ဝေး // မိုးမိုး (အင်းလျား)
ဝေး // မိုးမိုး (အင်းလျား)
(အချစ်ရွှေဘုံနိဒါန်း၊ မတ်၊ ၁၉၈၀)
---
ချို့အပေါ် ထားရှိတဲ့ သံသယအတွေးတွေကို ရေခြား မြေခြားအထိ ယူမသွားပါနဲ့လား ဆရာရယ်။
---
ချို့ အမှားတွေပါပဲ။
ချို့ မိုက်မဲမှုတွေပါ။
ချို့ တွေဝေမှုတွေပါ။
ဆရာရဲ့ မေတ္တာစေတနာ၊ ကြိုးမျှင်လေးတွေကို အချုပ်အနှောင်ကွန်ယက်ကြီးလို့ ယူဆခဲ့တယ်။ ဆရာ့ရဲ့ စိုးရိမ်ဟန့်တားမှုကိုလဲ သံမဏိ ဘောင်ကြီးလို့ မြင်ခဲ့မိတယ်။ ဒါကြောင့် အချုပ်အနှောင် ကွန်ယက်
ထဲက အလွတ်ရုန်းထွက်ခဲ့တယ်။ သံမဏိဘောင်အတွင်းကလည်း ပြေးထွက်ခဲ့မိတယ်။
ဒီအချိန်မှာ မေတ္တာ စေတနာ ထုထည်ကြီးကို ရင်မှာပိုက်ပြီး တအံ့တသြ ငေးမော ကျန်ရစ်ခဲ့တဲ့ ဆရာ့ကို လျစ်လျူရှုခဲ့ပြီလေ။
ဆရာ့ကို ချို မသိသလို။ ချို့ကိုလည်း ဆရာ နားမလည်ခဲ့တာလား။ တက္ကသိုလ်က မြေနီလမ်း လှလှကလေးတွေကို ညနေ သာသာယာယာ
အချိန်မျိုးမှာ ခြေလက်ဆန့်ရင်း အပျင်းပြေ လမ်းလျှောက် ချင်တယ်ဆရာ။ ဆရာပြောသလို အသံမထွက် မလှုပ်မယှက် ထိုင်နေရတဲ့ စာကြည့်ခန်းထဲမှာ စိတ်ကို ထိန်းချုပ်ရင်း ဒြပ်စင်တွေ ဒြပ်ပေါင်းတွေ အကြောင်းကိုချည်း လေ့လာ ဆည်းပူး မနေချင်ဘူးဆရာ။
အင်းယားရေပြင်ရဲ့ အလှကို ငေးပြီးတော့ ရေစပ်မှာ ခြေချလို့ ဆော့ကစားချင်တယ်။ မမြင်နိုင်စွမ်းတဲ့ လေထုထဲက အရာတွေကို တပင်တပန်း
စမ်းသပ် ရှာဖွေ မနေ ချင်ပါဘူး ဆရာရယ်။
ဆရာက ပြောတယ်။
စိတ်ကူးယဉ်ကမ္ဘာထဲမှာချည်း ချို့ကို ရှိမနေစေ ချင်ဘူး၊ တကယ့် လက်တွေ့ဘဝထဲမှာ ချို့ကို ရှိစေချင်တယ်တဲ့။
ချိုကတော့လေ ...။
လာစမ်းပါ ဆရာရယ်။ ဆရာ့ လက်တွေ့ စမ်းသပ်ခန်းထဲက ဖန်ပြွန်တွေ၊ ဖန်အိုးတွေ၊ အရောင်တွေ၊ အနံ့၊ အရသာတွေ ခဏထားခဲ့စမ်းပါ။ ဒီမှာ ပန်းပွင့် ၊ ဒီမှာ လိပ်ပြာလေးတွေ၊ သဘာ၀ရဲ့ အလှအပတွေကို ခံစားလှည့်စမ်းပါလို့ ဆွဲခေါ်ပြချင်စမ်းတယ်။
ဖြစ်ချင်တာတွေက ဆန့်ကျင်နေပါကလား ဆရာ။
ဒါပေမဲ့ ဆရာရယ်။ ဒါဟာ ဆရာနဲ့ ချို ဝေးခဲ့ကြရတဲ့ အဓိကအကြောင်းချက် မဟုတ်ခဲ့ပါဘူး ဆရာ။
---
ပျော်စရာ ကောင်းတဲ့ နေ့တနေ့ပါ ဆရာ။ ဘာသာရပ်အလိုက်ဖွဲ့စည်းထားတဲ့ အသင်းအသီးသီးတွေ ၊ အသင်းသားအချင်းချင်း ရင်းနှီးမှုရရှိရေး၊ စာသင်ခန်းရဲ့ ပြင်ပ ပတ်ဝန်းကျင်ကို လေ့လာသုံးသပ်ရေးပေါ့ ဆရာရယ်။
သံလျင်မြို့ဟာ လေ့လာ ရေး ဦးတည်ရာပါ။
ပါဒကြီးဘုရားဟာ လေ့လာရေးခရီး တထောက်နားရာပါ။ ကျောက်တန်း ရေလယ်ဘုရားကတော့ စုစုဝေးဝေး အေးအေး ဆေးဆေး
တပျော်တပါး ဘုရားဖူးကြရာ နေရာပေါ့။
သံလျင်ခရီးက အပြန်မှာ ဆရာ့ဟန်၊ ဆရာ့အပြုံးတွေနဲ့ ဆရာအကြည့်တွေးက ချို့နေရာ ရတနာအဆောင်အထိ လိုက်လို့ နူတ်ဆက်ကြလေရဲ့။
ချိုရယ် ဆရာရယ်လို့ အသိအမှတ်ပြုမိကြပြီလေ။
---
အဲဒီနှစ်က ချို စာမေးပွဲအောင်တယ်။
---
ကြည်နူးစရာကောင်းတဲ့ နေ့တနေ့ပါ ဆရာ။
အဆောင်မှာ စားသောက်ရတာ ကြာလာတော့လဲ အပြင်ထွက် စားကြရတာ အရသာရှိတယ်ပေါ့။ နမ်းဆင်း ဟိုတယ်က ဟင်းခွက်တွေရဲ့
အရသာဟာ ဆရာ့ စေတနာကြောင့်လား၊ ချို့ အပြုံးကြောင့်လား ချိုမြနေတာတော့ အမှန်ပါလေ။
ရင်းနှီးမှုရဲ့ တိုးတက်လာခြင်း အထိမ်းအမှတ် ဆိုပါတော့။ ဌာနဆိုင်ရာ လုပ်ဆောင်ချက်တွေမှာ ဆရာ ထက်ထက်မြက်မြက်ရှိပုံကို ချို သဘောကျတယ်။ ကျောင်းသူတယောက်အနေနဲ့ ချို တက်တက်ကြွကြွ ပါဝင်လှုပ်ရှားတာကို ဆရာက ချီးကျူးတယ်။
---
ချို
ဆရာ့ဆီလာခဲ့ဦး။
ဆရာ
---
“ချို ဘယ်လိုဖြစ်တာလဲ”
“ ချို ဘာဖြစ်လို့ လဲ ဆရာ”
“ချို ပြီးခဲ့တဲ့ တက်စ်မှာ အမှတ်တွေ သိပ်နည်းပါလား”
“ဆရာရယ်၊ အရေးတကြီး စာရေးတော့ ဘာများလဲလို့၊ အမှတ်စာရင်း ချိုသိပြီးပါပြီ ဆရာရဲ့”
အေးဆေးတဲ့ ချို့ အမှုအရာဟာ အရေးတကြီးဖြစ်နေတဲ့ ဆရာဟန်ကို ပိုပြီး လေးနက်သွားစေတယ်။
“ ပေါ့ပေါ့ဆဆ နိုင်လှချည်လား ချို ၊ ဒီပုံအတိုင်းဆိုရင် စာမေးပွဲကျနိုင်တယ်”
“စာမေးပွဲအောင်ဖို့ ချိုတို့ ကျောင်းနေကြတာလား ဆရာ”
“ အော် ချိုရယ်၊ စာမေးပွဲအောင်မှ သိချင်တဲ့ အရာတွေကို နောက်တဆင့် တိုးတက် သိမြင်အောင် ရှေ့တိုးနိုင်မယ် မဟုတ်လားကွယ်”
သည့်နောက်တော့ ဆရာဟာ ချို့ကို ဆုံးမစကားတွေ၊ ဖျောင်းဖျစကားတွေ တိုက်တွန်းမှုတွေနဲ့ပဲ အမြဲလို သတိပေးနေတော့တယ်။ ဆရာ့ အပြောအရဆိုရင် ချို ကြိုးစားရမယ်။ အတန်းတွေ အောင်မြင်ရမယ်၊ ဘွဲ့တွေ ရရမယ်။
ချိုက ဆရာ့ကို “မိုးကျော်သူ” လို့ပဲ ဆိုမိတယ်။ ဆရာဖြစ်စေချင်တာတွေ ချို လိုက်လုပ်နေရမှာလား၊ လွတ်လပ်မှုကို ထိပါးလာမှာစိုးတယ်။
ချိုက ငှက်ကလေးလို လွတ်လွတ်လပ်လပ် ပျံသန်းနေချင်တယ်။
တားဆီးလေလေ ရုန်းထွက်ချင်လေ ။
မနာခံမှန်း သိလေလေ ချုပ်ချယ်ချင်လေ ။
ချိုနဲ့ ဆရာရဲ့ ရင်တွင်း ပဋိပက္ခလေးတွေပါပဲ။
ဒီပဋိပက္ခကလဲ ဆရာ့ကို ချို ရှောင်ပြေးမိခဲ့တဲ့ အဓိကအကြောင်းတော့ မဟုတ်ခဲ့ဘူး ။
---
“စနေနေ့ညနေက လှည်းတန်းဈေးမှာ ချို့ကို တွေ့လိုက်တယ်”
“ဟုတ်ပါတယ်ဆရာ၊ ချိုတို့ မုန့်ထွက်စားတာ”
ချို့တို့ လို့ တမင်ထည့်ပြောလိုက်တာက ဝန်ခံလိုက်တာပါ။ ချိုနဲ့ ကိုကျော်လွင်ပါ။ ဆရာ ချက်ချင်း ဣန္ဒြေဆည်လိုက်ပေမဲ့ ဆရာ့မျက်နှာ
ပျက်သွားတာ သိလိုက်ပါတယ်။
“စာမေးပွဲနီးပြီ မဟုတ်လား ချို ၊ ဒီလိုပဲ ခဏခဏ ထွက်သလား”
“ ချို စာကျက်ပါတယ် ဆရာရယ်”
“ စာမေးပွဲ အောင်ရမယ်ဆိုတဲ့ ယုံကြည်ချက် ရှိရဲ့လား”
“ဒါတော့ ချိုဘယ်သိနိုင်မှာလဲ ဆရာရယ်”
ချိုက ပေါ့ပေါ့ဆဆ ပြောလေလေ ဆရာက ပြင်းပြင်းထန်ထန် သတိပေးသံပါလေပါပဲ။ ဆရာ့ ဆုံးမစကားတွေက ချို့နားမှာ၊ လျှံကုန်ပြီ
ဆရာရဲ့၊ ချို ယောက်ျားမိတ်ဆွေတွေနဲ့ သွားလာတာကို သဝန်တိုစိတ်တခုနဲ့ ချို့ကို ဖိဆူနေတာလားလို့ပဲ မိုက်မိုက်မဲမဲ တွေးမိတယ်။ ပြီး သဝန်တိုရင်လဲ ကိုယ်တိုင်က ဂရုစိုက်ပါလား၊ ကြားလူ အဝင်မခံနဲ့ ပေါ့လို့ စိတ်ထဲက ပြောမိတယ်။
နောက်တော့ ဘယ်နေရာမှာ ချို့ကို ဘယ်သူနဲ့ တွေ့လိုက်တယ်ဆိုတာကို ဆရာ မပြောတော့ပါဘူး၊ ဆရာ့ရှေ့မှာတင် မျက်နှာချင်းဆိုင် တွေ့ပေါင်းက များလာပြီကိုး။
ဒီလိုနဲ့ပဲ နှစ်ဝက်ကျိုးလို့ ကျောင်းရက်ရှည် ပိတ်ခဲ့ပါပြီ။ ချိုနဲ့ ဆရာတို့ရဲ့ ဆက်ဆံရေးက စမ်းတဝါးဝါးပါပဲ။
ဒါပေမဲ့ ဆရာရေ
ခွဲခွာခြင်းက စကားပြောပါလေရောလား။
ဆရာ့ရဲ့ သိမ်မွေ့တဲ့ စာလေးတွေက ချို့အပေါ် သံယောဇဉ်ကြီးကြောင်းကို ပြတယ်။ ချို့ရဲ့ နွဲ့ပြောင်းတဲ့ စာတွေက ဆရာ့အပေါ်
တွယ်တာမိကြောင်းကို ဆိုကြတယ်။
ဒုတိယ နှစ်ဝက်ရဲ့ ကျောင်းပြန်အဖွင့်မှာတော့ ချိုဟာ ဆရာဖြစ်စေချင်သလို အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်လို့ကတိပေး ပြီးသားဖြစ်ခဲ့
ရတယ်။
ချို ကြိုးစားတော့ ကြိုးစားခဲ့သားပဲ ဆရာရယ်။
ဆရာ့စည်းမျဉ်းက တင်းကျပ်လွန်းအားကြီးတော့ ချို သည်းမခံနိုင်ပါဘူး။ ဆရာက နေရာတကာ ပုံစံကြီးနဲ့ ထားချင်တယ်။ ဒီလိုနေ၊ ဒီလိုလုပ် ၊ ဒီဟာမလုပ်နဲ့ ဓာတုဗေဒ၊ ညီမျှခြင်းတွေထက် ဆရာ့သြဇာ၊ အဆုံးအမတွေကို မှတ်ရတော့ ပိုပင်ပန်းတယ်။
ချိုက နူးညံ့တယ် ဆရာ။
ဆရာ့စည်းကမ်းက တင်းမာလွန်းတယ်။
ဒါပေမဲ့ ဆရာရယ် ဆရာ့သြဇာအောက်က ချို လုံးဝ လွတ်အောင် ရုန်းမထွက်ခဲ့သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ချို့ နူးညံ့တဲ့နှလုံးသားက ဆရာ့ကို တွယ်တာမိ၊ ချစ်နေပြီကိုး။
ဒါနဲ့များ မိန်းကလေးရယ်။ မင်း ကိုယ်က ဘာကြောင့်များ ရှောင်သွားရတာလဲ၊ တည်ငြိမ်တဲ့ ဆရာ့ရင်ကို လှုပ်ရှားအောင် ဘာကြောင့် လုပ်
သွားရသလဲ။ သန့်စင်တဲ့ ဆရာ့စေတနာကို အညစ်အနွမ်းဖြစ်အောင် ဘာ့ကြောင့် မွှေနောက်သွားရသလဲလို့ ဆရာက ဆိုတော့မယ်။
---
“ညီမလေးရယ်။ စိုးရိမ်မိတယ်။ ညီမလေးရယ် စိုးရိမ်မိတယ်”
“အနားမှာနေကွယ်။ ဆရာ့အနားမှာ နေပါကွယ်”
ဓာတုဗေဒဌာန ဆရာ့အခန်းထဲက ထွက်လာတိုင်း မကြားတကြား နောက်ပြောင်သီဆိုကြတဲ့ ကျောင်းသားကြီးတွေရဲ့ လှောင်သံတွေလေ ။
ချို ရှက်ပြီ ဆရာရယ်၊ ဒါကြောင့် ဆရာ့ဆီလာရမှာ ဝန်လေးနေပါတယ်။ ဆရာ့အခန်းထဲမှာ ဆရာ မရှိတဲ့အချိန် သူငယ်ချင်းတွေနဲ့ အတူတူ စာ
လာကျက်ဖို့ကိုတောင် ချို မရဲတော့ဘူး။
စာကျက်ဖို့ဆိုရင် နေရာရွေးလွန်းတဲ့ ချို၊ ရွက်ဝါလို စိတ်လွင့်ပါးလွယ်တဲ့ ချို၊ ဒီလိုဆိုပြန်တော့ ဆင်ခြေကန်စရာ၊ အကြောင်းတွေနဲ့ စာအုပ်ကို
မျက်နှာချင်း မဆိုင်ချင်ပြန်ဘူး။
ချို့ အခန်းထဲမှာဆိုရင်လဲ အိပ်ရာထဲမှာ အတွေးနယ်ကျယ်ပြီး စိတ်လေယဉ်စီးဖို့လောက်သာ ချို ဝါသနာပါခဲ့တာ။
အင်းယားကန်စောင်းမှာ အဖော်တစုနဲ့ဆိုရင် သင်္ခန်းစာအကြောင်း၊ စာအကြောင်းဆွေးနွေးဖို့ထက် ကဗျာအကြောင်း၊ လင်္ကာအကြောင်း ဝိုင်းဖွဲ့လောက်သာ ချို စိတ်ထက်သန်ခဲ့တာ။
ဒီတော့လဲ အပတ်စဉ် ကျူတိုရီရယ်တွေ ဖြေရမယ့်အခန်းကလဲ ချို ပြေးတတ်လာခဲ့ပြန်ပြီ။ ဓာတုဗေဒလက်တွေ့ခန်းထဲက ချို လစ်တတ်ခဲ့ပြီ။
ချို့တို့ လက်တွေ့ စမ်းသပ်ခန်းထဲမှာ ဆရာ လာသင်နေတယ်ဆိုတာကိုတောင် ချို မသိခဲ့လေတော့ ချို့ အဖြစ်ကို ဆရာမသိဘဲ ဘယ်နေပါ့မလဲ။
---
“ချို ဆရာ့စကားကို နားမထောင်ပါလားကွယ်”
ရှောင်နေတဲ့သူကိုမှ မတွေ့တွေ့အောင်ရှာပြီး ဆရာက ဆိုပြန်တယ်။စာအုပ်တွေကိုလဲ ဆရာက စစ်ဆေးလေရဲ့။ ကွက်လပ်တွေများနေတဲ့ ချို့
စာအုပ်တွေကို ကြည့်ပြီး ဆရာက စိတ်ပျက်လက်ပျက် ခေါင်းခါတယ်။ ပြီးတော့ ချို့ကို ကြည့်တယ်။ သိပ် အထင်သေးတဲ့အကြည့်လို့ ချို ခံစားရတယ်။ ဆရာ့အကြည့်ကို ချို ခံပြင်းမိတယ်။ ထပ်မံမိုက်မဲခြင်းလို့ ဆိုရမလား။ ချို့ အပေါ် အထင်သေးတာကို ချို မခံချင်ဆုံးပဲ။
မာနခဲ တလွဲဆံပင်ကောင်းခဲ့တဲ့ ချို့။
နားလည်မှုအမှားနဲ့ မခွဲခြားတတ်ခဲ့တဲ့ ချို။
ကလေးငယ်အတွေးနဲ့ မရင့်ကျက်သေးတဲ့ ချို။
ဆရာ့ကို အထင်လွဲတယ်။ ။
ဆရာ့မေတ္တာကိုလဲ စော်ကားမိခဲ့တယ်။
သည်စာတွေမကျက်တော့ ဘာဖြစ်မှာလဲ။
သည်စာမေးပွဲတွေ မအောင်တော့ ဘာဖြစ်မှာလဲ။
သည်ဘွဲ့မရတော့ကော ဘာဖြစ်သွားမလဲ။
ဆရာကရော ဒါတွေ ဒါတွေရမှ ချို့ကို ခင်တွယ်မှာလား။ ဒီလိုဆိုရင်တော့ ဆရာ့စေတနာကို ချို မယုံ။ ဆရာ့မေတ္တာကို ချိုမလေးစား ...။
ဆရာ့သံယောဇဉ်ကို ချို လက်မခံချင်တော့ဘူးလေ။
ဒါပေမဲ့ဆရာ့ကို ရှောင်ပြေးခဲ့တာ မကျေနပ်မှုလေးတွေကြောင့်ချည်းပဲ မဟုတ်ခဲ့ပါဘူးလေ။
---
ချို့ အရည်အချင်းကို ချို အထင်ကြီးတယ်။
ချို့ ဉာဏ်ရည်ကို အားကိုးတယ်။
ဒါကြောင့် ချို့ မာနကို ပျိုးခဲ့မိတယ်။
သည်စာမေးပွဲကို အောင်အောင်ဖြေမယ်။
ချို စာကျက်ပြီ။ လက်တွေ့ခန်းထဲ ပြန်ဝင်ပြီ။ ပျက်ကွက်ခဲ့တာတွေ ပြန်ကူးပြီ။ သူငယ်ချင်းတွေကို အားကိုးရတယ်။ နားမလည်တာတွေများလှ
တယ်။ ဓာတုဗေဒ ဆိုတာ အမေ့ခံတဲ့ဘာသာမျိုး မဟုတ်။ ပျက်ကွက်တာကို ခွင့်လွတ်တာမျိုး မဟုတ်။ ပစ်ပယ်တာကို သည်းခံတတ်တာမျိုး မဟုတ်။
အမြဲထိတွေ့ကိုင်တွယ်နေမှ ကျွမ်းကျင်တတ်တာမျိုး။ အစဉ်စူးစမ်းရှာဖွေနေနိုင်မှ ပိုင်နိုင်တတ်တာမျိုး။ ထာ၀ရလေ့လာနေမှ လိုက်မီနိုင်တာမျိုး။
ချို ပင်ပန်းလှပြီ။ ခေါင်းတွေ ပူလာပြီ။ ဦးနှောက်တွေလဲဆူလာပြီ။ စာမေးပွဲကလည်း နီးလာပြီ။ ချို ဘယ်မှ မသွားဖြစ်ဘူး။ ဘယ်ဧည့်သည်မှလဲ အတွေ့မခံတော့ဘူး၊ အစာကောင်းကောင်း မစား
နိုင်တော့ပါဘူး ဆရာရယ်။
---
ချို
မတွေ့တာကြာပြီ။
စာမေးပွဲအတွက် သိပ်ပင်ပန်းနေပြီလား။
နားမလည်တာတွေ ဆရာနဲ့ လာတိုင်ပင်ပါ။
ချို့ အတွက် ဆရာ စိတ်ပူတယ်။
သိပ်လဲ အပင်ပန်းမခံနဲ့။
ကျန်းမာရေးလဲ ဂရုစိုက်။
ဆရာ
---
ဟုတ်တယ်။
ဆရာ့ဆီလာဖို့ သတိရပေမဲ့ တမင် မလာဘဲ နေခဲ့တယ်။ နေခဲ့တယ်ဆိုရင် ပိုမှန်မှာပေါ့ ဆရာ။
ပြီးတော့ ဆရာကို ချို စိတ်ကောက်နေတယ်လေ။
---
စာမေးပွဲ ပထမရက်။ ။
ကျောင်းသားတိုင်း အားပါးတရ ဖြေကြတယ်။
ချိုတော့ အသင့်အတင့်ပါပဲ။
ဒါပေမဲ့ မကျ နိုင်ပါဘူးလေ။
ချို အားမလျှော့သေးပါဘူး။
---
ဒုတိယနေ့။
မဆိုးပါဘူး။ တော်တော်လေး ဖြေနိုင်တယ်။
ချို အားတက်လာပြီ။
---
တတိယနေ့
သိပ်မရဘူး။
သူများတွေက လွယ်တယ် လွယ်တယ်နဲ့ အော်နေကြတယ်။
သိပ်စိတ်ညစ်တယ်။
---
စတုတ္ထနေ့
ဘာတွေမှန်း မသိပါလား။
ဘာတွေ ရေးထားတာလဲ။ ဘာတွေလဲ။
ဘာတွေရေးချရမလဲ။ ဘာလုပ်ရမှာလဲ။
စာမေးပွဲခန်းထဲက ထွက်လာရမှာလား။ ဆက်ထိုင်နေရဦးမှာလား။ဘယ်အချိန်အထိ ထိုင်ရဦးမှာလဲ။ “ဖြေခွင့်အချိန်တာ သုံးနာရီတဲ့” ကုန်ခဲလိုက်တာ။
---
စာမေးပွဲခန်းထဲက ထွက်လာပြီး အင်းယားကန်စပ်မှာ သွားထိုင်တယ်။ ငေးမိငေးရာ တွေးမိတွေးရာ တွေးနေမိတယ်။ လေကလဲ အေးလိုက်တာ။
ချမ်းသလိုလိုပဲ။ အိပ်ရေးပျက်ခဲ့တဲ့ ညတွေကြောင့် ခေါင်းထဲမှာ ကိုက်ခဲနေတယ်။ စိတ်ပူပန်မှုကြောင့် ရင်တွေ တလှပ်လှပ် ခုန်လာတယ်။
အဲဒီညမှာ ချို ဖျားတယ်။
နောက်နေ့ မနက်မှာ စာမေးပွဲခန်းကို မဝင်နိုင်တော့ဘဲ ဆေးခန်းကိုပဲ ရောက်ခဲ့ရတယ်။ ဆေးခန်းကနေ ဆက်ဖြေရပါတယ်။ လာစောင့်တဲ့
ဆရာမက အကြင်နာနဲ့ ဖေးမပါရဲ့။ ဒါပေမဲ့ ချို့ခေါင်းထဲမှာ ဘာမှမသိ။ ဘာမှမရှိ။ ဓာတုဗေဒဆိုတာ အရောင်စုံလား၊ အနံ့ထုံသလား၊ ဆုပ်ကိုင်လို့
ရသလား၊ အငွေ့လား၊ အစိုင်အခဲလား၊ အို ရှုပ်ထွေးလိုက်တာ။ ပရိယာယ်များလိုက်တာ၊ မာယာကြွယ်လိုက်တာ။
၁၀၄ အောက် မလျော့တဲ့ အပူချိန်နဲ့ မူးနောက်ဆူ ဝေနေတဲ့ ဦးနှောက်နဲ့ ဒီအရှုပ်အထွေးတွေကို ဘယ်လို ဖြေရှင်းရမလဲ။
သွား။ ဘာမှ မတွေး ချင်ဘူး။ ဘာမှ မရေးချင်ဘူး၊ သွားစမ်းပါ။ အဝေးကြီးကို သွားကြစမ်းပါ။ ။
တယောက်တည်း နေပါရစေ။ အိပ်နေပါရစေ။
---
ဆေးခန်းရဲ့ ဧည့်သည်ချိန်မှာ ပထမဆုံး ရောက်လာတာက ဆရာ။ ဆရာပါလား။
ဆရာ ဘာများပြောချင်သေးလဲ။ ဘာများ ပြောနိုင်ဦးမှာလဲ။ ပြောလို့ကော ဘာတွေ အကြောင်းထူးလာမလဲ။ ဆရာပြောမှာတွေလဲ ချို နားမထောင်ဝံ့ဘူး။ မကြားဝံ့ဘူး ဆရာရယ်။ ဒီတခါတော့ ဆရာက အကြင်နာ အပြုံးနဲ့ ဆိုခဲ့တယ်။
“နေကောင်းအောင်သော နေပါကွယ်။ ဘာမှ မတွေးနဲ့” တဲ့။
ဘာမှ မတွေးနဲ့တဲ့။
ဘာမှလဲ မတွေးချင်တော့ပါဘူး ဆရာရယ်။
နောက်နေ့တွေမှာလဲ ချို့ နဖူးပေါ်မှာ ရေခဲအိတ်နဲ့ အပူချိန်လျော့အောင် သူနာပြုဆရာမတွေက ကြိုးစားတယ်။ အဖျားဒီဂရီက ဆရာမတွေကို
တော်လှန်တယ်။ စာမေးပွဲက ဝတ္တရားမပျက် ဆက်စစ်တယ်။ မေးခွန်းလွှာတွေက တာဝန်မပျက် ရောက်လာတယ်။
သတိရတာ ရ၊ မရတာ မရ။
ဖြေချင်တာ ဖြေ ၊ ရေးချင်ရာ ရေး။
မှန်ချင် မှန်။ မှားချင် မှား။
အောင်ရင် အောင်၊ မအောင်ချင် နေ။
ဘာမှ မတတ်နိုင် တော့ပါဘူး။
လူနာကြည့်ဖို့ ဧည့်လာချိန်က သုံးနာရီခွဲ။ အပြင်မှာ ဆရာရောက်နေတာက သုံးနာရီ မထိုးသေး။ ဧည့်သည်ပြန်ချိန်က ခြောက်နာရီ။ နှင်ထုတ်မှ
ဆရာပြန်တော့ ခြောက်နာရီခွဲ။ ။
ဘေးလူတွေက အကဲခတ်တယ်။ သူငယ်ချင်းတွေက အဝေးကပဲ ကြည့်နေကြတယ်။ ပြီးတော့ သူတို့ မျက်နှာမှာ နောက်ပြုံးလေးတွေနဲ့။
ဆရာပြန်ရင် သူတို့လာပြီ။ စကြပြီ။ နောက်ကြပြီ။
နေမကောင်းလျက်နဲ့ ရယ်ရတယ်။ ဝမ်းနည်းလျက်နဲ့ ကြည်နူးရတယ်။ စိတ်ပျက်ရင်းက ပီတိဖြစ်ရပါတယ် ဆရာရယ်။
---
ကျောင်းပိတ်လို့ သူများတွေ အိမ်ပြန်ကြတော့ ချိုက အားနည်းနေသေးလို့ဆေးခန်းမှာ ကျန်ခဲ့တယ်။ အိမ်ပြန်ချင်လှပြီ။ လာပြုစုနေတဲ့ အမေ့ကိုလဲ
သနားလှပြီ။ ချို့ အမေက ဆရာ့ကို ခင်ပါတယ်။ ချို့ အစ်ကိုကလဲဆရာကို လေးစားပါတယ်။ သူတို့အားလုံး ချိုနဲ့ ဆရာ့ကို နားလည်နေကြပါပြီ။
ချိုတို့ မိသားစု အိမ်ပြန်တော့ ဆရာ စာမေးပွဲဖြေရင်း ကျန်ရစ်တယ်လေ။ မဟာသိပ္ပံအတွက်ပေါ့။ ချိုလဲ စိတ်ပူတတ်လာပါပြီ။ ဆရာဖြေမှ ဖြေနိုင်ဦးပါဦးမလား။ ဆရာ စာမကျက်နိုင်အောင် ချို နှောင့်ယှက်ခဲ့မိပြီထင်ပါရဲ့။ ခွင့်လွှတ်ပါတော့ ဆရာရယ်။ ချို့ကို ခွင့်လွှတ်ပါတော့။
ပြန်သာလာရတယ် ဆရာ့ကို လွမ်းလိုက်တာ။
---
ခွဲရတာက တလခွဲ။ စာပို့သမား အိမ်ကိုဝင်ရတာက ရက် ၃ဝ လောက်။
အောင်စာရင်းထွက်ခါနီးလေ ဆရာ့ဆီက စာတွေ လာလေလေ။ ချိုသိပါပြီ။ ဆရာ ချို့ကို သည်လောက်တောင်နှစ်သိမ့်နေတယ်။ ဖျောင်းဖျ
နေ တယ် ဆိုကတည်းက စာမေးပွဲရဲ့ အဖြေကို ချိုသိပါပြီ။
ဆရာ စိတ်ပူတာက ချို ပြန်မလာမှာကိုပဲ မဟုတ်လား။
---
ထင်တဲ့အတိုင်းပဲလေ။ အဲဒီနှစ်က ချိုစာမေးပွဲ ကျတယ်။
---
ကျောင်းဖွင့်ရက်မှာ ချို ပြန်လာခဲ့တယ်လေ ဆရာရယ်။
ဆရာမှာတဲ့အတိုင်း ကြိုကြိုတင်တင် ပြန်လာခဲ့ပါတယ်။ ချိုချစ်တဲ့ ရတနာအဆောင် ကိုတော့ ချို ဝင်မရတော့ဘူးလေ။ ချို့ကို လက်မခံတော့ဘူးတဲ့။
ချို နေရတဲ့ ဘော်ဒါလေးက အင်းယားကန်နားမှာလေ။ ချိုပျော်ပါတယ်။
---
ချိုတယောက် ဘယ်လောက်များ ပျော်လိုက်သလဲ။
အဆောင်မှာနေတုန်းက အင်းယားက ခြောက်နာရီမထိုးခင် ခွဲရတယ်။ ခုတော့ အင်းယားရဲ့ ညအလှကို တဝကြီးကြည့်ပြီးမှ ပြန်လို့ရတယ်။
မနက် ကျောင်းတက်ရင်လဲ အင်းယားကန်ဘေးက လျှောက်ခဲ့ရလို့ ချို ကျေနပ်တာပါပဲ။ ဒါပေမဲ့ ဆရာက ချို့ကို မကျေနပ်ဘူး။ ချို့ကို ဆရာ
စိုးရိမ်ကြည့်နဲ့ အမြဲကြည့်တယ်။ ချို စာမေးပွဲကျမှာကို စိုးရိမ်တာလား။ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ ကျောင်းအတူသွားတာကို စိုးရိမ်တာလား။
ဆရာက ချို့ကို ငှက်ကလေးတကောင်လို လှောင်ချိုင့်ထဲထည့်ပြီး အလှသက်သက်ထားဖို့ ရည်ရွယ်လေတော့သလား။ ဆရာကိုယ်တိုင်က ချို့ကို ဘာကြောင့် ပွင့်ပွင့်လင်းလင်း မဆက်ဆံတာလဲ။ ချို့ကို ပျော်အောင် ရွှင်အောင် ကြည်နူးအောင် ကိုယ်တိုင် ယုယ နှစ်သိမ့်မှု မပြုနိုင်တာ ဘာကြောင့်
လဲ။ အင်းယားကန်မှာ လျှောက်ရတာကို ချို ပျော်တယ်ဆရာ။ ဆရာကဘေးမှာ ဘာလို့လိုက်မလာနိုင်တာလဲ။ ချိုတော့ ဆရာလို ဣန္ဒြေကြီး
တခွဲသားနဲ့ မနေနိုင်ပါဘူး။
တခါတလေ အနံ့အသက်တွေ စူးရှလှောင်ပိတ်နေတဲ့ဓာတ်ခွဲခန်းထဲကနေ ထွက်ခဲ့ပါဦးလား ဆရာရယ်။
---
“အစ်ကို ကြားတာ သိတာကို ဝတ္တရားအရ ပြောတာနော်၊ ငါ့ ညီမ စဉ်းစားဆုံးဖြတ်ပေါ့” တဲ့။
အစ်ကိုလေ။ ချို့ရဲ့ အစ်ကိုက ပြောလာတယ်။
ဆရာနဲ့ချိုတို့ရဲ့ ခင်မင်မှုအတိုင်းအတာကို ရိပ်စားသိထားတဲ့ အစ်ကိုက ပြောတာ ဆရာရယ်။
သူက ပြောတယ်ဆိုတာ ဆရာ့ကို ချိုဘယ်လိုလုပ် ပြောရမလဲ။ မပြောချင်ဘူး ဆရာ။ ပြောမထွက်ဘူး။
ခက်တယ်၊ ခုမှ ခက်တယ်။
မပြောဘဲနဲ့ သိခဲ့ကြတဲ့အချစ်၊ မပြဘဲနဲ့ နားလည်ခဲ့တဲ့ မေတ္တာ၊ ချိုနဲ့ဆရာ့ကြားမှာ ထားရှိခဲ့တဲ့ သံယောဇဉ်၊ ဒါတွေရဲ့ နောက်ကွယ်မှာ ဆုံစည်းချင်တဲ့ ချိုနဲ့ ဆရာဆန္ဒ၊ ဆရာ့ကို ချို လွန်ဆွဲနေမိပေမဲ့ ဆရာ့ကို
ချစ်တယ်။
ဒါပေမဲ့ မဖြစ်နိုင်ဘူးတဲ့။
“ဆရာက မိန်းကလေးတယောက်ကို လက်ထပ်ယူနိုင်အောင်ကျန်းမာရေးနဲ့ ပြည့်စုံသူ မဟုတ်ဘူး” တဲ့။
ဘယ်လောက်များ ရင့်သီးလိုက်သလဲ။
ချို ရှက်တယ်။ ဝမ်းလဲ နည်းတယ်။
ဆရာဟာ ချို့အပေါ် ကြင်နာပါတယ်။ မြတ်နိုးပါတယ် (ဆရာ့စာတွေအရ) ဆိုထားလျက်နဲ့ ချို့အပေါ် ဘာကြောင့် ပွင့်ပွင့်လင်းလင်း၊ ယုယုယယ ကြင်နာမှုနဲ့ မပိုက်ထွေးသလဲ။
ဘာကြောင့် ဣန္ဒြေကြီးတခွဲသားနဲ့ ကလေးငယ်တယောက်လို သဘောထားခဲ့သလဲ။
မတွေးချင်ဘူး။
ဆွေးလဲ မဆွေးချင်ဘူး။
တွေ့လဲမတွေ့ချင်ဘူး။
ဆရာကိုလဲ မတွေ့ချင်ဘူး။
---
သစ်ရွက်လို လွင့်နေခဲ့တယ်။
သွားချင်ရာ သွားတယ်။ စားချင်ရာ စားတယ်။
တွဲချင်တဲ့သူနဲ့ တွဲတယ်။
ချိုနဲ့ ဆရာ မတွေ့တာလဲကြာပြီ။ ။
တွေ့ရင်လဲ နှုတ်မဆက်ကြတာ များပြီ။
နှုတ်ဆက်ဖြစ်ရင်လဲ မလွှဲမရှောင်သာရုံ။ တွေ့ပြန်ရင်လဲ မကြည့်မဖြစ်ရုံ။ ချို သိတယ်လေ။ ဆရာလဲ ချို့ကို အထင်လွဲနေတယ် မဟုတ်လား။
ချိုဟာ မျက်နှာများတဲ့ မိန်းကလေး။ ဆရာ့ကို စိတ်လှုပ်ရှားရုံသက်သက်။ အရူးလုပ်တဲ့ မိန်းကလေး။ လှိုင်းပွက်လေးတွေလို ကမ်းပါးကို ထိတွေ့
ကစားရုံသက်သက် ဆရာ့စိတ်ကို နှောင့်ယှက်ခဲ့လေတယ်ပေါ့။
ဒါကြောင့် ဆရာလဲ ချို့ကို ရှောင်တတ်လာတာပေါ့။
---
ဘယ်လောက်များ ဆိုးလိုက်တဲ့ အဖြစ်လဲ။
ချို့ ခုံနံပါတ်မပါတဲ့ အောင်စာရင်းရဲ့ နောက်ကျောမှာ ဆရာ့ စေ့စပ်ကြောင်းလမ်း သတင်းကို ဖတ်ရတယ်။
ချို မယုံဘူး။ မယုံချင်ဘူး။
ချို အံ့သြတယ်။ အံ့သြချင်တယ်။ ဝမ်းနည်းတယ်၊ ငိုချင်တယ်။ ငိုပစ်တယ်။ ဒီလိုဆိုတော့ ချိုသိတာ မှားတယ်ပေါ့။ ချို ထင်တာ လွဲတယ်ပေါ့။ ကြားခဲ့ရတာ မဟုတ်ဘူးပေါ့ ။ ဆရာ့ကို မလိုသူတွေက မမှန်သတင်း လွှင့်တယ်လို့ သိရပါတယ်။ ချို ဘာလုပ်ရမှာလဲ။ ဘာတွေများ လုပ်နိုင်ဦးမှာလဲ။
---
ဆရာ နိုင်ငံခြားကို သွားရမယ်တဲ့ ...။
ပြန်လာရင် လက်ထပ်မယ်တဲ့။
တက္ကသိုလ်ရဲ့ ပြင်ပတနေရာကနေပြီး ဆရာ့သတင်းတွေ ကြားနေရပါတယ်။ ဆရာတော့ ချို့ အပေါ် အထင်လွဲမှားစိတ်တွေကို ရေခြား မြေခြားထိ သယ်သွားတော့မယ် ထင်ပါရဲ့။ ပြန်လာမှ ဆရာ့ လက်ထပ်ပွဲကြီးမှာ ဒီသံသယတွေကို မြေမြုတ်သင်္ဂြိုဟ် ပစ်မှာပေါ့နော်။
ချို့အတွက် စိတ်ကူးယဉ်ကမ္ဘာလည်း ပျက်ပါပြီ။
လက်တွေ့ကမ္ဘာကလည်း ချို ထွက်ပြေးခဲ့ရပြီ။ ဒါပေမယ့် ဆရာရယ် ဖြေရှင်းတယ်ရယ် မဟုတ်သော်လည်း တောင်းပန်တယ်ရယ် မမည်သော်လည်း သိစေချင်တာ လေးတွေကိုတော့ ချို ရေးလိုက်ပါရစေ။ ချို့ အပေါ် ထားရှိတဲ့ သံသယအတွေးတွေကို ရေခြားမြေခြားထိ ယူမသွားစေချင်လို့ပါပဲ ဆရာရယ်။
---
လေဆိပ်ခန်းမက အေးမြပေမယ့် ချို့ ရင်တွေ ပူလောင်လှပါတယ်။
ချို ရှေ့လည်းမတိုးဝံ့။ နောက်လည်း မဆုတ်မိပါဘူး။ကျောက်ရုပ်တရုပ်လို ငြိမ်ငြိမ်သက်သက် ရပ်ကြည့်နေမိတယ်။ ချို့ လက်ထဲမှာ ဆရာ့အတွက် လက်ဆောင်ပစ္စည်းတွေနဲ့ စာတစောင် ပါခဲ့ပါတယ်။
ဒီအထဲမှာ ချို ရေးချင်တာတွေ ရေးထားတယ်။ ဆရာ့ကို သိစေချင်တာတွေ ရေးထားတယ်။ ဆရာ့နေရာ အဆောင်ကိုလည်း မလာဝံ့လို့ သိမ်းထားခဲ့တာ ကြာပါပြီ။ ဒီနေ့ ဒီရက် ဒီအချိန်မှာတော့ ဆရာ မြန်မာပြည်က ခွာမယ်ဆိုတာ သူငယ်ချင်းတွေက သတင်းပို့လာကြတယ်။
ချို လေဆိပ်ကို ပြေးလာခဲ့ပါတယ်။
မိုက်မဲလိုက်တဲ့ ချို့အတွေး။ ခေါင်းပါးလိုက်တဲ့ အသိဉာဏ်။ ဆရာ့နားမှာ ဆရာ့ ဆွေမျိုးတော်တွေ ပြီးတော့ ဆရာ့ မိဘတွေ သဘောတူတဲ့ ဆရာ့ ဇနီးလောင်း သူတို့တွေက ဝိုင်းဝိုင်းလည်လို့ပေါ့။
ထုံးစံအတိုင်း ဆရာကတော့ ဣန္ဒြေရရပြုံးလို့ပါပဲ။ ချို ဆရာ့နားကို မလာဝံ့ဘူး ဆရာရယ်။ သည် တသက်မှာတော့ ချို့ ဖြေရှင်းချက်ကို ဆရာ ဘယ်တော့မှ သိရတော့မှာ မဟုတ်ပါဘူး။
---
လေဆိပ်ခန်းထဲမှာ တယောက်တည်း ထိုင်နေမိတာ ဘယ်လောက်ကြာပြီလဲ မသိ။ လေယာဉ်တစင်း ကောင်းကင်ကို ထိုးတက် ပျံဝဲသွားသံကို ကြားလိုက်ရတယ်။
---
#မိုးမိုးအင်းလျား
#ဝေး
#shared_by_louis_augustine
Comments
Post a Comment