ပန်း // မြင့်သန်း
ပန်း // မြင့်သန်း
---
(၁)
ပန်းတွေ အပေါ်မှာ ကျွန်တော် မသာယာတတ်ဘူး။ မသာယာမိဘူး။ တချို့ပန်းများဆို မုန်းတောင် မုန်းသေးတယ်။ ပိတောက်ပန်းလို ဟာမျိုး။ တနှစ်မှာ တရက်လောက်ပဲ ပွင့်တယ်။ လူတွေက တနှစ်လုံး ရွက်စိမ်း တဝေဝေနဲ့ နေတဲ့ ပိတောက် အပင်ကြီးတွေကို အသိအမှတ် မပြုကြဘူး။ တရက်လောက် ပွင့်တဲ့ ပန်းတွေကိုပဲ အသိအမှတ် ပြုတတ်ကြတယ်။ အပင်တွေ၊ အရွက်တွေက ဘယ်လောက်များ ရင်နာလိုက်ကြမလဲ။ အသိအမှတ်ပြုခြင်း မခံရတာလည်း ရင်နာစရာပဲ မဟုတ်ဘူးလား။ ဒီကြားထဲ ပိတောက်ပန်း အနံ့က ညှီစို့စို့ စိမ်းရွှေရွှေရယ်။ ရင်ခွဲတိုက်ထဲမှာ နံတဲ့ အနံ့မျိုး နံတယ်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် သူက ပြောလေ့ရှိတယ်။
“နင့်မှာ ပန်းမုန်းတီးတဲ့ ရောဂါ ရှိလိမ့်မယ် ထင်တယ်” တဲ့။
“မုန်းတီးတာဟာ ရောဂါဆိုရင် ငါ့ကိုယ်ထဲမှာ ရောဂါ တော်တော် များနေပြီ” လို့ ကျွန်တော်က ပြန်ပြောခဲ့ဖူးတယ်။
သူက “ချစ်တယ် ဆိုတာကိုကော နင်က မုန်းတီးစရာ တခုလို့ မြင်သလား” လို့ မေးတုန်းက
“ချစ်တာဟာ မုန်းစရာ ဟုတ်မဟုတ်တော့ ငါမပြောတတ်ဘူး။ အချစ်ခံရမှာတော့ ငါမမုန်းမိဘူး။ ဒါပေမဲ့ ‘ချစ်တယ်’ ဆိုတဲ့ စကားလုံးကို ငါမကြိုက်ဘူး။ ချစ်ခြင်းဆိုတာ စကားလုံးထဲမှာ တည်နေတာ မဟုတ်ဘူး” လို့ ကျွန်တော်က ဖြေခဲ့တယ်။
သူက ရယ်ရင်း
“နင့်အတွက် တရားသေ လောကကြီးတခု နင့်ဘာသာ တည်ဆောက်ထားတယ် မဟုတ်လား” လို့ သူက မေးသလို ပြောတယ်။
ပညာရှိတွေ ပြောတဲ့ Rhetorical Question ဆိုတာမျိုး။ အဖြေသိချင်လို့ မေးတဲ့အမေး မဟုတ်ဘူး။
သူကတော့ ပန်းကြိုက်တယ်။ သူ ပန်းကြိုက်မှန်း သိလို့ ပိုးရင်းပန်းရင်း ပန်းလာပို့ကြတာတွေ မနည်းဘူး။ သူ့မွေးနေ့များ ဆိုရင် ပန်းစည်းတွေ ပန်းခြင်းတွေတင် မကဘူး။ ပန်းအိုးတွေတောင် ပေးကြတယ်။ ကျွန်တော်ကတော့ တခါမှ မပေးဖူးဘူး။ တခါကတော့ ကျွန်တော်က ပြောလိုက်မိတယ်။
“နင့်ကို လက်ဆောင် ပေးတဲ့ပန်းတွေကို ရွှေတိဂုံဘုရား တောင်ဘက်မုခ်က ဒေါ်ပန်းဆိုင်မှာ သွားသွင်းပါလား။ ရတဲ့ ပိုက်ဆံနဲ့ ငါတို့ နမ်ဆင်းမှာ ထမင်းသွားစားရအောင်” လို့။
အဲဒီတုန်းက သူ့အနားမှာ ချထားတဲ့ ဝတ္ထုစာအုပ်နဲ့ သူက လှမ်းပေါက်တယ်။
“နင့်မှာ အဲသလို ပေါက်တတ်ကရ အတွေးမျိုး ရှိတယ်” လို့လည်း ကောက်ချက်ချတယ်။
နောက်သုံးရက်လောက် ကြာတော့ ကျွန်တော်တို့ခြံကို သူ လာတယ်။ ဖေဖေနဲ့ တွေ့တော့လည်း အဲသလိုပဲ ပြောတယ်။
“အန်ကယ့်လ်သားမှာ ပေါက်တတ်ကရ ပြောစရာတွေ အများကြီးပဲ” လို့ ပြောတယ်။
ဖေဖေက ရယ်ရင်း “အဲဒါ အန်ကယ့်လ်ဆီက ရတာတော့ မဟုတ်ဘူး။ မောင်သုခကြီးဆီက ရတာပဲဖြစ်မယ်” လို့ ပြောတယ်။
မောင်သုခ ဆိုတာ ဖေဖေ့ညီ ဘထွေးသုခကို ပြောတာ။
( ၂ )
ဘထွေးသုခကလည်း ကျွန်တော့်လိုပဲ။ ပန်းမကြိုက်ဘူး။ သူ့ဆင်ခြေကတော့ တမျိုး။
“တို့မှာ အဖိုးအတန်ဆုံးပန်း ရှိနေမှ တခြားပန်းတွေကို ကြိုက်နေစရာ မလိုဘူး။ အဖိုးတန်လွန်းလို့ ရွှေနဲ့တောင် ခိုင်းနှိုင်းတင်စား ထားရတာ” လို့တောင် ရယ်စရာ ပြောတတ်တယ်။
“ငါက မင့်အဖေလို ပန်းတွေ ပွင့်လာအောင် ပြုစုယုယရင်း ဇွဲရှိရှိနဲ့ စောင့်မနေနိုင်ဘူး။ ဒီကိစ္စမှာ ဇွဲရှိဖို့အတွက် သတ္တိရှိဖို့လည်း လိုတယ်” လို့ ပြောလေ့ရှိတယ်။
“အဲဒါတွေ ငါ့မှာ မရှိဘူး” တဲ့။ ကျွန်တော်ကတော့ ဘထွေးသုခလောက် အစွန်း မရောက်ပါဘူး။ ပန်းတွေကို မကြိုက်တာပဲ ရှိတယ်။ ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာလည်း ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်ကကိုး။ ကျွန်တော့်မှာ ဆင်ခြေမရှိဘူး။ မကြိုက်တာဟာ မကြိုက်တာပဲပေါ့။ အဲဒါလည်း ဘထွေးသုခ ပြောသလိုပဲ။ ကြိုက်တာရယ်၊ ချစ်တာရယ်၊ အတူတကွ ပေါင်းသင်းနေထိုင်တယ် ဆိုတာတွေဟာ ဘာအဆက်အစပ်မှ မရှိဘူးတဲ့။ ပန်းခြံထဲက ပန်းတွေလိုပဲတဲ့။ ပန်းခြံတခြံ လှတယ်ဆိုတာ မတူတာတွေ စုထားလို့တဲ့။ တူတာတွေချည်း စုထားရင် ဘယ်လှတော့မှာလဲတဲ့။ ကျွန်တော်က အဲဒီအမြင်ကို သဘောကျတယ်။ ဖေဖေကတော့ မကြိုက်ဘူး။ ဘထွေးသုခကတော့ ရန်ကုန် ဆင်းလာတိုင်း
“ဟကောင်၊ ကပြားမကြီး သမီးနဲ့ မင်း မယူကြသေးဘူးလား” တဲ့။
ကျွန်တော်က “ရည်းစားစကားတောင် မပြောရသေးဘူး” လို့ ပြောတိုင်း ဘထွေးက
“ဘာပြောနေစရာ လိုလဲ။ မင်းတို့ချင်း သိနေကြတာပဲ။ မင်းတို့နှစ်ယောက်က လိုက်တယ်။ တယောက် သဘောကျတာ၊ တယောက် ကြိုက်တာကို တခြားတယောက်က သဘောမကျဘူး၊ မကြိုက်ဘူး။ လူနှစ်ယောက် အတူတကွ အကြာကြီး ပေါင်းသင်းနေဖို့ ဆိုတာ တယောက်နဲ့တယောက် အကြိုက်ချင်း တူနေရင် ပျင်းဖို့ ကောင်းသတဲ့”
ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း သူနဲ့ ကျွန်တော် အကြာကြီး ပြောဖူးတယ်။ ငြင်းခဲ့ဖူးတယ်။ သူကတော့
“မကြိုက်တာနဲ့ ကြိုက်တာဟာ ဒွန်တွဲနေတဲ့ အားပြိုင်မှုပဲ” တဲ့။
“အချိန်မရွေး ပြောင်းလဲနိုင်သတဲ့။ တခါတလေတော့ လူရဲ့အတ္တနဲ့ ဆိုင်သတဲ့။ ကြိုက်ပေတဲ့ အတ္တက ကြီးနေတော့ မကြိုက်ဖူးလို့ ပြောနေတာမျိုးလည်း ဖြစ်တတ်သေးတယ်” ဆိုပဲ။
“ဒါပေတဲ့ အတ္တကြီးမှုဟာ အတိုင်းအတာ တခုထိပဲမို့ တနေ့နေ့မှာ စိတ်ရင်းထဲ ရှိတာဟာ ပေါ်လာတတ်တယ်” တဲ့။
အဲဒီတုန်းကတော့ ကျွန်တော်က သူ့ကို
“နင်ဘာလို့ အင်္ဂလိပ်စာ ယူသလဲ၊ စိတ်ပညာတို့ ဒဿနိကဗေဒတို့ ယူပါလား” လို့ ပြောလိုက်ဖူးတယ်။
“အဲဒါတွေ ယူရင် နင့်လိုလူနဲ့ တိုးနေမှာပေါ့” လို့ သူက ပြန်ပြောတယ်။ ကျွန်တော်က အကြောင်းအကျိုး ဆက်နွယ်တယ် ဆိုတာတွေ သိပ်လက်မခံထားတော့
“တိုးစရာ ရှိရင် တိုးမှာပဲ။ နင့်ဖာသာ၊ ဘာဘာသာကို ယူယူ ငါနဲ့ တိုးစရာ ရှိနေတော့ အခု တိုးရတာပဲ မဟုတ်လား” လို့ ပြောလိုက်တယ်။
“ဒါဝင်ရဲ့ တိုက်ဆိုင်မှုကြီးကို နင်မကြားဖူးဘူးလား” လို့ မေးတော့ သူက ရယ်တယ်။
“မတိုက်ဆိုင် အပ်တာတွေ တိုက်ဆိုင်နေတယ် ဆိုတာကို နင် မေးနေသလား” လို့ ပြန်မေးတယ်။
ဖေဖေက နှင်းဆီပန်းတွေကို တန်ဖိုးထားပြီး စိုက်တယ်။ တချို့နှင်းဆီတွေကို နိုင်ငံခြားက တကူးတကန့် မှာစိုက်တယ်။ ‘သည်ဒေါက်တာ’ ဆိုတဲ့ နှင်းဆီပန်းက သင်းသင်းကလေး မွှေးတယ်။ ပန်းရောင် ခပ်ရင့်ရင့်။ ၁၉၃၆ ခုလောက်ကမှ ပေါ်လာတာတဲ့။ အဲဒီနှင်းဆီ ပွင့်လာတိုင်း ဘယ်တော့မှ မခူးဘူး။ တခြားနှင်းဆီတွေ ပွင့်ရင် ခူးပြီး လက်ဆောင်ပေးလေ့ ရှိတယ်။ ‘သည်ဒေါက်တာ’ ပွင့်တဲ့အခါတိုင်း တကြည့်ကြည့် လုပ်နေတတ်တယ်။ အဲဒီနှင်းဆီတွေ ပွင့်တဲ့ တနေ့၊ အဖေတို့ ညီအစ်ကိုနှစ်ယောက်သား သစ်ပင်အောက်မှာ ထိုင်စကားပြောရင်း လက်ဖက်ရည် သောက်နေကြတုန်း ကျွန်တော် ရောက်သွားတယ်။ ညဘက် ကျွန်တော် အိမ်အပြန် မိုးချုပ်မယ့်အကြောင်း သွားပြောတာ။ ဖေဖေက
“ဒီညနေ ကောင်မလေးတွေအိမ် မင်းသွားဦးမလား” လို့ မေးတယ်။ ခဏပဲလို့ ကျွန်တော်က ဖြေတော့
“‘သည်ဒေါက်တာ’တွေ ပွင့်နေတယ်၊ ခူးသွားပါလား” လို့ ပြောတယ်။
ကျွန်တော်က အံ့ဩမိတယ်။
“သူ့အမေကြီး ဘုရားပန်း ထိုးဖို့လား” လို့ ပြန်မေးလိုက်မိတယ်။
ဘထွေးက ရယ်ပါလေရော။ ဘထွေး ရယ်တော့ ဖေဖေလည်း ရယ်တယ်။ ရယ်ရင်း တောက်ခေါက်ပြီး ခေါင်းခါတယ်။ ကျွန်တော် ပြောလိုက်မိတဲ့ အထဲမှာ ဘာရယ်စရာ ပါသွားမှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်ကတော့ ရယ်စရာ ပြောတာ မဟုတ်ဘူး။ သူ့အမေကြီးက အိမ်မှာ ဘုရားစင် အကြီးကြီး ထားတာ။ နေ့စဉ် ဘုရားပန်းဖိုး ရှစ်ဆယ် တရာ အကုန်ခံတာ။ အဲဒီတုန်းက ဂျစ်ကားတစီးမှ ခုနစ်ထောင်လောက် ပေးရတာ။ ဖေဖေကပဲ မင်းသွားစရာ ရှိတာ သွားပါလို့ ပြောတာနဲ့ ကျွန်တော်လည်း ထွက်လာခဲ့တယ်။ နောက်ဖက်မှာတော့ ဖေဖေနဲ့ ဘထွေး နှစ်ယောက်သား ရယ်ရင်း ကျန်ရစ်ခဲ့တယ်။ သူနဲ့တွေ့လို့ အဲဒီအကြောင်း ပြောပြတော့ သူကလည်း ရယ်တယ်။ ပြီးတော့ နင်ဟာ lack of sense making လို့ ပြောတယ်။ ဟုတ်လောက်တယ်။ ပြက်လုံး ဆိုတာက လူတိုင်း ရယ်ဖို့မှ မဟုတ်ဘဲ။ ရယ်တတ်တဲ့လူတွေ ရယ်ဖို့ မဟုတ်ဘူးလား။
(၃)
ဒီနှစ် နှစ်ဦးပိုင်းမှာ သူ့အမေကြီး ဆုံးသွားတယ်။ သူ့အစ်မကြီးက ဒီမှာ မဟုတ်တော့ ပြန်မလာနိုင်ဘူး။ ဖေဖေတို့ကပဲ တော်တော်ကြီးကြပ် လုပ်ကိုင် ပေးလိုက်ကြရတယ်။ ကျွန်တော်လည်း နေ့တိုင်းလို သူ့အိမ်မှာပဲ နေနေရတယ်။ အဓိကကတော့ သူ့အစ်ကိုဝမ်းကွဲ တယောက်က ဖေဖေ့ကို ပြောလို့ပဲ။ သူ အားငယ်နေတုန်း ကျွန်တော့်ကို သူ့အနားမှာ ရှိစေချင်တယ်တဲ့။ သူ့အမေကြီး ရှိတုန်းကလည်း ကျွန်တော်နဲ့ သဘောတူနေခဲ့တာ ဆိုတော့ ကျွန်တော့်ကို ဆိုရင် သူတို့ တမျိုးလုံးက စိတ်ချသတဲ့။ ဒါနဲ့ပဲ သူ့အိမ်မှာ နေ့စဉ် သွားနေပေးရတာ။ ညဘက်တော့ အိမ်မှာ ပြန်အိပ်တယ်။
“မင်း ဘာလို့ ဟိုမှာမအိပ်သလဲ“ လို့ ဖေဖေတို့ ဘထွေးတို့က မေးတယ်။
အစတော့ တောဖြေတောင်ဖြေ လုပ်တာပဲ။ နောက်ဆုံးတော့ အမှန်ကိုပဲ ပြောလိုက်ရတယ်။ ကျွန်တော်က သရဲကြောက်တယ်။ လူ မကြောက်ဘူး။ လူက မြင်ရတယ်။ ဒီတော့ ကာကွယ်နိုင်ရင် ကာကွယ်၊ မကာကွယ်နိုင်ဘူး ထင်ရင် ပြေး၊ ဒါပဲ။ သရဲက ဘယ်လိုဟာမှန်း မသိဘူး။ ဘယ်က လာမယ်မှန်း မသိဘူး။ မတော် သူ့အမေကြီး သရဲဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ဒီတော့ လန့်တယ်။ ဒါကြောင့် ညဘက် သူနဲ့အတူနေဖို့ နှမဝမ်းကွဲ တယောက်ကို ခေါ်ထားပေးလိုက်တယ်။ သူတို့အိမ်မှာ ကျွန်တော် တခါမှ ညမအိပ်ဖူးဘူး။
သူ့မွေးနေ့က ဆောင်းတွင်းကြီးမှာ။ သူ့အမေကြီး ဆုံးပြီး ရှစ်လ ကိုးလလောက်မှာ။ ဘွဲ့ရပြီး သူ ကျုတာ လုပ်နေတုန်းမှာ ဆုံးသွားတာ။ သူ့အမေကြီး ဆုံးပြီးကတည်းက ပိုးတဲ့ပန်းတဲ့ လူတွေ ပိုများလာ သလားပဲ။ လာစပ်တဲ့လူတွေ များလာတယ်။ သူကတော့ မေမေ ရှိကတည်းက သဘောတူထားတာ ရှိလို့ပါလို့ ဆင်ခြေပေးတယ်။ ဒီတော့ ဟိုလိုလို၊ ဒီလိုလိုနဲ့ မြားဦးက ကျွန်တော့်ဘက် လှည့်လာနေတယ်။ ဖေဖေ့ကိုတောင် လာစုံစမ်းကြတယ်။ ဖေဖေကတော့ သူတို့ဘာသာ ရပ်တည်နေနိုင်ကြပြီပဲ။ သူတို့ချင်း ကြိုက်ရင် ယူပေါ့လို့ ပြောထားတယ်လို့ ဖြေလေ့ရှိတယ်။ ကျွန်တော့်ကိုလည်း သွယ်ဝိုက်ပြီး မေးတတ်ကြတယ်။ သူ့မွေးနေ့ မတိုင်ခင် နှစ်ပတ်လောက်မှာ သူနဲ့ကျွန်တော် အတော်ကလေးကြာအောင် ထိုင်ပြီး စကားပြောဖြစ်တယ်။ သူတို့အိမ်ရှေ့ အုတ်ခုံကလေးပေါ်မှာ။ တခြားလူတွေ အကြောင်း ပြောရင်း ကျွန်တော်တို့ အကြောင်းကို ရောက်လာတယ်။ ကျွန်တော်က တည့်တည့်ပဲ မေးလိုက်တယ်။
“တို့နှစ်ယောက် ဒီလို နေသွားလို့တော့ မဖြစ်သေးဘူး။ နင် ငါ့ကို ယူမှာလား” လို့ မေးတော့ သူက အံ့အားသင့်တဲ့ မျက်နှာနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။
ချက်ချင်း ဘာမှ ပြန်မပြောဘူး။ အတော်ကလေး ကြာမှ “ဟဲ့၊ နင် ငါ့ကို ချစ်တယ်လို့ မပြောဘဲနဲ့တော့လည်း ငါ မယူချင်ဘူး” လို့ ပြောတယ်။
ဒီတော့ ကျွန်တော်က ရှင်းပြရတယ်။
“နင်လည်း သိပါတယ်။ ‘ချစ်တယ်’ ဆိုတဲ့ စကားလုံးကို ငါ မကြိုက်ဘူး။ မသုံးဘူး။ ဒီစကားလုံး မရှိဘဲနဲ့ တယောက်နဲ့ တယောက် နားလည်မှု ရှိနိုင်တယ်လို့ ငါ ထင်တယ်။ ချစ်တယ်လို့ ပြောမှ ချစ်တာပဲလို့ ငါ မယုံကြည်ဘူး။ ချစ်တယ် ဆိုတာဟာ ဘာသာစကားနဲ့ မဆိုင်ဘူး။ လူနဲ့ပဲ ဆိုင်တယ်” လို့ ကျွန်တော်က ပြောလိုက်မိတယ်။
သူက ပြုံးနေတယ်။ ကျွန်တော့်စကား ဆုံးသွားတော့ သူက ပြောတယ်။ “ငါ့အတွက်တော့ နင် ငါ့ကို ချစ်တယ်ဆိုတာ ငါ သိချင်တယ်။ နင်ပြောသလို ဘာသာစကားနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ နင် ငါ့ကို ချစ်တယ် ဆိုတာကို ငါသိရမှ …” လို့ သူက ပြောပြီး ပြုံးနေတယ်။
ကျွန်တော်လည်း ဘာဆက်ပြောရမှန်း မသိတော့ဘူး။ အတော်ကြာတော့ သူက ပြောတယ်။
“နင်ဟာ နင့်ဖေဖေ ငါ့ကို ပြောပြဖူးတဲ့ ပန်းတပွင့်နဲ့ တူတယ်။ နင့်ဖေဖေက ပြောပြဖူးတယ်။ သူ့နှင်းဆီပန်းတွေ ပွင့်လာတိုင်း သူ သတိထား ကြည့်မိဖူးသတဲ့။ အပင်တိုင်းမှာ နောက်ဆုံးပွင့်လာတဲ့ ပန်းတပွင့်စီ ရှိတတ်တယ်။ တခြားပန်းတွေနဲ့ တပြိုင်တည်း မပွင့်ဘူး။ တခြားပန်းတွေ ကျသွားတဲ့အခါလောက်မှ အားယူပြီး ပွင့်တတ်တယ်။ အဲဒီအပွင့်က အလှဆုံးလည်း ဖြစ်တတ်တယ်။ အညံ့ဆုံးလည်း ဖြစ်တတ်တယ်တဲ့။ ငါ့အမြင်မှာတော့ နင်ဟာ အဲသလိုပန်းမျိုး ဖြစ်လိမ့်မယ် ထင်တယ်” လို့ သူက ပြောပြီး ရယ်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကို ပန်းနဲ့နှိုင်းတာ သိပ်မကြိုက်ဘူး။ ဒါပေတဲ့ ဘာမှ ပြန်မပြောလိုက်တော့ဘူး။
“နင့်မွေးနေ့ကျရင် ပါတီတွေ ဘာတွေ မလုပ်ဘူးဆိုရင် နင့်ကို ငါ ထမင်းကျွေးမယ်” လို့ ပြောတော့ သူက
“နင့်မှာ တခြား ရည်းစားတွေဆီ သွားစရာ မရှိလို့ အချိန်ရတယ်၊ အားတယ် ဆိုရင်ပေါ့” လို့ ခနဲ့တဲ့တဲ့ ပြောတယ်။
အားအောင် လုပ်ရမှာပေါ့၊ နင့်မွေးနေ့ပဲလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။
သူ့မွေးနေ့မှာ နမ်ဆင်းကို သွားပြီး ညစာစားတယ်။ သူနဲ့ကျွန်တော် နှစ်ယောက်တည်း။ အဲဒီက ကြက်ဥခေါက်ဆွဲကို သူက သိပ်ကြိုက်တယ်။ ကျွန်တော်က အဲဒီက ကြက်ကင် ကြိုက်တယ်။ တခြားဟာတွေ မှာထားပေတဲ့ သိပ်မစားဖြစ်ကြဘူး။ သူကြိုက်တဲ့ နှင်းဆီဝိုင်တလုံး ယူသွားတယ်။ ရှစ်နာရီသာသာလောက် အဲဒီက ပြန်လာကြတယ်။ သူ့အိမ်က ပေါ်တီကိုအောက်မှာ ကားရပ်တော့ သူက
“ကော်ဖီလေးဘာလေး သောက်သွားဦးလေ” လို့ ပြောတာနဲ့ ကျွန်တော်လည်း ကားကို စက်သတ်ပြီး သူ့အိမ်ထဲ ဝင်လိုက်တယ်။ သူက အပေါ်ထပ်က ဧည့်ခန်းကို
“နင်သွားနှင့်၊ ငါ ကော်ဖီအိုး ယူခဲ့မယ်” လို့ ပြောတာနဲ့ အပေါ်ထပ်ကို ကျွန်တော် တက်ခဲ့တယ်။ သူတို့အိမ်က အကြီးကြီး။ ညနေကတင် ဖေဖေက ပြောသေးတယ်။
“ကောင်မလေးက အိမ်ကြီးတလုံးနဲ့ တယောက်တည်း။ မင်း အဲဒီ သွားနေချင်လည်းနေ။ သူ့ကို ဒီခေါ်ခဲ့ချင်လည်း ခေါ်ခဲ့ပါလား” တဲ့။ ဒီတော့ ကျွန်တော်က
“ဖေဖေ သူနဲ့ ကျွန်တော်က ဘာမှမတော်ဘူး။ ဖေဖေ့ချွေးမ မဟုတ်သေးဘူး။ ကျွန်တော်က လာ ငါတို့အိမ် လာနေလှည့်ချေလို့ ပြောလို့ မဖြစ်သေးဘူး” လို့ ဖေဖေ့ကို ပြန်ရှင်းလိုက်သေးတယ်။ ဖေဖေကတော့
“အဲဒါကတော့ မင်းကိစ္စ။ ငါ ဘာမှ မတတ်နိုင်ဘူး” လို့ ပြောရင်း ရယ်တယ်။
အတော်ကလေး ကြာတော့ သူက အပေါ်ထပ်ကို တက်လာတယ်။ ကော်ဖီနှပ်ထားတဲ့ ဖန်ချိုင့်တခုနဲ့ သစ်သီးကိတ်တလုံး ပါလာတယ်။ အပေါ်ထပ် ဧည့်ခန်းထဲမှာ ဘီရိုထဲကနေ ကော်ဖီခွက်တွေ ထုတ်လိုက်တယ်။ ကော်ဖီခွက်တွေက ရွိုင်ရယ်ဒေါ်လ်တန်တွေ။ ကျွန်တော်တို့ နှစ်ယောက်သား စကားပြောရင်း ကော်ဖီ သောက်နေကြမိတာ အတော်ကလေး ကြာသွားတယ်။ နောက်ပိုင်းတော့ ပြောစရာ စကားတောင် ကုန်စပြုလာတယ်။ တယောက်ကို တယောက် ကြည့်ပြီး ပြုံးမိတတ်ကြတယ်။ အဲဒီတုန်းမှာပဲ ညနေက ဖေဖေပြောတဲ့ စကားကို သတိရသွားမိတယ်။ သူ့ကို ပြောပြလိုက်မိတယ်။ သူက ပြုံးပြီး နားထောင်ရင်း
“နင့်ဖေဖေက လူကြီးဆိုတော့ အမြော်အမြင် ရှိတာပေါ့” လို့ ပြောတယ်။
သူပြောတာကို နားထောင်ရင်း သူထိုင်နေတဲ့ နောက်က နံရံနဲ့ ကပ်နေတဲ့ စားပွဲပေါ်က ပန်းအိုးကို ကျွန်တော် သတိထားလိုက် မိတယ်။ ပန်းအိုးက ရှည်ရှည်မျောမျောကလေး။ အစိမ်းရင့်ရောင် ဖန်အကြည်နဲ့ လုပ်ထားတာ။ ပန်းအိုးထဲမှာက ရိုးတံရှည်ရှည်နဲ့ အဖြူရောင် ဒေစီတပွင့်တည်း။ အဲဒါကို ကြည့်ပြီး ကျွန်တော့်စိတ်ထဲမှာ သာယာသလို ဖြစ်လာမိတယ်။ တကယ်တော့ ဘာဖြစ်သွားမှန်း မသိဘူး။ သူ့ရှေ့မှာ ထိုင်နေရာက ထရပ်လိုက်ပြီး အဲဒီပန်းအိုးဆီ သွားမိတယ်။ သူကလည်း ဘာမှန်းမသိတော့ ထိုင်ရာက ထရပ်လိုက်တယ်။ ကျွန်တော်က ဒေစီပန်းကို ယူပြီး ရိုးတံမှာကပ်နေတဲ့ ရေစက်တွေကို လက်ကိုင်ပ၀ါနဲ့ သုတ်လိုက်တယ်။ ပြီးတော့ အကြောင်သား ကြည့်နေတဲ့သူ့ကို လှမ်းပေးလိုက်တယ်။ သူက အူကြောင်ကြောင်နဲ့ လှမ်းယူလိုက်တယ်။ နောက်တော့မှ ပြုံးပြပြီး ပန်းကို တချက်မွှေးကြည့်ပြီး ရိုးတံကို သူ့လက်နှစ်ဖက်နဲ့ ကိုင်ထားရင်း သူ့ရင်ဘတ်မှာ အပ်ထားတယ်။ အတော်ကြာအောင် ကျွန်တော်တို့ချင်း စကားမပြောဖြစ်ကြဘူး။
(၄)
သူက သူ့ဘာသာ ခေါင်းငြိမ့်နေတယ်။ ပြီးတော့မှ
“နင့်ဖေဖေ ပြောသလို နင်တို့အိမ်မှာ လိုက်နေရင် ဒီအိမ်က ငါ့အခန်းလေးကို လွမ်းနေမှာပေါ့” လို့ ပြောတယ်။
“ဘာလို့လဲ” လို့ ကျွန်တော်က မေးလိုက်မိတယ်။
“လာ ငါ ပြမယ်” လို့ ပြောပြီး သူက အခန်းတံခါး တခုဆီ လျှောက်ထွက်သွားလို့ သူ့နောက်က ကျွန်တော် လိုက်သွားမိတယ်။
အခန်းတံခါးဖွင့်ပြီး သူက ဝင်သွားတယ်။ အခန်းကလေးလို့ ပြောပေတဲ့ သူ့အခန်းက အကျယ်ကြီး။ မှန်အကြည်တွေ တပ်ထားတဲ့ ပြတင်းပေါက်တွေနဲ့။ သူ့ကုတင်နားက ပြတင်းပေါက်ဆီ သွားတယ်။
“ငါ့ အိပ်ယာ ပေါ်ကနေ အိပ်မပျော်တဲ့ အချိန်တွေမှာ လှမ်းကြည့်ရင် မှောင်ထဲမှာ ဟိုအဝေးက မီးရောင် တလက်လက်ကို လှမ်းတွေ့ရတယ်။ လေယာဉ်ကွင်းက ထင်တယ်” လို့ သူက ပြောတယ်။
“မြင်ရတော့ ဘာဖြစ်သလဲ” လို့ ကျွန်တော်က မေးလိုက်မိတယ်။
“ငါ အားရှိလာ သလိုလိုပဲ၊ မျှော်လင့်ချက် တခုခု ရရှိလိုက်သလိုပဲ” လို့ သူက ဖြေတယ်။
သူက ပြတင်းပေါက်ရှေ့မှာ ရပ်ပြီး တံခါးရွက်နှစ်ခုကို ဖွင့်လိုက်တယ်။ ကျွန်တော်က သူ့နောက်နားဆီက ရပ်နေမိတယ်။
“ဆောင်းဦးဆိုရင် လေသိပ်ကောင်းတာပဲ” လို့ သူက ပြောနေတုန်း ပြတင်းပေါက်က လေပြင်းပြင်း တိုးဝင်လာတာကို ခံစားလိုက်ရမိတယ်။
ကျွန်တော်တို့ နောက်ဖက်မှာ ဝုန်းကနဲ အသံမြည်ပြီး သူ့အခန်းတံခါး ပိတ်သွားသံ ကြားလိုက်ရတယ်။ သူက ခေါင်းလှည့်ပြီး လှမ်းကြည့်လိုက်တယ်။ သူ့နောက်နားမှာ ကပ်ပြီး ကျွန်တော် ရပ်နေလို့ တံခါးကို သူ မမြင်ရဘဲ ကျွန်တော့်ကို မျက်နှာချင်းဆိုင်မိရက်သား ဖြစ်သွားတယ်။
သူက သူ့တကိုယ်လုံး လှည့်ပြီး ပြတင်းပေါက်ကို ကျောပေးလိုက်တယ်။ ဒေစီပန်းကို ခုနအတိုင်းပဲ လက်နှစ်ဖက်နဲ့ ကိုင်ထားတယ်။
“နင်က ငါ့ကို ပန်းပေးတယ်ဆိုတော့ အရှုံးပေးတယ်ဆိုတဲ့ သဘောပဲ မဟုတ်လား” လို့ သူက မေးတယ်။
ကျွန်တော်က ပြုံးနေမိတယ်။ အဲဒီလို အပြုံးမျိုး အရင်က ကျွန်တော် ဘယ်သူ့ကိုမှ၊ တခါမှ မပြုံးဖူးဘူး ထင်တယ်။ သူက ကျွန်တော့်အနား ပိုပြီး ထပ်တိုးလာရင်း
“နင် မနက်ဖြန် အားသလား” လို့ မေးတယ်။
“အားတယ်၊ နင် ဘာလုပ်ချင်လို့လဲ” လို့ ကျွန်တော်က ပြန်မေးလိုက်တယ်။
“တို့ ရုံးသွားပြီး လက်ထပ်ကြရအောင်" လို့ သူက ပြောတယ်။
“ကောင်းသားပဲ” လို့ ကျွန်တော်က ဖြေလိုက်တော့ သူက
“ပြီးရင် နင် ဒီကိုပြောင်းလာပေါ့” လို့ သူက ပြောတယ်။
“အဲဒါလည်း ကောင်းတာပဲ” လို့ ကျွန်တော်က ပြောလိုက်တယ်။
သူက ကျွန်တော့် မျက်နှာကို ကြည့်နေတုန်း သူ့လက်ထဲက ပန်းကို သူ့အိပ်ယာ နံဘေးက စားပွဲအပုကလေးပေါ် လှမ်းတင်လိုက်တယ်။ ပြီးတော့ သူ့ခေါင်းမှာ ပိုနီတေး စည်းထားတဲ့ ဖဲကြိုးအစိမ်းကလေးကို သူ့လက်နှစ်ဖက်နဲ့ ဆွဲပြီး ဖြုတ်ချလိုက်တော့ ဆံပင်တွေဝဲပြီး သူ့ပခုံးကျော်ကျော်ဆီ ပြေကျသွားတယ်။ သူက ပြုံးနေတယ်။ အဲဒီလို သူပြုံးပုံမျိုး ကျွန်တော် တခါမှ မတွေ့ဖူးဘူး။
အခန်းက ပြတင်းပေါက်ကို မပိတ်လိုက်မိတော့ဘူး။ အပြင်ဘက်ဆီက တချက်တလေ တိုးဝင်လာတဲ့ ဆောင်းဦးလေတွေဟာ အခန်းထဲမှာ မုန်တိုင်းအဖြစ် ပြောင်းသွားတယ်။ ဘထွေးသုခ ပြောတာ မှန်တယ်။ ပန်းပွင့်ဖို့ စောင့်ရတာဟာ ဇွဲတခုတည်း မဟုတ်ဘူး။ သတ္တိရှိဖို့လည်း လိုတယ်။ ဒီသတ္တိမျိုး ဘထွေးမှာ မရှိပေတဲ့ ကျွန်တော့်မှာရှိတယ် ထင်တယ်။
---
#မြင့်သန်း
#ပန်း
#shared_by_louis_augustine
Comments
Post a Comment