တုန်ခါပီတိ // ကံထွန်းသစ်

တုန်ခါပီတိ // ကံထွန်းသစ်

(သင့်ဘဝ၊ အောက်တိုဘာ၊ ၁၉၉၇)

---

(၁)

ဘဝ၏ နောက်ဆုံးခရီးမှာ ရွှေထီးမိုးခံရရုံမျှနှင့် သားကို ဒီဘောင်သို့ သွတ်သွင်းခဲ့ခြင်း မဟုတ်သည်ကတော့ အသေအချာပင်။ မကြာသေးမီက တိုက်သစ်ဆရာတော် ရှင်ပြုတခုမှာ ဟောကြားသော ‘စကြာဝတေးမင်း၏ မယ်တော်ဖြစ်ဖို့ကား လွယ်ကူ၏။ ရှင်မယ်တော် ရဟန်းမယ်တော်ဖြစ်ဖို့ကား အလွန်တရာမှ ခဲယဉ်းလှစွာ၏’ ဆိုသည့် တရားထဲကလို ရခဲလေတော့ ရဟန်းမယ်တော်ဆိုသည့် အမည်ထူးတလုံးကို ပန်ဆင်လိုသဖြင့်လည်း သာ၍ပင် မဟုတ်ခဲ့။

ငယ်စဉ်ကတည်းက နားစွဲနေခဲ့သော ‘ကိုယ်၏သားဖြစ်စေ၊ ကိတ္တိမသားဖြစ်စေ၊ သာသနာတော်တွင်းကို သွတ်သွင်းမှသာ’ စသည်သီချင်းလို သာသနာ့အမွေခံ ဖြစ်ကာ အပါယ်တံခါးပိတ်ပြီး နိဗ္ဗာန်တံခါးဖွင့်ဖို့ရာလေ။ ဟုတ်သည်။ ခုဆို သားကို အကြောင်းပြုကာ အကုသိုလ် အထုပ်ကငယ်၍ ကုသိုလ်အထုပ်က ထည်ခဲ့ပြီကော။

ရဟန်းမယ်တော်နော် ရဟန်းမယ်တော် … ဆိုသောစည်းကြိုးခိုင်ခိုင်ဖြင့် ကံသုံးပါးကို စည်းနှောင်နိုင်ခဲ့ပြီပဲ။

နဖူးလက်တင် စဉ်းစားမိတိုင်း ငါးပါးသောသီလ … အဲ တခါတလေ သန်းဥ စမ်းမိတာကလွဲလို့ ပါဏာတိပါတ စသော ကံငါးပါးကို ခါးဝတ်လဲကဲ့သို့ မြဲခဲ့တာကို တွေ့ရတော့ ‘ဒါ သားကြောင့်ပဲ … ဟုတ်တယ်။ သား ဒီဘောင်မှာ မွေ့ပျော်သ၍ နိဗ္ဗာန်တံခါးကို မဖွင့်နိုင်တောင်မှ အပါယ်တံခါးဖြင့် …’

ဤလို ကြည်နူးခဲ့ရသည်။ အိပ်နိုးထတိုင်း ထိုကြည်နူးမှုလေးဖြင့် နှစ်ထောင်း ပျော်ရွှင်ခဲ့ရသည်။ ခု ဤပီတိ အဆောက်အအုံလေးက တုန်ခါယိမ်းယိုင်ချင်နေပြီ။ ပြိုကျ ပျက်စီးသွားဦးမှာလား။

အသက် ခြောက်ဆယ်သီသီ စွန်းခဲ့ပြီမို့ သားရဲ့အရိပ်မှာ တလှည့်ချွေးသိပ်ရင်း အဖ မြတ်စွာသခင်၏ မဂ္ဂင်လမ်းကြောင်း အတိုင်းလျှောက်တော့မည်ဟု ကြံစည် စိတ်ကူးရုံရှိသေး၊ ခု သားက သင်္ကန်းကြီးက သစ်ခေါက်စော် နံပြီ ဆိုတော့ …။

(၂)

“အမေ အမေ့သား လူထွက်တော့မှာတဲ့ဗျ”

“မဟုတ်က ဟုတ်က ဟယ်”

“သူ့ သူငယ်ချင်း ဦးဇင်းသိန်း ပြောတာ၊ ဦးဇင်းသိန်း ကြွလာတော့ အမေ လျှောက်ကြည့်ပေါ့”

ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ဒီနေ့ ဘာနေ့ပါလိမ့်၊ အင်း တနင်္လာနေ့။ တနင်္လာနေ့ ဆိုတော့ ကျွန်မသား စကားမမှန်ရာ တဲ့၊ ဟုတ်တာပေါ့ ကျွန် က၊ ခ၊ ဂ၊ ဃ၊ င တနင်္လာနံ၊ တနင်္လာနေ့ကြားတဲ့ စကားမမှန်ပေါ့။ မမှန်နိုင်ပါဘူး၊ မမှန်ပါစေနဲ့တော်၊ မမှန်ပါစေနဲ့။

သင်္ကန်းဆီးကတည်းက လူထွက်ဖို့ ဝေးလို့၊ တခါမျှ ရှင်လိင်တော် မပြန်ဘူးတဲ့ သား၊ ဒီသားက ရဟန်း ဝါဆယ်ဝါမျှ မြဲခဲ့သော သင်္ကန်းကို ဖြုန်းစားကြီး ချွတ်တော့မည်ဆိုတော့ မဖြစ်နိုင်၊ ဘယ်နည်းနှင့်မျှ မဟုတ်နိုင်။ နောက်ပြီး လူထွက်စကားလည်း တခါမျှ ရယ်စရာအဖြစ်ပင် မဟဘူးခဲ့။

အင်း … ရှက်လို့ မဟတာနေမှာ။ ဒါမျိုးဆိုတာ ကြိတ်ကြံချင် ကြံနေမှာ။ ဦးစန္ဒောကြီး ကြည့်ပါလား၊ တရွာလုံးက ဖိန့်ဖိန့်တုန်အောင် ကြောက်လိုက်ရတာ၊ ဣိန္ဒြေကလည်း ကြီးမှကြီး၊ ဟော ဦးဖိုးဒင် မြေးမလေးနဲ့လည်းတွေ့ရော၊ တခါတည်းအောင်ထားတဲ့ ဓမ္မာစရိယ ဆိုတဲ့ဘွဲ့တွေတောင် မနှမြောတော့ဘူး။ ခုလည်း အဲလိုများ ဖြစ် ... ဟင်း ...။

ကန်တော့ပါရဲ့၊ မောင်ပဉ္စင်းမှာလည်း ရည်းစားသနာများ တွေ့ပြုနေ … ဟယ် … ဟုတ်မယ် မထင်ပါဘူးလေ။ အင်း ရဟန်းတော်တွေ လူထွက်တယ်ဆိုတာလည်း တော်ရုံတန်ရုံအကြောင်းလောက်နဲ့ ထွက်ကြတာမဟုတ်ဘူး။

မောင်ပဉ္စင်းကလည်း ရုပ်လေးက မအေတူ ဖြူဖြူနွဲ့နွဲ့ရယ်။ ရွာကြွလာတဲ့အခါ ဟို ငဖုန်းရဲ့သမီးလေးနဲ့တော့ အခေါ်အပြော ရှိတာပဲ။ အဲဒီကလေးမနဲ့များ …။ ဟုတ်ချင်ဟုတ်မှာ။ ကောင်းမလေးက ကွမ်းတောင် ပန်းတောင်ကိုင်ဆိုတော့ … အသက်တော့ ကွာပါတယ်လေ။ နောက်ပြီး သူတို့က ကျောင်းနေဖက်တွေပဲ၊ ဒါလောက်တော့ ရှိမှာပေါ့။ ဟို သူငယ်မလေးက ဗိုင်းကောင်း ကျောက်ဖိလေးပါ။ အင်း … မဟုတ်ရင်တော့ ကိစ္စမရှိ၊ ဟုတ်ရင် … ဟုတ်များနေခဲ့ရင် …။

ဟိုကလေးမကို သွားမေးစမ်းကြည့်ရလျှင် ကောင်းမည် ထင်သည်။ မီးဆိုတာ မလောင်ခင်တားတာ အကောင်းဆုံး မဟုတ်လား။ သွားမေးတာတော့ ဟုတ်ပြီ။ မဟုတ်ခဲ့လျှင် သားသမီးချင်း မစာနာရာ ကျချေတော့မည်။ ဘယ့်နှယ်လုပ်ပါ့။ ကိုယ့်မောင်ပဉ္စင်းကိုပဲ သွားပင့်ခိုင်းတာ အကောင်းဆုံး ဖြစ်ပေတော့မည်။ မနက်ဖြန် အငယ်ကောင်ကို မန္တလေး လွှတ်ရမည်။ မင်း နောင်တော်ကို ပင့်ခဲ့၊ သူ့ ဆရာတော်ကိုလည်း အကြောင်းစုံလျှောက်ခဲ့ဟု မှာရမည်။

မောင်ပဉ္စင်းကြွလာမှ အကြိမ်များစွာ လျှောက်ခဲ့ဖူးသောစကားကို ထပ်လျှောက်ရမည်။ အကြိမ်တရာမကလို့ လည်ချောင်း လှည်းပတောင်း ထချင်ထပစေ လျှောက်ရမည်။

‘လူမထွက်ပါနဲ့ ဘုရား လူ့ဘဝဆိုတာ …’

(၃)

ဆန်တပြည် ဘယ်ဈေး၊ ဆီတဆယ်သား ဘယ်လောက် စသည့် စားရေး အပူတွေထက်ပင် သားရေးအပူက ပို၍ လောင်မြိုက်လှတော့သည်။ အရိပ်တကြည့်ကြည့်နှင့် ပျိုးထောင်ခဲ့ရသောသား ခုတော့ …။

အို … ကိုယ်ပူ ကိုယ်ကျွမ်းတာပဲ။ နောက်ပြီး မရေမရာနဲ့။ သန်ဘက်ခါ သားငယ် ပြန်လာရင် အကြောင်းစုံသိရမှာပဲဟု ကိုယ့်ကိုယ်ကို ဖျောင်းဖျရင်း စိတ်ကို ငြိမ်စေရသည်။

သို့သော် … စိတ်သည် နဖားထိုးထားသည့် နွားမတကောင် မဟုတ်လေတော့ …။

မောင်ပဉ္စင်းကိုမွေးတော့ သင်္ကြန်အတက်နေ့ကြီးမှာပင်။ နောက်နေ့ဆို နှစ်သစ်ကူးပြီ။ ဒီတော့ မီးတွင်းထဲ ကြာကြာ မနေလိုက်ရ။ တရက်နှင့်မီး ထွက်ခဲ့ရသည်။ အညစ်အကြေးနယ်၌ ကြာရှည်မနေရသည့်သဘော။ ထိုကတည်းက ဒီသားဟာဖြင့် တခြားသားတွေနှင့်မတူ။ ထူးမည့်သားပဲဟု ကိုယ့်ဟာကိုယ် အတိတ်ကောက်ကာ နိမိတ်ဖတ်ခဲ့မိသေးသည်လေ၊ နာမည်ပေးတာတောင် ‘မောင်ဆွေထွန်း’ တဲ့။ ဆွေလယ်မျိုးလယ်မှာ ထွန်းမည့်သားလို့။

ပြန်တွက်စစ်လိုက်တော့ သားတွေချည်း ၄ ယောက် မွေးခဲ့သည့်ထဲက မောင်ပဉ္စင်းက နို့ညှာ။ သူ့အောက် တယောက် ရှိသေးသည်။ သည်သား ၄ ယောက်ထဲတွင် ဉာဏ်အထက်ဆုံး သားကလည်း သူပင်။ ညည အိပ်ယာဝင်ပုံပြောပြီဆိုမှဖြင့် သူတယောက်သာ ပုံဆုံးအောင် နားထောင် မြဲ၊ မှတ်လည်း မှတ်မိသည်။ နောက်တနေ့မှာ သူ့ညီကို ပြန်ပြောနေလိုက်တာများ ချောလို့။

ပြောစရာ ပုံသစ်မရှိသော ညများဆိုလျှင် ‘အမေ တောထွက်တဲ့အကြောင်း ပြောပါဦး’ ဟု ပူဆာတတ်သည်။ သူ တောင်းဆိုသည်က ရွာလယ်ဝတ်ကျောင်းမှာ ရွတ်ဆိုရသော တောထွက်တော်မူခန်း ဘုရားပင့်၊ အသံနေ အသံထားနှင့် ဆိုပြတာကို သူ သဘောကျသည်။ ကြားဖန်များတာကိုပင် မရိုးနိုင်၊ ရသည့် အပိုဒ်ဆို လိုက်၍ပင် ဆိုလိုက်သေး၊ တညသားများ မှတ်မိနေသေးတော့ …

“သူအိုတဖြာ သူနာတတွေ … သူသေတခန်း၊ သူရဟန်းနှင့်မဂ်လမ်း ထွင်စရာ လေးဖြာနိမိတ် နတ်ပြဟိတ်သော်ကြောင့်၊ မောင်ဆန်ကိုခေါ်၊ တိုင်ပင်တော်မူသည်မှာ ငါနှင့်အညီ ယသော်ဗျက်ဝိ တောထွက်မည့်ဟန် ငါ့အကြံကို ဧကန် မသိရှာလေဟု…”

“လောင်းမင်းသားက အဲသလို သူအို သူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို မြင်တော့ တောထွက်ဖို့ရာ ဖွားဘက်တော် မောင်ဆန်ကို ခေါ်ကာ တိုင်ပင်တော်မူသတဲ့ကွယ်”

ထိုသို့ အဆို တခါ၊ အပြော တလှည့်ဖြင့် ပုံခင်းပြတုန်း …

“သူအိုဆိုတာ ဘာလဲ အမေ”

“အိုနေတဲ့ ဘိုးကြီးအို၊ မယ်ကြီးအိုတွေကို ပြောတာပေါ့ကွယ်”

“ဟို … အဖေကြီး ဘိုးရွှေလုံလိုလား”

“အေးပေါ့”

“သူနာကကော”

“နေမကောင်းနေတဲ့သူပေါ့ သားရဲ့”

“သူသေဆိုတာ ဟိုအသုဘချတာကို ပြောတာလား”

“ဟုတ်တာပေါ့ သားရဲ့”

“ဒါဖြင့် သူရဟန်းကကော”

“သူရဟန်းဆိုတာက ဟို … အဲ … ဘုန်းကြီးကို ခေါ်တာကွယ့်”

“တိုက်သစ်ကျောင်းက ဘုန်းဘုန်းလိုလား”

“ဒါပေါ့ သားရဲ့ အဲဒီ ဘုန်းဘုန်းလို”

“ဘာလို့ သူက ဘုန်းကြီးလုပ်တာလဲ”

“သူကလား သူက … အဲ … သူအို သူနာ သူသေမဖြစ်အောင် တရားအားထုတ်ဖို့ပေါ့ကွယ်”

“ဒါဆို သားလည်း ကြီးရင် ဘုန်းကြီး လုပ်မယ်”

ကြည့်စမ်း လိမ္မာလိုက်တဲ့ သား။ ကြည်နူးလိုက်ရတာ၊ ရှင်ဘုရင်ဖြစ်မည့်သူက မွေးကတည်းက သျှောင်လေးနဲ့ ဆိုသလိုပင်။ ထိုညကတည်းက သားကိုရှင်ပြုပေးဖို့ အားခဲမှု ပို၍ ထက်သန်ခဲ့လေတော့သည်။ သင်္ကန်းနိုင်လျှင် ရှင်ပြုပေးကြဖို့ သူ့အဖေနှင့် မှတ်မှတ်ရရ တိုင်ပင်ဖြစ်ကြသည်။

ခု … ဤ သားက လူထွက်တော့မည်တဲ့ …။

(၄)

ရှင်ပြုတော့ မှတ်မိနေသေးသည်။ သားကြီးတွေတုန်းက ဆိုင်းနှင့်ဝိုင်းနှင့် ရှင်ပြုပေးခဲ့သည်။ အငယ်နှစ်ယောက်ကျတော့ အပျော်အပါးမဖက်၊ လောကုတ္တရာ သက်သက်ဖြစ်အောင် မနည်းတိုင်ပင်ယူရသည်။ ဒါတောင် သူ့ဒကာကြီးက အရပ် ကျေနပ်အောင် ဗြောလေး ထည့်လိုက်ချင်သေးသည်။ ဒီတော့သိသလောက် မှတ်သလောက်နှင့် …။

“ကိုယ့်နှယ် ဒီ အပိုကုန်မည့်အစား မဏ္ဍပ်ဝင် သံဃာတော်တွေကို လှူဖွယ်ဝတ္ထု ပိုလှူမယ်၊ ဒါမှ အကျိုးကြီးတော့မပေါ့ တော်” စသည်ဖြင့် ဖျောင်းဖျရသေးသည်။

အဲဒီတုန်းက ကျွေးတာမွေးတာကိုပင် အမဲပေါ်ခြင်း၊ ဝက်ပေါ်ခြင်း မလုပ်စေခဲ့၊ ပံ့သကူသားဖြစ်အောင် ငါးခြောက်ထောင်းကြော် ကျွေးခဲ့သည်။ ငါးခြောက်မှ နတိနတ မဟုတ်၊ ဈေးအကြီးဆုံး ငါးရံ့ခြောက်ကို ကျွေးခဲ့တာ။ ဘုန်းကြီးဖြစ်မည့် သားရဲ့ပွဲမှာ အားလုံး စင်ကြယ်စေချင်သည်လေ၊ မောင်ပဉ္စင်း သင်္ကန်းဆီးတော့ ဘာရှိသေးလဲ ကိုးနှစ်သား အရွယ်လေး။ အငယ်ကောင်က ၇ နှစ်၊ ရှင်တဝါနှင့် အငယ်ကောင်က ထွက်ခဲ့ပေမယ့် သူကတော့ မြဲခဲ့သည်မှာ ယခုတိုင်ပင်။

သင်္ကန်းလို သင်္ကန်း၊ ဖိနပ်လို ဖိနပ်၊ လိုရာကို လှူဒါန်းထောက်ပံ့ရင်း သာသနာ့ဘောင်မှာ ထားခဲ့ရကျိုးနပ်သည်ဟု ဆိုရပေမည်။ တခါမျှ လူထွက်ချင်ကြောင်း မပြောဘူးခဲ့၊ ကိုရင်လေးဘဝနှင့်ပင် တိုက်သစ်ဆရာတော် ကျောင်းမှာ ပရိတ်ကြီး သဒ္ဒါရှစ်စောင် သင်္ဂြိုဟ်ကိုးပိုင်းကုန်ကာ စာတွေ အတော်ရလှပြီ၊ သူ့ဆရာ ဘုန်းကြီး ပြောတာပင် အမှတ်ရသေးတော့ …

‘မယ်ရွှေကံ … နင့်သား သိပ်ဉာဏ်ကောင်းတာ၊ ကြီးရင် ဆရာတော်ဖြစ်မယ်ဟဲ့’ တဲ့။ ခုတော့ဖြင့် ကြားရချက်က မဟန်ချင် ဆရာတော်ဖြစ်ဖို့ နေနေသာသာ ကျောင်းပင် မထိုင်ရသေး၊ လူထွက်တော့မည် ဆိုတော့ …။

သည်လိုနှင့် ဆယ့်လေးငါးနှစ်အရွယ် ကိုရင်ကြီး ဖြစ်လာခဲ့သည်။ အရွယ်လေး ရောက်လာတော့ ကျောင်းက ကပ္ပိယကြီးနှင့် မတည့်ချင်၊ ကပ္ပိယကြီးက ဆရာတော်ကို အပြစ်မဟုတ်တာတွေ အပြစ်လုပ်ကာ လျှောက်သည်တဲ့။ ဆရာတော်ကလည်း ခဏခဏ ဆူသည်တဲ့။ အခန့်မသင့်လျှင် နကန်နှင့်ပင် အဆော်ခံရတတ်လေတော့ ကိုရင် ရွာကျောင်းမှာ မပျော်ဖြစ်လာသည်။ ဒါတောင် လူထွက်ချင်ကြောင်း လေသံမဟခဲ့။ ကိုရင့်ဒကာကြီးကသာ စိုးရိမ်ပြီး …

‘ဒီမယ် ကပ္ပိယကြီး၊ ဆွမ်းကျန် ဟင်းကျန် အေးအေး စား၊ ကိုရင် ကျောင်းသားတွေကို အနိုင်မကျင့်ပါနဲ့၊ ကျုပ် သား လူထွက်လို့ကတော့ ကျုပ်နဲ့ ခင်ဗျား အတွေ့ပဲ’ အဲသည်လို သွားကြိမ်းမောင်းခဲ့သည်။ တသက်လုံး မော်မကြည့်ဝံ့အောင် ကြောက်ရွံ့ခဲ့ရသည့် ဆရာဘုန်းကြီးကိုပင် မမှုနိုင်အားတော့။

ခု ထိုကျေးဇူးတွေကိုဆပ်ဖို့ လူထွက်တော့မှာလား သားရယ် …။

(၅)

မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ အမေတို့ မောင်ပဉ္စင်းကို ဒီဘဝရောက်အောင် ကြိုးစားပမ်းစား ခေါင်းနဲ့ရွက်တင်ခဲ့ရတာပါ ဘုရား … အဲသည်လိုက စပြီး တောင်းပန်လျှောက်ထားရမည်။

စဉ်းစားကြည့်ပါ မောင်ပဉ္စင်းဘုရား၊ မောင်ပဉ္စင်း ကိုရင်ဘဝကရွာမှာ မပျော်တော့ဘူးဆိုတော့ မြို့စာသင်တိုက် ပို့ပေးရ၊ ဆရာဘုန်းကြီးရဲ့ အငြိုအငြင်ကိုလည်း ခံရ၊ စားရိတ်စက ထောက်ပံ့ဖို့ နွားပေါက်လေး တကောင်တောင် ရောင်းရတာတွေ မောင်ပဉ္စင်းကို တခါမျှ အသိမပေးခဲ့ဘူး။ မဟုတ်လား။

အခုတော့ မောင်ပဉ္စင်းသိအောင် ပြောပြချင်နေမိသည်။

နောက်ပြီး တခါမျှ စိတ်ကူးနှင့်ပင် မရောက်ဖူးသည့် မြို့ကြီးသို့ ကိုရင့်ကို ဘယ်လိုမှ မလွှတ်ရက်။ လွှတ်ရမည်ကို စိတ်မချ၊ ရွာမှာနေပြီး လူထွက်သွားမှာနှင့်စာလျှင် တော်လေသေးရဲ့ဆိုပြီး ဒကာကြီး၊ ဒကာမကြီးပါ မျက်စိစုံမှိတ်ပြီး လွှတ်လိုက်ကြခြင်းပါ။

ကိုရင် မြို့ကိုသွားစ ရက်များကဆို ကားများ တိုက်လေမလားဟဲ့။ မြင်းလှည်းနဲ့များ ခိုက်လေမလားဟဲ့၊ မျက်စိသူငယ် နားသူငယ်နှင့်များ နေရှာမလားဟဲ့ စသဖြင့် ပူပန်လိုက်ရတာ။

မန္တလေးက ဘယ်သူပြန်လာသတဲ့၊ ဘယ်ဝါ ပြန်လာသတဲ့ဆို ကိုရင်နဲ့များ မတွေ့ခဲ့ကြဖူးလားလို့ သွားမေးရတာလည်း အမော။ နောက်မှ သိရသည်။ မန္တလေးမြို့ဆိုတာ အကျယ်ကြီး ဟု။ ရွာလိုမှ မဟုတ်ဘဲ၊ တကူးတက မသွားဘဲ မတွေ့နိုင်ဘူး တဲ့၊ သြော် … အဲဒီတုန်းကများ တပည့်တော်မမှာ လူရယ်စရာကြီးကိုဖြစ်လို့။ ဒါတောင် မန္တလေးသွားသူ ကြုံတိုင်း ငါ့သားလေးဆီ ဝင်ခဲ့ကြပါဦးဟု မှာနေမိပြန်သည်။ နောက်တော့ တနှစ် တခေါက်ဖြင့် ကိုရင် ပြန်ကြွလာမှာပဲလေဟု လွမ်းစိတ်ကို ဖြေရတော့သည်။

သို့သော် ရွာက ဆရာတော် စိတ်မပြေသေးလို့လား မြို့က ဆရာတော် ခွင့်မပေးလို့လားမသိ၊ တနှစ်ပတ်ပင် လည်တော့သည်။ ကိုရင်ကဖြင့် ပြန်ကြွမလာ။ ပြာသိုလ ဘုရားပွဲတော်ချိန်မှများ လာမလားပဲ။ ဟုတ်သည်။ ထိုပွဲတော်မှာ ရွာဇာတိအဝေးနေ သံဃာတွေ အကုန်ပင့်တာပဲဟာ … ဆိုသည့် မျှော်လင့်ချက်နှင့် ဆက်မျှော်နေဖြစ်သည်။

တနေ့လာနိုး တနေ့လာနိုးနှင့် ပြည် ကူးတို့ သင်္ဘောကပ်ချိန်တိုင်း မြစ်ဆိပ်က သွားကြိုနေမိသည်။ အဝတ်ကလေး သုံးလေးထည်ကို မြစ်ရေမှာ အချိန်ကုန်အောင် လျှော်ဖွတ်ရင်း သား ကိုရင်ကို စောင့်မျှော်နေခဲ့သည့်အဖြစ်ကို မောင်ပဉ္စင်း ပြန်မြင်စေချင်လှသည်။ အဲဒီတုန်းက တနေ့ … နောက်တနေ့ …

ဟို နောက်တနေ့ …

အဲဟို နောက်တနေ့ …

နေ့ဆက် ထွက်မျှော်နေမိသည်။ ဘုရားပွဲတော်သာ ပြီးသွားသည်။ ကိုရင်၏ အရိပ်အရောင်ကိုကား မတွေ့ခဲ့ရ၊ နောက်ဆုံးမနေသာတော့မှ ကိုရင့်ဒကာကြီးက ...

“ညည်းနှယ်အေ၊ သာထွန်းနဲ့ မန္တလေး ဘာဝေးတာ မှတ်လို့၊ တနေ့ခရီးပဲဟာ၊ ညည်းသားကို တွေ့ချင်ရင် ကျုပ် လိုက်ပို့မှာပေါ့၊ အချိန်မရွေး သွားတွေ့ရသားနဲ့ အလကား စိတ်ပင်ပန်းခံလို့၊ ညည်းသွားချင်တဲ့နေ့သာ ပြော”

အဲသည်က စပြီး နောက်နှစ်တွေမှာ တနှစ်တခေါက်လိုလို ကိုရင့်ဆီ ရောက်ဖြစ်တော့သည်။ ကိုရင်နှင့်လည်း တွေ့ရ၊ ဘုရားစုံလည်း ဖူးရသည်မို့ ဝမ်းသာရသည်။ ကိုရင် စာတော်ကြောင်းကိုလည်း အတူနေဦးဇင်း ကိုရင်တွေထံမှ ကြားရပြန်သည်။ အဲသည်ရောက်စနှစ်က ပထမငယ်တန်းကို အောင်ခဲ့သည်။ နောက်နှစ်များမှာလည်း … မှတ်မိသေးတော့သည်။ ရောက်ဦးစ တခေါက်တုန်းက ကိုရင့်ဒကာကြီးက ...

“ကိုရင် ဆွမ်းခံအိမ် ဘယ်နှစ်အိမ်ရှိလဲ၊ ဆွမ်းခံရတာ အဆင်ပြေလား”

“မန္တလေးက ‘စ ဒ ဘ ဝ’ နှင့်ညီမှ ဒကာကြီးရ”

“စ ဒ ဘ ဝ ဆိုတာ ဘာတုန်း ကိုရင်ရဲ့”

“စ ဒ ဘ ဝ ဆိုတာ စ စောစောထပြီး၊ ဒ ဒုန်းပြေးကာ ဘ ဘုံလောင်းတိုးနိုင်မှ ဝ ဝဝလင်လင် စားရမည်တဲ့”

ကိုရင့်အဖြေကြောင့် ရယ်လိုက်ကြရတာလေ။

သြော် … အဲဒီတုန်းကတော့ အခုလို လူထွက်လိမ့်မည်ဟု ယောင်လို့ပင် မထင်မိခဲ့၊ ခုတော့ …

(၆)

ပထမကြီးအောင်သည့်နှစ်မှာတော့ ရွာကို ပြန်ကြွလာသည်။ ဒါတောင် ပဉ္စင်းတက်ရန် အသက်ပြည့်နေသောကြောင့်သာ။ သို့မဟုတ်ရင်တော့ …။

ပထမငယ်၊ ပထမလတ်၊ ပထမကြီးတန်းတွေကို နှစ်ချင်းဆက် အောင်မြင်ခဲ့ လေသော ကိုရင်ဖြစ်လေတော့ ရဟန်းဒကာခံလိုသူတွေ ပေါသည်။ ဟို … ဝါးခယ်မ အောက်ပြည် အောက်ရွာက ဒကာတွေက ဒကာလုပ်ချင်၍ ရဟန်းလောင်း တောင်းသည့်တဲ့။ မပေးနိုင်ပေါင်တော်။ မပေးနိုင်ပေါင်။ သတင်းကြားကတည်းက ကိုယ်ပိုင် ပဉ္စင်းတက်ပေးနိုင်ဖို့ ခဲရသည်။

ပဉ္စင်းလောင်းဆိုတာ ပဋိသန္ဓေနေတဲ့ လရယ်၊ ဝါ ထပ်တဲ့ လတွေရယ် ပေါင်းယူရင် ဆယ့်ကိုးနှစ်ပြည့်တာနဲ့ ရဟန်းတက်လို့ ရပြီဟု ကိုရင့် ဆရာတော်ကမိန့်တော့ ဝမ်းသာလိုက်ရတာလေ။ ကဆုန်ဆို ကိုရင်က ဆယ့်ကိုးနှစ် ပြည့်ပြီပဲ။ ထိုနှစ်မှာပင် ကိုရင်ကို ရွာသို့ ပင့်ကာ ရဟန်းခံပွဲ ကျင်းပဖြစ်သည်။ ရဟန်းခံပွဲကိုလည်း ကြည့်ပါဦး။ သိမ်ဝင်တာပင် ကုန်းသိမ်မဟုတ်၊ ဧရာဝတီမြစ်ထဲမှာ ရေသိမ်သမုတ်ကာ ကြီးကြီးကျယ်ကျယ်ကို ကျင်းပပေးခဲ့သည်။ ဒီ ကျေးဇူးတွေကို ဆင်ခြင်ပြီး ငဲ့ညှာတန်ကောင်းပါရဲ့။ ငဲ့ညှာပါဦး ဘုရား …။

အဲသည်တုန်းက သိမ်ဆင်းလောင်းလှူသွားတဲ့ လူတွေကလည်း များမှများ၊ သိမ်ဆင်းရာ မြစ်ဆိပ်မှသည် ဝါးသုံးလေးရိုက်ခန့် ဝေးရာ ကျောင်းပရဝဏ်ဝအထိ သိမ်ကဆင်း နို့ဖိုးဆပ် တရားဦးဟောတော့ ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။ မျက်ရည်များပင် လည်လို့။ သူ့ဒကာကြီးကို ကြည့်လိုက်တော့လည်း ပြုံးပြုံး ပြုံးပြုံးနှင့်။

သာသနာ့ အမွေခံတွေ ဖြစ်ပဟဲ့ … သာသနာ့ ဒါယကာတွေ ဖြစ်ပဟဲ့ … ဟု ကြည်နူးအားရကြီး အားရကာ အပါယ်တံခါးပိတ်၍ နိဗ္ဗာန်တံကား ဖွင့်နိုင်တော့မည်ဟု သတ်မှတ်မိခဲ့သမျှ အင်း … ခုတော့ …။

မထွက်ပါနဲ့ မောင်ပဉ္စင်းရယ် မထွက်ပါနဲ့။ တပည့်တော်မကို ငဲ့ပါဦးဘုရား ဟု ဖမိုး နဖူးချ တောင်းပန်ရမည်။

အမေကို ချစ်တဲ့သားပဲ၊ ငဲ့ညှာမည် ထင်သည်။ အဲ … မရလျှင်တော့ …။

(၇)

အင်း … သူ့ဒကာကြီးသာရှိရင် သူလည်း ခုလိုပဲ စိတ်ကောင်းနိုင်ရှာမှာ မဟုတ်ဘူး။ သူ စောစော ကွယ်လွန်သွားတာ ကောင်းတယ်လို့တောင် ပြောရမလိုပင်၊ တမြန်နှစ်ကပင် သူ့သား မောင်ပဉ္စင်းရဲ့လက်ပေါ်မှာ ကွယ်လွန်သွားခဲ့ရှာပြီ။ ဘဝကူး ကောင်းမှာပါ။ ရဟန်း ခမည်းတော်ကြီးအဖြစ်နှင့် အနိစ္စရောက်ခဲ့ရတာပဲလေ။ ဘတော်ပျံပေါ့။ ငါ့အလှည့်ကျရင်သာ …။

မောင်ပဉ္စင်း၏ ရွတ်သံ၊ ဖတ်သံလေးနှင့် ဘဝကူးဖို့ရာ မသေချာတော့ပြီ။ အမေလည်း အသက်ကြီးပါပြီ။ ဒီ ဘုရားအရေတော်နှင့် အရိုးမထုတ်နိုင်တောင် အမေ့ တသက်တော့ မထွက်ပါနဲ့ဦးလို့ နောက်ဆုံး ပြောကြည့်ရမည်။

နေပါဦး ထွက်မယ်ဆိုတာကတော့ ကျိန်းသေလို့လား ငါ့နှယ် … ငယ်ငယ်လေးကတည်းက သင်္ကန်းချည်ခဲ့တာ ပုဆိုးတောင် ကောင်းကောင်း ဝတ်တတ်တာ မဟုတ်ဘူး။ လူထွက်လို့ ဘာသွားလုပ်စားမှာလဲ။ အစစအရာရာ ကျပ်တည်းတဲ့ ကာလကြီးမှာ နတ်ပြည်ကနေ ငရဲကို ခုန်ဆင်းသလို ဖြစ်တော့မပေါ့။

အို … ဒါတွေ သူ စဉ်းစားမိမှာပါ။ စာတတ် ပေတတ် ပုဂ္ဂိုလ်ပဲ၊ သွားပြောနေတာကမှ မိကျောင်းမင်း ရေခင်းပြ၊ ဘုန်းကြီးစာချ ဖြစ်နေဦးမယ်။ ဒါတွေ တကယ် စဉ်းစားမိလို့ကတော့ ထွက်ဖြစ်မယ် မထင်ဘူး။ ဟာ … မစဉ်းစားမိလို့ထွက်လည်း ထွက်ထွက် ဘာတတ်နိုင်မှာလဲ။ သင်းထိုက်နှင့် သင်းကံပေါ့။ ကုသိုလ်ရဖို့ကတော့ သူမရှိလည်း တခြားကိုယ်တော်တွေ ကိုးကွယ်ယုံပေါ့။

စိတ်သည် ကရုဏာ ဒေါသောတလှည့် မုဒိတာ သောကတလှည့်နှင့် ရှိသည်။ အလုပ်ဝတ္တရားတို့ဖြင့် တည်းနှောင်ထားပါလျက်က … ထွက်မှာတော့ မဟုတ်ပါဘူးလေ ‘ကိစ္စများမြောင် လူတို့ဘောင်’ တဲ့ မောင်ပဉ္စင်း ခဏခဏ ပြောနေတာပဲ။ ဒီ ဒုက္ခတွေ သူ သိပါတယ်။ အဲ ဒုက္ခကို သုခထင်အောင် လုပ်နိုင်တဲ့သူများ တွေ့ရင်တော့ မပြောတတ်ဘူး။ ဟုတ်တယ်။

မြို့သူ တယောက်နှင့်များ နီးစပ်နေရော့လား။ မြို့သူဆိုတာ တောက သူငယ်မလေးတွေထက်တော့ အစစအရာရာ သာတာကလား၊ နောက်ပြီး ဆတ်ကော့လတ်ကော့နှင့် ရဲတင်းလိုက်တာကလား။ အဲဒီလို သူငယ်မနှင့်များ ငြိစွန်းနေရင် ဟယ် … ဟုတ်မယ်မထင်ဘူး။ ဘုရား သိကြားမလို့ မဟုတ်ပါစေနဲ့တော် မဟုတ်ပါစေနဲ့။

ဟုတ်ချင်ဟုတ်နေမှာ ဟုတ်နေရင်တော့ ထန်းလည်ဆစ်ကျိုး တဲ့ … အို ငါ့သားကြီး ဒီလောက် မမိုက်ပါဘူး။

မမိုက်ဘူး … မမိုက်ဘူး။

အင်း … မြို့လွှတ်လိုက်တဲ့ အကောင်ကလည်း ကြာလိုက်တာ၊ ဒီနေ့ရောက်ရက်ပဲ၊ တညပဲ အိပ်၊ မောင်ပဉ္စင်းနဲ့ တွေ့ပြုပြီး ချက်ချင်း ပြန်လှည့်ခဲ့ဆိုတာ …။

တကတည်းတော် စူဠလိပ် ရေထဲလွှတ်သလို ဖြစ်နေပြီ။

(၈)

မွန်းတိမ်းစမှာပင် မြစ်ဆိပ်ဆီမှ ပြည် ကူးတို့သင်္ဘော၏ ဥသြဆွဲသံကို ကြားရပြီ။ ထလိုက် ထိုင်လိုက်။ မြစ်ဆီမျှော်လိုက် ငေးလိုက်နှင့် စိတ်စောလှသည်။ မကြာပါ။

“ဟော … အမေ ဟိုမှာ အမေ့သား ငကျော် ပြန်လာပြီ”

သားကြီး သတင်းပေးသံ မဆုံးမီ ...

“အမေရေ ကျွန်တော် ပြန်လာပြီ၊ အမေ့သား ကိုယ်တော်နှင့် တွေ့ခဲ့ပါ့ဗျာ၊ ဒီနှစ် စာမေးပွဲပြီးရင် ချင်းပြည်နယ် သာသနာပြု ကြွရမှာ တဲ့။ မကြွခင် အမေ့ဆီ လာခဲ့ဦးမယ် တဲ့။ ဟောဒီမှာ အမေ့ဖို့ လူပျံတော်ပတ္တမြား သွေးဆေးနဲ့ စာ …”

ဆေးဘူးတွေကို မကိုင်မိ၊ စာဆီသို့ လက်လှမ်းမိသည်။ စာရွက်ခေါက်ကလေး တွေကို ထုတ်ဖြေလိုက်တော့…။

အသက်ကြီးလာလို့နဲ့ တူပါရဲ့။ လက်တွေက တုန်ချင်နေပြီ။ စာရွက်လေးတွေကို တဖျပ်ဖျပ်နဲ့ …။

---

#ကံထွန်းသစ်
#တုန်ခါပီတိ

#shared_by_louis_augustine
#sbla

Comments