ကြယ်နီ // နတ်ကနားပွဲ

ကြယ်နီ // နတ်ကနားပွဲ

( ရှုမဝ၊ ဖေဖော်ဝါရီလ၊ ၁၉၅၂ ခုနှစ် )

---

ကိုဒေါင်းစိန်သည် သူ့အိမ်နှင့် မနီးမဝေးတွင် ဆောက်လုပ်ထားသော နတ်ကနားကို ကြည့်ရှုရင်း မိုးဦးမှသည် မိုးနှောင်းသို့ ပင်ပန်းကြီးစွာ ဖြတ်သန်းလာခဲ့ရသော သူ့ဘဝ ခရီးစဉ်ကို ပြန်လှန်သုံးသပ် ကြည့်ရှု၍ နေ၏။

သူ့အိမ်အတွင်း သူနှင့် မနီးမဝေး၌မူ ပဲခူးနတ် ကရန် ဖက်စပ်ပါဝင်သော နံကရိုင်းအနွယ် မိန်းမခုနစ်ဦးသည် နတ်ကရန် အစီအစဉ်များကို ဆွေးနွေးတိုင်ပင် နေကြ၏။ သည်အထဲ၌ ကိုလေးဖိုးကွန့်၏ မိန်းမ မပြားကြီးလည်း ပါ၏။ ကိုလူမောင်၏ ဇနီးသက်လျာ မဖွားသက်လည်း ပါ၏။ အိမ်ထောင်ကျစ မိန်းမရွယ်များလည်း ပါ၏။ ကိုလေးဖိုးကွန့်က သူ နတ်ကရမှာ ရှက်သည်ဟု ဆိုသောကြောင့် မပြားကြီးမှာ လင်အငှားနှင့် ကရမည် ဖြစ်သည်။ နတ်ပွဲပြီးသောအခါ ထိုအငှားလင်ကို ကွမ်းတယာနှင့် ကွာပစ်ရသည်။ သို့မဟုတ်က နတ်ပေးစားသော လင်ဖြစ်၍ ထို အငှားလင်မှာ အတည်ဖြစ်သည်ဟု အယူရှိကြသည်။

ထိုအချိန်တွင် ဦးပဉ္စင်းတပါးနှင့် ရွာမှ စာကြည့်တိုက်မှူးလူငယ်သည် ကိုဒေါင်းစိန်တို့အိမ်သို့ ဝင်လာရာ ကိုဒေါင်းစိန်သည် ခေါင်းရင်းဘက်တွင် ဖျာတချပ် ထခင်း၍ ဦးပဉ္စင်းအား နေရာချထားပေး၏။ လူငယ်မှာမူ ကိုဒေါင်းစိန်နှင့်အတူ ဝင်ထိုင်၏။ စောစောက နတ်ကရန် အစီအစဉ်များကို ဆွေးနွေးတိုင်ပင် လျက်ရှိသော မပြားကြီးတို့ မိန်းမအုပ်မှာလည်း ဦးပဉ္စင်း ရောက်လာသည်မှစ၍ တိတ်ဆိတ်သွားကာ ဦးပဉ္စင်းအား ဝတ်ပြုပြီးနောက် ဆိတ်ငြိမ်စွာ ထိုင်နေကြ၏။

ကိုဒေါင်းစိန်ကား ဦးပဉ္စင်းသည် မည်သည့်ကိစ္စအတွက် ကြွရောက်လာခြင်း ဖြစ်သည်ကို မသိသဖြင့် ဦးပဉ္စင်းအား ငေးကြည့်ရင်း ဦးပဉ္စင်းနှုတ်မှ ထွက်လာ မည့်စကားကို နားစွင့်နေ၏။ ဦးပဉ္စင်းမှာ သက်တော် ၂၈ နှစ်ခန့်ရှိပြီဖြစ်၍ ညောင်တုန်းမြို့ သုဓမ္မာပရိယတ္တိ ပထမပြန်စာမေးပွဲ အကြီးတန်းနှင့် အစိုးရ ပထမပြန်စာမေးပွဲ အကြီးတန်းကို ဖြေဆိုအောင်မြင်ပြီးသော ကျမ်းတတ်ပုဂ္ဂိုလ်ဖြစ်၍ ရပ်ရွာ ဒကာ ဒကာမများ၏ ကြည်ညိုလေးစားမှုကို ခံယူရရှိထားသော ဦးပဉ္စင်းဖြစ်သည်။ 

ငယ်ရွယ်သော ပဉ္စင်းပျိုပင် ဖြစ်စေကာမူ တည်ငြိမ်ရင့်ကျက်သော ဣန္ဒြေသိက္ခာရှိခြင်းကြောင့် မြင်ရသူ လူတိုင်းကပင် ကြည်ညိုလေးစားကြသည်။ ကျယ်ပြန့်သော နဖူးပြင်၊ ပေါ်လွင်ထင်ရှားသော နှာခေါင်း၊ စေ့စပ်သေသပ် ပိရိသော နှုတ်ခမ်းတို့ကား ဦးပဉ္စင်း၏ ထင်ရှားသော ရုပ်လက္ခဏာများပင် ဖြစ် သည်။ ခက်ခဲနက်နဲသော ကျမ်းဂန်များကို စူးစူးစိုက်စိုက် သင်အံ လေ့လာခဲ့ရသူပီပီ ဦးပဉ္စင်း၏ မျက်လုံးအစုံမှာ စူးရှနက်နဲသော အသွင်ကို ဆောင်သည့် ရောင်ခြည်များ လျှမ်းလျှမ်းတောက် ကွန့်မြူးနေသည်။ 

အတန်ကြာသောအခါ ဦးပဉ္စင်းသည် နတ်ကနားကို လက်ညှိုးညွှန်၍

“ကိုင်း ပြောကြစမ်းပါဦး၊ အခု နတ်ကမယ့်အထဲမှာ ဘယ်သူတွေ ပါသလဲ” ဟု မေးလိုက်၏။

အားလုံးက သူ့ကြည့် ငါ့ကြည့်နှင့် မည်သူမျှ မဖြေဘဲ ရှိကြရာမှ မပြားကြီးက

“အားလုံး ပါပါတယ် ဘုရာ့” 

ဟု ဝင်၍ အဖြေပေးလိုက်၏။

“ကဲ ဒါဖြင့် အားလုံး နားထောင်ကြပါ။ ဒကာကြီးတို့ ဒကာမကြီးတို့ဟာ ကျုပ်တို့ သံဃာတော်တွေရဲ့ ဆွမ်းဒကာ ဒကာမတွေဖြစ်လို့ မကောင်းမြစ်တားပြီး ကောင်းရာကို ညွှန်ပြရမယ့်တာဝန် ကျုပ်တို့မှာ ရှိတယ်။ ဒါကြောင့် နတ်ကိုးကွယ်ယုံကြည်မှုရဲ့ အကောင်းအဆိုး အကျိုး အပြစ်ကို ကျမ်းဂန်အကိုးအကားနဲ့ ကျုပ် ပြောပြမယ်။ 

ပထမဆုံး နတ်ဆိုတဲ့ ဝေါဟာရက ဘယ်ကနေ ဆင်းသက်လာတယ်ဆိုတဲ့ အရင်းအမြစ်ကို ကျုပ်တို့ ရှာဖွေရမယ်။ နတ်ဆိုတာ မဂဓဘာသာမှ နာထ သဒ္ဒါကို အစွဲပြုပြီး နတ်ရယ်လို့ ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ကျုပ်တို့ နားလည်ထားရမယ်။ အဲဒီ နာထသဒ္ဒါဟာ ကိုးကွယ်ရာအနက်ကို ဟောတယ်။ ကမ္ဘာဦးသူတွေဟာ ကိုးကွယ်ရာကို ရှာဖွေရင်း ကိုယ်စိတ်ကူးတည့်ရာကို မျှော်မှန်း ရော်ရမ်းပြီး ကိုးကွယ်လာရာက စပြီးတော့ အဲဒီ နာထ၊ မြန်မာလိုတော့ နတ်ဆိုတဲ့ ဝေါဟာရ ပေါ်လာတယ်လို့ ယူဆဖွယ်ရှိတယ်။ တကယ့် ကိုးကွယ်ရာအစစ်က အဲဒီနတ်တွေ ဟုတ်ရဲ့လား။ အဲဒီမေးခွန်းကို ကျုပ်ကိုယ်တိုင် မဖြေဘူး။ ဘုရားဟော ဓမ္မပဒ ပါဠိတော်ထဲက ထုတ်နုတ်ကိုးကားပြီး ဖြေမယ်။ 

‘ အတ္တာဟိ အတ္တနော နာထော၊ ကောဟိနာထော ပရောသိယာ’ တဲ့။ အနက်ကတော့ အတ္တာဟိ အတ္တာဧဝ၊ မိမိကိုယ် မိမိသည်သာလျှင်၊ အတ္တနော နာထော၊ မိမိကိုးကွယ်ရာ အစစ်ဖြစ်၏။ ပရော မိမိမှ တပါးသော၊ ကော အဘယ်မည်သောသူမျှ၊ နာထော ကိုးကွယ်ရာသည်။ သိယာ ဖြစ်ချိမ့်မည်နည်း တဲ့ဗျ။ 

မိမိကိုယ် မိမိသာလျှင် မိမိ၏ ကိုးကွယ်ရာအစစ် ဖြစ်တယ်။ မိမိမှ တပါး အဘယ်မည်သောသူ တစုံတယောက်သည် မိမိ၏ ကိုးကွယ်ရာ ဖြစ်နိုင်ပါ့မည်လဲတဲ့။ ဒါကြောင့် ခင်ဗျားတို့ရဲ့ ကိုးကွယ်ရာ အစစ်ဟာ နတ်တွေမဟုတ်ဘဲ ခင်ဗျားတို့ကိုယ်တိုင်သာ ဖြစ်တယ်ဆိုတာ မြဲမြဲကြီး မှတ်ထားကြပါ”

အားလုံးပင် ခေါင်းငုံ့တိတ်ဆိတ်လျက် ရှိကြစဉ် စာကြည့်တိုက်မှူးလူငယ် ဝင်၍ 

“မှန်တယ်၊ ကိုယ့်ကြမ္မာကို ကိုယ်သာလျှင် ဖန်တီးနိုင်တယ်။ ကိုယ်ရဲ့ ကောင်းကျိုး ဆိုးကျိုးကို ကိုယ့်ကိုယ်တိုင်သာလျှင် ပေးစွမ်းနိုင်တယ်။ ဘယ်နတ် ဘယ်သိကြား ဘယ်ကံကြမ္မာကမှ ပေးစွမ်းနိုင်ခြင်း မရှိဘူး”

ဟု ဝင်ထောက်လိုက်၏။

“အဲဒီလောက်ကလေးနဲ့ သဘောမပေါက်နိုင်သေးဘူး ဆိုရင်လည်း ရှေးပညာရှိ စာဆိုအကျော်အမော်တွေရဲ့ ပျို့ကဗျာများမှ ထုတ်နုတ်ကိုးကားပြီး ကွင်းခနဲ ကွက်ခနဲ နေအောင် ရှင်းပြပါဦးမယ်”

ဦးပဉ္စင်းသည် ပြတ်သွားသော စကားဆက်ကို ပြန်ကောက်လာရာမှ ဤနေရာသို့အရောက် ခေတ္တရပ်နားလိုက်၍ သူ ထုတ်နုတ်ကိုးကားရမည့် အချက် အလက်များကို ပြန်လည်သုံးသပ်နေဟန်ဖြင့် အတန်ကြာအောင်ပင် ဆိတ်ငြိမ်စွာ စဉ်းစားနေပြီးနောက်မှ

“အဲ အခု ကိုးကားပြောဆိုမယ့် ကဗျာကတော့ စာဆို အရှင်မဟာသီလဝံသ ၈၅၃ ခုနှစ်မှာ စပ်ဆိုတဲ့ သံဝေဂခန်းပျို့ထဲက ထုတ်နုတ်ကိုးကားမယ့် ကဗျာ ဖြစ်တယ်။ အဓိပ္ပာယ်ရှိပြီး ထိလွန်း မိလွန်းလို့ တဆိတ်ကလေး ကြိုးစားပြီး နားထောင်ကြစမ်းပါ။ အဲဒီ သံဝေဂခန်းပျို့ အပိုဒ် ၃၅ မှာ 

ကာလရှည်လျား၊ လူ့ငနွားတို့၊
ကြီးမားယုတ်မာ၊ နတ်မိစ္ဆာကို၊
ဘိုးလာ ဘွားဘက်၊ မြေးသားဆက်၍၊
မပျက်ခုတိုင်၊ နတ်ခရိုင်နှင့်၊
ပန်းခိုင်ရေအိုး၊ ဆယ်စုံ ဖြိုး၍၊
မြတ်နိုးနှစ်သက်၊
အနက်အနီတလီ၊
ခေါင်းပေါင်းတင်အုပ်ဆောင်းနှင့်၊
အပေါင်းစုဝေး၊ အမွှေး အကြိုင်၊
မုန့်ဆိုင်မုန့်ခဲ၊ ကြက်ဝက်လဲ၍၊
ဗုံနှဲခရာ၊ တီးမှုတ်ကာနှင့်၊
ချမ်းသာဆင်းရဲ၊ ပေးစမြဲဟု၊
စိတ်ထဲထင်မှတ်၊ ငါတို့နတ်ကို၊
မပြတ်ကိုးကွယ်၊ အန္တ ရာယ်လည်း၊
ကိုယ်ဝယ်လွတ်ကင်း၊ မရှိလျဉ်း၏” တဲ့။

ရှင်းပါပေ့ဗျာ။ မိုက်မဲတဲ့ လူ့ငနွားတွေဟာ အကြီးအကျယ် ယုတ်မာလှတဲ့ နတ်မိစ္ဆာတွေကို ဘိုးစဉ်ဘောင်ဆက်ကစ မြေးသားတိုင်အောင် ဆက်ပြီးတော့ နတ်ခရိုင်ဆောက်လုပ်၊ ပန်းခိုင် ရေအိုး ခေါင်းပေါင်း အနီအနက်တွေနဲ့ ပူဇော်ပသရုံမျှမက အပေါင်းအဖော်တွေ စုဝေးပြီး အမွှေးအကြိုင် မုန့်ဆိုင်မုန့်ခဲ ကြက်ဝက်ပါလဲပြီး ဗုံနှဲခရာတွေကို တီးကာမှုတ်ကာနဲ့ ဒီနတ်တွေဟာ ချမ်းသာဆင်းရဲကို ပေးနိုင်တယ်။ သူတို့ကို မပြတ်ကိုးကွယ်ရင် ဘေးအန္တရာယ်များ ကင်းလွတ်မယ်လို့ စိတ်ထဲမှာ စွဲမှတ်ထားကြတယ်တဲ့။ ဒီအတိုင်းပဲ မဟုတ်လားဗျို့”

အားလုံးကား သည်အတိုင်း မှန်ပါသည်ဟု ဝန်ခံနေကြသည့်အလား တယောက်မျက်နှာ တယောက်ကြည့်ရင်း ဆိတ်ငြိမ်နေကြ၏။ သူတို့၏ စိတ် တွင်း၌မူ သူတို့ လုပ်ပုံကိုင်ပုံ စွဲမှတ်ထားပုံတွေကို ကွင်းခနဲ ကွက်ခနဲ ဖော်ပြနိုင်စွမ်းရှိသော သူတို့ မသိသည့် စာဆိုအရှင်အား အံ့သြနေမိကြ၏။ 

“နောက်ပြီးတော့ 

ဆောင်နှင်းမင်္ဂလာ၊ လှူဒါပုည၊
ပြုကာလလည်း၊
မိဘရှေ့မှတ်၊ ငါတို့နတ်ကို၊
ပေးအပ် အပ်လျှင်၊ ပွဲလမ်းပြင်၍၊
အရှင် မှတ်မှတ်၊ ကိုယ်ဝယ် ကြပ်လျက်၊
မပြတ်ထင်ရှား၊ မမေ့မှားဟု၊
ဆုများရွယ်ရွယ်၊ ရှက်စဖွယ်နှင့်၊
ဘယ်ဝယ်တကာ၊ ကိုယ်တိုင်လာ၍၊
ဥစ္စာထင်ရှား၊ ဘယ်သူ့အားကိုး၊
နတ်များပို့လာ ရှိဖူးပါအံ့ တဲ့ဗျ။ 

မင်္ဂလာဆောင်တဲ့အခါ၊ အလှူကောင်းမှု ပြုတဲ့အခါများမှာဆိုရင်လည်း မိဘရှေ့မှောက်မှာ နတ်ကို အပ်နှံတဲ့သဘောနဲ့ ပွဲလမ်းပြင်ပြီး အရှင့်ကိုသာ အရှင်မှတ်မှတ်နဲ့ ကိုယ်မှာကြပ်မတ်ပြီး မပြတ်သတိရနေပါမယ်လို့ ဆုများတောင် ရွယ်လိုက်သေး။ ဘယ်လောက်ရှက်ဖို့ ကောင်းပါသလဲတဲ့။ အဲဒီလို ပေးအပ် ပူဇော်ပသတဲ့အတွက် ဘယ်တုန်းကများ နတ်ကိုယ်တိုင် လာရောက်ပြီး ဥစ္စာထင်ရှား ဘယ်သူ့အားကိုးနဲ့ ပေးဖူးပါသလဲတဲ့။ 

ခင်ဗျားတို့ ပဲခူးနတ်အဆက် နံကရိုင်းအနွယ်တွေဟာလည်း ဒီလိုပဲ။ မင်္ဂလာဆောင်တဲ့အခါမှာ ခင်ဗျားတို့ နတ်ကို ပေးအပ်ကြရတာပဲ မဟုတ်လား။ အဲဒီလို ပေးအပ်ပူဇော်ပသတဲ့အတွက် ခင်ဗျားတို့ကိုရော ခင်ဗျားတို့နတ်က သစ္စာထင်ရှား ပေးဖူးပါသလား”

မည်သူမျှ မလှုပ်။ သူတို့၏ သဘာဝကို ဤမျှ ပေါက်ပေါက်ရှာရှာ ရေးနိုင်စွမ်းရှိသည့် စာဆိုအရှင်ကိုသာ သူတို့ အံ့သြချီးကျူးနေမိကြ၏။ သူတို့၏ အတွင်းစိတ်မှာတော့ “မှန်လိုက်လေ” ဟု ကျိတ်၍ ဝန်ခံနေကြ၏။

“မိစ္ဆာစွဲမှတ်၊ ဘယ်အရပ်မှာ၊
နတ်တို့နေရာ၊ အိမ်ခန်းဝါနှင့်၊
သာယာခမ်းနား၊ နတ်မယားနှင့်၊
နတ်သားနတ်လင်၊ ကြည့်မမြင်တည့် တဲ့။

ခင်ဗျားတို့ မှားယွင်းစွာ စွဲမှတ်ထားတဲ့ နတ်တွေ နေထိုင်ရာ အိမ်ခန်းဝါနဲ့ သာယာခမ်းနားတဲ့ နတ်မယားတွေ၊ နတ်သား နတ်လင်တွေကို ဘယ်အရပ်မှာလဲဆိုတာ သူကြည့်လို့ မမြင်ဘူးတဲ့။ ခင်ဗျားတို့ကော မြင်ကြရဲ့လား”

ဤတွင် မပြားကြီးက ဝင်၍ 

“ဘယ်မြင်ရမလဲ ဘုရာ့၊ သူတို့က ကမ္မသိဒ္ဓိ တန်ခိုးရှင်တွေမို့ တပည့်တော်တို့ သာမန်လူသားတွေ ဘယ်မြင်နိုင်မလဲ”

စောဒက ဝင်လိုက်ရာ ဦးပဉ္စင်းက အားရပါးရ ပြုံးလိုက်ပြီးနောက် ရှေ့အပိုဒ်ကို ကောက်ဆက်ပြန်၏။

“ငြိုငြင်စိတ်စွဲ၊ အံသွားခဲ၍၊
ညှဉ်းဆဲနှိပ်စက်၊ နတ်တို့ လက်နှင့်၊
ထုတ်လျက်ဆွဲငင်၊ ပြုကြအင်ကို၊
မမြင်ဖူးပါ တဲ့။

ဒေါသတကြီး အံသွားကိုခဲပြီး နတ်တို့လက်နဲ့ တွန်းထိုးရိုက်ပုတ် ညှဉ်းဆဲနှိပ်စက်တာကိုလည်း သူ မမြင်ဖူးပါတဲ့၊ ခင်ဗျားတို့ကော မြင်ဖူးကြလား” 

“ဘယ်မြင်ဖူးမလဲ ဘုရာ့။ သူတို့က ကိုယ်ထိလက်ရောက် ရိုက်ပုတ်ထုထောင်းပြီး နှိပ်စက်တာမှ မဟုတ်ဘဲကိုး၊ နတ်တို့ရဲ့ တန်ခိုးနဲ့ ဖမ်းစားနှိပ်စက်တာမို့ ဘယ်မြင်ရလိမ့်လဲ ဘုရား”

မပြားကြီး၏ အကြောင်းပြချက်ကို ဦးပဉ္စင်းက ရှေးနည်းအတူ ပြုံးတော်မူ၍သာလျှင် ရှေ့အပိုဒ်ကို ဆက်နေပြန်၏။

“သည်အရာကို၊
မိစ္ဆာမောဟ၊ အယူခွ၍၊
နတ်များသခင်၊ နတ်ဘုရင်ဟု၊
နတ်တွင်အကြီး၊ ငါ့သမီးကို၊
ဖမ်းဆီးတတ်ငြား၊ ငါ့မယားကို၊
ဖမ်းစားတတ်ချေ၊ ချမ်းသာစေဟု၊
ကချေပွဲလမ်း၊ အခမ်းအနား၊
နတ်ထိန်းများနှင့်၊
သောက်စားဟစ်အော်၊ တကြော်ကြော်နှင့်၊ မောင်တော်ရှင်ချစ်၊ နတ်သံပစ်၍၊
မူးယစ်အထွေ ထွေလျှင်၊
လူ့မြေရပ်ရွာ၊ နတ်မိစ္ဆာကို၊
ကယ်သာထင်မှတ် သဘောကပ်၏။ 
နတ်လူဗြဟ္မာ၊ သတ္တဝါကို၊
ကံသာအရင်း၊ ပြုဖန်ဆင်းဟု၊
ယူလျှင်းအပ်စွာ၊ ယခုမှာကား၊
ချမ်းသာဆင်းရဲ၊ နတ်ခပဲသည်၊
ပေးမြဲတို့မှာ၊ ထင်မှတ်ရာသည်၊
မိစ္ဆာယူမိ၊ ယူမှားတည်း တဲ့။

အကျယ်ရှင်းပြနေဖို့ မလိုအောင် ရှင်းနေတာပါပဲ။ အဲဒီလို နတ်မိစ္ဆာတွေ လက်နဲ့ ညှဉ်းဆဲ နှိပ်စက်တာကို မမြင်ဖူးပါပဲနဲ့ ငါ့သမီးကိုများ ဖမ်းဆီးမလား၊ ငါ့မယားကိုများ ဖမ်းစားလေမလားဆိုတဲ့ မိစ္ဆာမောဟတွေ ဖုံးလွှမ်းပြီး နတ်တွေသာလျှင် ငါတို့ကို ကယ်နိုင်မယ်ဆိုတဲ့ မိစ္ဆာအယူအရ ကချေပွဲလမ်း၊ အခမ်းအနား၊ နတ်ထိန်းများနဲ့၊ သောက်စားဟစ်အော်၊ တကြော်ကြော်နဲ့၊ မောင်တော်ရှင်ချစ်၊ နတ်သံပစ်ပြီး၊ မူးကြ ရူးကြ၊ ကကြ ခုန်ကြ၊ ဒီလို မဟုတ်လား။

ဗုဒ္ဓဘာသာ တရားတော်အရ နတ်လူဗြဟ္မာ သတ္တဝါအားလုံးကို ကံသာအရင်းပြု ဖန်ဆင်း၏လို့ ယူဆရမယ့်အစား ယခုတော့ ချမ်းသာ ဆင်းရဲကို နတ်များကသာ ပေးစွမ်းနိုင်မြဲလို့ ထင်မှတ်နေကြတော့ ခင်ဗျားတို့ဟာ ဗုဒ္ဓဘာသာ အမည်ခံထားပေမဲ့ အပါယ်သွားမယ့် မိစ္ဆာဒိဋ္ဌိတွေ ဖြစ်ကုန်ကြပါပကောလား”

နေရာတကာ၌ လျှာရှည်ရမှ ကျေနပ်လေ့ရှိသော မပြားကြီးပင် ဤအပိုဒ်တွင် စောဒကဝင်စရာ မရှိတော့သလို ငြိမ်ချက်သား ကောင်းနေ၏။ ကိုဒေါင်းစိန် ကတော့ ဦးပဉ္စင်းပြောသမျှ စကားလုံးများ အချက်အလက်များအားလုံးကို လုံးစေ့ပတ်စေ့ နားလည်ခြင်းမရှိသော်လည်း သူတို့ဘဝနှင့် ဟပ်မိသော အကိုးအကား အထောက်အထား အကြောင်းပြချက်များကြောင့် အားလုံး အမှန်တရားများသာ ဖြစ်မည်ဟု လက်ခံယုံကြည်ထား၏။

“အဲဒီလောက်နဲ့ မလုံလောက်သေးလို့ ထပ်ပြီး အကိုးအကားနဲ့ ရှင်းပြစမ်းပါလို့ ဆိုရင်လည်း အဲဒီ သံဝေဂခန်းပျို့ကပဲ အပိုဒ် ၃၆ ကို ထုတ်နုတ်ကိုးကား ရွတ်ဆိုပြရသေးတာပေါ့ဗျာ။

မိစ္ဆာယူမှား၊ အလားလားနှင့်၊
လေးပါးပါယ်ဝ၊ လူ ဗာလတို့၊
ကြံဆကောင်းစွာ၊ မာယာလှည့်ဖျား၊
လူ့ငနွားတို့ မယားထွေထွေ၊
သံခြေညင်းညင်း၊ နားချိုသွင်း၍၊
မောင်မင်းနှင့်ငါ၊ ချစ်ကြပါငြား၊
တို့အကြားတွင်၊
နှစ်ပါးမလို၊ မကြည်ညိုအောင်၊
တို့ကိုဖျက်ဆီး၊ ရှင်နတ်ကြီးအား၊
ခင်းနှီးကော်ဇော၊ အုန်းငှက်ပျောနှင့်၊
မနောလင်ပန်း၊ အခန်းခန်းဖြင့်၊
ပွဲလမ်းကျင်းပ၊ ပူဇော်သလျှင်၊
နှမလည်းချစ်၊ မောင်လည်းချစ်၍၊
ငုပ်နစ်ကျွမ်းလောင်၊ ပေါင်းရအောင်လျှင်၊ လက်ဆောင်စကား၊ ပြောပေငြားသော်၊
ချစ်အားကြီးစွာ၊ ကိလေသာကို၊
မြိန်စွာမက်မော၊ တဏှာဇောလည်း၊
ဖြောဖြောအင်ခြိုက်၊ လူငမိုက်က၊
အကြိုက်နှင့်ကြုံ၊ ကိုယ်လုံးထုံ၍၊
အယုံတရားရှိ ပေငြား၍၊
မယားယုတ်မာ၊ နတ်မိစ္ဆာကို၊
မေတ္တာချစ်ခင်၊ ရှိသည့်အင်နှင့်၊
သူ့လင်အိမ်သွေး၊ အထွေးထွေးဖြင့်၊
ပါယ်လေးဝဘောင် လိုက်၍မြှောင်သည်၊ လက်ဆောင်အများ၊ နတ်ကနားနှင့်၊
သစ်ဝါးအသင့်၊ စင်နိမ့် မြင့်နှင့်၊
လိုသင့်လိုရာ ငွေသပြာကို၊
များစွာထုတ်ပိုး၊ ဆယ်ဆုံဖြိုးမှ၊
တိုး၍ချစ်ပါ၊ ဆုပန်ကာနှင့် 
ရတနာသုံးဦး၊ မြတ်ကျေးဇူးကို၊
မကူးစိတ်မှာ၊ ရှင်းရှင်းခွာ၍၊
မောဟာကတိ ကိုယ်လုံးငြိလျက်၊
မရှိတရားအမှားမှားနှင့်၊
မီးပွားမီးပူ၊ ရန်သူနှိပ်စက်၊
ခံစားလျက်နှင့် ဖိုလ်မဂ်ရှစ်တန်၊
မဆန်စုန်ဆင်း၊ ခန္ဓာကင်းသည်၊
ပြည်မင်းပါယ်ဝ ရပ်သာတည်း တဲ့။

ရှင်းရှင်းကလေးဗျနော်၊ ရှင်းရှင်းကလေး။ အိမ်က မယားတွေက သံခြေညင်းညင်း နားချိုသွင်းပြီးတော့ မောင်မင်းနှင့်ငါ ချစ်ကြပါတဲ့။ တို့အကြားမှာ နှစ်ပါးမလို မကြည်ညိုအောင် တို့ကို ဖျက်ဆီးနေတဲ့ ရှင်နတ်ကြီးအား ခင်းနှီးကော်ဇော အုန်းငှက်ပျော စသည်များနဲ့ မနောလင်ပန်း အခန်းခန်းနဲ့ ပွဲလမ်းကျင်းပ ပူဇော်ပသမှသာလျှင် နှမလည်းချစ် မောင်လည်း ချစ်ပြီး စိတ်ချလက်ချ ချစ်ခင်ပေါင်းသင်းရမယ် အစရှိသဖြင့် ပြောလိုက်တာနဲ့ တပြိုင်နက် လူငမိုက်တွေက ပစ်ယုံလိုက်ပြီး နတ်ကနားကို သစ်ဝါးအသင့် စင်နိမ့်မြင့်နဲ့ ဆောက်လုပ်၊ လိုသင့်လိုရာ ငွေသပြာများကို များစွာထုပ်ပိုးကာ၊ လက်ဆယ်စုံ ထိပ်မှာမိုးပြီး တိုး၍ ချစ်ကြပါစေလို့ ဆုများတောင် ပန်လိုက်ကြသေးတယ် မဟုတ်လား။ အဲဒါ အပါယ်သွားမယ့် တလမ်းသွား အလုပ်တွေ”

ဦးပဉ္စင်းသည် အတော်ကလေး ဟောပြောလိုက်ရ၍ အာခြောက်သွားဟန်ဖြင့် ကိုဒေါင်းစိန်ထံမှ ရေတခွက် တောင်းသောက်ပြီးနောက် သူ့စကားကို ဆက်ပြန်၏။

“အဲဒီနတ်တွေနဲ့ ပတ်သက်ပြီး အရှင်မဟာသီလဝံသနဲ့ တခေတ်တည်းပေါ်တဲ့ အင်းဝခေတ်စာဆို အရှင်မဟာရဋ္ဌသာရရဲ့ အာဘော်ကို သိချင်သေးသပ ဆိုရင်လည်း ၈၅၆ ခုနှစ်မှာ ရေးစပ်တဲ့ ဘူရိဒတ် ဇာတ်ပေါင်းပျို့ထဲက ကောက်နုတ်ပြီး ရွတ်ဆိုပြရသေးတာပေါ့။ အဲဒီ ဇာတ်ပေါင်းပျို့၊‘လူတို့လုံ့လ’ အစချီတဲ့ အပိုဒ်မှာ ‘တချို့သသူ၊ အမိုက်လူကား၊ အယူမှားချွတ်၊ မီးကိုနတ်ဟု၊ အမှတ်တရ၊ ရိုညွတ်ခ ၏’တဲ့။ တချို့ လူမိုက်တွေကတော့ အယူလွဲမှားပြီး မီးကို နတ်ရယ်လို့ အမှတ်တရ ရိုသေကိုင်းညွတ် ခယပူဇော်ကြတယ်တဲ့။

တောစ တောင်ခြေ
နေသည်တစု၊ မိလက္ခုကား၊
အမ္ဗုအာပေါ်၊ မယော်တောယ၊ ကံဒကနှင့်၊
ဝါလဝါရိ၊ အစရှိသား၊
အဘိဓာန၊ နာမအများ၊ ဝေါဟာပြားသည်၊
ရေအား ဒေဝ၊ မှတ်ကုန်ကြ၏ တဲ့။

တောစ တောင်ခြေမှာနေတဲ့ မိလက္ခု (မိလက္ခုဆိုတာ တောင်သူပေါ့ဗျာ) အဲဒီ တောင်သူတစုကတော့ အမ္ဗုတဲ့၊ အာပေါတဲ့၊ ပယောတဲ့၊ တောတဲ့၊ ကံတဲ့၊ ဒကတဲ့၊ ဝါလတဲ့၊ ဝါရိတဲ့ အစရှိတဲ့ အဘိဓာန်ထဲက ရေဟောပရိယာယ် ၁၅ ပုဒ်ထဲက ရေကိုပဲ နတ်ရယ်လို့ မှတ်ယူထားကြတယ်တဲ့။ 

ထိုမှတပါး၊
နတ်ဝင်များမူ၊
ထင်ရှားသသူ၊ သေသောဟူက၊
အယူမလွဲ၊ နတ်ဖြစ်မြဲဟု၊
ဝမ်းထဲ ပြတ်ပြတ်၊ မှတ်သိရကား၊
ဘူးကရားနှင့်၊ မှန်းထားမြည်ရည်၊
နတ်အိမ်တည်၍၊
အကြည်အညို၊ နတ်ကိုချည်းသာ၊ လုံးပန်းရှာ၏ တဲ့။

အဲ နတ်ဝင်တွေကတော့ ထင်ရှားတဲ့လူတွေ သေရင် အယူမလွဲ နတ်သာလျှင် ဖြစ်မြဲလို့ တရားသေစွဲမှတ်ထားကြတဲ့အတွက် နတ်အိမ်တည်ပြီး အကြည် အညို နတ်ကိုချည်းသာ လုံးပန်းကြရှာတယ်တဲ့။ 

ရတနာသုံးပါး၊ အမြတ်အားမူ၊
များများမယုံ၊ အာရုံနှောင့်နှေး၊
နှစ်ခွတွေးလျက်၊ နာရေးဖျားတာ၊
ရောက်သောခါလည်း၊
ကြမ္မာဘုံဟောင်း၊ အိမ်မကောင်းကို၊
မြဲကြောင်းပင့်ကူ၊ ထောက်တိုဟူသား၊
အလှူသီတင်း၊ ဆည်းပူးခြင်းကို၊
စင်းစင်းမပြု၊ နတ်မှစုန်းရွယ်၊
အကယ်ကယ်သို့၊ ရယ်ဖွယ်အိုးကြီး၊
မရှက်သီးဘဲ၊ ကနားပွဲနှင့်၊
ဝတ်လဲဖြူနီ၊ ပန်းသီးပန်းနှစ်၊
ဆင်ကရစ်လျက်၊ လက်နှစ်လက်ဝန်း၊ တဖျင်သန်းတည့်၊
သွန်းမှန်းမသိ၊ မျက်စိသံလည်း၊
နတ်ရူးသည်ဟု၊ မတည်မတုံ၊
လွင့်ပျံ့နှလုံး၊ သူမိုက်ထုံးလည်း၊
စွဲသုံးလေ့လာ၊ မကျင့်ရာသည်၊
မိစ္ဆာယောင်ယိ ယောင်ယမ်းတည်း တဲ့။ 

ရတနာသုံးပါးကိုတော့ များများမယုံ၊ ချော်တွေး ငေါ့တွေး နှစ်ခွတွေးပြီး နာရေးဖျားတာ ရောက်တဲ့အခါမှာ ဆိုရင်လည်း ကုသိုလ်ကံအကျိုးကို ဆက်ပေးတဲ့ သဘောနဲ့ အလှူသီတင်း ဆည်းပူးခြင်းကိုတော့ စင်းစင်းမပြု၊ နတ်လိုလို စုန်းလိုလိုနဲ့ ရူးမိုက်တဲ့ အလေ့အလာ အပြုအမူတွေကို မကျင့်ရဘူးတဲ့။ ဒါတွေဟာ ယောင်ကန်းကန်း မိစ္ဆာအလုပ်တွေပါပဲတဲ့။ အဲဒီစာဆို အရှင်နှစ်ပါးရဲ့ ပျို့ကဗျာသုံးပိုဒ်နဲ့ပဲ နတ်ကိုးကွယ်ယုံကြည်မှုဟာ အပါယ်သွားမယ့် မိစ္ဆာအယူဖြစ်ကြောင်း ထင်ရှားပြီးဖြစ်လို့ ကျုပ်က ထပ်မံပြီး ပြောပြဖို့ လိုပါသေးသလား”

ဦးပဉ္စင်းကား သူပြဆိုခဲ့သော အကိုးအကား အထောက်အထားများမှာ နတ်ကိုးကွယ် ယုံကြည်မှု၏ အကောင်းအဆိုးကို ပြတ်ပြတ်သားသား ဝေဖန်ပိုင်းခြားနိုင်လောက်သည်အထိ ပြည့်စုံလုံလောက်ခြင်း ရှိပြီဟု ယူဆကာ သူ့တရားကို နိဂုံးချုပ်လိုက်လေပြီ။ ဤတွင် စာကြည့်တိုက်မှူးလူရွယ်က တစခန်းထ ပြန်၏။

“ဒီ နတ်စုတ် နတ်ပဲ့ နတ်ဘိန်းစား နတ်အရက်သမားတွေကို ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်ပြီး တလောက ဓနုဖြူအသွား မယ်ဘာလညောင်ပင်မှာ ခင်ဗျားတို့ မယ်ဘာလကို ပသစဉ်အချိန်က ကျုပ်ရဲ့ သဘောထားကို ပြောကြားပြီးဖြစ်လို့ အခု ဘာမှ ထပ်ပြောစရာ မရှိပါဘူး။ တခုပဲ ပြောချင်တာက ခင်ဗျားတို့ အဲဒီ နတ်တို့၊ ဗေဒင်တို့၊ အင်းအိုင် မန္တရား စတဲ့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေကို မဖျောက်နိုင်သေးသရွေ့ ကာလပတ်လုံး ခင်ဗျားတို့ မွဲသထက် မွဲ၊ ငတ်သထက် ငတ်၊ ဒုက္ခရောက်သထက် ရောက်ရဦးမယ် ဆိုတာကတော့ သေချာပါတယ်။ 

ဒါပေမဲ့ ဘယ်လိုပဲ အကိုးအကား အထောက်အထားတွေနဲ့ အကြောင်းပြပြီး ဟောပြောပေမဲ့ ခင်ဗျားတို့ နှလုံးသားထဲမှာ ချိုးကပ်အောင် စွဲမြဲနေတဲ့ အစွဲ အလမ်းတွေကို ဒီအကြောင်း ယုတ္တိက မောင်းထုတ်ဖယ်ရှားပစ်ခြင်း မပြုနိုင်ဘူးဆိုတာလည်း ကျုပ် သိပါတယ်။ အဲဒီအတွက် ခင်ဗျားတို့ကိုလည်း အပြစ်မတင်ချင်ပါဘူး။ 

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိပညာရေးစံနစ်ဟာ ခင်ဗျားတို့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေကို ပပျောက်ကုန်အောင်၊ အတွေးအခေါ်သစ် ပညာသစ်ကို မပေးဘဲ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ပဒေသရာဇ် အတွေးအခေါ် အစွဲအလမ်းတွေထဲမှာပဲ နစ်မြုပ်နေအောင် သင်ကြားပေးခြင်းကို ခံယူနေရလို့ပဲဆိုတာ ကျုပ် သိထားလို့ပဲ။ 

ဥပမာ ခင်ဗျားတို့ကို ဖတ်ခွင့်ပြုထားတဲ့ စာအုပ်တွေ ဟာ ဘာစာအုပ်တွေလဲ။ အုပ်စိုးတဲ့မင်းကို သစ္စာစောင့်သိဖို့၊ ခေတ် ဘယ်လိုပဲပြောင်းပြောင်း ရှေးထုံးစဉ်လာကို မပယ်ဖို့၊ ခပ်ရှင်းရှင်းပြောရရင် ကျိုးကျိုးနွံနွံ ကျွန်ပီသအောင် ဆုံးမသြဝါဒပေးထားတဲ့ နီတိကျမ်းတွေ။ ယောက်ျားကောင်း မောင်းမတထောင်ဆိုတဲ့ စကားမျိုးနဲ့ မြေကျွန် ယာကျွန်တို့ရဲ့ ချွေးနှဲစာဖြင့် မယားငယ် အများအပြားယူထားတဲ့ ပဒေသရာဇ် မြေရှင်ကြီးတွေကို ထောက်ခံထားတဲ့ စာအုပ်တွေ။ အဲဒီစာအုပ်တွေသာ ခင်ဗျားတို့ ဖတ်နေရတယ် မဟုတ်လား။ 

ခင်ဗျားတို့ ကြည့်နေရတဲ့ ဇာတ်တွေကကော ဘာအကြောင်းအရာကို ဇာတ်ကွက်ဆင် ကပြတဲ့ ဇာတ်တွေလဲ။ ပဒေသရာဇ်ရှင်ဘုရင်ရဲ့ ကြီးကျယ်ခမ်းနားပုံတွေ၊ နတ်တွေ သိကြားတွေ နဂါးတွေ မြေလျှိုးပြီး မိုးပျံပုံတွေ။ ဒါတွေကိုသာ ခင်ဗျားတို့ ကြည့်နေရတယ် မဟုတ်လား။ ဒီတော့ အဲဒီ ပဒေသရာဇ် ယဉ်ကျေးမှု အစဉ်အလာ အစွဲအလမ်းတွေဟာ ပဒေသရာဇ် စီးပွားရေးစနစ်ရဲ့ ဖိနှိပ်ခြယ်လှယ်မှုအောက်မှာ ဆင်းရဲတွင်းနက်နေရတဲ့ ခင်ဗျားတို့ကို တကယ့်အကြောင်းရင်းအမှန်ကို မမြင်စေဘဲ၊ မိရိုးဖလာနတ်တွေ ဘာနတ်တွေ ညာနတ်တွေဆီမှာသာ ဆည်းကပ်ကိုးကွယ်ရာကို ရှာစေပြီး လမ်းလွဲကို ပြထားတဲ့အတွက် ခင်ဗျားတို့လည်း အဲဒီ နတ်တွေကို သာ အယူသီးနေရတာပဲ။ 

ဒါပေမဲ့ ခေတ်ရဲ့တိုးတက်မှုကို ဘယ်သူမှ မပိတ်ပင် နိုင်ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကြောင့် ခင်ဗျားတို့ကိုယ်တိုင် အလိုလို နိုးကြားလာမှာပါပဲ။ ပြည်သူ့ခေတ်မှာ ပြည်သူ့ပညာရေးစနစ်သစ်ဟာ ခင်ဗျားတို့ဆီ အရောက်လာပြီး ခင်ဗျားတို့ရဲ့ နှလုံးသည်းပွတ်ထဲမှာ ချိုးကပ်နေအောင် စွဲမြဲနေတဲ့ အစဉ်အလာ အစွဲအလမ်းဟောင်းတွေကို အပြီးတိုင် မောင်းထုတ်ပစ်မယ့်နေ့ကတော့ တနေ့မှာ မုချ ဆိုက်ရောက်လာပါလိမ့်မယ်။ အခုနေမှာတော့ ကျွန်တော်တို့က လူတတ်ကြီးလုပ်ပြီး ဟောပြောနေပေမဲ့ ကျွဲပါးစောင်းတီး အချည်းနှီးပဲ နေမှာပဲ”

လူငယ်ကား ကိုဒေါင်းစိန်တို့၏ နတ်အယူသီးမှုကို ယခုအချိန်၌ တိုက်ဖျက်၍ရမည် မဟုတ်ဟု သိမြင်ယုံကြည်သဖြင့် လုံးဝ လက်လျှော့လိုက်ပေပြီ။ မှန်လည်း မှန်လှပေသည်။ သူတို့၏ နားလည်ရန်ခက်သော အကြောင်းယုတ္တိများမှာ ပညာအခြေခံဟူ၍ လောက်လောက်လားလား မရှိရှာသော ကိုဒေါင်းစိန် တို့၏ နှလုံးသည်းပွတ်ထဲအရောက် စူးဝင်သွားခြင်း မရှိဘဲ နားထဲမှသာ လျှံထွက်သွားကြပါသည်။ သူတို့အား အတွေးအခေါ်သစ်၊ ပညာသစ်များကို ပေးချင်လျှင် သူတို့၌ ပညာအခြေခံရှိသည့် အချိန်သို့တိုင် စောင့်ဆိုင်းရပေမည်။ နောက်ဆုံးတွင် ဦးပဉ္စင်းလည်း ဤအချက်ကို ရိပ်မိသဘောပေါက်လာဟန်ဖြင့် လုံးဝလက်လျှော့လိုက်ကာ လူငယ်နှင့်အတူ ပြန်ကြွသွားတော့သည်။ ကိုဒေါင်းစိန်တို့ချည်း ကျန်ရစ်သောအခါ မပြားကြီးက 

“မိရိုးဖလာ နတ်ကိုးကွယ်မှုကို ဘုရားတောင်မှ တားမြစ်ခြင်းမပြုဘူးလို့ ငါတော့ ကြားဖူးတာပဲ”

ဟု ပြောလိုက်ရာ အားလုံးက “ဟုတ်တယ်” ဟု ဝိုင်းဝန်း ထောက်ခံလိုက်ကြ၏။ နောက်တွင် သူတို့သည် နတ်ကရန် အစီအစဉ်များကို ဆက်လက်ဆွေးနွေး တိုင်ပင် နေကြတော့သည်။

---

နတ်ကနားအတွင်းမှ နတ်ဆိုင်းသံ တညံညံကို ကြားရပေပြီ။ နတ်ဝင်ဖူးသော နတ်ဝင်သည်များနှင့် နတ်ကို စွဲစွဲလမ်းလမ်း ယုံကြည်နေသူများကား မရိုးမရွနှင့် ကချင် ကွေးချင်၊ ခုန်ချင် ပေါက်ချင်လာအောင် နတ်ဆိုင်းသံသည် ညှို့နေပေပြီ။ ဂီတသည် လူတို့၏ စိတ်အာရုံကို ညွတ်နူးလာအောင် ဆွဲဆောင်လာနိုင်သည်ဖြစ်ရာ ယခု နတ်ဆိုင်းမှာလည်း နတ်ဝင်သည်များနှင့် နတ်ယုံကြည်သူများ၏ စိတ်အာရုံကို ညွတ်နူးပြီး ယိမ်းယိုင်လာအောင် သွေးဆောင် နေပေပြီ။

နတ်ကနား ပတ်လည်ရှိ စင်မြင့်ပေါ်တွင်ကား ၃၇ မင်း နတ်ကို ရည်စူး၍ ကန်တော့ပွဲ ၃၇ ပွဲကို ပြင်ဆင်ထားသည်။ စင်ပေါ်တွင် ၃၇ မင်း နတ်ရုပ် အစုံအစေ့ မရှိသော်လည်း ဓားထမ်းထားသော မင်းညီနောင်နတ်ရုပ်နှင့် အချို့နတ်ရုပ် လေး ငါး ရုပ်ကို တွေ့ မြင်ရသည်။ ခေါင်းပေါင်း အနီ အနက်၊ အဝတ်တန်ဆာ၊ အမွှေးအကြိုင် စသော အသိုင်းအဝိုင်း အဆောင်အယောင်များကိုလည်း နတ်စင်ပေါ်တွင် တွေ့မြင်နိုင်သည်။ ဤပတ်ဝန်းကျင် အသိုင်းအဝိုင်း အဆောင်အယောင်များကလည်း နတ်ဝင်သည်များနှင့် နတ်ကိုးကွယ် ယုံကြည်သူများ၏ စိတ်အာရုံကို နတ်ဘက်သို့ ညွတ်နူးလာအောင် ဖျားယောင်းနေသည်။

နတ်ကနား၏ အလယ်တည့်တည့်တွင်ကား စည်ပိုင်းကြီးတလုံး တည်ထား၍ ဤစည်ပိုင်းကြီးအတွင်း၌မူ နတ်ကမည့် ပဲခူးမောင်နှံ ခုနစ်စုံအတွက် ငါးရံ့ကြီး ခုနစ်ကောင်ကို ကျွဲခုနစ်ကောင် အမှတ်ဖြင့် ရေများနှင့် လှောင်ထားသည်။

ကိုဒေါင်းစိန်နှင့် မယ်စိန် အပါအဝင် ပဲခူးမောင်နှံ ခုနစ်စုံကား အဝတ်သစ် အစားသစ်နှင့် နတ်ကနားအတွင်းသို့ ရောက်နေကြပေပြီ။ ဦးပဉ္စင်းနှင့် လူငယ်၏ ဟောပြောမှုကြောင့် နတ်ယုံကြည်မှုမှာ လုံးဝ ပျောက်ကွယ်မသွားသော်လည်း သူတို့၏ စိတ်ထဲ၌မူ နတ်အပေါ် အနည်းငယ် သံသယကလေး ရှိလာ၏။

သို့သော် ယခုလို နတ်ဆိုင်း၊ နတ်ရုပ်၊ ကန်တော့ပွဲ စသော အသိုင်းအဝိုင်း အဆောင်အယောင်များ ပြည့်နှက်နေသည့် နတ်ကနားအတွင်း နတ်စက်ကွင်းသို့ ဝင်မိသည့်အခါ၌ကား ထိုသံသယကလေးပင် လုံးဝပျောက်ကွယ်သွားပြီး နတ်ကို ယုံကြည်မှုမှာ ရာခိုင်နှုန်းအပြည့် ပြန်ဖြစ်သွားတော့သည်။

ကလေးသူငယ်များကား နတ်ကနားအပြင်မှနေ၍ ကန်တော့ပွဲအတွင်းရှိ ငှက်ပျောသီး၊ အုန်းသီးများကို မျက်စောင်းထိုးနေကြလေပြီ။ နတ်ပွဲတိုင်း၌ ပါလေ့ရှိသော ဒေါ်ကလီစာ၊ ဒေါ်အေးစိန်၊ ဒေါ်မယ်ဟန်တို့ နတ်ဝင်သည်တစုလည်း နတ်ကနားအတွင်းသို့ ရောက်နေကြလေပြီ။ 

သင်္ကြန်စာများတွင် ဝါးတို့၏ အဓိပတိကား ဘာ၊ သစ်ပင်တို့၏ အဓိပတိကား ဘယ်သင်း၊ အခြေလေးချောင်းတို့၏ အဓိပတိကား ဘယ်ဟာ စသဖြင့် ပါတတ်သော သင်္ကြန်စာ လေသံအတိုင်း သုံးနှုန်းရလျှင် ဤရွာတွင် နတ်ဝင်သည်တို့၏ အဓိပတိကား ဒေါ်ကလီစာ၊ သူ မပါလျှင် နတ်ပွဲ မစည်ကား။

နတ်ထိန်းလုပ်သူမှာ အသက်ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိ ယောက်ျားကြီးတဦး ဖြစ်၏။ သူ့ ခေါင်းတွင်ကား သျှောင်ထုံးနှင့်ဖြစ်၍ ဆံပင်များမှာ ငွေရောင်ပြေးနေလေပြီ။ ဤငွေရောင်တောက်နေသော သျှောင်ထုံးကို ပတ်လည်လှည့်၍ ပဝါနီနှင့် ခေါင်းပေါင်းထားသည်။ ရှပ်အင်္ကျီ အဖြူ လက်ရှည် ကော်လာမပါ၊ ခေါက်လက် မဟုတ်သော လက်ရိုးနှင့် ခပ်နွမ်းနွမ်း ရခိုင်လုံချည် အနီကွက်တုံးကြီးကို ဝတ်ထားသည်။ မယ်စိန်တို့ ပဲခူးမောင်နှံ ခုနစ်စုံက နတ်ပွဲအစမှ အဆုံးအထိ ကြီးကြပ်စီမံပေးရန် ငွေပေး၍ ငှားထားရသော နတ်ထိန်း ဖြစ်သည်။

ကိုဒေါင်းစိန်ကား ဤနတ်ထိန်းကြီးနှင့် စင်ပေါ်မှ နတ်ရုပ်များ၊ ကန်တော့ပွဲများကို ကြည့်၍ နတ်ဆိုင်းသံကို နားထောင်ရင်း သူ့ စိတ်တွင်း၌ တုန်လှုပ်ချောက်ချားကာ ကြောက်အားပဲ ပိုလာသလိုလို၊ တုန်ယင်လှိုက်လှဲ ဝမ်းပန်းတနည်းပဲ ဖြစ်လာသလိုလို၊ ရိုးရိုးရွရွနှင့် ခပ်ကြမ်းကြမ်း ခုန်ပေါက်ပြီး ထကလိုက်ချင်သလိုလိုနှင့် အကောင်အထည် ရှာမရသော ဝေဒနာအမျိုးမျိုးကို သူ့ရင်တွင်း၌ ခံစားနေရသည်။

အတန်ကြာသောအခါ နတ်ထိန်းကြီးက ယခု ပဲခူးနတ်ခေါ် နံကရိုင်းမယ်တော်ကြီးကို သွင်းတော့မည်ဖြစ်၍ ခါတိုင်းဝင်နေကျ နတ်ဝင်သည်များအား မသွင်းလိုဘဲ ကာယကံရှင်များဖြစ်သည့် ပဲခူးမောင်နှံ ခုနစ်စုံမှ မိန်းကလေး ခုနစ်ဦးအနက် တဦးဦးကို သွင်းလိုကြောင်း၊ သို့မှသာ အချို့ နတ်မယုံကြည်သူများ လည်း ယုံလာမည်ဖြစ်ကြောင်းနှင့် ပြောပြကာ ကာယကံရှင် မိန်းကလေးများထဲမှ တဦးဦး လာရောက်ရန် ခေါ်လေ၏။

သို့သော် ကာယကံရှင် မိန်းမခုနစ်ဦးစလုံး နတ်ဝင်ဖူးသော မိန်းမများ မဟုတ်သဖြင့် ရှက်ကြောက်နေကြသောကြောင့် မည်သူမျှ ထမလာပေ။ ထိုအခါ ဒေါ်ကလီစာ၊ ဒေါ်အေးစိန်တို့လို နတ်ဝင်သည် အဓိပတိကြီးများက ရှက်စရာမရှိသည်ကိုမှ ကြံဖန်ပြီး ရှက်နေရသလားဟု ဆိုကာ ကာယကံရှင် မိန်းမ ခုနစ်ဦး အနက် မိန်းမရွယ်တဦးကို ခွေးသေကောင် လင်းတဆွဲသလို အတင်းဆွဲထုတ်လာ၏။ 

ထိုမိန်းကလေးကား ပတ္တမြားရွှေကြုတ် နှုတ်ငုံတော် အရင့်အမာနှင့်ဖြစ်၍ သူမ၏ ဂမ္ဘသေယျ ပုနာရေတိအတွက် ဘေးပရိသတ်ကို ရှက်ရွံ့နေဟန်ဖြင့် မျက်နှာကလေး နီမြန်းနေရှာသည်။

သူမ၏ ခေါင်းပေါ်သို့ ကန်တော့ပွဲတပွဲကို အတင်းတင်ပေးလိုက်ပြီးသည် နှင့် တပြိုင်နက် ဆိုင်းဆရာများကလည်း ဆိုင်းချက်မြိုင်မြိုင်ဖြင့် နတ်ဆိုင်းကို တီးမှုတ်ကြတော့၏။ ဒေါ်ကလီစာနှင့် နတ်ထိန်းဆရာကြီးက စိတ်ကို တင်းမထားဘဲ လျှော့ထားပြီး နတ်ကိုသာ အာရုံပြုနေရန် ပြောကြားပြီးနောက်၊ မိန်းကလေး၏ ကိုယ်ကို ဆိုင်းချက်အတိုင်း ဘယ်ညာ ယိမ်းနွဲ့နေအောင် ဆွဲငင်တွန်းထိုးနေ၏။ အမွှေးရည်များဖြင့်လည်း မိန်းကလေး၏ ကိုယ်ပေါ်သို့ ပက်ဖျန်းပေးနေ၏။ ဒါပေမဲ့လည်း အချည်းအနှီးပါပဲကလား ဒေါ်ကလီစာရယ်။

တယောက် လဲလိုက်ပြန်၏။ မဝင်။ နောက်တဦးကို အစားထိုးပြန်၏။ အလဟဿ။ နောက်တယောက်နှင့် ဖလှယ်ပြန်၏။ အချည်းနှီး။ လာလေဟဲ့ နောက်တယောက်၊ နကမ္ပတိ။ ကျန်သည့်နှစ်ဦးမှာလည်း ထိုနည်းလည်းကောင်း။ 

ဪ ... ခုနစ်ဦးပဲ စေ့သွားပေါ့၊ ဘောက်မယ့်ကြောင့်များ မ၀င်ရတာလဲ နံကရိုင်းမယ်တော်ရယ်။

ကိုဒေါင်းစိန်က မိန်းကလေး ခုနစ်ဦး အလဲအလှယ်
သွင်းသည့်တိုင် မဝင်ဘဲရှိနေသော နံကရိုင်း မယ်တော်သည် သူတို့နတ်ပွဲအတွက် စီမံပုံ အမှား အယွင်းများ ရှိနေလို့ စိတ်ဆိုးနေသည့်အတွက် မဝင်တာများလားဟု တွေးတော စိုးရိမ်နေမိ၏။ 

သို့သော် အလို ... ဒါက ဘာလဲ။

ဆိုင်းဆရာများက ဆိုင်းချက်ကို ခပ်ကြမ်းကြမ်း တီးလိုက်၍ ဒေါ်ကလီစာမှာ နတ်ကနားအတွင်း ကန်တော့ပွဲများ ပြင်ဆင်ထားသော နတ်စင်ရှေ့တွင် ခပ်ကြမ်းကြမ်း ခုန်ပေါက်၍ ကနေလိုက်ပါပြီကော။ ဪ ... သူတပါးကို သွင်းမရလို့ ကိုယ်တိုင်ပဲ ဝင်ရော့ထင့်။

အားရအောင် ခုန်ပေါက်ပြီးသောအခါ နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်၊ ဒေါ်မယ်ဟန်တို့က နံကရိုင်းမယ်တော် ဝင်နေသည်ဟု ကျမ်းကိုင်ပြီး ပြောနိုင် သော ဒေါ်ကလီစာအား အသင့်ချထားသော ကုလားထိုင်ဆီသို့ တွဲခေါ်လာပြီး ထိုင်စေ၏။ နောက် ပဲခူးမောင်နှံ ခုနစ်စုံက နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာအား ဝိုင်းဖွဲ့ကာ ရိုသေစွာ လက်စုံမိုး၍ ရှိခိုး ကန်တော့ကြတော့၏။ 

ပထမ မိန်းကလေး ခုနစ်ဦး သွင်းစဉ်က မဝင်ဘဲ ဘာ့ကြောင့် ယခုမှ ဝင်ရသလဲဟု နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်တို့က မေး၏။ ကိုဒေါင်းစိန်သည် နံကရိုင်းမယ်တော်၏ အဖြေကို ကြားချင်ဇောနှင့် နားကို တအားစွင့်ထား၏။ သို့သော် နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာမှာ အားရပါးရ ကလိုက် ခုန်လိုက်ရသောကြောင့် အတော်ပင် မောဟိုက်နေသဖြင့် ချက်ချင်း ပြန်မဖြေဘဲ အတန်ကြာမှ လေသံသဲ့သဲ့နှင့် ယဲ့ယဲ့ကလေး ဖြေဆိုနိုင်ရှာ၏။ 

ကိုဒေါင်းစိန်မှာ ကြားချင်ဇောနှင့် နားအစွင့် လွန်သွားသောကြောင့် နံကရိုင်းမယ်တော်၏ အဖြေသည် သူ့အာရုံတွင်းသို့ ရောက်မလာဘဲ နားထဲမှ လျှံထွက်သွား၏။ စိတ်တည်ငြိမ်မှ နံကရိုင်း မယ်တော်၏အဖြေကို သူ အာရုံဖြင့် လိုက်ဖမ်းရာ ရေးရေးကလေးမှ တဆင့် ကွင်းကွင်းကွက်ကွက် ပေါ်လာသည်အထိ ဖမ်းမိတော့၏။ 

ဩ ... ခရီးဝေး ရောက်နေလို့ ကြာနေပါသတဲ့။

အတော်ကလေး အမောပြေသွားသောအခါ နံကရိုင်းမယ်တော်ကြီးသည် ကိုဒေါင်းစိန်တို့ ဇနီးမောင်နှံအား ဖိကြိမ်းတော့၏။ 

“ငါ့အကြောင်းကို သိပလားဟဲ့၊ နင်တို့နှစ်ယောက်ဟာ မင်္ဂလာဆောင်ပြီးလို့ ကလေး လေးယောက်ရတဲ့တိုင်အောင် ငါ့ကို သတိမရဘူး မဟုတ်လား။ အခု နင်တို့ ကလေးနှစ်ယောက်ကို ငါ ဖမ်းစား သတ်ဖြတ်လိုက်မှ ငါ့ကို သတိရတယ် မဟုတ်လားဟဲ့”

စသည်ဖြင့် ကြိမ်းမောင်းနေရာ နတ်ထိန်းဆရာကြီးနှင့် ဒေါ်အေးစိန်တို့က သတိမရလို့ မဟုတ်ပါ၊ ဆင်းရဲ သည့်အတွက် ယခုမှ နတ်ကရခြင်းဖြစ်ကြောင်း ဝိုင်းဝန်းတောင်းပန်ကြမှ ငြိမ်သွားတော့၏။

ပြီးနောက်ကား နံကရိုင်းမယ်တော်ကြီးခေါ် ဒေါ်ကလီစာအား စည်ပိုင်းထဲတွင် ရေများနှင့် လှောင်ထားသော ငါးရံ့များကို ခေါ်ပြပြီးနောက်

“ပဲခူးမောင်နှံ ခုနစ်စုံအတွက် ကျွဲ ခုနစ်ကောင် ဖြစ်ပါတယ်။ ကျေနပ်ပါရဲ့လား” 

ဟု နတ်ထိန်းဆရာကြီးက မေး၏။ နံကရိုင်းမယ်တော်၏ ဖြေသံကို ကိုဒေါင်းစိန်သည် ရင်တထိတ်ထိတ်ဖြင့် နားစွင့်နေ၏။ အကယ်၍ နံကရိုင်းမယ်တော်က မကျေနပ်ဟုဆိုလျှင် ယခု လုပ်ပြီးသား အစီအစဉ်ကို ဖျက်၍ နောက်ထပ် ပြန်ကရမည်ဖြစ်ရာ စရိတ်ပိုကုန်ရပေဦးမည်။ သို့သော် တော်ပါသေး၏။ နံကရိုင်းမယ်တော်က ကျေနပ်ပါသည်ဟု ခေါင်းညိတ် အဖြေပေးလိုက်သဖြင့် တပူအေးသွားရ၏။

ဤသည့်နောက်၌ကား ၃၇ မင်းကို အစဉ်လိုက် သွင်း၍ ကကြ ခုန်ကြ၊ သောက်ကြ စားကြနှင့် ဆူလို့သာ ညံနေတော့သည်။ အထူးသဖြင့် ပွဲအကျဆုံး ကား မင်းညီနောင်နှင့် ဘိုးမင်းကျော် ဖြစ်သည်။ ယစ်ထုတ်နတ်တွေဖြစ်၍ လက်တဖက်ကား အရက်ပုလင်း၊ လက်တဖက်ကား ကြက်ပေါင်ကြော်ကို ကိုင်ကာ ဟန်ရေးတပြပြ လုပ်နေကြ၏။

ထိုအချိန်တွင် မိန်းမတယောက်သည် နတ်ဝင်ပူး
သလို ယိမ်းထိုးကာ ဝင်လာပြီးနောက် ခုန်ပေါက်၍ ကပြန်၏။ ဆိုင်းဆရာများမှာ ဘာနတ်မှန်း မသိ၍ တီးကွက်မပြောင်းဘဲရှိရာ 

“ဟေ့ မင်းညီနောင် မယ်တော် မယ်ဝဏ္ဏကွ”

ဟု ကိုယ့်ကိုယ်ကိုယ် သရုပ်ဖော်လိုက်မှ ဆိုင်းဆရာများ တီးကွက်ပြောင်းကာ ဘီလူးဆိုင်း တီးပေးရ၏။ မင်းညီနောင်မယ်တော် မယ်ဝဏ္ဏဆိုသူက ဘီလူးက က၍ မင်းလေးနှင့် မင်းကြီးက ရင်ညွန့်ရှေ့တွင် လက်ဝါးနှစ်ခုဟပ်ကာ ရှိခိုးရင်း နောက်မှလိုက်၏။ အတန်ကြာ၍ မယ်ဝဏ္ဏနှင့် မင်းကြီး ထွက်သွားသော်လည်း မင်းလေးမှာ မထွက်ဘဲ ကုလားထိုင်ပေါ်၌ ထိုင်ကာ လေဖောနေ၏။ အခြား နေရာများ၌ ပထမတန်းအရက်ကို အဝသောက်ရသော်လည်း ယခု ဤနေရာ၌မူ အပေါစားအရက် အာတားသာရကြောင်း ညည်းညူနေ၏။ ကိုဒေါင်းစိန်ကား ဤမျှလောက် သောက်ချင်လျှင် နတ်တို့၏ တန်ခိုးဖြင့် ဘုံဆိုင်ထဲသွားပြီး ဘာ့ကြောင့် ခိုးမသောက်ပါလိမ့် စဉ်းစားနေ၏။

နေ့လယ် တနာရီလောက်ရောက်မှ ၃၇ မင်း စေ့သွားတော့၏။ ဤပွဲတွင် ပဲခူးမောင်နှံစုံများ ကျွဲဆွဲရတော့မည် ဖြစ်သဖြင့် မည်သူအလျင်ဆွဲမည်နည်းဟု အချင်းချင်း တိုင်ပင်ညှိနှိုင်းကြရာ ကိုဒေါင်းစိန်တို့ မောင်နှံစုံ အလျင်ဆွဲရန် သဘောတူညီချက် ရရှိကြ၏။ 

ဤတွင် ကိုဒေါင်းစိန်လည်း မြန်မြန်ပြီးချင်သည့်ဇောဖြင့် ဆိုင်းငံ့မနေဘဲ ငါးရံ့လှောင်ထားသော စည်ပိုင်းအထက်၌ သူ စောစောက ဆွဲချိတ်ထားသော ကျွဲကျောင်းသား လက်သုံး တန်ဆာပလာများဖြစ်သည့် ကြိုး၊ ကြိမ်၊ ပလွေ၊ ပက်ခွန့်ငယ်၊ ဘူးခါး ရေဘူး၊ စတိပြုလုပ်ထားသော လှော်တက်ကလေး၊ ခမောက် စသော ပစ္စည်းမျိုးစုံများကို လှမ်းယူလိုက်၏။ 

အပျိုဘော် ခုနစ်ယောက်အတွက် ခေါ်ယူထားသော မိစုံ ဖစုံ မိန်းကလေး ခုနစ်ဦးသည် နတ်ကနားအတွင်း၌ ရှေ့တွင် ငှက်ပျောပွဲ ကိုယ်စီချကာ တန်းစီ၍ ထိုင်နေကြ၏။ ငှက်ပျောပွဲထဲ၌ကား ငှက်ပျောတဖီး၊ ကောက်ညှင်းတထုပ်၊ မုန့်ဖြူ၊ မုန့်နီ၊ အုန်းသီးစိတ်၊ ကောက်ညှင်းပေါင်း၊ ဖယောင်းတိုင် တတိုင်စီ ပါရှိ၏။ 

ထိုငှက်ပျောပွဲ၏ ရှေ့နား၌မူ ခေါင်ရည်အမှတ်ဖြင့် သောက်ရန် ထန်းလျက်နှင့် မန်ကျည်းမှည့်ဖျော်ထားသော ဖျော်ရည်များ ထည့်ထားသည့် မြေအိုးအသစ်ကလေး ခုနစ်လုံးကို စီရရီ ချထားသည်။ ထိုမြေအိုးအထဲရှိ ဖျော်ရည်ကို ခေါင်ရည်အမှတ်ဖြင့် ပါးစပ်နှင့် စုပ်သောက်ရန် သင်္ဘောပင်မှ အကိုင်းကို ဖြတ်တောက်သန့်စင်ထားသည့် သင်္ဘောရိုးတခုစီ တပ်ထားသည်။ ဖိုးသူတော်ဘွဲ့ကို ခံယူထားသည့် လူတယောက်ကမူ အပျိုတော် ခုနစ်ယောက်၏ ထိပ်၌ ကုလားထိုင်ဖြင့် ထိုင်နေသည်။ 

နတ်ထိန်းဆရာကြီး၏ အမိန့်အရ ကိုဒေါင်းစိန်သည် စည်ပိုင်းထဲမှ ငါးရံ့ကြီးတကောင်ကို ဖမ်းယူလိုက်၏။ သူ့ လက်တွင်း၌ ရုန်းကန်နေသော ငါးရံ့ကြီးအား ကျွဲအမှတ်ဖြင့် ပါးဟက်နှစ်ခုကို ခွ၍ လည်ပင်းကြိုး တပ်ချည်လိုက်၏။ နောက် ကြိုးတပ်ထားသော ဆန်ကောတချပ်ထဲတွင် ငါးရံ့ကိုထည့်ကာ ငါးရံ့၏ လည်ပင်းကြိုးနှင့် ဆန်ကော၌ တပ်ထားသော ကြိုးကို ပူးတွဲချည်နှောင်ထားလိုက်၏။ ဤနည်းအားဖြင့် ငါးရံ့သည် ဆန်ကော အပြင်သို့ ခုန်ထွက်ခြင်း မပြုနိုင်တော့ဘဲ ဆန်ကောထဲတွင်သာ လူးလွန့်လှုပ်ရှားနေ၏။ 

မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေး တရုပ်ကိုလည်း လည်ပင်းကြိုးတပ်ချည်၍ ငါးရံ့၏ ဘေး၌ ချထားသည်။ 

မယ်စိန်က ခမောက်ကလေးကို ဆောင်း၍ ညာလက်တွင် ကြိမ်လုံးကို ကိုင်ထားရသည်။ ကိုဒေါင်းစိန်ကတော့ ကြိုး၊ ကြိမ်၊ ပလွေ၊ ပက်ခွန့်ငယ်၊ ဘူးခါး ရေဘူးကလေးများကို စတိပြုလုပ်ထားသော လှော်တက်ကလေး၌ ကြိုးများဖြင့် ဆွဲချိတ်ကာ ဘယ်ဘက်ပခုံးထက်တွင် တင်ထမ်းထား၍၊ ညာလက်ကမူ ဆန်ကော၌ တပ်ထားသော ကြိုး၏ အခြား တဖက်စကို ဆွဲကိုင်ထားရသည်။

နောက် နတ်ထိန်းဆရာကြီး၏ အမိန့်ဖြင့် အပျိုတော် ခုနစ်ယောက်သည် ငှက်ပျောပွဲကိုယ်စီပင့်၍ ရှေ့နောက် အစဉ်လိုက် တန်းကာ နတ်ကနား ပတ်လည်တလျှောက် ရှေ့မှလျှောက်၍၊ ကိုဒေါင်းစိန်က ငါးရံ့နှင့် မုန့်နှစ်ကျွဲရုပ်ထည့်ထားသော ဆန်ကောမှကြိုးကို ကျွဲအမှတ်ဖြင့် ဆွဲ၍ နောက်မှ လိုက်ရ၏။ မယ်စိန်ကမူ ကြိမ်လုံးတချောင်းနှင့် ကျွဲအမှတ် ပြုလုပ်ထားသော ငါးရံ့ကို တို့၍ တို့၍ မောင်းနှင်ရင်း နောက်ဆုံးမှနောက်ဆုံးမှ လိုက်ရ၏။ 

နတ်ထိန်း ဆရာကြီးက ကြိမ်လုံးကိုင်ထားသော မယ်စိန်၏လက်ကို သူ့လက်နှင့် အုပ်ကိုင်ကာ ငါးရံ့၏ ကိုယ်ကို တို့ပေးရင်း မွန်ဘာသာနှင့်တူသော ဘာသာစကားကို တိုင်ပေး၍ မယ်စိန်က လိုက်ဆိုရ၏။

ကိုဒေါင်းစိန်သည် ဆန်ကောမှ ကြိုးကိုဆွဲ၍ အပျိုတော်ခုနစ်ယောက်နောက်မှ လျှောက်လိုက်ရင်း သူ့အဖြစ်ကို သူတွေး၍ ရယ်ချင်နေ၏။ သို့သော် နတ်စိတ်ဆိုးမည်ကို စိုးရွံ့သည့်အတွက် သူ မရယ်ဝံ့ရှာ။

နတ်ထိန်းဆရာကြီးသည် မည်သို့သော အဓိပ္ပာယ်နှင့် သည်လိုအထူးအဆန်းတွေ လျှောက်လုပ်ခိုင်းနေသည် ဆိုတာကိုတော့ သူ မသိ။ သူ သိတာကတော့ သူတို့ဇနီးမောင်နှံနှင့် ကျန်ရှိသော ရင်သွေးနှစ်ယောက်ကို နတ်က ထပ်မံဖမ်းဆီးသတ်ဖြတ်ခြင်း မပြုရန် နတ်ကနေရခြင်း ဖြစ်သည် ဆိုတာကိုပဲ သူ သိသည်။

နတ်ကနားကို သုံးပတ် ပတ်မိသောအခါ မြေအိုးအသစ်ကလေးနှင့် ထမင်းချက်နေသော နေရာ၌ ရပ်လိုက်ကြ၏။ ထိုနေရာ၌ နတ်ထိန်းဆရာကြီး၏ အမိန့်အရ မယ်စိန်အား အုပ်ထိန်းသူ အကြီးအကဲ ဖြစ်သော မယ်စိန်၏ အစ်ကိုကြီးသည် ရပ်စောင့်နေရသည်။ မယ်စိန်၏ မိဘနှစ်ပါးမှာ ကွယ်လွန်ပြီးဖြစ်၍ မယ်စိန်၏ အစ်ကိုကြီးက အုပ်ထိန်းသူ အကြီး အကဲအဖြစ် ရပ်စောင့်နေရခြင်း ဖြစ်သည်။ နတ်ထိန်းဆရာကြီး၏ သင်ပြပေးချက်အရ မယ်စိန်၏ အစ်ကိုတော်က ကိုဒေါင်းစိန်အား 

“အမောင် ဘယ်က လာသလဲ” ဟု မေးလိုက်၏။ 

ကိုဒေါင်းစိန်ကလည်း နတ်ထိန်းဆရာကြီး သင်ပေးသလိုပင် 

“ပဲခူးမြို့ က လာပါသည် ခင်ဗျား။ ကျွဲကို မထိန်းနိုင် မကျောင်းနိုင်လို့ လာအပ်ပါသည်” 

ဟု ပြန်ဖြေလိုက်၏။ 

တဖန် မယ်စိန်၏ အစ်ကိုတော်က 

“ကောင်းပါပြီ၊ ထမင်းစားသောက်ပြီးမှ ပြန်ပါ”

ဟု ပြောလိုက်၍ ကိုဒေါင်းစိန်က 

“တသက် တခါသာ ဖြစ်ပါစေ”

ဟု ပြောပြီး ခမောက်၊ ကြိုး၊ ကြိမ် စသော ကျွဲကျောင်းသား လက်သုံး တန်ဆာပလာများနှင့် ငါးရံ့ကျွဲကို မယ်စိန်၏ အစ်ကိုတော်လက်ထဲသို့ အပ်နှံလိုက်၏။ ဤတွင် အုပ်ထိန်းသူ အကြီးအကဲအား အပ်နှံသော အခမ်းအနားသည် ပြီးဆုံးလေပြီ။ 

နတ်ထိန်းဆရာကြီးသည် မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေးကို အရင်ယူလိုက်၍ စဉ်းတီတုံးပေါ် တင်လိုက်ကာ ကိုဒေါင်းစိန်အား ပုဆိန်အနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၇ ချက် ခုတ်ပိုင်းမည့်ဟန် ရွယ်လိုက်စေ၏။ ကိုဒေါင်းစိန်ကလည်း နတ်ထိန်းဆရာကြီး၏ အမိန့်အတိုင်း လိုက်နာပြုလုပ်၏။ 

တဖန် ပုဆိန်ကို ပြန်ချ၍ ဓားမကြီးကို ယူလိုက်ပြန်ကာ အနှောင့်နှင့် ၇ ချက်အသွားနှင့် ၆ ချက် ရွယ်ပြီး ၇ ချက်မြောက်တွင် တကယ်ပင် ခုတ်ပိုင်း လိုက်တော့၏။ ကျွဲရုပ်ကလေးကား ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားလေပြီ။ 

တဖန် စောစောက ကျွဲ အမှတ် ပြုလုပ်ခဲ့သော ငါးရံ့အရှင်ကို စဉ်းတီတုံးပေါ် တင်လိုက်ပြန်၍ ရှေးနည်းအတိုင်း ပုဆိန်အနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၇ ချက် ရွယ်လိုက်၍ ဓားမအနှောင့်နှင့် ၇ ချက်၊ အသွားနှင့် ၆ ချက် ရွယ်လိုက်ပြန်ကာ၊ ၇ ချက် မြောက်တွင် တအားကုန် ခုတ်ပိုင်းလိုက်တော့သည်။ တချက်တည်းနှင့် ထက်ပိုင်းမပြတ်လျှင် အထမမြောက်၊ မအောင်မြင်ဟု အယူရှိကာ နောက်တကြိမ် ပြန်က ရတတ်သည်ဖြစ်၍ ကိုဒေါင်းစိန်သည် ရင်တထိတ်ထိတ်ဖြင့်ပင် အားရှိသမျှ ခုတ်ပိုင်းလိုက်ရ၏။ တချက်တည်းနှင့် ထက်ပိုင်းပြတ်သွား၍ သူ အသက်ရှူချောင်သွား၏။

နောက် ခုတ်ပိုင်းထားသော ငါးရံ့ကို အတစ် ၈ တစ်၊ မုန့်နှစ်ဖြင့် ပြုလုပ်ထားသော ကျွဲရုပ်ကလေးကိုလည်း အတစ် ၈ တစ် ပြုလုပ်၍ တံစို့ ၃ ချောင်းတွင် မျှ၍ ထိုးသီ၏။ ပြီးလျှင် ကြပ်စင်ပုံသဏ္ဌာန် ဝါးများဖြင့် စတိပြုလုပ်ထားသော တြိဂံထောင့်ချွန်းပုံရှိသည့် ကျပ်စင်အသေးကလေးတွင် တံစို့များကို ကန့်လန့်ထိုး တင်ကာ အောက်မှ မီးအနည်းငယ် ထည့်ပေးပြီး “ညှော်ကြမယ်ဗျို့” ဟု အော်လိုက်၏။

ထမင်းဟင်းချက်သူများလက်သို့ ထို ငါးတစ်၊ မုန့်နှစ်ကို အပ်လိုက်ရာ ထိုသူများလည်း ယူ၍ ဟင်းချက်ရန် ပြင်ဆင်နေ၏။ ထိုသို့ ထမင်းဟင်းချက်ပေးသူက ထမင်းဟင်းချက်သော မြေအိုးအသစ်ကလေးများနှင့် ချက်ပြုတ်၍ ပိုနေသော ဆန်၊ ဆီ၊ ငရုတ် စသည့် ပစ္စည်းများကို ပိုင်ဆိုင်သည်။ ထမင်းဟင်းများ ကျက်သောအခါ ထမင်းပွဲ ခုနစ်ပွဲ ပြင်၍ ငှက်ပျောပွဲကိုယ်စီနှင့် ထိုင်နေသော အပျိုတော် ခုနစ်ဦးရှေ့ရှိ ခေါင်ရည်အိုး ခုနစ်လုံးအနီး၌ ထမင်းခုနစ်ပွဲကို ခင်းကျင်းထားသည်။ 

ကိုဒေါင်းစိန်နှင့် မယ်စိန်တို့သည် ထိပ်ဆုံးမှ ထမင်းစားပွဲတွင် ဝင်ထိုင်၍ ထမင်းလက်ဆုံ စားကြ၏။ ကိုဒေါင်းစိန်က ထမင်းတလုတ်နှင့် ငါးရံ့ဟင်းတဖဲ့ စားလိုက်၍ နတ်ထိန်းဆရာကြီး သင်ပေးသည့်အတိုင်း “တီ ... မတီ” ဟု ဆိုလိုက်ရာ မယ်စိန်ကလည်း ထမင်းတလုတ်နှင့် ဟင်းတဖဲ့ စားလိုက်ပြီးနောက် “တီ ... ငန်းငန်း”ဟု ပြန်ပြောလိုက်ရ၏။ 

ထိုနည်းအတိုင်း ခေါင်ရည်အမှတ် ပြုလုပ်ထားသော အိုးသစ်ထဲမှ ဖျော်ရည်များကို သင်္ဘောရိုးဖြင့် တယောက် တလှည့် စုပ်မျိုးရင်း ‘တီ မတီ’၊ ‘တီ ငန်းငန်း’ လုပ်ကြပြန်၏။ သည်ထမင်းပွဲပြီးလျှင် နောက်ထမင်းပွဲ တပွဲသို့ ကူးပြန်၏။ သည်လိုနဲ့ နောက်တပွဲ ... နောက်တပွဲ။

ထမင်းပွဲ ခုနစ်ပွဲ စေ့သွားသောအခါ သူတို့ ကျွဲနတ်ကသော အခမ်းအနားမှာလည်း ပြီးဆုံးလေပြီ။ ဤတွင် ဖိုးသူတော်ဘွဲ့ကို ခံယူထားသော သူသည် အပျိုတော် ခုနစ်ဦးထံ အလှူလိုက်ခံရာ အပျိုတော် ခုနစ်ဦးကလည်း သူတို့ ငှက်ပျောပွဲထဲ၌ ရှိသော ပစ္စည်းများအနက် အချို့အဝက်ကို ဖိုးသူတော်အား အသီးသီး ပေးလှူလိုက်ကြရ၏။ အပျိုတော်လုပ်သူ မိန်းကလေး ခုနစ်ဦးမှာ ငှက်ပျောပွဲ အတွင်း၌ ရှိသော ပစ္စည်းများကို ပိုင်ဆိုင်၍၊ ဖိုးသူတော်လုပ်သူကလည်း အပျိုတော် များထံမှ အလှူခံရရှိသော ပစ္စည်းများကို အပိုင်ရရှိသည်။

နောက် လူတယောက်က ခွေးယောင်ဆောင်ကာ “ဝူး ဝူး” ဟု ဟောင်ရင်း ဖိုးသူတော်အား လိုက်ကိုက်ရ၏။ ဖိုးသူတော်က ခြေသလုံးကို ခွေးကိုက်မိသွား ဟန်ဖြင့် ခြေသလုံးတွင် ကွမ်းစားထုံး အနည်းငယ် သုတ်ပေးလိုက်ရပြီးသည့်နောက် ကိုဒေါင်းစိန်တို့ ပဲခူးမောင်နှံ အလှည့်သည် လုံးဝ ပြီးဆုံးလေပြီ။

ကိုဒေါင်းစိန်တို့ စုံတွဲ ပြီးဆုံးသောအခါ မပြားကြီးနှင့် အငှားလင်တို့၏ အလှည့်ဖြစ်၏။ သို့သော် ကိုဒေါင်းစိန်သည် ရှေ့ရေးကို တွေးကာ ရင်လေးပြီး စိတ်စက်မကောင်းလှသဖြင့် စောင့်ဆိုင်းကြည့်ရှုမနေတော့ဘဲ သူ့အိမ်ကလေးသို့ ပြန်လာခဲ့၏။

---

သူသည် သူ့ အိမ်ကလေးပေါ်၌ ပက်လက်လှန်အိပ်၍ နဖူးပေါ် လက်တင်ကာ ဆင်ခြင်စဉ်းစား၏။ အတိတ်ကို တွေး၏။ ပစ္စုပ္ပန်ကို ဆင်ခြင်၏။ အနာဂတ်ကို မျှော်မှန်းကြည့်၏။ အတိတ်မှသည် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်မှတဆင့် အနာဂတ်ဆီသို့ (ဝါ) မိုးဦးမှသည် မိုးနှောင်းဆီသို့၊ ထိုမှတဆင့် ရောက်လာဦးမည့် အနာဂတ် ဘဝ သံသရာ ဝဲဂယက်အတွင်းဆီသို့ တွေးခေါ်ဆင်ခြင် မျှော်မှန်း ...။

သို့သော် ဘာတခုမှ ကြည်လင်ပြတ်သားစွာ ပေါ်လာခြင်းမရှိဘဲ အားလုံး မှုန်တဝါးဝါးနှင့် ထင်တရေးရေး။ နောက်တော့ အမှောင်ကသာ ပိန်းပိတ်အောင် လွှမ်းခြုံသွားသည်။ သူသည် စိတ်ပျက်စွာဖြင့် သက်မကိုသာ ချလိုက်မိ၍ ဘာကိုမှ တွေးခေါ်ဆင်ခြင် မျှော်မှန်းခြင်း မပြုတော့ဘဲ ဖြစ်သလိုသာ နေသွားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ 

သူ ကာလကြာမြင့်စွာက မျှော်မှန်း တောင့်တခဲ့သော အရာများကား ရခဲလှစွာနှင့်ပင် ရရှိပိုင်ဆိုင်နိုင်ခဲ့ပါသော်လည်း၊ ကြာရှည်စွာ လက်ခံ ထိန်းသိမ်းထားခြင်း မပြုနိုင်ဘဲ ချက်ချင်းပင် လက်လွတ်ဆုံးရှုံးခဲ့ရပြန်သည့်အတွက်၊ နောက်တွင်တော့ ဘာတခုကိုမှ မျှော်မှန်းတောင့်တခြင်း မပြုတော့ဘဲ ဘဝ၏ ရေစီးကြောင်းတွင် မျက်စိကို စုံမှိတ်၍ အလိုက်သင့် မျှောချလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။ ကျောက်ဆောင်နှင့် တိုက်မိပြီး ကြေမွပျက်စီးကာ ဝဲဂယက် အောက်ဝယ် နစ်မြုပ်ပျောက်ကွယ် သွားချင်လည်း သွားပါစေတော့။

ကိုဒေါင်းစိန်ကား အားလျှော့လေပြီ။ မှန်သည်၊ သူတို့၏ဘဝ၌ အလင်းရောင်ဟူသည်ကား မှောင်မည်းမည်းတွင် ထပြက်လိုက်သော လျှပ်တပြက်မျှသာ ဖြစ်၍၊ နောက်တွင်တော့ အမည်းနှင့် အမှောင်။ 

သုခ ဟူသည်မှာလည်း သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာသာ ဖြစ်၍၊ နောက်တွင်တော့ ဒုက္ခနှင့် သောကပရိဒေဝ။ 

ဤသည် ပင်လျှင် သူတို့၏ ဘဝသံသရာ။

---

#ကြယ်နီ
#နတ်ကနားပွဲ

#shared_by_louis_augustine
#sbla

Comments