၁၂ ပွဲဈေးသည် // လူထုဒေါ်အမာ

၁၂ ပွဲဈေးသည် // လူထုဒေါ်အမာ

(မဟေသီ၊ ၉၃၊ ဒီဇင်ဘာ၊ အမှတ် ၁၁၀။)

---

ကျွန်မတို့ဆီမှာ “သူတို့စီးပွားရေးက ဘာလဲ” လို့မေးရင် “၁၂ ပွဲဈေးသည်” လို့ဖြေမယ့် အရောင်းအဝယ်သမားတမျိုးရှိပါတယ်။ သူတို့က ဘုရားပွဲတွေမှာ ဈေးလိုက် ရောင်းတာပါ။ နို့ပေမယ့် ဒီစကားက ယေဘုယျ သိပ်ကျပါတယ်။ 

ဘုရားပွဲ ဆိုတာကလည်း သဲပုံစေတီပွဲ၊ ကိုးတောင်ပြည့် ဘုရားပွဲ က စပြီး မန်းစက်တော်ပွဲထိအောင် အကြီးအသေး အစားစား ရှိတယ်လေ။ ပွဲဈေးသည်ကလည်း လေပူပေါင်း ရောင်းတဲ့လူ၊ မုန့်ပျားသလက် ရောင်းတဲ့လူ၊ အကြော်ဆိုင် ဆိုတာမျိုးကစပြီး အထည်ဆိုင်ကြီးတွေ အထိ ရှိသမှုတ်လား။ အဲဒီတော့ ၁၂ ပွဲ ဈေးသည် ဆိုတာကို နည်းနည်း ရှင်းအောင် ရေးပြပါရစေ။
      
ကျွန်မတို့ဆီမှာ တနှစ်မှာ တကြိမ်သာ ကျင်းပတဲ့ ဒေသဆိုင်ရာ တန်ခိုးကြီးဘုရားပွဲတော်ကြီးတွေ ရှိပါတယ်။ အဲဒီ ပွဲတော်ကြီးတွေထဲမှာ ဒေသကြီးရင် ကြီးသလို ပွဲခင်းကြီးတဲ့ ဘုရားပွဲကြီးတွေကို ဗြိတိသျှအစိုးရ ရှိစဉ်အခါတုန်းက “ဂေဇက်ရ ဘုရားပွဲကြီးများ” လို့ သတ်မှတ်ပေးပါတယ်။ အဲဒီ ဂေဇက်ရ ပွဲကြီးတွေထဲမှာ ရွှေဘို မြို့ထောင့်စေတီပွဲ၊ 
ပခုက္ကူ သီဃိုရှင်ပွဲ၊ မကွေးမြသလွန်ပွဲ၊ ပန်းအိုင်ရွှေမုဋ္ဌောပွဲ၊ ပုဂံအာနန္ဒာပွဲ စတာတွေ ပါတာပေါ့။
       
ဒီဘုရားပွဲကြီးတွေရဲ့ ပွဲတော်ရက်ဟာ ၈ ရက်ကနေပြီး ၁၅ရက်အထိ ကြာတတ်ပြီး ပွဲခင်းကြီးက ကြီးလွန်လွန်းလို့ ပွဲခင်းထဲမှာကိုပဲ အုပ်ချုပ်ရေးရုံး၊ ပွဲခင်းဂတ်တဲ၊ ပွဲခင်း တိရ စ္ဆာန်ထောင်၊ ပွဲခင်းဆေးပေးခန်းဆိုတာတွေကို ဆောက်ပေးထားရတယ်။ ပြီးတော့ အစည်ဆုံးပွဲရက်ကိုလည်း ဒေသဆိုင်ရာ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် သတ်မှတ်ပေးထားပါသေးတယ်။
      
ရပ်ရွာမှာရှိတဲ့ တန်ခိုးကြီးဘုရားရဲ့ ဆွမ်းတော်ကြီး တင်လှူပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ဆီမီးပူဇော်ပွဲများကို ဘုရားပွဲတော်တို့ရဲ့ ထုံးစံအတိုင်းတော့ ကျင်းပ လှူဒါန်းကြပါတယ်။ ဒါပေမယ့် အဲဒီပွဲတော်ကိုမှီပြီး ဒေသထွက် အရောင်းအဝယ် ပြုလုပ်ရာ တနှစ်တဈေး ဈေးကြီးခင်းကျင်းတာက ဒီဂေဇက်ရ ဘုရားပွဲကြီးများရဲ့ ဝိသေသလက္ခဏာပါ။
      
ကျွန်မတို့နိုင်ငံက တောင်သူလယ်သမားများဟာ လူများစုဖြစ်တဲ့ နိုင်ငံမဟုတ်လား။ အဲဒီတော့ ဒေသတခုရဲ့ ကောက်ပဲသီးနှံပေါ်ချိန်မျိုးမှာ ခင်းကျင်းပေးတဲ့ ပွဲဈေးကြီး ရှိရာကို ဘုရားလည်းဖူးရင်း၊ ကုန်ဖလှယ်မှုလည်းပြုရင်း ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့လည်း တွေ့ရင်း အနယ်နယ်အရပ်ရပ်ကပဲ ပွဲတော်ကို လာကြတယ်လေ။ တနှစ်တာအတွက် အပန်းလည်း ဖြေရင်းပေါ့။
       
ရွှေပွဲလာတွေထဲမှာ အတော်များများက ကိုယ့်ပါလာတဲ့ ထွက်ကုန်ကလေးတွေကို ပွဲခင်းကြီးထဲမှာပဲ တနေရာရာမှာ ပျံကျဈေးသည်အဖြစ်နဲ့ ချရောင်းတတ်တယ်။ ပြီးတော့ အဲဒီကရတဲ့ ပိုက်ဆံနဲ့ ကိုယ်လိုအပ်ရာရာကို ပွဲဈေးကပြန်ပြီး ဝယ်ကြချမ်းကြတယ်။ ဒီလို ရောင်းစရာမရှိလည်း ငွေရှိတဲ့လူက ငွေပိုက်လာပြီး တနှစ်စာ အိမ်သုံး၊ လယ်ယာသုံးပစ္စည်းတွေကို ဒီပွဲမှာ လာဝယ်တာပဲ။
   
ကျွန်မတို့ မြို့နေလူတွေက မီနီမားကတ်တို့ ဒီပါ့တ်မင်တယ်စတိုးတို့ ဆိုတာမျိုးတွေကို ဝင်ထွက်သွားလာနေပြီး၊ ဘုရားပွဲကြီးဆိုတာ ရွှေတိဂုံ တပေါင်းပွဲလောက်သာ မြင်ဖူးတယ်ဆိုရင်တော့ ခု ကျွန်မပြောတဲ့ ဂေဇက်ရဘုရားပွဲကြီး တပွဲလောက်ကို ကြုံဆုံရင် သွားကြည့်စေချင်ပါတယ်။ ဘယ်မှာမှ ဘယ်တော့မှ မမြင်မတွေ့ရဖူးတာတွေကို မြင်တွေ့ရမှာပါ။

တောနေလူထုအတွက် နွားလှည်းဟာ မရှိမဖြစ်တဲ့ပစ္စည်းလေ။ ဒါနဲ့ပဲ ထွန်ရယက်ရတယ်၊ ဒါနဲ့ပဲ သယ်ယူရတယ်၊ ဒါနဲ့ပဲ သွားရလာရတယ်။ ဓာတ်ဆီတို့၊ ဒီဇယ်တို့ကို မှောင်ခိုကနေ ဝယ်သုံးနေစရာလိုတာမဟုတ်ဘူး။ ဒါကြောင့် ဒီဘုရားပွဲဈေးကြီးတွေမှာလည်း လှည်းနွားသုံးပစ္စည်းချည်း နှစ်ပြပေါက်လောက် ရောင်းနေတာတွေ့ပါလိမ့်မယ်။ ထမ်းပိုးတုံး၊ ထမ်းပိုးကျည်၊ ထမ်းပိုးကြိုး ဆိုတာမျိုးတွေ၊ လှည်းအိမ်မှာ တပ်တဲ့ ဆောင်ပန်းတို့၊ ရံတိုင်တို့ဆိုတာတွေ၊ နွားမှာတပ်ဆင်တဲ့ နဖားကြိုး၊ ဘွဲ့ကြိုး၊ ခြူကုံး၊ တံပြာ စတာတွေ လှည်းနဲ့နွားနဲ့ဆိုင်ရာပစ္စည်း ဘာမဆို ဝယ်လို့ရတယ်။ လှည်းတစီး ပွဲဈေးတန်းမှာတင် တပ်ဆင်လို့ရအောင် ရောင်းချနေတာပါ။
     
မြစ်သား၊ ရွှေမုဋ္ဌောပွဲမှာဆိုရင် ရှမ်းပြည်နယ်ဘက်က ဆင်းလာပြီး နွား၊ မြင်း ရောင်းတဲ့ကုန်သည်တွေက ဝါးတပြန်မှာ နွားငါးကောင်ချည်၊ ဆယ်ကောင်ချည် ချည်ပြီး ဝါးတပြန်ဘယ်လောက်လို့ ဈေးဆိုပြီး ရောင်းတာမျိုးတောင်ရှိပါတယ်။ မြင်းကိုလည်း နွားလိုပါပဲ။ ဝါးအပြန်လိုက်ရောက်ပါတယ်။ ဟိုတုန်းက။
        
ဒီလိုပွဲမှာ တနှစ်စာ တခါတည်း ဝယ်သွားတာဆိုတာကို အစက သဘောမပေါက်ဘူး။ နောက် ပွဲခင်းကြီးထဲမှာ ပဲတို့ စပါးတို့ နေလှန်းတော့ ခင်းတဲ့ ဝါးဖျာလေးထောင့်ကြီးတွေ လေးချပ်စပ်ခင်းထားပြီး အဲဒီ့ပေါ်မှာ ထုံးဖောက်ပြီးတွေ လှည်းဘယ်နှစ်စီးတိုက်မှန်းမသိ ပုံရောင်းနေတဲ့ ထုံးဆိုင်ကြီးတွေချည်း ဆိုင်နှစ်ဆယ်အစိတ် တန်းရောင်းနေကြတာမြင်ရတော့မှ အိမ်မှာ ကွမ်းစားဖို့ထုံးလည်း ဒီပွဲမှာပဲ တနှစ်စာ ဝယ်တာပဲဆိုတာကို သဘောပေါက်ရတယ်။
      
နှစ်ပေါက်သုံးရတဲ့ ပစ္စည်းတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့သီတင်းကျွတ်တုန်းက ကျွန်မသမီး သရက်က အပြန် မကွေးမြသလွန်ပွဲနဲ့ ဆုံနေလို့ ပွဲခင်းတစိတ်တဒေသကို ဖြတ်ပြန်ခဲ့တာ ငှက်ပျောသီးဆိုင်ချည်း၊ ဝဲရောယာရော ပြပေါက်မတတ် ခင်းရောင်းနေတာမြင်ခဲ့ရသတဲ့။ ဒီလောက်များတဲ့ ငှက်ပျောသီးဈေးတန်းမျိုး တခါမှ မမြင်ဖူးလို့ အံ့သြသွားတာပဲ။ ဒီငှက်ပျောသီးတွေ ကုန်သလားမေးတော့ ကုန်တာပေါ့လို့ ဖြေပါသတဲ့။ ကုန်ရမှာပေါ့ ငှက်ပျောသီးဆိုတာ ပုပ်တတ်တဲ့ ကုန်စိမ်းပဲဟာ မကုန်ပဲ ဘယ်ခင်းရောင်းပါ့မလဲ။
      
ပွဲတပွဲမှာ ဆိုင်ခင်းရောင်းတဲ့ အရောင်းသမားချည်းက ၁၀၀၀ ကနေပြီး ၃၀၀၀ အတွင်း ရှိပါတယ်။ ပျံကျသည်ကလည်း ထောင်နဲ့ချီရှိတာပါ။ ဒီပွဲတွေမှာ အထည်သည်လိုဟာမျိုး၊ အလှကုန်လိုဟာမျိုး၊ ပန်းကန်ခွက်ယောက်လိုပစ္စည်း ရောင်းသူမျိုးကတော့ အရင်းအနှီးကြီးပါတယ်။ သူတို့က မန္တလေးလိုမြို့မှာ အခြေချပေမယ့် ပွဲတပွဲပြီး တပွဲလိုက်ရောင်းသူများမို့ တခါတလေ အိမ်မဝင်ပဲ ပွဲကူးရောင်းရတာမျိုးလည်း ရှိပါတယ်။
    
သူတို့မှာ ရောင်းကုန်ကို ဖာတွေ၊ သေတ္တာတွေနဲ့ ထည့်သယ်တယ်။ ပွဲခင်းမှာ မှန်ဗီရိုနှစ်လုံးလောက် ကောင်တာခေါ်တဲ့ ငါးမျက်နှာ မှန်ကာဗီရိုတလုံးလောက်နဲ့ စားအိုးသောက်ခွက် အိပ်ရာခင်းပါ ပါပါတယ်။ စားရေရိက္ခာကတော့ နှစ်ရက်စာ သုံးရက်စာ နဲ့ အခြောက်အခြမ်းနည်းနည်းပါပြီး ရောက်ရာမှာ ရတာကို ဝယ်ချက်စားတာပါ။ ဆိုင်တဆိုင် အတွက် ဆိုင်ကြီးရင် လူလေးငါးယောက်လောက် လိုက်ရတယ်။
    
ပွဲကိုရောက်တော့ ပွဲခင်းကြီးထဲမှာ ဘုရားလူကြီးတွေဆီက ပိုဝယ်ထားတဲ့ ဆိုင်ခန်းကလေးထဲမှာပဲ ပွဲရက်တလျှောက်လုံး အိမ်လုပ်ပြီး နေကြရတာပါ။
     
ဒီလောက်ကျဉ်းကြပ်တဲ့ နေရာမှာ ဘယ်လိုအိပ် ဘယ်လိုစားပါသလဲလို့မေးကြည့်တော့ ကိုယ်ရတဲ့ဆိုင်နေရာဟာ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ၊ စာသင်ကျောင်းဝိုင်းကြီးထဲမှာ ဒါမှမဟုတ် လူနေအိမ်တွေရှေ့ဆိုရင် ရေချိုးဖို့၊ အပေါ့အပါးစွန့်ဖို့ စတဲ့ပြဿနာတွေဟာ အလိုက်အထိုက် ဖြေရှင်းသွားလို့ ရပါသတဲ့။ ထမင်းဟင်းချက်တာလည်း ဆိုင်နောက်မှာပဲ ကပ်ပြီးချက်စားလို့ရတယ်။ အဲ ကွင်းကြီးထဲမှာဆိုရင်တော့ ဘုရားလူကြီးတွေက ရေအိမ်တို့ဘာတို့ ယာယီစီမံပေးတတ်သတဲ့။ ဒါပေမယ့် အမြဲတမ်းဈေးလိုက်ရောင်းတဲ့ ဈေးသည်ကြီးတွေ အဖို့ ပွဲခင်းနားမှာပဲ မြို့ခံမိတ်ဆွေကောင်းတွေ ရတတ် တွေ့တတ်တယ်။ အဲဒီမိတ်ဆွေက ပွဲတော်ချိန်ရောက်ရင် မျှော်နေကြတာ။ ကိုယ့်အိုးကိုယ်ချက်စားတာက လွဲရင် ကျန်ကိစ္စတွေအားလုံး မိတ်ဆွေရဲ့အိမ်ဆီမှာ ပြီးစီးတတ်သတဲ့။      

ကိုယ့်မြို့ကိုယ့်ရွာမှာပဲ ဆိုင်ကန္နားအတည်တကျ ဝယ်ပြီး ရောင်းရဝယ်ရသလို ဣန္ဒြေမရဘူး။ ပွဲဈေးလိုက်ရတာ ကသီကရီ ရှိလှတယ်။ အရင်းအနှီးကလည်း သေးလှတာ မဟုတ်ဘဲနဲ့။ ဘယ်မှ မရွှေ့ရတဲ့ဆိုင်မျိုးနဲ့ ခင်းရောင်းရတာ မကောင်းဘူးလားလို့ ကျွန်မကမေးတော့
 
“သွားဦး၊ ပြန်ဦး၊ ဆိုင်သိမ်းဦး၊ ဆိုင်ခင်းဦးဆိုတဲ့ ဒုက္ခတွေတော့ ရှိတာပေါ့။ ဒါပေမယ့် လုပ်နေကျတော့လည်း ဒါက ဒုက္ခလို့မထင်တော့ပဲ ရိုးသွားပါတယ်။ ၁၂ ပွဲလိုက်တဲ့ ကျေးဇူးတွေလည်း ရှိသေးတာကိုး။ ၁၂ ပွဲဈေးသည်ဆိုတာ သူများနဲ့မတူပါဘူး။ တရွာတကျီ ဆောက်တယ်ဆိုတာလို တမြို့မှာ ကိုယ်နဲ့တကယ်ရင်းနှီးသွားတဲ့ မိတ်ဆွေတွေ အများကြီးဖြစ်ခဲ့တာပါ။ ဒီမိတ်ဆွေတွေ ကိုယ့်မြို့လာရင်လည်း ကိုယ့်အိမ်မှာ တည်းခိုစေပြီး ကိုယ်ကပြန် ကျွေးမွေးဧည့်ခံပါတယ်။ ဘုရားပုထိုးလည်း လိုက်ပို့ပါတယ်။ တကယ်လို့ ကိုယ်က မြို့ဈေးမှာ သမီးကိုဖြစ်စေ၊ သားကိုဖြစ်စေ ဆိုင်တဆိုင် တည်ခင်းပေးထားတယ်ဆိုရင်လည်း ဒီမိတ်ဆွေက ကိုယ့်သားသမီးဆိုင်မှာပဲ ဝယ်စရာရှိရင် ဝယ်တာပါ။ ဒီလိုမိတ်ကောင်းဆွေကောင်းပေါဖို့ မလွယ်ပါဘူး”

လို့ သူတို့က ပြန်ဖြေပါတယ်။
    
“ပွဲဈေးလိုက်နေကျ ဈေးသည်က ပွဲတော်ရက် ရောက်လာရင် ကိုယ်ရောင်းချခဲ့တဲ့ပွဲခင်းကြီးကို မြင်ယောင်နေပြီး သွားချင်နေတာပဲ၊ ရောင်းချင်နေတာပဲ၊ လမိုင်းစီးနေသလိုပေါ့”

လို့လည်း ပွဲဈေးသည်က ပြောပြပါတယ်။
    
လူက သိပ်စည်တော့ အဲဒီပွဲတွေမှာ ဇာတ်သဘင်ကြီးတွေကလည်း စုံမှစုံ။ ရှေးတုန်းကများ ဦးဖိုးစိန်တို့လို ဇာတ်ကြီးကတောင်မှ ပွဲဈေးလာကတဲ့အခါ ကသေးတယ်။ ဦးဖိုးစိန်မကတဲ့နှစ် ဦးစိန်ကတုံးလာတယ်။ ဒီ့အပြင်လည်း တခြားဇာတ်တွေ နှစ်ဇာတ်သုံးဇာတ် လာသေးသတဲ့။ ဦးဖိုးစိန်တို့ မရှိတော့တဲ့ နောက်တခေတ်မှာတော့ ရွှေမန်းတင်မောင်၊ အောင်လံတော်ခင်စိန်၊ ကဲနက်စိန်၊ ငြိမ်းချမ်းရေး ညွှန့်တင်၊ မြို့တော်သိန်းအောင် စသဖြင့် လေးဇာတ်လောက်တော့ ကကြတယ်။ တနှစ်မှတခါ ကြည့်ရတဲ့ပွဲမို့ ဘယ်နှညရုံသွင်းသွင်း ရုံတိုင်းပွဲကြည့်သူတွေက ခဲနေအောင် ရှိပါတယ်။ ဇာတ်နဲ့ ဇာတ်ကန်ထရိုက်တွေလည်း အလုပ်ဖြစ်ကြတယ်။ အဲဒီ့ ၁၂ ပွဲဈေးကြီးတွေမှာ သဘောကျစရာအကောင်းဆုံး ဈေးဆိုင်ကြီးတွေကတော့ စဉ့်အိုးစဉ့်ခွက် ရောင်းတဲ့ဆိုင်ကြီးတွေပါ။ စဉ့်ပစ္စည်းဆိုတာကလည်း ကျွန်မတို့လူနေမှုမှာ မရှိမဖြစ်တဲ့ ပစ္စည်းမျိုးမဟုတ်လား။ အဲဒီတော့စဉ့်ပစ္စည်းဆိုင်တဆိုင်ဟာ ပွဲဈေးမှာ နေရာအကျယ်ဆုံးယူတယ်။ ပစ္စည်းအများဆုံး ဖြန့်ခင်းထားတယ်။ ဒါကြောင့်သူ့ကို ပွဲဈေးကြီးရဲ့အစွန်အဖျားမှာဖြစ်ဖြစ်၊ ကျောဘက်မှာဖြစ်ဖြစ် နေရာပေးရတယ်။ ဒီလိုမပေးလို့ လည်းမရဘူး။ ကြည့်ပါ။ သူကရောင်းဖို့ခင်းထားတဲ့အထဲမှာ စဉ့်အိုးဆိုပါတော့။ ငါးပိထည့် ဆားထည့်ဖို့ တလမယ် တစလယ်ဝင် အိုးငယ်ကစပြီး ပိဿာ ၅၀ ဝင်အိုး၊ ၁၀၀ ဝင်အိုး၊ ၁၅၀ ဝင်အိုးအထိ ခင်းထားတာမဟုတ်လား။ ဆီလှောင်ဖို့၊ ရေလှောင်ဖို့ဆိုရင် ဒီစဉ့်အိုးကြီးတွေမရှိလို့ ဖြစ်တာမှမဟုတ်ဘဲ။ သံပီပါတွေ ခုနောက်ပိုင်းမှာ သုံးလာပါရဲ့။ ဒါပေမယ့် စဉ့်အိုးလို မသန့်ရှင်းပါဘူး။ စဉ့်အိုး ရာဝင် ရာ့ငါးဆယ်ဝင်ကြီးတွေက မြေထဲတဝက်မြုပ်ပြီး ချထားလိုက်တယ်ဆိုရင် သုံးပါလေရော့ သူတသက် င့ါတသက်။
   
စဉ့်အိုးသာ မက စဉ့်ခွက်အကြီးအသေး စဉ့်အင်တုံအရွယ်အစားစားနဲ့ စဉ့်ပန်းအိုး၊ စဥ့်ငရုတ်ဆုံ၊ စဉ့်ဆီမီးခွက်၊ စဉ့်ပန်းစိုက်၊ စဉ့်အိုးပုတ်ချိုးရုပ် အိုး...စုံလို့သာနေပါရော့။ စဉ့်ဆိုင် လေးငါးဆယ်ဆိုင် ခင်းလိုက်ရင် ဘောလုံးကွင်းကြီးတကွင်းများဖြင့် ပြည့်သွားခမန်းပဲ။
    
ဒီလိုဘုရားပွဲဈေးမျိုးကို ကျွန်မတသက်မှာ ပထမဦးဆုံးမြင်ဖူးတာ မြောင်ဘုရားပွဲကြီးပါ။ အဲဒီ့ပွဲဈေးတန်းကြီးထဲမှာ နှီးနဲ့ကြိမ်နဲ့ ဝါးကိုယက်ထားတဲ့ လူသုံးကုန်ပစ္စည်းဆိုင်တွေဟာ တပြပေါက်မကပဲကိုး။ ကျွန်မတို့က ဈေးကြီးတွေမှာ ဒီလိုဆိုင်မျိုးတဆိုင်စ နှစ်ဆိုင်စပဲ မြင်ဖူးတာဖြစ်လေတော့ အံ့သြငေးမောလို့မဆုံးဘူး။
     
တောင်သူလယ်သမားတွေသုံးတဲ့ ချင့်တောင်းမျိုးဆိုရင် စလယ်တောင်း ပြီးတော့ စိတ်တောင်း၊ ခွဲတောင်း၊ တင်းတောင်း၊ လောင်းတောင်း ကြိုက်ရာလက်ရာ ရွေးဝယ်လို့ရတယ်။ ဗန်း၊ ဆန်ကော၊ ဆန်ခါတွေထဲကလည်း အရွယ်အမျိုးမျိုး အစိတ်အကျဲ အစားစား လက်ရာအကောင်းအညံ့ စုံလို့ပါပဲ။
      
ပုတ်တွေ၊ တောင်းတွေ၊ ပလုံးတွေ၊ ထည့်စရာ သယ်ယူစရာတွေကလည်း စုံမှစုံ။ မမြင်ဖူးတာတွေတောင် ပါပါတယ်။ ပြီးတော့ ခင်းစရာ ကာစရာ ဖျာနဲ့ရိုင်တွေကလည်း အရွယ်အစားစား လိုသလောက်အရေအတွက်ကို ဝယ်လို့ရတယ်လေ။

တောသူတောင်သားက ဒီလိုပွဲမှာ တနှစ်တခါလိုအပ်ရာရာကို ထွက်ဝယ်တာပဲဆိုတာ ဟုတ်မှာပဲလို့ အဲဒီတော့ မှ သဘောပေါက်ရပါတယ်။

---
                                              
#လူထုဒေါ်အမာ 
#၁၂ပွဲဈေးသည်

#shared_by_louis_augustine
#sbla

Comments