နောက်ကွယ်ရင်ရိပ် // စံပယ်ဖြူနု

နောက်ကွယ်ရင်ရိပ် // စံပယ်ဖြူနု

(ကလျာမဂ္ဂဇင်း၊ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ)

---

ထွက်ပြေးချင်လိုက်တာ...။ ဘယ်ကို ထွက်ပြေးရမလဲကွယ်။ ကမ္ဘာကြီးကပဲ ကျဉ်းလေသလား။ နုမေရဲ့ လောကကပဲအကန့်အသတ်များလေသလား။ လောလောဆယ်တော့ စိတ်ထဲရှိသမျှ လွတ်လွတ်လပ်လပ် ပြောပြနိုင်တာဟာ ထွက်ပြေးချင်တယ်ဆိုတဲ့ စကားလုံးတခုပါပဲ။

ဒါပေမယ့် ဒီစကားကိုတောင် နုမေ ဘယ်သူ့ကိုမှ ပြောရဲတာမဟုတ်ဘူး။ ကြားသာရုံ တယောက်တည်း ပြောကြည့်ရင်တောင် ကိုယ့်ဘာသာ ပြန်ထိတ်လန့်လို့။ ပတ်၀န်းကျင်က ကြားရင်တော့အံ့အားသင့်ကြမယ်။ နုမေဟာ နှလုံးသားတောင် မရှိသူလို့လည်း ထင်ကောင်း ထင်ကြလိမ့်မယ်။ ဒါပေမယ့် ထွက်ပြေးချင်တာတော့ ဘယ်လိုလုပ်ရမလဲ။
    
အိမ်ထဲမှာ ရှိနေရင်ပဲ ဖြစ်ဖြစ် အပြင်မှာရှိနေတာပဲ ဖြစ်ဖြစ် နုမေဟာ လေထဲမှာ လွင့်မျောနေတဲ့ ဝါဂွမ်းတစလိုပဲ။ စိတ်နဲ့ကိုယ်နဲ့ဟာ ကပ်မှ ကပ်ရဲ့လားမသိ။ အသိမိတ်ဆွေတွေ့ရင်တော့ ပြုံးပြတတ်ပါတယ်။ ဒါကတော့ ဦးနှောက်က နှုတ်ခမ်းကို အမိန့်ပေးတာသက်သက်ပဲ။ စိတ်ထဲမှာတော့ ပြုံးဖို့ကိုတောင် စိတ်မသက်မသာရှိလှပါရဲ့။

အကြောင်းသိသူတချို့တလေတော့ နုမေကို တွေ့ရင်ဘယ်လိုများ တွေးကြလေမလဲ။ သိပ်သနားစရာကောင်းတဲ့ မိန်းမလား၊ ဒါမှမဟုတ် သိပ်ညံ့တဲ့ မိန်းမလား။ ဘယ်လိုပဲ သတ်မှတ်ကြစေဦးတော့ အချိန်တန်တော့လည်း နုမေတယောက်သာ အရှိတရားကို ရင်ဆိုင်ရတာပဲ။ ပတ်၀န်းကျင်ဆိုတာ မှတ်ချက်တွေ၊ ဝေဖန်စကားတွေ ပြောတာလောက်ပဲ တာ၀န်ရှိကြတယ်။ သူတို့သနားတယ်ဆိုတာဟာ တကယ်တော့ နုမေကို စိတ်သက်သာရာရစေမယ့်အစား ပိုပြီးတော့တောင် ၀န်လေးပင်ပန်းစေတယ်။  

“ကလေး မျက်နှာကို ကြည့်ဦး” လို့ မေမေ တီးတိုးဆုံးမတုန်းကတော့ နုမေက ပြုံးနေခဲ့တယ်။ 
    
လောကကို ဘာမှမသိတတ်သေးတဲ့ သမီးလေးရဲ့ မျက်နှာကို နုမေ မကြည့်ရဲတာ၊ မကြည့်ရက်တာ မေမေ မသိဘူးနော်။ သမီးလေး ပြုံးလိုက်ရင် ရင်နာလိုက်တာ။ လောကကို ခုမှ စူးစမ်းတုန်း။ မျက်လုံးလေးတွေက ကြည်လဲ့လို့။ အပြစ်ကင်းလှတဲ့ မျက်နှာလေးကို နုမေမှာ ရင်မဆိုင်ရဲသလိုဖြစ်ရတယ်။ တကယ်တော့ နုမေမှာ ဘာအပြစ်မှမရှိပါပဲ။ အပြစ်ရှိတယ်ဆိုရင်တောင် သမီးလေးကို လောကထဲ ခေါ်မိတဲ့ အပြစ်တခုပဲ ရှိပါတယ်။   

သမီးလေးကို နမ်းရှိုက်မိရင်တော့ နုမေအဖို့ လောကကို ခဏမေ့လျော့သလိုပဲ။ သမီးပါးပြင်က နူးညံ့တဲ့အထိအတွေ့လေး၊ သမီးရယ်သံလေးဟာ ရင်ကို တခဏတော့ ကြည်နူးနှစ်သိမ့်စေတယ်။ နုမေရဲ့ တခုတည်းသော ထွက်ပေါက်ကလေး။ 

ဘယ်လိုပဲ စွန့်ခွာထွက်ပြေးချင်တယ်ဆိုဦးတော့ နှလုံးသည်းပွတ်တခုလို၊ ကြိုးတချောင်းလို နှောင်ငင်ထားတဲ့ ဒီမျက်နှာလေးက နုမေကို တုံ့ဆိုင်းစေတယ်။ ခြေလှမ်းတွေကို တွန့်ဆုတ်စေတယ်။ မာနကို မေ့လျော့စေတယ်။ နောက်ဆုံးတော့ စိတ်နှလုံးနာကျင်လွန်းတဲ့အခါ တယောက်တည်း ငိုချဖို့ ကြိုးစားဖူးသေးတယ်။ ဒါပေမယ့် မျက်ရည်တပေါက်မှ မကျတတ်တော့တာ အံ့သြစရာ။ နုမေ မငိုတတ်တော့ဘူးလား။ 
    
ဒါပေမယ့် မဟုတ်သေးဘူး။ နုမေလည်းလူပဲ၊ စိတ်နှလုံးနူးညံ့တဲ့ မိန်းမသားပဲ။ ငိုတတ်သေးတာပေါ့။ ငိုခဲ့ဖူးတာပေါ့။ 

လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းကတော့ သံသယ မီးပွားတခု လွင့်စင်ကျလာတဲ့အခါ နုမေ ငိုခဲ့ရတယ်။

---

အဲဒီနေ့က နုမေရဲ့ မွေးနေ့။ အရင်က မွေးနေ့ရယ် ဘာရယ် သိသိမှတ်မှတ်မရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ အသက် ၃၀ ပြည့်တာမို့ ဘာရယ်မဟုတ်ဘဲ မှတ်တိုင်တခုလို သဘောထားချင်တယ်။ အထိမ်းအမှတ်တခုခုပေါ့လေ။ ဘယ်သူနဲ့ ဘယ်ဝါနဲ့ရယ်မဟုတ်ဘဲ သမီးရယ်၊ မောင်ရယ်ပါတဲ့ ညစာစားပွဲလေးဖြစ်ဖြစ် လုပ်ချင်ခဲ့တာပါ။

ဒါပေမယ့် မောင့်ကိုတော့ ကြိုမပြောခဲ့ဘူး။ 

အဲဒီနေ့က အိမ်မှာ မောင်ကြိုက်တတ်တဲ့ ဟင်းလျာတွေကို နုမေကိုယ်တိုင် စီစဉ်တယ်။ ညစာကို ဖွယ်ဖွယ်ရာရာလို့ ဆိုရအောင် အသေးစိတ်စီစဉ်ထားတယ်။ တအိမ်လုံးလည်း အလှဆင်၊ သန့်ရှင်းရေးတွေလုပ်လို့။ 

နှင်းဆီပန်းအနီလေးတွေတောင် အခန်းထောင့်က စားပွဲပေါ်မှာ ပန်းအိုးရှည်နဲ့ အလှဆင်လိုက်သေးတယ်။ ညနေရဲ့ နှုတ်ဆက်နေခြည်က အဲဒီပန်းအိုးကလေးပေါ် ဖြာကျနေတာကို ကဗျာဆန်တယ်ထင်လို့။ ဧည့်ခန်းထဲ နုမေ ပြင်ဆင်ထားသမျှကို သမီးလေးက လက်တပြင်ပြင်နဲ့မို့ တဟဲ့ဟဲ့လုပ်ခဲ့ရသေးတာကိုလည်း ခုထိမှတ်မိနေတယ်။

နာရီကို အဲဒီနေ့ကလောက် ဘယ်တုန်းကမှ မကြည့်ခဲ့ဖူးဘူးထင်ပါရဲ့။ ညနေ ၅ နာရီခွဲပြီဆိုကတည်းက နာရီကို သတိရတိုင်း ကြည့်နေခဲ့တာ။ တမိနစ်ကို တကြိမ်တောင် ကြည့်ခဲ့မိသလားမဆိုနိုင်ဘူး။
    
အဲဒီနာရီလေးရဲ့ လက်တံ တရွေ့ရွေ့သွားနေတာနဲ့အမျှ နုမေ ရင်ခုန်နေတယ်။ မောင်က နုမေ မွေးနေ့ကို မေ့နေမှာပဲ။ ယောက်ျားတွေဟာ ဘယ်တော့မှ အမှတ်မထားတတ်ကြဘူးလားမသိ။ အမေနဲ့အဖေမှာလည်း အမေကသာ နုမေမွေးနေ့ကို မှတ်မိတတ်တယ်။ မောင်လေးဆိုလည်း ဝေလာဝေး။ ဇူလိုင်လလို့မှတ်မိတာတောင် ကျေးဇူးတင်ရတယ်။ အဲ...နုမေရဲ့မောင်ကတော့ ဇူလိုင်ဆိုတာတောင် မှတ်မိမယ်မထင်ဘူး။ 

မင်္ဂလာသက်တမ်း လေးနှစ်ပြည့်တဲ့နေ့တုန်းကလည်း ဒီလိုပဲ ညစာစားပွဲလေး နုမေ လုပ်ခဲ့သေးတယ်။ မောင်က ပြန်လာတော့ အံ့သြနေလိုက်တာ။ ဧည့်ခန်းတခုလုံး လင်းကျင်းလှပလို့။ စားသောက်ဖွယ်ရာတွေကလည်း ထမင်းစားခန်းမှာ စုံစုံလင်လင်။ မောင်က ပြုံးပြုံးရွှင်ရွှင်နဲ့။ ပြီးတော့ ဇဝေဇ၀ါအမူအရာနဲ့။ ဒီနေ့ဘာနေ့လဲလို့ နုမေ မေးတော့ ရယ်တယ်။

“သောကြာနေ့ဆိုတာကလွဲပြီး မောင် ဘာမှမမှတ်မိဘူးကွာ။ စိတ်လည်းမဆိုးနဲ့ဦး” လို့ဖြေတော့ နုမေမှာ ၀မ်းနည်းစိတ်ကတဖက်၊ ဒေါသစိတ်က တဖက်။ 
    
ဒါပေမယ့်လည်း ဒါက သူတို့သဘာ၀ပဲလေလို့ ဖော့တွေးလိုက်တော့ စိတ်ချမ်းသာသားပဲ။ မောင်က နုမေ မျက်နှာ ကြည်လင်လာအောင် သမီးလေးနဲ့ လှည့်ပတ်ချော့မော့ခဲ့တာလည်း ပါတာပေါ့။ ထားပါတော့။ အဲဒီနေ့ကိုတော့ နုမေ မေ့ထားခဲ့ပါပြီ။   

ခုကတော့ မွေးနေ့မဟုတ်လား။ မောင်မှတ်မိလိမ့်မယ်လို့ နုမေ မမျှော်လင့်ခဲ့ပါဘူး။ တခုခုလုပ်ချင်ရင် ကြိုတင်အသိမပေးဘဲ လုပ်တတ်တဲ့ ဓလေ့အတိုင်းသာ လုပ်လိုက်ရတာ။ ပြီးတော့ မောင်က မမှတ်မိသည်ပဲဖြစ်စေ ညနေ ပြန်နေကျအချိန်ရောက်လာမှာပေါ့။ ဒီတော့လည်း မြင်တာနဲ့ အထိမ်းအမှတ်နေ့တခုဆိုတာ မှန်းဆမိလိမ့်မယ်။ တွေးတတ်ရင်တော့ နုမေ မွေးနေ့ဆိုတာ တန်းသိလိမ့်မယ်။ ရယ်သံတွေနဲ့ အသက်၀င်နေမယ့် ဧည့်ခန်းလေး၊ ထမင်းစားခန်းလေးကို မြင်ယောင်ရင်း နုမေက တေးသီချင်း တညည်းညည်းနဲ့။

ပြန်မတွေးချင်ရင်တောင် တခါတလေ အတွေးရောက်မိတိုင်း အဲဒီ ညနေခင်းက မြင်ကွင်းတွေကို နုမေ ပြန်မြင်ယောင်နေတုန်းပဲ။ 
    
ဧည့်ခန်းမှာ သမီးလေးကို အဖော်ပြုရင်း နာရီကို မကြာခဏ မော့ကြည့်နေခဲ့တာ၊ တိုက်ခန်း လှေကားထစ်တွေပေါ် နင်းတက်လာတဲ့ ခြေသံတိုင်းကို နားစွင့်နေတာ၊ တံခါးခေါက်သံကို စောင့်နေခဲ့တာ။ တခုချင်းကို အသေးစိတ်မှတ်မိနေတယ်။ မောင် ပြန်ရောက်လာတဲ့အချိန်မှာ စားသောက်ဖွယ်ရာတွေ အကုန်အေးစက်လို့နေတာကိုလည်း မမေ့ဘူး။    

အဲဒီညက တွေ့ရတဲ့ မောင့်အပြုံးဟာ အပြစ်ရှိသူတွေ ပြုံးတတ်တဲ့အပြုံးများလား။ မောင်က လိမ်ညာတဲ့ အဖြေတခုပေးလိမ့်မယ်လို့ နုမေထင်ခဲ့ပေမယ့် မောင်မလိမ်ခဲ့ဘူး။ ညစာ စားဖို့ ဖိတ်ခေါ်လို့ နောက်ကျရတယ် ဆိုပါလားကွယ်။ အဲဒီစကားကို ပြောပြနေတုန်း မောင့် မျက်နှာကို နုမေ ငေးနေမိတာ အသက်တောင်ရှူမိရဲ့လားမသိ။  
    
လူတွေဟာ ကြည်နူးစရာနဲ့ဒဏ်ရာ ဘာကို ပိုပြီး မှတ်မိတတ်ကြပါသလဲ။ နုမေကတော့ ဒဏ်ရာကို ပိုလို့အမှတ်ရတတ်တယ်။ စိတ်နှလုံးထဲမှာ အမြစ်တွယ်တဲ့အထိ ဒဏ်ရာကို သိမ်းထားတတ်တယ်။ 

အဲဒီနေ့ကလည်း ဒဏ်ရာကို နုမေ သိမ်းထားလိုက်တယ်။ မောင့်ကွယ်ရာမှာ တိတ်တဆိတ်ကျမိတဲ့ မျက်ရည်တွေကိုလည်း သိမ်းထားလိုက်ရတယ်။ တကယ်တော့ နုမေရဲ့ ကြည်နူးရှင်သန်ရတဲ့ ဘ၀ တစစ ညိုးလျော်တော့မယ်ဆိုတာ ခုမှ ရိပ်မိရတာလည်း မဟုတ်ဘူး။

---
    
မကြာသေးဘူး၊ မကြာသေးဘူးလေ။
    
ဒီနှစ်နွေဦးရဲ့ တခုသောညတုန်းကလည်း မောင် နုမေကို ကြိုမပြောဘဲ အိမ်အပြန်နောက်ကျခဲ့တယ်။ ပုံမှန်တော့နောက်ကျမယ်ဆို ကြိုပြောနေကျမဟုတ်လား။ ညနေ ပြန်နေကျအချိန် ပြန်ရောက်မလာတော့ နုမေ ဘယ်လောက်မျှော်ခဲ့ရသလဲ။ သမီးကိုသာ ထမင်းခွံ့ပြီး ကိုယ်ကတော့ ထမင်းမစားဘဲ စောင့်နေခဲ့တာ။ 

တဖြည်းဖြည်း အမှောင်ဦးက ရောက်လာပါရော။ ပတ်၀န်းကျင်မှာ လမ်းမီးတွေလည်း လင်းကျင်းပြီ။ ညချမ်းကလည်း အသက်၀င်စပြုလာပြီ။ ဒါပေမယ့် မောင်က ပြန်မရောက်သေးဘူးလေ။
    
ရောက်မယ့်ရောက်တော့လည်း ည ၉ နာရီကျော်ခဲ့ပြီ။ သမီးတောင် အိပ်နေပြီ။ 
    
အဲဒီညက မောင့်ကို တံခါး၀မှာ တွေ့လိုက်ရတုန်းက စိတ်ထင့်သွားခဲ့ရတာကို အခုထိ မှတ်မိနေတုန်းပါပဲ။ ဘယ်လို ခံစားမှုမျိုးရယ်တော့ မပြောတတ်ဘူး။ 

မောင့်ပုံစံဟာ ဟိုတကြိမ် ဖျားပြီး ပြန်ပျောက်စတုန်းကလိုပဲ။ အားမရှိတော့သလိုပဲ။ တခုခုကို မှီပြီး ယိုင်ချလိုက်တော့မလိုပဲ။ နုမေကို ကြည့်နေတဲ့အကြည့်ကတမျိုးပဲ။ အကဲခတ်ဖို့ ပြင်တုန်းမှာပဲ မောင့်မျက်နှာမှာ အပြုံးက ဖျတ်ခနဲထင်လာတယ်။ စောစောက အမူအရာပျောက်ပြီး အိမ်ကို ပေါ့ပေါ့ပါးပါး ပြန်ရောက်လာတဲ့ အိမ်ထောင်ဦးစီးဟန်သာ ရှိတော့တယ်။ 
    
ထမင်းပွဲပြင်လိုက်မယ်ဆိုတော့ မောင်က မစားတော့ဘူးတဲ့။ ဒါနဲ့ နုမေ တယောက်တည်း ညစာ စားရတော့တာပဲ။ ထမင်းအတူစားဖို့စောင့်နေရာက ထမင်းစား နောက်ကျရတဲ့ နုမေကို မောင်က အားနာစကား တခွန်း ဆိုဖော်မရဘူး။ တကယ်တော့ မောင် ဘာကိုမှ စိတ်မ၀င်စားနိုင်သလို ဖြစ်နေတယ်ဆိုတာ အဲဒီတုန်းကတော့ နုမေ မသိခဲ့ဘူးပေါ့လေ။

“ဒီနေ့ ကြိုမပြောဘဲ ထူးထူးခြားခြား အိမ်အပြန် နောက်ကျပါလားမောင်ရယ်၊ ဘယ်ကို သွားနေလို့တုံး” လို့ နုမေက မေးရိုးမေးစဉ် မေးမိတယ်။ 
    
“လေဆိပ်သွားလို့ပါ နုမေရယ်၊ မောင် လှမ်းပြောမလို့ဟာ မပြောမိဘူး”

မောင့်အဖြေစကားကို ကြားတဲ့အချိန်အထိလည်း နုမေက ခပ်အေးအေးပဲ။ ကော်ဖီနှစ်ခွက်ကို ဖျော်စပ်ရင်းက မောင့်ကို တချက်ပဲ လှမ်းကြည့်မိတယ်။ မောင်က ဧည့်ခန်းထဲက ဆိုဖာပေါ် မလှုပ်မယှက်ထိုင်လို့။ ဒီတော့မှ နုမေ မျက်မှောင်ကျုံ့မိတယ်။ ရှေ့က တီဗွီကို ငေးနေတဲ့ မောင့်မျက်လုံးတွေဟာ တကယ့်တကယ်တော့ ဘာကိုမှ မမြင်တော့တဲ့ မျက်လုံးတွေလိုပဲ။ သက်ပြင်းတချက်၊ နှစ်ချက် ရှိုက်လိုက်သလိုပဲ။
    
မောင် ဘာဖြစ်နေသလဲ။  

မောင်မပြောတာကို မစပ်စုဘဲ နေနေကျ နုမေက မေးခွန်းကို ရင်ထဲ မြိုသိပ်ရင်း ကော်ဖီခွက်သာ ကမ်းပေးမိတယ်။ ကော်ဖီခွက်ကို လှမ်းယူတဲ့ မောင့်လက်နဲ့ နုမေ လက်က ထိခတ်တယ်။ ဘုရား...လက်တွေက အေးစက်လို့ပါလားကွယ်။
    
“နုမေ”
    
ကော်ဖီခွက်ကို စားပွဲပေါ်တင်ရင်း မောင်က တီးတိုးခေါ်တယ်။ မောင့်အသံဟာ အဝေးက ပျံ့လွင့်လာသလား။ ဘာကြောင့်မှန်းမသိဘဲ နုမေ ရင်တဒိတ်ဒိတ်ခုန်လာခဲ့တယ်။
    
“သူနဲ့ သူ့အမေ ရန်ကုန်ကို အပြီးပြောင်းလာတယ် သိလား နုမေ။ ကိုယ် ဒီညနေ သူ့ကို သွားကြိုခဲ့တာ”

အဲဒီတခဏမှာ နုမေ လက်ထဲက ခွက်ကလေး လွတ်ကျတော့မလို့ပဲ၊ လူကလည်း ယိုင်နဲ့တော့မလို့ပဲ။ နုမေအဖြစ်က ဘယ်လိုဥပမာပေးရမလဲဆိုတော့ မထင်မှတ်ထားတဲ့ခဏမှာ လက်သီးပုန်းအထိုးခံလိုက်ရသလိုပဲ။
    
နုမေဟာ အသက်မဲ့နေသလို မျက်လုံးတွေနဲ့မောင့်ကို ငေးနေခဲ့တာ အတော်ကြာတယ်။ မောင်ကတော့ နုမေ မျက်လုံးတွေကို ရင်ဆိုင်မကြည့်ဘူး။ ကော်ဖီခွက်ကိုသာ ငေးနေခဲ့တယ်။

---
    
အိပ်မက်ဆန်ဆန်ကာလတွေကို ဘယ်လိုများ ဖြတ်သန်းခဲ့ပါလိမ့်။ ခုနေ ပြန်တွေးတော့လည်း စိတ်နှလုံးပျော့ညံ့တဲ့ သာမန် မိန်းမတယောက်သာဖြစ်တဲ့ နုမေဟာ တိုက်ဆိုင်လာပြန်တော့ စိတ်နှလုံးက ခက်မာသားပါပဲ။ ရက်တွေကို နေ့ရက်တွေကို သွေးအေးအေး ကုန်ဆုံးနိုင်ခဲ့တယ်။ သံသယကို ပိုက်ထားရတာတောင် ခပ်ပြုံးပြုံးပဲ။ မောင်ကတော့ ပြုံးနေတယ်ပဲ ထင်လိမ့်မယ်။ 

အချစ်ဦးကို မမေ့နိုင်တဲ့မောင့်အပေါ် သနားချစ်နဲ့ချစ်မိတာဟာ ခုတော့လည်း ကျိန်စာဖြစ်ခဲ့ပြီ။ မောင့်ကို နုမေက စချစ်ခဲ့သလား။ အင်းလေ...နုမေက စချစ်ခဲ့တယ်ပဲဆိုပါစို့။ မောင်က လက်ကမ်းလာတော့ လက်ပြန်လှမ်းဖို့ တချက်တောင် ၀န်မလေးခဲ့ဘူး။ အချစ်ဟောင်းကို အကြောင်းတိုက်ဆိုင်တိုင်း မောင် တိတ်တခိုး တသတတ်တယ်ဆိုတာ ချစ်သူသက်တမ်း နည်းနည်းရလာတော့ အလိုလို သိလာပါရဲ့။ ဒါပေမယ့် နုမေ နားလည်ပေးခဲ့ပါတယ်။ မောင်က စိတ်ကူးယဉ်တတ်သူ၊ နူးညံ့သူပီပီ အချစ်ကို တန်ဖိုးထားခဲ့သူမဟုတ်လား။ 

မောင်တို့ဟာ အချစ်ဆုံးသူငယ်ချင်းဘ၀ကနေ ချစ်သူဘ၀ ကူးပြောင်းခဲ့သူတွေဆိုတော့ သံယောဇဉ်က ကြိုးနဲ့ချည်နှောင်ထားသလို ခိုင်မာခဲ့လိမ့်မယ်။ မောင့်မိခင်က သဘောမမျှလို့သာ ခွဲခွာကြရတယ်ဆိုတာဟာလည်း ဇာတ်လမ်းပုံပြင်တွေလို သနားစရာအတိမဟုတ်လား။ အကြောင်းတိုက်ဆိုင်ရင် သတိမရဘဲ ဘယ်လိုနေပါ့မလဲ။ တကယ်တော့ ကိုယ့်အနားရှိနေရင်၊ ကိုယ့်လက်ကို မြဲမြဲကိုင်ထားရင် တော်ပါပြီလို့ နုမေက ပိုချစ်တတ်သူပီပီ တွေးခဲ့တယ်။   

ဒီလိုနဲ့ပဲ နုမေဟာ သိပ်နားလည်ပေးတတ်တဲ့ ချစ်သူဘ၀ကနေ သိပ်နားလည်ပေးတတ်တဲ့ ဇနီးသည်ဘ၀ကို ရောက်လာခဲ့ပါတယ်။ 
    
ခုတော့လည်း နုမေရဲ့ နားလည်နိုင်စွမ်းကို မောင်က ယုံကြည်အားကိုးဟန်တူပါရဲ့။ အချစ်ဟောင်းနဲ့ ပြန်ဆုံတာကိုတောင် နုမေကို ဖွင့်ဟပြောပြတယ်။ သူငယ်ချင်းက တယောက်တည်း ဘ၀ကို ရင်ဆိုင်နေရတဲ့အခိုက်မို့ အကူအညီတွေလိုအပ်တဲ့အခါတော့ ကူညီပါရစေတဲ့။ မောင်တို့ ရိုးသားတာကို ယုံပါတဲ့။ နုမေက ခေါင်းသာညိတ်ပြီး ပြုံးပြခဲ့မိတယ်။ နုမေဘက်က လိုက်လျောလွန်းလို့ပဲ မောင်ဟာ ခြေလှမ်းတွေကို တလှမ်းချင်း ရှေ့တိုးလေသလား။    

“သူက သမီးလေးကို တွေ့ဖူးချင်လို့တဲ့” လို့ ပြောတဲ့ တရက်မှာ နုမေရဲ့ မြိုသိပ်တတ်မှု၊ နားလည်မှုတွေဟာ အရည်ပျော်ကျသွားခဲ့တယ်။ ရုတ်တရက် အော်ဟစ်ချင်စိတ်တွေဟာ လည်ချောင်းထဲက အလုအယက်တိုးထွက်လာသလိုပဲ။ နှလုံးသားကို အင်မတန်ကြမ်းမာတဲ့ လက်တစုံနဲ့ ဆုပ်ညစ်လိုက်သလို နာကျင်လှတယ်။ 
    
ဒေါသစိတ်နဲ့ ဆတ်ခနဲလှည့်ကြည့်တော့ မောင်က မျက်နှာပျက်တယ်။   

“နုမေကိုလည်းပဲ တွေ့ချင်တာပါ။ ဒါပေမယ့် နုမေက တွေ့ချင်မယ်မထင်လို့ မောင် ဘာမှမပြောခဲ့ဘူး။ သမီးကိုတော့ တရက်ခေါ်လာမယ်ပြောထားတယ်”
    
“နုမေ သူ့ကို တွေ့ချင်တယ်”

နုမေ ကိုယ့်အသံတောင် ကိုယ်ပြန် ထိတ်လန့်သွားတယ်။ အေးစက်စက်၊ ကြမ်းရှရှ။ လည်ချောင်းကို အနိုင်နိုင်ဖြတ်လာတဲ့အသံလား။ ဒေါသကို မြိုချလိုက်ရလို့ ခုလုလုဖြစ်သွားတဲ့အသံလား။ ဟင့်အင်း...မသိတော့ဘူး။ နုမေ သိတာက မောင့်မျက်နှာကို စေ့စေ့ကြည့်နေတဲ့အခိုက် စဉ်းစားမိတာ တခုတည်းပဲ။ ရှာဖွေမိတာ တခုတည်းပဲ။ 
    
မောင်မျက်လုံးမှာ နုမေအတွက် အရိပ်ကလေးများ ကျန်သေးသလား၊ မကျန်တော့ဘူးလား။ မောင့်စိတ်မှာ နုမေရှိသေးသလား၊ မရှိတော့ဘူးလား။ 
    
မောင့်မျက်နှာမှာ ကြံရခက်တဲ့ အရိပ်ကလေးဖြတ်သွားတော့ နုမေ မျက်နှာလွှဲလိုက်တယ်။ ဒီလောက်ဆို ဒီမေးခွန်းအတွက် အဖြေကို နုမေ စောင့်ဖို့ မလိုတော့ဘူး။ 

သမီးကတော့ ဘာမှ မသိတတ်သေးတဲ့ ပီဘိကလေးငယ်ပီပီ နုမေအပေါ် ကုပ်ကပ်တွယ်တက်လာလို့ ထွေးပိုက်ထားလိုက်ရတယ်။ အဲဒီနေ့က နုမေ ပြန်ပြီး သွေးအေးတည်ငြိမ်သွားတော့တာ သမီးလေးကြောင့်များလားလို့ နောက်မှပြန်တွေးရတယ်။ မောင့်ကို အော်ချင်တာတောင် မအော်မိဘူး။ စကားနာထိုး ရန်စချင်တာတောင် မလုပ်မိဘူး။ မြိုချရပါများတော့လည်း ရင်ဘတ်တခုလုံး အနာတွေနဲ့ တင်းကျပ်ဆို့နင့်လာတယ်။

သမီးလေးကို တင်းတင်းဖက်ရင်း မောင့်ကို ကျောခိုင်းရတယ်။ ဒါကို မောင်က မလျှော့ဘူး။   

“နုမေ သူနဲ့တွေ့ချင်ရင်လည်း တရက် အိမ်အလည်ခေါ်တာပေါ့။ သမီးလေးကိုတော့ ဒီတပတ် ဆန်းဒေး မောင်သွားဖြစ်ရင် ခေါ်သွားလိုက်မယ်နော်” တဲ့။ နုမေ မောင့်ကို လှည့်ကြည့်တယ်။ ပြီးတော့ ကိုယ့်ဘာသာတောင် မသိလိုက်နိုင်ဘဲ ဟက်ဟက်ပက်ပက် ရယ်မိတယ်။ ရယ်သံကတော့ ခြောက်ကပ်ကပ်နိုင်နေမလားပဲ။    

မောင်က နုမေ မျက်လုံးတွေကို ရင်ဆိုင်မကြည့်ရဲသလို မျက်နှာပျက်ပြန်တယ်။ ရယ်သံတွေကိုရော ထိတ်လန့်နေလေမလား။ နုမေ ရယ်တာကို ရပ်လို့မရဘူး။ ထပ်ထပ်လို့ရယ်မိတယ်။ ဒဏ်ရာတွေတော့ သိမ်းထားမိတော့မယ်ဆိုတာ ရယ်ရင်းနဲ့ကိုယ့်ဘာသာသိနေတယ်။ 

သမီးက မျက်လုံးလေးတွေ ဝိုင်းပြီး အမေကို ငေးနေတာ မြင်မှ အရယ်ကိုရပ်လိုက်ရတယ်။  

“သမီးကိုခေါ်သွားစရာမလိုပါဘူး။ မောင့်ကို သူတွေ့နေရတာပဲ။ မောင့်သမီးက မောင်နဲ့ချွတ်စွပ်တူတယ်လို့သာ ပြောပြလိုက်ပါ။ မောင့်မျက်နှာကို သူကြည့်ပါစေပေါ့”

မောင့်မျက်နှာ ပျက်ယွင်းနီရဲသွားတော့ နုမေရဲ့ ဒဏ်ရာက တဆစ်ဆစ်နာလာတယ်။ ကျောခိုင်းခဲ့တဲ့နောက် အခန်းထဲ မောင်ဘယ်လို ကျန်ခဲ့သလဲမသိ။ ၀ရန်တာမှာ သမီးကို ပွေ့ဖက်ချော့မြူရင်းက နုမေ ငိုချင်လာတယ်။ ငိုချလိုက်ရမလား။ အံ့သြစရာကောင်းတာက စိတ်ကို လွှတ်ပေးလိုက်ရင်တောင် မျက်ရည်တစ ကျမယ်မထင်ဘူး။ နုမေရဲ့ မျက်ရည်တွေ ဘယ်ရောက်သွားသလဲ။ 
မျက်ရည်ဆိုတာ ခန်းတတ်တဲ့ အချိန်ရှိသလား။ နုမေ မသိဘူး။

---

ဖုန်းခွက်ကို တင်းတင်းကျပ်ကျပ်ကိုင်ထားရင်းက နုမေ မျက်ရည်ကျချင်နေတယ်။ ဒါပေမယ့် တဖက်က သူငယ်ချင်း စိတ်ပူပင်ရမှာစိုးစိတ်နဲ့ သွေးပူလှုပ်ရှားတာကို ထိန်းရတယ်။ နုမေရဲ့ အသံကို ပေါ့ပေါ့ပါးပါးပါပဲလို့ သူက ထင်မှာပဲ။ 

“အေးဟယ် အဲဒီတယောက် ရန်ကုန်ရောက်နေပြီလေ။ နင်တွေ့တာ သူပေါ့”
    
“ငါတွေ့တာ တခါတည်းဆိုရင် ဒီလို မပြောပါဘူး နုနုရယ်။ ငါက ဒီလိုမျိုး နောက်ကွယ်မှာ ပြောရတာကို မကြိုက်ဘူးဟယ်။ ဒါပေမယ့် အခုက ပြောဖို့လိုသလားလို့လေ။ သူတို့ကို ကြည့်ရတာ ရင်းနှီးနေသလားလို့။ ငါတွေ့တာလည်း သုံးကြိမ်လောက်ရှိပြီ”

သုံးကြိမ်...။ ဖုန်းခွက်ကိုတောင် ယောင်ယမ်းလွှတ်ချလိုက်မိတော့မလိုပဲ။ နှလုံးကလည်း ဒိတ်ကနဲ ဆောင့်ခုန်တယ်။ 

“အဲဒီတယောက်က ခပ်ချောချောဆို။ ငါတော့ ဓာတ်ပုံပဲ မြင်ဖူးတာ”
    
ကိုယ်နဲ့မဆိုင်တဲ့ အကြောင်းအရာတခုပြောသလို နုမေ အသံက ခပ်ပေါ့ပေါ့ပဲလို့ သူငယ်ချင်းက ယုံကြည်နေလောက်ပါရဲ့။ 

“အေး ဟုတ်ပါတယ်။ တော်တော်ချောပါတယ်။ ပထမတခါတုန်းက ဝါဆိုလပြည့်နေ့ဟဲ့။ ရွှေတိဂုံဘုရားမှာတွေ့တာ။ နောက်နှစ်ခေါက်စလုံးကတော့ မြေနီကုန်းက စီးတီးမတ်မှာ။ အဲဒီမှာတော့ ငါ့စိတ်ထဲ တမျိုးပဲ။ သီဟက လှည်းကလေး တွန်းလို့။ အမျိုးသမီးက ပစ္စည်းတွေ လှည်းထဲ ရွေးထည့်လို့။ သူတို့ စျေး၀ယ်နေပုံဟာ ငါ ဘယ်လိုပြောရမလဲဟယ်၊ ရင်းနှီးနွေးထွေးနေတယ်”

ကျောင်းတုန်းကတည်းက ကဗျာတွေ၊ စာတွေ ရေးဖို့ အင်မတန်စိတ်ထက်သန်တဲ့သူမို့လားမသိ။ မြင်ကွင်းကို ပုံဖော်ပြောပြတာများ ခုတောင် နုမေ ရှေ့ရောက်လာသလိုပဲ။
    
၀ါဆိုလပြည့်နေ့က မောင်က မအားဘူးလို့ပြောခဲ့တာကို သတိရတယ်။ နုမေကလည်း အဲဒီနေ့က ဘုရား သွားချင်တယ်လို့ ပြောခဲ့မိသေးတာပဲ။ ခါတိုင်းတော့ အခါကြီးရက်ကြီးဆို နုမေကိုယ်တိုင် လူများလို့ သွားလေ့မရှိဘဲ ကြားရက်သာ သွားတတ်တာ။ အဲဒီနေ့ကတော့ ဘုရားကို သွားဖို့ တိုက်တွန်းမိတယ်။ မောင်က မအားဘူးဆိုတုန်းကလည်း နုမေက ထူးထူးထွေထွေ မတွေးဘူးလေ။ အရင်ကလည်း ဒီလိုပဲအလုပ်သိပ်များတဲ့အခါဆိုရင် နုမေရယ်၊ သမီးရယ်ဟာအမြဲလို နောက်ဆုတ် ပေးရတတ်တာမဟုတ်လား။ နုမေအတွက်တော့ မဆန်းဘူး။ 

အခုလို မသိလိုက်ရခင်အထိ မဆန်းဘူးဆိုရမလားပဲ။ အဲဒီနေ့က ဖုန်းကို ဘယ်လိုချလိုက်မိသလဲ။ ဘာတွေ ဆက်ပြောမိသလဲ နုမေ မမှတ်မိတော့ဘူး။ လူကလည်း ဝါဂွမ်းဆိုင်လို လွင့်မျောနေသလို။ နုမေရဲ့ မှီတွယ်ဖမ်းဆုပ်ရာက ဘာပါလိမ့်။ 
    
နောက်ဆုံးတော့လည်း နုမေဟာ အိပ်နေတဲ့ သမီးလေးရဲ့ဘေးကိုသာ ရောက်ခဲ့ရတယ်။ ပါးပြင်နုနုလေးကို နိုးမှာလည်း စိုးရင်းက ခိုးနမ်းရတယ်။ အဲဒီအခိုက်အတန့်ကလေးကသာ နုမေရဲ့ကယ်တင်ရာဖြစ်မလားပဲ။ 
    
ဒဏ်ရာကတော့ တစစ်စစ်နာနေတုန်းပဲဆိုတာ မျက်လုံးစုံမှိတ်ထားတဲ့၊ သမီးပါးပြင်လေးပေါ် နှာခေါင်းဖျား ဖိကပ်ထားတဲ့အခိုက်မှာတောင် သိနေပါတယ်။

---
    
မေမေ့မျက်နှာကို မြင်လိုက်ရတဲ့နေ့ကတော့ နုမေရဲ့ ထိန်းချုပ်မှုမှန်သမျ လေနဲ့အတူ လွင့်ပါသွားသလိုပါပဲ။ မေ့မေ့ရင်ခွင်မှာ ကလေးတယောက်လို ခေါင်းထိုးပြီး ငိုမိတယ်။ နုမေ ဘာလုပ်ရမလဲ မေမေ...။ နုမေ ဘာလုပ်ရမလဲ။

သမီးလုပ်သူက ချစ်ခင်နှစ်သက်လို့ လက်ထပ်ခဲ့တဲ့သူအပေါ် သားတယောက်လို သဘောထားချစ်ခင်ပေးခဲ့တဲ့ မေမေ့ကို အားနာသနားပါရဲ့။ အပူလည်း မပေးချင်ပါဘူး။ ဒါပေမယ့် မောင်တို့အကြောင်း အစအဆုံး သိလေတဲ့ မောင့်အမေက မရှိတော့ဘူးကိုး။ နုမေ ဘယ်သူ့ကို တိုင်တည်ရမလဲ။ မခံစားနိုင်တော့တဲ့အဆုံးတော့ တိုင်တည်ရာဟာ မေမေပဲ ဖြစ်လာတယ်။ ဖေဖေ့ရှေ့မှာ မပြောမဆိုချင်တာကြောင့် မေမေပဲ နုမေအိမ်ကို ရောက်လာခဲ့ရတယ်။ 

အဲဒီနေ့က ရုံးဖွင့်ရက်မို့ မောင်က အိမ်မှာမရှိဘူး။ မေမေရှေ့မှာ နုမေ ဘာမဆို လွတ်လွတ်လပ်လပ် ပြောနိုင်တဲ့ အနေအထားပေါ့။ ဒါပေမယ့် နုမေရဲ့ရင်ဟာ မွန်းကျပ် နာကျင်လို့။ ရက်များစွာသိမ်းထားရတဲ့ စကားလုံးတွေဟာ ဘယ်လို လွင့်ပျောက်ကုန်ပါသလဲ။ စကားလုံးအစား မျက်ရည်တွေသာ သွင်သွင်စီးကျလာခဲ့တယ်။ 

နောက်ဆုံးတော့ မေမေ့ကို ပြောပြမိတဲ့စကားလုံးတွေဟာ အစီအစဉ်ကျရဲ့လား၊ ရှေ့နောက်ညီရဲ့လားတောင် မသိနိုင်တော့ဘူး။ နုမေဟာ မျက်ရည်စီးကျနေတဲ့ကြားကပဲ မောင့်အကြောင်း ပြောပြမိတယ်။ နုမေကြားဖူးနား၀ တွေနဲ့ကွဲလွဲနေတဲ့ မောင့်ဇာတ်လမ်းဟာ ဖြေရှင်းရခက်တဲ့ အခင်းအကျင်းဆိုတာ မေမေ နားလည်သလား။ သက်ပြင်းရှိုက်သံတချက်နဲ့အတူ နုမေရဲ့ ခေါင်းကို ညင်ညင်သာသာလေး သပ်လိုက်တယ်။

“သမီး ဘာလုပ်ရမလဲ မစဉ်းစားတတ်တော့ဘူး မေမေရယ်။ သူတို့ အခုအချိန်မှာ ရိုးသားကြတယ်ဆိုတာ သမီး ယုံပါတယ်။ စကားနာသာ ထိုးမိပေမယ့် ခုချိန်အထိ သမီး သူ့ကို ယုံပါတယ်မေမေ။ ဒါပေမယ့် တချိန်က ပတ်သက်ခဲ့ဖူးတဲ့သူနှစ်ယောက် ခုလို မကြာမကြာ တွေ့ကြဖို့ဖြစ်နေတာကိုတော့ သမီး မခံစားနိုင်ဘူး။ မခံစားနိုင်တော့ဘူး”

သူတို့မှာ သမီးလိုက်မမီတဲ့ သံယောဇဉ်တမျိုးရှိနေတယ် မေမေ...။ နုမေ တချက်ရှိုက်ငင်ရင်း ဆက်ပြောချင်တဲ့စကားတွေကို မြိုသိပ်ရတယ်။ နုမေရဲ့သောကအပူဟာ မေမေ့ကို ကူးစက်ပြီလား။ မေမေ့မျက်နှာ ညှိုးလျတဲ့အခါ နုမေ စိတ်မကောင်းဖြစ်ရပြန်တယ်။ မေမေ့ကို လှမ်းခေါ်မိလေခြင်းကို နောင်တရလာတယ်။
    
“သမီး ဘာလုပ်ချင်သလဲဆိုတာပဲ မေမေ့ကို ပြော”
   
မေမေ့မျက်လုံးတွေက နုမေကို ကြင်ကြင်နာနာ ငုံ့မိုးကြည့်လို့။ 

“သမီး ဒီအတိုင်းလည်း ငြိမ်မနေချင်တော့ဘူး”

“အဲဒီတော့ ကွာရှင်းဖို့အထိ တွေးနေပြီလား။ ဒီလိုလည်း မဖြစ်ဘူး သမီးရဲ့။ တခုခုကို ဆုံးဖြတ်ချင်ရင် ကလေးမျက်နှာကို ကြည့်ဦး”

သမီးလေး အိပ်ပျော်နေတဲ့ အိပ်ခန်းဆီ လှမ်းမျှော်ကြည့်တော့ နုမေရဲ့ ရင်ဘတ်ထဲမှာ ဆတ်ကနဲ နာတယ်။  

“အကောင်းဆုံးကတော့ ကိုယ့်ဘက်က လိမ်မာပါစေ၊ ဘယ်တော့မှ မကြမ်းတမ်းမိစေနဲ့၊ တဖက်ကို တွန်းပို့မယ့်အပြုအမူမျိုး သမီး မလုပ်မိစေနဲ့၊ တခုခုဆို မေမေ့ကို ပြော၊ မဆုံးဖြတ်ခင်၊ မလုပ်မိခင် မေမေ့ကိုပြော”
   
နုမေ ခေါင်းညိတ်လိုက်တယ်။ မျက်ရည်တွေကိုသုတ်ရင်း မေမေ့ရင်ခွင်ထဲ ခိုနေရာက တိုးထွက်လိုက်တယ်။ မေမေ့မျက်နှာကို စူးစိုက်မိတဲ့အခိုက် မေးခွန်းတခုက နုမေရင်ထဲကနေ ရုန်းထလာတယ်။

“ဒီလိုမျိုး ဆုံးဖြတ်ရတဲ့ခက်တဲ့အချိန်မျိုး မိန်းမတိုင်း ကြုံရတာပဲလား မေမေ”
    
မေမေရောလို့ထည့်ပြောလုဆဲဆဲ စကားကို နုမေ ရပ်လိုက်တယ်။ မေမေက ပြုံးတယ်။ မေမေ့မျက်၀န်းမှာ အသိရခက်တဲ့ အရိပ်ကလေးဖြတ်ပြေးတယ်။ နုမေရဲ့ မေးခွန်းကို မေမေက နှုတ်က မဖြေဘူး။ မေမေ့ရဲ့ အသံတိတ်အဖြေကိုပဲ နုမေ ငေးနေခဲ့ရတယ်။

---

ထွက်ပြေးချင်လိုက်တာ...။ ဘယ်ကို ထွက်ပြေးရမလဲကွယ်။ ကမ္ဘာကြီးကပဲ ကျဉ်းလေသလား။ နုမေရဲ့ လောကကပဲ အကန့်အသတ်များလေသလား။ 
    
တဖြည်းဖြည်း ညဉ့်နက်လာတာနဲ့အမျှ နုမေရဲ့ ရင်ခုန်သံဟာ တဒိတ်ဒိတ်တိုးလို့ ကျယ်လောင်လာတော့တယ်။ စိတ်လှုပ်ရှားမှုကနေ နာကျင်မှုဆီ ကူးပြောင်းစပြုတယ်။ နှလုံးက တဆတ်ဆတ် ခုန်တာနဲ့အမျှ လက်ချောင်းလေးတွေတောင် တုန်ယင်လာသလို။ အသက်ရှူသံကလည်း မမှန်တော့ဘူး။ ဘာဆက်လုပ်ရမလဲ။ နုမေ ဘာဆက်လုပ်ရပါ့မလဲ။ သမီး ဆက်မခံစားနိုင်တော့ဘူး မေမေ...။ မေမေ့ကို သတိရစိတ်ကလေး လူးလွန့်လာတော့ နုမေ မျက်ရည်ဝဲရတယ်။ 

တနေ့ကတင် မေမေ့ ဖျောင်းဖျစကားတွေကို ခေါင်း ညိတ်လက်ခံခဲ့တဲ့ နုမေဟာ ဒီတညမှာတော့ ကိုယ့်စိတ်ကိုယ် မနိုင်တော့ဘူး။ ဘယ်လိုပဲ ဖြေတွေးသည်ဖြစ်စေ နောက်ဆုံးမှာတော့ လုပ်ရက်လေခြင်းဆိုတဲ့ ဘူတာမှာပဲ အဆုံးသတ်တော့တယ်။ နာကျင်မှုကိုသာ တလိပ်လိပ် တက်လာစေတော့တယ်။ 
    
နေ့လယ်ကတည်းက တရှိန်ရှိန်ပူနွေးလာတဲ့ ခန္ဓာကိုယ်ဟာ အခုညမှာလည်း အပူက လျော့မသွားဘူး။ ခေါင်းထဲက အုံခဲနေတာက ခံရခက်လှတယ်။ နုမေ ဖျားနေပြီ။ ဆေးကလေး တလုံး၊ နှစ်လုံးလောက် သောက်ပြီး ဆေးခန်းဆီတော့ ခြေဦးမလှည့်ခဲ့မိဘူး။ ဆေးခန်းသွားမှပဲလို့ နေ့လယ်ဆီက တွေးခဲ့မိတဲ့အတွေးဟာ ညနေခင်းလည်း ရောက်ရော ကြက်ပျောက်ငှက်ပျောက် ပျောက်တော့တာပါပဲ။ မောင်က ပုဂ္ဂလိက ဆေးရုံတခုဆီ ရောက်နေတယ်ဆိုပါလား။
    
မျက်နှာချင်းဆိုင်ပြောရင်တော့ မောင့်မျက်နှာ ဘယ်သို့ ဘယ်ပုံ ပျက်ယွင်းမှာကို သိနိုင်ပေမယ့် ဖုန်းထဲမှာတော့ မောင့်အသံက ပုံမှန်ပါ။ ကိုယ်တိုင် ဖုန်းဆက်ပြောတာကိုတောင် ကျေးဇူးတင်ရဦးမလို နုမေ လှောင်ပြောင် ရယ်မောချင်နေခဲ့တယ်။ 

“သူ့အမေ ရုတ်တရက် မူးလဲလို့ ကိုယ် ဆေးရုံလိုက် ပို့ရတယ် နုမေရဲ့။ သူက တကယ်တမ်း စိတ်ပူနေတာနဲ့ ဘာမှလည်း မစီစဉ်တတ်ဘူးလေ။ ကိုယ်မပါလို့ မဖြစ်တော့ ကူညီနေရတယ်။ နုမေ စိတ်မပူနဲ့နော်။ ကိုယ် စီစဉ်စရာတွေ စီစဉ်ပြီးရင် ည ပြန်လာမယ်။ နည်းနည်းတော့ ညဉ့်နက်မယ်ထင်တယ်”

နုမေ နေမကောင်းဘူးလေလို့ အားကိုးတကြီး ပြောပြချင်တဲ့ စကားလုံးတွေဟာလည်း လေထဲမှာ လွင့်သွားပြီလား။ ဘာစကားမှ အထူးအထွေ မပြောမိဘဲ သူဖုန်းချသွားတဲ့အထိ အလိုက်သင့်နားထောင်နေခဲ့တယ်။ ဒီကတည်းက နှလုံးက တဒိတ်ဒိတ်ခုန်လှုပ်လာတော့တာ။ ဖုန်းခွက်ကို ကိုင်ထားတဲ့ လက်ချောင်းတွေတောင် တဆတ်ဆတ်တုန်ယင်လို့။ ရပ်နေရတာ မမြဲသလို အမြန် ထိုင်ချလိုက်ရတယ်။ 
    
ပြောရရင်တော့ ဒီညနေခင်းဟာ နုမေရဲ့ ရိုးစင်းလှတဲ့ ညနေခင်းများစွာထဲက တခုပါပဲ။ သမီးရဲ့ ဝေယျာ၀စ္စတွေနဲ့ လုံးထွေးနေရင်းက နေမကောင်းဘူးဆိုတဲ့ အဖြစ်ကိုတောင် မေ့လျော့စပြုတယ်။ ဆေးခန်းသွားချင်စိတ်ကလည်း စောစောက ဖုန်းထဲက စကားသံတွေနဲ့တင် ပျောက်ခဲ့ပြီ။ သမီးရဲ့တီတီတာတာအသံလေးတွေသာ မရှိရင် နုမေ ပုံလဲသွားလေမလား။ 

ညနေခင်းလွန်မြောက်လို့ ရောက်လာတဲ့ညဟာ နုမေ အတွက် ပုံမှန်ညချမ်းထက် ချောက်ချားစရာကောင်းလာပြန်တယ်။ ကိုယ်အပူက ကျမသွားဘူး။ သမီးကို သိပ်ပြီးတာနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ် ခွေခွေလေးလှဲနေမိတယ်။

နည်းနည်းညဥ့်နက်မယ်နော်...။ စကားသံကို ပြန်ပြီး ကြားယောင်တော့ ရယ်ချင်စိတ်က နုမေ ရင်ထဲက ရုန်းကြွလာတယ်။ ညဉ့်နက်မယ်ဆိုတာ ဘယ်နှနာရီကို မောင် ဆိုလိုပါသလဲ။ နံရံပေါ်က နာရီကတော့ ၁၀ နာရီကျော်ခဲ့ပြီလေ။  

ခေါင်းက မူးဝေနေတုန်း။ နုမေ မျက်လုံးအစုံကို မှိတ်ထားတယ်။ နှလုံးက စိတ်လှုပ်ရှားမှုနဲ့ အခုန်မြန်နေတုန်း။ ပေါက်ကွဲချင်စိတ်ကို ထိန်းထားရတယ်။ လူက တုန်ယင်ချင်တုန်း။ ငိုချင်စိတ်ကို မြိုသိပ်ထားရတယ်။ မျက်လုံးတွေ မှိတ်ထားပေမယ့် အမျိုးသမီးနဲ့ မောင့်ကို အာရုံမှာ တွဲလျက် မြင်လာတော့ မခက်ဘူးလား။ အားငယ်နေတဲ့သူအနားမှာ မောင်က ချော့မော့နှစ်သိမ့်နေရမှာပေါ့။ သူ့အတွက် မောင်ဟာ အားကိုးဖွယ်ရာ ချစ်သူဟောင်းမိတ်ဆွေ။ မောင့်အတွက်လည်း သူဟာ ပစ်ထားလို့မရတဲ့ သံယောဇဉ်ကြိုးတမျှင်။ နုမေရှိတာကို မောင်တို့နှစ်ယောက် မေ့လျော့ခဲ့ပြီလား။

မူးနေတဲ့ကြားက နုမေ ကျုံးထလိုက်တယ်။ အိပ်ခန်းထဲကို လှမ်း၀င်လာတယ်။ ကုတင်အောက်မှာ ထားလေ့ရှိတဲ့ ခရီးဆောင်အိတ်ကို ယူပြီး ကုတင်ပေါ်တင်တယ်။ အိတ်ထဲကို သမီးအ၀တ်လေးတွေ၊ အသုံးအဆောင်လေးတွေ စထည့်တယ်။ နုမေရဲ့အ၀တ်လည်း သုံး၊ လေးစုံယူရမယ်။ ဒီအချိန် တံခါးခေါက်သံကြားရရင်၊ နုမေကိုတွေ့ရင် မေမေ အံ့သြသွားမလား။ မေမေကတော့ အိမ်ပြန်ဖို့ ဖျောင်းဖျမှာပဲ။ ဒါပေမယ့် သမီးမခံစားနိုင်တော့ဘူး မေမေ...။    

အိတ်ကို ဇစ်ဆွဲပိတ်လိုက်တော့ သမီးက တချက် လူးလွန့်တယ်။ လက်ကလေးတွေနဲ့ မျက်နှာကို တချက် ပွတ်လိုက်တယ်။ မျက်လုံးကို မဖွင့်သေးဘဲ နှုတ်က တချက် အသံထွက်လာတယ်။ သမီးလေး ယောင်တာလေ။ နုမေရဲ့ နှလုံးဟာ စောစောကထက် ပိုခုန်လာတယ်။ ၀မ်းနည်းစိတ်၊ နာကျင်စိတ်ဟာ နှလုံးသွေးကို ဆောင့်တိုးစေသလိုပဲ။ ငိုချချင်စိတ်နဲ့ သမီးမျက်နှာကို နုမေ ငေးနေတယ်။ အပြစ်ကင်းကင်း အိပ်ပျော်နေတဲ့ သမီးလေး။ အိပ်နေချိန်မှာတောင် ယောင်ရတာ ဖေဖေတဲ့...။ ညဦးအချိန်အထိ အဖေကို မျှော်နေခဲ့တာမို့ အိပ်နေတာတောင်ပဲ စိတ်က စွဲနေဟန်တူရဲ့။

သမီးရဲ့ ပါးပြင်လေးကို ဖွဖွ နမ်းရှိုက်ရင်း နုမေ မျက်လုံးအိမ်က မျက်ရည်ပေါက်ကလေး စီးကျစပြုတယ်။ လန့်နိုးမှာစိုးစိတ်နဲ့ သမီးမျက်နှာဆီက အမြန်ခွာရတယ်။
    
မျက်နှာနုနုလေးကို ငေးနေတဲ့အခိုက် နုမေ မေမေ့ကို ပြင်းပြင်းပျပျ သတိရလာတယ်။ မေမေရော သမီးကို ခိုးနမ်းရင်း တိတ်တဆိတ် မျက်ရည်ကျခဲ့ဖူးသလား။ တကြိမ်တော့ဖြစ်ဖြစ် ဒီမေးခွန်းလေး မေးကြည့်ချင်လိုက်တာ။ ဒီလိုဆိုရင် မေမေက ထုံးစံအတိုင်း ပြုံးနေဦးမယ်။

ညက တဖြည်းဖြည်း ခရီးဆက်တုန်း။ နာရီသံ တချက်ချက်ကို နုမေ နားစွင့်နေတယ်။ နာကျင်မှုဟာ နာရီလက်တံပေါ် ဟီးလေးခိုရင်း စီးမိုးငုံ့ကြည့်နေသလိုပဲ။
    
မောင်ပြန်ရောက်လာတော့ နုမေက ထုံးစံအတိုင်း တံခါးဖွင့်ပေးပြီး ကြိုတယ်။ နုမေရဲ့ မျက်နှာကို အမိအရ လိုက်ဖတ်နေတဲ့ မောင့်မျက်လုံးတွေမှာ ဘယ်လိုအရိပ်တွေပါ၀င်နေပါသလဲ။ မောင့်အပြုံးမှာရော ဘယ်လိုအရိပ်တွေ စွန်းထင်းနေပါသလဲ။ လောလောဆယ်တော့ အရိပ်တွေကို သရုပ်မခွဲဘဲ နုမေ ပြုံးနေတယ်။ 

“နုမေ နေကောင်းရဲ့လား၊ မျက်နှာ နည်းနည်း နွမ်းနေသလားလို့”

“နေကောင်းသားပဲ မောင်"

နုမေ ပေါ့ပေါ့ပါးပါးပဲ ပြုံးလိုက်ပြန်တယ်။
မောင် အိပ်ခန်းထဲ ၀င်သွားတာကို လှမ်းကြည့်နေမိတယ်။ သမီးလေးကို ချစ်စနိုး နမ်းလိုက်တဲ့ ဖခင်၊ တချက်လူးလွန့်ရင်းက ဖခင်ရဲ့ရင်ခွင်ကြားမှာငြိမ်သက်သွားပြန်တဲ့သမီးလေး။ 

အဲဒီမြင်ကွင်းကို ငေးနေမိတဲ့အခိုက်အတန့်မှာတော့ ကုတင်အောက်က နဂိုနေရာဆီ ပြန်ရောက်နေတဲ့ ခရီးဆောင်အိတ်လေးကို နုမေ လှမ်းမကြည့်ရဲဘူး။

---
    
#စံပယ်ဖြူနု
#နောက်ကွယ်ရင်ရိပ်

#shared_by_louis_augustine
#sbla

Comments