ကျွန်တော့် ဘဝဇာတ်ကြောင်း (ပစ်စာတစောင်) (အရေးပေါ် ကြားဖြတ်မှာကြားချက်) (ရှုမဝ ဦးကျော်မည်သော ဇွဲသတ္တိခဲ) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း (ပစ်စာတစောင်) (အရေးပေါ် ကြားဖြတ်မှာကြားချက်) (ရှုမဝ ဦးကျော်မည်သော ဇွဲသတ္တိခဲ) // သော်တာဆွေ

---

ပစ်စာတစောင်

ကျွန်တော်ငွေမှန်မှန် ပေးနေသည်ကို နော်မာအား မနာလိုသူကား ဒီဟာမတကောင်ထဲ မဟုတ်သေး။ နောက်တကောင် ရှိနေသေး၏။ သူ့ပစ်စာမှာ နာမည်မပါသော်လည်း လူချင်း နီးနီးကပ်ကပ် နေခဲ့ဘူးတာကလား။ သူ့လက်ရေးနှင့် သူ့လေသံကို ကျွန်တော်သိတာပေါ့။ နော်မာနှင့် ဆွေမျိုးချင်း အလွန်ရင်းပါသည်။ သူ့စာမှာ...

ဟဲ့... ကြင်ဆွေ နင်က အဝေးမှာနေပြီး ဘာမှမသိဘူး။ နင့်မယားကို ငွေမှန်မှန်ပေးနေတယ်။ နင့်ဟာမက ခုနောက်မီးလင်းနေပြီ သိရဲ့လား။ နင် နွားကျခံပြီး ငွေပေးမနေနဲ့တော့။

နင့်ကို နွားမဖြစ်စေလိုသူ 

ကျွန်တော်က ဤစာနှင့်ပူးတွဲ၍ အရင်ဟိုဟာမ ပြောသွားတာတွေပါ ရေးထည့်ပြီး နော်မာ့ထံသို့ သူတို့ပြောတာတွေ ဟုတ်နေလျှင် နော်မာ ကောင်းမွန်စွာ အိမ်ထောင်ပြုနိုင်ပါသည်။ ယင်းသို့ပြုသော်လည်း ကျွန်တော်က ကိုယ့်သားသမီးအတွက် ပေးနေသော ငွေကိုတော့ မှန်မှန်ပေးနေမှာဘဲဟု စာရေးလိုက်၏။

သို့သော် နော်မာသည် သူတို့ စွပ်စွဲသကဲ့သို့ မဟုတ်ပါချေ။ အကယ်၍ နောက်အိမ်ထောင်ပြုသွားလည်း ကျွန်တော် အလွန်ဝမ်းသာပါလိမ့်မည်။

ဪ... နော်မာတို့အဖြစ်ကလည်း...
ကျွန်တော်သူ့ကို အလွန်သနားပါသည်။ 
သနားရာမှ “ဒီလောက်တောင်ဟယ်...” ဟု ဒေါသလည်းထွက်ရ၏။

ဥပမာတခု ပြပါမည်။ ၁၉၆၂-ခုနှစ် တနေ့သော နံနက်ခင်း၌ သူသည်တယောက်တည်း ကျွန်တော့်အိမ်သို့ မလာစဖူး စိတ်ညစ်ညူးသောမျက်နှာနှင့် ရောက်လာ၏။ သူဘယ်လိုဖြစ်လာပါသနည်း။ ကျွန်တော် စိတ်မကောင်း။ အကျိုးအကြောင်း မေးကြည့်တော့...ဪအဖြစ်က ဒီလိုတဲ့ဗျာ။

သူတို့နဲ့ခေါင်းရင်းအိမ်က မိန်းမကြီးနဲ့ ရန်ဖြစ်သတဲ့။ ဒီတော့ အဲသည်အဒေါ်ကြီးက “နင်တို့ဟာ မောင်ကြင်ဆွေပေးလို့ စားနေရတာ၊ အခုမောင်ကြင်ဆွေကို နောက်ထပ် ငွေမပေးတော့ဘို့ သွားပြောမယ်” ဆိုလို့တဲ့ဗျာ။ အဲဒါ အခုဒီမိန်းမကြီး လာပြောသွားပြီလား၊ သူဘယ်လိုပြောပြော ကျွန်တော်က ငွေမပေးဘဲတော့ မနေပါနဲ့ လာပြော တာတဲ့ဗျာ။

ဒီမိန်းမကြီးနဲ့ ကျွန်တော်က ဘာမှတော်တာလဲ မဟုတ်၊ အိမ်ချင်းကပ်နေခဲ့၍ လူချင်းသိရုံဘဲ။ ဒီအဒေါ်ကြီးကလဲ ကြံကြံဖန်ဖန် ခြိမ်းချောက်တယ်။ ဒါကြောင့်...

“ဖြစ်မှဖြစ်ရလေ နော်မာရယ်၊ ဘယ်သူက ဘာပြောပြော၊ ငါ့သားသမီးအတွက် ငွေကိုတော့ ငါပေးမှာပေါ့ဟ” ဆိုပြီး အနီးရှိ မေအား...

“အခု ဒီလထဲအတွက်ကော ပေးပြီးပြီလား”

မေက “ပေးပြီးပါပြီ” ဟု ပြော၍ နော်မာက “ရပြီးပါပြီ ကိုကြင်ဆွေ။ ကျေးဇူးတင်ပါတယ် မေရယ်” ဟု ဆိုပြီးမေ့လက်ကို သူကကိုင်၏။

“ကဲ... ဒါဖြင့် နော်မာစိတ်အေးလက်အေး၊ စိတ်ချလက်ချသာ ပြန်ပေရော့၊ မေသူ့ကို ဘတ်စ်ကားဂိတ်ရောက်အောင် လိုက်ပို့လိုက်စမ်းကွာ”

အမျိုးသမီးနှစ်ဦး တယောက်လက် တယောက်ကိုင်၍ လမ်းမရောက်သွားကြတော့ ကျွန်တော် သူတို့ကိုကြည့်ကာ အတိတ်ဆီသို့ ပြန်သွားမိသည်။

၁၉၄၂-ခုနှစ်၊ နော်မာနှင့် ကျွန်တော်ညားကြတော့ သူက ဆယ့်ငါးနှစ်၊ ကျွန်တော်က နှစ်ဆယ့်သုံးနှစ်။ နော်မာနှင့် ကျွန်တော် ဆယ့်နှစ်နှစ်ပေါင်းခဲ့ပြီး၊ ၁၉၅၄-ခုနှစ်မှာ မေနှင့် ကျွန်တော်ညားကြတော့ မေကနှစ်ဆယ်၊ ကျွန်တော်က သုံးဆယ့်ငါးနှစ်။

နော်မာနှင့် ကျွန်တော်သည် တလမ်းတည်း အိမ်ချင်းနီးကပ်စွာ နေခဲ့ကြ၍ လူချင်း မြင်တွေ့ပြီး ချစ်ကြိုက်ခဲ့ကြသည်။

မေနှင့် ကျွန်တော်သည် အလွန်ဝေးကွာသော မြို့များမှ လူချင်းမမြင်ဘူးပဲလျက် သော်တာဆွေဝတ္ထုတွေ နှစ်သက်ခဲ့ရာမှ လူချင်း ချစ်ကြိုက်ခဲ့ကြသည်။
နော်မာက စာရေးဆရာကိုမသိ၊ ငွေကိုသာကြည့်တတ်သည်။ မေက ကျွန်တော့်ကို သော်တာဆွေ၊ အနုတ်လက္ခဏာ တလ ၂၅ဝိနှင့် ယူခဲ့သည်။ ဤကား နော်မာနှင့်မေ ခြားနားချက်။ သူတို့ချင်း ခြားနားသလို သူတို့ဆွေမျိုးချင်းလည်း ခြားနားလှ၏။

---

အရေးပေါ် ကြားဖြတ်မှာကြားချက်

စာဖတ်သူများ ခင်ဗျား -

ကျွန်တော့်ဇနီးနှစ်ယောက်နှင့် သူတို့ဆွေမျိုးများ အကြောင်းရေးနေရာမှ ယခု ရှူမဝ ဦးကျော်အကြောင်း ကြားဖြတ်ဝင်ရသည်မှာ ဤ“ကျွန်တော့်ဘဝ ဇာတ်ကြောင်း”ကို ရှုမဝတွင် လစဉ် ရေးနေခိုက် ထိုလ (ဖေဖော်ဝါရီ၊ ၁၉၇၄) တွင် ဦးကျော်အနိစ္စရောက်ပါသဖြင့် သူ့အကြောင်းကို ကျွန်တော်ရေးရန် တာဝန်ရှိသည်နှင့် ရေးလိုက်ရပေရာ ယင်းဆောင်းပါးသည် ကျွန်တော့်ဖြစ်အင် တစိတ်တဒေသ ပါဝင်နေ၍၎င်း၊ ဦးကျော်အကြောင်းကို ကျွန်တော့်ဘဝ မှတ်တမ်းထဲတွင် ပါဝင်စေလို၍၎င်း ထည့်သွင်းလိုက်ခြင်း ဖြစ်ပါသည်။

---

ရှုမဝ ဦးကျော်မည်သော ဇွဲသတ္တိခဲ

၁၉၄၇-ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယသီတင်းပတ်၊ တခုသော နံနက်ခင်း၌ လမ်းလျှောက် တုတ်ကိုင်၍ ဆေးတံကြီးခဲထားသော အသားညိုညို။ အရပ်ရှည်ရှည် လူကြီးတယောက်နှင့် လက်ဆွဲသားရေအိတ် ကိုင်ထားသည့် အသားဖြူဖြူ၊ အရပ်ပြတ်ပြတ် လူငယ်တယောက်သည် ရန်ကုန်မြို့၊ ဗိုလ်ချုပ်ဈေး အနောက်ဖက်တန်း၊ အခန်းနံပတ် ၁၄၆-တွင်ဖွင့်ထားသော သံတခါး ပေါက်မှ ဝင်ခဲ့ကြပြီး အတွင်းမှာ လူတယောက်မှမတွေ့ရ၍ လူငယ်က အပေါ်ထပ် လှေကားဝ ကို မျှော်ကြည့်လျက် ...

“ရှုမ၀ဦးကျော်ရှိပါသလား ခင်ဗျာ”

ဟု မေးလိုက်လေ၏။

ထိုသူနှစ်ဦးအနက် လူကြီးက ဆရာကြီးရွှေဥဒေါင်း၊ လူငယ်က သော်တာဆွေ။ သူတို့သည် မန္တလေးမြို့မှ ရန်ကုန်၊ ယခုမနက်ဆိုက်ရထားနှင့် ရောက်လာကြခြင်းဖြစ်သည်။  

ကျွန်တော်သည် ထိုနေ့နံနက်ခင်းက ဖော်ပြခဲ့သော အခန်းအပေါ်ထပ်မှ ဆင်းလာခဲ့သော ရှုမ၀ဦးကျော်ကို ယခု ၁၉၇၄-ခု၊ ဖေဖော်ဝါရီလ ၂၅-ရက်၊ နေ့လယ် ၃-နာရီခန့်၌ ကြံတောသုဿာန်က သင်းချိုင်းဂူထဲသို့ ဝင်သွားခဲ့ သည်အထိ၊ စိစစ်လေ့လာကြည့်ရှုခဲ့ရာ ရှုမဝ ဦးကျော်သည် အင်မတန် ဇွဲသတ္တိကောင်းသူ၊ အလွန်ဝိရိယရှိသူ၊ အလုပ်တခုကို မဖြစ်မနေလုပ် တတ်သူဖြစ်လျက် လူချင်းပေါင်းသင်းဆက်ဆံမှုမှာလည်း တဖက်သားကိုကူညီတတ်ခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ရန်ငြိုးအာဃာတမထားတတ်ခြင်းတို့ဖြင့် ပြည့်စုံလှပါပေ၏။

အောက်ပါစာကို ကြည့်စမ်းပါ။

ရှုမဝတိုက်
စာတည်းအဖွဲ့နှင့် ပုံနှိပ်ဌာန
အမှတ်၁၊ ဆင်းဒဝစ်လမ်း၊ ရန်ကုန်။

၁၁၊ ၁၀၊၅၈။

သော်တာဆွေသို့ ခင်ဗျားသည် စော်ကားလွန်းအားကြီးသည်။
ခင်ဗျားပြုမူပုံသည် ကျွန်တော်၏ လူငယ်များကို အုပ်ထိန်း၍မရလောက်အောင် ဖြစ်နေပြီ။
ကျွန်တော်တသက်နဲ့တကိုယ် ဘယ်သူ၏လက်နဲ့မျှ အရွယ်ပင် မခံခဲ့ရဘူးပေ။
ခင်ဗျားတို့ မူးချင်တိုင်းမူးပြီး စော်ကားချင်တိုင်း လာ၍စော်ကားနေတာ ဆက်လက် သည်းမခံနိုင်ပါ။
ခင်ဗျားနဲ့ ကျွန်တော်ယခုအချိန်ကစ၍ လူချင်းအဆက်ဖြတ်ပြီဖြစ်ကြောင်း။

မောင်ကျော်  

၁၉၅၈-ခု၊ အောက်တိုဘာလ၊ ၁၁-ရက်နေ့ နံနက်စောစောတွင် ရှုမဝကားမောင်းသော ဒရိုင်ဗာ ကိုသိန်းမောင်သည် ရှုမဝကားနှင့် ခုနှစ်မိုင်ရွာတန်းရှည်ရှိ ကျွန်တော့်အိမ်သို့ ရောက်လာပြီးအထက်ပါစာကို ပေးပါသည်။ ထိုအချိန်၌ ကျွန်တော့်မျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနှင့်။ ဒီဒဏ်ရာဒဏ်ချက်တွေကို ကျွန်တော်ဘယ်လိုရခဲ့သလဲမသိ။ 

“မောင်ဟာ ညကအရက်တွေ အလွန်အကျွံမူးပြီး ကိုသိန်းမောင် ရှုမဝကားနဲ့လာပို့တာဘဲ”

ဟု ကျွန်တော့်ဇနီးမေ ပြောတာဘဲသိ ၏။ 

“မောင်ဘယ်လိုဖြစ်လာတာလဲ”

ဟု မေမေးသည်ကိုလည်း ကျွန်တော်မဖြေနိုင်။ ကျွန်တော်မှာ ထိုစဉ်က ဒီလိုဘဲအရက်သိပ်မူးခဲ့ပြီဆိုလျှင် မူးတုန်းကိုယ်လုပ်ခဲ့တာတွေ မမှတ်မိတော့။ ထို့ကြောင့် ဦးကျော် ပေးခိုင်းသောစာကို ဖတ်ပြီး

“ကိုသိန်းမောင်၊ ကျွန်တော်မနေ့က ရှုမဝတိုက်မှာ ဘာဖြစ်ခဲ့သလဲဗျာ”

“ဦးကျော်နဲ့ အာစရိက စာပွဲမှာထိုင်ပြီး စကားအချီအချပြောနေကြရင်း အာစရိက ဦးကျော်ခေါင်းကို စီးကရက်သံဗူးနဲ့ ကောက်ထုတာဘဲဗျာ”

သည်တော့မှ ကျွန်တော်က တအံ့တဩဖြစ်လျက်...

“ဟာ... ဟုတ်လား၊ ဦးကျော် တော်တော်နားသွားသလား”

“သိပ်မနာပါဘူး၊ နဖူးမှာ နဲနဲတော့ ရောင်သွားတယ်”

“နို့ပြီး ကျွန်တော့်မျက်နှာနဲ့ ခေါင်းက ဒဏ်ရာတွေကကော ဦးကျော်က ကျွန်တော့်ကို ပြန်ဆော်တာလား”

“ဘယ် ဟုတ်ရမလဲ၊ ဦးကျော်က အာစရိကို လက်ဖျားနဲ့တောင် မတို့ဘူး၊ သူ့ကောင်လေး တွေက ဝိုင်းဆော်ကြတာ”

“ဆော်ထိုက်ပါပေတယ်ဗျာ၊ ကျွန်တော်စိတ်မဆိုးဘူးလို့ အဲဒီလူငယ်တွေကို ပြောလိုက်ပါ”

“ဦးကျော်က အာစရိ လဲနေတော့ ဟဲ့ မလုပ်ကြနဲ့၊ မလုပ်ကြနဲ့လို့တားပြီး ကျွန်တော့်ကို ဆေးတိုက်လိုက်ပို့ခိုင်းတယ်၊ အာစရိကို ဆရာဝန်က ဆေးထိုးဆေးထည့်ပြီးမှ ကျွန်တော်ဒီအိမ် ပြန်ပို့ရတာ”

“အင်း... ကျုပ်တော့ဘာမှ မမှတ်မိဘူးဗျာ”

အမှန်ဘဲ။ ဦးကျော်ကို ကျွန်တော်ဘာ့ကြောင့် စီးကရက်ဗူးနှင့် ကောက်ပေါက်မိသနည်း။ ယခုတိုင် စဉ်းစား၍မရပါ။ ဘာမျှ ရန်ငြိုး, ရန်စရှိစရာ လူချင်းလဲမဟုတ်။ ကျွန်တော့်တွင် အရက် ဂြိုဟ်ဆိုးဝင်လျှင် မြင်ရာလူကို ထိုးနှက်ချင်သော၊ ကျွန်တော်မသိသော ကျွန်တော်၏ အတွင်းစိတ် ယုတ်သာလျှင် ဖြစ်ပေလိမ့်မည်ဟု သတ္တုချရပါတော့၏။

အဲ... ဖြစ်ပြီး အမူးပြေပြီဆိုလျှင်တော့ စိတ်မကောင်းခြင်း နောင်တရခြင်းတွေ အပြည့်။ အဲသည်တုန်းက ကျွန်တော့်စိတ်တွေ ဘယ်လောက်ထိခိုက်ပါသနည်း။ ဦးကျော်၏ ထိုစာကလေးကို ယခုတိုင် မပျောက်ပျက်အောင် သိမ်းဆည်းထားသည်ကိုသာ ကြည့်ပါတော့။
ရှုမဝတိုက်ကို ကျွန်တော်တော်တော်နှင့် မသွားဝံ့တော့ပေ။ သို့သော်ရှုမဝအတွက် ကျွန်တော် ဝတ္ထုရေးခြင်းကိုကားမပျက်။ ထိုအောက်တိုဘာလထဲမှာ ရှုမဝတွင် ကျွန်တော် ဆောင်ရွက်စရာတွေကား ပြီးခဲ့ပြီ။

အဲ... နိုဝင်ဘာလဆန်း မဂ္ဂဇင်းထွက်ရက်ရောက်တော့ ကျွန်တော်မနေနိုင်တော့ပါ၊ ရှုမဝ မဂ္ဂဇင်းနှင့် ဦးကျော်ကို ကျွန်တော်ချစ်သောစိတ်က လှုံ့ဆော်လာသဖြင့် အို... ဖြစ်ချင်ရာဖြစ်တော့ဟု ရှုမဝအတွက် ရေးထားသော “မိရွှေနီ”ဝတ္ထုကို ကိုင်ကာ အိမ်မှထွက်ခဲ့ပေတော့သည်။

ကျွန်တော့်ဘဝကို ဖန်တီးရာတွင် ကျွန်တော့်ကို အကူအညီပေးသူများမှာ ကျွန်တော့် အဖေနှင့် အမေပြီးလျှင် ရှုမ၀ဦးကျော်သာ ဖြစ်ပါ၏။ ဦးကျော်ကိုလဲ ကျွန်တော်ပြောဘူးပါသည်။

ကြည့်စမ်းပါ။

၁၉၅၄-ခုနှစ်၊ မေနှင့်ကျွန်တော်ညားကြတော့ ယောက္ခမဟောင်းကြီးက ကျွန်တော့်တွင် သားသမီးငါးယောက်ရှိရာ၊ တယောက်လျှင် ငါးဆယ်စီ၊ တလနှစ်ရာ့ငါးဆယ်ပေးနိုင်ပါက ကြွလိုရာကြွ၊ ယူလိုရာမိန်းမ ယူဆိုသောအခါတွင် ထိုစဉ်က ရှုမဝမှ တပုဒ်သုံးရာသာ ရနေသော ကျွန်တော့်အဖို့ အခက်မဟုတ်တုံလော။ ထို့ကြောင့် ဦးကျော်က ဖန်တီးပေးပါသည်။ ရှုမဝမဂ္ဂဇင်းမှာ “အဟိ” ကဏ္ဍထည့်ပေးကာ တလသုံးရာ၊ ဝတ္ထုဖိုးနှင့် ခြောက်ရာကျပ်ဟူ၍ ပေးလေသောကြောင့် ဒီဖေကို ယခုထိ တိမ်တိမ်မည်ရသည် မဟုတ်ပါလော။

ဤမျှ ကျေးဇူးခံကျေးဇူးစားရှိနေသော ဦးကျော်အား သူကလူချင်း အဆက်ဖြတ်ပြီဆိုသော်လည်း ကျွန်တော်ကမဖြတ်နိုင်ပါ။ သူပြောလိုရာ ပြော၊ ပြုလိုရာ ပြုစေတော့ဟု ကျွန်တော် ရှုမဝတိုက်ထဲ ရဲဝံ့စွာဘဲ ဝင်သွားပါသည်။ ဦးကျော်သည် သူထိုင်နေကျစားပွဲမှာဘဲ ထိုင်နေပါသည်။ ရှုမဝတိုက်သားများက ကျွန်တော်လာတာမြင်တော့ ကျွန်တော်တို့နှစ်ယောက် ဘာဖြစ်ကြ အုံးမလဲဟု စိတ်စောကြသည်။ သို့သော် ဦးကျော်သည် ကျွန်တော့်မြင်သောအခါ ပြုံးတုံးတုံးလုပ်နေ၍ သူ့စာပွဲနား ရောက်တော့...

“ဟင်း...ဟင်း... ကိုရင်ကြီး လာမှလာပါအုံးမလားလို့ ကျုပ်ကစိုးရိမ်နေတာ...”

ဒီတော့ ကျွန်တော်က မာမာဘဲ။

“ခင်ဗျား မလာနဲ့ဆိုတော့ကော မလာဘဲ နေရမလားဗျ။ ကျွန်တော့်တာဝန်က ရှိနေတာဘဲ၊ ဟောဒီမှာ ရှုမဝအတွက် ဝတ္ထု”

ဟု စာမူကို လှမ်းပေးလိုက်တော့ သူဝမ်းသာအားရယူပြီး၊ တခါတည်း ဖတ်လေတော့သည်။
ဦးကျော်သည် ကျွန်တော့်စာများကို သူအားနေလျှင် ချက်ခြင်းဖတ်လေ့ရှိသည်။ ပြင်စရာ ဖြတ်စရာရှိလျှင် နှစ်ဦးသဘောတူ ဆွေးနွေးကြသည်။ “မိရွှေနီ” ဝတ္ထုကို သူတထိုင်တည်းနှင့် ဖတ်ပြီး ဘာမျှပြင်စရာ ဖြတ်စရာမရှိ၊ “သိပ်ကောင်းတာဘဲ” ဟု စာပွဲကို လက်နှင့်ပုတ်၍ ပြောသည်။

“သော်တာဆွေရေးတာ မကောင်းတာများရှိဘူးလို့လား”

ဟု ကျွန်တော်ကပြောပြီး နှစ်ယောက်သား ပလဲနံပ သင့်နေကြတော့ ရှူမဝတိုက်သားတွေက ပြုံးစိစိလုပ်နေကြသည်။ သူတို့က ကျွန်တော်နှင့်ဦးကျော်ကို လင်မယားဟု ခေါ်ကြသည်။ ဘာကြောင့်ဆို စာမူနှင့် ပတ်သက်၍ ငြင်းခုံကြရမှာလည်းကောင်း မကြာခဏဆူဆူညံညံဖြစ်တတ်သည်။ နောက်ပြီး ပြန်တည့်ကြလေသည်။

ဦးကျော်၏ သားသမီးများသည် သူတို့အဖေအပေါ်၌ ကျွန်တော့်လောက် နွဲ့ဆိုးဆိုးကြ လိမ့်မည်မဟုတ်။ ကျွန်တော် ငွေအသုံးလိုလျှင် ကိုယ်ကရစရာရှိရှိ၊ မရှိရှိ အတင်းတောင်းတတ်သည်။ မပေးဘဲ မနေရအောင်လုပ်သည်။

ဥပမာ-သူ့ဆီပိုက်ဆံတောင်းနေတာ တနာရီလောက် ရှိနေပြီဆိုအံ့။ ဦးကျော်ကလည်း ကိုရင့်ပေးစရာမရှိဘူးဆို၍ ဘူးခံနေပြီ။ ဒီတော့ ကျွန်တော်က... ။

“ဦးကျော်... ခင်ဗျား ကျွန်တော့်ကို မပေးဘူး ပေးမယ်နောက်ဆုံး တခွန်းထဲပြော တော့ဗျာ”

သူ့ပါး စူဖောင်းဖောင်းလေးနှင့်...

“မပေးဘူးဗျာ...၊ မပေးဘူး မပေးဘူး...။ အခွန်းတရာပြောတယ်...”

“ကဲ... ဒါဖြင့်” 

ကျွန်တော်က သူ့အခန်းထဲရှိ ရေဒီယိုကို မ,သွားလေတော့၏။ 

“ဒါဟာ ရေဒီယိုပြန်ပေးဆွဲတာဘဲ၊ ကိုသိန်းမောင်ကို လွှတ်ပြီး ငွေ ၅ဝိ-နဲ့ ကျွန်တော့်အိမ် မှာလာရွေးပါ”

ဟု ပြောပစ်ခဲ့၏။
တကြိမ်လည်း ကျွန်တော်က တတွတ်တွတ် တောင်းနေသည်။ သူသွားရာလိုက်သည်။ အိပ်မည်လုပ်သည်ကိုလည်း ခြေထောက်ဆွဲတောင်းနေသည်။

“အောင်မယ်လေးလေ၊ ကျုပ်တော့ သေတော့မှာဘဲ၊ နားပူလိုက်တာ...”

“မပူချင် ပေးလိုက်ပါလားဗျ။ အလွယ်လေး”

“ပိုက်ဆံပေးဘို့က မရှိဘူးဗျ။ မရှိဘူး...”

“အောင်မယ်လေး... မဂိုလမ်း ကုလားမရှိဘူး၊ ရန်ကုန်မြစ်ထဲ ရေမရှိဘူး၊ ရှုမ၀ဦးကျော်မှာ ငွေမရှိဘူးဆိုတာ ကျုပ်ကမယုံသေးဘူး...”

ဒီလိုဦးကျော်အား ကျွန်တော်ကအတင်း ကပ်ပူနေသည်ကို ရှုမဝတိုက်သားများရော၊ ဦးကျော်အိမ်သားများရော အားလုံးမြင်ကြကြားကြသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက် ကြားမှာ ဘာမျှဝင်၍ မစွက်ဖက်ကြ။ ပြုံးစိစိနှင့် ကြည့်နေတတ်ကြ၏။ သူတို့မှာ ကျွန်တော်တို့ အဖြစ်ကို ရိုးနေပြီ။

ဦးကျော်သည် နေ့လယ်နေ့ခင်းမှာ ပက်လက်ကုလားထိုင်တွင် အိပ်စက်လေ့ရှိရာ သူသည် ထိုနေ့၌ အိပ်ချင်လာ၍ စိတ်တိုလာပြီး ဖြစ်ရာ...

“ပိုက်ဆံမရှိပါဘူးဆိုနေတာ၊ ကဲ ဟော့ဒါဘဲ ယူသွား”

ဟု သူစိတ်လုပ်၍ သူ့လက်က မြလက်စွပ်ကို ချွတ်ပေးရာ၊ ဒီဖေကိုက ဘာချမ်းသာပေးမလဲ၊ အပေါင်ဆိုင်သွားပေါင်ပစ်လိုက်တာပေါ့။

---

(ဆက်ရန်)

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments