ကျွန်တော့် ဘဝဇာတ်ကြောင်း (မုံတ၀ဂူ) (စေတနာရှင်) (အဟိ) (နွားဝယ်ဘို့ ငွေ ၈ဝဝိ) // သော်တာဆွေ
ကျွန်တော့် ဘဝဇာတ်ကြောင်း (မုံတ၀ဂူ) (စေတနာရှင်) (အဟိ) (နွားဝယ်ဘို့ ငွေ ၈ဝဝိ) // သော်တာဆွေ
---
မုံတ၀ဂူ
၁၉၅၆-ခုနှစ်၊ ဦးကျော်၊ မောင်ဆွေတင့်၊ အထွန်း၊ ကိုဖေသိန်းနှင့် ကျွန်တော်တို့ လင်မယား တောင်ကြီးတွင် တအိမ်တည်း အတူတကွနေခဲ့ကြသော အကြောင်းကို ရေးသားဖော်ပြစဉ်က (ရှမ်းပြည် တောင်ကြီးမြို့သို့ သွားရောက် လည်ပတ်ကြလျှင် တောင်ပေါ်တက်ခြင်းနှင့် မုံတ၀ဂူ သွားရောက်ခြင်း မပြုခဲ့ပါက ကာယဒုက္ခနှင့် စိတ္တသုခပြည့်စုံကြရမည် မဟုတ်ပေ။) ဟု ကျွန်တော်ဆိုခဲ့သည်။ သို့သော် ထိုစဉ်က ကျွန်တော်တို့သည် တောင်ပေါ်တက်ခြင်းနှင့် အင်းလေးသို့ သွားရောက်လည်ပတ်ခြင်းသာ ပြုခဲ့သည်။ မုံတ၀ဂူသို့ မသွားဖြစ်ခဲ့ကြချေ။
ဖော်ပြခဲ့သော ၁၉၅၈-ခုနှစ်၊ ရန်ကုန်က ဆွေမျိုးသုံးအိမ်ထောင် ဆုံကြသောအခါမှ ကျွန်တော်လည်း မုံတ၀ဂူသို့ ရောက်ဖြစ်ပါတော့သည်။
ယခုတခါ နောက်တဖန် သွားချင်စိတ်ကား မရှိတော့ပါ။ တချီထဲနှင့်နံပြတ်ပါရော။
ဤမုံတ၀ဂူ မရောက်ဖူးခင်က ကျွန်တော်သည် ပင်းတယဂူကို ရောက်ခဲ့ဘူးပြီးဖြစ်၍ မုံတ၀ဂူလဲ ပင်းတယဂူလိုဘဲ သွားရလာရအထဲဝင်ရ ကောင်းမှာဘဲဟု အောက်မေ့ခဲ့၏။ သို့သော် ... ပါစင်အောင် လွဲပါချေ၏။
ကြည့်ပါ။ ကျွန်တော်တို့ ပင်းတယသွားစဉ်က တောင်ကြီးကနေပြီး ဟဲဟိုး၊ အောင်ပန်း မြို့တွေ ဖြတ်ပြီး မော်တော်ကားနှင့် သွားကြသည်။ ပင်းတယဂူဝ ရောက်တော့မှ အထဲဝင်ကြရုံဘဲ မဟုတ်လား။
မုံတ၀ဂူကတော့ ဟုတ်ပေါင်ဗျာ။ အိမ်ကထွက်ကတည်းက ခြေလျင်၊ တောင်ကြီးမြို့ တောင်ဘက်စူးစူး၊ ဝါးဖြားရွာ ဖြတ်ပြီးသွားရသဗျ။ နည်းတဲ့ ခရီးလဲ မဟုတ်။ သုံးလေးမိုင်လောက် ရှိမည်ထင်ပါသည်။ ဟိုမှာ ထမင်းစားကြဘို့ အိမ်ကချက်ပြုတ်ပြီး သယ်ဆောင်လာကြရသေးသည်။ လူတစု တအုပ်ကြီးဟာ ခရီးရှည်တော့လမ်းမှာ တကွဲစီ တတွဲစီ ဖြစ်ကြရော။ သစ်ပင် ဝါးပင်တွေက နည်းနည်းကျဲကျဲဟာမို့ လူတဖွဲ့နဲ့တဖွဲ့ကိုတော့ လှမ်းမြင်ကြရပါသည်။ ခေါင်းဆောင် လမ်းပြလုပ်သူက မမတင်တို့ရုံးမှ မင်းစေလုလင် ကိုအုန်းဖေ။ သို့သော် ကိုအုန်းဖေသည် လုလင်ဆိုပေမင့် လုံမပျိုကဲ့သို့ ပြောဟန်ဆိုဟန်နှင့် ကိုယ်လက် လုပ်လီ-လုပ်လဲ့ ရှိဘိသည်။ သူသည် ဤ မုံတဝဂူကို သွားနေကျ။ သည်လို မရောက်ဖူးသေးတဲ့လူတွေ ခေါ်သွားဘို့ ဝါသနာပါသတဲ့။ ဟုတ်ပါတယ်။ ဒီခရီးမှာ သူသိပ်ပျော်နေပါတယ်။ ရှေ့ရောက် သွားလိုက်၊ နောက်ကလူတွေ စောင့်ခေါ်လိုက်၊ ဟိုအကြောင်း သည်အကြောင်းတွေပြောလိုက် နှင့်။ ယောက်ျားတွေ နားတော့သိပ်ပြီး မချဉ်းကပ်။ အမျိုးသမီးတွေနဲ့သာ သူ့အဖွဲ့နဲ့ကျသည်။ အမျိုးသားများကို သူရွံ့တွန့်တွန့်ရှိသည်။
ဤခရီးမှာ လမ်းတွင်ဇီးပင်တွေ အင်္ဂလိပ်လို Ras berry ခေါ်တဲ့ ငါးဥသီးတွေရှိသဖြင့် ၎င်းတို့ကို ခူးစားကြကာ ကလေးတွေမှာ အလွန်ပျော်ကြသည်။ သွားရသည်မှာလည်း ပြေပြေ ဆင်းဆင်း နံနက်ခင်းနေကလည်း မပြင်းသေးသည်မို့ ပြေး၍ပင် ကောင်းနေပါသည်။
သို့နှင့်အိမ်က ၈နာရီလောက် ထွက်ခဲ့ကြရာ တနာရီကျော်ကျော်လောက် ကြာတော့ ၉နာရီခွဲလောက်မှာ မုံတ၀ဂူသို့ရောက်ကြပါသည်။ ဂူသည် တောင်ကမ်းပါးရံကို ဖောက်ထားပါသည်။ ၎င်းဂူအနီးမှာ စမ်းရေအိုင်ကြီးရှိပါသည်။ ကျွန်တော်တို့သည် ဤရေအိုင်နံဘေးမှာ ခေတ္တ စခန်းချကြပါသည်။ အိမ်မှသယ်ဆောင်လာခဲ့သော စားသောက်စရာများကို လူစောင့်နှင့်ဒီမှာ ထားခဲ့ပြီး၊ ဂူထဲဝင်ပြီး ပြန်ထွက်မှ နံနက်စာကို စားကြပါသည်။ ကျွန်တော်တို့လိုဘဲ အခြား လာကြသူများလဲ ရှိပါသည်။
အပန်းဖြေကြ၍ ပြေလောက်တော့ “ကဲ... ဂူထဲဝင်ကြစို့” ဆိုသောအခါ “အပေါ်အင်္ကျီ အနွေးထည်တွေကို ချွတ်ခဲ့ကြ” ဟူသော ကိုအုန်းဖေအမိန့် ထွက်လာပါသည်။ အဘယ်ကြောင့်နည်း။ ကျွန်တော်နားမလည်ပါ။ ဒီအပြင်ဘက် နေရောင်အောက်မှာတောင် စမ်းအိုင်ဘေး၌ အေးစိမ့်စိမ့်ရှိနေသေးတာ၊ ဂူထဲမှာ မည်သို့ရှိမည်နည်း။ ပင်းတပယဂူထဲ ဝင်ကြတုန်းက ကျွန်တော်တို့ အပေါ်အင်္ကျီတွေ ချွတ်မပစ်ခဲ့ကြရပါ။
တဖန် ဖယောင်းတိုင်တွေ ဝေပေးကြပြန်လေတော့၊ ကျွန်တော့်စိတ်ထဲ အလိုဘုရားရေ။ မလွယ်တဲ့ကိစ္စပါလားဟဲ့။ ဘဇာကြောင့်ပါနည်း။
ဪ... ဒီလိုကိုး၊ ပင်းတယဂူမှာက ဗမာ့ခေတ် ဦးအုန်းခင်၊ ဒေါ်ဒဂုန်ခင်ခင်လေးတို့ ကောင်းမှုကြောင့် လျှပ်စစ်မီးတွေရှိနေ၍ ဒီမုံတ၀ဂူမှာတော့၊ ဂူဝက ဆယ်ပေလောက်မှာ မှောင်အတိ။
ကိုအုန်းဖေက လက်နှိပ်ဓာတ်မီးတလုံးနှင့် ရှေ့ဆုံးက ဦးဆောင်သည်။ ကျွန်တော်တို့ လူသိုက်မှာ အလယ်က လက်နှိပ်ဓာတ်မီးတလက်၊ နောက်ဆုံးက တလက်။ ကျန်လူများက ဖယောင်းတိုင် ကိုင်ကြရသည်။ လက်နှိပ်ဓာတ်မီး သုံးလက်ကြီးတောင်ပါနေတာ၊ ဖယောင်းတိုင်တွေ လိုပါသေးသလားတဲ့။ လိုပါတယ်ခင်ဗျ။ ဘာကြောင့်ဆို လမ်းက ဖြူးဖြူးဖြောင့်ဖြောင့် မဟုတ်။ ဒေါင့်ဒဲတွန့်လို ကွေ့ကွေ့ကောက်ကောက်။ နို့ပြီး လူတွေက မတ်တတ်ချည်း သွားနေသည်မဟုတ်။ ငုံ့တိုးသည့်အခါတိုးရ၏။ လေးဘက်ထောက် တွားသွားသည့်အခါ သွားရ၏။ တယောက်ဖင်နှင့် တယောက်ခေါင်း တိုက်သည့်အခါ တိုက်၏။ ဂူထဲသို့ အရင်သွားပြီး ပြန်လာ တဲ့လူများလဲ ဒီလမ်းဘဲဖြစ်သဖြင့် ပခုံးချင်း၊ ဘေးချင်းတိုက်ကာ ရှောင်ကြရသေး၏။ ဖယောင်း တိုင်လေးတွေ ကိုယ်စီနှင့်။ အပေါ်အင်္ကျီ အနွေးထည်တွေကို ချွတ်ခဲ့ခြင်းသည်ကိုလည်း ဒီအထဲရောက်မှ ကျွန်တော်သိပါပြီ။ ဤဂူတွင်းလမ်းကြောင်းသည် စွတ်စိုထိုင်းမှိုင်းလျက် အချို့နေရာမှာ ရေစပ်စပ် ရွံ့စေးစေးဖြစ်နေရာ အင်္ကျီကောင်းတွေ ပစ်ရကုန်ပေလိမ့်မည်။
ကျွန်တော်သည် ဤမျှသွားရခက်ခဲသောခရီး၊ တဖြည်းဖြည်းစိတ်ပျက်လာလျက် ဂူတွင်း နက်လာလေလေ၊ ဒေါသ ထွက်လာလေလေနှင့် ကျွန်တော့်ရှေ့မှ တကုန်းကုန်းသွားနေသော မေ့ထမီ ခါးပုံစကို ဆွဲလိုက်နေရာမှ ...
“ဟေ့... မေရ... မရောက်သေးဘူးလားကွ”
“နီးပါပြီ... မောင်ရ....”
“ရောက်တော့ ဘာတွေ့ရမှာလဲဟ...”
“မောင်ရောက်တော့ ကြည့်ပေါ့...”
“ငါ့လခွီးတဲ့မှ ဒီလိုမှန်းသိ ငါမလိုက်ဖူးဟေ့၊ ဘုရားစူး”
“တောက်... ဘယ်သူကများ အီးပေါက်လိုက်ပြန်ပါလိမ့်ပေါ့...”
“ဤဂူတွင်း လမ်းခရီး၌ အီးပေါက်ခြင်း သည်းခံပါဗျို့...” လူငယ်တယောက်က ထအော်လိုက်၏။ လူတန်းကြီးက တဟားဟား ပွဲကျသွား၏။
ဤသို့ နာရီဝက်လောက် ခက်ခက်ခဲခဲ သွားရပြီးတဲ့နောက် ရောက်ပါပြီတဲ့ဗျို့။
“ရောက်ပါပြီတဲ့” ဆိုရသည်က လမ်းဆုံး၍သာ။ ဘယ်ကိုရောက်တာတဲ့လဲ၊ ရှေ့မှာ ချောက်ကြီးခင်ဗျ။ အောက်မှာ ရေစပ်စပ်နှင့်။ သူ့ကမ်းပါးစောက်က ပေ ၂၀ လောက်နက်မယ်။ အထဲ ဆင်းချင်တဲ့လူ ဆင်းဘို့ထင့်၊ ဆယ့်ငါးတောင်လောက် မျှင်ဝါးတလုံး ထောင်ထားတယ်။ ဒီဝါး ဆွဲဆင်းချင် ဆင်းကြပေါ့။ ဒီလိုနာရီဝက်လောက် လေးဘက်ထောက် မိကျောင်းတွား၊ ငါးရှဉ့်တိုး၊ အမျိုးမျိုး ပင်ပန်းကြီးစွာ လာခဲ့ကြတာ ဘာမှရစရာမရှိတဲ့ ဒီချောက်ကြီးထဲ မည်သူက ဆင်းချင်မည်နည်း။
ဪ... တခုတော့ရှိရဲ့။ တဦးနဲ့ တဦး ဂေါ်ရည်သွေးနေကြတဲ့ အပျိုလေးနဲ့ လူပျိုလေး ဒီချောက်ကြီးထဲ ငုံ့ကြည့်ရင်း ကောင်မလေးရဲ့ ခေါင်းစည်းပုဝါလေးက အောက်ကျသွားတယ်၊ ဒီတော့ ကောင်လေးက ကဗျာကရာ ဒီဝါးလုံးတွယ်၊ အောက်ဆင်းသွားတဲ့ပြီး၊ သူ့ငနဲမ ပုဝါလေးကို ကောက်ယူတဲ့ကာ ပါးစပ်နဲ့ ကိုက်ပြီး ပြန်တက်လာတယ်။ ဟား.... ကျွန်တော်သာ ဆိုရင်လေ၊ ဒီပုဝါ ချောက်ထဲက မြေကြီးမထိရအောင် ဝါးလုံးကို တခါထဲလျှောတိုက် ဆင်းချလိုက်မှာဘဲ။ ကိုယ်ကအရင် ပုဝါအောက်ရောက်တော့မှ လည်ပင်းပတ်ပြီး ယူခဲ့မယ်။
ဒါဟာ ကျွန်တော်က လူပျိုလေးတယောက်နေရာက စိတ်ကူးတာဘဲ။ တကယ်လို့ ဒီအခု အချိန်မှာ မေ့ခေါင်းက ပုဝါလေး ကျသွားမယ်ဆိုရင်...
“မင်းကိုက ကချော်ကချွတ်နိုင်ပါတယ်ကွာ၊ နေပစေ၊ အစားလိုချင် မြို့ထဲရောက်မှ ပြန်ဝယ်ယူ၊ တယ်... ငါလူပါတောင် ကန်ချလိုက်ချင်သေး”
ဒီလိုဘဲ ကျွန်တော်ပြောပစ်လိုက်မှာဘဲ။
အဓိပ္ပာယ်ကား ဤမုံတ၀ဂူခရီးသည် ဂေါ်ရည်သွေးနေကြသော အပျိုလေး၊ လူပျိုလေးနှင့် သမီးရည်းစားတို့အဖို့ အလွန်ကောင်းလှပါသည်။ မှောင်မိုက်မိုက် ချောင်ကြိုက်ကြတဲ့အခါမျိုး။ သို့သော်မေနှင့်ကျွန်တော် ညားသည်က ငါးနှစ်ကျော်နေပြီဆိုတော့ နေရာကောင်း၊ အကွက်ကောင်း တွေ့ပါသော်လည်း မိုးလွန်မှထွန်ချပါတကား။ အချားနိမ်း ပေတည်း။ အချည်းနှီးသော ဤခရီးကို ကျွန်တော့်အား ခေါ်လာရပါမည်လားဟု နှုတ်က တဖျစ်တောက်တောက်။
ရွှေပွဲလာအားလုံးပင် ဂူပေါက်ထဲမှ ကြက်တွေလို တယောက်စီတယောက်စီ ထွက်လာကြကာ၊ ဒီချောက်ကြီး ငုံ့ကြည့်ရင်း သက်ပြင်းတွေ ချကြ၏။
“ခေါင်းဆောင်လမ်းပြ ကိုအုန်းဖေခင်ဗျာ၊ ရှေ့ခရီးဆက်စရာ ရှိပါသေးသလား...”
“မရှိပါဘူးဆရာ၊ ပြန်ကြရုံ ရှိပါတော့တယ်”
“အပြန် ဘယ်လမ်းက ပြန်ရမှာလဲခင်ဗျ”
“ဒီ ဂူပေါက်ထဲဘဲ ပြန်ဝင်ပြီး သွားကြရမှာဘဲဆရာ...”
“ဟိုက်... ဪ... ဒုက္ခပါဘဲလား” ကျွန်တော်ခေတ္တ စကားနားပြီး...
“ဒီဂူပေါက်ဟာ ဘယ်တုန်းက ဘယ်သူတွေက ဘာလုပ်ဖို့ ဖောက်ကြတာတဲ့လဲဗျ”
“ဘယ်တုန်းကလဲတော့မသိဘူးစရာ့၊ စော်ဘွားကို ပုန်ကန်တဲ့ သူပုန်တွေ ပုန်းခိုဘို့ ဖောက်တာလို့ ပြောကြတာဘဲ စရာ့”
“တောက်... သူပုန်တွေနှယ်... ဖောက်မယ့်ဖောက်လဲ ဖြောင့်ဖြောင့်တန်းတန်းနဲ့ လူကောင်း ကောင်းသွားနိုင်အောင် ဖောက်ကရောပေါ့။ ခုတော့ ကျွန်တော်တို့ ဒုက္ခများလိုက်တာဗျာ”
“ဆရာ... ခုလိုလာမယ်မှန်း မသိလို့ နေပါလိမ့်မယ်ဆရာ...”
“ကျွန်တော်မေ့သွားလို့ပါ ဆရာ...”
မောပန်းခြင်းကို ရယ်မောခြင်းဖြင့် ဖြေဖျောက်ကြကုန်သည်။
ထိုနေရာမှာ တအောင့်တနား နေကြပြီးနောက် လာလမ်းအတိုင်း အလာတုန်းက ဒုက္ခမက၊ နှစ်ထပ်ကွမ်းမို့ ပိုမိုပင်ပန်းစွာပြန်ခဲ့ကြရတော့၏။
ဂူဝက စမ်းရေအိုင် ရောက်တော့မှ ကျွန်တော်သက်ပြင်းကြီးချကာ အရက်ပုလင်း ဖွင့်လိုက်ပါတော့၏။
အချိန်မှာ ၁၁-နာရီလောက်ရှိချေပြီ။ ဒီရောက်မှ မီးဖိုပေါ်တင်၍ ငဖိန်းကြော်ကိုခတ်ထားသော ဟင်းချိုအိုးထဲကို ယခုမှ လိုက်ခူးကြသော ဟင်းရွက်စုံတွေခတ်၊ ပါလာခဲ့သော ကြက်သား ဆီပြန်၊ ငသဖွဲနှင့် ပဲပုပ်ကြော်၊ သရက်သီးသနပ်တို့နှင့် ထမင်းကို ဖက်ခင်း၍စားရရာ လူတွေက ပန်းနေတော့ တယ်ပြီးမြိန်လှသကိုး။
စားပြီးတယ်ဆို သစ်တပင်ရိပ်မှာ အရက်သမားတို့ စည်းစိမ်ဖြင့် ကျွန်တော်အိပ်တော့သည်။
အချို့က ရေကူး၊ အချို့က တောထဲတောင်ထဲ လျှောက်လည်။
နေ့လယ် ၂-နာရီလောက်ရှိတော့မှ အားလုံး လူပြန်စု၍ ပြန်ခဲ့ကြတော့၏။
အပြန်သည် အလာတုန်းကထက် ပင်ပန်း၏။ အလာတုန်းကတောင်ခြေ အဆင်း၊ အခုပြန် အတက်။ နို့ပြီး နေကလည်း နံနက်နေနှင့် နေ့ခင်းနေ။
ကလေးတွေဘဲ ကောင်းတယ်။ သူတို့သည် နေပူကိုလည်းမကြောက်ရ၊ မောရပန်းရမှန်း လည်းမသိ။ ပြေးလိုက် လွှားလိုက်။ ငါးဥသီးတွေ၊ ဇီးသီးတွေခူးစားလိုက်နှင့် တဟီးဟီး၊ တဟားဟား။ ကျွန်တော်မူကား အလာတုန်းက အေး၍ ဝတ်လာခဲ့သော ကုတ်အင်္ကျီကို ကျောပေါ် တင်ရသည်မှာ အင်မတန်လေးလံသော ဝန်ထုပ်ကြီး ထင်နေပါ၏။ သည်အထဲ မလွှဲမရှောင်သာ သဖြင့် အရက်ပုလင်းပါသောအိတ်ကို လွယ်ထားရသေး၏။ အကြောင်းမှာ အရက်သမားတခုခု ဖြစ်လျှင် အရက်ပဲအားကိုးတတ်သည့်အတိုင်း အမောပြေ၊ အပူခံဟု လမ်းမှာ အရက်ကို တစွတ် စွတ် သောက်လာခဲ့၏။ လူမူးလာသောအခါ၌ စိတ်ကူးယဉ်မိ၏။
ဤတောလမ်းခရီးဝယ် သော်တာဆွေ ပင်ပန်းနွမ်းနွယ်နေသည်ကို ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာတင်းသဖြင့် သိကြားမင်းသိ၍ ကုန်းနှီးအပြည့်အစုံနှင့် စီးမြင်းတကောင် ဖန်ဆင်း လွှတ်လိုက်လေ၏-ဟူ၍။ သို့သော် တောခွေးတကောင် ဖြတ်ပြေးသည်ကိုသာ မြင်ခဲ့ရပါ၏။
သည်လိုနှင့်ဘဲ အိမ်ပြန်ရောက်၊ နောက်တနေ့ကျတော့ မနေ့က ခရီးပန်းတာနဲ့၊ အရက် သောက်လွန်တာနဲ့ အရက်နာကျပြီး ကျွန်တော်အိပ်ရာက မခွာနိုင် ဖြစ်ပါရောလားဗျ။
ဒီလို အရက်နာကျတာမျိုးတော့ ကျွန်တော့်မိန်းမက ရိုးနေပြီ။ ဝမ်းနုတ်ဆေးကျွေးပြီး အနားမှာ လက်ဖက်ရည်ကြမ်းတအိုးထားပေး၏။ လူကတော့ခေါ်မှလာ၏။ သို့သော် ကျွန်တော့်အား အနားက တဖဝါးမကွာ ဂရုတစိုက် ပြုစုသူတယောက်သည် မောင်းထုတ်လို့မှ မရအောင် ရောက်လာ၏။
---
စေတနာရှင်
လူကြီးထဲကတော့ မဟုတ်။ အသက် လေးငါးနှစ်သားမျှရှိဦးမည်။ သူ့နာမည်ဖြိုးမော်ဟု ခေါ်၏။ ဦးမော်တင်၊ ဒေါ်စောမွန်တို့၏ ဆဋ္ဌမမြောက်သားဖြစ်၏။ သူ့အား မော်လမြိုင်မှာမွေး သောကြောင့် ဖိုးမော်ဟု မှည့်ခေါ်ခြင်းဖြစ်၏။ အမတွေနှင့်နေရသောကြောင့် မိန်းကလေးဟန်ပန်ရှိ၏။ မိန်းကလေးလိုဘဲ ကနွဲ့ကရပြောတတ်၏။
ကျွန်တော့်အိပ်ရာနံဘေး ကျုံ့ကျုံ့လေးလာထိုင်နေလျက်...
“ဦးလေးဆွေ ဘာလိုချင်လဲ၊ ဖိုးမော်ဘာလုပ်ပေးရမလဲ၊ ပြောနော်”
“ဘာမှ မလိုချင်ပါဘူးကွာ၊ ဘာမှလဲ လုပ်ပေးစရာ မလိုပါဘူး”
“ ဦးလေးဆွေ ဒီလိုဖြစ်တာကို ဖိုးမော်သိပ်သနားတယ်”
“အေးကွာ...ကိစ္စမရှိပါဘူး”
”ဦးလေးဆွေ... နှိပ်ပေးရမလား၊ နင်းပေးရမလား၊ ဖိုးမော်နင်းနှိပ်ပေးပါမယ်”
“ကျေးဇူးတင်ပါတယ်ကွာ၊ ဘာမှလုပ်စရာ မလိုပါဘူး၊ ဖိုးမော်သွားကစားချေပါ”
“ဖိုးမော် မကစားချင်ပါဘူး၊ ဦးလေးဆွေ အနားမှာ ပြုစုနေချင်ပါတယ်”
သူက စကားလေးလဲ တော်တော်တတ်တဲ့ကောင် ဖြစ်၏။ ကျွန်တော့်စိတ်ထဲ အင်း... ဒီကောင်တော့ ငါ့ဆီက မုံဘိုးလိုချင်လို့ဘဲ အောက်မေ့မိ၍ ငွေတကျပ်ထုတ်ပေးကာ...
“ရော့... ရော့... ဖိုးမော်၊ မုံ့သွားဝယ်စားချေ”
သို့သော် သူက ခါးခါးသည်းသည်း ငြင်းလျက်...
“ဦးလေးဆွေဆီက မုံ့ဘိုးလိုချင်လို့ မဟုတ်ပါဘူးဗျာ”
“နို့... တခြားကလေးတွေနဲ့ မကစားဘဲ ဘာကြောင့် ငါ့အနား လာနေတာတုန်း”
“ဒီလို... ဦးလေးဆွေရဲ့၊ မညို မဖြူတို့က ပြောတယ်၊ နင့်ဦးလေးဆွေမနေ့က အရက်တွေ သိပ်သောက်လို့ ဒီနေ့သေတော့မယ်တဲ့၊ သေရင်နင့်ကို သရဲချောက်လိမ့်မယ်တဲ့၊ ဒါကြောင့် ဦးလေးဆွေကို မသေခင် ကျွန်တော်လာပြီးပြုစုတာပါ၊ ဦးလေးဆွေသေရင် ကျွန်တော့်ကို သရဲ မချောက်နဲ့နော်၊ နော်”
ဪ... ဒီလိုကိုး။ ဒါကြောင့် ကျွန်တော်စိတ်ပေါက်ပေါက်ရှိလာ၍...
“အေး အေး၊ မချောက်စေချင်ရင် မင်းအခု ငါ့အနားမှာမနေနဲ့”
ဟု ဆိုတော့မှ သူထိုင်ရာ မှထ၍...
“မညိုနဲ့မဖြူတို့ကိုတော့ အရမ်းကြီးချောက်လိုက်စမ်းပါနော်”
“အေး... အေး... သွားတော့ကွာ”
သို့တိုင် သူအခန်းထဲက မထွက်သေးဘဲ...
“ဦးလေးဆွေ၊ ဘယ်တော့သေမှာလဲ ဟင်”
“ညသန်းကောင်လောက်” (ကျွန်တော့်နှုတ်ထဲ တွေ့ရာပင်)
“လေးလေးဂျဲ ပြောပြီးပလား”
“ပြောပြီးပြီ”
“ဒါနဲ့တောင် လေးလေးက မဖြူနဲ့မညိုတို့က ဦးလေးဆွေသေတော့မယ်ပြောတယ် ဆိုတော့ တောက်တီးတောက်တဲ့ တဲ့”
“အေး၊ မင်းသရဲချောက် မခံချင်ရင် မြန်မြန်သွားတော့ကွာ”
ယင်းမှ သူထွက်သွားတော့၏။
ကမြင်းမ ကောင်၊ ယခု ဤစာရေးနေချိန်မှာတော့ လူပျိုဖြစ်နေချေပြီ။
---
အဟိ
ရှုမဝမဂ္ဂဇင်းထဲတွင် ဟာသကဏ္ဍတခု ကျွန်တော်က တာဝန်ယူ၍ ထည့်သွင်းရတော့မည်ဟု ကဏ္ဍနာမည်ကို ဦးကျော်၊ တင့်တယ်နှင့် ကျွန်တော်သုံးယောက် တိုင်ပင်စဉ်းစားသောအခါ ကျွန်တော့်မှာ ကိုယ့်ဟာကိုယ် ဘယ်လိုအမည်ပေးရမည်မသိ ဖြစ်နေသောအခါ တင့်တယ်က ရုတ်တရက် သွက်လက်စွာပင်...
“ကိုရင် သုံးသုံးနေတဲ့ စကားလုံးတခုရှိသားဘဲလေ... “အဟိ”ဆိုတာ”
သည်တော့မှ ကျွန်တော်ချက်ခြင်းသတိရတော့၏။ သူများကို ပြောင်နောက်သောအခါ၊ ဥပမာ (စင်စစ် အမှန်အားဖြင့် ဤဝတ္ထု ဇာတ်ကွက် ဇာတ်လမ်းကလေးမှာ တကယ့်အဖြစ်အပျက် ကလေးဘဲဟု ဘဲဆိုဘဲ၊ ဆိုရင်တော့တာဘဲ။ အဟိ)
၁၉၃၈-ခုနှစ်က ရေးတော့ ဗိုလ်ဘင်ရိုး ဝတ္ထုနိဒါန်းတွင် ထိုစဉ်က သူ့ဝါကျတွေမှာ “ဘဲ” တွေ အများကြီး သုံးနေသော ဗန်းမော်တင်အောင်ကို ကလိခြင်း။
နို့ပြီး...(အဲ အဲ နို့ပေတဲ့တချက်ကလေးတော့ အခွင့်သင့်လို့ ဂုဏ်ယူပါရစေ။ အနှီလို ကိစ္စမျိုးတွေကြောင့်ဘဲ ထင်ပါရဲ့။ (အဟိ) အချို့ လက်ဝဲဆရာ ဆိုသူများက (အဟိ) ကျွန်တော့်ကို တိုးတက်နေသော အစိတ်အပိုင်းအပေါက်ဝသို့ ခေါင်းပြူနေပြီ ဆိုလားဘဲ။ (အဟိ) ချီးမွမ်းကြတယ်။ တချို့ကတော့ (အဟိ) ကျွန်တော့်ကွယ်ရာမှ... “ဒီ သော်တာဆွေဆိုတဲ့ ခွေးမသားဟာ အလကားအကောင်၊ တိုင်းပြည်စာဖတ်ပရိသတ် ညံ့လို့ ဒီကောင်စာရေးဆရာ ဖြစ်နေတာ...”တဲ့။ (အဟိ) ကျွန်တော်နှင့် ကျွန်တော့်စာဖတ် ပရိသတ်ကို ဆဲကြပါသည်။ (အဟိ) ထိုစဉ်က သူတို့ကိုယ်သူတို့ လက်ဝဲဆိုသူများက ကျွန်တော့်ကို ဝေဖန်ကြသဖြင့် ကျွန်တော်က “ကျေးဇူးဆပ်နည်း နိသျည်း” ဝတ္ထု စကားချီးတွင် သူတို့အား ကလိခြင်းဖြစ်ပါသည်။
ယင်းကဲ့သို့ ကျွန်တော့်အရေးအသားကို အကြောင်းပြု၍ တင့်တယ်က အဆိုပြုရာ ဦးကျော်ကလည်း သဘောကျ၍ “အဟိ” ဖြစ်သွားပါတော့၏။
ရှုမဝ မဂ္ဂဇင်းတွင် နှစ်ဖောင်၊ ဆယ့်ခြောက်မျက်နှာ တာဝန်ယူရမည်။ ဤသို့ ကဏ္ဍတခု ပြုစုရသည်မှာ ဝတ္ထုတပုဒ်တည်း စာမျက်နှာ လေးငါးဆယ် ရေးရသည်ထက် ခက်ပါသည်။ မဂ္ဂဇင်းကြီးထဲက မဂ္ဂဇင်းကလေးဖြစ်နေရာ တတ်နိုင်သမျှ အခန်းစုံအောင် ပါရပေမည်။
ထို့ကြောင့် ခေါင်းကြီး၊ အယ်ဒီတာ အာဘော်၊ ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ စာပြောင်တို့ အပြင် အမေ့ပြိုင်စို့လား၊ ဤလည်း တအဟိ၊ လင့်ဖနောင့်ပေါက်ဆေး၊ မယား ဖိနပ်စာ၊ အဟိ အသံလွှင့်ဌာန၊ အဟိ လွှတ်တော်စသော အခန်းများကို တီထွင်လိုက်ရသည်။ အခန်းတိုင်းတွင် ဤပုံစံမျိုး မည်သူမဆို ရေးသားပေးပို့နိုင်သည်။ ဟာသ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ စာပြောင်များလည်း ရေးပို့နိုင်ပါသည်ဟု ကျေညာချက်ဖြင့် နှစ်လလောက်သာ ကျွန်တော်တယောက်တည်း ကလောင်နာမည်အမျိုးမျိုးဖြင့် စာပုံစံတွေ အမျိုးမျိုး ရေးခဲ့ရသည်။ သုံးလမြောက်မှစ၍ အခြား ဝါသနာရှင်တွေ ၀င်လာကြတော့၏။
လာသမျှ ကျွန်တော်က ပထမဖတ်၍ ရွေး၊ ကျွန်တော် ရွေးတာများကို တဖန် ဦးကျော်အား တင်ပြရသည်။ ဦးကျော်သည် မည်သည့်စာကိုမျှ သူမဖတ်ဖဲနှင့် လွှတ်ပေးသည် မရှိချေ။ ကျွန်တော်ရေးတာ ရွေးတာတွေသည် မကောင်းမှာစိုး၍တော့မဟုတ်။ ကောင်းမှာကို တော့ ယုံကြည်သည်။ သို့သော် ဟာသဆိုတော့ အပြောင်အလှောင်, အငြိအစွန်း ရှိမှာစိုး၍ဖြစ်၏။ ဦးကျော်၏ စာတည်းဘဝမှာ ကျွန်တော် ဟာသဆရာနှင့် ဟိုလက်ဝဲဆရာတွေကို အမြဲ သတိထားနေရရှာ၏။ ကျွန်တော်သည် နောက်ပိုင်း၌ အသက်အရွယ်အလျောက် လက်ရာပြောင်းခဲ့၍ ထိုလူများကား ဦးကျော်သေခါနီးအထိ ငြင်းကြ ခုံကြတုန်းဖြင့် ၎င်းတို့လည်း သည်အတိုင်းဘဲ သေကြအံ့ထင်၏။ (ဤကား စကားချပ်)။
ရှုမဝမဂ္ဂဇင်းမှာ ကျွန်တော့် အဟိကဏ္ဍဖွင့်သောအခါ ထိုစဉ်က မောင်ဆွေတင့်နာမည်နှင့် ဝတ္ထုတွေ မရေးတတ်သေးသော ဦးကျော်သား မောင်ဆွေသည် ပန်းချီလိုလို၊ ကာတွန်းလိုလို ပုံဆွဲ လေ့ကျင့်နေလေ၏။ ကျွန်တော့်အဟိကဏ္ဍအတွက် လက်တည့်စမ်းသောအခါ ဦးကျော်က သူ့သားပုံများကို သူ့ဆန္ဒသက်သက်ဖြင့်မသုံးပေ။ “မင့် ဦးလေးဆွေပြ၊ သူ့အဟိမှာ သူအယ်ဒီတာ သူကြိုက်မှ သုံးနိုင်မယ်” ဟု ပြောပြီး ကျွန်တော်က ရွေးချယ်ရန် သုံးတော့ ပုံငယ်တခုကို ၅ကျပ်နှုန်း သူ့သားအား ပေး၏။ မောင်ဆွေ့ပုံများကို ကျွန်တော်ကလည်း နှစ်သက်၍ သုံးခြင်းဘဲ ဖြစ်၏။ မကြိုက်လျှင်ပယ်ချသည်။
ထိုစဉ်က ကျွန်တော့်အဟိကဏ္ဍမှာ မောင်ဆွေနှင့် တက်သစ်စ ပန်းချီမောင်စိန်ပုံများကို သုံး၏။
ရှုမဝမဂ္ဂဇင်းမှာ အဟိကဏ္ဍသည် အောင်မြင်၏။ နှစ်သက်အားပေးသူတွေ ရှိလာ၏။
ဟာသအတိုအထွာ၊ ကဗျာ၊ ဆောင်းပါး၊ စာပြောင်၊ ဝတ္ထုတို၊ ကလောင်သစ်တွေ ပေါက်ဖွားလာခဲ့သည်။ အဟိတွင် လက်စွဲသုံးနိုင်သော ပင်တိုင်ကလောင်ရှင်တွေရလာသည်။ မစံလှဝင်းခိုင်၊ ခင်ဂွမ်းဂွိ၊ ရွှေကူမေနှင်း၊ အီကြာကွေး၊ ငွေမောင်း၊ မောင်လရောင်၊ ရွှေတည်ရန်နောင်၊ အောင် (လျှပ်စစ်)၊ ကျိုက်လတ်မိုးမြင့်၊ မောင်ရည်တင့်၊ သုဝဏ္ဏကျော်စိန်၊ သူရတက်ပု၊ ဖုန်းဖုန်း၊ နတ္တလင်း ချစ်လွင်၊ ပေါင်းတည်စန်းမြင့်၊ ပြည်အေးကို၊ မမညွန့် ...။
၁၉၅၉-ခုနှစ်ရောက်သောအခါ ဦးကျော်ကကျွန်တော့်အား
“ကဲ...ကိုရင့်မှာ တပည့်လက်သား စုံပြီ၊ အဟိဆိုတဲ့ နံမယ်လဲ ပရိသတ်ရှိနေပြီ၊ ကိုရင့် ဖာသာကိုရင် တကျပ်တန်သီးသန့် အဟိထုတ်ပေရော့၊ ရှုမဝထဲမှာ အဟိကဏ္ဍစထည့်ကထဲက ကျုပ်ဟာ ကိုရင့်ကို စာတအုပ်ထုတ်သွားနိုင်ဘို့ ရည်ရွယ်ချက် ရှိခဲ့တယ်။ ကဲ... အခု အချိန်တန်ပြီ”
ဦးကျော်သည် သူ၏စေတနာအတိုင်း ကျွန်တော့်အား စာရေးတာအပြင် စာတအုပ်နှင့် အသက်မွေးဝမ်းကျောင်း ဖြစ်အောင် ကြံဆောင်စီမံပေးလိုက်ပါသည်။ ထို့ကြောင့် အဟိကို လစဉ် စာစောင်အဖြစ် အရေးပိုင်ရုံးတွင် သွားရောက်မှတ်ပုံတင်၍ ၁၉၅၉ ခုနှစ်၊ သြဂုတ်လတွင် အဟိ နံပတ်တစ်ကို စတင်ထုတ်ဝေလိုက်ပါတော့၏။
ထိုစဉ်က မည်သူမဆို စာနယ်ဇင်း ထုတ်ဝေနိုင်သည်။ လုံးချင်းဝတ္ထုဆိုလျှင်ကား မှတ်ပုံတင် နေရန် မလို။ ဘာစာပေတိုက်၊ ညာစာပေတိုက်ဟူ၍ သတင်းစာထဲ ကြော်ငြာပြီး ထုတ်လိုက်ရုံဘဲ။ ထို့ကြောင့် ကျွန်တော်သည် “သော်တာစာပေ” ဟူသော အမည်ကို ယူလိုက်ပြီး “အဟိ” ကို လစဉ် ထုတ်ဝေသည်။ နောင်၌ သော်တာစာပေမှ လုံးချင်းဝတ္ထုများကိုလည်း ထုတ်သည်။
ကျွန်တော်သည် ကိုယ်ပိုင်စာအုပ် စတင်စဉ်က မ,တည်ငွေတထောင် ကိုယ့်မှာရှိ၍ မဟုတ်။ မန္တလေးစာအုပ်ကိုယ်စားလှယ် ရဲရင့်ဦးဌေးဆီမှာ လစဉ်အလီလီ စာအုပ်ဖိုးတွေထဲမှ နှိမ်သွားပါဟူ၍ ချေးယူလိုက်ခြင်းဖြစ်ပါသည်။ ဦးဌေးကလည်း ထိုငွေကို ချက်ခြင်းဘဲ ပို့လိုက်၏။
ကျွန်တော်၏ပထမဦးဆုံး စာအုပ်ထုတ်ရန် သြဂုတ်လကို ရွေးချယ်သည်မှာ ကျွန်တော်သည် ၁၉၄၅-ခုနှစ်၊ သြဂုတ်လမှာစတင်၍ စာရေးဆရာဖြစ်သောကြောင့် ဤလကို ကျွန်တော်၏ ကံကောင်းသောလဟု စိတ်ထဲမှတ်ယူမိသည့်အတွက် ဖြစ်ပါ၏။
ပထမဦးဆုံးအကြိမ် ၅ဝဝဝ-ရိုက်ရာ ၄ဝဝဝ-ကျော်ကုန်သဖြင့် တော်တော်ဘဲ အကျိုးရှိပါ၏။ ထို့နောက် ကြော်ငြာက လစဉ် ၂၅၀-ကျပ်၊ ၃ဝဝ-ကျပ်ရပြန်သည်။
ယင်းသို့ ဖြစ်ရကား၊ လစဉ် ဤအဟိထုတ်ခြင်းနှင့် ရှုမဝအတွက် ဝတ္ထုတပုဒ် ရေးခြင်းဖြင့်ပင် ကျွန်တော်၏ ဘဝရပ်တည်ရေးမှာ ပြေလည်တင့်တယ်လျက် ရှိလေပြီ။
---
နွားဝယ်ဘို့ ငွေ ၈ဝဝိ
ဤသို့ ကိုယ့်စာအုပ်ကိုယ် မထုတ်မီကမူ ရှုမဝကပေးသော ငွေ ၆၀၀-ကျပ်မှ ယခင်အိမ်ထောင်ဟောင်းက ကလေးစရိတ် ၂၅၀-ကျပ်ပေးရ၍ ကျန် ၃၅ဝ-ကျပ်နှင့် ၁၉၅၇-ခုနှစ်တွင် မေ၏သားနှစ်ယောက်ပါ ရန်ကုန်ရောက်လာသောအခါ ကျွန်တော်တို့မှာ လစဉ် အလျင်မှီရုံ လောက်သာရှိ၏။
ထိုစဉ် တနေ့သ၌ ဦးခင်မောင်လတ်နှင့် ဒေါ်ခင်မျိုးချစ် လင်မယားသည် ရွာတန်းရှည်ရှိ ကျွန်တော့်အိမ်ကလေးသို့ လာရောက်လည်ပတ်ကြရာ ကျွန်တော့်အိမ်အနီးမှာ နို့စားနွားမ မွေးမြူသူများရှိကြ၍ နွားခြံတွေမှာ နွားမမြည်သံ၊ နွားကလေးအော်သံတွေနှင့် နွားနို့ညှစ်နေကြသည်များကို မြင်ရသောအခါ...
“အောင်မယ်၊ မင်းတို့ရွာကလေးက တကယ့်တောရွာလေးဘဲ၊ ပျော်စရာကွယ်၊ ရန်ကုန် အနီးမှာ ဒီလိုနို့စားနွားမတွေ မွေးကြတာ သူတို့တော်တော် အကျိုးရှိကြမှာပေါ့...”
“ရှိတယ်ကိုလတ်ရဲ့၊ ကျွန်တော်တောင် သူတို့အားကျပြီး နွားမွေးချင်စိတ် ပေါ်မိတယ်...”
ကိုလတ်က စိတ်ပါဝင်စားကာ...
“အေး... မွေးပါလားကွ...”
“မွေးတာက ဟုတ်ပါရဲ့၊ ကျွန်တော့်မှာက ငွေရင်းမရှိဘူး...”
“ငွေရင်း ဘယ်လောက်တောင် လိုမှာလဲ”
“နို့စားနွားမက ဈေးမသေးဘူး၊ အနည်းဆုံး ၅ဝဝ-ကျပ်ဘဲ၊ ဒီတော့ နွားခြံဆောက်ရမှာနဲ့၊ နွားစာဝယ်ရမှာနဲ့၊ ၇၀၀-ကျပ် ၈၀၀-ကျပ်လောက် မ,တည်ရမှာဘဲ...”
ဦးခင်မောင်လတ်မှာ သူတတ်နိုင်လျှင် တဖက်သားကို အမြဲတမ်းကူညီမစချင်စိတ်ရှိသူ ဖြစ်ရာကား မဆိုင်းခဏပင်...
“ဒါဖြင့် မင်း နက်ဖန်ခါ ငါ့ဆီလာပြီး ၈၀၀-ကျပ် ယူလှည့်ကွာ...”
ဟု ပြောလိုက်တော့၏။
နောက်တနေ့ ကျွန်တော် သူတို့အိမ်ရောက်သွားသောအခါ ကိုလတ်သည် ကျွန်တော့်အား တက္ကသိုလ်စာတိုက်သို့ ခေါ်သွား၍ ငွေ ၈၀၀-ကျပ် ထုတ်ပေးလိုက်၏။
---
(ဆက်ရန်)
တင်ခဲ့ပြီးသော အခန်းများ ဖတ်ရန် Link - https://www.facebook.com/112558141233556/posts/168704465618923/
#သော်တာဆွေ
#ကျွန်တော့်ဘဝဇာတ်ကြောင်း
#shared_by_louis_augustine
Comments
Post a Comment