးကြသည်က ဤအတိုင်းပင်။

သမီးယောက်မ၊ ချွေးမနဲ့ ယောက္ခမ ကွယ်ရာတွင် တယောက်နှင့်တယောက် အတင်းပြောကြလား၊ အလွန်ပြော။ လလယ်ရက် ငွေကျပ်လို့ တဦးက တဦးစီချေးရင် အတိုးနဲ့။ ထိုအခါ အတိုး ပေးရသူကလည်း သူများငွေချေးပြီး တနည်းတဖုံ ကြွားသေးဗျ။ ဘယ်လိုလဲဆိုရင်...

“အို... ကျုပ်တို့ ဘဏ်မှာငွေရှိသားဘဲ၊ ကျုပ်တို့ သမီးယောက်မချင်း သူက ဒီငွေတိုးလေးရမှ စားရတာမို့ တမင်ချေးတာပါ”တဲ့။ ကြုံဘူး, ကြားဘူးကြရဲ့လား ကိုယ့်လူတို့။

သူတို့အမျိုးမှာ ညီအကိုမောင်နှမချင်းလည်း မတည့်တတ်ကြ။ တဖြုန်းဖြုန်း ရန်ဖြစ်တတ်၏။ ကျွန်တော့်ဇနီးတွင် မွေးပေါက်ဖော် လေးယောက်ရှိရာ အကြီးဆုံးသည် အငယ်တွေကို အနိုင်ကျင့်တတ်၏။ နာနာကျည်းကျည်း ထိုးခတ်တတ်၏။ ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတတ်၏။ မိဘက သားမြေးများ အပေါ်၌ သဘောထားပုံလည်း မကောင်းပါ။ ကျွန်တော့်သား “သော်သော်” မွေးတဲ့ ၁၉၄၈-ခုနှစ်က ရောင်စုံသူပုန်တွေအားကောင်း၍ “ရန်ကုန် အစိုးရ” ဟု ခေါ်လောက်အောင် နယ်တွေအဆက်အသွယ် ပြတ်သဖြင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းများ အခြေပျက်လေရာ ထိုခဏမှာ ကျွန်တော့်တွင် ဝင်ငွေမရှိ။ ဒီတော့ ကျွန်တော်တို့မိသားစုကို သူထမင်းအလကား ကျွေးမထားနိုင်ပါဘူးဟု ယောက္ခမကြီးက အကုန်နှင်ချ၏။ ဒါကို ကျွန်တော်ခွင့်လွှတ်ပါတယ်။ သို့သော် ယခုတိုင် ကျွန်တော့်စိတ်ထဲ အခဲမကျေနိုင်သည်ကား... ကျွန်တော့်သားအကြီးက “ကျော် ကျော်” မို့ အငယ်ကို “ဇော်ဇော်” ဟု မှည့်မည်ပြုရာ ယောက္ခမကြီးက ဘာပြောတယ်ထင်ပါသနည်း။

“ဟေ့... နင့်သားကို ဇော်ဇော်လို့ မမှည့်နဲ့၊ ငါ့ဦးလေး ဦးဇော်ဖေဆိုတာ ရှိနေတယ်။ ဟိုတုန်းက ပဲခူးမှာ ဌာနာအုပ်ကြီးပေါ့။ နင့်နာမည်ပါတဲ့ “သော်သော်” လို့ မှည့်ပါလားဟဲ့”

ဟု ဆိုသဖြင့် ယခု ကျွန်တော့်သားမှာ “ဇော်ဇော်”မဖြစ်ဖဲ “သော်သော်” ဖြစ်နေပါ၏။

ကဲ... ဘာဆိုင်သနည်း။ ကျွန်တော့်မှာ ငွေကြေးမရှိ၍ အိမ်ပေါ်ကနှင်ချတာ ဘာမျှမပြောလိုပါ။ ဒီကလေး (သူ့မြေး) နာမည်မှည့်တာများ ကျွန်တော့်ငွေမရှိတာနဲ့ သူ့အမေမောင်၊ ဦးလေးနာမည် “ဇော်” တလုံးပါတာနဲ့ “ဇော်ဇော်” မမှည့်ရဘူး ဆိုတာ စာဖတ်သူများ စဉ်းစာကြည့်ကြ စမ်းပါခင်ဗျာ။

သို့သော် ကျွန်တော် ဤကိစ္စကို သူတို့အိမ်ပေါ်မှာပင် ဂလဲ့စားချေခဲ့ရပါသည်။ ကျွန်တော် ဂလဲ့စားချေပုံကား ... ၁၉၅၂-ခုနှစ် ကျွန်တော့်သမီး အထွေးဆုံး မေဘယ်လ် မွေးသောအခါ ကျွန်တော်အိမ်တွင်မရှိ။ ကျေးတောရွာ နောက်ခံထားသော ဝတ္ထုတပုဒ်ရေးရန် ကိုယ့်ရွာသို့ပြန်နေ၏။ ဤဝတ္ထု “ဘွန္တော ကြက်သူခိုး” ပြီး၍ ပြန်လာခဲ့သောအခါ အလဲ့ ... အိမ်မှာ သူ့ဦးလေး ဦးဇော်ဖေဆိုတာ အဖိုးကြီး, အဖွားကြီး လင်မယား၊ သမီးနှစ်ယောက်နဲ့ ရောက်နေသဗျ။
ဒီအချိန် ဒီအခါမှာ ယခင်ဌာနအုပ်ဟောင်းကြီးဟာလဲ ပင်စင်ပါရောင်းပြီး သူ့အဖွားကြီးက ဖဲရိုက်ပစ်လို့တဲ့။ ဖြူခါပြာခါ ကျနေသဗျ။ ဒီတော့ ကျွန်တော့်ယောက္ခမကြီးက ကျွန်တော့် ဘာပြောသလဲသိလား။

“ဟေ့... ဒီမှာ မောင်ကြင်ဆွေ၊ သူတို့လာနေကြတာ မင့်မိန်းမ မျက်နှာမြင်တာကို လာကြတာကွ၊ အခုဒီမှာနေကြတာလဲ ဟိုငါ့ဦးလေး သမီးနှစ်ယောက်က မင့်မိန်းမကို ပြုစုဘို့၊ အနှီး ဘာလျှော်ဘို့ပေါ့ကွာ”

ဆိုတော့ ကျွန်တော်က...

“ဟာ ကောင်းတာပေါ့ခင်ဗျာ...”

အမှန်မှာတော့ ဟိုဟာတွေက စားစရာ,နေစရာမရှိလို့ တက်လာကြတာဗျ။ ဆွေမျိုး ကြောင့်ကြ သုံးကြောင့်ကြမှာ ဒုတိယအကွက် ဝင်နေသကိုးဗျ။ ဒါကြောင့် ကျွန်တော့်ယောက္ခမကြီးက ဘာဆက်လက်ပြောသလဲဆိုရင်... 

“အဲဒီတော့ သူတို့စားစရိတ်ကို မင်းကခံကွာ”တဲ့။ နိပ်ပေ့၊ ကျိတ်ဟ... ။

အဲသည်အချိန်မှာ ကျွန်တော်က အဖေ့ဆီကလဲ ငွေရလာတယ်။ လုံးချင်းဝတ္ထုတပုဒ်ကလဲ ပြီးလာတယ်ဆိုတော့ ငွေကဖြိုးနေသကိုးဗျ။ ဒါကြောင့်သူ့နာမည်မှာ “ဇော်”ပါတာနဲ့ ငါ့သားနာ မည်တောင် “ဇော်ဇော်” မမှည့်ရအောင် ဒီလောက်ကြီးကျယ်မြင့်မြတ်လှတဲ့ ပုဂ္ဂိုလ်ကြီး မိသားစု တော့ ငါက ကျွေးလိုက်မဟဲ့လို့ စိတ်ထဲကခဲပြီး...

“ကျွေးမယ်ဗျာ”

ဟု အာမခံပြီး နေ့စဉ်ဘဲ ကျွန်တော်က ဟင်းလျာကောင်းကောင်းမွန်မွန်တွေ ဝယ်ခြမ်းပေးသဗျ။ ကျွန်တော့်မူရင်း သူ့ကိုပေးနေကျ၊ ထမင်းလခကိုလဲ မပျက်စေရဘူး။ သည်တော့ သူတို့ အဲဒီအမျိုးတွေက ကျွန်တော့်ကို ဘယ်လိုခေါ်ကြမှတ်သလဲ။ “သူဌေးလေး.... သူဌေးလေး” တဲ့။ ဟဲ...ဟဲ..။

စင်စစ်တော့ သူတို့အမျိုးတွေဟာ ဆွေရယ်, မျိုးရယ်လို့ တဦးကို တဦး အိမ်ပေါ်တင်ပြီး ထမင်းကြာကြာကျွေးတဲ့အမျိုးမဟုတ်ဖူးဗျ။ ပြောခဲ့ပြီကော။ သော်သော် မွေးစနှစ်၊ ၁၉၄၈-ခုနှစ် မှာ ကျွန်တော်ဘိုင်ကျလို့ ယောက္ခမကြီးက သမီးနဲ့မြေးတွေကို အိမ်ပေါ်ကမောင်းချ၊ သံလျင်က အဒေါ်က သနားတယ်လို့ခေါ်သွား။ ပယ်ပယ်၊ ကျော်ကျော်၊ သော်သော်၊ ကလေးသုံးယောက်နဲ့ နော်မာဟာ နှစ်လလောက် ကြာခဲ့တယ်။ အဲဒါကို နောက်တိုင်းပြည် အခြေအနေကောင်းလို့ ကျွန်တော်ဝင်ငွေရတော့ရင် ထမင်းကြွေးတောင်းတဲ့အတွက် တလ ၅၀ိ-နှုန်းနဲ့ရက်တွက်ပါ ပေးလိုက်ရသဗျ။

ဒါကိုလဲ ကျွန်တော်ကစိတ်ထဲ တေးထားပြီး အဲဒီအဖိုးကြီး အဖွားကြီးမိသားစုကို ကျွန်တော်က ရက်ရက်ရောရောပြီး ကျွေးနေခြင်းဘဲ။

ဒါပေမယ့် တော်တော် အံ့သြစရာကောင်းတဲ့ အမျိုးတွေခင်ဗျ။ “သူဌေးလေးက ဒီနေ့ ဒို့ကို ဘာဟင်းကျွေးအုံးမယ် မသိဘူးဟေ့” နဲ့ သူတို့ပြုံးပြုံးရွှင်ရွှင် နေ့စဉ် ချက်ပြုတ်စားနေကြလို့ တလက နှစ်လ,သုံးလဝင်လာတော့ ကျွန်တော့်ယောက္ခမကြီးက အဲဒီအဖိုးကြီး အဖွားကြီး မိသားစုကို မသဒ္ဓါချင်ဘူး ဖြစ်လာပြန်သဗျ။ ငါ့သမီးနဲ့ သားမက်လုပ်စာကို ဒင်းတို့အလကား လာစားနေ တယ်ဆိုတဲ့ စိတ်မျိုး ပေါက်လာဟန်တူသဗျ။ နို့ပြီး ဒါတွေအတွက် ငါ့သားမက်ကုန်နေတဲ့ငွေကို ငါရရင် ကောင်းမှာဘဲလို့ တွက်ဆလာတယ်လဲ ဖြစ်လိမ့်မယ်ဗျ။ သူဧည့်သည်တွေအပေါ်မှာ ငြူငြူစူစူဖြစ်လာတယ်။ တနေ့ရွှေဧည့်သည်၊ နှစ်နေ့ ငွေဧည့်သည်လို့ ရွတ်လာတယ်။ အကြောင်းပြချက်ကလေး တခုလဲဖန်တီးလိုက်သဗျ။ 

ဘယ်လိုလဲဆိုရင် အဖိုးကြီးအဖွားကြီးမှာ သမီးနှစ်ယောက် ပါခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တယ် မဟုတ်လား။ တယောက်က အိမ်ထောင်ရှင်၊ လင်နဲ့ ခဏကွဲလာတာ။ ကျွန်တော်တို့ အိမ်ရောက်ပြီး တလမကြာခင်ဘဲ သူ့လင် က လာခေါ်လို့ပါသွားပြီ။ ကျန်တဲ့အငယ်မက အပျိုလေး၊ ဒီဟာလေးနဲ့ကျွန်တော့်ကို ယုတ်ပတ် လာသဗျ။

“အင်း... ဒီအရွယ်တွေဆိုတာ တအိမ်ထဲ ကြာကြာနေလို့ စိတ်ချရတာ မဟုတ်ဖူး၊ နို့ပြီး ကောင်မလေးကလဲ အနေအထိုင် ရဲတင်းပါဘိသနဲ့”

မအေကြီးက စကားခင်းပေးလိုက်တော့ သမီးဖြစ်သူက...

“ဟုတ်တယ်....ကိုကြင်ဆွေကို ပွတ်သီးပွတ်သပ်နေပြီး ကိုကို ကိုကို... နဲ့”

ဟု ထောက်ခံ လိုက်၏။ သူတို့ ရေချိုးခန်းထဲမှာ ပြောနေကြသည်ကို ကျွန်တော်ကကပ်လျက် အိပ်ခန်းထဲမှနေ၍ ကြားနေရ၏။

ကောင်မလေးက ကျွန်တော်နှင့်ရင်းရင်းနှီးနှီးနေ၍ ကိုကိုခေါ်တာမှန်ပါသည်။ သို့သော် ကလေးမက သူတို့ထင်သလို စိတ်မျိုးမဟုတ်ရှာပါ။ ကျွန်တော့်အား ကျွေးမွေးထားသူရယ်လို့ အရေးပေးခြင်းသာ ဖြစ်ပါသည်။

ကျွန်တော့်ဘက်ကလည်း “ခင်ဗျားတို့ အမျိုးထဲတော့ ဒီတယောက်ထဲနဲ့ဘဲ ရေးဆလံ၊ ဒိုးဆလံပါဗျို့” ဟု အော်ပြောလိုက်ချင်ပါ၏။

သည်လိုနှင့် တယ်ပြီးမကြာပါချေ။ နော်မာတို့သားအမိနှင့် ဟိုသားအမိ ပူညံပူညံဖြစ်ကြပြီး ထိုအဖိုးကြီးနှင့် အဖွားကြီးတို့ လစ်ကြပါလေသတည်း။
ထိုအခါ ယောက္ခမကြီးက ကျွန်တော့်အား “မင်းတို့နောက်ထပ်ကလေးတယောက် တိုးလာပြီကွာ၊ ငါ့ကို ထမင်းလခငါးဆယ်တိုးပေးတော့” ဆိုသည်နှင့်အညီ ကျွန်တော်က ပေးလိုက်ပါ၏။

ဤနေရာ၌ ခေတ္တဖြတ်ပြောပါရစေ။ လွန်ခဲ့သောသုံးလလောက်က ကျွန်တော့်သားသမီးများက သူတို့ဆွေမျိုးများမကောင်းကြောင်း ရေးရပါမည်လား၊ သူတို့ဦးလေးက ရှက်လှပါသည် ဆို၍ ကျွန်တော့်ကိုလာပြီး ရန်တွေ့ကြပါ၏။ သည်အခါမှာ ကျွန်တော်က (သော်... ငါ့သားသမီး လေးတွေ စိတ်မကောင်းဖြစ်ရှာကြပါလား) ဟု ဘာမျှပြန်မပြောဘဲ ခေါင်းငုံ့နေလိုက်ပါ၏။ ပယ်ပယ်နဲ့ သော်သော် က “ဒါဒါ... နောက်မရေးပါနဲ့တော့” ဟု တားမြစ်သွားကြသေး၏။ အခု ဒါဒါ စိတ်ထဲရှိတာကို ထုတ်ပြောတော့မယ် သားတို့ သမီးတို့ရေ။ မင်းတို့အဖေဟာ စာရေးဆရာ။ ဟုတ်တာမှန်တာကို မကောင်းမကောင်းဘူး၊ ကောင်းရင် ကောင်းတယ်ရေးရမှာဘဲ။ တနည်းအား ဖြင့်လဲ ဒါဟာ ငါ့ဘဝရှင်းတမ်းဘဲ။ အေး... မင်းတို့ကိုလဲ ငါပြောချင်တယ်။ မင်းတို့မှာ ဟိုဘက် အမျိုးက မကောင်းတဲ့ စိတ်ထားမျိုးရှိမယ်ဆိုရင် ထုတ်ပစ်လိုက်ကြ၊ ခါပစ်လိုက်ကြ။ ညီအကို မောင်နှမဆွေမျိုးသားချင်း ဘယ်လိုစိတ်ထားရမယ်ဆိုတာကို ဒါဒါဘဝကိုယ်တွေ့တွေနဲ့ ရေးပြပါမယ်။ စာဖတ်ပရိသတ် အားလုံးအတွက်ပဲ။ အဲဒါမရောက်ခင် မင်းတို့အမျိုးတွေ မကောင်းခဲ့ပုံတွေ ကျန်သေးတယ်။ ရေးပြဦးမယ်။ အခုလက်ရှိ သက်ရှိတွေနော်။ မယုံရင်မေးကြည့်ကြ။

---

သော်သော်ကျောင်းနေ နောက်ကျရခြင်း 

သော်သော်သည် ၁၉၄၈-ခုနှစ်တွင်မွေးဖွားခဲ့၍ မေနှင့်ကျွန်တော် ညားသော ၁၉၅၄ ခုနှစ် မှာ ၆ နှစ်သားရှိပြီ။ သို့သော်လူကောင်က ငယ်စဉ်က ခပ်ညှက်ညှက်မို့ ကျောင်းမနေရသေး။ ၁၉၅၅-ခုနှစ်၊ ဇွန်လ ကျောင်းတွေဖွင့်စမှာ သော်သော်အား ကျောင်းအပ်တော့မည်၊ ကျောင်းဝင်ကြေးပေးပါဟု ပယ်ပယ်နှင့် ကျော်ကျော် ကလာတောင်း၏။ ထိုစဉ်က ပယ်ပယ်နှင့် ကျော်ကျော် နေကြသော စိန်ဖီလိုမီနာ့စ်မို့ ငွေကတော်တော်လေးများ၏။ သူတို့လာသောနေ့မှာ ကျွန်တော် တို့တွင် ငွေလွယ်လွယ်မရှိသဖြင့် 

“မင်းတို့ဖွားအေကြီးကို ခေတ္တစိုက်ပြီး ကလေးကျောင်းအပ်ထား ခိုင်းလိုက်ပါကွာ၊ နောက်တနင်္ဂနွေတော့ လာခဲ့၊ ဒါဒါပေးပါမယ်”

ဟု ပြောလွှတ်လိုက်၏။

သို့နှင့် နောက်တနင်္ဂနွေ လာကြ၍ 

“ဘယ့်နှယ် သော်သော် ကျောင်းအပ်ပြီးပြီလား” 

မေးတော့၊ 

“မအပ်ရသေးဘူး”တဲ့၊ 

“... နေရာမရဘဲ နေပါအုံးမယ်ကွာ...”

ဆိုတော့...

“မယ်သီလရင်တွေနဲ့ မာမီကြီးနဲ့ခင်တယ်၊ ဘယ်အချိန် သူသွားပြောပြောရတယ်၊ အပ်ပြီးတယ် ဆိုရင် ဒါဒါကငွေမပေးဘဲ နေမှာစိုးလို့တဲ့”

“ဟဲ့... ငါ့သားအတွက် ငါကမပေးဘဲ နေမလားကွ”

ဆိုပြီး သူတို့တောင်းသောငွေကို ပေးလွှတ်လိုက်၏။ သို့သော် နောက်တနင်္ဂနွေလာကြတော့ သော်သော်အတွက် နေရာမရှိတော့၍ မရတော့တဲ့။ ယင်းသို့ဖြင့်သော်သော်သည် ကျောင်းနေတနှစ်နောက်ကျခဲ့ရပါ၏။

သို့သော် သော်သော်က ဉာဏ်ကောင်း၍ တန်းကျော်တွေတက်ခဲ့ရ၏။ တက္ကသိုလ်ဝင် စာမေးပွဲမှာ ဒီသုံးခုရသဖြင့် ဆရာဝန်လိုင်းလိုက်ရ၍ ယခု M.B.B.S နောက်ဆုံးနှစ်၊ အကယ်၍သာ သူ့ဖွားအေကြီး ဒီငွေလေး တပတ်လောက်ကို မတွက်ကပ်ခဲ့ဘူးဆိုလျှင် ယခုနှစ် ကျွန်တော့်သား ဆရာဝန်ဖြစ်နေပြီပေါ့။ ဒီကလေးကျောင်းစရိတ်ဆိုတာက သူတို့ လစဉ်ပေး ၂၅ဝိ အပြင် တောင်းတာနော်။ ကျွန်တော်ပေးခဲ့ပါ၏။ မေကလဲ ကြည်ဖြူခဲ့ပါ၏။

---

သူတို့ ဆွေမျိုးချင်း မလိုတမာ ရှိလိုက်ကြပုံများ

ယင်းသို့ ကျွန်တော်က ငွေကိုမှန်မှန်ပေးနေတော့ သူတို့ဆွေမျိုးချင်း ဘယ်လို တွန်းကြပါသနည်း။

၁၉၅၈ ခုနှစ်၊ မိုးတွေ တဖွဲဖွဲရွာနေခိုက် သူတို့ခြေရင်း ခေါင်းရင်း အိမ်ချင်းကပ်လျက်နေကြသော နော်မာ၏ ညီမတဝမ်းကွဲသည် ထီးမပါ ဘာမပါနှင့် သုတ်သီးသုတ်ပျား ရောက်လာပြီး...

“ကိုကြင်ဆွေ... ကိုကြင်ဆွေ... ရှင်ကတော့ နော်မာ့အကြောင်းဘာမှ မသိဘူး၊ ငွေတွေသာ မှန်မှန်ပေးနေတာဘဲ”

ဟု မေ့ရှေ့တွင် ပြော၍ ကျွန်တော်က...

“ဟဲ့ ... နော်မာ ဘာဖြစ်လို့တုန်း...”

“အိမ်ရှေ့အိမ်က ကျောင်းဆရာတယောက်နဲ့ ဖြစ်နေတယ်တော့၊ အဲဒါသူတို့ကို ငွေမပေးနဲ့တော့...”

ဒီအချိန်မှာ ဒီကောင်မက အသက် ၂ဝ ကျော်၊ အိမ်ထောင်နှင့်။ သူ နော်မာတို့သားအမိနှင့် ရန်ဖြစ်ထားဟန် တူပါသည်။ ဒီတော့ ကျွန်တော်က...

“ဟဲ့...ဒါ...ငါနဲ့ဘာဆိုင်တုန်း၊ ငါတောင် အခုနောက်မိန်းမယူထားပြီဘဲ၊ နော်မာလဲ သူနောက်လင် ယူချင်ယူနိုင်တာပေါ့။ ငါအခုငွေပေးနေတာက ငါ့သားသမီးတွေအတွက် ပေးနေတာဘဲ။ နော်မာလင်ယူလဲ ငါကတော့ ပေးနေမှာဘဲ၊ သွားသွား နင်... ငါ့အိမ်ပေါ်က ခုချက်ခြင်း ဆင်းသွား”

ဟု မောင်းထုတ်လိုက်၏။

ဒင်းလမ်းမ ရောက်သွားမှ ကျွန်တော်နောင်တရ၏။

“တောက်... ဒီဟာမ၊ ငါပါးချလွှတ်လိုက်ရ အကောင်းသား”

အကြောင်းမှာ တနေရာ၌ ဖော်ပြခဲ့သည့်အတိုင်း ၁၉၄၈-ခုနှစ် နော်မာတို့ သားအမိတွေ သူတို့အိမ်သို့သွား၍ ခိုကိုးရစဉ် ကျွန်တော့်သမီး ပယ်ပယ် ကလေး ငါးနှစ်။ သူက အပျိုပေါက်။ သူကျောင်းသွားခါနီး အလှပြင်နေသည်ကို ကလေးက မော်ကြည့်နေမိသဖြင့် ဘာမပြော ညာမပြော ကလေးပါးကို ဖျန်းကနဲ ရိုက်လိုက်၏။ အနီး၌ရှိနေသော ကျွန်တော်က... 

“ဟ.. ဘာဖြစ်လို့ ရိုက်တာလဲဟယ်...”

ဆိုတော့ “ရိုက်ချင်လို့”တဲ့။

---

(ဆက်ရန်)

တင်ခဲ့ပြီးသော အခန်းများ ဖတ်ရန် Link - https://www.facebook.com/112558141233556/posts/168704465618923/

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments