သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ (အပိုင်း ၃) // တက္ကသိုလ်ဘုန်းနိုင်

သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ (အပိုင်း ၃) // တက္ကသိုလ်ဘုန်းနိုင်

(လုံမလေးမဂ္ဂဇင်း၊ အတွဲ-၆၊ အမှတ်(၁၂)၊ ၁၉၉၀၊ဒီဇင်ဘာ)

---

ဆောင်းညမှာ လသာနေသည်။

ပြတင်းမှ မျှော်ကြည့်တော့ လသာသာမှာ နှင်းပြာပြာတို့ ဝေနေသည်။
နတ်တော်၊ ပြာသိုကို လွန်ခဲ့ပါပြီ၊ သည်ကြားထဲက သဇင်နံ့တွေ သင်းနေသေးသည်။

ဪ..."သဇင်ကြွင်းငယ်နှင့်၊ အင်ကြင်းသန္တာ ညွန့်တွေ ဖူးကွန့်ကိုက်စီ" ဟု စာကရှိသည်။ နတ်တော်၊ ပြာသိုတည့် နှင်းဖုံဖုံ၌ စပွင့်သော သဇင်သည်အင်ကြင်းသန္တာညွန့်တို့ ဖူးကွန့်ကိုက်စီသည့် အချိန်
ထိ ကျန်တတ်လေသေးသည်။

အလှသက်တမ်း ရှည်နိုင်ပါဘိ သဇင်ရယ်လေး...။

ကိုယ်တို့ နဝဒေးဆောင် ဗဟိုအတွင်း မြေကွက်ကျယ်က ဥယျာဉ်။ အဆောင်မှူးနေရာ အနီးတဝိုက်မှာက စိုက်ထားသော သဇင်တန်းရှိလေသည်။

ဪ...သဇင်ကြွင်းတို့ အဲသည်မှ သင်းလာနေဟန်ရှိသည်။

ဂျွန်ဒရင့်ဝါးတား (John Drinkwater) ပြုစုတည်းဖြတ်သည့် "ကမ္ဘာ့စာပေ အကျဉ်းနည်းအလင်းပြကျမ်း" (The Outline of Literature) မှပန်းချီတခုကို ကိုယ်ကြည့်နေသည်။

အကျဉ်းနည်း အလင်းပြကျမ်းဟုသာ ဆိုသည်။အရွယ်ကြီး၊ ဆိုဒ်ကြီးနှင့် အခန့်ချုပ်စာအုပ်ကြီးကစာမျက်နှာ ရှစ်ရာကျော်သည်။ ကမ္ဘာကျော် ကဗျာများ နှင့်ပတ်သက်သည့် ကမ္ဘာကျော်ပန်းချီများလည်း ပါသေးသည်။

ကိုယ်ကြည့်နေသော ပန်းချီ၏ နောက်ခံရှုခင်းက အီတလီပြည် ဖလော်ရင်းစ်မြို့ ဖြစ်သည်။ တူးမြောင်းတခုဘေးမှ ကမ်းနားလမ်း...

သွယ်ပျောင်းရှင်းကြော့လှပသည့် မိန်းမပျိုသုံးဦးက ကမ်းနားလမ်းပေါ်မှာ လျှောက်လာနေကြသည်။ နှစ်ဦးက အသက်ပိုကြီးဟန်ရှိပြီး တဦးက ပို၍နုငယ်သည်။

ဆုံလာသော လမ်းထောင့်ချိုး အုတ်လက်တန်းပေါ်လက်တင်လျှက် ဝတ်လုံရှည်နှင့် လုလင်တဦးကနုငယ်သော မိန်းမပျို၏ မျက်နှာလေးဆီ
ရပ်ငေးကြည့်နေသည်။ မိန်းမပျိုလေး၏ မျက်လုံးလေးများကလည်း လုလင်ပျိုဆီသို့...။

ပန်းချီ၏အမည်ကို...

"ဒန်းတီနှင့် ဘီးယားထရစ်(စ်)တို့ ဆုံတွေ့ရာ သည်အခိုက်" ဟုဖော်ပြထားသည်။

ဪ...မကြာခဏ ကိုယ်ကြည့်မိသည့်ပုံ။
သိန်းလွင် ဝင်လာပြီး မဂ္ဂဇင်းစာအုပ်ကို စားပွဲပေါ်မှာတင်လျှက် ခုတင်ပေါ်ထိုင်၍ဆိုသည်။

"မင်းအောင်မြင်ပြီ"

"ဘာပြောတယ်"

"မဂ္ဂဇင်းမှာ ဝတ္တုရှည်ပါလာတာ ကိုယ်၌က မနည်းဘူး။ ပြီးတော့၊ မင်းဝတ္တုက ခိုက်တယ်ကွာ"

"ခိုက်တယ်"

"အေး...ငါတော့ ဒီလိုပဲပြောတယ်၊ အချစ်၊ အလွမ်းတော့ ရေးကြတာပဲ၊ ဒါပေမယ့် အချစ်အလွမ်းပဲ ဖြစ်နေကြတယ်၊ အဲဒီလိုဆိုရင်တော့ မည်းပြာပုဆိုးပေါ့၊ မင်းဝတ္တုက မည်းပြာပုဆိုး အချစ်အလွမ်းမဟုတ်ဘူး၊ အချစ်အလွမ်းကို ပြောသလိုနဲ့ ဟိုမှာဘက် တခုခုကို ပြောပြနေတယ်၊ ဒီတော့ ရင်မှာ ကျန်တယ်၊ ခိုက်ပြီးတော့ ကျန်တယ်"

"ဘာကျန်တာလဲ"

"အဲဒါလဲ ငါမပြောတတ်ဘူး၊ မင်းက မင်းပြောချင်တာကို ကဗျာစနစ် နိမိတ်ပုံနဲ့ ဝတ္တုရေးပြတာကိုး"

"ကျေးဇူးတင်ပါတယ် သူငယ်ချင်း"

သိန်းလွင်က ကိုယ့်လက်တွင်းမှ စာအုပ်ကြီးကို လှမ်းကြည့်၏။

"မင်းဘာကြည့်နေတာလဲ"

"ပန်းချီ"

"ဘာပန်းချီလဲ"

"ထာဝရမေတ္တာအတွက် တဒင်္ဂတွေ့ဆုံမှု"

"ဘယ်လို"

"မင်းလာကြည့်လေ"

သိန်းလွင်က ခုတင်မှထလာပြီး ပန်းချီကို သေချာစွာကြည့်၏။

အတန်ကြာမှဆို၏

"အင်း...ဒီပန်းချီကလဲ ခိုက်တာပဲကွ၊ မိန်းကလေးရဲ့မျက်နှာပေးလေးရယ်၊ ဟိုဇာတ်လိုက်ရဲ့ မျက်နှာထားရယ်၊ အင်း...ကဗျာလို စကားပြောတဲ့ပန်းချီပဲ"

သိန်းလွင်က ခုတင်ပေါ်၌ ပြန်ထိုင်၏။

"ဒန်းတီဆိုတာ ဒဗိုင်းကွတ်မဒီ (Divine Comedy)
ဆိုတဲ့ မဟာကဗျာကြီးကို ရေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးလား"

"ဟုတ်တယ်၊ ဒန်းတီကို အီတလီပြည်မှာ ခုန်ခဲ့တဲ့နှလုံးသားတွေ အနက် အကြီးအကျယ်အမြင့်မြတ်ဆုံးသော နှလုံးသားကြီးလို့ တင်စားခေါ်ကြတယ်၊ ကမ္ဘာရဲ့ထိပ်သီး ကဗျာဆရာကြီးတွေအနက်
 ထိပ်ဆုံးမှာနေတဲ့ ကဗျာဆရာကြီးတဦး၊ မင်းပြောတဲ့ ဒဗိုင်းကွန်မဒီကို အနောက်တိုင်းရဲ့ ဂုဏ်မြောက်လှတဲ့ဘုံခန်းလင်္ကာကြီးလို့ ခေါ်ရမယ်ထင်တယ်၊ အဲဒီဘုံခန်းလင်္ကာကြီးဟာ ခေါမစာဆိုကြီး ဟိုးမား
(Homer)ရဲ့ အိလိယက်(Iliad) လင်္ကာကြီးထက်တောင် ပိုကြီးကျယ်ခမ်းနားတယ်လို့ ဆိုကြတယ်၊
စာဆိုကြီးရဲ့ ရည်ရွယ်ချက် ဖြူစင်မြင့်မြတ်မှုနဲ့ ဇာတ်ဆောင်စရိုက် အမျိုးမျိုးကို ဖော်ပြနိုင်စွမ်းကတော့ ကမ္ဘာမှာတောင် စံပြိုင်ဘက်ရှားတယ်လို့ ဆိုကြတယ်"

"ဒီပန်းချီနဲ့ ဘယ်လိုဆိုင်သလဲ"

"ဒီပန်းချီထဲက သူ့ချစ်ခြင်းမေတ္တာအရိပ်အယောင်ရှင်မလေး ဘီးယားထရစ်(စ်)ကို သူ့လင်္ကာကြီးနဲ့ သူကထာဝရ အသက်ရှင်ကျန်အောင် လုပ်သွားခဲ့တာကိုး"

"ဘယ်လို...ဘယ်လို"

"ဒန်းတီနဲ့ ဘီးယားထရစ်(စ်)တို့ရဲ့ ချစ်ခြင်းမေတ္တာဇာတ်လမ်းကို ကမ္ဘာမှာ အထူးဆန်းဆုံးနဲ့ အလှပဆုံးဇာတ်လမ်းလို့ စာပေပညာရှင်တွေက ဆိုကြတယ်"

"ဟ...တယ်ဆိုပါလား၊ ငါစိတ်ဝင်စားလာပြီ"

"ဒန်းတီဟာ ကိုးနှစ်သားဘဝမှာ ကိုးနှစ်သမီးသာရှိသေးတဲ့ ဘီးယားထရစ်(စ်)ကို ပထမဆုံးစတွေ့ခဲ့တယ်၊ အဲဒီကတည်းက သူ့ရင်မှာ သံယောဇဉ်မျိုးကျခဲ့တယ်လို့ ဒန်းတီကရေးခဲ့တယ်။ ကလေးဘဝ တွေ့စဉ်တုန်းက တဦးနှင့်တဦး စကားမပြောခဲ့ကြရဘူး
 နောက်ကိုးနှစ်အကြာ ဆယ့်ရှစ်နှစ်အရွယ်တွေမှာဒုတိယအကြိမ် တဒင်္ဂ ပြန်ဆုံတွေ့ကြပြန်တယ်၊ ဘီးယားထရစ်(စ်)က သူ့ထက်ကြီးတဲ့ အဖော်မိန်းမပျိုနှစ်ဦးနဲ့ ဖလောရင့်စ်မြို့မှာ လမ်းလျှောက်လာတယ်
သူက ထောင့်ချိုးလေးက နေငေးကြည့်နေတယ်၊ ဒီတုန်းကလဲ စကားမပြောကြရပါဘူး၊ ဘီးယားထရစ်(စ်)က သူ့ကိုမျက်လုံးလေးနဲ့သာ ကြည့်ပြီး စာမဖွဲ့နိုင်တဲ့ အမူအရာအလှလေးနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့
အသိအမှတ်ပြု နှုတ်ဆက်ခြင်းတမျိုး လုပ်သွားတယ်တဲ့၊ ဟောဒီ ပန်းချီဟာ အဲဒီတဒင်္ဂဆုံတွေ့မှုလေးကို ပန်းချီဆရာကြီး ဟင်နရီဟောလီးဒေး (Henry Holiday) ကဆွဲထားတာ"

"နောက်တော့ကော"

"နောက် တတိယအကြိမ် ဒီလိုပဲ တဒင်္ဂဆုံလိုက်ခဲ့ရတယ် ဝမ်းနည်းစရာ၊ သနားစရာ၊ ရင်ထုမနာဖြစ်စရာက အကြီးအကျယ်ဆုံးသော နှလုံးသားရဲ့အကြီးအကျယ်ဆုံးသော ချစ်ခြင်းမေတ္တာကို
ဘီးယားထရစ်(စ်) မသိသွားရှာဘူး၊ ဘီးယားထရစ်(စ်)က တခြားလူတယောက်နဲ့ လက်ထပ်သွားပြီး အသက်သုံးဆယ့်ငါးနှစ်မှာ ကွယ်လွန်သွားရှာတယ်၊ ဒီတော့မှ ကိုယ့်ကိုမသိသော ကိုယ့်ချစ်သူအကြောင်း ဒန်းတီက စာတွေဖွဲ့တယ်၊ ခုတင်က ပြောတဲ့ ဘုံခန်းလင်္ကာကြီးကတော့ အထွက်အထိပ်ပဲ၊ ကိုယ်တို့ရဲ့ နေမိဘုံခန်းပျို့မှာ နေမိမင်းကြီးဟာ ငရဲတွေကို လဲလှည့်ကြည့်ခဲ့တယ်၊ နောက် နတ်ပြည်တွေကို လဲလှည့်ကြည့်ခဲ့တယ်၊ ဒန်းတီကလဲ ဒီလိုပဲ ငရဲခန်းတွေကို လှည့်ကြည့်ခဲ့တယ်၊ ကြောက်ဖွယ်၊ လန့်ဖွယ်၊ သံဝေဂရဖွယ် ငရဲခန်းတွေကနေ ကိုးဆင့်ရှိတဲ့ ကောင်းကင်ဘုံဆီ ဒန်းတီလှည့်ဖို့ ရောက်လာတယ်၊ ကောင်းကင်ဘုံဝကနေ သူ့ကို ဆီးကြိုနေသူကတော့ တဖက်သတ်သာသူအဝေးက ချစ်ခဲ့ရတဲ့ သူ့ချစ်သူ ဘီးယားထရစ်(စ်)ပေါ့၊ ဘီးယားထရစ်(စ်)က ဒန်းတီကိုကောင်းကင်ဘုံတခွင် လှည့်လည် ပြသတယ်၊
အမြင့်ဆုံးလဲဖြစ်၊ အမြတ်ဆုံးလဲဖြစ်တဲ့ အဆုံးအစမရှိ ကျယ်ပြောသမျှ အေးမြသာယာတည်ငြိမ်တဲ့ဘုရားသခင်ရဲ့ မေတ္တာတော် ရေပင်လယ်ကြီးကို လှမ်းဖူးမြင်ရတဲ့ဆီအထိ ဘီးယားထရစ်(စ်)က သူ့ကိုခေါ်သွားတယ်၊ ဂုဏ်မြောက်လှတဲ့ သူ့ကဗျာကြီးကကမ္ဘာကျော်တော့ အသက်ရှိစဉ်က မထင်ရှားခဲ့တဲ့ဖလောရင်း(စ်) မြို့သူလေး ဘီးယားထရစ်(စ်) ဟာလဲကမ္ဘာကျော်ပြီး သူ့နာမည်လေး သမိုင်းတွင်ခဲ့ရတယ်၊ မင်း အင်္ဂလိပ်အဘိဓာန် ကောင်းကောင်းမှာ ရှာ
ကြည့်၊ ဘီးယားထရစ်(စ်)ကို ဝေါဟာရတခု အဖြစ်အရေးတယူ ဖော်ပြပြီး ဒဗိုင်းကွန်မဒီထဲက ဒန်းတီရဲ့ချစ်သူပါလို့ ဖော်ပြပေးထား ရတယ်"

"အေး...စကားတောင် မပြောလိုက်ရဖူးတဲ့ ချစ်သူကို ကမ္ဘာ့သမိုင်းတွင်အောင် အချစ်ကြီးပြလိုက်တဲ့ ဒန်းတီရဲ့ အချစ်ကတော့ အံ့ဩစရာပဲ၊ ဒီလောက် ချစ်ရင်ကွာ၊ လူ့ဘဝမှာ သူရှိစဉ်က ချစ်တယ်လို့
ဒန်းတီက ဘာကြောင့်မပြောခဲ့လဲ"

ကိုယ် ရုတ်တရက်မဖြေနိုင်ပါ။ အတန်ကြာမှထင်မြင်ချက် ပေးမိသည်။

"အနုပညာရှင်တွေ၊ ကဗျာဆရာတွေ၊ စာရေးဆရာတွေရဲ့ အချစ်ဆိုတာက အများနားလည်တဲ့ အချစ်မျိုး မဟုတ်ဘူးနဲ့ တူပါတယ်ကွာ"

"ဘယ်လို" 

"အများနားလည်တဲ့ အချစ်ဆိုတာက ပိုင်ဆိုင်လိုတာပါ၊ ဘာကိုပိုင်ဆိုင်လိုတာလဲ၊ ကိုယ်ခန္ဓာကို ပိုင်ဆိုင်လိုတာ၊ ပေါင်းဆုံခြင်းဆိုတာကလဲ ဖောဋ္ဌဗ္ဗာရုံခြင်းပေါင်းဆုံမိတာကိုပဲ ခေါ်နေကြတယ် ထင်ပါရဲ့၊ အဲဒီအချစ်မျိုးနဲ့ အဲဒီပေါင်းဆုံခြင်းမျိုးက မကြမ်းတမ်းလွန်းဘူးလား၊ ဒီလိုကြမ်းတမ်းတဲ့ အချစ်မျိုးတွေကုန်ခန်းခြောက်သွေ့သွားတော့ ဘာဖြစ်မလဲ၊ ဘာဖြစ်တတ်တယ်ဆိုတာကို အင်္ဂလိပ်ကဗျာဆရာကြီး
ဒရိုင်းဒင် (Dryden) ကတော့ မကွယ်မဝှက်ပြောခဲ့တယ်"

"ဘယ်လိုပြောခဲ့တာလဲ"

"သူ့မိန်းမ မသေခင်ကတည်းက သူ့မိန်းမဂူမှာ ရေးထိုးဖို့ ကမ္ဗည်းကျောက်စာကို သူရေးထားခဲ့တယ်၊ အဲဒါကတော့...

Here lies my wife: here let her lie!
Now she's at rest. And soamI.

ကျုပ်ဇနီး ဒီမြေမှာ
လျောင်းရှာလေပေါ့
လျောင်းပါစေ ထာဝရ
သူ့ခမျာ ခုများမှ
အနားရရှာပေ
ကျုပ်လည်းလေ အခုမှ
ကောင်းကောင်းနားရ။...တဲ့၊"

"ကောင်းကြရော"

သိန်းလွင်က ရယ်မောပြီး မှတ်ချက်ချ၏။
လက်ထပ်ခြင်းဟာ အချစ်ရဲ့ သင်္ချိုင်းဆိုတာ
ဒါမျိုးကို ပြောတယ် ထင်တယ်။

"အင်း...ကြမ်းတမ်းတဲ့ ဖောဋ္ဌဗ္ဗာရုံ ချစ်ခြင်းတွေက ဒီဘူတာပဲ ဆိုက်ကြရမယ် ထင်တယ်"

"တခြား ဘယ်ချစ်ခြင်းမျိုးတွေ ရှိသေးလို့လဲ"

"ကိုယ့် အသက်က မကြီးသေးဘူး၊
ပညာလဲ မပြည့်စုံသေးဘူး၊ အတွေ့အကြုံလည်း နည်းလှပါသေးတယ်၊ မှားချင်မှားနေမယ်၊ ဒါပေမယ့်
ကိုယ် ဉာဏ်မှီသမျှ ပြောပြမယ်နော်"

"ပြောမှာပြောပါကွာ"

"အရွယ်လေးရောက်လာတဲ့ အခါမှာ တစုံတယောက်အတွက် ကိုယ်တို့နှလုံးသားထဲမှာ အချစ်ဆိုတဲ့သဘောလေး လင်းတောက်လာတယ်၊ အဲဒါဟာလူ့ဓမ္မတာမို့ ကင်းသူရှားလိမ့်မယ်၊ ဒါပေမယ့် အဲဒီအလင်းလေးဟာ နှလုံးသားကမ္ဘာမှာ ဒီ့ထက်ထိန်လင်းရမယ့် နေ့အတွက် ပျိုးတက်ပြလိုက်တဲ့ အရုဏ်ဦးလေးမျှသာလား၊ မာကျောတဲ့ နှလုံးသား မြေကြမ်းကို နူးညံ့ရုံ ဖျန်းချပေးလိုက်တဲ့ မိုးဦးမိုးပြေးလေးပေလား၊ နှလုံးသားက အလင်းရောင်ဟာ အရုဏ်ထက်လင်းရလိမ့်မယ်၊ နှလုံးသားမြေဟာလဲ ပျိုးပင်ပျိုးကောင်းတွေ ပေါက်နိုင်လောက်တဲ့အထိ နူးညံ့ပျော့ပျောင်းပြီး သိမ်မွေ့ပြည့်ဝရမယ်၊ အနည်းဆုံး ကဗျာဆရာ၊ စာရေးဆရာတွေအတွက် အဲဒီလိုအပ်ချက် ရှိတယ်လို့ ကိုယ်ထင်တယ်။"

သိန်းလွင်ကအတန်လေးကြာအောင်ငြိမ်နေပြီးမှရုတ်တရက်မေးသည်။

"သဇင်အတွက် မင်းအချစ်က အဲဒီအချစ်မျိုးဟုတ်လား"

"ဘာကွ"

"ငယ်သူငယ်ချင်း ချင်း ဖုံးမနေပါနဲ့ကွာ၊ ငယ်ငယ်တုန်းက မင်းနဲ့ သဇင်ဟာ တော်တော်ခင်ခဲ့ကြတာပဲ၊ တို့သူငယ်ချင်း၊ သူငယ်ချင်းမ တွေကြား မင်းတို့ ကွယ်ရာမှာ ပြောကြတယ်၊ မင်းတို့နှစ်ယောက်ဟာ ချစ်သူတွေပါလို့၊ အဲ...မချစ်ကြသေးရင်လဲ တနေ့ချစ်သွားကြမှာပါလို့၊ ခြံစိုက်၊ ပန်းစိုက်စားရတဲ့ မင်းနဲ့ ဘိလပ်ပြန် ဆရာဝန်ကြီးရဲ့ သမီးကြားမှာ ဘာတွေခြားနားနေကြတာ တို့သိကြပါတယ်၊ ဒါပေမယ့် အဲဒီခြားနားခြင်းတွေကို အချစ်စစ် အချစ်မှန်က ကျော်လွှားသွားမယ်လို့ တို့ယုံခဲ့တယ်။ ကျော်လွှားနိုင်ကြပါစေလို့လဲ တို့ ဝိုင်းဆုတောင်း ပေးကြတယ်။ ဒါပေမယ့် ဟိုတညနေက မင်းလုပ်ပုံကို ငါနားမလည်နိုင်ဘူး၊ မင်းဟာ၊ ခြံစိုက်စားနေတဲ့ ကောင်လေးတယောက် မဟုတ်တော့ဘူး၊ မင်းဟာ တက္ကသိုလ်ကျောင်းသားကြီး ဖြစ်နေပြီ၊နာမည်ကျော်စ ကဗျာဆရာစာရေးဆရာတောင် ဖြစ်နေပြီ၊ မင်းသဇင့်ကို သွားနှုတ်ဆက်ဖို့ ကောင်းတယ်၊ ခုတော့ မင်းကပုန်းရှောင်လာတယ် မင်းကို ငါနားမလည်ဘူး"

"နားလည်ပါကွာ၊ နားလည်ဖို့ မခက်ပါဘူး"

"ငါ့အတွက်တော့ ခက်တယ်"

"စောစောက လူ့ဓမ္မတာဆိုတဲ့ စကားကို ငါသုံးခဲ့ပြီးပြီ။ ငါ့ရင်မှာလဲ အရုဏ်နဲ့ပါ၊ မိုးဦး မိုးပြေးနဲ့ပါ၊ဪ...အဲဒီအရုဏ်လေး ရှိခဲ့တာကို ငါကျေးဇူးတင်တယ်၊ ဒါကြောင့်လဲ ငါအခုကဗျာဆရာ၊ စာရေးဆရာ ဖြစ်နေပြီ၊ ဒါပေမယ့် ငါ့ရဲ့နှလုံးသားမှာ အရုဏ်ထက်ပိုလင်းချင်တယ်ကွာ၊ ငါ့နှလုံးသား မြေမှာလဲ ခုထက်ပိုကောင်းတဲ့ ပျိုးပင်သစ်ပင်တွေ စိုက်ချင်သေးတယ်၊အများကြီး စိုက်ချင်တယ် ၊ဪ...မင်းက သဇင့်ဆီက ငါရှောင်ပုန်းထွက်လာတယ်လို့ ပြောတယ်၊ ငါမရှောင်ပုန်းပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ရှောင်ပုန်းဖို့မှမလိုဘဲ သဇင်က ငါနဲ့ အမြဲရှိနေတာ"

"ဘယ်လို...သဇင်က မင်းနဲ့ အမြဲရှိနေတယ်"

"ဟုတ်တယ်၊ အမြဲရှိနေတယ်၊ ဖန်တင်မ်လေးအဖြစ်"

"ဖန်တင်မ် အော့ဖ် ဒီလိုက်တ်၊ အတိုင်းမသိ ကြည်နူးဝမ်းသာခြင်း၏ အရိပ်အယောင် တန်ခိုးရှင်မ၊ ဒန်းတီရဲ့ ဘီးယားထရစ်(စ်)၊ ကောင်းကင်ဘုံဆီ သူခေါ်ပါလိမ့်မယ်"

"ဟာ...ကဗျာဆရာ၊ မင်းစကားတွေ ကြားရတာ ငါရူးတော့မယ် ထင်တယ်"

သိန်းလွင်က ရယ်မောပြီး နေရာမှ ထ၍ သူ့အခန်းသူ ပြန်သွားသည်။
ကိုယ်က စာဆက်ဖတ် နေသေးသည်။
ညဉ့်နက်မှ မီးလုံးပိတ်ပြီး၊ ပြတင်းဝမှာ ရပ်ကာ လရောင်မှ ညပြာပြာကို ကြည့်သည်။
ညဉ့်နက်မှ သဇင်နံ့တွေ ပိုသင်းနေသည်။
သဇင် သင်းသော တညနေကိုလည်း ပြန်သတိရသည်။
သဇင့်ကို မပြောပြမိခဲ့သော ရှယ်လီ၏ ကဗျာလေးကိုလည်း ပြန်သတိရမိသည်။
တနေ့နေ့တော့ ပြောပြနိုင်မည် ထင်သည်။
သဇင့်ကိုရော...။ ဪ...ကိုယ့်စာဖတ်သူများကိုပါ။

သဇင်တွေလဲ အကြိမ်ကြိမ် ပွင့်ခဲ့သည်။ နှင်းလေးတွေလဲ ဤမြေဆီ အကြိမ်ကြိမ် လာခဲ့သည်။
လောကဆိုသည်က အစဉ်ပြောင်းလဲနေသည်။ အချိန်ဆိုသည်က အမြဲရွေ့နေသည်။
အဟောင်းတို့ ကြွေလေတော့ အသစ်တို့ ဝေစမြဲ။ ထိုဝေလာသော အသစ်တွေထဲတွင် မမုန်းနိုင်၊ မရိုးနိုင်သော၊ အလှလေးတွေကိုလည်း ပြန်တွေ့ရမြဲ။
ဤ သဘောကို ကိုယ်၏ ချစ်လှစွာသော သဘာဝအလှစာဆိုကြီး ဝါ့ဒ်စ်ဝါတ်သ်က စပ်ဆိုခဲ့သည်။

"My heart leaps up when I be hold
A rainbow in the sky:
So was it when my life began,
So is it now I am a man,
So be it when I shall grow old,
Or let me die!
The child is father of the Man,
And I could wish my days to be
Bound each to each by natural piety"

"ကောင်းကင်ထက်
သက်တံ့ရောင်စုံ မြင်သောအခါ။ ။

နှလုံးရယ် စွေ့ခုန်တတ်
နှစ်သက်မိ ရင်တွင်းမှာ။ ။

ငယ်စဉ်က သည်နည်း
ကြီးတော့လည်း သည်လို
အိုသည့်တိုင် သည်ပုံပဲ
အမြဲတမ်း ရှိချင်လှ
မရှိက မနေချင်တာ
ပျင်းပါဘိ သည်ဘဝ။ ။

ကလေးအရွယ် ဆိုသည်က
လူကြီးဘဝ ဖခင်ပါ
ထာဝစဉ် နှောင်တွယ်ယှက်လို့
ဘဝရက်များ သစ္စာနွယ်
မပျောက်ပြယ် အလှပန်း
လန်းစေချင်စွ။ ။

ဝါ့ဒ်ဇ်ဝါတ်သ် ကတော့ ကောင်းကင်မှ သက်တံ့ရောင်စုံကို မြင်သောအခါ ငယ်စဉ်တုန်းက အတိုင်းပင် နှစ်သက်ရင်းက သူ့နှလုံးခုန်ဆဲပါဟု ဆိုခဲ့သည်။
ကိုယ်ကတော့ သဇင်နံ့တွေကို ရလျှင်၊ နှင်းလေးတွေကိုမြင်ရလျှင်၊ နှစ်သက်ရင်းက ကိုယ့်နှလုံးခုန်သည်။

---

ဪ...နတ်တော်၊ ပြာသို...စာဆိုတော် လရာသီ။
ကိုယ်က စင်မြင့်ပေါ်မှ နေ၍ စကားပြောရင်း ပရိသတ်ကြီးကို မြင်နေရသည်။
မြို့က မော်လမြိုင်။ ကိုယ့်မြို့။ တောတောင် ရေမြေကလည်း ကိုယ်ချစ်သော တောတောင် ရေမြေ။
ပြီးတော့...ကိုယ်ချစ်သော သဇင်နံ့တွေ။ နှင်းလေးတွေ။

ဪ...မမေ့နိုင်သော...ချစ်သော...အတိတ်တွေ။

ဘဝရက်များကို တစုံတရာသော သစ္စာနွယ်က နှောင်တွယ် ယှက်ထားသည်။
ဟို...ကြာမြင့်ခဲ့သော တချိန်၌ ကိုယ်က သစ်ပင်စိုက်ပန်းစိုက်စားရသော ကောင်လေး တကောင်။
ယခုတော့ ရန်ကုန်တက္ကသိုလ်မှ နည်းပြဆရာ။ ပြည်သူချီးမြှောက်ခံရသော ကဗျာဆရာ၊ စာရေးဆရာအဖြစ် ကိုယ့်မြို့ဆီ ပြန်ပြီး စာပေဟောပြောရသည်။
 ကိုယ်က စာပေဟောပြောတိုင်း ခေါင်းစဉ်တပ်ပြီး ဟောပြောသည်။ တောင်စဉ် ရေမရ လျှောက်ဟောခြင်းကို ကိုယ်မပြု။ ယနေ့ ကိုယ်ဟောသော ခေါင်းစဉ်က...

"သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ"

အမှန်က ဟိုတချိန်၌ သိန်းလွင်နှင့် ပြောစဉ်က အမြူတေလေး စဖြစ်လာခဲ့သည့် အကြောင်း။

"ကမ္ဘာဦးအစတည်းက ချစ်ခြင်းမေတ္တာနဲ့ စာပေတွေခွဲမရတာကို ကျွန်တော် အထူး ပြောဖို့ မလိုပါဘူး၊ထင်ရှားတဲ့ စာဆိုကြီးတွေရဲ့ ဘဝကို ကြည့်လိုက်ရင်လဲ အနုပညာ ဖန်တီးမှု တွန်းအားကိုပေး
တဲ့ အရိပ်အယောင် တန်ခိုးရှင်မလေးတွေ နှလုံးသားမှာ ကိုယ်စီနဲ့။"

"အရှင် မဟာရဋ္ဌသာရမှာ ကဝဏ္ဏပဘာ၊
နဝဒေးမှာက ရှင်နှောင်း၊ နတ်သျှင်နောင်မှာက ဓာတုကလျာ၊ မောင်ဖေငယ်မှာက ဒိုင်းခင်ခင်...အသီးသီးရှိကြတယ်။ ကမ္ဘာက စာဆိုတွေ ဘက်ကြည့်
လိုက် ပြန်တော့လဲ ဒန်းတီ ဆိုတဲ့ စာဆိုကြီးမှာ ကဘီးယားထရစ်(စ်) ဆိုတဲ့ ချစ်သူရှိတယ်။ ပီးထရား(ခ်)မှာ ကလော်ရာ။ ဝိုင်းယက်မှာက
 အင်းန်ဘိုလင်။ ဘိုင်ရွန်မှာက ဪဂတ်စတာ။ကိ(တ်)(စ်)မှာက ဖန်နီဘရွန်နီ စသဖြင့် အသီးသီးရှိကြပြန်တာပဲ။"

"ချစ်တတ်သော နှလုံးသားကမှ လှလှပပစကားပြောတတ်တယ် ထင်တယ်။ ဒါမှမဟုတ်
ချစ်တတ်မှပဲ နှလုံးသားက လှလှပပ
စကားပြောတတ်လာတယ် ထင်တယ်။
အလှကို ပိုင်ဆိုင်ချင်တဲ့ အချစ်တည်ရာ နှလုံးသားဟာလဲ လှလာပြီး လှလှပပ စကားပြောတတ်လာတယ် ထင်တယ်။

ပလေတိုးကြီးက ပြောတယ်။ သာမန်လူသားတွေ စချစ်တတ်တဲ့ အလှဟာလဲ ဆန့်ကျင်လိင်ရဲ့ အလှပါတဲ့။

လူ့ဓမ္မတာအရ အဲဒါကလဲ ငြင်းလို့မရတဲ့ သဘော။
ဒါကြောင့်လဲ စာဆိုတော်အသီးသီးရဲ့ နှလုံးအိမ်မှာချစ်သူဟာ အရိပ်အယောင်ရှင်မအဖြစ် နေရာယူထားကြတယ်။ ဝါ့ဒ်ဝါတ်သ်ကတော့ ချစ်သူကို အတိုင်းမသိ ကြည်နူး၊ ချမ်းသာခြင်းကို ပေးတဲ့အရိပ်အယောင် တန်ခိုးရှင်မလို့ အမည်ပေးခဲ့တယ်။
 အရိပ်အယောင် တန်ခိုးရှင် မဟာနှလုံးအိမ်မှာ နေရာယူမိရင် တသက် သူမခွာတော့ဘူး။

ရှယ်လီရဲ့ ကဗျာလေးတပုဒ်ကို သွားသတိရမိတယ်။

Music, when soft voices die,
Vibrates in the memory ...
O dors, when sweet violets sicken,
live with in the sense they quicken,
Rose leaves, when the rose is dead,
Are healed for the beloved's bed:
And sothy thoughts.
When thou art gone
Love it self shalls lumber on.

ဪ...တချိန်က ဟောသည်လို ဘာသာပြန်မိခဲ့ဖူးတယ်။

ချိုတေးသံလေမှာ စဲသော်လည်း
မှတ်သညာ ဝိဉာဏ်ထဲမှာ
လှိုင်းခွပ်ဆဲဂီတယဉ်။ ။

ပန်းမာလာ ရော်ကာညှိုးသော်လည်း
ရနံ့ငယ်ထုံ အခိုးရယ်က
လှုံနှိုးရာ အာရုံတွင်းမှာ
သင်းစံလျက်ပင်။ ။

နှင်းဆီကြွေ ဇီဝိန်ကင်းသော်လည်း
ပွင့်လွှာရွှေ ခြွေသန့်ရှင်းပါလို့
ဖြန့်ကျင်းပုံခဲ့ မွေ့ရာပြင်
ချစ်ကြင်သူ စက်ရာခင်း။ ။

ဪ...ခင်းလျှင်လေ
ကိုယ့်ထံမှောက်က
ကွယ်ပျောက်ဘယ်ဆီ ဝေးသော်လည်း
အတွေးမှာဖြင့် စက်ပျော်ရွှင်
အချစ်လျှင် ရင်မှာမှိန်းလို့
ကိန်းစံလျက်မင်း။ ။

ခေါမတွေကတော့ စာပေ၊ ကဗျာတွေကို ဖန်ဆင်းစိုးမိုးတဲ့ မူးဇ် (Muse) လို့ခေါ်တဲ့ နတ်သမီးကိုးဖော်ရှိသတဲ့။
မူးဇ် (Muse) တွေ ရှိ မရှိတော့ မသိဘူး။ နှလုံးသားက အရိပ်အယောင် တန်ခိုးရှင်မ ရှိတာကိုတော့ ကျွန်တော် သိတယ်။

ဪ...ချစ်သူအတွက် အချစ်ဆိုတာက အရုဏ်လို့ကျွန်တော်ထင်တယ်။ အရုဏ်လာမှ မိုးလင်းပါတယ်။
အလင်းဓာတ်က နုနုနယ်နယ် ဒီက စတယ်လို့ကျွန်တော် ထင်တယ်။

စာဆို နှစ်မျိုးတော့ရှိလေရဲ့။ ကန့်သတ်အမြင်သာရှိတဲ့ စာဆိုနဲ့ ကန့်သတ်မဲ့ အမြင်ရှိတဲ့ စာဆို။
ချစ်သူအတွက် အချစ်မှာတွင် အိပ်မောကျကျန်နေသူဟာ ကန့်သတ်အမြင်ရှိတဲ့ စာဆိုသာ ဖြစ်ပေလိမ့်မယ်။ ကျွန်တော်တို့ စာပေက နတ်သျှင်နောင်တို့၊ နဝဒေးတို့လို၊ သူတို့ စာပေက ဝိုင်းယက်တို့၊ ဘိုင်ရွန်တို့လို။

ချစ်သူအတွက် အချစ်ဆိုတဲ့ အရုဏ်နဲ့တော့ စခဲ့တယ်။ ဒါပေမယ့် သူ့နှလုံးသားမှာ မိုးစင်စင်လင်းခဲ့တယ်။ သူကတော့ ကန့်သတ်မဲ့ အမြင်ရှိတဲ့ စာဆို ဖြစ်လာတယ်။ ကျွန်တော်တို့ စာပေနယ်က အရှင်မဟာရဋ္ဌသာရလို။ သူတို့စာပေနယ်က ဒန်းတီတို့လို။

ကမ္ဘာ့ဘာသာရေးသဘောကို လေ့လာကြသူတွေကပြောတယ်။ သမိုင်းဦးအစတည်းက လူတွေဟာ အလင်းဓာတ်ရဲ့တန်ခိုးနဲ့ အမှောင်ဓာတ်ရဲ့ တန်ခိုးဆိုပြီး တန်ခိုးနှစ်မျိုးရှိကြတာကို သိကြသတဲ့။
အလင်းဓာတ်က ကျန်းမာခြင်းနဲ့ ပညာဉာဏ်ရှင်သန်ခြင်းနဲ့ အသက်ကို ကိုယ်စားပြုသတဲ့။ အမှောင်ဓာတ်ကတော့ ရောဂါဘယနဲ့၊ အဝိဇ္ဇာ၊ ပျက်ယွင်းခြင်းနဲ့ သေခြင်းကို ကိုယ်စားပြုလေသတဲ့။

ကမ္ဘာဦးအစတည်းက အလင်းဓာတ်နဲ့ အမှောင်ဓာတ်ဟာ ထာဝရ စစ်ခင်းနေသတဲ့။ ဒီနေ့အထိ လူသားကမ္ဘာမှာ အလင်းဓာတ် နေရဲ့နာရီတွေနဲ့ အမှောင်ဓာတ်ညရဲ့ နာရီတွေဟာ အရှည်အဓွန့်တန်း
တူ ညီနေသေးသတဲ့။

အမတ ဆိုတဲ့ သေခြင်းကင်းရာ အလင်းဓာတ်ကိုညွှန်ပြတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးများဟာလဲ ဒီကမ္ဘာမှာ တပါးပြီးတပါး ပေါ်လာကြပြီး လူသားသတ္တဝါတွေကို အမှောင်ဓာတ်ဘေးက ကယ်တော်မူကြပါသတဲ့။

---

(အပိုင်း ၄ - ဇာတ်သိမ်းပိုင်း) ဆက်ရန်

တင်ခဲ့ပြီးသော အခန်းများ ဖတ်ရန် Link - https://m.facebook.com/story.php?story_fbid=208164111710728&id=100075514226170&mibextid=Nif5oz

#တက္ကသိုလ်ဘုန်းနိုင်
#သဇင်ခင်းသည့်ချစ်ခြင်းမွေ့စက်ရာ

#shared_by_louis_augustine
#sbla

Comments