အမှောင်ထဲမှလူများ // မင်းခိုက်စိုးစန်

အမှောင်ထဲမှလူများ // မင်းခိုက်စိုးစန်

(ဂျစ်ကန်ကန်ဝတ္ထုတိုများ)

---

(၁)

နော်အယ်မူးတယောက် သူနာပြုဆရာမအဖြစ် ဒီမြို့နယ် ဆေးရုံလေးတွင် တာဝန်ကျနေသည်မှာ နှစ်လပင် ပြည့်တော့မည်။ သို့သော် ယခုချိန်ထိ ဆေးရုံတဖက်စွန်း မှောင်ရိပ်ကျသော ထောင့်ချိုးနေရာ ဆီသို့ တယောက်တည်း သွားရမည်ကို စိတ်ထဲမှာ သရိုးသရီ ဖြစ်နေဆဲပင် ရှိသေးသည်။ ထိုနေရာတွင် ဝမ်းနည်းကြေကွဲမှုတွေ ခိုအောင်းနေသည်ဟု ခံစားရသောကြောင့်ဖြစ်၏။

မှောင်ရီသန်းနေသော ဆေးရုံအဆောင်သည် ထိုထောင့်ချိုးတွင် ပို၍ မှောင်နေလေသည်။ ထို ထောင့်ကွက်လေးသည် ပင်မဆေးရုံ အဆောက်အဦမှ ပစ္စည်းဟောင်းများ၊ ကုတင်အကျိုးအပဲ့များ သို လှောင်ရာ အခန်းဆီသို့ ကူးရသည့် လှေကားရင်း တဆစ်ချိုး နေရာလေးဖြစ်၏။

တော်ရုံတန်ရုံ အသွားအလာ လုပ်လေ့မရှိသော နေရာဖြစ်ခြင်းကြောင့် တသီးတသန့်ဆန်ကာ အထီးကျန်နေလေသည်။ ထို့ကြောင့်ပင် နော်အယ်မူးတို့လို သူနာပြုများ၊ ဆရာဝန်များနှင့် ဆေးရုံဝန်ထမ်း များက ထိုနေရာလေးကို ‘သီးသန့်ဆောင်’ ဟု ယဉ်ယဉ်ကျေးကျေး ခေါ်ဝေါ်သုံးစွဲကြသည်။

သို့သော် မြို့ကြီးပြကြီးရှိ ဆေးရုံများတွင် တွေ့ရတတ်သော (ငွေကြေးဖောဖောသီသီ သုံးစွဲပြီး အထောက်အကူပစ္စည်း အကောင်းစားများ ပြည့်စုံစွာ ပံ့ပိုးပေးထားသည့်) သီးသန့်ဆောင်များနှင့်တော့ ဒီနေရာက လုံးဝဆန့်ကျင်ဘက် ဖြစ်၏။ ဒီသီးသန့်ဆောင်လေးမှာ သံကုတင်အဟောင်း သုံးလုံးကို အဆင် ပြေသလို နေရာချထားပြီး အုတ်နီခဲ ခုထားရသည့် ဆေးဘီဒိုပုလေး နှစ်လုံးသာရှိသည်။

မှောင်မိုက်ပြီး ပစ္စည်းပစ္စယ မစုံမလင်နှင့် ဖြစ်သလို ဖွဲ့စည်းထားသည့် သီးသန့်ဆောင်လေးတွင် တက်ရသည့်အတွက် မည်သည့်လူနာကမှ မကျေမနပ် ကန့်ကွက် ပြောဆိုသံ မကြားရပါ။ အဘယ်ကြောင့် ဆိုသော် ထိုသီးသန့်ဆောင်လေးတွင် ဘယ်သူကမှ အရေးတယူ၊ တရင်းတနှီး ကိုင်တွယ်ထိတွေ့လိုစိတ် မရှိ ကြသည့် ကူးစက်ရောဂါသည် လူနာများကိုသာ ထားခြင်းကြောင့်ဖြစ်သည်။

ယခု ထိုသီးသန့်ဆောင်လေး၏ သံကုတင်အိုများပေါ်တွင် လှဲလျောင်းရင်း ဘဝ၏ နောက်ဆုံးအချိန် များကို စောင့်ဆိုင်းနေကြသည့် အမျိုးသမီးနှစ်ဦးမှာ ဒီဆေးရုံသို့ နော်အယ်မူး မရောက်ခင်ကတည်းက ရှိနေ နှင့်ပြီးသော လူနာများဖြစ်ကြ၏။

သူတို့ကား မျှော်လင့်ချက် ကုန်ဆုံးနေပြီဖြစ်သော ခုခံအားကျဆင်းမှုကူးစက်ရောဂါ ဝေဒနာသည် များပင်။

နံရံဘက် ကပ်လျက်ရှိသော ကုတင်ပေါ်က အမျိုးသမီး၏ အမည်ကို ဆေးရုံမှတ်တမ်းဖိုင်ထဲတွင် သီတာမြင့်ဟု ရေးသွင်းထား၏။ အစာမဝင်သည်မှာ သုံးရက်ခန့်ရှိပြီ ဖြစ်သောကြောင့် အားဆေး၊ ဂလူးကို့စ် နှင့် ဆားငံရည်တို့ကို သူမ၏လက်ဖမိုးရှိ သွေးပြန်ကြောမှတဆင့် တလုံးပြီးတလုံး သွင်းပေးနေရသည်။

အခုလည်း ကုန်သွားသော ဂလူးကို့စ်ပုလင်းကို လဲလှယ်ရန် နော်အယ်မူးတယောက် ထိုကုတင် အနီးသို့ ရောက်ခဲ့ရပြန်သည်။ အရိုးပေါ် အရေတင်ရုံမျှသာ ရှိတော့သည့် သီတာမြင့်ကား မလှုပ်မယှက်။ အိပ်ပျော်နေသည်လား၊ မိန်းမောနေသည်လား ဝေခွဲရပင် ခက်လှသည်။

သီတာမြင့်၏ အသားအရေက ညိုညစ်ပြီး မျက်တွင်းဟောက်ပက်နှင့် ပါးရိုးများ ငေါထွက်နေသည်ကို အတိုင်းသား မြင်နေရ၏။ နွမ်းရိသော အဝတ်က သူမ၏ ရင်ပတ်ကို လျော့တိလျော့ရဲ ဖုံးအုပ်ထားသည်။ ဆီး၊ ဝမ်းများ မထိမ်းနိုင်တော့ပြီ ဖြစ်သောကြောင့် ခန္ဓာကိုယ်အောက်ပိုင်းတွင်လည်း အညစ်အကြေးများဖြင့် ပေကျံ နံစော်နေ၏။

ယင်ကောင်မည်းမည်းတွေက သီတာမြင့်၏ ထမီပေါ်တွင်သာမက ခပ်ဟဟ ပွင့်နေသော ခြောက် သွေ့နေသည့် နှုတ်ခမ်းတဝိုက်မှာပါ အုံနေကြသည်။ နော်အယ်မူးက ဒရစ်ပုလင်းကို ကိုင်ပြီး ကုတင်နား ကပ်သွားလိုက်သောအခါ ယင်ကောင်များက ဝေါခနဲ ထပျံသွားကြသည်။

သို့သော် ခဏနေလျှင် ထိုယင်ကောင်များ လာပြန်နားကြဦးမှာပဲ ဖြစ်သည်။ ထိုအတွေးကြောင့် နော်အယ်မူး ခဏမျှ ငိုင်သွားပြီး သက်ပြင်းကို လေးလေးလံလံ မှုတ်ထုတ်လိုက်၏။ သူမ၏ ရုတ်တရက် ငြိမ် သက်သွားသော အမူအရာနှင့် သက်ပြင်းချသံကြောင့် တဖက်ခုတင်မှ နွယ်နီက မည်သို့ နားလည်သွား သည်မသိ။ နော်အယ်မူးကို ခပ်တိုးတိုး လှမ်းခေါ်၏။

“ဆရာမ...ဆရာမ... သူသေသွားပြီလားဟင်”

“ဟင့်အင်း... အသက်ရှိနေပါသေးတယ်”

နော်အယ်မူး၏ အဖြေစကားကို ကြားရတော့ နွယ်နီ၏ မျက်လုံးအစုံက မိုးအုံ့တိမ်တိုက်များလို ညှို့ဆိုင်းသွားပြီး

“သြော်...”

ဟု တိုးတိုးဖွဖွ ရေရွတ်လေသည်။ နော်အယ်မူးက ဒရစ်ပုလင်းကို လဲလှယ်ပေးပြီးနောက်

“အင်း... ဒီတယောက်ကိုတော့ သန့်ရှင်းရေး လုပ်ပေးမှ ကောင်းမယ်ထင်တယ်”

နော်အယ်မူး၏ စကားကို ကြားရတော့ တဖက်ကုတင်မှ နွယ်နီက တတ်နိုင်သလောက် အားယူကာ ဦးခေါင်းကို ကြွပြီး လှမ်းပြောသည်။

“ဆရာမ..၊ ဆရာမ မလုပ်ပါနဲ့။ ခဏနေရင် ကေခိုင် လာတော့မှာပါ”

နွယ်နီ့အမူအရာက ဝေဒနာ ခံစားနေရသည့် ကြားထဲမှပင် ဆရာဝန်များနှင့် သူနာပြုများကို အားနာ နေပုံရသည်။ သြော်... စိတ်ကောင်းနှလုံးကောင်းလေး ရှိပါရက်နဲ့ ဘာလို့များ ဒီလို ဝေဒနာဆိုးကြီးကို ခံစားရ မယ့် အတိတ်ကံက ပါလာခဲ့တာပါလိမ့်... ဟု နော်အယ်မူး စဉ်းစားရင်း လေးကန်သော ခြေလှမ်းများဖြင့် သူမ ဂျူတီကျရာနေရာသို့ ပြန်လာခဲ့သည်။

အချိန် အတော်လေး ကြာသောအခါ နွယ်နီတို့နှင့် သက်တူရွယ်တူလောက်ရှိမည့် အသားအရေ ခပ်လတ်လတ် အမျိုးသမီးတဦးသည် ရေနွေးဓာတ်ဗူး၊ ထမင်းချိုင့်၊ မတ်ခွက်နှင့် တဘက်ငယ်များ တိုလီ ထွာလီများ ထည့်ထားသော ပလတ်စတခြင်း တခြင်းကို ကိုင်ကာ ဆေးရုံထဲသို့ ဝင်လာလေသည်။

‘သီးသန့်ဆောင်’ သို့ ရောက်သောအခါ နွယ်နီ့ဘေး ဘီဒို အပုလေးပေါ်တွင် ခြင်းတောင်းကို တင် လိုက်ပြီး အများသုံး ရေချိုးခန်းဆီသို့ သွားသည်။ ထို့နောက် ရေချိုးခန်းမှ ရေခပ်ယူလာပြီး အသင့်ပါလာ သည့် တဘက်ငယ်ဖြင့် နွယ်နီ့ကို ရေပတ်တိုက်ပေးသည်။ အဝတ်အစား လဲလှယ်ပေးသည်။

ဘာတွေ ပြောကြသည်ကိုတော့ မကြားရ။ သို့သော် နွယ်နီ့မျက်နှာက စောစောကထက် လန်းဆန်း ရွှင်ပျ လာသယောင်တော့ ရှိ၏။ ထို့နောက်မှာတော့ သူမက ချိုင့်ထဲတွင်ပါလာသော ဆန်ပြုတ်ကို နွယ်နီ သောက်နိုင်အောင် အသင့်ပြင်ဆင်ပေးပြီး တဖက်ကုတင်သို့ ကူးသွားကာ ယင်ကောင်များ အုံနေသည့် သီတာမြင့် တကိုယ်လုံးကို မရွံမရှာ ဆေးကြောသန့်စင် ပေးနေလေသည်။

ထိုလှုပ်ရှားမှု့များ အားလုံးကို တစေ့တစောင်း လိုက်ကြည့်နေမိသည့် သူနာပြုဆရာမ နော်အယ်မူး ၏ ရင်ထဲတွင်ကား...

‘သူတို့ သုံးယောက် ဘယ်လိုများ ပတ်သက်ကြပါလိမ့်’ ... ဟု သိလိုစိတ်ဖြင့် မေးခွန်းထုတ်နေမိ၏။

(၂)

လေထုထဲတွင် ဆေးဝါးနံ့၊ အရက်ပြန်နံ့နှင့် သွေးညှီနံ့တို့ အုံ့ဆိုင်း ဝေ့၀ဲနေသည့် ဆေးရုံပုရဝုဏ် အတွင်းသို့ နေ့စဉ် အချိန်မှန်မှန် ရောက်လာတတ်သော ကေခိုင်ဆိုသည့် အမျိုးသမီးကို နော်အယ်မူး တစေ့ တစောင်း လှမ်းလှမ်းကြည့်ရင်း စိတ်ထဲမှာ ရင်းနှီးလာသလို ခံစားရသည်။

တရက်တွင် တာဝန်ကျ ဆရာဝန်က ...

“ဆရာမရေ တနေ့က ရောက်လာတဲ့ လေဖြတ်တဲ့လူနာက အဖျားနည်းနည်း ဝင်လာလို့ ကျွန်တော် Antibiotics ထပ် on ထားတယ်။ Changes မှာ ထပ်ထည့်လိုက်ပါဦးနော်”

“ဟုတ်ကဲ့ ဆရာ၊ လုပ်လိုက်ပါ့မယ်”

နော်အယ်မူးက ပြောပြီး လူနာဆီသို့ သွားရန် စင်္ကြန်ဘက်သို့ ထွက်လိုက်သည်။ ထိုစဉ် အနားသို့ ရောက်လာသော လူရိပ်ကိုတွေ့သဖြင့် လှည့်ကြည့်လိုက်ရာ ကေခိုင်ဆိုသော အမျိုးသမီးဖြစ်နေ၏။ ထိုအမျိုး သမီးက ...

“ဆရာမ...၊ ဟိုလေ... ရေနွေးအဖြူလေးများ ရနိုင်မလားရှင်။ နွယ်နီ့ကို အိုဗာတင်းလေး ဖျော်တိုက်ချင်လို့ပါ”

“သြော်...ဟုတ်ကဲ့။ ရပါတယ်။ လာလေ”

နော်အယ်မူးက သူနာပြုဆရာမများ၏ အသုံးအဆောင် ပစ္စည်းများ ထားရာ စားပွဲပေါ်မှ ဓာတ်ဗူးကို အဖုံးဖွင့်လိုက်တော့ ကေခိုင်က သူ့လက်ထဲမှ ဒန်ချိုင့်လေးကို ကမ်းပေးသည်။ ချိုင့်ထဲသို့ ရေနွေးငှဲ့ပေးရင်း နော်အယ်မူးက စကားစလိုက်၏။

“နွယ်နီတို့ သီတာမြင့်တို့ကို အစ်မတယောက်တည်း နေ့တိုင်းလာပြုစုနေတာ သူတို့နဲ့ ဘာတော် လို့လဲဟင်”

“ကျွန်မတို့ သုံးယောက်က သူငယ်ချင်းတွေလေ ဆရာမရဲ့။ ဟိုးအရင်ကတည်းက အလုပ်အတူတူ လုပ်ကြတာ”

သူငယ်ချင်းတွေ...တဲ့လား။ မိဘ၊ သားချင်း၊ ဆွေမျိုး၊ မောင်နှမ တယောက်မှ လာမကြည့်ကြသည့် အပစ်ပယ်ခံ လူနာနှစ်ယောက်ကို မရွံမရှာ နေ့တိုင်းလာ ပြုစုနေသူက သွေးသားမတော်စပ်ဘဲ နှလုံးသားချည်းသက်သက် တော်စပ်သည့် သူငယ်ချင်း ဖြစ်နေသည်တဲ့လေ။

နော်အယ်မူးက

“အစ်မက သူငယ်ချင်းတွေအပေါ် အရမ်း သံယောဇဉ်ကြီးတာပဲနော်”

“ကြီးတာပေါ့ ဆရာမရယ်။ ကျွန်မတို့ အားလုံးက ကံတူအကျိုးပေးတွေပဲ။ အင်း…တနေ့ကျရင် ကျွန်မလည်း သူတို့လို ဖြစ်သွားနိုင်ချေ ရှိတာပဲလေ။ ကျွန်မတို့ အလုပ်က ခန္ဓာကိုယ်ကို ရောင်းစားနေရတာ ကိုး”

ငြီးငြီးတွားတွား ပြောလိုက်သော ထို စကားလုံးများကြောင့် ဓာတ်ဗူးကို ကိုင်ထားသည့် နော်အယ်မူး ၏ လက်က တုန်တုန်ယင်ယင် ဖြစ်သွားသည်။

အို...သူတို့က...ပြည့်တန်ဆာတွေပါလား။

ရေနွေး၏ အပူငွေ့က မျက်နှာကို လာဟပ်၏။

(၃)

နောက်တနေ့တွင် ကေခိုင်က သူနာပြုဆရာမများအတွက် ဟု ဆိုကာ ကော်ဖီမစ် နှစ်တွဲ လက်ဆောင် လာပေးသဖြင့် နော်အယ်မူးနှင့် စကားလက်ဆုံ ကျဖြစ်ကြသည်။ နော်အယ်မူးက ...

“နွယ်နီတို့ သီတာမြင့်တို့အိမ်က လူတွေကလည်းနော် ကိုယ့်မိသားစုဝင်တယောက် ဒီလောက် သေကောင်ပေါင်းလဲ ဖြစ်နေတာတောင် လာကြည့်ဖော် မရကြဘူး။ ဘာလဲ ... အစ်မတို့က သူတို့ မိသားစုဝင် တွေ မသိအောင် ဖုံးဖိထားတဲ့ သဘောလား”

နော်အယ်မူး၏ အမေးစကားကြောင့် ကေခိုင့် မျက်လုံးအိမ်ထဲတွင် နာကျင်ခြင်းနှင့် ဝမ်းနည်းခြင်း တွေ ဝေ့၀ဲတက်လာ၏။ ကေခိုင်က တော်တော်နှင့် ပြန်မဖြေဘဲ ဆေးရုံအပြင်ဘက်ဆီသို့ ငေးမောကြည့်နေ သည်။

သူမ၏ အကြည့်က ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်းမသိသော မိသားစုဝင်များကို လှမ်းမျှော် ကြည့်နေပုံမျိုးနှင့် တူနေလေသည်။ အတန်ကြာမှ သူမက

“ဆရာမရယ်...၊ သွေးသားတော်စပ်တဲ့ မိသားစုဆိုတာ ကံကြမ္မာက ဖန်တီးပေးလိုက်လို့ အိမ်တအိမ်ထဲမှာ အတူတူ ကြီးပြင်းရှင်သန်ခွင့် ရခဲ့တဲ့ လူတသိုက်ပါပဲ။ ဒီအပြင် ဘာမှ မပိုပါဘူး”

“ဟင်...အစ်မ စကားကြီးကလည်း...”

“တကယ်ပြောတာ ဆရာမရဲ့။ စိတ်ချင်း တသားတည်းဖြစ်မှ တကယ့် မိသားစုအစစ်ပဲ။ နွယ်နီတို့ သီတာမြင့်တို့အတွက် မိသားစုအဖြစ် ကျွန်မ ရှိနေပြီပဲလေ။ လုံလောက်ပါတယ်။ တခြားလူတွေ မလိုတော့ ပါဘူး။ ကိုယ့်ကြောင့် သူတို့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်သလို သူတို့ကြောင့်လည်း ကိုယ့်စိတ်ကိုယ် အနာတရ အဖြစ်မခံတော့ဘူးလေ”

ကေခိုင်က စကားကို တလုံးချင်း လေးလေးပင်ပင် ပြောနေသည်။ နောက်ဆုံးစကား အဆုံးသတ် တွင် စိတ်၏ တင်းအားကို လျော့ချထားသည့် သက်ပြင်းချသံလေးပင် ပါနေသေး၏။

သည့်နောက်မှာတော့ ကေခိုင်က နော်အယ်မူး သိချင်နေသော သူတို့သုံးယောက်၏ အကြောင်းကို တစိမ့်စိမ့် နောက်ကြောင်းပြန် ပြောပြလေတော့သည်။

---

လောင်းကစားဝိုင်းများ၊ ညကလပ်များ စည်ကားသည့် တဖက်နိုင်ငံသို့ အလွယ်တကူ ကူးဝင်၍ရ သော နယ်စပ်မြို့ကလေးသို့ အလုပ်ရှာရန် ကေခိုင် ရောက်လာချိန်တွင် သီတာမြင့်နှင့် နွယ်နီတို့က ရောက် နှင့်ကာ ငယ်ပေါင်းကြီးဖော်လို ရင်းနှီးကျွမ်းဝင်နေနှင့်ကြပြီ ဖြစ်၏။

မလယ်မဝယ်နှင့် ရောက်လာခါစမို့ လက်ထဲမှာ ပါလာသမျှ ပိုက်ဆံအကုန်လုံး လူလိမ်ခံလိုက်ရပြီး စားစရာမရှိ၊ နေစရာမရှိ ဒုက္ခအတိ ရောက်နေသည့် ကေခိုင့်ကို သူတို့နှစ်ယောက်က သနားကာ ခေါ်ယူ စောင့်ရှောက်ထားကြသည်။

သူတို့နှစ်ယောက် ငှားထားသည့် အိမ်မှာ နေရတော့လည်း သူတို့ ဘာအလုပ် လုပ်ကိုင်စားသောက် သည်ကို မမြင်ချင်၊ မသိချင်၍ မရတော့။ မြင်နေ၊ သိနေရသည်။ မြင်ပါများလာတော့လည်း ရိုးလာသည်။ နောက် ဒီထက်ကြာလာတော့ ရိုးရုံတင် မကတော့ချေ။ အတုမြင်ကာ အတတ်သင်သလို ဖြစ်လာ၏။

နောက်ဆုံးတော့လည်း ပညာမတတ်၊ အလုပ်အကိုင်မရှိ၊ မျှော်လင့်ချက်မဲ့နေသော ကေခိုင်တယောက် ပိုက်ဆံလွယ်လွယ်ရဖို့ နွယ်နီတို့ ဖောက်သောလမ်းကို လိုက်ကာ သွေးသားဈေးသည် ဖြစ်လာ တော့သည်။ ပိုက်ဆံမရှာဘဲ ဒီအတိုင်း ထိုင်နေဖို့ကိုလည်း အခြေအနေက မပေးတော့။ ရွာမှာ ကျန်နေခဲ့ သော မိဘများကို ပိုက်ဆံပြန်ထောက်ရဦးမည် မဟုတ်ပါလား။

မိဘဆိုသော်လည်း အကယ်စင်စစ်တွင် ယောက္ခမများသာ ဖြစ်ကြသည်။ ကေခိုင်၏ မိဘနှစ်ပါး စလုံးက သူမ ငယ်စဉ်ကတည်းက ကွယ်လွန်သွားနှင့် ခဲ့ကြပြီဖြစ်သည်။ ယခု ယောက္ခမများက ကေခိုင့်ကို မွေးစားစောင့်ရှောက် လာခဲ့ကြပြီး အရွယ်ရောက်လာသောအခါ သူတို့သားနှင့် ထိမ်းမြား ပေးခဲ့ကြခြင်းဖြစ် သည်။

သားသမီးမထွန်းကားဘဲ ခင်ပွန်းဖြစ်သူက ရုတ်တရက် ကွယ်လွန်သွားချိန်တွင် မွေးစားမိဘ၊ ယောက္ခမတို့၏ တာဝန်က ကေခိုင့်အပေါ် လုံးလုံး ပုံကျလာ၏။ ဒီမြို့လေးကို အလုပ်လုပ်ဖို့ ထွက်လာသည် ကလည်း သူတို့၏ ပိုက်ဆံကို အရင်းအနှီးပြုကာ လာခဲ့ခြင်းဖြစ်သည်။

နွယ်နီတို့နှင့် ပူးပေါင်းလိုက်ပြီးသည့် နောက်တွင်တော့ ကေခိုင်တယောက် ယောက္ခမ မိဘနှစ်ပါး ဆီကို လစဉ်မှန်မှန် ပိုက်ဆံပို့လာနိုင်သည်။ သီတာမြင့်ကလည်း လကုန်ရက်တိုင်း မြစ်ဝကျွန်းပေါ်တွင်ရှိသော မိဘနှင့် အတူနေ မောင်နှမများထံသို့ ပိုက်ဆံမှန်မှန် ပို့လေ့ရှိ၏။ သုံးလလျှင် တကြိမ်လောက်လည်း သူ့ဇာတိကို ပြန်လေ့ရှိသည်။

သီတာမြင့်က သူ့မွေးရပ်မြေနှင့် မိဘ၊ မောင်နှမများအပေါ် တော်တော် သံယောဇဉ်ကြီးသူ ဖြစ်သည်။ စကားဝိုင်းဖွဲ့မိတိုင်း ငယ်ငယ်တုန်းက ဘယ်လို ပျော်စရာကောင်းကြောင်း၊ မောင်နှမများနှင့် ဘယ်လို ဝိုင်းဖွဲ့ ကစားတတ်ကြောင်းတွေကို သိုင်းသိုင်းဝိုင်းဝိုင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလေ့ရှိ၏။

နွယ်နီ၏ မိသားစုကတော့ ဒီနယ်စပ်မြို့ကလေးနှင့် သုံးနာရီလောက်သာ ကားစီးရသော အရပ်ဒေသတွင် ရှိသောကြောင့် လစဉ် ပိုက်ဆံပို့ဖို့ မလိုချေ။ နွယ်နီ့ညီမဖြစ်သူက ကြုံလျှင်ကြုံသလို၊ လိုလျှင်လိုသလို ရောက်လာပြီး ပိုက်ဆံ တောင်းသွားတတ်သည်။
တကြိမ်မှာတော့ ကေခိုင်က မနေနိုင်မထိုင်နိုင်ဖြင့် မေးကြည့်မိသေး၏။

“နွယ်နီရယ်...၊ နင့်ညီမကလည်း ပိုက်ဆံလိုရင်သာ လာလာ တောင်းနေတာ။ နင် ဘာအလုပ် လုပ် သလဲ ဆိုတာကိုတော့ တခါမှလည်း မမေးဘူးနော်”

“ဘာ မေးစရာလိုလို့လဲ ဟဲ့ ကေခိုင်ရဲ့ သူ သိနေပြီးသားပဲ ဟာကို"

“ဟင်...သိတယ် ဟုတ်လား။ သူက နင့်အမေကို ပြန်ပြောရင် ဘယ်လို လုပ်မလဲ”

“ဘာလုပ်ရမှာတုန်းဟဲ့။ အခုလောက် ရှိမှတော့ ငါ့အိမ်ကလည်း သိပြီးနေပြီပေါ့။ ပညာလည်း မတတ်၊ လက်ကြောတင်းအောင်လည်း မလုပ်တဲ့ ငါ့ဆီက အဲဒီလောက် ပိုက်ဆံတွေ အများကြီးရနေမှတော့ ဟယ်...၊ ပြောနေစရာ လိုသေးလို့လား”

နွယ်နီ့စကားကြောင့် ကေခိုင်တယောက် အနည်းငယ် အသက်ရှူ ကြပ်သွားသလို ခံစားလိုက်ရ သည်။ သူ ဆိုလျှင်ကော...။ ယောက္ခမများကို သူ ပြည့်တန်ဆာဘ၀ ရောက်နေကြောင်း အသိခံနိုင်ပါ့မလား။ သိသွားလျှင်ကော သူ ထောက်ပံ့သည့် ပိုက်ဆံဖြင့် နေထိုင်စားသောက်ဖို့ သူတို့ မျိုကျပါ့မလား။

ကိုယ့်ဘာသာကိုယ်ပင် ဖြေရခက်သော မေးခွန်းများ ဖြစ်သောကြောင့် ကေခိုင်က ထိုအတွေးကို ခေါင်းထဲမှ မြန်မြန် ထုတ်ပစ်လိုက်ရသည်။

သီတာမြင့်ကို မသိမသာ တီးခေါက် မေးမြန်းကြည့်တော့လည်း သူ ဒီအလုပ် လုပ်စားမှန်း သူ့ အိမ်က သိပြီးသားဟု ဆို၏။ ထို့ကြောင့် ကေခိုင်က...

“သီတာရယ်...၊ အဲဒီလိုဆိုတော့ နင် အိမ်ပြန်သွားတဲ့အခါ မျက်နှာမပူဘူးလားဟင်။ နင့်မှာ အဖေမရှိ တော့ပေမယ့် အမေအိုကြီးနဲ့ မောင်အငယ်တွေ ရှိသေးတယ် မဟုတ်လား”

“ဘယ်တတ်နိုင်မလဲ ကေခိုင်ရယ် ကိုယ့်ဘ၀ အကျိုးပေးပေါ့။ ဒါပေမယ့် ငါ့အမေက တော်ရှာပါ တယ်။ ငါ ပြန်ရောက်ပြီဆိုရင် ငါ့ကို သိပ်ဦးစားပေးတာ။ ငါ ကြိုက်တတ်တဲ့ ဟင်းမှ ရွေးပြီး ချက်ရတာ အမော။ ညီမတွေ၊ မောင်တွေဆိုလည်း ဒီအတိုင်းပဲ ‘မမကြီး...မမကြီး’ နဲ့ ငါ့ကို အရမ်းချစ်ကြတာဟ။ အင်း ပေါ့လေ... ငါက အကြီးဆုံးဆိုတော့ မောင်နှမတွေအတွက် ဒီလောက်တော့ အနစ်နာခံပေးရမှာပေါ့”

သီတာမြင့် ပြောနေသည့် လေသံက အမောထဲတွင် အပျော်စွက်နေသည့် ပန်းပွင့်ခတ်သံ...။

သို့သော် တခါတရံ လေအတိုက်ကြမ်းသည့် အချိန်အခါမျိုးတွင်တော့ ပန်းပွင့်ခတ်သံမှာ ညီးတွား သံလေးတွေ ပါလာတတ်သည်။

“ခက်တာပဲ ကေခိုင်ရယ်။ ငါ့အိမ်က ဟန်းဖုန်းဝယ်ပေးဖို့ ပူဆာနေတယ်ဟ”

မျက်နှာနွမ်းနွမ်းနှင့် ရင်ဖွင့်လာသော သီတာမြင့်ကို ကြည့်ပြီး သနားသွားမိသည်။ ခေတ်ကာလ ပေါက်ဈေးအရ မိုဘိုင်းလ်ဖုန်း တလုံး၏ တန်ဖိုးမှာ သိန်း ၃၀ ဝန်းကျင်တွင် ရှိနေသောကြောင့် သီတာမြင့် တယောက် အဲဒီလောက် ပိုက်ဆံကို ဘယ်လိုရအောင် ရှာမှာပါလိမ့်ဟု တွေးကြည့်ရုံနှင့်ပင် ရင်ထဲမှာ လေး လံလာ၏။ ကေခိုင်က

“နယ်မှာ နေတာပဲဟယ်၊ သူတို့က ဟန်းဖုန်းကိုင်ဖို့ လိုလို့လား ... သီတာရယ်“

“ငါနဲ့ အလွယ်တကူ ဆက်သွယ်ရအောင် လို့တဲ့လေ”

သြော် ... ဒီလိုဆိုတော့လည်း ငြင်းရ အခက်သား ပါကလားဟု ကေခိုင်တွေးလိုက်မိ၏။ အမေကို လုပ်ကျွေးနေသော အဝေးရောက် သမီးကြီးကို သူ့အမေက မကြာမကြာ စကားပြောချင် ရှာပေလိမ့်မည်။ မောင်ငယ်၊ ညီမငယ်တွေကလည်း သူတို့ချစ်သော မမကြီးကို တိုင်ပင်ချင်တာတွေ ရှိကောင်းရှိပေလိမ့်မည်။

သို့သော်... ဖုန်းဝယ်ပေးလိုက်သည့် နောက်တွင် သီတာမြင့်ဆီသို့ မကြာခဏ ဆက်လာတတ်သော တယ်လီဖုန်းများကား အကြောင်းပြချက် အမျိုးမျိုးဖြင့် ပိုက်ဆံတောင်းသော စကားသံများသာ ဖြစ်နေလေသည်။

“သမီးရဲ့ မောင်အငယ်ဆုံးလေးက အခုဆို ဆယ့်သုံးနှစ်တောင် ပြည့်နေပြီ။ ရှင်မပြုရသေးဘူးလေ။ အဲဒါကြောင့် ...”

“ညီမလေးက ဒီနှစ် ဆယ်တန်းတက်ပြီ မမရဲ့။ အဲဒီတော့လေ...”

“အမေက ဆီးချိုဖြစ်ချင်တာလား မသိဘူး။ သွေးလည်း နည်းနည်းတိုးတယ်။ ပြနေကျ ဆရာဝန် လေးကတော့ အထူးကုနဲ့ ပြကြည့်ဖို့ချည်း တိုက်တွန်းနေတော့တာပဲ။ အဲဒါကြောင့် ...”

သီတာမြင့်ကတော့ တခါမှ ငြင်းသည်ဟူ၍မရှိဘဲ ပိုက်ဆံကိုသာ သဲသဲမည်းမည်း ရှာဖွေလေတော့ သည်။ ဒီလိုနှင့် ညစ်ပေနုံချာသော ကာမဈေးကွက်ထဲတွင် တဝဲလည်လည် ကူးခတ်ရင်း သူတို့သုံးဦးသား အချင်းချင်း ဖေးကူခဲ့ကြသည်။ အတန်းပညာနှင့် အတွေးအခေါ် နိမ့်ပါးသော်လည်း သူတို့သုံးဦးကြားတွင် ချစ်ခြင်းမေတ္တာနှင့် သစ္စာတရားကတော့ ခိုင်မာ မြင့်မားခဲ့ကြသည်။

စုမိဆောင်းမိသည့် အခါကျလျှင် ကိုယ့်အရပ် ကိုယ့်ဒေသဆီပြန်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားကြမည်ဟူသော အိပ်မက်တခုကိုလည်း သူတို့အတူတူ မက်ကြ၏။ လက်တွေ့မှာတော့ အိမ်က တောင်းတိုင်း ပေးနေရသဖြင့် ဟုတ်ဟုတ်ငြားငြား မစုမိကြသေးချေ။ သို့သော်...ကိစ္စမရှိ။ အရွယ်ကောင်းနေ ဆဲ ဖြစ်သောကြောင့် ငွေဝင်လမ်းကတော့ ဖြောင့်နေဆဲပင်။

ဒီလိုနှင့် ခြောက်နှစ်ကျော်ကျော် ခုနှစ်နှစ်အတွင်းသို့ အရောက်တွင် သီတာမြင့်တယောက် ကျန်းမာရေး ချို့ယွင်းစပြုလာသည်။ ကိုယ်ပူလိုက်၊ ချောင်းဆိုးလိုက်၊ ဝမ်းပျက်လိုက်နှင့် ဆေးခန်း အကြိမ်ကြိမ် ပြရ၏။

ဆရာဝန်က သီတာမြင့်ကို သွေးစစ်ခိုင်းသည်။ ဆရာဝန် သံသယ ရှိသလိုပင် သီတာမြင့်လည်း သူ့ ကိုယ်သူ သံသယ ရှိနေသည်မှာ ကြာပြီဖြစ်သည်။ ကိုယ်တိုင်က လိင်ကို အရင်းအနှီးပြုပြီး စီးပွါးရှာနေရသူ ဖြစ်သောကြောင့် အိတ်ချ်အိုင်ဗီ...တို့ အေအိုင်ဒီအက်စ်...တို့ ဆိုသည်လောက်ကိုတော့ ကြားဖူးနား၀ ဗဟုသုတ ရှိပါသေးသည်။

ဗဟုသုတ ရှိပါလျက်နှင့် လိင်ဆက်ဆံစဉ် ဘာ့ကြောင့် အကာအကွယ် မသုံးသလဲဟု မေးလာလျှင် တော့ သီတာမြင့်တို့က ဟားတိုက်ပြီးရယ်သည့် အဖြေကိုသာ ပြန်ပေးရလိမ့်မည်ဖြစ်၏။ သူတို့လို လိင်အလုပ်သမတွေဆီ လာသော ဖောက်သည်တွေက ကာမဂုဏ်ကို စည်းမဲ့ကမ်းမဲ့ စိတ်ကြိုက် ခံစားလိုသော ကြောင့် ပိုက်ဆံသုံးသူ...။ သီတာမြင့်တို့က ပိုက်ဆံလိုချင်သူ...။

အဲဒီတော့ ရောင်းသူ၊ ဝယ်သူ အသံတူဖို့သာ အရေးကြီးတော့သည်။ ကျန်းမာရေးပညာပေးတွေ ဘာတွေက အရေးမကြီးတော့။ သတိပေးချက်များအား ရိုက်နှိပ်ဝေငှသော လက်ကမ်းစာစောင်များကို လည်း ခပ်လွယ်လွယ်ပင် အမှိုက်ပုံးထဲ ထည့်ပစ်ခဲ့ကြသည်။

အဲဒါတွေ အရေးကြီးမှန်း အထိတ်တလန့် သိလာရသည့် အချိန်တွင်တော့ နောက်ကျသွားခဲ့ပြီ။
သီတာမြင့်မှာ အိတ်ချ်အိုင်ဗီ ရောဂါပိုးက ရှိနေလေပြီ။

သီတာမြင့် ငိုတော့ ကျန်နှစ်ယောက်လည်း ငိုမိကြသည်။ နှစ်သိမ့်ပေးဖို့တော့ သူတို့နှစ်ယောက် စလုံး လုံး၀ မကြိုးစားမိကြချေ။ သေမိန့်ကျထားသူအတွက် နှစ်သိမ့်စကားဆိုသည်မှာ မရေရာသော ပြက်လုံးဖြစ်မှန်း သူတို့ ကောင်းကောင်း သိကြပါသည်။

ဘာဆက်လုပ်ကြမလဲ ဟူသည့် မေးခွန်းကိုသာ သူတို့ရင်ထဲတွင် တိုးတိတ်စွာ အဖြေရှာမိကြ၏။ နောက်ဆုံးတွင် သီတာမြင့်က သူ့ဆန္ဒကို ထုတ်ပြောလာ၏။

“ငါ အမေ့အိမ်ကို ပြန်တော့မယ်ဟာ။ ငါ့ရဲ့ နောက်ဆုံးအချိန်တွေကို မောင်နှမတွေနဲ့ အတူနေရင်း အမေ့လက်ပေါ်မှာပဲ အသက်ထွက်ချင်တယ်။ ငါ သွားပါရစေ သူငယ်ချင်းတို့ရယ်”

သူ့ဆန္ဒကို မည်သူကမှ မတားရက်ကြပါချေ။ မျှော်လင့်ချက်မဲ့သူ တယောက်အတွက် ခိုလှုံရာ သည် သူ့နှလုံးသား ရှိသည့်နေရာပဲ ဖြစ်သင့်သည် မဟုတ်ပါလား။

သီတာမြင့်တယောက် သူ့မွေးရပ်မြေသို့ ပြန်သွားပြီး ငါးလခန့်အကြာမှာပင် ထပ်တူညီသော ကံကြမ္မာဆိုးသည် အိတ်ချ်အိုင်ဗီ ဟူသော ရောဂါအမည်ဖြင့်ပင် နွယ်နီ့ဆီသို့ ဆိုက်ရောက်လာခဲ့သည်။ သြော်...မရဏတရားရဲ့ ခေါ်သံကို ကြားရပြန်ပေါ့။

ကံဆိုသည်မှာ ကိုယ်ပြုခဲ့သော လုပ်ရပ်များ၏ အကျိုးဆက်ပင် ဖြစ်သည်ဟု နွယ်နီ နှလုံးသွင်းထား ၏။ ဒီလိုရောဂါ ရစေနိုင်သော အလုပ်မျိုးကိုလုပ်မှတော့ ဒီရောဂါရတာ ဘာဆန်းလို့လဲဟု စိတ်တင်းကာ တွေးရင်းက နွယ်နီ့ပါးပြင်ပေါ် မျက်ရည်စတွေ လိမ့်ဆင်းကျလာသည်။

ရှေ့မှာ သီတာမြင့်တယောက်လုံး ရောဂါပိုးရှိသည်ကို မြင်ရပြီးကတည်းက မိမိလည်း အနှေးနှင့် အမြန် ဒါမျိုးကြုံနိုင်သည်ကို တွက်ဆထားမိပြီးဖြစ်၏။ သို့သော် တကယ်တမ်း နှဖူးတွေ့ဒူးတွေ့ ဖြစ်လာရပြီ ဆိုတော့လည်း တုန်လှုပ်ရပြန်သည်။

ဒီလိုနှင့် နွယ်နီတယောက် မိဘအိမ်ကို ပြန်သင့်မပြန်သင့် ချင့်ချိန်ရင်း တွေဝေနေမိ၏။ သို့သော် နွယ်နီ၏ မိသားစုကတော့ သူ့လို မတွေဝေပါ။ နွယ်နီ့မှာ အိတ်ချ်အိုင်ဗီပိုးရှိနေမှန်း အကြောင်းကြားလိုက်ပြီး မကြာမီမှာပင် သူ့ညီမ ရောက်ချလာလေသည်။

“ဒီမယ် မမ...။ ငါတို့ ရပ်ကွက်ထဲက လူတွေကလည်း ဒီမြို့ကို လာလိုက်ပြန်လိုက် လုပ်နေတော့ နင် ဒီမှာ ဘာအလုပ်လုပ်စားတယ်ဆိုတာ အားလုံးက သိနေကြပြီ။ အခုကျမှ ဒီရောဂါကြီးနဲ့ ပြန်လာမယ်ဆိုရင် ငါတို့ အရှက်ကို ထပ်တလဲလဲ ခွဲတာနဲ့ အတူတူပဲ။ အမေကပြောတယ်။ ဟိုမှာလည်း ဆေးရုံဆေးခန်း ကောင်းကောင်း မရှိတော့ နင် ဒီမှာပဲနေပြီး ဆေးကုတော့တဲ့။ ပိုက်ဆံပို့ပေးမယ်တဲ့။ အခု လောလောဆယ် နှစ်သိန်း ထည့်ပေးလိုက်တယ်။ ရော့...”

ညီမဖြစ်သူ၏ စကားကြောင့် နွယ်နီ့မျက်လုံးတွေထဲမှာ မိုးကြိုးအစင်းစင်း ဝင်းလက်သွား၏။ နွယ်နီ က ထိုင်နေရာမှ ဆတ်ခနဲ ထရပ်လိုက်ပြီး ကမ်းပေးနေသော ပိုက်ဆံထုပ်ကို ဗုန်းခနဲမြည်အောင် ပုတ်ချလိုက် သည်။ ထို့နောက် လက်ကို အားပါပါလွှဲပြီး ...

“ကဲဟာ” “ဖြန်း...”

ပါးကို ရိုက်ပစ်လိုက်ခြင်းကြောင့် ညီမဖြစ်သူက ချာခနဲ လည်ထွက်သွား၏။ နွယ်နီက လေသံမာမာ ဖြင့် တခွန်းတည်း ပြောလိုက်သည်။

“ဒီနေ့က စပြီး နင်တို့နဲ့ငါ ဆွေခန်းမျိုးခန်း ပြတ်ပြီ”

နောက်တနေ့တွင် ကေခိုင်က နွယ်နီ့ကို ဆေးခန်းလိုက်ပို့ပေးပြီး ပြန်လာသောအခါ သော့ခတ်ထား သည့် အိမ်တံခါးရှေ့တွင် ခရီးဆောင်အိတ်တလုံးနှင့်အတူ ထိုင်နေသော သီတာမြင့်ကို တွေ့လိုက်ရသည်။

“ဟင်...သီတာ”

“နင်...နင်...ဘယ်လို”

မိသားစုကို သံယောဇဉ်ကြီးလွန်းသော သီတာတယောက် ပြန်ရောက်လာသည်ကို တွေ့လိုက်ရ သောကြောင့် သူတို့နှစ်ယောက်စလုံး အံ့သြနေမိသည်။ အကျိုးအကြောင်းကို မေးကြည့်လိုက်တော့ သီတာ မြင့်က ဆို့ဆို့နင့်နင့်ဖြင့်

“ထင်ထားခဲ့သလိုမျိုး ငါ့မိသားစုက ငါ့အပေါ် မနွေးထွေးကြပါဘူးဟာ။ ငါ ဒီရောဂါရလို့ ပြန်လာတာ မှန်းလည်း သိသွားရော သူတို့ မကြည်ဖြူကြတော့ဘူး။ ငါ့နားကိုလည်း မကပ်ကြတော့ဘူး။ အိမ်ဘေးမှာ အဖီလေးဆွယ်ပြီး ငါ့ကို တယောက်တည်း ပစ်ထားကြတယ်။ ‘သက်သက် ဒုက္ခပေးဖို့ ပြန်လာတာ’ ... ‘ရပ်ကွက်က သိရင်တော့ ငါတို့မျက်နှာ ဘယ်နားသွားထားရ မယ်မှန်း မသိဘူး’ ... ‘ဖာသယ်မကြီး မြန်မြန် သေသွားမှ အေးမယ်’ ... ဆိုတဲ့ စကားတွေနဲ့ စောင်းမြောင်း ပြောဆို နေလိုက်ကြတာလည်း ငါ့မှာ တနေ့မှ စိတ်မချမ်းသာရပါဘူး။ အခုနောက်ဆုံးကျတော့ အမေကပါ တမျိုးလုပ်လာတယ်လေ။ သူက အသက်ကြီးပြီမို့လို့ ယောဂီ ဝတ်တော့မယ်တဲ့။ ဒီအိမ်ကိုရောင်းပြီး အားလုံးကို အမွေခွဲပေးလိုက်ပြီ။ သိန်းနှစ်ဆယ်စီ ယူပြီး အိမ်ပေါ်က ဆင်းကြတဲ့လေ။ အဲဒီလိုပြောပြီး ငါ့လက်ထဲကို ပိုက်ဆံသိန်းနှစ်ဆယ် လာထည့်တယ်ဟာ။ သဘောက တော့ ငါ့ကို ‘ဆင်းသွားတော့’ လို့ နှင်လိုက်တာပါပဲ။ သူတို့ကတော့ လှည့်ကွက်သုံးပြီး ငါ့ကို မောင်းချလိုက်နိုင်လို့ ဝမ်းသာနေကြမှာပေါ့လေ။ အဲဒီ လှည့်ကွက်ကိုလည်း ငါ ရိပ်မိပါတယ်။ အမေလည်း ယောဂီဝတ်မှာ မဟုတ်ဘူး။ အိမ်ကိုလည်း တကယ်ရောင်းတာ မဟုတ်ဘူး။ အိမ်ရောင်းလို့ရတဲ့ ဝေစုဆိုတာ တကယ်တော့ ငါ ဝယ်ပေးထားတဲ့ ဟန်းဖုန်းလေးကို ရောင်းပြီး ပေးတယ်ဆိုတာ ငါသိတာပေါ့”

သီတာမြင့်က စကားပြောရင်း ရှိုက်၍ရှိုက်၍ နေလေသည်။ မျက်ရည်ကတော့ ကျမလာတော့။ သြော်...သူ့အမေအိမ်မှာ မျက်ရည်ကုန်သည်အထိ ငိုခဲ့ရပြီးပြီထင်ပါရဲ့လေ။

ကေခိုင်က သီတာမြင့်၏ ပုခုံးကို ပွေ့ဖက်လိုက်သည်။

(၄)

ကေခိုင်က သီတာမြင့်၏ ပုခုံးကို ပွေ့ဖက်လိုက်သည်။ ထို့နောက် ဦးခေါင်းကို ကြွလာအောင် အသာ အယာ ပင့်မလိုက်ပြီး ဆံပင်များကို ဘီးတချောင်းဖြင့် ရှင်းလင်းပေးနေသည်။ သီတာမြင့်ကား လုံးလုံး သတိကင်းမဲ့နေချေပြီ။

နွယ်နီကတော့ တဖက်ကုတင်မှ မျက်ရည်အဝဲသားဖြင့် လှမ်းကြည့်နေ၏။ ထိုမြင်ကွင်းကို မြင်နေရ သော သူနာပြုဆရာမ နော်အယ်မူးကလည်း မျက်ရည် စို့ချင်သလိုလို ဖြစ်လာသည်။ သူ မနှစ်မြို့ခဲ့သော အခန်းထောင့်ချိုး အမှောင်ထဲတွင် ယခုတော့ ချစ်ခြင်းတရားတို့ ဆွတ်ပျံ့နေသည်ဟု ခံစားရ၏။

နော်အယ်မူးက ကိုယ့်ကိုယ်ကိုယ် မေးခွန်း ပြန်ထုတ်ကြည့်မိသည်။

“မတော်တဆ ကံအကြောင်းမလှလို့ ငါကိုယ်တိုင် အဲဒီရောဂါမျိုး ဖြစ်ရမယ် ဆိုရင်ကော...၊ ငါ့မိသား စုက ငါ့ကို ပြုစုပါ့မလား”

နော်အယ်မူးက စဉ်းစားရင်း အိမ်က အမေနှင့် သူကျောင်းထားပေးနေရသည့် မောင်လေးနှင့် ညီမ လေးကို ပြန်မြင်ယောင်လာသည်။

“အင်း...၊ ငါ့အိမ်ကတော့ သူတို့မိသားစုတွေလို ပစ်ပစ်ခါခါ မလုပ်လောက်ဘူး ထင်ပါရဲ့။ ပြီးတော့ ငါ က သူတို့လို လူတကာ နှာခေါင်းရှုံ့တဲ့ အလုပ်မျိုး လုပ်နေတာမှ မဟုတ်တာ။ ငါ့ မိသားစုက ငါ့အပေါ် ကြင် နာမှာပါလေ။ သူတို့စိတ်ကို ငါ သိနေတာပဲ”

ထိုသို့ စဉ်းစားနေရင်းက ဒုတိယ အတွေးက ဖျတ်ခနဲ ပေါ်လာသည်။ စိတ်ဆိုတာကရော အချိန် မရွေး ပြောင်းလဲသွားနိုင်တာပဲ မဟုတ်လား။ နာတာရှည် လူမမာကြီးတယောက်ကို တရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် နှစ်ကာလ တာရှည်အောင် ပြုစုနေရပြီဆိုလျှင် ငြိုငြင်တတ်သည်မှာ လူ့သဘာ၀ မဟုတ်ပါလား။

အဲဒီလို ငြိုငြင်လို့ မိသားစုက ကိုယ့်ကို စွန့်ပစ်လိုက်လျှင်ကော...။ ဘာတတ်နိုင်မှာလဲလေ ... စွန့်ပစ်ခံ ရုံပဲပေါ့။ ပြီးတော့ မိသားစု၏ အသိအမှတ်ပြုခြင်းကို မခံရဘဲ တနေရာရာမှာ တိတ်တိတ်ဆိတ်ဆိတ် ကွယ် လွန်သွားဖို့သာ ရှိသည်။

အင်း ... ကိုယ့်အနီးမှာ ကေခိုင်လို မိတ်ဆွေတယောက် ရှိနေလျှင်တော့ သေဆုံးရမည်မှာ သိပ်မဆိုး လှဘူးဟု နော်အယ်မူး တွေးမိသည်။

လူသည် ကိုယ့်မိသားစုကိုယ် ရွေးချယ်ခွင့် မရပါ။ မွေးကတည်းက ကိုယ်မရွေးချယ်ခဲ့သော လူတစု ထဲသို့ ပစ်ချခံလိုက်ရခြင်းဖြစ်၏။ ဒီအတွက် စောဒက တက်စရာ မရှိပါ။ သူတို့၏ ချစ်ခြင်း၊ မုန်းခြင်းကို ဝယ် ယူစရာ အကြောင်းမရှိပါ။

‘ငါ့ဘက်က မိသားစုအတွက် ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလို့ ငါ့အလှည့်ကျရင် ဘာပြန်လုပ် ပေးရမယ်’ ... ဟု တောင်းဆိုရန်လည်း မဖြစ်နိုင်ပါ။ ဖြစ်နိုင်လျှင်တော့ ကိုယ်တတ်နိုင်သလောက် လုပ်ပေးပြီး သူတို့ ဘက်က တုံ့ပြန်မှု့ကို ဥပက္ခာပြုထားလိုက်သည်ကသာ အကောင်းဆုံးပင်။

ဟုတ်သည်။ ကိုယ့်မှာမှ ရွေးချယ်ခွင့် မရှိသည်ပဲ။

သို့သော်…မိတ်ဆွေကိုတော့ ကိုယ့်မှာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ ချစ်ခြင်းကို ရွေးချယ်ပိုင်ခွင့်ရှိသည်။ သစ္စာတရားကို ရွေးချယ်ပိုင်ခွင့်ရှိသည်။

လူ့ဘဝဆိုသည်မှာ ကိုယ်ရွေးချယ် နိုင်သလောက်လေးကို ရွေးပြီး ကိုယ် မနှစ်လိုသော အရာများကို ကျောခိုင်းကာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တတ်ဖို့လိုသည်ဟု နော်အယ်မူး တွေးနေမိ၏။

သူ့အတွေး မဆုံးခင်မှာပင် ကေခိုင်က အနီးသို့ရောက်လာ၏။ မျက်လုံးချင်းဆုံမိတော့ တိုင်ပင် မထားပါပဲနှင့် သီတာမြင့်ဆီသို့ နှစ်ဦးသား ပြိုင်တူ လှမ်းကြည့်မိကြသည်။

(၅)

နောက်တနေ့ ညနေ သုံးနာရီ ကျော်ကျော်လောက်တွင် သီတာမြင့် ကွယ်လွန်သည်။

သူတို့အားလုံး ပျော်ကြလေသည်။

---

#မင်းခိုက်စိုးစန်
#အမှောင်ထဲမှလူများ

#shared_by_louis_augustine
#sbla

Comments