ကျွန်တော့် ဘဝဇာတ်ကြောင်း (ဦးကျော်၏ မဟာစွန့်စားခန်းကြီး) (မေတို့ဆွေမျိုး) (ကြက်မျိုး၊ ဘဲမျိုး) // သော်တာဆွေ

ကျွန်တော့် ဘဝဇာတ်ကြောင်း (ဦးကျော်၏ မဟာစွန့်စားခန်းကြီး) (မေတို့ဆွေမျိုး) (ကြက်မျိုး၊ ဘဲမျိုး) // သော်တာဆွေ

---

ဦးကျော်၏ မဟာစွန့်စားခန်းကြီး 

မောင်ယဉ်ထွေးနှင့် ပတ်သက်၍ သာဓုနှင့်ကျွန်တော် စကားပြောခဲ့ဘူး၏။

“ဦးကျော်နှယ်ကွာ၊ ငါ့သဘောတော့ မောင်ယဉ်ထွေးအစား သူ့သား မောင်ဆွေကို မင်းသားလုပ်ခိုင်းချင်သေးတယ်....”

ဟု သူကပြော၍ ကျွန်တော်က 

“မောင်ဆွေထက် မောင်ယဉ် ထွေးက အရပ်အမောင်းကောင်းတယ်၊ ရုပ်လဲချောပါတယ်...”

“ဟ... မင်းသားက ရုပ်ချောတာထက် အမူအရာကောင်းဘို့ လိုတာကွ၊ မောင်ယဉ်ထွေး မျက်နှာ ငါကြည့်ရတာဖြင့် မထုန်တေတေး အေးစက်စက်နဲ့ ...”

သည်အကြောင်း ကျွန်တော်က ဦးကျော်ကိုပြောပြတော့...

“ဟုတ်တယ် မောင်ယဉ်ထွေး အေးစက်စက်မျက်နှာနဲ့ ရိုးသားတဲ့ အမူအရာဘဲ ကျွန်တော့် ဇာတ်လမ်းနဲ့ အံကိုက်နေတာဗျ”

သို့သော် သာဓုကတော့ မောင်ယဉ်ထွေးကို ဘယ်လိုမျှဘဝင်မကျ။ ဦးကျော်အား 

“ခင်ဗျား မင်းသားခင်ဗျားဘဲ ရအောင်သင်၊ ကျုပ်တော့မသင်ချင်ဘူး၊ နို့ပြီး... မြတ်မွန်ကိုလဲ ခင်ဗျားကောင်နဲ့ ဇာတ်တိုက်ဖို့ အချိန်ကုန်ခံပြီး ပေးမထားနိုင်ဘူး...” 

ဆိုလေသဖြင့် ဦးကျော် ခမျာမှာ စမ်းစမ်းအေးကို မြတ်မွန်ကိုယ်စား မောင်ယဉ်ထွေးနှင့်ဇာတ်တိုက်ရန် ခေါ်ရလေ၏။

သာဓုလက်ထဲ ရောက်သောအခါ၌ မောင်ယဉ်ထွေးကို စိတ်ကြိုက်ဖြစ်ရန် ဦးကျော်သည် ကြိုးစားပမ်းစား သင်ရှာ၏။ အခါမလပ် စိတ်ကူးရတိုင်း သင်ကြားနိုင်ရန် စမ်းစမ်းအေးအား ရှုမဝ တိုက်မှာ နေစေတော့၏။
ထိုမှတဖန် ဇာတ်ကားတွေ တကားပြီးတကား အောင်ပွဲဆင်နေသော သာဓုထံမှ နောက်ဆုံးရာဇသံ လာပြန်၏။ မောင်ယဉ်ထွေးနှင့်တွဲရန် သူ့မင်းသမီးကိုလည်း မပေးနိုင်၊ ဦးကျော်ဝတ္ထုကို မကြိုက်၍သူလည်း ရိုက်မပေးနိုင်၊ ဇာတ်လမ်းနှင့် မင်းသားမကောင်းသည့် အတွက် ဒါရိုက်တာနှင့် မင်းသမီးနာမည်ပျက်မခံနိုင်။

သည်တော့မှ ဦးကျော်သည် လွန်စွာခံပြင်းလျက်၊ သူ၏မီးခဲပြာဖုံး သတ္တိပေါ်လာတဲ့ပြီး... 

ဟေ့ ... ငါဒါရိုက်တာ၊ မင်းသားမောင်ယဉ်ထွေး၊ မင်းသမီးသစ် စမ်းစမ်းအေး၊ ငါ့ရွှေရင် သိမ်းသစ်ကားကို ငါကိုယ်တိုင်ရိုက်တော့မည် ဟုဆုံးဖြတ်ချက် ချလိုက်လေသတည်း။ ယင်းသည် ဦးကျော်၏ အသေအရှင်ပွဲကြီးပေကဘဲ။

ဤပွဲမှာ ဦးကျော်ကွဲခဲ့သော် ကိစ္စပြီးပြတ်ပြီး ယခုလိုရှုမဝရုပ်ရှင် မဆိုထားနှင့် ရှုမဝမဂ္ဂဇင်းပင် ဘယ်သောင်ဘယ်ကမ်း ဆိုက်လေမည်မသိ။

ယခုကား ဦးကျော် အောင်ခဲ့ပြီ။ သူ၏လုံ့လဇွဲသတ္တိဖြင့် မည်သူမျှမမျှော်လင့်ခဲ့သော အောင်ပွဲကြီးကို ဦးကျော်ရယူခဲ့လေပြီ။

ဦးကျော်သည် သူ့ဘဝတာတွင် အောင်ပွဲများဖြင့်သာ အဆုံးသတ်သွားပါ၏။ ရှုမဝမဂ္ဂဇင်း နှင့် ရှုမဝရုပ်ရှင် အဓွန့်ရှည်ပါစေ။

---

မေတို့ဆွေမျိုး 

မေတို့ဆွေမျိုးများနှင့် ကျွန်တော်ပထမဦးဆုံးအကြိမ် တွေ့ဆုံရသည်က မေနှင့်ကျွန်တော် ညားပြီး ငါးလမျှအကြာ ၁၉၅၅-ခုနှစ် ဧပြီလတွင် ကျွန်တော်တို့အား (ဟန်းနီးမူး ထွက်ပါလား... ဟူသော) တင့်တယ်၏ခေါ်ဆောင်မှုဖြင့် မောင်းမကန်သို့ သွားကြစဉ်က ဖြစ်ပါ၏။

ကျွန်တော်တို့ စီးခဲ့သော မတန်းသင်္ဘောသည် ထားဝယ်မရောက်မီ မော်လမြိုင်မှာ တညအိပ်ရသည်။ မေ့အမေဒေါ်စောမွန်၏ယောက်ျား ဦးမော်တင်သည် အကောက်ဌာနမှ အရာရှိဖြစ်ပေရာ ထိုစဉ်က အကောက်တော်ဝန်ထောက်အဖြစ်နှင့် မော်လမြိုင်မြို့မှာ တာဝန်ကျနေ၏။

မတန်းသင်္ဘောမော်လမြိုင် ဆိပ်ကမ်းဆိုက်သည်၌ အကောက်ဌာနက အရာရှိများ သင်္ဘောပေါ်တက်လာကြသောအခါ မေက သူ့ခဲအိုကို မျက်စိရှာ၍ မတွေ့သည်တွင် အရာရှိငယ် တယောက်အား 

“ဦးမော်တင် သင်္ဘောကို မလာဘူးလားရှင်...”

ဟု မေး၍အရာရှိငယ်က...

“ဆရာ ဒီနေ့မလာဘူးပြောပါတယ်၊ ဘာကိစ္စရှိလို့ပါလဲ” 

”အထူးကိစ္စမရှိပါဘူး၊ ကျမက ဦးမော်တင့်ဇနီး ဒေါ်စောမွန်ညီမပါ။ ဒီသင်္ဘောနဲ့ကျမတို့ မောင်းမကန်ကို သွားတယ်လို့ နှုတ်ဆက်လိုက်ပါရှင်...”

ထိုအခါ အရာရှိငယ်တဦးက ပျာပျာသလဲဖြစ်ကာ...

“ဟာ... ဒီလိုဆို ကျွန်တော်အခုဘဲ ဆရာ့ကို သွားပြောလိုက်ပါ့မယ်၊ သူတို့ အိမ်အနီးလေး”

မေက 

“ကိစ္စမရှိပါဘူး၊ အားနာစရာကြီး၊ နေပါစေရှင်...”

ဟုဆိုသော်လည်း မရ။ မကြာမီ၌ မေကကမ်းပေါ်သို့ လှမ်းကြည့်၍ 

“ဟော ကိုကိုတင်နဲ့ မမမွန်တို့လာကြပြီ၊ မညိုမဖြူလဲဘဲ”

မေပြရာ ကျွန်တော်လှမ်းကြည့်လိုက်သည်။ အသက် ၃ဝနှင့် ၄ဝကြား လင်မယားနှစ်ယောက်။ ၆ နှစ် ၇ နှစ်အရွယ် သမီးလေးနှစ်ယောက်။

ယခင် မယားဟောင်း၏ ဆွေမျိုးများနှင့် ဆက်ဆံခဲ့ပြီးဖြစ်သော ကျွန်တော်သည် ယခု မယား၏ ဆွေမျိုးများက ဘယ်ပုံလာကြမည်နည်း။ မေးခွန်းပေါ်လာသည်။

သူတို့သည် ကမ်းစပ်ရောက်၍ မေ့ကိုမြင်ကြရသောအခါ လွန်စွာဝမ်းမြောက်ဝမ်းသာ ရှိကြသည်။ လက်တွေပြကာ သင်္ဘောပေါ်သို့ ကလေးမနှစ်ယောက်က အပြေးတက်လာကြပြီ။ မေ့ကိုဖက်လဲတကင်း ပြုကြသည်။ သူတို့သည်မေ့အား “မဗြဲ” ဟု ခေါ်ကြသည်။ ကလေးများက “လေးလေးဂျဲ” ဟု ခေါ်ကြသည်။

ဦးမော်တင်သည် အရပ် ၆ပေကျော်မြင့်သည်။ ကျွန်တော့်အားတွေ့လျှင် တွေ့ချင်းလက် ကိုဆန့်တန်းပေးကာ...

“ကိုဆွေ့စာတွေ ကျွန်တော်အင်မတန်ကြိုက်တာ၊ မဗြဲကို ဝတ္ထုတွေထည့်ရေးနေကတဲက ထင်သားဘဲ၊ ဟဲဟဲ... ခုတော့ ကျွန်တော်တို့ မယားညီအကိုဖြစ်နေပြီ...”

ကျွန်တော်ဝတ္ထုများတွင် တခြားသူက ကျွန်တော့်ကို “ကိုဆွေ” ဟုခေါ်စေရာ ကျွန်တော့်အား လူချင်းတွေ့လျှင် “ကိုဆွေ” ဟုခေါ်သည်မှာ ကျွန်တော့်စာနှင့် မည်မျှရင်းနှီးကြောင်း ထင်ရှား လှပါသည်။ ထို့ကြောင့် ကျွန်တော်ကလည်း သူ့လက်ကိုစိတ်ပါလက်ပါ ဖျစ်ညှစ်ကာ...

“ဝမ်းသာပါတယ် ကိုကိုတင်...” 

မေကခေါ်သည့်အတိုင်း သူ့အမကိုလည်း...

“မမမွန်တို့ မော်လမြိုင်မှာရှိတယ်လို့ မေကပြောထားပါတယ်...”

စင်စစ် မရီးရယ်လို့ ဝါကကြီးနေသဖြင့် “မမမွန်”ဟု ခေါ်ရသော်လည်း အသက်ချင်းမှာ ကျွန်တော်က ၆နှစ် ကြီးနေပါ၏။ သို့သော် ရုပ်ရည်ပုံသဏ္ဌာန်ချင်းကမူ သူကဝဝခန့်ခန့် မင်းကတော်ကြီးဟာမို့ ကျွန်တော့်လို သေးသေးသွယ်သွယ် လူအငယ်စားက “မမ” ဟု ခေါ်ထိုက် သောအသွင် ရှိနေပါ၏။

ကျွန်တော်တို့ ဆွေမျိုးသစ်များ အကျွမ်းတဝင် ဖြစ်ကြပြီးနောက် တင့်တယ်နှင့်လည်း မိတ်ဆက်ပေးလိုက်ပါ၏။ ယင်းမှာ မကြာမီအတွင်းတွင် အထက်တန်းခရီးသည်များမှ သွားရောက် ခွင့်ရှိသော အရက်ခန်းထဲသို့ ကျွန်တော်တို့ရောက်ရှိကြကာ သင်္ဘောကက်ပတိန်က ဝီစကီနှင့် ကျွန်တော်တို့ကို ဧည့်ခံလေသောကြောင့် ကျွန်တော်တို့ ဆွေမျိုးသစ် တွေ့ဆုံပွဲသည် အင်မတန် မင်္ဂလာအခမ်းအနားနှင့် ပြည့်စုံသည်ဟု ဆိုရမည်ဖြစ်ချေ၏။ အကြောင်းမှာ သင်္ဘောအရာရှိတို့သည် အကောက်တော် အရာရှိတို့အား ခင်မင်ရင်းနှီးအောင် ပြုလုပ်တတ်ကြကုန်၏။

ဘယ်လိုဘဲ ဖြစ်ဖြစ်လေ၊ ကျုပ်တို့အဖို့တော့ ကောင်းတာပေါ့ဗျ...။

ထိုည လူချင်းခွဲကြသောအခါ၌ မေက မမမွန်၏ ကလေးများအား မုံ့ဖိုးတယောက် တဆယ်စီပေးလိုက်၍ ကိုကိုတင်က ကျွန်တော့်အား ဝှိုက်လေဘယ်လ် ဝီစကီတပုလင်းပေးခဲ့ပါ၏။ နိပ်လိုက်ပလေဗျာ...။

---

ကြက်မျိုး၊ ဘဲမျိုး 

ကျွန်တော်သည် ကြက်တွေ၊ ဘဲတွေ မွေးမြူလေ့ရှိသူမို့ ဤတိရစ္ဆာန်နှစ်မျိုးကို လေ့လာ မိပါ၏။ သူတို့နှစ်မျိုး၏ စိတ်နေစိတ်ထားမှာ ဆန့်ကျင်ဘက် ခြားနား၏။

ကြက်အမျိုးသည် တကောင်နှင့်တကောင် အကြင်နာတရားမရှိချေ။ ကြီးနိုင်ငယ်ညှဉ်း အချင်းချင်း အင်မတန် ရက်စက်ကြ၏။ နိုင်ကောင်သည် ကြောက်ကောင်ကို အနီးကပ်မခံ။ တခါ တရံ မြင်သည်နှင့် လိုက်လံထိုးဆိတ်၏။ မိတ်လိုက်နေသော ကြက်ဖနှင့် ကြက်မ၊ သားမခွဲသေးသော ကြက်သားအမိတို့သာလျှင် သင့်တင့်စွာအတူတကွ နေတတ်, စားတတ်ကြ၏။ အခြားမဲ့၌ကား တကောင်နှင့်တကောင် သင့်မြတ်သည်မရှိချေ။ သင်သည် စိတ်မချမ်းမသာ မဖြစ်လိုလျှင် နေဝင်ရီတရောတွင် ကြက်စင်ပေါ်သို့ ကြက်တွေ အိပ်တန်းတက်နေကြသည်ကို မကြည့်ပါနှင့်။ သူတို့ အော်မြည်ကြသည်ကိုလဲ မကြားချင် ပြုနေပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ကောင်က ကြောက်ကောင်ကို အဆင့်ဆင့်အသီးသီးလိုက်လံထိုးဆိတ်နေကြလေရာ ညမှောင်၍ သူတို့မျက်စိတွေ မမြင်ကြတော့မှ ငြိမ်းအေးသွားတော့၏။

ဘဲများကား ဤသို့ မဟုတ်။ တကောင်နှင့်တကောင် ထိုးဆိတ်ခြင်းလဲ မပြုတတ်။ နိုင်ကောင်, ကြောက်ကောင် ဟူ၍လည်းမရှိ။ အချင်းချင်း သင့်တင့်စွာ အုပ်စုဖွဲ့၍နေတတ်၏။ ဘဲနှစ်ကောင်မှသည် ရာချီသောအုပ်အထိ၊ အိပ်အတူ, စားအတူ သွားအတူ။ ဘဲတအုပ်မှာ ခေါင်းဆောင်တကောင်တော့ ရှိတတ်၏။ ၎င်းခေါင်းဆောင်သွားရာကို နောက်က တစုတရုံးတည်း တန်းလိုက်၏။ ၎င်းခေါင်းဆောင်ရပ်နားလျှင် အားလုံးဘဲ ရပ်နားပြီး အိပ်စက်သူကအိပ်စက်၊ အမွေးအလှေး သန့်စင်သူက သန့်စင်နှင့် နှုတ်ကလည်းအော်မြည်ခြင်း မပြုကြဘဲ တိတ်ဆိတ်စွာ နေတတ်ကုန်၏။ ဘဲခေါင်းဆောင်က မပြုကြဘဲ တိတ်ဆိတ်စွာ နေတတ်ကုန်၏။ ဘဲခေါင်းဆောင် က စတင်အသံပေးပြီး သွားပြန်ပြီဆိုလျှင်ဖြင့် အားလုံးဘဲ ပါးစပ်ကအော်မြည်ကာ လိုက်ကြပြန် ကုန်၏။

ဘဲအမျိုးသည် စည်းရုံးခြင်း၊ ညီညာခြင်း၊ အချင်းချင်း ချစ်ခင်ကြင်နာခြင်းတရား ရှိကြကုန် ၏။ ကြက်အမျိုးကား ဤသို့မဟုတ်၊ ဖော်ပြခဲ့သည့်အတိုင်း ဘဲနှင့်ဆန့်ကျင်ဘက်။

ယင်းသို့ ကြည့်ရှုသုံးသပ်သောအခါတွင် လူတွေမှာ ကြက်အမျိုးနှင့်တူသော လူတန်းစား၊ ဘဲအမျိုးနှင့်တူသော လူတန်းစားဟူ၍ နှစ်ရပ်တွေ့လာရ၏။ ဆင်းရဲချမ်းသာ၊ ဂုဏ်ကြီးဂုဏ်ငယ် နှင့်မဆိုင်။

၃ဝ-၃-၇၄ နေ့၊ နံနက်ခင်းက အထက်ပါစာကို ကျွန်တော်ရေးပြီး ရှေ့ဆက်ရန် စဉ်းစား နေစဉ် နေ့လယ်ခင်း၌ စာပို့လုလင်ရောက်လာ၍ သော်တာဆွေ စာပေသင်တန်းသို့ လာသော စာတွေ ဆယ့်နှစ်စောင်ထဲမှ လက်နှိပ်စက်စာလုံးနှင့် ဒေါ်ခင်မေရီ နာမည်နှင့် စာတစောင် ပါလာ လေရာ ကျွန်တော်က...

“ဟေ့... မေရေ... ဟောဒီမှာ မေမျှော်နေတဲ့ စာခင်ဗျ...”

မေသည် ရေချိုးနေရာမှ ချက်ခြင်းပင် ပခုံးပေါ် တဘက်တင်၍ ရောက်လာပြီးစာကို ဖောက်ဖတ်သည်။ ကျွန်တော်ပါ ကြားစိမ့်ငှာ အသံထွက်၍ဖတ်သည်။ သူ့စာဆုံးသောအခါ ကျွန်တော်က 

“အောင်မယ်... ဒီစာက အခုငါရေးနေတဲ့ အကြောင်းအရာနဲ့ အကျုံးဝင်နေသကွ၊ ပေးစမ်း ”

ထိုစာမှာ အောက်ပါအတိုင်းဖြစ်၏။

၂၆-၃-၇၄ 

တောင်ကြီး 

ချစ်သောညီမ စာရေးလိုက်ပါသည်။ တောင်ကြီးအိမ်မှာ ရှိသောသူအားလုံး နေကောင်းကြပါသည်။ ညီမ တို့အားလုံးလည်း နေကောင်းကြမည်ဟု ယုံကြည်ပါသည်။

တနေ့က ကိုတူးဆီကစာရ၍ နီငယ်တို့မိသားစု တောင်ကြီးကိုလာဘို့ စီစဉ်နေကြကြောင်း သိရ၍ဝမ်းသာပါသည်။ ကလေးများကိုလည်း အလွန်ဘဲ တွေ့ချင်ပါသည်။ ဒါပေမယ့် အခု တောင်ကြီးကိုတက်လာရင် အရင်ကလို သက်သက်သာသာတော့ မရှိတော့ပါ။ မီးရထားက ရွှေညောင်ဘူတာကို ညသန်ကောင် ၁၂-နာရီ၊ သို့မဟုတ် တနာရီမှ ဆိုက်သည်။ တခါတရံ အစောဆုံး ည ၁၀-နာရီမှာ ဆိုက်ပါသည်။ ဒီက ခရီးသည်ကြိုကားတွေကလည်း ဓာတ်ဆီအခက် အခဲကြောင့် ညပိုင်းကို သိပ်မဆွဲတော့ပါ။ ရွှေညောင်မှ တောင်ကြီးကိုညအချိန် သိပ်မဆွဲတော့ပါ။ ရွှေညောင်မှ တောင်ကြီးကို ညအချိန် တက္ကစီ စင်းလုံးငှားရင် ၁ဝဝ-ကျပ်ဆိုတယ်။ ဆစ်၍ရရင် အနည်းဆုံး ၉၀-ကျပ်ဘဲ၊ တယောက်ချင်းစီးရင် လူကြီး ၁၅-ကျပ်၊ ကလေး ၇-ကျပ်ခွဲ။ အဲဒါလဲ ကားက အလွန်နည်းနေ၍ အလုအယက် ပြေးတက်ရသည်။ တချို့ကတော့လည်း ညအချိန်ကြီး ဆက်မသွားတော့ဘဲ ရွှေညောင်ဘူတာမှာ အိပ်ကြရသည်။ နံနက်မှ တောင်ကြီးကို တက်ရသည်။ ညအိပ်ခရီးသည် ရှိနေပြန်တော့ ခါးပိုက်နှိုက်နဲ့ အလစ်သမားများကလဲ ရှိလာကြပြန်ရော။

အဲဒါကြောင့်မို့ ကလေးများပါလာရင် အခက်အခဲတွေ့မည်စိုး၍ အိပ်ရာခေါင်းအုံးနဲ့ စောင်များပါ ယူခဲ့ပါလို့။ ညမှောင်နဲ့မဲမဲ “နိုရာ” နဲ့ ကလေးများ အားငယ်ဝမ်းနည်းနေမှာ အလွန် သနားပါသည်။ မမတင်လဲ အရင်ရုံးမဟုတ်၊ ယခု ရုံးပြောင်းသွားရလို့ ရုံးကားမသုံးနိုင်တော့ပါ။ ဟိုတုန်းကလို လာမကြိုနိုင်ပါ။ တောင်ကြီးမှာ အချိန်မဟုတ် မိုးကလဲ အလွန်ရွာနေပါသည်။ တနေ့က လေကြီးမိုးကြီး ကျလာတာကြောက်စရာဘဲ၊ ဒို့အိမ်နံဘေးက တရုတ်ဘုံကျောင်းက ခေါင်မိုးတွေအားလုံး လွင့်ပါ ကုန်ရော။

နီကြီးကော... အခု West ဖက်ကို တခါပြန်သွားရသည်ဟု ကိုတူးစာထဲမှာ ပါသည်။ အလုပ်အကိုင်ကော အဆင်ပြေရဲ့လား... ။ အလွန်ရခဲသော အလုပ်ကိုရသွားလို့ အလွန်ဝမ်းသာ ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ရှာနိုင်ဖွေနိုင်တုန်းမှာ စုမိဆောင်းမိအောင်ပြောပါ။ သူ့သားလေး နှစ်ယောက်ကို ဓာတ်ပုံရိုက်ပြီး ပို့ပေးပါ။ အလွန်ဘဲ ကြည့်ချင်တွေ့ချင်ပါသည်။ “မကြီး” ကော အလုပ် လုပ်နေတုန်းဘဲ မဟုတ်လား။
ကိုမော်တင် စစ်တွေပြောင်းရမည်ကိုလဲ ကြားရပါသည်။ ဒေါ်စောမွန်တော့ အထုပ်အပိုး ပြင်ပြီး နွေရာသီရက်အား ခရီးထွက်တော့မှာပေါ့လေ။ ဒီမှာတော့ ဒို့ကျောင်းဆရာ၊ ဆရာမတွေ ဘယ်မှမသွားရ။ ဧပြီလ ပထမသီတင်းပတ်မှာ အခြေခံပညာရေး စစ်တမ်းကောက်ယူဘို့ သင်တန်းတက်ပြီး ဒီတနွေလုံး မေလကျောင်းပြန်ဖွင့်တဲ့အထိ လုပ်အားပေးရမယ်လို့ အထက်က အမိန့်ရောက်နေတယ်။

ကိုတူးစာထဲမှာ သူတို့မိသားစု ဘတ်ဂျက်အခက်အခဲ အလွန်ကြီးမားနေကြောင်း ရေးလာ လို့ အလွန်စိတ်မကောင်းပါ။ အိမ်နောက်က မြေကွက်ကို မြန်မြန်ဈေးကောင်းကောင်းနဲ့ ရောင်းရပါစေလို့ဘဲ ဆုတောင်းပါသည်။

တောင်ကြီးမှာလည်း မကြုံဘူးအောင် အစစအရာရာ ရှားပါးပါသည်။ ငရုတ်သီးခြောက် ပြား ၅၀-ဖိုးဝယ်ရင် မရောင်းဘဲ။ ၇၅-ပြားဖိုးမှ ဆယ့်လေးငါးတောင့်လောက်ရသည်။ နို့ဆီက တဗူး ၆ကျပ် ၅၀-ပြား၊ ဆပ်ပြာတတောင့် ၉-ကျပ်၊ သကြား ၁၈-ကျပ်၊ ကြံသကာ ၆-ကျပ်။

( ညီမတို့ရော အလုပ်အကိုင် ဘယ်လိုနေကြသလဲ။ ခုအခါ မစုမိချင်နေပါစေ။ ကြွေးမတင်ရင် ဘုရင်ဘဲဆိုရမယ်။)

ညီမတို့အားလုံး ကျန်းမာရွှင်လန်းကြပါစေ...။ 

ကိုဆွေ့ကို သတိရကြောင်း ပြောလိုက်ပါ။ နီငယ်တို့ လာဖြစ်ရင် ကြိုတင်စာရေးပါလို့ နော်။ သတိဝီရိယနဲ့ လာပါလို့။ ကလေးများပါလို့ ပိုပြီးစိတ်ရှည်ရှည် ခေါ်ခဲ့ပါလို့ ပြောပေးပါ။

ချစ်သောအမ

ခင်ထားရီ

P.S နီငယ် S.I.P. Training တက်ရမည်ဆို၍ ဝမ်းသာပါသည်။ အကယ်၍ တောင်ကြီးလာ နေရင် သူ့ Training တက်ရက်နှင့် ကြုံကြိုက်နေမည်ဆိုရင် နောင်အဆင်ပြေမှ လာပါလို့ မမတင်က ပြောပါသည်။ အလုပ် အလွန့်အလွန်ရှားပါး၍ ရတုန်းရခိုက် ကြိုးစားပါလို့လဲ မှာပါသည်။

မေတို့မောင်နှမများမှာ ဒေါ်တင်တင်၊ ဒေါ်စောမွန်၊ ဦးခင်မောင်အေး(ကိုတူး)၊ ခင်ထားရီ၊ ခင်မေရီ။
ဒေါ်တင်တင်က တောင်ကြီးတွင် ရုံးဝန်ထောက်၊ ခင်ထားရီက ကျောင်းဆရာမ၊ ဒေါ်စောမွန်က ရန်ကုန်အလုံတွင် ကျောင်းဆရာမ၊ ဦးခင်မောင်အေးက ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခ(သစ်တော)၊ ခင်မေရီက စာရေးဆရာကတော် မေ။

အထက်ဖော်ပြပါစာမှာ ခင်ထားရီက မေ့ဆီရေးသောစာဖြစ်ပါသည်။ ဤစာကို ထောက်ချင့်ခြင်းအားဖြင့် သူတို့ညီအမ မောင်နှမတွေ၏စိတ်ထားကို သိသာနိုင်ပါသည်။

ထိုစာထဲတွင်ပါသည့် နီကြီး၊ နီငယ် ဆိုသည်မေ့သား ခင်မောင်ဦး(အနီ)နှင့် ခင်မောင်စိုး (အငယ်)တို့အား သူတို့တောင်ကြီးမှာခေါ်သော နာမည်များ ဖြစ်ပါသည်။
နီကြီး West ဖက်သွားသည်ဆိုခြင်းမှာ ခင်မောင်ဦးသည် ယခုသင်္ဘောသားအလုပ်နှင့် ဂျာမနီ ပြည်သို့ သွားပါသည်။ နီငယ် S.I.P Training တက်ရမည်ဆိုသည်က ခင်မောင်စိုးသည် ရဲအုပ်အတတ်သင် ကျောင်း လျှောက်ထား၍ဖြစ်ပါသည်။ “မကြီး” ဆိုသည်က ခင်မောင်ဦး၏ ဇနီး။ သူတို့ဆွေမျိုး စုသည် တဦးကိုတဦး ဤမျှပင် ဂရုစိုက်ကြသည်။
အကြီးဆုံး ဒေါ်တင်တင်ဆိုလျှင် သူ့မောင်နှင့်ညီမတွေသာမက မွေးသမျှ တူ-တူမတွေ ၏ မွေးနေ့များကို မှတ်သားထားလျက် ကလေးမွေးနေ့တိုင်းကို စာရေးသည်။ လက်ဆောင်ပို့သည်။ သူတို့သည် ခရစ်ယန်များဖြစ်ကြလေရာ နှစ်စဉ် ခရစ္စမတ်ကဒ်များ တဦးနှင့်တဦး ပို့ကြသည်မှာ အလုပ်ကြီးတခု။ ဒေါ်တင်တင်တို့ တောင်ကြီးမှ ရန်ကုန်လာပြီဆိုလျှင်ဖြင့် ရန်ကုန်က မောင်နှမတွေ အတွက် ရှမ်းပြည်ထွက်ပစ္စည်းတွေ တပုံတပင်ကြီးပါလာ၏။ ကလေးတွေအတွက်ဆိုလျှင် အဝတ်စနှင့် အင်္ကျီကလေးတွေ လူစေ့တက်စေ့။ ကျွန်တော့်အတွက်လဲ ပါတာခင်ဗျ။ ဘာလဲ သိလား။ ရှမ်းပြည်ထွက်အရက်၊ ရွှေလိမ္မော်၊ ဆတ်ချိုနု စသည်ဖြင့်...။

ခင်မောင်စိုး၊ သူ့ဇနီး နိုရာ (Nora)နှင့် ကျွန်တော့်မြေး “ကြွက်” “ဝက်”တို့သည် (၃၁-၃-၇၄)နေ့ ညနေရထားဖြင့် တောင်ကြီးသို့သွားကြပြီ။ ကျွန်တော်တို့ကလည်း တောင်ကြီးမှာ ရှားသည်ဆိုသော ဆပ်ပြာနှင့် ငရုတ်သီးများကို အမှုန့်ကြိတ်ပေးလိုက်ရ၏။ ခင်ထားရီကြိုက်သော မရမ်းချိုသီးများလည်း ဝယ်ပေးလိုက်ရ၏။ ခင်ထားရီသား နီစန်းအတွက် ချိုချဉ်ထုပ်များလည်း ပါသွား၏။ အခြား ကျွန်တော်မသိလိုက်တာတွေ ရှိသေး။ သူတို့ဆွေမျိုးသားချင်းများသည် တဦးကိုတဦး အင်မတန် ချစ်ခင်ကြင်နာကြ၏။

တောင်ကြီးရှိ ညီအမတို့သည် ရန်ကုန်နေ မောင်ညီမနှင့် တူ-တူမတို့အား နွေရာသီတွင် တောင်ကြီးသို့ လာရောက်နေထိုင်ကြစေလို၏။ ကျွန်တော်သည် မေနှင့်ညားပြီး များစွာသောနွေ ရာသီတို့တွင် တောင်ကြီးအေးရိပ်သာကို သွားရောက်ခိုလှုံခဲ့ဘူးပါ၏။ တခါတရံ အိမ်လုံးကျွတ် လာခဲ့ကြ၍ တောင်ကြီးမှာ ဆွေမျိုးသားချင်းတွေဆုံကြလျှင် လွန်စွာ ပီတိသောမနဿဖြစ်ရ၏။ သူတို့ခြံဝင်းကျယ်ကြီးထဲမှာ မမတင်နှင့် ခင်ထားရီတို့က အိမ်တလုံး သီးသန့်ဆောက်နေကြ၍ မေတို့ မိဘလက်ထက်က အိမ်ကြီးမှာ တည်းခိုကြရ၏။

မှတ်မှတ်ရရ တနှစ်များ ရန်ကုန်ကသုံးအိမ်ထောင် ဆုံမိကြရာ၊ ၃-နှစ်မှ ၁၂-နှစ်ထိ ကလေးချည်း တဒါဇင်ကျော်၏။ ကျွန်တော့်သား ကျော်ကျော်၊ သော်သော်တို့က ပါလိုက်သေး၏။ စားသောက်ချိန်မှာ သူတို့အား သံချောင်းခေါက်၍ ခေါ်ရ၏။ ထမင်းနှစ်ကြိမ်အပြင် မနက် စောစော၊ နေ့လယ်စာ၊ တနေ့လျှင် လေးကြိမ်ကျွေးရ၏။ ဤကလေးတွေ ကျွေးမွေးမှုအတွက် ခင်ထားရီက စီမံရ၏။

ယင်းသို့ ကလေးရောလူကြီးပါ နှစ်ဆယ်ကျော်လောက်ကို တလလောက် ကျွေးမွေးရပြီး နောက် တအုပ်စီ, တအုပ်စီ ပြန်သွားကြသောအခါ ဒေါ်တင်တင်နှင့် ဒေါ်ခင်ထားရီတို့က မျက်ရည် စို့ကြသေး၏။ ဒေါ်တင်တင့် ယောက်ျား ဦးထွန်းနီက ကလေးတွေကို တရှုပ်ရှုပ်နမ်း၍ နှုတ်ဆက်၏။

ထိုအချိန်က ဘိုင်စကယ် သုံးဘီးစီး၊ ဂွေလှိမ့်၊ ဂေါ်လီပစ်၊ ဇယ်တောက်၊ ဖန်ခုန်ခဲ့ကြသော ကလေးတို့သည် ဤစာရေးနေချိန်၌ လူပျို အပျိုဖြစ်ကြ၍ အချို့အိမ်ထောင်ပင် ကျကုန်ကြလေပြီ။

---

(ဆက်ရန်)

တင်ခဲ့ပြီးသော အခန်းများ ဖတ်ရန် Link - https://www.facebook.com/112558141233556/posts/168704465618923/

#သော်တာဆွေ
#ကျွန်‌တော့်ဘဝဇာတ်ကြောင်း

#shared_by_louis_augustine
#sbla

Comments