သတင်းစာစက္ကူတွေ ဝယ်တယ် // မြသန်းတင့်
သတင်းစာစက္ကူတွေ ဝယ်တယ် // မြသန်းတင့်
(ကလျာမဂ္ဂဇင်း၊ ၁၉၉၀၊ ဇန်နဝါရီလ)
(အညတရရုပ်ပုံလွှာများ)
---
သူ့အမည်ကို ယခုအထိ ကျွန်တော် မသိ။ လူချင်း သိနေသည်မှာကား ဆယ်နှစ်ကျော်ကျော်လောက် ရှိမည် ထင်သည်။ သူ့ကို ကျွန်တော်က “ အဘိုးကြီး ” ဟု ခေါ်သည်။ ကျွန်တော့်ဇနီးကလည်း “ အဘိုးကြီး ”ဟု ခေါ်သည်။ တကယ်ဆိုလျှင် သူ့အသက်အရွယ်မျိုးကို ကျွန်တော် ထိုသို့ ခေါ်ဖို့ မကောင်း။ သူ့အသက် ခုနစ်ဆယ်ကျော်၍ ရှစ်ဆယ်အတွင်းသို့ ရောက်တော့မည်။ ထိုထက် ခမ်းနားသော၊ ထိုထက် ယဉ်ကျေးသော၊ ထိုထက် လေးစားဖွယ် ကောင်းသော အမည်ဖြင့် ခေါ်ဖို့ ကောင်းပါ၏။ သို့ရာတွင် ကျွန်တော် မခေါ်ဖြစ်ခဲ့ပါ။ “ အဘိုးကြီး ” ဟုသာ တလျှောက်လုံး ခေါ်ခဲ့ပါသည်။
သူကလည်း ထိုအမည်ကို နှစ်ခြိုက်စွာ ခံယူပါသည်။ သူ့ကို အဘိုးကြီး ခေါ်သဖြင့် စိတ်ဆိုးခြင်းလည်း မရှိ။ ရိုင်းပျစွာ ခေါ်သည်ဟုလည်း ထင်ဟန် မရှိ။ ကျွန်တော်ကသာ မဟုတ်၊ အားလုံးကပင် သူ့ကို အဘိုးကြီးဟုသာ ခေါ်ကြပါသည်။ အခြားသူများလည်း သူ့အမည်ရင်းကို ကောင်းစွာ သိကြပုံ မပေါ်ပါ။ အဘိုးကြီးဟုသာ ခေါ်တတ်ပါသည်။
သူသည် ကျွန်တော်တို့ လမ်းထဲသို့ နှစ်ရက်တကြိမ် သုံးရက်တကြိမ် လာတတ်ပါသည်။ အရပ် ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံးကိုယ်ပေါက် ကြံ့ခိုင်ပြီး သူ့ခေါင်းပေါ်တွင် ဂုန်နီအိတ်ဖြင့် စာရွက်ဟောင်းတွေ၊ စာအုပ်ဟောင်းတွေ၊ သတင်းစာဟောင်းတွေကို ရွက်လာတတ်ပါသည်။ အိန္ဒိယလူမျိုး ဖြစ်သဖြင့် အသားမှာ မည်းမှောင်နေပါသည်။ မုတ်ဆိတ်နှင့် ဆံပင်တို့မှာ ဖြူဖွေးနေကြလေပြီ။ သူ့ဂုန်နီအိတ်ထဲတွင် အလေး ချိန်ခွင် စသည်တို့ အစုံပါသည်။
ကျွန်တော်သည် စက္ကူ အဟောင်း ရောင်းချင်လျှင်၊ စာအုပ်ဟောင်း ရောင်းချင်လျှင် အဘိုးကြီးကို မျှော်လေ့ရှိပါသည်။ တခါတရံတွင် အဘိုးကြီးသည် ကျွန်တော်တို့အိမ်တွင် အမောဖြေရင်း ထိုင်၍ ကျွန်တော်နှင့် စကားစမြည် ပြောတတ်ပါသည်။ ကျွန်တော်သည် အသက်ရှစ်ဆယ်တွင်းသို့ ရောက်သည်အထိ ကျန်းမာ သန်စွမ်းသော၊ သားသမီးတို့ကို မည်သူ့ကိုမျှ မှီခိုခြင်းမပြုသော၊ ကိုယ့်ဝမ်းစာကို ရှာစားသော အဘိုးကြီးကို ကြည့်၍ လေးစားနေပါသည်။
---
ကျွန်တော့်အသက် ခုနစ်ဆယ့်ခြောက်နှစ် ရှိပြီ။ ငယ်ငယ်လေးကတည်းက စက္ကူ ရောင်းလာတာပဲ။ တခါတလေလည်း ပုလင်းတို့ ဘာတို့ကို လိုက်ဝယ်တယ်။ တသက်လုံး စက္ကူနဲ့ ဘော်တယ်ကိုပဲ လုပ်တယ်။ တခြား ဘယ်ပစ္စည်းကိုမှ လိုက်မကောက်ဘူး။
ငယ်ငယ်တုန်းကလည်း စက္ကူအဟောင်း၊ ပုလင်းအဟောင်း လိုက်ဝယ်တယ်။ ခု ပြီးတော့လည်း စက္ကူနဲ့ ပုလင်းကိုပဲ လိုက်ဝယ်တယ်။ တချို့ ကောင်လေးတွေကတော့ အစုံဝယ်တယ်။ ပေါင်ဒါဘူးတို့၊ နို့ဆီဘူးတို့၊ နို့မှုန့်ဘူးတို့၊ ပလတ်စတစ်ဘူးတို့ ဝယ်တယ်။ ကျွန်တော်ကတော့ စက္ကူနဲ့ ပုလင်း နှစ်မျိုးကိုပဲ ဝယ်တယ်။ ကျွန်တော့် တသက်လုံး ဒီနှစ်မျိုးပဲ ဝယ်ပြီး ရောင်းခဲ့ဖူးတယ်လေ။ တခြားပစ္စည်းတွေကို ကျွန်တော် မဝယ်ဖူးဘူး။ ရောင်းလည်း မရောင်းဖူးဘူး။ ကျွန်တော် နားမလည်တဲ့အလုပ်ကို မလုပ်ဘူး။ ကျွန်တော် လုပ်နေကျ အလုပ်ကိုပဲ လုပ်တယ်။
ခုခေတ်က ပစ္စည်းတွေ သိပ်ပေါတယ်လေ။ အမျိုးမျိုး ရှိတယ် မဟုတ်လား။ လက်သည်းဆိုးဆေး၊ ပေါင်ဒါဘူး၊ ဓာတ်မှန်ပြား၊ မုန့်ဘူး။ ကျွန်တော် ဒါတွေကို သိပ်နားမလည်ဘူး။ ပြီးတော့ သယ်ရပိုးရတာ လေးတယ်။ အထုပ်ကြီးကြီး ထမ်းရတယ်။ မုန့်ဘူးတို့ ဘာတို့ဆိုရင် ဆယ်ဘူးလောက် ထည့်ရုံနဲ့ ဂုန်နီအိတ်ကြီးတလုံး ပြည့်သွားတယ်။ အဲဒီပစ္စည်းတွေကို သယ်ရတာ ခက်တယ်။ စက္ကူနဲ့ ပုလင်းကတော့ သယ်ရတာ လွယ်တယ်။ ပြီးတော့ ကျွန်တော်က တသက်လုံး စက္ကူနဲ့ ပုလင်းပဲ ရောင်းလာတာ မဟုတ်လား။ ပြီးတော့လည်း စက္ကူနဲ့ ပုလင်းပဲ ရောင်းတတ်တယ် ဆရာ။
ကျွန်တော်က တမီးလ်လူမျိုး ဆရာ။ ကျွန်တော် မြန်မာပြည်ကို ရောက်တာ ကြာလှပြီ။ ဟိုငယ်ငယ်ကလေး စစ်မဖြစ်ခင် ငယ်ငယ်ကလေးကတည်းက ရောက်တာ။ အဖေရော အမေရော ကျွန်တော်ရော မြန်မာပြည်ကို လာတယ်။ မြန်မာပြည် လာတော့ ကျွန်တော့်အဖေက ဂျာဒူးဝါလား လုပ်တယ်။ ရန်ကုန်မြူနီစပယ်မှာ ဂျာဒူးဝါလား။ ကျွန်တော်က သားအကြီးဆုံး။ ကျွန်တော့်အောက်မှာ ကလေးတွေ အများကြီး ရှိတယ်။ အားလုံးပေါင်း ဆယ်ယောက် ရှိတယ်။
နောက်တော့ အဖေက သတင်းစာစက္ကူတွေ ဝယ်တယ်။ လန်ချား ဆွဲတယ်။ လန်ချားကို ဆရာ မြင်ဖူးမှာပေါ့။ ခုခေတ် ကောင်လေးတွေ ကောင်မလေးတွေ မမြင်ဖူးဘူးလေ။ အဲဒီတုန်းက ဂေါ်ရင်ဂျီတွေလည်း လန်ချားဆွဲတယ်။ ကျွန်တော်တို့အမျိုးထဲကလည်း လန်ချား ဆွဲတယ်။
ကျွန်တော် မြန်မာပြည် ရောက်တော့ ငါးနှစ်သားလောက်ပဲ ရှိဦးမယ်။ အဲဒီတုန်းက အင်္ဂလိပ်တွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ငယ်ငယ်က ရန်ကုန်မှာ မော်တော်ကား သိပ်မရှိသေးဘူး။ ဒေါက်ကတ်တွေ ရှိတယ်။ သူဌေးတွေက ညနေကျရင် ကန်တော်ကြီးမှာ ဒေါက်ကတ်နဲ့ ထွက်ပြီး လေညင်းခံတယ်။ ဒေါက်ကတ်ဆိုတာ ဆရာ သိတယ်နော်။ မြင်းနဲ့ ဆွဲတဲ့ ရထားလုံးတွေ။ သူဌေးတွေမှ စီးနိုင်တယ်။ သူတို့လောက် ပိုက်ဆံမရှိတဲ့ လူတွေကျတော့ လန်ချားစီးတယ်။ လန်ချားက ဆွဲရတော့ သိပ်ပင်ပန်းတယ်။ ဒီတော့ နေ့တိုင်း ကစော် သောက်တယ်။ ကစော် သောက်လို့ မူးလာရင် အဖေက သိပ်ပျော်တယ်။ အဖေ မူးပြီဆိုရင် ဒါဆန်ဂျိထဲက ကုလားသီချင်းတွေ ဆိုပြီး ကျွန်တော်တို့ကို ဖာရစီက ကပြတယ်။ အဲဒီတုန်းက သိပ်ပျော်တယ် ဆရာ။
အမေက ကလေးတွေ တယောက်ပြီးတယောက် မွေးတယ်နော်။ ကလေး မွေးပေမယ့် အမေ အလုပ် လုပ်နိုင်တယ်။ မဆလာ ထောင်းတယ်။ နနွင်းမှုန့် ထောင်းတယ်။ ကျွန်တော်တို့ကလည်း ငယ်ငယ်ကလေးဆိုတော့ အမေ့ကို မဆလာတို့၊ နနွင်းမှုန့်တို့ ကူပြီး ထောင်းပေးတယ်။
ညီအစ်ကိုတွေ အများကြီးပေမယ့် ကျွန်တော်တို့ စားနိုင်တယ်။ ကုလားပြည်မှာဆိုရင် ထမင်းဝဝ မစားနိုင်ဘူး။ သိပ်ရှားတယ်။ မြန်မာပြည်က သိပ်ပေါတယ်။ ဆန် အများကြီး ရှိတယ်။ ထမင်းများများ ရှိတယ်။ ပဲများများ ရှိတယ်။ ငရုတ်သီးများများ ရှိတယ်။ မန်ကျည်းသီးများများ ရှိတယ်။ အာလူးများများ ရှိတယ်။ မြန်မာပြည်မှာဆိုရင် ထမင်းဟင်း နေ့တိုင်း ကောင်းကောင်း စားနိုင်တယ်။ နေ့တိုင်း ငါးဟင်းကောင်းကောင်း စားရတယ်။ ပဲဟင်း ကောင်းကောင်း စားရတယ်။ ကျွန်တော်တို့က ဟိန္ဒူဆိုတော့ အသား မစားဘူး။ မြန်မာပြည်မှာ စားစရာ အများကြီးပဲ။ ပဲဟင်းနဲ့ ဘာဂျီနဲ့ ဆိုရင် ကျွန်တော်တို့ ပိုက်ဆံလည်း ဘာမှ မကုန်ဘူး။
ကျွန်တော် အသက် နှစ်ဆယ်လောက် ရောက်တော့ အဖေ ဆုံးသွားတယ်။ အဖေက လန်ချား ဆွဲရတော့ အိပ်ရာထဲ လဲတာနဲ့ တခါတည်း သေသွားတာပဲ။ လန်ချားဆွဲတာက နေပူထဲမှာလည်း ဆွဲတယ်။ မိုးရွာထဲမှာလည်း ဆွဲတယ်။ အဖေ ဘာမှမဖြစ်ဘူး။ လန်ချား ဆွဲတာက အနားယူပြီး အိမ်မှာ ကောင်းကောင်း နေထိုင်ပြီး အနားယူတော့မှ အဖေဟာ အိပ်ရာထဲမှာ သေသွားတယ်။
နေပူ မိုးရွာမရှောင် ပင်ပင်ပန်းပန်း လုပ်ခဲ့တုန်းက ဘယ်လောက် သေဖို့ ကောင်းသလဲ။ အဲဒီတုန်းက အဖေ သွေးတွေ အန်ခဲ့ဖူးတယ်။ လန်ချား ဆွဲရင်း အမောဆို့ပြီး လမ်းပေါ်မှာ ဗုန်းခနဲ လဲကျသွားဖူးတယ်။ ဒါပေမဲ့ အဖေ မသေဘူး။ နောက်တနေ့ကျတော့ လန်ချား ပြန်ဆွဲနိုင်တာပဲ။ သွေးတွေ အန်တုန်းကလည်း ဘာမှမဖြစ်ဘူး။ တခါ သွေးအန်တာများ ထွေးခံနဲ့ တလုံးလောက် ရမယ်ထင်တယ်။ အဖေက ပြောတော့ သွေးမဟုတ်ဘူးတဲ့။ ကွမ်းတံတွေးတဲ့။ ဒါပေမဲ့ ဘယ်က လာပြီး ကွမ်းတံတွေး ဟုတ်ရမှာလဲ၊ သွေးတွေပါ။ ကျွန်တော် ကောင်းကောင်း သိတာပေါ့။ ကျွန်တော် ငယ်ငယ်တုန်းက နှာခေါင်း သွေးလျှံတုန်းက နှာခေါင်းထဲက ထွက်တဲ့ သွေးမျိုးတွေ ရဲနေတာပဲ။ ညှီစို့စို့နဲ့။
တနေ့လုံး သွေးတွေ အန်တာ နောက်တနေ့ကျတော့ အဖေ လန်ချား ပြန်ဆွဲတာပဲ။ ဒါပေမဲ့ ဘာမှ မဖြစ်ဘူး။ လန်ချားဆွဲနိုင်အောင် ဆိုပြီး သွေးအန်ပြီးတော့ နောက်တနေ့မှာ အဖေ အရက်သောက်တယ်။ ကစော် မဟုတ်တော့ဘူး။ အရက်က ကောက်ညှင်းအရက် ရှိတယ် မဟုတ်လား။ မီးခြစ်နဲ့ ခြစ်ရင် ဟုတ်ခနဲ မီးထတောက်တယ်လေ။ အဲဒီအရက်ကို မနက်ကတည်းက နည်းနည်း နည်းနည်း သောက်တယ်။ နည်းနည်း မောလာလိုက်၊ အရက် နည်းနည်းသောက်လိုက်၊ လန်ချား ဆွဲလိုက်။ အဲဒီတုန်းက အဖေ ဘာမှ မဖြစ်ဘူး။ အနားယူပြီး အိမ်မှာ အေးအေးဆေးဆေး နေတော့မှ အဖေ့ကို တခါတည်း ဘုရားခေါ်သွားတော့တာပဲ။
အဖေ သေတော့ ကျွန်တော်က အသက် နှစ်ဆယ်လောက်ပဲ ရှိဦးမယ်။ အသက်နှစ်ဆယ်တောင် မပြည့်သေးဘူး။ ဒီတော့ အမေနဲ့ ညီလေးတွေ ညီမလေးတွေကို ကျွန်တော်က ရှာကျွေးရတယ်။ အဖေ့လက်ထက်က ဝယ်ပေးခဲ့တဲ့ လန်ချားကလေးတစီး ကျွန်တော်တို့မှာ ရှိတယ်။ ဒီတော့ ကျွန်တော်က ဆက်ပြီး လန်ချား ဆွဲတယ်။ အမေက နနွင်းမှုန့်တို့၊ မဆလာမှုန့်တို့ကို ထောင်းတယ်။ ကျွန်တော်က လန်ချားဆွဲတယ်။ ဒါပေမဲ့ ကျွန်တော် လန်ချား မဆွဲနိုင်ဘူး။ ဆရာ ကြည့်စမ်း။ ကျွန်တော့်ခန္ဓာကိုယ်ကြီးက အကြီးကြီး၊ အား သိပ်ရှိတာ။ ကျွန်တော့်အဖေက ပိန်ပိန်သေးသေးကလေးရယ်။ အားလည်း မရှိဘူး။ ဒါပေမဲ့ ကျွန်တော်က လန်ချား မဆွဲနိုင်ဘူး။ မပြေးနိုင်ဘူး။ အဖေက ပိန်ပိန်ကလေးပေမယ့် ပြေးလည်း ပြေးနိုင်တယ်။ အမောလည်း ခံနိုင်တယ်။ အဖေ တသက်လုံး လန်ချား ဆွဲသွားတာပဲ။ ဘာမှမဖြစ်ဘူး။
ကျွန်တော် တလလောက် လန်ချား ဆွဲလိုက်တယ်။ နေမကောင်းလို့ အိပ်ရာထဲမှာ အကြာကြီး လဲနေတယ်။ အိပ်ရာက တော်တော်နဲ့ မထနိုင်လို့ ဆရာဝန်ကို သွားပြတော့ ဆရာဝန်က လန်ချား မဆွဲရဘူးတဲ့။ လန်ချား ဆွဲရင် ချက်ချင်း သေသွားမယ်တဲ့။ ဒါ့ကြောင့် ကျွန်တော် လန်ချား မဆွဲတော့ဘူး။ ဒါနဲ့ ကျွန်တော့်ညီကလေးတွေ ဆွဲတယ်။ သူတို့လည်း အဖေ့လို လန်ချား မဆွဲနိုင်ဘူး။ တလလောက် ဆွဲလိုက်တော့ အားလုံး အိပ်ရာထဲ လဲကုန်ကြတာပဲ။ ဘယ်လောက်မှ ကြာကြာ မဆွဲနိုင်ဘူး။ တလလောက်ရှိတော့ အိပ်ရာထဲမှာ ဗုန်းဗုန်းလဲတာပဲ။ ဒီတော့မှ ကျွန်တော်တို့ အဖေ့ကို အံ့ဩနေကြတယ်။
လန်ချား မဆွဲနိုင်တော့ ကျွန်တော်က ပန်းဆိုးတန်းတဝိုက်မှာ သတင်းစာ ရောင်းတယ်။ သတင်းစာ ရောင်းတယ်ဆိုတာ မြန်မာသတင်းစာကို ရောင်းတာ မဟုတ်ဘူး။ အင်္ဂလိပ်သတင်းစာ ရောင်းတာ။ အဲဒီတုန်းက စီးတီး ဘွတ်ကလပ်က နိုင်ငံခြားက ထုတ်တဲ့ အင်္ဂလိပ်သတင်းစာတွေကို ကိုယ်စားလှယ် ယူတယ်။ အိန္ဒိယ ဘိလပ်က လာတဲ့ သတင်းစာတွေ။ အဲဒါတွေကို ကျွန်တော်က ဟိုက်ကုတ်ရုံးကြီးရဲ့ အဝင်ဝမှာ သွားသွားပြီး ရောင်းရတယ်။ သတင်းစာကြီးတွေက အကြီးကြီးတွေ။ လက်မောင်းပေါ် တင်ရောင်းရတယ်။ လက်မောင်း ဟိုဘက် ဒီဘက် တွဲလောင်းကျနေတာကိုက တဖက်ကို တပေလောက် ရှည်တယ်။ ဟိုက်ကုတ်အဝင်ဝမှာ သွားရောင်းရတာကတော့ အဲဒီမှာ နိုင်ငံခြားသားတွေ များလို့။ ဟိုက်ကုတ်တရုံးလုံးက စာရေးတွေကလည်း အိန္ဒိယ အမျိုးသားတွေ။ ရှေ့နေ၊ ဝတ်လုံတွေကလည်း အိန္ဒိယအမျိုးသားတွေချည်း များတော့ အဲဒီနားမှာ ရောင်းရင် တော်တော် ရောင်းရတယ်။ ပန်းဆိုးတန်းဆိုတော့ ရုံးတွေကလည်း စုံတယ်။ စာရေး၊ စာချီတွေကလည်း နိုင်ငံခြားသား အိန္ဒိယလူမျိုးတွေ များတယ် မဟုတ်လား။ ဒီတော့ သူတို့က ကျွန်တော့်သတင်းစာကို ဖတ်ကြတယ်။ ညနေကျရင် အရက်ဆိုင်တွေ၊ ဘားတွေမှာ လိုက်ရောင်းတယ်။
ဒီတုန်းမှာ စစ်ကြီးဖြစ်လာတယ်။ ကျွန်တော်လည်း မိန်းမ ရနေပြီလေ။ ကျွန်တော့် မိန်းမက အာယား လုပ်တယ်။ အာယား လုပ်တယ်ဆိုတာ ဒီခေတ် ကောင်လေးတွေ ကောင်မလေးတွေ နားလည်မှာ မဟုတ်ဘူး။ ဆရာကတော့ သိမှာပေါ့။ ကျွန်တော့်မိန်းမက လမ်း ၄၀ ထဲက ကုလားဝတ်လုံတယောက် အိမ်မှာ ကလေးထိန်းတယ်။ ကျွန်တော်က ဝတ်လုံအိမ်မှာ သွားသွားပြီး သတင်းစာပို့ရင်း သူနဲ့ ကြိုက်ပြီး ညားကြတာ။
စစ်ဖြစ်လာတော့ ကျွန်တော်တို့မှာ ကလေးတယောက် မွေးတယ်။ ကောင်လေး။ ကောင်မလေး မဟုတ်ဘူး။ စစ်ဖြစ်လာတော့ ကျွန်တော်တို့ ရန်ကုန်မှာ နေလို့ မရတော့ဘူး။ ဗုံးတွေ ကြဲတယ်။ ရန်ကုန်ကို ဗုံးကြဲတဲ့နေ့မှာပဲ ကျွန်တော်တို့ ရန်ကုန်က ထွက်ပြေးကြတယ်။ ရန်ကုန်ကနေ ပြည်ကို ပြေးတယ်။ ပြည်ကို ကျွန်တော်တို့ ရထား မရဘူး။ မော်တော်ကားနဲ့ သွားရတယ်။ လမ်းမှာ ကားပျက်တော့ ကျွန်တော်တို့ ခြေကျင်သွားရတယ်။ အပါးပါး လမ်းမှာ လူတွေ ဖွေးနေတာပဲ။
ကျွန်တော်တို့လို အိန္ဒိယကို ပြန်မယ့် အိန္ဒိယ အမျိုးသားတွေ ပြည်က နေပြီး တဖက်ကမ်းကို ကူးတယ်။ ပြီးတော့ တောင်ကုတ်ကို သွားတယ်။ လမ်းမှာ ကျွန်တော်တို့တတွေ သိပ်ငတ်တာပဲ။ တချို့လည်း ကာလဝမ်းဖြစ်ပြီး လမ်းမှာ သေတယ်။ လမ်းဘေးမှာ လူသေအလောင်းတွေ ပုပ်စော်နံနေတာပဲ။ ရိုးမတောင်ကို ကျော်တော့ ကျွန်တော့်အမေရော ကျွန်တော့်သားလေးရော ဝမ်းရောဂါဖြစ်ပြီး သေသွားကြတယ်။ သူတို့အလောင်းတွေကိုလည်း ဒီအတိုင်း လမ်းဘေးမှာ ထားပစ်ခဲ့ရတာပဲ။
ကျွန်တော်တို့ တောင်ကုတ်ကနေပြီး ရခိုင်ပြည်နယ်ကို သွားတယ်။ အဲဒီကနေမှ ဘင်္ဂလားကို သွားတယ်။ ဟိုရောက်တော့ ကာလကတ္တားမှာ ခဏ နေတယ်။ ဒါပေမဲ့ ကာလကတ္တားမှာ စားစရာ မရှိဘူး။ တောကို သွားနေရတယ်။ တောရောက်တော့လည်း ငတ်တာပဲ။ အဲဒီတုန်းက အိန္ဒိယမှာ ငတ်လို့သေတဲ့သူတွေ အများကြီးပဲ။
အိန္ဒိယမှာ နေတုန်း ကျွန်တော် အလုပ်မျိုးစုံ လုပ်ဖူးတယ်။ လက်သမား လုပ်ဖူးတယ်။ ချာပရာစီလည်း လုပ်ဖူးတယ်။ ထမင်းဆိုင်မှာလည်း စားပွဲထိုး လုပ်ဖူးတယ်။ ဂျာဒူးလည်း လုပ်ဖူးတယ်။ စစ်အတွင်း ဘင်္ဂလားမှာ သုံးနှစ် ကြာတယ်။
စစ်ပြီးတော့ ကျွန်တော် မြန်မာပြည် ပြန်လာတယ်။ မြန်မာပြည်ဟာ ကိုယ့်တိုင်းပြည်လို ဖြစ်နေပြီလေ။ မြန်မာပြည်မှာ စားစရာ ပေါတယ်။ အလုပ် ပေါတယ်
။ ပိုက်ဆံ ရှာလို့ ကောင်းတယ်။ ဒါ့ကြောင့် ကျွန်တော် မြန်မာပြည်ကို မပြန်ဘဲ မနေနိုင်ဘူး။
ရန်ကုန်ကို ပြန်တော့ အင်္ဂလိပ်အစိုးရက သင်္ဘောနဲ့ ပို့ပေးတယ်။ ကျွန်တော်တို့လည်း သင်္ဘောလမ်း ဖွင့်ဖွင့်ချင်း ရန်ကုန်ကို ပြန်လာတာပဲ။
ရန်ကုန် ပြန်ရောက်တော့ ကျွန်တော်တို့အိမ်နေရာတွေ မရှိတော့ဘူး။ ဗုံးချလို့ တိုက်တွေ ပြိုလဲနေပြီ။ ကျွန်တော်တို့နေတဲ့ ဘင်္ဂါလီစုမှာလည်း အိမ်တွေ ကောင်းကောင်း မရှိတော့ဘူး။ ကျွန်တော်တို့ အဲဒီမှာပဲ တဲထိုးနေကြတယ်။
ရန်ကုန်ပြန်ရောက်တော့ အလုပ်မရှိဘူး။ ဒီတော့ ကျွန်တော် ဂေါ်ရာကုန်းမှာ ရှိတဲ့ အင်္ဂလိပ်စစ်တပ်မှာ သွားပြီး အလုပ်လုပ်တယ်။ ဂျာဒူးဝါလားပဲ။ အင်္ဂလိပ်စစ်ဗိုလ် ရှိတယ်။ သူက ကျွန်တော့်ကို စားပွဲထိုး လုပ်ခိုင်းတဲ့အခါ လုပ်ခိုင်းတယ်။ သူ့ဆီက လခ ကောင်းကောင်း ရတယ်။ ရာရှင် ရတယ်။ ငါးသေတ္တာတို့၊ ချိစ်ဘူးတို့၊ စီးကရက်ဘူးတို့၊ အသားဘူးတို့ ရတယ်။ ကျွန်တော်တို့ဟိန္ဒူက ဒါမျိုးတွေ စားမှမစားဘဲ၊ ဒီတော့ ကျွန်တော် ပြန်ရောင်းတယ်။ ကျွန်တော်ကတော့ ပဲဟင်းနဲ့ ဘာဂျီ ကိုပဲ စားတယ်။
အင်္ဂလိပ်တွေ ပြန်တော့ ကျွန်တော် အလုပ်မရှိဘူး။ ကျွန်တော့်အင်္ဂလိပ်စစ်ဗိုလ်အိမ်မှာ ကျန်ခဲ့တဲ့ စာအုပ်တွေ အများကြီး ရှိတယ်။ အင်္ဂလိပ်စာအုပ်တွေ။ စာအုပ်ကလေးတွေနဲ့ ကျွန်တော် စကော့မားကတ်ရှေ့မှာ စာအုပ်ရောင်းတယ်။
အဲဒီနောက် ၂၇ လမ်းက စက္ကူသူဌေး ရှိတယ်။ သူ့ဆီမှာ သွားအလုပ်လုပ်တယ်။ စက္ကူသူဌေးက ကျွန်တော့်ကို သတင်းစာတို့၊ ပုလင်းတို့ လိုက်အဝယ်ခိုင်းတယ်။ ကျွန်တော် ရန်ကုန်တမြို့လုံးကို ခြေကျင်လျှောက်ပြီး စက္ကူဝယ်တယ်။ ပုလင်းတွေ ဝယ်တယ်။ ဒီနေ့ ပုဇွန်တောင်ကို သွားတယ်။ နောက်တနေ့ သင်္ဃန်းကျွန်းကို သွားတယ်။ နောက်တနေ့မှာ ကုက္ကိုင်းကို သွားတယ်။ နောက်တနေ့မှာ စမ်းချောင်းကို သွားတယ်။ ဒီလိုပဲ ရန်ကုန်တမြို့လုံးကို လျှောက်သွားပြီး စက္ကူတို့၊ ပုလင်းတို့ ကျွန်တော် လိုက်ဝယ်တယ်။
ခုဆိုရင်တော့ ကျွန်တော် စက္ကူတို့၊ ပုလင်းတို့ကို ဝယ်တာ အနှစ်လေးဆယ် ကျော်ပြီ။ အနှစ်လေးဆယ်လုံးလုံး ကျွန်တော် စက္ကူနဲ့ ပုလင်းကိုပဲ လိုက်ဝယ်နေတာပဲ။ တခါတလေမှာ အင်္ဂလိပ်စာအုပ် ကောင်းကောင်းတွေ ပါတယ်။ ကျွန်တော် ပိဿာချိန်နဲ့ ရောင်းတယ်။ ဘာစာအုပ်တွေမှန်း ကျွန်တော် ဘယ်သိမလဲ။ တနေ့တော့ ကျွန်တော့် ဂုန်နီအိတ်ထဲမှာ စာအုပ်ထူထူကြီး လေး ငါးအုပ် ပါလာတယ်။ ကုက္ကိုင်းဘက်က အိမ်တအိမ်က ဝယ်လာတာ။ ပိဿာချိန်နဲ့ ဝယ်လာတာ။
၂၇ လမ်းမှာ ကျွန်တော် စက္ကူတွေကို ချိန်ပြီး သွင်းနေတုန်း လူကြီးတယောက် ရောက်လာပြီး အဲဒီ စာအုပ်ကြီးတွေကို ငွေတရာနဲ့ ဝယ်သွားတယ်။ အားပါး အများကြီးပါလား။ ပိဿာ ဘယ်လောက်ရှိမှာလဲ။ သုံးလေးပိဿာပဲရှိမှာပေါ့။ အဲဒီခေတ်က စက္ကူတပိဿာမှ တမတ်လောက်ပဲ ရှိတယ်။ ကျွန်တော်က အဲဒီစာအုပ်အားလုံးကို တကျပ်နဲ့ ဝယ်လာတာ။ လေးပိဿာလောက် ရှိမှာပေါ့။ အဲဒီ တကျပ်နဲ့ ပေးဝယ်ခဲ့ရတဲ့ စာအုပ်ကြီးတွေကို လူကြီးက ငွေတရာ ပေးပြီး ဝယ်သွားတယ်။ ကျွန်တော့်တသက်မှာ ဒါမျိုး တခါမှ မတွေ့ဖူးဘူး။
ဒီတင် ကျွန်တော် နောက်ကျတော့ အင်္ဂလိပ်စာအုပ်တွေကို လိုက်ဝယ်တယ်။ အများကြီး ပိုက်ဆံရတာပဲ။ ကိုယ်က ဝယ်တုန်းက ပိဿာချိန်နဲ့ ဝယ်ပြီး ပြန်ရောင်းတော့ အမြတ်တွေ အများကြီးရတယ်။ နောက်တော့ ကျွန်တော် မြေနီကုန်းမှာ အခန်းကလေး တခန်း ငှားပြီး ရသမျှ စက္ကူတွေ၊ ပုလင်းတွေကို အဲဒီအိမ်ကလေးထဲမှာ လှောင်ထားတယ်။ ချက်ချင်း မရောင်းဘူး။ စာအုပ်တွေဆိုရင် ကျွန်တော် သိမ်းထားတယ်။
နောက်ပိုင်းမှာ ကောင်လေးတွေ ကျွန်တော့်စက္ကူဆိုင်ကို မကြာခဏ လာဝယ်တယ်။ သူတို့က စာအုပ်အကြောင်း ကောင်းကောင်း သိတယ်လေ။ စာဖတ်တယ်လေ။ ဒီတော့ သူတို့က ကျွန်တော့်ဆီက ဈေးချိုချိုနဲ့ ဝယ်ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းတယ်။
ဒီလိုနဲ့ ကျွန်တော် စက္ကူကုန်သည် ဖြစ်လာတယ်။ နောက်ပိုင်းမှာ ၂၇ လမ်းမှာ အခန်းကလေး တခန်း ငှားတယ်။ တခြား ကုလားတွေကိုလည်း ကျွန်တော်က အရင်းအနှီး ထုတ်ပေးပြီး မြို့ထဲမှာ စက္ကူ အဝယ်ခိုင်းတယ်။ ပုလင်းအခွံ အဝယ်ခိုင်းတယ်။ ညနေဆိုရင် ကျွန်တော့်ဆိုင်ကို လာပြီး သွင်းကြတယ်။
ကျွန်တော် အသက်ကြီးပြီလေ။ တမြို့လုံးကို လျှောက်မသွားနိုင်တော့ဘူး။ ၂၇ လမ်းမှာ ကျွန်တော့် သားကို အထိုင်ခိုင်းတယ်။ ကျွန်တော်က မြေနီကုန်းမှာ ထိုင်တယ်။ မြေနီကုန်းတဝိုက်ကိုတော့ ကျွန်တော်ကိုယ်တိုင် သွားတယ်။ ဒီနားမှာ ဆိုတော့ နီးတယ်လေ။ ဒီနားတဝိုက်မှာပဲ ကျွန်တော်ကိုယ်တိုင် ဝယ်တယ်။ တခြား နေရာတွေကိုတော့ တခြား ကောင်လေးတွေကို အကောက်ခိုင်းပြီး မြေနီကုန်းမှာ ဖြစ်ဖြစ်၊ ၂၇လမ်းမှာ ဖြစ်ဖြစ် အသွင်းခိုင်းတယ်။
ခု ကျွန်တော့်အသက်လား ခုနစ်ဆယ့်ခြောက်နှစ် ကျော်ပြီ။ ဒါပေမဲ့ ကျွန်တော် ကျန်းမာနေသေးတယ်လေ။ ဒီနားတဝိုက်ကိုတော့ ခြေကျင်လျှောက်ပြီး စက္ကူဝယ်နိုင်ပါသေးတယ်။ ကျွန်တော် ဒီအတိုင်း ထိုင်မနေတတ်ဘူး။ ဒီအတိုင်း ထိုင်နေရင် နေမကောင်းဘူး။ ကျွန်တော့်မှာ ဒူလာရောဂါ ရှိတယ်။ ခြေထောက်နာတယ်။ လမ်းလျှောက်နေရင် ကျွန်တော် နေလို့ထိုင်လို့ ကောင်းတယ်။ ခြေထောက် မနာဘူး။
ကျွန်တော့်မိန်းမကတော့ ဆုံးသွားပြီ။ ဆယ်နှစ်လောက် ရှိပြီ။ သူ မရှိတော့ ကျွန်တော့်ဘာသာ ချက်စားတယ်။ ကျွန်တော့်မှာ သားသမီးတွေ ရှိတယ်။ သူတို့က သူတို့အိမ်ထောင်နဲ့ သူတို့။ ကျွန်တော့်မှာ ဟိုတုန်းကတော့ သမီးက မွေးတဲ့ မြေးကလေးတယောက် ရှိတယ်။ ဒီကောင်လေးကို ကျွန်တော် မွေးခဲ့တယ်။ သမီး ဆုံးသွားတော့ သူ့ယောက်ျားကလည်း နောက်မိန်းမ ယူသွားပြီ။ အရင်တုန်းကတော့ ကျွန်တော့်မြေးကလေးနဲ့ ကျွန်တော် အတူနေတယ်။ သူ့ကို ကျွန်တော် ကျောင်းထားပေးတယ်။ သူက ဆေးကျောင်း ရှိတယ် မဟုတ်လား၊ ဆေးကောလိပ်လေ။ ဆေးကောလိပ်ကို တက်ပြီး ဆရာဝန် ဖြစ်သွားတယ်။ ခု ကျန်းမာရေးဌာနမှာ အမှုထမ်းနေတယ်။ သူက ကျွန်တော့်ကို သူ့အိမ် လာနေဖို့ ခေါ်တယ်။ သူ့မိန်းမကလည်း ဆရာဝန်ပဲ။
ဒါပေမဲ့ ကျွန်တော် သူတို့နဲ့ မနေချင်ဘူးလေ။ သူတို့က သူတို့နဲ့ နေရင် စက္ကူတို့၊ ပုလင်းတို့ လိုက်မဝယ်ရဘူးတဲ့။ ကောင်းကောင်း နေရမယ်တဲ့။ ကျွန်တော် ကောင်းကောင်းနေတာပဲ။ သူတို့ပြောသလို ဘာမှ မလုပ်ဘဲ မနေနိုင်ဘူး။ ဒီတော့ ကျွန်တော့်ဘာသာပဲ ကျွန်တော် မြေနီကုန်းမှာ နေတယ်။ သူတို့အိမ်ကို ကျွန်တော် သိပ်မသွားဘူး။ သူတို့က ဆရာဝန် ဆိုတော့ သူတို့ ရှက်ချင် ရှက်မယ်လေ။ ဒါကြောင့် သူတို့ဆီကို မသွားတာ။ သူတို့ကတော့ ဘာမှမပြောပါဘူး။ စက္ကူမရောင်းနဲ့၊ သူတို့ ကျွေးထားမယ်လို့ ပြောပါတယ်။
ကိစ္စမရှိဘူးလေ။ ကျွန်တော် တသက်လုံး လုပ်လာတဲ့ အလုပ်ကို ဘယ်စွန့်လွှတ်နိုင်မလဲ။ သတင်းစာ စက္ကူပုံကြီးကို မြင်နေရရင် ကျွန်တော် ထမင်းစားလို့ ကောင်းတယ်။ အိပ်လို့ ပျော်တယ်။ စက္ကူပုံကြီး မရှိရင် ကျွန်တော့်စိတ်ထဲမှာ တမျိုးကြီးပဲ။ စိတ်မကောင်းဘူး။ ကျွန်တော့်မိန်းမ မရှိတော့တဲ့နောက် စက္ကူပုံကြီးဟာ ကျွန်တော့်အဖော်ပဲ။
ဆရာ အားရင် ကျွန်တော့်အိမ်ကို လိုက်ကြည့်ပါလား။ စက္ကူပုံကြီးက တခန်း အပြည့်။ စာအုပ်ဟောင်းတွေလည်း အများကြီး ရှိတယ်။ ဘာစာအုပ်တွေ ဖြစ်မှန်းတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ စက္ကူတွေ မြင်နေရရင် ကျွန်တော် ပျော်တယ်။
---
#မြသန်းတင့်
#သတင်းစာစက္ကူတွေဝယ်တယ်
#shared_by_louis_augustine
Comments
Post a Comment