တမိုးလင်း၏ // ကြည်အေး

တမိုးလင်း၏ // ကြည်အေး

(၁၃၁၅ ခုနှစ်၊ တက္ကသိုလ်နှစ်လည်စာစောင်၊
အတွဲ၃၊ အမှတ်၆)

---

မနက် ၆နာရီမှာ မခင်သူ နိုးလေ့ရှိသည်။ ခေါင်းအုံတာကို အရင်သိရ၏။ ပြီးတော့ဝမ်းနည်းခြင်းနှင့် စိတ်လျှော့ခြင်းတို့ ဝင်လာ၏။ နှစ်ခုပေါင်းလိုက်ကာ ထူးဆန်းစွာ ဖြစ်ပေါ်လာပြန်သော စိတ်ထုံခြင်း ဝေဒနာကို ခံစားရကာ သည်အတိုင်းနေနိုင်ပါရဲ့ ဟုတွေးနိုင်လေ၏။ အကြောင်းကား သူသည် သီချင်းဆိုလို့ ပို၍ကောင်းမည်ဖြစ်လေ၏။ ပို၍အပင်ပန်း ခံနိုင်မည်။ အသက်အောင့်နိုင်မည် ဖြစ်လေ၏။ အားငယ်လွန်း၍ သော်လည်းကောင်း၊ အားရှိလာပြန်၍ သော်လည်းကောင်း တစုံတခုကို ထလုပ်နိုင်သည့် သတ္တိသည် တော်တော်နှင့်တော့ ပေါ်ဦးမည်မဟုတ်။ ထိုအတောအတွင်း အေးချမ်းမည် ဖြစ်လေ၏။ မခင်သူ၏ အပြင်စာ ဖတ်နေလေ့ရှိသော သူငယ်ချင်း ကရင်မကလေး ကိုးကားရွတ်ဆိုလေ့ရှိသည့်အတိုင်း အသည်းကွဲခြင်း၏အဆုံးသည် အေးချမ်းခြင်း၏ အစတည်း။ ဘားနတ်ရှောကို ကျေးဇူးတင်ပါသည်။

ကျီးတကောင် နှစ်ကောင်က တအအ အော်လိုက်သည်။ မခင်သူသည် ပျင်းရိလေးတွဲ့စွာ ထကာ ပထမဆုံးမှန်ကြည့်၏။ ညက ခေါင်းလိမ်းဆီလိမ်း၍ ဝိုင်ယာနှင့် ကောက်ထားသော ဆံပင်လိပ်များသည် လျော့တိလျော့ရဲနှင့် ပွနေ၏။ မျက်နှာက ချောင်နေ၏။ သူက ဘယ်အချိန်မှ အိပ်ပျော်တယ်ဆိုတာ မမှတ်မိ။ ရင်ထဲ၌ ဆန်းဆန်းပြားပြား ယားကျိကျိ ရှိလာသည်နှင့် “အားဟာ အချစ်လောကကြီးဟာ အဆင်မပြေ” ဟုဆိုလိုက်၏။ သူ့သီချင်းသံသည် ခါတိုင်းလိုပင် အံ့သြစဖွယ်သာယာလေ၏။

ထို့နောက် ခေါင်းရင်း၌ တရားဓမ္မပြောပြသူ အစားချိတ်ဆွဲထားသည့် ဘရိုမိုစက္ကူကို အထပ်လိုက် ဆွဲယူပြီး ခြောက်ရွက်တိတိရေတွက်ယူပြီး ကျန်တာကို မသေမသပ်ခေါက်ချိုး၍ အင်္ကျီအိတ်ထဲထည့်လေ၏။ ထို့နောက် ရေချိုးခန်းကိုသွားသည်။

တခေါက်ပြန်လာပြီးမှ သွားပွတ်တံ၊ သွားတိုက်ဆေး၊ မျက်နှာသုတ်ပဝါ၊ ဆပ်ပြာခွက်တို့ကို မမေ့မလျော့တခုမှမကျန်ရအောင် သတိအထူးပြု၍ ယူ၏။ သွားတိုက်သည့်အမှုကို လူမြင်ကောင်းအောင် ပြုရင်း စိတ်က ရောက်တတ်ရာရာ သွားလာနေ၏။ ပူလောင်သောမျက်ရည်များ ကုန်ခန်းလျှင် အေးမြသောမျက်ရည် တစေ့နှစ်စေ့ လည်မြဲတည်း။ ပြီးတော့သီချင်းဆိုနေတတ်သည်။

မျက်နှာသစ်ပြီး ပြန်လာပြန်၏။ ခေါင်းဖြီး၏၊ ပေါင်ဒါရိုက်၏။ နှုတ်ခမ်းဆိုး၏။ မျက်ခုံးမွေးဆွဲ၏။ ပါးတို့ကို မသိမသာခြယ်၏။ ပြီးတော့ ခဏထိုင်ငေးကာ ကော်ဖီဆင်းသောက်သည်။

ထောပတ်က စားလို့ကောင်း၏။ ပေါင်မုန့်ကလည်းနူးညံ့ပါရဲ့။ သို့သော် ကော်ဖီနှင့် မျှောချမှ ဆုတ်ကန်ဆုတ်ကန်နှင့် ကျသည်။ အတော်ဆိုးတဲ့ ဟာတွေ နင်တို့များ ငါအူမရှိရင် စားမှာမဟုတ်ဘူး ဟုအူကြောင်ကြောင် တွေးပြီး ရယ်ချင်သော်လည်း မရယ်ဘဲ ဘေးက ထမင်းစားပွဲ အတူထိုင်မြဲ သူငယ်ချင်းကို စိတ်မပါသော စကားလှမ်းပြော၏။ သူပြန်ပြောပြသည်ကို နားမထောင်တော့ဘဲ အခန်းကို ပြန်တက်လာသည်။

ထို့နောက် တခေါက်ပြန်ဆင်းပြီး သတင်းစာဖတ်၏။ သတင်းစာမှာ ပါသည့် အကြောင်းအရာများကို တကယ်တော့ သိချင်တာလည်း မဟုတ်။

ဧည့်စားပွဲ၌ တွေ့ရသည့် သူငယ်ချင်းများနှင့် စကားပေါက်ကရ ပြောပြန်သည်။ ဘိုင်စကုတ်သွားကြည့်မည့်အကြောင်းနှင့် ပိုက်ဆံကို ချွေတာမသုံးစွဲအပ်ကြောင်း,ဖြစ်လေသည်။

မဂ္ဂဇင်း အဟောင်းများကို လှန်လှောပြီး အရုပ်ကြည့်ပြန်သည်။ ဒါကတော့ ပိုပြီး စိတ်ဝင်စားစရာကောင်း၏။ အင်္ဂလိပ်မချောချော တယောက်၏ အရုပ်ဆိုးလှသော ဟန်ပန်မကျသည့် နောက်ဆုံးထွင်သည့် အဝတ်အစားများနှင့် ရိုက်ထားသည့်ကိုးရိုးကားရား နေထိုင်ပုံများကိုတွေ့၏။ ကိုယ့်အခန်းက ကုလားမလေး ဒေါ်ရိုသီ နေပုံထိုင်ပုံအတိုင်းမို့ မြူးထူးစိတ်ကလေးတော့ ဝင်လာ၏။ ထို့နောက် ဘာမှမပြောဘဲ ထလာပြီး အခန်းသို့ ပြန်ရောက်ပြန်သည်။

ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်သည်မှာ တနာရီကျော်ကျော် ကြာလေသည်။ ပြီးခါစ မှန်များကြည့်လိုက်လျှင် သပ်ရပ်လွန်း၍ တောင့်နေတတ်သည်။ ထို့ကြောင့် အိပ်ရာပေါ်ပစ်လှဲကာ ကျောင်းစာကို ဖတ်လေသည်။

စာတလုံးမှ မရလိုက်ဘဲ ထမင်းစားချိန်တန်သော် ထပြီး မှန်ကြည့်လိုက်ရာ တောင့်ခြင်းပျောက်သွားပြီကိုတွေ့သည်။ ကျေနပ်၏။ အတန်းထဲ ကိုင်ရမည့် စာအုပ်များကို အသင့်ပြင်ပြီး ထမင်းစားဆင်းပြန်၏။ အောက်ရောက်မှ သတိရပြီး ပြန်တက်ကာ ဓာတ်ဘူးကိုယူ၏။ ထမင်းစားပြီး ဓာတ်ဘူးကို မေ့ကာ အပေါ်တက်လာသည်။ အပေါ်ရောက်မှ သတိရပြီး အောက်ဆင်းကာ ဓာတ်ဘူးယူ၏။ ပြီးတော့ အခန်းသို့ ပြန်တက်လာသည်။

မှန်ကြည့်ပြီး နှုတ်ခမ်းကွက်သည်ကို သုတ်လေ၏။ ပေါင်ဒါထပ်ရိုက်သည်။ မိုးအုံ့သည်ကို ပြတင်းမှ လှမ်းကြည့်၏။ သီချင်းဆိုချင်လာပြန်၏။ ဂီတာအတီးကောင်းသည့် သူ့ကိုသတိရ၏။

“မယ်ဆိုလျှင် မောင်ကတီးပါရှင့်၊ မောင်ငိုလျှင် မယ်က ညည်းမယ်ပေါ့”

စိတ်နည်းနည်း ပေါ့ပါးလာ၏။ မခင်သူသည် သီချင်းဆိုစားချင်သူ ဖြစ်ရာ သီချင်းဆိုဖို့ အတွက်တော့ ကျောင်းစာမေးပွဲကျလည်း ကျပါစေ၊ ဘာမဆိုလုပ်နိုင်ပါရဲ့ဟု သူအောက်မေ့လေ၏။ ထို့ကြောင့် စာမေးပွဲတခုကို သုံးလေးခါမဖြေဘဲနှင့် မအောင်စဖူးချေ။

ကျောင်းသွားမည်ဟု အောက်ဆင်းခဲ့ရာ ဖောင်တိန်ကျန်ရစ်သည်မို့ ပြန်တက်ယူရ၏။ “အောင်မယ်ကံကောင်းလို့၊ မေ့တော့မလို့” ဟုရေရွတ်ကာ အခန်းသော့ကို ရှာဖွေ၏။ မတွေ့။ ပျောက်ပြီထင်သည်။ ပျောက်ပါစေ၊ ကိစ္စမရှိ။ ကု,လားဆီမှာ သော့ပိုရှိသားပဲ။ ဒီအတိုင်းအပြင်က ပိတ်သွားမယ်။

အောက်ရောက်သော် ခေါင်းထဲကမူး၏။ နေလို့မကောင်းဘူး ထင်သည်။ အားဟာ မူးလာပါကလားဟ။ အရင်ကလည်း ဒီလိုပဲ မူးမူးလဲတာ။ ဒါ ပြန်ထချင်ပြီထင်တယ်။ ငါးကြီးဆီတို့ ဘာတို့ ညာတို့ ပြန်သောက်ဦးမှပါပဲ။ ပြီးတော့ မောသကွာ။ ဘာဖြစ်လို့ပါလိမ့်။

ဟော...မူးရင် မျက်စိရှေ့နဲ့ ဘေးကို မြင်ရတဲ့စက်ဝိုင်းခြမ်းဟာ ကျဉ်းကျဉ်းလာပြီး ပြာမှောင်တတ်တယ်။ အတွန့်အဝိုင်း စက်ပြာ နှမ်းနှမ်း ရွှေရွှေတွေ မှုန်မှုန် ပေါ်တယ်။ ခဏကလေးအတွင်းမှာ ဘာမှန်းမသိတော့ဘူး။ ပြီးတော့ချွေးတွေ ရွှဲလာပြီး မြေပေါ်မှာပက်လက် နိုးနေတတ်တယ်။ ပြီးတော့ မောလိုက်တာ လွန်ပါရော။

မခင်သူသည် သူ၏ အခန်းသို့ ရောက်အောင် လှေကားနှစ်ဆင့် တက်ရရာ လှေကားထစ်ပေါင်းခြောက်ဆယ့်သုံးထစ်ရှိသည် ဆိုတာ တခါမှရေတွက်ကြည့်ဖို့ သတိမရသဖြင့် မသိချေ။

---

#ကြည်အေး
#တမိုးလင်း၏

#shared_by_louis_augustine
#sbla

Comments