ချက်ကြီးအတွက် အရက် // ဝင်းဖေ
ချက်ကြီးအတွက် အရက် // ဝင်းဖေ
(မဟေသီ၊ ဇွန်၊ ၁၉၉၀။)
---
တောင်ကုန်းကလေးကို ကျော်ပြီး တက်လာတဲ့ ဆရာဘမင်းကို မြင်ကတည်းက ချက်ကြီး ပျာယာခတ် သွားတယ်။ ဆရာဘမင်း ဆိုတာက ချက်ကြီးတို့ တဲကို လာတတ်တယ် ဆိုပေမယ့် တလ တခါ၊ နှစ်လ တခါ ဆိုသလိုပါ။ လာတိုင်း လာတိုင်း ဆရာဘမင်းက သိပ်စကားပြောတာ မဟုတ်ပါဘူး။ ချက်ကြီးတို့ တဲမှာ ထိုင်မယ်၊ အရက်ရှိရင် သောက်မယ်။ မရှိရင်လည်း ရှိတာ ချကျွေးရင် စားမယ်၊ ချက်ကြီးတို့ လင်မယားကို နည်းနည်းပါးပါး ဆုံးမမယ်။ သူ့မှာ ပါလာတဲ့ စာအုပ်ကို ဖတ်မယ်။ ဒါမှမဟုတ် အလွန် စိတ်လိုလက်ရ ရှိရင် စကားနည်းနည်း ပြောမယ်။ ပြောပြန်ရင်လည်း သူ ပြောချင်ရာ ပြောတာပါ။ များသောအားဖြင့်ကတော့ ချက်ကြီးတို့ လင်မယား နားမလည်နိုင်တာတွေပါပဲ။
ဘာပဲပြောပြော ချက်ကြီးကတော့ ဆရာဘမင်းကို လွှတ် အထင်ကြီးနေတာ သေချာတယ်။ ချက်ကြီးကို သုံးလေးခါလောက် ကယ်ခဲ့ဖူးတယ်။ ဒါကလည်း ရန်ဖြစ်ပြီး ရိုက်တဲ့ နှက်တဲ့ ကိစ္စတို့၊ သူ့မြေ ကိုယ့်မြေ အငြင်းပွားပြီး ရန်ဖြစ်ကြတဲ့ ကိစ္စတို့၊ ချက်ကြီး မြမေကို ခိုးသွားတုန်းက အချုပ်ခံရတဲ့ ကိစ္စတို့၊ ဒါပါပဲ။ ဆရာဘမင်းက ကျောင်းဆရာလေ။ တောကျောင်းဆရာပေါ့။ ကြေးစဉ်ရွာက ကျောင်းထိုင်ဆရာတော် ပြီးရင် ဆရာဘမင်း ဩဇာ အရှိဆုံးပဲ။
ကျောင်းဆရာသက်ပဲ အနှစ်သုံးဆယ် ကျော်လာပြီ မဟုတ်လား။ ဗဟုသုတကလည်း သိပ်ရှိတယ်လို့ ပြောတယ်။ ဒါက ရွာကလူတွေ ပြောကြတာပါ။ ချက်ကြီး ကိုယ်တိုင်ကတော့ ဆရာဘမင်း ဘာဗဟုသုတတွေ ရှိတယ်ဆိုတာ ဂဃနဏ သိတာ မဟုတ်ပါဘူး။ ဘာပဲပြောပြော ဆရာဘမင်းကို ချက်ကြီး လွှတ် အထင်ကြီးတယ်။ လွှတ် ရိုသေတယ်။ လွှတ် ကြောက်တယ်။ ချစ်လည်း ချစ်ပါတယ်။
ဆရာဘမင်း ချက်ကြီးတို့ ခြံဝ မရောက်ခင်ကတည်းက အိမ်ရှေ့ အိမ်ဦးခန်းမှာ ချက်ကြီး သင်ဖျာခင်းပြီး ဖြစ်နေပြီ။ လုံချည်ဟောင်း တထည်နဲ့ ကပျာကယာ ဖုန်ခါ ပြီးနေပြီ။ အကြမ်းအိုး ပြေးယူပြီး ချထားနှင့်ပြီ။ မြမေတို့ ရွာသာဘက် သွားနေလို့ပေါ့။ နို့မို့ မြေပဲလေး ကြော်ခိုင်းရ ကောင်းသား။
ဆရာဘမင်း တဲပေါ် တက်လာတော့ ထူးထူးထွေထွေ နှုတ်ဆက်လည်း မနေ၊ ဘာမှလည်း မမေးသေး။ ခင်းထားတဲ့ သင်ဖျာပေါ်လည်း မထိုင်။ ကပြင်နဲ့ အိမ်ရှေ့ခန်း အကြား တပေလောက် အနိမ့်အမြင့် ဖြစ်နေတဲ့ နေရာလေးမှာပဲ ထိုင်ချလိုက်တယ်။ ဦးထုပ်ကို ချွတ်ပြီး ယပ်ခတ်ရင်း အမောဖြေနေတယ်။ ဆရာဘမင်းကို ချက်ကြီးက အကြောက်လွန်၊ အရိုအသေ လွန်နေတော့ သင်ဖျာပေါ် ထိုင်ပါ ဆရာ၊ ဘာညာနဲ့ လောကဝတ်တောင် မပြောရဲပါဘူး။ ကြိုက်သလို ထိုင်လိုက်တာကိုပဲ ကြည့်နေရတယ်။ သူ့ကို ဘာမှ မပြောသေးဘဲ အချိန် ကြာလာတော့မှ ကြောက်ကြောက်နဲ့ မေးရတယ်။
“ဆရာကြီး နေကောင်းတယ်နော်”
ဒီလို မေးလိုက်ပေမယ့် ဆရာကြီးက ချက်ကြီးကို လှည့်လည်း မကြည့်ဘူး၊ ဖြေလည်း မဖြေပါဘူး။ သူ့ဟာသူ အမောဖြေတဲ့ အလုပ်ကိုပဲ ဆက်လုပ်နေတယ် အတော်ကြာမှ ...
“နေကောင်းလို့ မင်းဆီ လာနိုင်တာပေါ့ကွ”
“ဟုတ်ကဲ့”
တခါ ဘာမှမပြောဘဲ ငြိမ်နေကြပြန်ရော။ ခဏကြာတော့ ဦးထုပ်ကို ဘေးချလိုက်တယ်။ ချက်ကြီးက အဲဒီ ဦးထုပ်ကို အဝင်ဝဘေးက စင်မြင့်ကလေးပေါ် တင်ပေးထားဖို့ စဉ်းစားသေးတယ်။ ဒါပေမဲ့ ကြောက်တာနဲ့ မလုပ်ဖြစ်ပါဘူး။ အိမ်ရဲ့ အလယ်တိုင်နားမှာ ခပ်ရို့ရို့ကလေး ထိုင်ချ လိုက်တယ်။ ဒီတော့မှ ဆရာဘမင်းဆီက အသံ ထွက်လာပြန်တယ်။
“မြမေရော”
“'ဟုတ်ကဲ့၊ မနေ့က သူ့အရီးလေး လမ်းကြုံလို့ ဝင်လာရင်း ...”
“မြမေ အိမ်မှာ ရှိ မရှိသာ ဖြေစမ်းပါကွာ”
“ဟုတ်ကဲ့၊ မရှိဘူး ခင်ဗျ”
“မင်းဆီမှာ အရက် ရှိလား”
“အဲ ... ကျွန်တော်လည်း သတိတော့ရသား၊ ဒါပေမဲ့”
“ရှိသလား၊ မရှိဘူးလား မေးတာပါကွာ”
“ဟုတ်ကဲ့၊ မရှိဘူး ဆရာ၊ ဒါပေမဲ့ ကျွန်တော့်မှာ ပိုက်ဆံ”
“မလိုပါဘူးကွာ၊ ပိုက်ဆံကတော့ ငါ့လည်း ပါပါတယ်”
“ကျွန်တော် ကျွန်တော် သွားဝယ်လိုက်မယ်လေ ဆရာ”
“နေပါစေကွာ၊ သွားရမှာ ဝေးလိုက်တာ၊ နေကလည်း ပူသေး၊ ပြီးတော့ မစောင့်နိုင်ဘူးကွ”
“ဟုတ်ကဲ့”
ဆရာဘမင်းက ဒါဆို ဒါပဲ၊ အထွန့်မတက်နဲ့၊ သူက ကြိုက်တာ မဟုတ်ဘူး။ ချက်ကြီးလည်း သတိကြီးကြီးနဲ့ ငြိမ်နေလိုက်ရတယ်။ ဆရာဘမင်းက အပြင်မှာ နေပူနေတာကို ခဏ ကြည့်နေသေးတယ်။ ပြီးမှ ...
“မင်းဆီမှာ အရက်ပုလင်းခွံရော ရှိလား”
“ဟုတ်ကဲ့၊ ရှိပါတယ်”
“ပေးစမ်း”
ချက်ကြီးက အရက်ပုလင်း အလွတ်ကို အမြန်ဆုံး ယူပေးလိုက်တယ်။ တော်ပါသေးရဲ့၊ ပုလင်းက ဆေးပြီး ကြောပြီးသား၊ သန့်သန့် ရှင်းရှင်းပဲ။ ဒါပေမဲ့ ဆရာဘမင်းက သေသေချာချာ ပြန်ကြည့်သေးတယ်။ ပြီးတော့မှ ရေအိုးစင် ရှိရာကို သူ့ဟာသူ ထသွားတယ်။ ချက်ကြီးလည်း ဘာမှ ဝင်မပြောရဲတော့ ဒီအတိုင်း ကြည့်နေရတယ်။ ဆရာဘမင်းက အရက်ပုလင်းထဲကို ရေအိုးစင်က ရေတွေ အပြည့် ထည့်လိုက်တယ်။ ပြီးတော့မှ သူ့နေရာသူ ပြန်ထိုင်တယ်။ အရက်ပုလင်းကို သေသေချာချာ စူးစူးစိုက်စိုက် ကြည့်တယ်။ နောက်ပြီး ပုလင်းဝကနေ နမ်းကြည့်တယ်။ အရက် စစ် မစစ် နမ်းကြည့်တဲ့ ဟန်ပဲ။ ပြီးတော့မှ ချက်ကြီးကို လှမ်းကြည့် ပြီး ...
“ပေးစမ်း၊ အဲဒီ ထင်းရှူးသေတ္တာလေး၊ ဒီနားယူခဲ့”
ချက်ကြီးက ဆပ်ပြာသေတ္တာငယ်လေးကို ယူပြီး ရွှေ့ပေးလိုက်ရတယ်။ ဒီတော့ ဆရာဘမင်းက ပုလင်းဝကို ထပ်ပြီး နမ်းကြည့်ပြန်တယ်။ ပြီးတော့မှ သေတ္တာလေးပေါ်ကို ပုလင်းကို တင်လိုက်တယ်။
“မင်းမှာ ဘာမြည်းစရာ ရှိသလဲ”
“ရှိတယ် ခင်ဗျ၊ ပဲလှော်ကြော်ကို ကြက်သွန်နဲ့ သုပ်လိုက်မယ်”
“အေး ... ကောင်းတယ်၊ ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက်လည်း ယူခဲ့ကွာ”
“ဟုတ်ကဲ့”
ချက်ကြီး တတ်နိုင်သမျှ မြန်အောင် လုပ်ပေးပါတယ်။ ပဲလှော်ကြော်သုပ်ကို ချပေးနေတုန်း ...
“ဖန်ခွက်နဲ့ ရေထည့်ဖို့ မတ်ခွက် မြန်မြန် လုပ်ကွာ”
“ဟုတ်ကဲ့”
ချက်ကြီး ခုမှ စဉ်းစားမိတယ်။ ရေပုလင်းလည်း ရှိနေပြီ။ နောက်ထပ်လည်း ရေထည့်ဖို့ မတ်ခွက်ပေးဦး ဆိုတော့ ဘယ်လိုလဲ။ ဘာမှ စဉ်းစားမနေနဲ့၊ ဆရာက ပေးဆို ပေးလိုက်၊ စကားရှည်မနေနဲ့။
“ဖန်ခွက်ဟောင်းလေးနဲ့ ရေထည့်ဖို့ မတ်ခွက်ကို ယူလာခဲ့တော့၊ လုပ်ကွာ မြန်မြန်၊ မတ်ခွက်ထဲ ရေထည့်စမ်း”
“ဟုတ်ကဲ့”
ချက်ကြီး ရေခပ်အပြီး လှည့်ကြည့်တော့ ဆရာဘမင်းက ပုလင်းထဲက ရေကို ဖန်ခွက်ဟောင်းလေးထဲ ဂရုတစိုက် ငှဲ့ထည့်နေပြီ။ သူ့ ကြည့်ရတာ အရက်ငှဲ့နေတဲ့ အတိုင်းပါပဲ။ တကယ်တော့ ရယ်စရာကြီး။ ဒါပေမဲ့ ချက်ကြီးမှာတော့ ရယ်ဖို့ သတိတောင် မရပါဘူး။ ချက်ကြီးအဖို့ ဆရာဘမင်း မေးရင် ဖြေလိုက်၊ ခိုင်းရင် လုပ်လိုက်၊ တောင်းရင် ပေးလိုက်။ ဘာမှ အထွန့်တက် မနေနဲ့။ အထွန့်တက်မိလို့ အငေါက်ခံရပေါင်းလည်း များလှပြီ။ သူ ပြောတဲ့အတိုင်း လျှောက်လုပ်လို့ အကျိုးခံစားရပေါင်းလည်း များလှပြီ။
မတ်ခွက်ကို ချပေးနေတုန်း ဆရာဘမင်းက ဖန်ခွက်ကို နှုတ်ခမ်း တေ့ပြီး စသောက်ပါတယ်။ ချက်ကြီး သေသေချာချာ သတိထားမိပါတယ်။ ဆရာဘမင်းဟာ အတော်ပြင်းတဲ့ ချက်အရက်ကို သတိနဲ့ သောက်နေတဲ့ပုံ။ တကယ့်အစစ်ပဲ အဲဒီလို မော့ချပြီးတဲ့နောက် ချက်ချင်းဆိုသလို မတ်ခွက်ထဲက ရေတကျိုက်ကို ကပျာကယာ သောက်ချလိုက်ပါတယ်။ ဘယ်လိုလဲ၊ ရေနဲ့ ရေနဲ့ ရောသောက်နေတာ၊ ဒါပေမဲ့ ချက်ကြီးမှာ အံ့ဩတဲ့ အမူအရာတောင် မပြရဲပါဘူး။ ဣန္ဒြေရရနဲ့ အလယ်တိုင်နား ပြန်လာပြီး ထိုင်နေလိုက်ရတယ်။ ဆရာဘမင်းက ပဲလှော်ကြော်သုပ်ကို စမြည်းနေပြီ။
“ချက်ကြီး၊ မင်း ဘာလုပ်စရာရှိလဲ လုပ်၊ လုပ်၊ မင်းလုပ်စရာ ရှိတာသာလုပ်၊ ငါတော့ အိုကေသွားပြီ”
ချက်ကြီး ခပ်မြန်မြန်ပဲ အိမ်နောက်ဘက်ကို ထွက်ခဲ့တယ်။ နေစမ်းပါဦး၊ ဆရာဘမင်းက ဘယ်လိုလဲ။ ပုလင်းထဲမှာ ကျန်နေတဲ့ အရက်နံ့ ကလေးနဲ့ ရေနဲ့ ရောပြီး ရသေ့စိတ်ဖြေ လုပ်နေတာလား။ ဒါလည်း မဖြစ်နိုင်ပါဘူး။ ပုလင်းက မြမေ ဆေးထားလို့ အရက်နံ့လည်း မရှိပါဘူး။ စောစောက နမ်းတောင် ကြည့်မိသေးတာပဲ။ ထားပါလေ။ သူ့ဟာသူ ဘာလုပ်လုပ်ပေါ့။ ဆရာဘမင်း လုပ်နေတာတွေကို အရင်ကလည်း ချက်ကြီး နားမလည်ခဲ့တာ များပါတယ်။
ပြောလို့သာ ပြောရတယ်။ ချက်ကြီး အိမ်တွင်း အိမ်ပြင် လုပ်စရာ ရှိတာ ဆက်လုပ်ရင်း ဆရာဘမင်းကို လှမ်းလှမ်း ကြည့်မိတာတော့ အမှန်ပဲ။ ဆရာဘမင်းကတော့ မှန်မှန်ပဲ။ ပုလင်းထဲက ဖန်ခွက်ထဲကို ငှဲ့လိုက်၊ မော့ချလိုက်၊ မတ်ခွက်ထဲက ရေကို မျှောချလိုက်၊ ပဲလှော်ကြော် စားလိုက်နဲ့။ သူ့ဟာသူတော့ မိနေတာပဲ။ တခုတော့ ရှိတယ်နော်။ ပုလင်းတဝက် လောက်လည်း ကျိုးရော၊ ဆရာဘမင်းရဲ့ မျက်နှာကြီး တခုလုံးဟာ နီရဲ လာတယ်။ မျက်ထောင့်တွေလည်း နီလာတယ်။ ချက်ကြီးတော့ ဘယ်လိုမှကို နားမလည်တော့ဘူး။ ကြာတော့ ဆရာဘမင်း သောက်နေတာကို ကြည့်ပြီး သူ့ဟာသူလည်း တံတွေး မျိုချနေမိတယ်။ သူ့ကိုယ်သူ သတိ ထားမိသလား၊ မထားမိလားတော့ မပြောတတ်ဘူး။
နာရီဝက်လောက် ကြာတော့ တပုလင်း ပြတ်တာပဲ။
“ချက်ကြီးရေ”
“ခင်ဗျာ”
“လာစမ်းပါဦးကွာ၊ နောက်တပုလင်း ထပ်ထည့်စမ်းပါဦး”
“ဟုတ်ကဲ့”
ပုလင်းထဲကို သောက်ရေအိုးထဲက ရေတွေ ဖြည့်ပေးနေတုန်း ချက်ကြီး နည်းနည်း စဉ်းစားကြည့်သေးတယ်။ ဘာစဉ်းစားလို့ ရမှာလဲ၊ ဒီကောင် ဘာကောင်မို့လို့ ဒါတွေ နားလည်နိုင်မှာလဲ။ မလိုပါဘူး၊ စဉ်းစားစရာလည်း မလိုပါဘူး။
ချက်ကြီးက ပုလင်းကို ထင်းရှူးသေတ္တာပေါ် ပြန်ချပေးတာ နည်းနည်း ကရော်ကမယ် ဖြစ်သွားတယ်။ နည်းနည်းပါ။ ဒါပေမဲ့ ...
“ခွေးမသား”
ဟော ... ကြည့်။ ဆရာဘမင်းက ချက်ကြီးကို စ ဆဲပြီ။ ဒါကိုတော့ ချက်ကြီး ကောင်းကောင်းသိတယ်။ ဆရာဘမင်း မူးပြီဆိုရင် အဆဲကလေး ပါလာတတ်တယ်။ မမူးရင် ဘယ်တော့မှ မဆဲဘူး။ ခု ဆဲပြီ၊ သေချာတာပေါ့။ ဆရာဘမင်း မူးနေပြီ၊ မူးတာမှ တော်တော်မူးနေပြီ။ ခက်တာက ဘာသောက်ပြီး ဘာကြောင့် မူးရမှာလဲ။ ဒါလည်း ချက်ကြီး ဘယ်သိမလဲ။ ဘာဖြစ်ဖြစ်လေ၊ သူ့ဟာသူ ဘာကြောင့် မူးမူး သူ ကျေနပ်ရင် ပြီးတာပဲ မဟုတ်လား။
ချက်ကြီး အကြာကြား ဦးနှောက်ခြောက်စရာ မလိုပါဘူး။ ဆရာ ဘမင်း ခဏသာ ဆက်သောက်လိုက်ရတယ်။ ပုလင်းတဝက် ကျိုးသွား ပြန်တယ်။ ပဲလှော်ကြော်သုပ်လည်း သံပန်းကန်ပြား တဝက်ကျော် ပြုတ်သွားပြီ။ ဘာအဆက်အစပ်မှ မရှိဘဲ ချက်ကြီးကို ခွေးမသား ခွေးမသားနဲ့ သုံးလေးခွန်း ဆဲပြီးပြီ။ မျက်လုံးတွေလည်း အတော်ကြီး ရီဝေနေပြီ။ ဘေးမှာ ချထားတဲ့ ဦးထုပ်ကို ကောက်ကိုင်လိုက်ပြီး ဆရာဘမင်း နေရာက ထလိုက်တယ်။ ဖျတ်ခနဲ ရုတ်တရက် ထလိုက်လို့လားတော့ မပြောတတ်ဘူး၊ ယိုင်တောင် သွားလိုက်သေး။
ကောင်းကောင်း မတ်တတ်ရပ်မိပြီ ဆိုတော့ မျက်ထောင့်နီကြီးနဲ့ ချက်ကြီးကို ကြည့်တယ်။ ချက်ကြီးလည်း ဘာပြောမလဲ၊ ဘာတောင်းမလဲ ဆိုပြီး ပြန်ကြည့်ရင်း စောင့်နေရတယ်။
ဘာမှ မပြောပါဘူး။ ဘာမှလည်း မတောင်းပါဘူး။ ဖျတ်ခနဲ လှည့်ပြီး ချက်ကြီး အိမ်ပေါ်က ဆင်းလိုက်တယ်။
“သွားမယ်ကွာ”
“ဟုတ်ကဲ့ခင်ဗျ”
ဆရာဘမင်းဟာ ယိုင်တိုင် ယိုင်တိုင်နဲ့ ထွက်သွားတယ်။ ခြံဝမှာ ယိုင်သွားလို့ ခြံတိုင်ကို ကိုင်ထားလိုက်ရသေးတယ်။ ခဏနေမှ သူ့ကိုယ်သူ အနိုင်နိုင်ထိန်းရင်း ထွက်သွားတယ်။ တောင်ကုန်းကလေးကို ကျော်တော့မယ့် အချိန်မှာ သိုင်းကွက်တောင် နင်းသွားသေးတယ်။
ဆရာဘမင်း တောင်ကုန်း တဖက်ကို ရောက်ပြီး ပျောက်ကွယ်သွားတဲ့ အချိန်မှာ ချက်ကြီး သက်ပြင်း မချမိပါဘူး။ ဘယ်သက်ပြင်း ချနိုင်မလဲ၊ ကပျာကယာ ပုလင်းလက်ကျန်
ရှိရာကို ပြေးရတာကိုး။
ပုလင်းက တဝက်တောင် ကျန်သေးတာပဲ။ ချက်ကြီးလည်း အာခေါင်ခြောက် နေတာကို စိတ်ရှည်ရှည်နဲ့ ထိန်းရင်း တခွက် ငှဲ့သောက် လိုက်တယ်။ မတ်ခွက်ထဲက ရေနဲ့ မျှောချလိုက်၊ အမြည်းစားလိုက်နဲ့ လက်ကျန်ကို ရှင်းနေတယ်။ ဘာမှ မကြာလိုက်ပါဘူး၊ ပုလင်းလည်း ကုန်၊ ပဲလှော်ကြော် ပန်းကန်လည်း ပြောင်၊ မတ်ခွက်ထဲက ရေတောင် မကျန်ဘူး။
ခဏနေတော့ မြမေလည်း ပြန်ရောက်လာတယ်။ အမြဲတမ်း မိန်းမ ကြောက်ရတဲ့ ချက်ကြီးက မူးပြီး ဆဲလို့တဲ့၊ လင်မယား နှစ်ယောက် ရန်ဖြစ် လိုက်ကြတာ ချက်ကြီး နောက်စေ့ကွဲသွားမှ ပွဲပြီးသွားဆိုပဲ။
----
#ဝင်းဖေ
#ချက်ကြီးအတွက်အရက်
#shared_by_louis_augustine
Comments
Post a Comment