သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ (အပိုင်း ၂) // တက္ကသိုလ်ဘုန်းနိုင်

သဇင်ခင်းသည့် ချစ်ခြင်းမွေ့စက်ရာ (အပိုင်း ၂) // တက္ကသိုလ်ဘုန်းနိုင်

(လုံမလေးမဂ္ဂဇင်း၊ အတွဲ-၆၊ အမှတ်(၁၂)၊ ၁၉၉၀၊ဒီဇင်ဘာ)
    
---

"သဇင့်စကားလေးတွေက သိပ်လေးနက်တယ်၊ သဇင့်ရဲ့ အဖိုးတန်လှတဲ့ ခွဲခွာမှုနှုတ်ဆက်စကားအဖြစ် ကိုယ်မှတ်ထားလိုက်ပါ့မယ်၊တသက်လုံးမှတ်ထားလိုက်ပါမယ်သဇင်"

"သူ့ကိုကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သဇင့်မှာ နှုတ်ဆက်စကားတခုကျန်သေးတယ်"
           
"ပြောပါ သဇင်"
           
"သဇင် ဒီကိုလာတုန်းကတော့ အဲဒီစကားကိုပြောဖို့ စိတ်ကူးမရခဲ့ပါဘူး၊ဒါပေမယ့် သူရွတ်ပြတဲ့ရှယ်လီရဲ့ စကားကြောင့် သဇင်ပြောချင်လာတယ်"
             
သဇင်က တွေတွေလေးဆိုင်းနေပြန်၏။ လေးနက်သောစကားလေးပြောချင်လျှင် သဇင်သည် ဤအတိုင်းစဉ်းစားတတ်သည်ကို ကိုယ်သိပြီးပြီ။ 
        
သူပဲ ပြောပြခဲ့တယ်လေ၊ အရှင်မဟာရဋ္ဌသာရဟာ ကလေးဘဝကတည်းက ကဗျာစပ်နိုင်ခဲ့တယ်တဲ့၊ အင်္ဂလိပ် ကဗျာဆရာကြီးအလက်ဇင်းဒါးပုပ်ဟာ လေးနက်လှတဲ့ "တကိုယ်တည်း ဆိတ်ငြိမ်ရာ"
ဆိုတဲ့ (Solitude) ကဗျာကို ဆယ့်နှစ်နှစ်သားမှာစပ်ခဲ့တယ်တဲ့၊ စိတ်မဆိုးနဲ့နော်၊ သူပြောတာကို မယုံတယုံမို့ ဖေဖေ့ကို သဇင်ပြောပြမိတယ်၊ ဖေဖေကဟုတ်တယ်တဲ့၊ အဲဒါမျိုးတွေလူ့သမိုင်းမှာ အများကြီးရှိတယ်တဲ့၊ 
မိုးဇာတ် (Mozart) ဆိုတဲ့ဂီတပညာရှင်ကြီးဟာ သူ့ရဲ့ပထမဆုံး ဆနားတား (Sonata) ဆိုတဲ့ဂီတသံစဉ်ကြီးကို ဖွဲ့တုန်းက ခြောက်နှစ်သားသာပဲ ရှိသေးတယ်တဲ့၊ ဂေါက်စ်(Gauss) ဆိုတဲ့သင်္ချာနဲ့ရူပဗေဒ ပညာရှင်ကြီးဟာ နောင်ကို ဂေါက်စ်နိယာမလို့ခေါ်တဲ့ သင်္ချာကိန်းသေနည်းကိုတွေ့စဉ်က မူလတန်းကျောင်းသား
ပဲရှိသေးတယ်တဲ့၊ အဲဒီကလေးမျိုးတွေကို (Child Prodigy) ပါရမီရှင်ကလေးလို့ခေါ်တယ်တဲ့"
             
သဇင်ကချောမွတ် အေးချမ်းစွာ ပြောနေ၏။ ဘာကိုဦးတည်ဆိုချင်နေမှန်း မသိသဖြင့် ကိုယ်က ငြိမ်နားထောင်နေ၏။ 
            
"သဇင်တို့ရှစ်တန်းအောင်ပြီးကြတော့ သူငယ်ချင်းတွေ စုပြီး စိတ်ကူးယဉ်ကြတာလေ၊ တက္ကသိုလ်ဝင်တန်းအောင်ရင် ဆရာဝန်ဘက် လိုက်မယ်ပြောသူကပြောတယ်၊ အင်ဂျင်နီယာဘက်လိုက်မယ် ပြောသူ
ကပြောတယ်၊ သစ်တော၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဘူမိဗေဒ အို...စုံနေတာပဲ၊ အားလုံးလိုလိုက အသက်မွေးဝမ်းကျောင်းပညာတွေဘက်ပဲ စိတ်ကူးယဉ်ကြတယ်၊ သူတယောက်ပဲ ဝိဇ္ဇာယူမယ်လို့ပြောတယ် စာရေးဆရာ၊ ကဗျာဆရာ လုပ်ချင်လို့တဲ့...နော်"
           
သဇင်က ပြုံးပြုံးလေးနှင့်ကိုယ့်ကိုကြည့်သည်။ 
        
"စာရေးဆရာ၊ ကဗျာဆရာဘဝဟာအောင်မြင်ဖို့မလွယ်ဘူး၊ အောင်မြင်တောင်မှမချမ်းသာနိုင်ဘူး၊ သူ...တကယ်ရွေးတယ်နော်"
          
ဤသည်ကိုတော့ ကိုယ်ခေါင်းညိတ်ပြမိ၏။ 
          
"သူ့သတ္တိကို သဇင်ချီးမွမ်းပါတယ်၊ သူက စာ သိပ်တော်တယ်၊ သူလိုချင်ရင် ဘယ်လိုင်းဖြစ်ဖြစ်ရမှာပဲ၊ ဒါပေမယ့် သူကစာပေတွေပဲ ဝါသနာပါတယ်၊ အင်္ဂလိပ်စာဆိုရင်လေ ကျောင်းသားတိုင်းလိုလို ကြောက်ကြတယ်၊ ကျူရှင်တွေလဲယူလိုက်ကြတာ၊ သူကတော့ အင်္ဂလိပ်စာလဲ တော်တယ်၊ အင်္ဂလိပ်ကဗျာတွေတောင်ဖတ်နိုင်တယ်။"
             
"အဲဒါကတော့...ဆရာဖရန်စစ်သင်ပေးလို့ ပါ"
               
"ဟုတ်ပါတယ်၊ ဆရာဖရန်စစ်က ဆီဆိုင်လာလို့ ကဗျာတွေအကြောင်းပြောပြလာတဲ့အခါတခြား ကျောင်းသားတွေက ကြောက်လို့သာ ငြိမ်နားထောင်နေကြတာ စိတ်မဝင်စားဘူး၊ နားလဲမလည်ကြဘူး၊ 
သူကတော့ ခုံခုံမင်မင်၊ လေးလေးစားစား၊ နားထောင်တယ်၊ မေးလိုက်တာလဲစုံနေတာပဲ၊ နေဦး...ခု လက်ထဲက ကဗျာစာအုပ်ဘယ်ကရသလဲ"
                 
"မနှစ်က ဆရာဖရန်စစ်က ကိုယ့်ကို ခရစ္စမတ်လက်ဆောင်အဖြစ်ပေးတာ"
               
"သူ ဒီထဲက ကဗျာတွေကို အကုန်နားလည်ပြီလား"
                  
"အို ...ဘယ်နားလည်နိုင်ပါဦးမလဲ သဇင်၊ နားလည်တဲ့ဟာလေးတွေတော့ နားလည်တယ်၊ ကိုယ့်ဘာသာကိုယ်ကြံဆလို့ မရတာတွေကျတော့ ဆရာ ဖရန်စစ်ကို မေးကြည့်ရတာပေါ့"
             
"အင်းလေ...တနေတော့ သူ အကုန်နားလည်လာမှာပဲ၊ 
သူက ခုတင်က ပါဠိနဲ့ သက္ကတတောင်ခွဲပြောနေသေးတာပဲ၊ သူလဲ ချိုင်းလ်ပရိုဒဂျီလားမှမသိဘဲ"
               
"အဲဒီလောက်တော့ ကိုယ့်ကိုအထင်မကြီးလိုက်ပါနဲ့သဇင်၊ ကိုယ်ဟာ ကြိုးစားနေသူ၊ မှတ်နေသူ၊ တုနေသူ၊ စုနေသူ ဒီလောက်ပဲ ရှိပါသေးတယ်"
                
"ဘယ်အထိကြိုးစားမှာလဲ"
           
ကိုယ် ဘာဖြေရမှန်း မသိ။ သဇင်က အသာရယ်သည်။ 
        
"သူ မဖြေဘူး၊ သဇင်ကပဲ ဖြေပေးပါ့မယ်၊ ပိုးစုန်းကြူးလေးကနေ ကြယ်မင်းကြီးဖြစ်လာတဲ့အထိ၊ ဟုတ်တယ်မဟုတ်လား"
             
"သူကြယ်မင်းကြီးဖြစ်လာပါစေလို့ သဇင်ဆုတောင်းပေးတယ် သူနာမည်ကျော် ကဗျာဆရာ၊ စာရေးဆရာကြီးဖြစ်လာရင် သဇင်သိပ်ဂုဏ်ယူမှာပဲ၊ သူ့ပရိတ်သတ်ထဲမှာလေ သဇင်ထိပ်က ရှိနေမယ် သူကြိုးစားနော်"

ကိုယ် ဘာဖြေရမှန်းမသိပြန်။ 
             
"ဟေး...သူ၊ ဖြေဦးလေ"
            
"ဘာဖြေရမလဲ"
                
"အဖြေမသိဘူးလား၊ မရှိဘူးလား"
                  
ကိုယ်သက်ပြင်းချ၏။ 
                
"ကိုယ်ကြိုးစားပါမယ်၊ သဇင် ဂုဏ်ယူနိုင်လောက်အောင် ကိုယ် အစွမ်းကုန် ကြိုးစားပါမယ်"
          
ကိုယ့်ကို တချက်ပြုံးကြည့်ပြီးသဇင်က နေရာမှထ၏။ 
            
"ကဲ...နေဝင်တော့မယ်၊ သဇင်ပြန်တော့မယ်နော်"
            
"ခဏလေးနေဦးနော် သဇင်၊ ကိုယ်ပေးစရာရှိတယ်"
                
ကိုယ်က ခွာပြာရုံကြီးရိပ်၌ ကိုယ်အသင့် လုပ်ထားသည့်အရာလေးများကို ယူခဲ့သည်။ 
                
"ဟောဒီသဇင်ပန်းတွေကတော့ သဇင်ပန်ဖို့၊ ဟောဒါကတော့"
                    
ကိုယ်က သဇင်ဥလေးတွေကို မြှုပ်စိုက် စည်းနှောင်ထားသည့် မျိုးဥစည်းအား သဇင့်ကိုပေးသည်။ 

"မျိုးဥသစ်လေးတွေပါ၊ ဒီနှစ်တော့ မပွင့်သေးဘူး၊ သဇင် ယုယပြုစုနိုင်မယ်ဆိုရင်တော့ နောင်နှစ်ခါမှာ သူတို့ ပွင့်လိမ့်မယ်"
                 
"အို...သူပေးတဲ့လက်ဆောင်၊ သဇင်ပြုစုယုယမှာပေါ့"
                    
ငှက်ပျောဖက်နှင့်ထုပ်ထားသော သဇင်ပန်းတွေကို သဇင်က လက်တဖက်နှင့်ကိုင်ထားသည်။ သဇင် မျိုးဥစည်းကို အခြား လက်တဖက်နှင့်ကိုင်မြှောက့်ကြည့်ရာမှ သဇင်ကရုတ်တရက် ဆို၏။ 
               
"သဇင်မျိုးဥ လက်ဆောင်ပေးမှ သတိရတယ်၊ သူပေးမယ်ဆိုတဲ့ တခြားလက်ဆောင်တခုကော"
                
"ဘာလဲ သဇင်"
                 
"ကြည့်...၊မေ့ပြီလား၊ ဟိုနေ့က သူငယ်ချင်းတွေစုလုပ်တဲ့နှုတ်ဆက်ပွဲမှာ ခွဲခွာခြင်းရဲ့ အထိမ်းအမှတ်လက်ဆောင်ကဗျာ သူစပ်ပေးမယ်ဆိုတာလေ"

"ဪ"
              
"ဟော...သူ့မျက်နှာကြီးက ဘာဖြစ်သွားရတာလဲ"
              
"ဟိုသင်း...၊ကိုယ့်...ကိုယ့်ကဗျာကမပြီးသေးဘူး၊ ကိုယ့် ကဗျာတောင်မဟုတ်ပါဘူး၊ ရှယ်လီရဲ့ကဗျာပါ၊ ကိုယ့် အဆင့်က တုနေတုန်းအဆင့်ပါလို့ ကိုယ်ဝန်ခံထားသားပဲ၊ သူငယ်ချင်းတွေတိုက်တွန်းတာမို့၊ အဲဒါလေးကို ဘာသာပြန်စပ်မယ်လို့ ကိုယ် စိတ်ကူးတာပါ"
                  
"အင်းလေ၊ အဲဒါ မပြီးဘူးလား"
               
"မပြီးတာ မဟုတ်ဘူး၊ ကိုယ် မစပ်တော့တာ"
             
"ဘာဖြစ်လို့"
                
"အစက မသိဘူး၊ ခုတော့သိတယ်"
                
"ဘာသိတာလဲ"
                
"သတိညာဏ်ပညာနဲ့ ယှဉ်တဲ့ အသက်လေကိုပဲ သဇင်ပြောသလို ကိုယ်ရှူတော့မယ်"
          
မျက်မှောင်လေးတွန့်ပြီး သဇင်ကကိုယ့်ကိုကြည့်၏။ 
                  
"သူက သဇင့်စကားနဲ့သဇင့်ကိုပြန်ပဟေဠိ ဝှက်သလား"
                 
"မဟုတ်ရပါဘူး သဇင်၊ သဇင့်စကားက အဖိုးတန်ပြီး၊ 
လေးနက်လှပါတယ်၊ ကိုယ် တသက်လုံး မှတ်ထားပါ့မယ်လို့ ကတိပေးပြီးပါရောလား ရှယ်လီ့ ကဗျာကတော့ သတိ ဉာဏ်ပညာထက်
နှလုံးသားကများ သိပ်...သိပ် စကားပြောလေသလားလို့ ကိုယ်ထင်မိတယ်၊ အဲဒါကြောင့် ကိုယ်မစပ်မိတာ ခွင့်လွှတ်ပါ"
              
သဇင်၏ မျက်လုံးလေးများက ကိုယ့် မျက်လုံး များကို အတန်ကြာ စိုက်ကြည့်နေသည်။ 
            
ကိုယ်ကလည်း သဇင့်မျက်လုံးပြာများကို ပြန်စိုက်ကြည့်မိသည်။ 
          
တစုံတရာက ကြယ်နှယ် တဖျပ်ဖျပ်လက်သည်။ ခဏပါ။ 
                
"သဇင် သွားတော့မယ်"
           
မျက်လွှာလည်းချ၊ ခေါင်းလည်းငုံ့၊ ကိုယ်လည်းလှည့်ပြီးသဇင်က ကိုယ့်အပါးမှ ထွက်ခွာသွားသည်။ 
           
နေဝင်စောသော လဖြစ်သောကြောင့် ညနေမှာ မှောင်ရီပျိုးပြီ။ နှင်းပြာပြာ ကမ္ဗလာလည်း ကျလေပြီ။ 
          
ဪ...ကိုယ့် သဇင်နီလာ အရိပ်အယောင်ရှင်မလေးလည်း နှင်းပြာတွင်းမှာ ပျောက်သွားပြီ။
           
အနောက်ဘက်ကောင်းကင်မှာတော့ ခရမ်းရင့်ရောင်တိမ်မြူတွေကြားမှာ ရွှေရောင်လက်တံ အလင်းဖြာမှုက ကျန်နေလေသေးသည်။ 
         
ထိုစဉ် လေမှာ ခေါင်းလောင်းသံများပျံ့လွင့်လာသည်။ အစကတော့ သဲ့သဲ့။ နောက်တော့ ပီသကျယ်ထင်လာသည်။ အစကတော့ ခေါင်းလောင်းသံတသံတည်း။ နောက်တော့ ခေါင်းလောင်း အများသံ။ 
           
ဪ...သည်နေ့က ခရစ္စမတ်နေ့ပါတကား။ 
ကိုယ်က ကိုယ့်နေရာလေးတွင် ကိုယ်ပြန်ထိုင်သည်။ 
ကိုယ့်ကဗျာစာအုပ်လေးကို ကိုယ် အမှတ်မထင် ပြန်ဖွင့်မိသည်။ 
       
အလင်းရောင်နည်းနေပြီဖြစ်သော်လည်း စာလုံးများကို မြင်နိုင်သေးသည်။ ကဗျာလေး တပိုဒ်ကို တွေ့ရသည်။ ရှယ်လီ့ ကဗျာတော့မဟုတ်ပါ၊။ တင်နစ်ဆင် (Tennyson) ၏ကဗျာ...။

"Ring out, wild bells, to the wild sky, 
The flying cloud, the frosty light:
The year is dying in the night:
Ring out, wild bells, and let him die. 
Ring out the old, ring in the now, 
Ring, happy bells, across the snow:
The year is going, let him go:
Ring out the false, ring in the true. 
Ring out the grief that saps the mind, 
For those that here we see no more:
Ring out the feud of rich and poor, 
Ring in redress to all manking"

"လွတ်လပ်လှသည့်
မြူးကြွလေသော
ခေါင်းလောင်းတွေရယ်။ 
ကောင်းကင်ယံ နယ်အရိုင်းက
တိမ်တိုက်ပျံ အုံ့တမှိုင်းနှင့်
မြူဆိုင်းသော အလင်းမှုန်ကို
သင့်သံစုံ ချိန်မညောင်းဘဲ
မောင်းထုတ်လိုက်ကွယ်။ 
အသက်ကယ် ငင်ပြီကော။ 
လွတ်လပ်လှသည့်
မြူးကြွလေသော
ခေါင်းလောင်းတွေရယ်
နှစ်ဟောင်းကိုမောင်းနှင်ထုတ်
သူ့ခမျာဇီဝိန်ငုပ်
ချုပ်ပါလေသား။ 
အဟောင်းကို မောင်းကာပင်
အသစ်ကိုတည့် ယူခဲ့တယ်။ 
နှင်းဖုံးမြေ ထိုတကြော
ပျော်ရွှင်သော ခေါင်းလောင်းသံတွေ
သောင်းသောင်းညံ ဝေစည်မြူး
ကျူးကြပါကွယ်။
နှစ်ဟောင်းကတော့ ယွန်းမည့်ရွယ်
အိုတယ်တည့် တို့မတား။ 
ပျော်ရွှင်သောခေါင်းလောင်းတွေ
မောင်းထုတ်လေ အယောင်အတု
ဟန်ဆောင်မှုပစ်ကာပယ်
ဆောင်ခဲ့ကွယ် အမှန်ဓမ္မ
သစ္စတည့်တရား။ 
သည်မြေမှာဝိပ္ပယော
မမြင်တော့သော သူတို့တာ။ 
စိတ်အခြေ နှိပ်လေစက် ရတတ်ကဖြာ။ 
ခေါင်းလောင်းငဲ့ သံသာသာ
မောင်းထုတ်ပါ သောကဘေး။
ဋ္ဌေးသူနှင့် မွဲသူ
မကြည်ဖြူရန်အစ
ဒေါသလည်း မောင်းထုတ်ပါ
အပေါင်းလူသတ္တဝါတွက်
ခုံသမ္မာပြန်လည်ရှုသည့်
တရားမှုစီရင်လွှာ
မင်္ဂလာသည်ဆုတောင်းကို
ခေါင်းလောင်းချို
သယ်ဆောင်ကျဉ်းလို့
သွင်းယူခဲ့လေး။ ။

ကိုယ်ကလည်း ဆုတောင်းမိသည်။ မောင်းထုတ်လိုက်ပါ။ ကိုယ့် နှလုံးသားမှ နှင်းဆီကို မောင်းထုတ်ပေးပါ။ သဇင်ကိုသယ်ခဲ့ပါ။ 

သယ်ခဲ့ပေးပါ။

ဪ...ကိုယ့်ဆုတောင်းနှင့်ကိုယ်။

မွန်ပြည်နယ် ဒေသကောလိပ်မှ ဒုတိယနှစ်အောင်ပြီးသောအခါ အင်္ဂလိပ်စာ အဓိကဖြင့် ကိုယ်က ပညာရေးတက္ကသိုလ်တွင် လာတက်ရသည်။ ထိုစဉ်က အင်္ဂစာအဓိက ဘာသာကို ပညာရေးတက္ကသိုလ်မှာသာ သင်ပေးသောကြောင့် ကိုယ်က ပညာရေးတက္ကသိုလ်ကျောင်းသားတွေကို ထားသော နဝဒေးဆောင်မှာ နေရသည်။

ပညာရေးတက္ကသိုလ်၏ နောက်ကျောဘက်မှာက "ကင်တင်း" ဟုခေါ်သောစားသောက်ဆိုင် တွေရှိသည်။ အစားအသောက် စုံစုံနှင့် ကောင်းကောင်းရပြီး ဈေးလည်း ချိုသင့်သမျှ ချိုသောကြောင့် လူစည်သည်။ အခြားကျောင်းများ၊ ရုံးများမှ လူတွေပင် လာစားသောက်တတ်ကြသည်။

ကိုယ်က "ကင်တင်း" တွေမှာ ထိုင်ခဲသည်။ ထိုင်ခဲသည် ဆိုခြင်းထက် မထိုင်နိုင်ဟုဆိုလျှင် ပိုမှန်ပေလိမ့်မည်။ ကိုယ်က ကိုယ့်နဝဒေးဆောင်၊ ကိုယ့် တက္ကသိုလ်စာသင်ခန်း ကိုယ့်တက္ကသိုလ်စာကြည့်တိုက်...အဲသည်တွေမှာသာ မွေ့လျော် ကျက်စားသည်။

ဪ...အပြီးသတ်ကျတော့ ဘဝဆိုသည်မှာမွေ့လျော် ကျက်စားခြင်းပါ။ ကိုယ့်ဘာသာ ကိုယ့်ပါရမီ၊ ကိုယ့်ဝါသနာနှင့် ကိုယ်ရွေးရာ ဩကာသမှာကိုယ်တည်မှီ ဖြစ်ရှိခြင်းပါ။ ကိုယ်ရွေးရာမှာ
 တည်မှီဖြစ်ရှိခွင့်လေး ရတော့ အင်း...မွေ့လျော်သည်။

ကိုယ့်ကို အခွင့်ပေးသော ကိုယ့်ဩကာသမှာ အသိဉာဏ်ပညာနှင့်ယှဉ်သော အသက်လေကိုရှုရင်း ကိုယ်မွေ့လျော် ကျက်စားနေသည်။

ဤသည်အတွက်လည်း ကိုယ့်မှာ နောင်တပူပန်မရှိပါ။ ကိုယ်စိတ်ချမ်းသာပါသည်။

နှင်းမှုန်သော ဆောင်းတရက်တွင်တော့ ကင်တင်း မထိုင်ဖူးသော ကိုယ်ကထိုင်မိသည်။ ထိုင်မိသည်မှာလည်း အဆင့်မြင့်ပညာဦးစီးဌာနနှင့် တဝင်းတည်း၌ရှိသည့် ဆေးတက္ကသိုလ်ခွဲ၏ ကင်တင်း တခုမှာ။

ကိုယ်နှင့်တဆောင်တည်းနေသော မော်လမြိုင်မှ ဘီအီးဒီ သင်တန်းတက်သည့် သိန်းလွင်နှင့် ကိုယ့်ကို ဆေးတက္ကသိုလ်တက်နေသော မော်လမြိုင်မှသူငယ်ချင်းများက ဆွဲခေါ်သွားသောကြောင့်
 ဖြစ်လေသည်။

ညနေစောင်းပြီ ဖြစ်သောကြောင့် ကျောင်းလာကြိုကြသော ကားကြီး၊ ကားငယ်ကားသစ်၊ ကားကောင်းတွေက တစီးပြီးတစီး ဆိုက်လာနေကြသည်။
လက်ဖက်ရည်သောက်ရင်းက စိုးထိုက် ဆိုသည့်သူငယ်ချင်းက မေးသည်။

"ဟေ့...သိန်းလွင်နဲ့ နှင်းမောင်၊ မင်းတို့ပညာရေးတက္ကသိုလ်နဲ့ တို့ဆေးတက္ကသိုလ်၊ ကားကောင်း ဘယ်ကပိုများလဲ"

သိန်းလွင်က ပြုံးလဲ့လဲ့နှင့် ဖြေ၏။

"မင်းအဲဒါသိချင်ရင် တို့ပညာရေးတက္ကသိုလ်က တီတီစီလို့ ခေါ်နေကြသေးတဲ့ အခြေခံသင်တန်းကျောင်းဆင်းချိန် လာကြည့်ပါလား"

မြမင်း ဟုခေါ်သည့် အခြား သူငယ်ချင်းတဦးက တားမြစ်ရင်းအကြံပြုသည်။

"စိုးထိုက်၊ အဲဒါ သွားမပြိုင်နဲ့၊ ဟိုသင်း အဲ...ကျောင်းသူချင်းပြိုင်ပါလား"

"ဘယ်လို"

တို့ဆေးတက္ကသိုလ်က ကျောင်းသူတွေနဲ့ ပညာရေးတက္ကသိုလ်က ကျောင်းသူတွေ ဘယ်သူက ပိုချောလဲလို့"

စိုးထိုက်က နှာခေါင်းရှုံ့ပြ၏။

"မင်းဘိုးအေ၊ အဲဒီတော့မှ ရှုံးမှာ၊ တို့ကျောင်းသူတွေက စာကို အသေအလဲ ကျက် ကြိုးစားလာတဲ့ စာကြမ်းပိုးမလေးတွေ၊ အများစုက ပိန်တာလေးတွေ၊ ကုပ်ချိလေးတွေ၊ ရှိုက်ကုန်းလေးတွေ မင်းနှင်းမောင်တို့ အင်္ဂလိပ်စာ မေဂျာက ကောင်မလေးတွေကြည့်စမ်း အားပါးပါး၊ ဝတ်တာ၊ စားတာက အစ၊ ထိပ်ဟေ့...ထိပ်...ထိပ်"

ဪ...ဒါ့ကြောင့် မင်းဟိုဘက် ကင်တင်း သွားသွားထိုင်နေတာလား။

စိုးထိုက်က ရယ်ကျဲကျဲလုပ်နေ၏။

ထိုအခိုက်တွင် ဂိလင့်တ်အမျိုးအစား ချောကလက်နုရောင် ကားလှလှကြီးတစီးက ဝင်လာပြီး နေရာလွတ်တခုသို့ နောက်ဆုတ်ချိုးဝင်နေ၏။

မြဝင်းက လေတချက် ချွန်လိုက်ပြီးဆို၏။

"စိုးထိုက်က သူ့အင်္ဂလိပ် မေဂျာက ကောင်မလေးကို
တလောကလုံးမှာ အလှဆုံးလို့ ဆိုချင်တာနဲ့ ကိုယ့်ကျောင်းက ကျောင်းသူတွေကို မလှဘူးလို့ပြောတယ်၊ စပျစ်သီးချဉ်ပြတာကွ မယုံကြနဲ့၊ ခဏစောင့်ကြည့်နေကြ၊ လမင်းကြီးသာလာလိမ့်မယ်"

ဟုတ်ကဲ့။ မကြာပါ။
လမင်းကြီး သာလာသည်။

မြရင့်ရောင် စိမ်းစိမ်း လွယ်အိတ်လေးကို လွယ်ထားသည်။

အင်္ကျီလေးက အဖြူ၊ ထဘီလေးက မိုးပြာရောင်၊ လည်ဆီ ဝဲဆင်းကျနေသော ဆံပင်ဆံအုပ်ကပိတုန်းရောင်။

ဖိုင်တွဲစာအုပ်ကို ပိုက်ထားသော လက်လေးတဖက်က ဝါဝင်းသည်။ လက်ဖျံပေါ်တွင် ဆင်ထားသော တကွင်းတည်းသော လက်ကောက်လေးနှင့် ပြိုင်လျက် ဝါဝင်းသည်၊ ငွေငန်းဖြူ လည်တိုင်ကြော့၌ ဆင်ထားသော တကုံးတည်းသော ဆွဲကြိုးလေးနှင့် ပြိုင်လျက်ဝါဝင်းသည်။

မျက်နှာက လမင်း။ အဝေးကပင် သိသာထင်ရှားသော မျက်လုံးပြာပြာ ဝန်းဝန်းက ကြယ်မင်း။

လစကြာနှင့် ကြိုင်ပြိုင် ဥတော့သည်။

ကိုယ်က မျက်လွှာချပစ်လိုက်သည်။ ကိုယ့်မျက်နှာ ကိုယ်လည်း ကွယ်ရန် တဖက်သို့ လှည့်လိုက်မိ၏။
စိတ်တွင်းမှာတော့ ကဗျာလေးတွေ ပေါ်လာသည်။

"စံခိုင်းလှော်သစ်၊ ရွှေနှယ်နှစ်မျှ။
တင်ပြစ်မစက်၊ လဲ့လဲ့ညက်ကို။
ထက်နေဘုံနေ၊ ခုသာကြွေသို့..."

ဤသည်ကနတ်သျှင်နောင်ပါ။

"I saw her upon nearer view,
Aspirit, yet a women too!"

"အနီးကပ်လာမှ
လှနတ်ကို ကိုယ်မြင်ရခဲ့
ဝိညာဉ်ဘုံ အရှင်မနှင့်
မိန်းမလှလည်း ဟုတ်သေးသည်။"

ဤသည်က ဝါ့ဒ်ဇ်ဝါတ်သ် (Wordsworth)
မြမင်းကဆိုသည်။

"သဇင်တဲ့၊ တို့တက္ကသိုလ်ရဲ့ သဇင်၊ အမှန်က တလောကလုံးရဲ့ သဇင်၊ အဲဒီလို ပြောရင်ပိုမလား...၊ဪ... သူတို့ မော်လမြိုင်မှာ နေသွားဖူးတယ်တဲ့"

သိန်းလွင်က ကိုယ့်ကို ကြည့်သည်။ မျက်နှာကို တည်တည်ထားရင်း ကစားပွဲအောက်မှ သူ့ခြေကို ကိုယ့်ခြေနှင့်ကန်ပြီး ကိုယ်က သတိပေး၏။

မြမင်းက မုဒုံသား၊ စိုးထိုက်က သထုံက၊ မွန်ပြည်နယ် ဒေသကောလိပ်ကျမှ သူငယ်ချင်း ဖြစ်လာသူတွေ။
သိန်းလွင်နှင့် ကိုယ်ကသာ မော်လမြိုင်သား။ သဇင်နှင့် အတူ ကျောင်းနေကြဖူးသည်။

စိုးထိုက်ကပြောသည်။

"ဟေ့ကောင်...မြမင်း၊ မင်းက နှင်းမောင်တို့၊ သိန်းလွင်တို့ အသိဆိုရင် ဝင်ရော မိတ်ဖွဲ့ပြီး အနားကပ်မလို့လား၊ မလုပ်နဲ့နော်၊ သူ့အဖေက ဆာဂျရီပါမောက္ခ၊ တို့အတန်းကြီးရောက်ရင် တွေ့ရမှာ ပြောမှား၊ ဆိုမှား၊အလုပ်မှား မပြုလေနဲ့"

မြမင်းကမေး၏။

"မင်းတို့ သဇင်နဲ့ မသိဘူးလား"

သိန်းလွင်က ကိုယ့်ကိုကြည့်ပြန်၏။ ကိုယ်က ပြောရသည်။

"ဦးတိုးရဲ့ သဇင်ပန်း ရကန်က ကဗျာကို ကိုယ်ရွတ်ပြမယ်"

"ဘာ"

"ဝေယံနန်းမြင့်၊ပင်တိုင်းတင့်မို့၊
မြို့ဝန်မင့်စာ၊လိပ်မပါဘဲနှင့်၊
ကွယ်ရာဈေးပြင်၊ရောင်းလို့များမြင်မလာ့၊
သေချင်သေ၊ ရှင်ချင်ရှင်၊
အင်မတန်အင်မတန်၊ရာဇဝတ်တော်ခံရသည်...တဲ့"

ဂဲလင့်တ် ကားကြီးက ထွက်သွားသည်။ နှလုံးသားမှ အပညနေမှာ လရောင်ကြယ်ရောင် ပျောက်သွားသည်။

"မင်းကဗျာက ဘာပြောတာလဲ"

"ဦးတိုးက သူ့သဇင်ကို ဘုန်းနှင့်ကံနှင့်ရွှေသဇင်လို့ ဖွဲ့ခဲ့တယ် နေရောင်မခံ၊ပန်းပျံပင်ဆင့်လို့လဲ ခေါ်ခဲ့တယ်၊အေး...သိန်းလွင်တို့ ငါတို့နဲ့ သဇင် သိဖူးပါတယ်၊ ဒါပေမယ့် သဇင်က ဟိုးကတည်းက ကားစီးတယ်၊ သိန်းလွင်နဲ့ ငါက စက်ဘီးတောင်မစီးနိုင်ဘဲ မြေမှာလမ်းလျှောက်သူတွေ၊ ခုသဇင်က နှစ်သိန်းကျော်တန်ကားကြီးနဲ့ထွက်သွားတာ မင်းတို့ မြင်သားပဲ၊ သိန်းလွင်နဲ့ ငါက မြေပေါ်မှာ လမ်းလျှောက်တုန်း၊ ဉာဏ်မီသမျှ ကြည့်တော့လဲ မြေပေါ်မှာပဲ လမ်းလျှောက်
နေကြရဦးမှာပဲ၊ ဒီတော့ သဇင်က တို့အတွက် ပန်းပျံပင်ဆင့်၊ အဲ့ဒါပါပဲ"

သူငယ်ချင်းတွေက နားလည်ဟန်ဖြင့် ရယ်ကြသည်။
ထိုညနေက သူငယ်ချင်းတွေနဲ့ ခွဲပြီး သိန်းလွင်နှင့် ကိုယ်က မြေပေါ်တွင် လမ်းလျှောက်လျက် နဝဒေးဆောင်သို့ ပြန်လာခဲ့ကြသည်။

ငြိမ်လျှောက်နေရာမှ သိန်းလွင်က ခေါ်သည်။

"နှင်းမောင်"

"အင်း"

"သဇင့်ကို ပန်းပျံပင်ဆင့်လို့ မင်းခေါ်တာ ငါ့ရင်ထဲမှာတမျိုးပဲ၊ ခိုက်တယ်၊ မင်းဘဝကိုအရှုံးပေးထားသလိုပဲ"

"ဘဝကိုအရှုံးပေးဖို့လဲ မလိုပါဘူး၊ အနိုင်ယူဖို့လဲမလိုပါဘူး"

"နို့...ဘာလုပ်မလဲ"

"အသိဉာဏ်ပညာနဲ့ ယှဉ်တဲ့ အသက်လေကို ရှူရင်းလျှောက်ရမယ်"

---

(အခန်း ၃) ဆက်ရန်

တင်ခဲ့ပြီးသော အခန်းများ ဖတ်ရန် Link - https://m.facebook.com/story.php?story_fbid=208164111710728&id=100075514226170&mibextid=Nif5oz

#တက္ကသိုလ်ဘုန်းနိုင်
#သဇင်ခင်းသည့်ချစ်ခြင်းမွေ့စက်ရာ

#shared_by_louis_augustine
#sbla

Comments