ကြိုး // ဂျူး

ကြိုး // ဂျူး

(၁၉၉၄ခု၊ ဩဂုတ်လ၊ မြားနတ်မောင် မဂ္ဂဇင်း)

---

ကျွန်တော် စဉ်းစားခဲ့မိသမျှ ကြိုးတချောင်း၏ အသုံးဝင်ပုံများတွင် ထူးဆန်းသော အသုံးပြုနည်း တနည်း အကြောင်း ထပ်မံဖြည့်စွက် လိုက်ရသည့် အချိန်တွင် ကျွန်တော့်အသက် ၁၀ နှစ်သားသာ ရှိသေးသည်။

ထိုအချိန်က ကျွန်တော့်အတွက် မြင်မြင်သမျှသည် ပျော်ရွှင်ကျေနပ်စရာတွေချည်း ဖြစ်၏။

ကျွန်တော့်မိဘများသည် သာမန် လက်လုပ်လက်စားဆင်းရဲသားများသာ ဖြစ်သော်လည်း သူတို့သည် ရရာဘဝမှာ ရရာငွေကြေးဖြင့် ရောင့်ရဲကျေနပ်ကြသူများ ဖြစ်သည်။ တခါတခါ နောက်တနေ့ နံနက်မှာ ထမင်းချက်ရန် ဆန်မရှိ။ သို့သော် ထိုညများတွင် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။ အိပ်မက်ထဲမှာ ကျွန်တော်မက်သမျှ အရာထဲတွင် ( သူငယ်ချင်းတယောက်အိမ်မှာ ကျွန်တော် မြင်တွေ့ခဲ့ရသော ) ပုဇွန်ထုတ်ကွေးကြီးများပင် ပါဝင်တတ်သေးသည်။ ကျောင်းမှာ စာအုပ်ဖိုး၊ တံမြက်စည်းဖိုး၊ သောက်ရေအိုးစင်ဖိုး မပေးနိုင်သည့် ရက်များတွင် ကျွန်တော်သည် ကျောင်းလစ်ပစ်လိုက်ရုံမှတပါး အခြားဖြေရှင်းစရာနည်းလမ်းမရှိခဲ့ပေ။ သို့သော် ကျွန်တော်တို့ ကြာရှည်စိတ်ညစ်နေခဲ့ခြင်းမရှိ။ ကျွန်တော်တို့ ဘဝမှာ ထမင်းနပ်မှန်အောင် စားနိုင်ဖို့ အတွက် စိတ်ဝင်စားစရာ အရာများစွာ ရှိနေသေးသည်။ ထို့ပြင် ကျွန်တော့် မိဘများသည် ရှေးဘဝအတိတ်၏ ကုသိုလ်ကံကို ယုံကြည်သက်ဝင်သူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း ဤဘဝမှာ ဒေါသများ၊ နာကျည်းမှုများ၊ အံ့သြတုန်လှုပ်မှုများ ကင်းဝေးခဲ့ခြင်း ဖြစ်ပါလိမ့်မည်။

ကျွန်တော် ကျောင်းသွားရာလမ်းတွင် လှပမြင့်မားသော အိမ်ကြီး တအိမ်ရှိသည်။ ထိုအိမ်၏ ပိုင်ရှင် ဦးလေးကြီးသည် ကျွန်တော့်ကို သနားကရုဏာသက်စွာ မုန့်ဖိုးပေးလေ့ ရှိသောကြောင့် ထိုအိမ်သို့ ကျွန်တော် မကြာခဏသွားရောက်လေ့ရှိပါသည်။ ထိုအိမ်သည် အသက် ၁၀ နှစ်အရွယ် ဆင်းရဲသား ကလေးတယောက်အတွက် နန်းတော်ကြီးတမျှ ခမ်းနား ကျယ်ဝန်းလှပါသည်။ အခန်းတခုထဲတွင် ကျွန်တော်မတ်တပ်ရပ်နေသော အခါ လေးဘက်လေးတန်က နေရာများသည် ကျွန်တော်နှင့် အဝေးကြီးဝေးနေပြီး မော့ကြည့်သောအခါ ကျွန်တော့်အထက်တည့်တည့်က ကြီးမားခိုင်ခန့်သော ထုတ်တန်းကြီးများသည် ကျွန်တော်၏ သေးကွေးမှုကို သရော်လှောင်ပြောင်နေသယောင်ရှိ၏။

ထိုဦးလေးကြီးတွင် အလွန်ရယ်စရာကောင်းသော ကြောင်တကောင်နှင့် ကြောက်စရာကောင်းသော ခွေးတကောင်ရှိသည်။ ထိုခွေးမှာ နာမည်ရှိသော်လည်း ထိုနာမည်ကို ကျွန်တော်မမှတ်မိတော့ပါ။ ခွေးသည် ကျွန်တော့်ရင်ဘတ်လောက် အရပ်မြင့်ပြီး ကျွန်တော့်ထက် သုံးဆလောက် ဝဖြိုးသည်။ သူ့အမွှေးများမှာ အညိုရောင်တွင် အနက်ရောင် ရောလျက် တောက်ပနေသည်။ ခွေး၏မျက်နှာက ကျွန်တော့်မျက်နှာထက် ကြီးမားသည့်အပြင် ခွေး၏ သေးငယ်ရိုင်းစိုင်းသော မျက်လုံးတဝိုက်တွင် မဲနက်သော အမွေးများ ပေါက်နေသောကြောင့် ခွေးသည် ကျွန်တော့်အတွက် အလွန်ကြောက်စရာကောင်းပါသည်။

ပထမဦးဆုံး ခွေးနှင့်ကျွန်တော် ရင်ဆိုင်ရသောနေ့ကို ကျွန်တော်မမေ့နိုင်ပါ။ ထိုနေ့က ကျွန်တော် မနက်စာဘာမှ မစားခဲ့ရသောကြောင့် ကျောင်းသွားရင်း ဦးလေးကြီးခြံထဲက မာလကာသီးများကို ခြံအပြင်မှ ဝါးခြမ်းတချောင်းဖြင့်ခူးရန် ကြိုးစားခဲ့ရ၏။ သို့သော် ကျွန်တော့်ဒုတ်ကို ပြန်ဆွဲလိုက်သောအခါ ဝါးခြမ်းအကွဲရာကလေးထဲမှ မာလကာသီးလွတ်ထွက်ကာ ခြံဝင်းထဲ ကျကျန်နေခဲ့သည်။ ထိုအချိန်တုန်းက ထိုခြံထဲတွင် ကြောက်စရာကောင်းသော ခွေးတကောင်ရှိမှန်းသိခဲ့လျှင် ခြံဝင်းထဲ ခိုးဝင်ဖြစ်မည်မဟုတ်ပါ။ ကျွန်တော် ခြံထဲ လှစ်ခနဲဝင်ပြီး မာလကာသီးရှိရာ ပြေးသွားခိုက်မှာပင် မျက်နှာချင်းဆိုင်မှ ခပ်မဲမဲအရာတခု ကျွန်တော်ရှိရာသို့ အရှိန်ပြင်းစွာ နီးကပ်လာသည်ကို သိလိုက်ရ၏။ သို့သော် ထိုအရာသည် ခွေးတကောင်ဖြစ်သည်ဟု သိလိုက်ချိန်တွင် ကျွန်တော် ရှောင်ရန် အလွန်နောက်ကျသွားခဲ့ပြီ။ ကျွန်တော်ထိတ်လန့်တုန်လှုပ်စွာ ကြောင်အသွားခိုက်တွင် ဦးလေးကြီးက သူ့ခွေးကို တစုံတခု အော်ဟစ်လိုက်သောကြောင့် ကျွန်တော် သက်သာရာရသွားသည်။ ထိုချိန်တွင် ခွေး၏နှုတ်သီးက ကျွန်တော့်မျက်နှာနှင့် သုံးလက်မလောက်ပဲကွာတော့သည်။

ထိုနေ့က မာလကာသီးစာရင်း ကျွန်တော်နှင့် ဦးလေးကြီး အသိမိတ်ဆွေဖြစ်သောအခါ ကျွန်တော် ခွက်ထိုးခွက်လန် ရယ်မောမိသည်။

ကြောင်၏ အမွေးက ကိုယ်ခန္ဓာတခြမ်းမှာ အဖြူ၊ တခြမ်းမှာ အမဲရောင် ဖြစ်သည်။ နှုတ်ခမ်းမွှေးက တဖက်မှာ တိုပြီး တဖက်မှာ အရှည်ကြီးဖြစ်သည်။

“ တယောက်ယောက်က စိတ်တိုပြီး ကတ်ကျေးနဲ့ ကိုက်ပစ်လိုက်တာ ဖြစ်မှာပေါ့ကွာ ”

ဦးလေးကြီးက ခပ်ပြုံးပြုံး ပြောခဲ့၏။

ကတ်ကျေးနဲ့ ကိုက်မှာဖြင့်လည်း နှစ်ဖက်လုံး ကိုက်လိုက်ရောပေါ့ဟု ကျွန်တော့်ဖာသာ ကျွန်တော်တွေးရင်း ဟက်ဟက်ပတ်ပတ်ရယ်မိသည်။ ကျွန်တော်ရယ်မောသည်ကို ထိုဦးလေးကြီးက ငေးမောကြည့်နေခဲ့သည်။

“ မနက်စာ စားစရာမှရှိလို့ ဘာမှ မစားရခဲ့တဲ့ ကလေးတယောက်က ဒီလိုရယ်နိုင်သလား ”

“ ဟား၊ ဦးလေးကြီးကလဲ၊ ဒါများ အထူးအဆန်းကျနေတာပဲ ”

ကျွန်တော်တို့ မိသားစုအတွက် ရယ်စရာများစွာ ရှိကြောင်း ဦးလေးကြီးကို ကျွန်တော်ပြောပြခဲ့တော့ သူအံ့သြနေသည်။

ဦးလေးကြီးကတော့ ငွေကြေးချမ်းသာကြွယ်ဝသူ တဦးဖြစ်သည်။ စျေးထဲတွင် အထည်ဆိုင် နှစ်ခန်းတွဲ ဖွင့်ထားသူဖြစ်သည်။ ရှေးခေတ်က ဆယ်တန်းအောင်ထားသောကြောင့် ပညာတတ်တဦးဟု ပြောမည်ဆိုက ပြောနိုင်သည်။ ခြံဝင်းထဲတွင် သစ်ပင်၊ ပန်းပင်များကြောင့် စိမ်းလန်းအေးမြလျက်ရှိပြီး အသီးအနှံ ပန်းပွင့်များကို ရောင်းရသည့် ပိုက်ဆံတွေက အများကြီး။ အဝီစိတွင်းတူးထားပြီး ရေရောင်းရသည့် ပိုက်ဆံတွေက အများကြီး။ ကျွန်တော်သည် ထိုဦးလေးကြီး၏ ပိုက်ဆံများ ထားစရာနေရာမှ ရှိပါ့မလားဟု ကလေးတွေးဖြင့် တွေးကြည့်ခဲ့မိဖူးသည်။

ဦးလေးကြီးသည် ကျွန်တော်တို့ထက်ပင် ဘဝကို ပျော်ရွှင်ကျေနပ်သူ တဦးဖြစ်လိမ့်မည်။ ဦးလေးကြီးစိတ်ညစ်တာ ကျွန်တော် တခါမှ မမြင်ဖူးပေ။ ဦးလေးကြီးသည် ရပ်ကွက်ထဲတွင် လူတွေက လေးစားရိုသေခံရသူ တဦးလည်း ဖြစ်သည်။

ဦးလေးကြီး၏ အသက်ကင်းမဲ့သော ခန္ဓာကိုယ်ကြီးကို ပထမဦးဆုံးတွေ့လိုက်ရသူမှာ ကျွန်တော်မဟုတ်သောကြောင့် ကျွန်တော်ကံကောင်းသည်ဟု အမေကပြောပါသည်။

“ အဲလိုမျိုး အဖြစ်အပျက်တွေကို ကလေးတွေ မကြည့်ကောင်းဘူး ” ဟု အမေကပြောတော့ ကျွန်တော် စိတ်ပါလက်ပါ ခေါင်းညိတ်ခဲ့မိသည်။ တကယ်လည်း ထိုအချိန်က လူသေကို ကျွန်တော်အလွန်ကြောက်ခဲ့ပါသည်။

သို့သော်ဦးလေးကြီးဘာကြောင့် ရုတ်တရက် သေဆုံးလိုက်ရသလဲဟု ကျွန်တော်နားမလည်နိုင်စွာ တွေးနေမိသည်။ ကျွန်တော့်လိုပင် ကျွန်တော်တို့ရပ်ကွက်က လူတွေလည်း စိတ်ဝင်စားစွာ အဖြေရှာကြသည်။ ကျွန်တော်တို့မြို့က လက်ဖက်ရည်ဆိုင်တွေမှာ ဦးလေးကြီး အကြောင်းသည် စိတ်ဝင်စားစရာ ဘာသာရပ်တခုအဖြစ် လပေါင်းများစွာ တည်ရှိနေခဲ့ဖူးသည်။

ထူးဆန်းသည်မှာ ဦးလေးကြီးသည် သူ့ကြောင်နှင့်ခွေးကို အိမ်အနီးအပါး မည်သူ တဦးတယောက်ထံမျှ အပ်နှံမထားခဲ့ခြင်းပင် ဖြစ်သည်။ သူသေဆုံးမှ အိမ်နီးချင်းတယောက်က ကြောင်ကို တာဝန်ယူကျွေးမွေးရပြီး အခြားတယောက်က ခွေးကို တာဝန်ယူရပါသည်။ နောက်ထပ် ထူးဆန်းသည့်အကြောင်းမှာ သူ့ကြောင်သည် နောက်တလအကြာတွင် သေဆုံးသွားပြီး သူ့ခွေးသည် ခြောက်လအကြာတွင် သေဆုံးသွားခြင်းပင် ဖြစ်ပါသည်။ ထိုအဖြစ်အပျက်ကို အမေ့အား ပြောပြတော့ အမေက သိပ်မထူးဆန်းသလိုပင် ပြုံးခဲ့၏။

“ ခွေးတွေ ကြောင်တွေဟာ သူတို့သခင်ကို သိပ်တွယ်တာတာ သားရဲ့၊ သခင်မရှိတော့ သူတို့သေမှာပေါ့။ ဒါ လွမ်းနာကျတယ် ခေါ်တယ် ”

သို့သော် ဦးလေးကြီးနှင့် ပတ်သတ်၍ အထူးခြားဆုံး အဖြစ်တခုကိုတော့ အမေကိုယ်တိုင်လည်း တအံ့တသြ စိတ်ဝင်စားခဲ့၏။ ဦးလေးကြီးသေဆုံးသောအခါ ဦးလေးကြီး၏ အိမ်တွင် ငွေစက္ကူတချပ်မျှပင် မတွေ့ရခြင်းအကြောင်းပင် ဖြစ်ပါသည်။ တာဝန်ရှိသူများက အိမ်ထဲမှာ ရှိသမျှ ဘီရို၊ သေတ္တာ၊ စာအုပ်အားလုံးကို လှန်လှောဖွင့်လှစ် ရှာကြည့်ခဲ့သော်လည်း ငွေစက္ကူတချပ်တလေမျှ မတွေ့ခဲ့ရပါ။ ဦးလေးကြီးသည် ဘဏ်မှာလည်း ငွေစာရင်းဖွင့်ထားသူ မဟုတ်ဟု အချင်းချင်းပြောဆိုဆွေးနွေးကြတာ ကျွန်တော်ကြားဖူးသည်။ ဦးလေးကြီးသည် ကျန်ရစ်သမျှ မြို့သူမြို့သားအားလုံးအား သူနှင့်ပတ်သတ်သည့် ပဟေဠိတခု အောင်မြင်စွာ ဝှက်သွားခဲ့သည်ဟု လူကြီးသူမများ ပြောတာ ကျွန်တော် ယခုတိုင် သတိရနေပါသည်။

ဦးလေးကြီး၏ ငွေစက္ကူပဟေဠိကို လူတော်တော်များများ အဖြေရှာဖို့ ကြိုးစားကြဖူး၏။ သူတို့မအောင်မြင်ကြပါ။ သူတို့သည် ငွေစက္ကူများကို ဘယ်မှာမှ မတွေ့ပါ။ ငွေစက္ကူမှ တဖြစ်လဲနိုင်သည့် ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာများကိုလည်း သူတို့မတွေ့ကြပါ။ ဦးလေးကြီးနှင့်ပတ်သတ်၍ သူတို့ ရှာဖွေတွေ့ရှိခဲ့သည်မှာ စာရွက်အပိုင်းကလေး တစသာ ဖြစ်သည်။

ထိုစာရွက်ကလေးသည် ဦးလေးကြီး၏ အလောင်းရှိရာ မီးဖို၏ စားပွဲပေါ်မှာ လုံးခြေလျက်သားရှိသည်ကို ရက်တော်တော်ကြာမှ သူတို့တွေ့ခဲ့ကြသည်ဟု ဆိုပါသည်။ ဦးလေးကြီးကို ကောင်းကောင်းသိသူများက “ ဒါသူ့လက်ရေးပါပဲ ” ဟု တညီတညွတ်တည်း အတည်ပြုထောက်ခံကြ၏။ သူသည် တခုခုကို စာဖြင့်ရှင်းပြဖို့ ကြိုးစားခဲ့သလားဟု လူကြီးများက အချင်းချင်းဆွေးနွေးကြသည်။ သို့သော် ဤစာရွက်ကို “ စာ ” ဟု သူတို့မခေါ်နိုင်ကြပါ။ စာဆိုလျှင်လည်း မရေးဖြစ်သောစာသာ ဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ဦးလေးကြီးသည် စာလုံးလေး ငါးလုံးကိုသာ ရေးသွားသောကြောင့် ဖြစ်သည်။

“ ခင်ဗျားအနားမှာ ... ”

ထိုစာလုံးကလေးငါးခုသည် မည်သူ့အတွက်မျှ မည်သည့် အဓိပ္ပာယ်မျှ မဆောင်ခဲ့ပါ။

သူသည် စာရေးရင်း အလုပ်တခုခု ထလုပ်ပြီး စာပြန်ရေးဖို့ မေ့လျော့သွားလေသလား။ သို့မဟုတ် မရေးတော့ပါဘူးဟု ဆုံးဖြတ်လိုက်လေသလား။ စာရွက်ကလေးကို သူကိုယ်တိုင်ပဲ လုံးချေခဲ့သလား။ သို့မဟုတ် အခြားတယောက်ယောက်က လုံးချေလွှင့်ပစ်ခဲ့သလား။ သူကိုယ်တိုင်လုံးခြေခဲ့သည် ဆိုလျှင် ဖြစ်သွားသော အဖြစ်အပျက်သည် တာဝန်ရှိပုဂ္ဂိုလ်များ နားလည်ထားသည့် အတိုင်းပင် ဖြစ်သည် ဟုဆို၏။ အကယ်ဤသာ ၍စာရွက်ကို လုံးချေသူသည် အခြားတယောက်ယောက် ဖြစ်ခဲ့လျှင် ...။ သူတို့သည် မူလလက်ခံထားသော အယူအဆကို ပြောင်းပြန်လှန်ပစ် ရတော့မည်ဟု ဆို၏။ မည်သို့ဆိုစေ ဦးလေးကြီး၏ ပဟေဠိသည် ဆယ်နှစ်သားအရွယ် ကလေးတယောက်အဖို့ မည်သို့မျှ နားမလည်နိုင်သော အရာသာ ဖြစ်သည်။ လူကြီးများအတွက် ထိုပဟေဠိသည် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ စိတ်ဝင်စားစရာ ဖြစ်ခဲ့သော်လည်း ကျွန်တော့်အတွက်တော့ သိပ်မကြာမီပင် မေ့ပျောက်သွားခဲ့သည်။ ကျွန်တော်မှာ အခြားစိတ်ဝင်စားဖွယ် အရာများစွာ ရှိသေးသည် မဟုတ်လား။

ဦးလေးကြီးကို ကျွန်တော်လုံးဝမေ့ပြီဟု ထင်ခဲ့သည်။

သို့သော် ကျွန်တော်တကယ်တော့ မမေ့ပါ။ နောက်ထပ်ဆယ်နှစ်အတွင်း ကျွန်တော်ဦးလေးကြီးကို တခါတရံမှသာ သတိရခဲ့တာ မှန်ပါသည်။ သို့သော် ယခု နှစ်ပေါင်း သုံးဆယ်ကြာလာသော အချိန်တွင်တော့ သူ့အကြောင်းမကြာခဏ တွေးမိသည်။ ဒါကလည်း ထူးဆန်းစွာ ပြောင်းလဲလာသော ကျွန်တော့် စိတ်အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါသည်။ ငယ်ငယ်တုန်းက ကျွန်တော် သိပ်စိတ်မဝင်စားခဲ့သော ဦးလေးကြီး၏ ပဟေဠိကို ယခုနောက်ပိုင်း ကျွန်တော် တဖြည်းဖြည်း စိတ်ဝင်စားလာခဲ့သည်။

ကျွန်တော်သည် အရာရာတွင် အကြောင်းပြချက် ရှိရမည်ဟု သတ်မှတ်ချက်ချကာ အဖြစ်အပျက်အားလုံး၌ အကြောင်းအရင်းကို ရှာဖွေတတ်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ဦးလေးကြီး၏ ကိစ္စတွင် ဘာကြောင့်ဟူသော အကြောင်းအရင်းကို နက်နက်နဲနဲ ရှာဖွေစဉ်းစားမိ၏။ ကျွန်တော်၏ အားလပ်ချိန်များတွင် ကျွန်တော့်အာရုံ၌ စိုးမိုးနေသော အရာမှာ ကိစ္စတရပ်ဖြစ်ပေါ်စေသော အကြောင်းအရင်းများပင် ဖြစ်သည်။

အကျိုးနှင့်အကြောင်း ဆက်စပ်၍ ရသော ကိစ္စများတွင် ကျွန်တော် ဖြောင့်တန်းစွာ ကောက်ချက်ဆွဲလိုက်နိုင်သော်လည်း အကျိုးနှင့်အကြောင်း ဘယ်လိုမှ ဆက်စပ်၍ မရသော အချို့ကိစ္စများတွင် ကျွန်တော် ဒေါသတကြီး ဖြစ်ရသည်။ တကယ်တော့ ကျွန်တော်တို့ လူ့လောကကြီးတွင် အကျိုးနှင့်အကြောင်း၏ ဆက်စပ်မှုကို မတွေးဘဲထားပါမှ စိတ်သက်သာရာရသည့် အဖြစ်မျိုးလည်း များစွာရှိသေးသည်ဟု ကျွန်တော်သဘောပေါက်လာသည်။

ကျွန်တော့်မိဘများကဲ့သို့ ရှေးဘဝ၏ အတိတ်ကံဆိုသော မိမိ အတိအကျမသိနိုင်သည့် အကြောင်းပြချက်ကိုရှာဖွေကာ ဆွဲယူဆက်စပ်နိုင်လျှင်တော့ အကောင်းသား။ အခုတော့ ကျွန်တော်သည် ဤကိစ္စများတွင် ရယ်စရာကောင်းလောက်အောင် လက်တွေ့ကျနေသူ ဖြစ်နေပြန်သည်။ ယခုတော့ ကျွန်တော်သည် ရှေးဘဝဆိုတာကိုလည်း မယုံ၊ နောက်ဘဝဆိုတာကိုလည်း မယုံသူ ဖြစ်နေပြန်သည်။ ကျွန်တော့်ဘဝမှာ ကျွန်တော် ပျော်ရွှင်ပါရဲ့လားဟု မေးလာလျှင် ကျွန်တော်အဖြေရ တော်တော် ခက်ပါလိမ့်မည်။

ငယ်စဉ်တုန်းက အလွန်ဆင်းရဲနွမ်းပါးခဲ့သော ကျွန်တော်သည် ပျော်ရွှင်မှုကို ငွေကြေးဖြင့် ရှာဖွေဝယ်ယူ၍ ရနိုင်သည်ဟု ထင်ခဲ့ဘူးသည်။ ယခုမှဘဲ ကျွန်တော်သည် စိတ်ဆင်းရဲမှုများကို ငွေကြေးဖြင့် ရှာဖွေဝယ်ယူခဲ့မိပြီ ဖြစ်ကြောင်း သဘောပေါက်လာရသည်။ သို့သော် အချိန်တော်လွန်ခဲ့ပြီ။ တဘဝစာပင် လွန်ခဲ့ပါပြီ။

ကျွန်တော့်မှာ ကျွန်တော်ချစ်မြတ်နိုးလွန်း၍ ခက်ခဲစွာရယူ ပိုင်ဆိုင်ထားသော ဇနီးတယောက်ရှိသည်။ ကျွန်တော်ငယ်စဉ်က မရရှိခဲ့သော၊ ကျွန်တော်အလွန်အမင်းလိုချင်မက်မောခဲ့သော ကစားစရာ၊ အစားအစာမှအစ ပညာအထိ အရာများစွားကို ပုံအောပေးအပ်ပစ်ချင်သော မေတ္တာစေတနာများဖြင့် မွေးဖွားပြုစုခဲ့ရသော သားသမီးများရှိသည်။ ကျွန်တော် ဆွေမျိုးမတော်ချင်၊ မတော်ဝံ့လောက်အောင် တကိုယ်ကောင်းစိတ်ကြီးမားပြီး အရာရာကို ပေါ့တန်စွာ သဘောထားတတ်သော မွေးချင်းများရှိသည်။ ကျွန်တော့်အနီးက ထိုလူသားများအား ငွေကြေးဖြင့်ပေါင်းစပ်လိုက်သောအခါ ကျွန်တော့်ဘဝသည် အလွန်စိတ်ပျက် ညစ်ညူးဖွယ် ကောင်းသွားတော့သည်။ မိမိကိုယ်တိုင်၏ အကောင်းအဆိုးကို မိမိတယောက်တည်း ခံစားခွင့်ရခြင်းသည် အလွန်ရခဲလှသော ချမ်းသာသုခပင် ဖြစ်လိမ့်မည်ဟု ကျွန်တော်တဖြည်းဖြည်း တောင့်တလာခဲ့သည်။ တယောက်တည်း သီးသန့် ရှိနေဖို့ ဆန္ဒရှိလာသော အချိန်တွင် ကျွန်တော်ကိုယ်တိုင် တည်ဆောက်ခဲ့သော အသိုက်အမြုံကြီးသည် ဖြိုခွဲ၍ မရနိုင်လောက်အောင် ကြီးမားခိုင်ခန့်လာခဲ့ပြီ။ တဘဝစာပင် ကျွန်တော်မှားခဲ့ပြီဟု တွေးမိချိန်တွင် ကျွန်တော့်အာရုံထဲမှာ ရှိနေခဲ့ဖူးသော ဦးလေးကြီး၏ ပဟေဠိသည် တဖြည်းဖြည်း ပြန်လည်နေရာယူလာတော့သည်။ ဦးလေးကြီး အံ့သြရလောက်အောင်ပင် မနက်စာမရှိ၍ မစားခဲ့ရစဉ်က အရယ်အမောမပျက် ဘဝကို ပျော်စရာဖြင့် ရှာကြံရောင့်ရဲကျေနပ်ခဲ့ဖူးသော ကျွန်တော်သည် ယခုတော့ ပျော်ရွှင်မှုကို ဘယ်မှာမှ ရှာဖွေမတွေ့တော့ပါ။ ကျွန်တော်၏ တနေ့တာများသည် ဒေါသ၊ နာကြည်းမှု၊ မုန်းတီးမှု၊ စိတ်ပျက်ရွှံရှာမှု၊ အံ့သြစက်ဆုပ်မှုများဖြင့်သာ ပြည့်လျှံနေတော့သည်။

ကျွန်တော်သည် ကျွန်တော့်တွင် ဖြစ်ပေါ်နေသော ထူးဆန်းသည့် စိတ်ခံစားမှုကို ပြောင်းလဲပြုပြင်နိုင်ရန် ကုသနည်းပေါင်းများစွာကို အသုံးပြုကြည့်ခဲ့ဖူးသည်။ လှပသော တောတောင်ရေမြေ သဘာဝကို အစားထိုးချစ်ခင်မြတ်နိုးနိုင်ရန် ကျွန်တော် ခရီးထွက်၍ ထွက်ပြေးခဲ့ဖူးသည်။ သို့သော် တာဝန်ဟူသော စကားရပ်ကြီးက ကျွန်တော့်ကို ဖိစီးထားသောကြောင့် ကျွန်တော်၏ ဝန်ထုတ်ဝန်ပိုးများရှိရာသို့ လည်စင်း၍ ပြန်လာရသည်ချည်းပင် ဖြစ်ပါသည်။

“ ချစ်သောလွင် ...
ကိုယ်မင်းကို အသက်မက ချစ်မြတ်နိုးခဲ့တယ်ဆိုတာ မင်းယုံတယ်မဟုတ်လား၊ အခုအချိန်မှာ ကိုယ်မင်းဆီကို ပြန်မလာတော့ဘူးဆိုရင် ...”

ကျွန်တော်သည် ရေးလက်စစာများကို ဘယ်နှစ်ကြိမ်ဆုတ်ဖြဲပစ်ခဲ့ရသည်ဟု မမှတ်မိနိုင်တော့ပါ။ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာ ရှိနေသော စည်းစိမ်ချမ်းသာနှင့် ပျော်ရွှင်မှုဆိုင်ရာ အစွမ်းအစကို ရနိုင်သလောက် လောဘတကြီး ညှစ်ထုတ်သုံးစွဲခဲ့သော ကျွန်တော့်မိသားစုထဲတွင် ဇနီးက ရှေ့ဆုံးမှပါဝင်ကြောင်း ကျွန်တော်ဖွင့်ပြောဖို့ ခဏခဏ စဉ်းစားပြီး ဖွင့်မပြောတော့ရန် ခဏခဏ ဆုံးဖြတ်ခဲ့မိပါသည်။

တောတောင်ရေမြေသဘာဝက ကျွန်တော့်ကို မကုစားနိုင်သောအခါ ကျွန်တော်သည် အတိတ်ဘဝထဲမှာ ကြာရှည်နေထိုင်ကြည့်ပြန်သည်။ ကျွန်တော့်အတိတ်သည် စိတ်ချမ်းသာစရာ တကွက်မှ မရှိသော ဆင်းရဲဒုက္ခများသာ ဖြစ်သည်။ ထမင်းနှင့် ပညာကို တပြိုင်တည်း လိုချင်သောကြောင့် လှုပ်ရှားခဲ့ရသော ကျွန်တော့်ခြေထောက်များ၊ လက်များ၊ အောက်ကျို့ သိမ်ငယ်စွာပြုံးပြရလွန်းသဖြင့် တင်းမာ တွန့်ဆုတ်နေသော နှုတ်ခမ်းများ၊ နာကျင်ခါးသည်းသော မျက်ရည်များ၊ ၎င်းတို့ အားလုံးသည် တကယ့်တော့ လေးပင်သည့် ဝန်ထုတ်ဝန်ပိုးကြီးများကို ထမ်းရွက်နိုင်ဖို့ ကျွန်တော်ကိုယ်တိုင် ဖန်တီး ပြုလုပ်ခဲ့သည့် ခိုင်ခန့်သော ထမ်းပိုးများသာ ဖြစ်သည်ဟု ကျွန်တော် ယခုသိရသည်။ အတိတ်သည် ကျွန်တော့်အတွက် ပျော်ရွှင်စရာ မဟုတ်ပါ။

ထိုအခါ အနာဂတ်ကို ကျွန်တော်မျှော်ကြည့်သည်။ တကယ်တော့ အနာဂတ်သည်လည်း ကျွန်တော့်အတွက် လှပခိုင်ခန့်သော လှောင်အိမ်ကြီး တခုသာ ဖြစ်သည်။ ထိုလှောင်အိမ်ကြီးထဲသို့ ကျွန်တော်ပြန်မဝင်ချင်တော့ပါ။

ထိုအခါ ကျွန်တော်၏ တွယ်ရာမဲ့ စိတ်ပျက်ငြီးငွေ့မှုများကို စုတ်ယူနိုင်စွမ်းရှိမည် ထင်ရသော စာအုပ်များစွာ ကျွန်တော်ပြန်ဖတ်မိသည်။ သို့သော်ထိုစာအုပ်များက ကျွန်တော့်အတွက် ထွက်ပေါက်သော်လည်းကောင်း၊ အကျိုးဖြစ်ထွန်းမှု၏ အကြောင်းအရင်းကိုသော်လည်းကောင်း ပြောပြနိုင်စွမ်း မရှိခဲ့ပါ။ ထို့ပြင်လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကျွန်တော်ဖတ်ထားခဲ့သော ကမျူး၏ “ ပလိပ် ” ဝတ္ထုထဲမှ ဇတ်ကောင် “ ကော့်တား ” သည် ကျွန်တော့်အာရုံထဲတွင် ဝေဝါးမှေးမှိန်နေရာမှ ကြည်လင်ပြတ်သား လာခဲ့သည်။

ထိုအချိန်မှစ၍ ကျွန်တော်သည် ကြိုးများအကြောင်း စိတ်ဝင်စားစ ပြုလာခဲ့သည်။

ကျွန်တော်တို့သည် မျက်စိဖြင့် မြင်ရသော ကြိုးများ၏ ခိုင်ခံ့မှုကိုသာ အလျင်သတိထားမိတတ်ကြသည်။

ကျွန်တော့်ဘဝတွင် ကြိုးဟူသော စကားလုံးဖြင့် ပထမဆုံးနားလည် သဘောပေါက်လိုက်ရသည်မှာ ပုခက်ကြိုးဖြစ်ပါသည်။ တကယ်တော့ ပုခက်စစ်စစ် မဟုတ်ပါ။ အဖေ၏ ပုဆိုးဟောင်းတထည်ကို အနားနှစ်ဖက် စုချည်ထုံး၍ ထုတ်တန်းဝါးလုံးမှာ ကြိုးဖြင့်ဆွဲပြီး ကျွန်တော်တို့ ကလေးများ အိပ်ခဲ့ရသော အဝတ်ပုခက်သာ ဖြစ်ပါသည်။

“ ကိုဘအေးရေ ... ပုခက်ကြိုးကို နဲနဲလောက် မြှင့်ပေးပါအုံး ” ထိုစကားသည် အမေ ခဏခဏပြောသော စကားဖြစ်ပါသည်။ ထို့နောက် ကျွန်တော်ထပ်၍ သိရသော ကြိုးမှာ ကစားစရာ ပလပ်စတစ် ကားသေးသေးလေးကို ဆွဲရသော ကြိုးဖြစ်သည်။ ထိုကြိုးကြောင့် ကျွန်တော်တို့ ညီအစ်ကိုခဏခဏ ရန်ဖြစ်ငိုယိုခဲ့ရဖူးပါသည်။ သည့်ထက်အသက်နည်းနည်းကြီးလာတော့ ကျွန်တော်ရေပုံးကြိုးကို သိလာသည်။ ကျွန်တော်တို့ငယ်ငယ်က နေခဲ့သည့်ရွာတွင် သောက်ရေသုံးရေကို ရေတွင်းမှ ရေပုံးဖြင့် ငင်ယူရလေ့ရှိပါသည်။ ကျွန်တော်တို့ ရေငင်သော ပုံးမှာ ပွဲညက်ဖြင့် မဲနက်နေသော နှီးပုံးအစုတ်ကလေးဖြစ်ပြီး ရေပုံးကြိုးမှာ လက်ကိုပေါက်ပြဲရှတစေလောက်အောင် ကြမ်းတမ်းသော အုန်းဆံကြိုးဖြစ်သည်။ ထိုရေပုံးကြိုးကိုတော့ ကျွန်တော်တို့အားလုံး ကြောက်လန့်စွာ ငြင်းပယ်လိုကြသည်။ ငယ်ရွယ်စဉ် ကလေးအရွယ်က ကျွန်တော်မက်မောခဲ့သော ကြိုးမှာ ဂျင်ပေါက်သည့်ကြိုးနှင့် ကြိုးခုန်ကစားရန် တီထွင်ထားသော လက်ကိုင်ရိုးတပ်ကြိုးများ ဖြစ်သည်။ ကျွန်တော်မုန်းတီးသော ကြိုးအမျိုးအစား တခုရှိသေးသည်။ လူတွေကို ချုပ်နှောင်ဖို့ ချည်သော ကြိုးဖြစ်ပါသည်။ ကျွန်တော်တို့ ရွာဘုရားပွဲမှာ ပွဲကသည့်အခါ နောက်ပိုင်းဇတ်ထုတ်ပြတိုင်း မင်းသားနှင့် မင်းသမီးကို ပုဏ္ဏားက ဖြစ်စေ၊ ဝန်ကြီးကြောင့်ဖြစ်စေ၊ ဖမ်းဆီးခေါ်ဆောင်ရာတွင် ကြိုးဖြင့်တုတ်နှောင် တတ်လေသည်။ ကျွန်တော်တို့မှာ မင်းသားနှင့် မင်းသမီးကို သနားလွန်း၍ နှိပ်စက်သူ ပုဏ္ဏားကို မုန်းတီး စက်ဆုပ်ရသည်။

လူတွေကို ချည်နှောင်သော မြင်ရသည့်ကြိုးကို မုန်းတီးစက်ဆုပ်တတ်သော ကျွန်တော်သည် လူတွေကို ချည်နှောင်သော မမြင်ရသည့် ကြိုးများကိုတော့ ရှောင်တိမ်းရန် လုံးဝမစဉ်းစားခဲ့မိပါ။ အသက်နည်းနည်းငယ်ရွယ်စဉ်မှာ အဖေ၊ အမေ၊ အကို၊ ညီမများ၏ မိသားစုကြိုးများကို ချည်မှန်းသိသိနှင့် မက်မောခဲ့သည်။ အသက်နည်းနည်းပိုကြီးလာတော့ ချစ်သူ၏ ကြိုးကမှ အခိုင်မြဲဆုံးဟု မက်မောတွယ်တာခဲ့သည်။ ထို့ကြောင့်လည်း ထိုကြိုးရစ်နှောင်သည်ထက် ရစ်နှောင်နိုင်ရန် အခက်အခဲ ဆင်းရဲဒုက္ခအပေါင်းကို အံတု၍ ချစ်သူကို လက်ထပ်ခဲ့သည်။

ဇနီး၏ ကြိုးနှင့်အားမရဘဲ သားသမီးများ၏ ကြိုးကို မက်မောစွာ ကမ်းလင့်ကြိုဆိုခဲ့သည်။ ယခုတော့ ကျွန်တော့မှာ ကြိုးပေါင်းစုံဖြင့် တုတ်နှောင်ထားလျက် ရှိတော့သည်။ ကျွန်တော်ပျော်ခဲ့သလား။

အမှန်အတိုင်းဝန်ခံရလျှင် ကျွန်တော်ပျော်ခဲ့ဖူးပါသည်။

ခိုင်မြဲရုံသာ ချည်နှောင်သော ချောမွေ့သည့် ကြိုးများချည်းဖြစ်လျှင် ကျွန်တော်ရှေ့ဆက်၍ မိုက်မဲစွာ ပျော်ရွှင်မိဦးမည်ထင်သည်။

ယခုတော့ ကျွန်တော်ကြိုးတွေက သွေးချင်းချင်းနီအောင် ကြမ်းရှစွာ နာကျင်စေလှသည်။ ကျွန်တော့်ဘဝမှာ ပျော်ရွှင်မှုများ ကုန်ဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ရသော အချိန်မှာပင် ကျွန်တော်ရုံးထွက်ဖြေယူ၍ မရလောက်အောင် ကြိုးတွေက အသားထဲ နစ်မြုပ်တင်းကျပ်နေခဲ့ပြီ။

အရာရာတိုင်းမှာ အချိန်ကာလ ကန့်သတ်ချက်ဆိုတာ ရှိပါသည်။ ဤအခန်းသည် နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ကျွန်တော်နေထိုင်လာခဲ့သော အခန်းဖြစ်သည်။ အခန်းထဲရှိ ပစ္စည်းတိုင်းသည် သူ့နေရာနှင့်သူ စနစ်တကျ တည်ရှိနေရာ မျက်စိမှိတ်ထားပါလျက် အသေးအဖွဲ ပစ္စည်းကလေးများ၏ အနေအထားကို ကျွန်တော်အလွတ်ရပါသည်။ ဤစားပွဲတွင် ကျွန်တော်စာပေါင်းများစွာ ရေတွက်ခဲ့သည်။ မိမိပိုင်သော ငွေစက္ကူများသည် တခါတရံ မှသာ အတွေ့အကြုံဖြင့် သိရသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက ချက်ကော့(ဗ်)၏ Gooseberries ဝတ္ထုကို ကျွန်တော် ပထမဦးဆုံး ဖတ်ရစဉ်က ကျွန်တော့်အာရုံထဲမှာ အိုင်ဗင်နှင့် နစ်ကိုလေ ညီအစ်ကိုနှစ်ယောက်သာ ရှိခဲ့၏။ ယခုတကြိမ် ထိုဝတ္ထုကို ကျွန်တော် ပြန်ဖတ်လိုက်သောအခါ အစ်ကို၏ စကားထဲမှ တကြောင်းစာသာ ပြောသွားသော အဘိုးကြီး တယောက်သည် ကျွန်တော့်အတွေးထဲမှာ တဝဲလည်လည် ဝင်ရောက်နေတော့သည်။ သေခါနီး အိပ်ရာပေါ်က အဖိုးကြီးသည် ပျားရည် တပန်းကန်ပြား အပြည့်မှာယူ၍ သူ၏ ငွေစက္ကူများ၊ ထီလက်မှတ်များကို ပျားရည်ဖြင့် ရောကာ စားသွားသည်။ သူ၏ ငွေစက္ကူများကို အခြားမည်သူမျှ မရနိုင်ရန် ဖြစ်သည်။

ယခုအခါ ကျွန်တော် ဆယ်နှစ်သားအရွယ်က သေဆုံးခဲ့သော ဦးလေးကြီးနှင့် ပတ်သက်၍ အနည်းငယ်နားလည်စပြုလာပြီ။ ဦးလေးကြီးသည် သူ၏ ခြံဝန်းတနေရာရာမှာ ရွှေငွေရတနာများကို အိုးဖြင့် မြုပ်သွားသလားဟူသော အကောင်းမြင်အတွေးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်စပြုလာပြီ။ ဦးလေးကြီးသည် သူ၏ ပိုက်ဆံများကို ပျားရည်ဖြင့်ရောစားသွားတာ ဖြစ်နိုင်သည်ဟု ပြုံးရယ်မိသည်။ အကယ်၍ ဤအတိုင်းဖြစ်ပျက်သွားခဲ့လျှင်သော်မှ ဦးလေးကြီးအား တကိုယ်ကောင်းသမားကြီးဟု ကျွန်တော်မစွပ်စွဲရက်ပါ။ မိမိအိပ်မက်များ ပျက်ပြယ်သွားသည့်အခါ လူသည် မယုံကြည်နိုင်စရာပင် ရူးသွပ်သွားတတ်ပါသည်။ 

ကျွန်တော်သည် အိပ်မက်တခုတည်းကိုပင် နှစ်ပေါင်းသုံးဆယ်ကျော် မက်ခဲ့သူဖြစ်သည်။ အိပ်မက်သည် တကယ်အစစ်အမှန်ဖြစ်မလာနိုင်တော့ကြောင်း အတိအကျသိလိုက်ရသောအခါ ကျွန်တော့်မှာ ရှိသမျှအင်အားတွေ ဗြုန်းကနဲ ဆုတ်ယုတ်သွားတော့သည်။ လူတယောက်သည် မိမိ၏ ပတ်ဝန်းကျင်မှ ထွက်ပြေးရန် နည်းလမ်းများစွာ ရှိပါသည်။ မိမိကိုယ်တိုင်မှ ထွက်ပြေးရန်တော့ ဘာနည်းလမ်းမှ မရှိပါ။

ဦးလေးကြီးသည် ကျွန်တော့်လိုပင် ရက်ပေါင်းများစွာ အခန်းအောင်းနေခဲ့လိမ့်မည်။ မြင်နေကျ အရာဝတ္ထုများကို နှစ်သုံးဆယ်ကျော် မြင်တွေ့ရသောအခါ ကျွန်တော့်လိုပင် စိတ်ပျက်စွာ ပြုံးရယ်မိလိမ့်မည်။ ပြတင်းပေါက်မှ ဒိုင်ဗင်ထိုးချလိုက်ရန် ဟာသစွက်ကာ စဉ်းစားခဲ့လိမ့်မည်။ ထို့နောက် ဘယ်အချိန်မှစ၍ ကြိုးတချောင်း၏ အသုံးဝင်ပုံကို စဉ်းစားစ ပြုသွားပါလိမ့်။

ဦးလေးကြီးသည် ကျွန်တော့်လိုတော့ ကြိုးတွေကို မုန်းတီးသွားသူမဖြစ်နိုင်ပါ။ ကြိုးများကို မုန်းတီးသူသည် မိမိ၏ မီးဖိုခန်းထဲသို့ ကြိုးတချောင်းကို သယ်ဆောင်လာမည်မဟုတ်ပါ။ ထိုကြိုးကို တစိမ့်စိမ့်ကြည့်၍ ချစ်နေသူသာ ဖြစ်လိမ့်မည်။ ကြိုးသည် နောက်ဆုံးကယ်တင်ရှင်အဖြစ်မှားယွင်းစွာ မှတ်ယူ၍ လက်ဖြင့် ဖွဖွ ပွတ်သပ်ကာ တီးတိုး စကားများ ပြောနေခဲ့လေမလား။ လူတွေနှင့် စကားပြောဖို့ ကြောက်ရွံ စိတ်ပျက်သူသည် ကြိုးတချောင်းနှင့်တော့ နာရီပေါင်းများစွာ စကားစမည်ပြောဆိုချင်ပေလိမ့်မည်။ ကြိုးကို မိမိအလိုရှိသော ပုံသဏ္ဌာန်ဖြစ်အောင် ပြုပြင်ပုံသွင်းဖို့ ခက်ခဲသည်ဆိုတာ ကျွန်တော်သဘောပေါက်ပါသည်။ ထို့ထက်ပို၍ မိမိဘာပုံသဏ္ဌာန်ကိုရမှ ဖြစ်မှာလဲဟု အသေအချာ နည်းစနစ် သိဖို့ကတော့ အခက်ခဲဆုံး ဖြစ်လိမ့်မည်။ ကျွန်တော် ဤမျှ စိတ်ရှည်နိုင်မည် မထင်ပါ။

ကျွန်တော်ချစ်သော သားနှင့်သမီးကို ကျွန်တော်ဖြစ်စေချင်သော ပုံသဏ္ဌာန်ဖြင့် ပြုပြင်ပုံသွင်းဖို့ ကြိုးစားခဲ့သည်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့၏။ ကျွန်တော် ဖြစ်စေချင်သည်က တမျိုး၊ သူတို့ ဖြစ်ချင်သည်က တမျိုး။ လူတွေသည် မိမိဘဝကို မိမိစိတ်ကြိုက်သာ ဖန်တီးပြုပြင်ကြ၏။ အခြားသူတယောက်က ပြုပြင်ပုံသွင်းပေးဖို့ဆိုတာ မည်သို့မျှ မဖြစ်နိုင်ပါ။ သက်ရှိလူသားကို ပုံသဏ္ဌာန် ပြုပြင်ဖို့ ခက်ခဲသည်ဆိုလျှင် သက်မဲ့ကြိုးတချောင်းကို ပုံသဏ္ဌာန်ပြုပြင်ဖို့တော့ ပို၍ပင် ခက်ခဲလေမလား။ ကျွန်တော် ရုတ်တရက် ထိုအတတ်ပညာကို ပိုစိတ်ဝင်စားမိသည်။

အကြောင်းနှင့်အကျိုးကို ဆက်စပ်ညှိနှိုင်းယူသည့် ပညာကို ကျွန်တော် စိတ်ဝင်စားစွာ လေ့လာထားခဲ့သောကြောင့် ဦးလေးကြီးထားခဲ့သော ပဟေဠိကို နှစ်ပေါင်းသုံးဆယ်ကျော်ကြာသည့်အခါ ဖြေရှင်းရန် နည်းလမ်း ကျွန်တော်ရလာခဲ့သည်။

ဦးလေးကြီး တပိုင်းတစ ရေးလက်စ စာကို ကျွန်တော် စိတ်ကူးဖြင့် ထပ်မံဖြည့်စွက် ရေးသားနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ။ “ ခင်ဗျားအနားမှာ ...” ဟူသော စာကြောင်းသည် အဆက်အစပ်မရှိ လွတ်လပ်လွန်းသောကြောင့် ကျွန်တော် အကြောင်းအရာများစွာဖြင့် ဖြည့်စွက်ဆက်စပ်ကြည့်ခဲ့ဖူးသည်။ အမျိုးအစားကွဲပြားသော စာများကို ကျွန်တော်ရခဲ့သည်။ သို့သော် စာတစောင်ကိုမျှ စိတ်တိုင်းမကျပါ။

မကြာသေးမီကမှ ဦးလေးကြီးကိုယ်တိုင်ရေးထားသလိုပင် အဆက်အစပ်တည့်တည့် အဓိပ္ပါယ်ရှိသော စာတကြောင်းကို နောက်ဆုံးတော့ ကျွန်တော်အောင်မြင်စွာ ဆက်စပ်ဖြည့်စွက်နိုင်လိုက်ပြီဟု ကျွန်တော်ထင်ပါသည်။ စာကြောင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

“ ခင်ဗျားအနားမှာ ကြိုးတချောင်းကို ဘယ်တော့မှ လွယ်လွယ်ကူကူ မထားလိုက်လေနဲ့ ”

ခက်ခဲသော ပုစ္ဆာတပုဒ် အဖြေရသွားသည့်အခါ ပျော်ရွှင်ကျေနပ်သော ခံစားချက်အတိုင်း ကျွန်တော် အားရကျေနပ်သွားသည်။ သို့သော် တပြိုင်တည်းမှာပင် ကျွန်တော်ဝမ်းနည်းကြေကွဲစွာ ငိုကြွေးမိပါသည်။

---

#ဂျူး
#ကြိုး

#shared_by_louis_augustine
#sbla

Comments