အမှိုက်ပုံ ဂွမ်းယုံ // ရွှေကူမေနှင်း
အမှိုက်ပုံ ဂွမ်းယုံ // ရွှေကူမေနှင်း
(နရသိန် မဂ္ဂဇင်း၊ ၂၀၁၀ ပြည့်နှစ်၊ မေလ)
(အကျဉ်းစံမိန်းမများ)
---
သာတီးဒီ(30-D)အဆောင်တွင် ဂွမ်းယုံဆိုတာ ယှဉ်ရဲသူမရှိ။ ပန်းဆိုးတန်းအေးသန်းက လွဲလျှင်ပေါ့။ အေးသန်းကိုတော့ ဘယ်သူမှ မတုနိုင်။ သူက လူရှေ့သူရှေ့ ကိုယ်လုံးတီးနှင့် ရေချိုးရဲသူ ဖြစ်၏။ ဂွမ်းယုံကတော့ သူ့လို မရမ်းတတ်ပေ။ ခပ်ငြိမ်ငြိမ်၊ ခပ်အေးအေးနှင့် လောကကို သုံးသပ်နေတတ်သူဖြစ်သည်။ မတရားတော့ လာမလုပ်နှင့်။ ဂွမ်းယုံ လက်ဝါးက ပါးမရွေး။
မနေ့ကပဲကြည့်… ။
(၅-ည) အန်တီနှင်းက ဂွမ်းယုံတို့အဆောင်မှာ နို့မှုန့်လာတိုက်သည်။ လူတိုင်းကို တိုက်ခြင်းမဟုတ်။ တိုက်ဖွိုက်ဖျားနေသော မသိန်းအေးကို အစာအဖတ်မစားရဟု ဆရာဝန် ညွှန်ကြားချက်အရ နို့မှုန့်အလျှံပယ်ရှိသော အန်တီနှင်းက လာပို့ခြင်း ဖြစ်သည်။ အန်တီနှင်း နို့မှုန့်ပေါရခြင်းက အိမ်က ချမ်းသာ၍ မဟုတ်ပေ။ အန်တီနှင်းက နှစ်ချောင်းထိုး ကျွမ်းသည်။ ဆွယ်တာလှလှတွေ ထိုးတတ်သည်။ ကျားဝတ်လက်ပြတ်တထည်ကို တပတ်ပဲ ကြာ၏။ အလကား ထိုးမပေးချေ။ ဆွယ်တာတထည်ကို လက်ခ နို့မှုန့်တထုပ်တဲ့။ နို့မှုန့်ကလည်း သူတယောက်တည်း သောက်၍မကုန်။ သည်တော့ လိုအပ်သူများကို လှူသည်။ မနေ့က မသိန်းအေးကို နို့မှုန့်တထုပ်(ပေါင်ထုပ်ကြီး)လာလှူ၏။ မသိန်းအေးက အိပ်ရာထဲမှာ ပျော့ခွေနေသည်။ အနားက ပြူးကျယ်မက သူဖျော်တိုက်မယ်ဆိုပြီး လက်ခံထားလိုက်သည်။ အန်တီနှင်း ပြန်သွားပြီး ဘာကြာလို့လဲ။ ပြူးကျယ်မသည် နို့မှုန့်ထုပ်ကို ပါးစပ်နှင့် ကိုက်ဖောက်ပြီး ထမင်းကြမ်းနှင့် နယ်စားတော့၏။
ဒါကို ဂွမ်းယုံကြည့်နေသည်။
လူမမာက မျက်လုံး မဖွင့်။
ဂွမ်းယုံသည် ကျားသစ်မတကောင်လို ပြူးကျယ်မကို ခုန်အုပ်သည်။ လက်ထဲက ထမင်းဇလုံကိုလုသည်၊ ထမင်းလုံးများ ပြန့်ကျဲကုန်၏။ ပြူးကျယ်မ အော်သံ၊ ဂွမ်းယုံ၏ ဆဲသံညံသွားသည်။ အိပ်နေသော လူမမာက လက်လေးကာပြီး တောင်းပန်သည်။
“ဒီမှာ အမှိုက်ပုံ ဂွမ်းယုံတဲ့၊ တယုံတည်းရှိတယ်။ အလုံအမှိုက်ပုံမှာ ငါ အလုပ်လုပ်ရမှာပျင်းလို့ ဒီမှာလာအနားယူနေတာ။ မတရားတာမြင်လို့က မသက်သာဘူးမှတ်”
“အေးပါကွယ်… ဂွမ်းယုံရယ် နေပါစေ”
လူမမာက လေသံပျော့လေးနှင့် ဆိုနေသည်။
“ဘာလို့ နေရမှာလဲ။ အဒေါ်မသိန်းအေးမှာ ထောင်ဝင်စာမရှိဘူး။ အခု တိုက်ဖွိုက်ဖြစ်နေတယ်။ ထမင်းစားလို့က အသုဘပဲ။ ဒါကို အကြင်နာတရားရှိတဲ့လူက လာလှူတယ်။ ခမျာအားမပြတ်ပါစေနဲ့လို့။ အဲဒါကို ပြူးကျယ်မ ညည်းမို့လို့ ခိုးစားရက်တယ်”
“ငါ… ငါ ခိုးတာမဟုတ်ဘူး။ နည်းနည်းမြည်းကြည့်တာ”
“ဘာနည်းနည်းလဲ။ ချေးတုံးတတောင်လောက်ပါတဲ့ ကောင်မကများ”
ဂွမ်းယုံက ဒေါသနှင့် ပြောသည်ကို အနားကလူတွေက ရယ်ကြသည်။
မိန်းမဆောင်မှာ မိလ္လာအများသွားရန်နေရာက ရေမြောင်းကြီးဖြစ်၏။ ခါးလောက် အုတ်နံရံအကန့်လေးတွေ ကာထားပေးသည်။ တံခါးမရှိ။ သည်လိုပဲ ဟာလာဟင်းလင်းပေါ့။ ကြာတော့လည်း ဤကိစ္စသည် ရှက်စရာမဟုတ်တော့။ ဆေးလိပ်ဖွာရင်း၊ စကားပြောရင်း၊ အတင်းချရင်း ဟိုဘက်ခန်း ဒီဘက်ခန်း အခင်းကြီး၊ အခင်းငယ် စွန့်ကြ၏။ ရေတော့ ပေါပါသည်။ ရေချိုးလှောင်ကန်ကြီးမှာ ကိုယ့်ခွက်နှင့်ကိုယ် ခပ်ယူပြီး ရေသုံးနိုင်သည်။ ရေဘယ်လောက်ပင်သုံးသုံး မစင်ပုံကြီးက ရွေ့လျားသွားခြင်းမရှိ။ တင်းပြီးခံနေသည်။ မိလ္လာသမား လာမယူမချင်းသည်အတိုင်း။ ယင်တလောင်းလောင်း။ ဆိုတော့ကာ အိမ်သာထိုင်သူများသည် ကိုယ်မထိုင်ခင်မှာပင် ကိုယ့်အောက်က အပုံကြီးကို မကြည့်ချင် မနေရ။ တချို့လည်း ဝမ်းပျက်ထားသဖြင့် ပဲဟင်းရေကျဲလို။ တချို့က ငရုတ်သီးဖတ်တွေနှင့်မို့ အနီပြောက်ကလေးများ ပတ်လည်ရံလို့။ သည်ထဲမှာ အစားကြီး၊ ဝမ်းခေါင်းကျယ်၊ အူကျယ်သူများ၏ ပစ္စည်းတွေက ဂွမ်းယုံပြောသလိုပါပဲ။ တတောင်လောက်ကြီး၊ ဝဝတုတ်တုတ်ကြီးများပေါ့။
ဂွမ်းယုံမောသွားသလို လူမမာနား ဖင်ထိုင်ချ၏။
“ကျွန်မ ဖျော်ပေးမယ်နော်”ဟု လူမမာအား တယုတယပြောသည်။ မသိန်းအေးက ချဲမှုနှင့် (၃)နှစ်ကျနေသူ ဖြစ်၏။ အိမ်က စီးပွားပျက်ပြီး ထောင်ဝင်စာမပို့နိုင်။ ငွေမရွှင်သဖြင့် အဆောင်မှာလည်း မျက်နှာငယ်ရသည်။ သာတီးဒီများနှင့် ရောပြီးနေရသည်။ ဘယ်တတ်နိုင်ပါ့မတုန်း။ တခုတော့ရှိ၏။ သာတီးဒီဆောင်(တိုးချဲ့ဆောင်)သည် သမံတလင်းပေါ်မှာ အိပ်နေရသဖြင့် ရောဂါရလွယ်သည်။ အခင်းကောင်းကောင်းမရှိလျှင် အအေးပတ်တာ တခုတည်းနှင့် အကြောတက်ရောဂါ ရစမြဲ။ ဒါ့ကြောင့်လည်း ထောင်ထဲမှာ ဦးစိုင်းလိမ်းဆေးတွေ စွံလှခြင်းဖြစ်၏။
ဂွမ်းယုံက ရေနွေးလက်ကျန်ရှိနေသော ပလတ်စတစ်ချိုင့်ကလေးထဲမှ ရေနွေး(အအေး)များကို ငှဲ့ယူ၏။ သောက်ရေခွက်ထဲထည့်သည်။ နို့မှုန့်ထုပ်ထဲမှ နို့မှုန့်ခပ်များများထည့်ပြီး ကော်ဇွန်းနှင့် မွှေလေသည်။
“သကြားရှိလား”
“ဘယ်ကလာ… ”
“ငါ့မှာရှိတယ်”
အနားက ဘယ်သူမှန်းမသိ။ သကြားဘူးကလေး ပေးသဖြင့် တဇွန်းခပ်ယူပြီး နို့မှုန့်နှင့် ရောမွှေရ၏။
“သားလေးကို သတိရလိုက်တာ”
“နင့်မှာ သားရှိတယ်၊ ဟုတ်လား”
“ဆုံးသွားတာ ကြာပြီ”
“ဟုတ်လား၊ အေးလေ… အေးတာပါပဲ”
“အင်းပေါ့၊ အိမ်မရှိ၊ ယာမရှိဘဝ ကလေးတယောက်ကို ဘယ်လိုလုပ်ပြီး မွေးမှာလဲ”
ဂွမ်းယုံအသံက တိမ်ဝင်သွားလေသည်။
စောစောက ဒေါသသံတွေ မဟုတ်တော့။
သားလေးကို သူကြိုးစားပြီး မွေးခဲ့တာတော့ အမှန်ပါ။ သားလား၊ သမီးလား မသိပါဘဲလျက် သူကိုယ်ဝန်ကို ကောင်းကောင်း စောင့်ရှောက်ခဲ့တာပါ။ သူ့မှာ အားထားရာ၊ မှီခိုရာ လင်လည်းမရှိ။ သည်ကိုယ်ဝန်ကမွေးလာမည့် ကလေး၏ ဖခင်ကလည်း ဘယ်သူမှန်းမသိ။
အလုံအမှိုက်ပုံဆိုတာ ဟိုးတုန်းက အဝေးပြေးကုန်ကားကြီးတွေရဲ့ ညအိပ်စခန်းပေါ့။ ကားသမား၊ အမူးသမား၊ တညတာညအိပ်စခန်း။ ညနက်ပိုင်းထိ စားသောက်မူးရူး။ တဆက်တည်းမှာ ငွေပေးလျှင် အလွယ်တကူရနိုင်သော ဖျော်ဖြေရေးမိန်းကလေးတွေနှင့်မို့ သည်နေရာသည် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ဖူးသည်။ ဂွမ်းယုံတို့လို ကွမ်းယာသည်၊ အကြော်သည်၊ ပြောင်းဖူးပြုတ်သည်၊ ဖရဲသီးသည်ဆိုတာတွေက နေ့လယ်မှာဈေးရောင်း ညကျတော့ ကာမရောင်းသမားတွေ အများစု ဖြစ်ခဲ့သည်။ ဒါက ဘဝပေး အခြေအနေပါ။ တနေကုန်ရောင်းလို့ ၅၀၀ မမြတ်သော ခေါင်းရွက်သည်လေးတွေသည် တညတာရဲ့ တခဏတာကို ကားသမား အမူးသမားနဲ့အတူ ပေးအိပ်လိုက်သည်နှင့် တထောင်မျိုး၊ ထောင့်ငါးရာမျိုး ပိုးစိုးပက်စက်ရတာမို့ ဒါကိုပင် ကံကောင်းသည်ဟု ပြောရမည်။
ဘဝသည် ဘာမျှ မပြောင်းလဲ။
နေ့ဘက်မှာ အိပ်ချင်မူးတူးနှင့် ဈေးဗန်းရွက်။ အရင်းမရလည်း စိတ်မပူပါ။ ညနေစောင်းတော့ အများသုံး ရေဘုံဘိုင်မှာ ရေချိုး၊ သနပ်ခါးပန်းမန် လိမ်းခြယ်လို့။ ညမှောင်တရီဆိုလျှင် အဝေးပြေးကားတွေ ထိုးဆိုက်လာမည့်အနား ရစ်သီရစ်သီ လုပ်ရုံပါပဲ။
အဲသည်တုန်းက ဂွမ်းယုံ ပျော်သည်။ အဖော်တွေလည်း စုံသည်။ အေးမတို့၊ မိသဲတို့၊ ချိုတူးမတို့နှင့် စကားဖောင်ရသည်။ အတွေ့အကြုံ ဖလှယ်ရသည်။ ဈေးညှိရသည်။ ကြည့်မြင်တိုင် ညဈေးတန်းမှာ ဘာအဝတ်အဆန်းအပြားပေါ်လဲ နားစွင့်နိုင်သည်။ ပြေးဝတ်နိုင်ကြသည်။ တော်ပြီပေါ့။
ကိုယ်ဝန်ရှိလာမှန်း အတော်နောက်ကျမှ သိခဲ့၏။
ဒါက ကိုယ်သတိမထားတာပါပဲ။ ဒါကို သိပ်သတိမရခဲ့ဘူးပဲ ပြောကြပါစို့။ ဗိုက်ကလေးပူလာတာ ဘေးကလူတွေ သတိထားမိပြီး ပြောတော့မှ ရက်တွေလတွေကို တွက်မိတာ ဂွမ်းယုံ အ…တာပါပဲ။
ဒီလောက်ရင့်လာမှတော့ ကလေးက အသက်ဝင်နေပြီ။ ဖျက်ချရင် သေနိုင်တယ်ဟု ဘေးက ဝေဖန်အကြံပြုကြသည်။ ဖျက်မချဖြစ်ခဲ့။ ကိုယ်ဝန်ရင့်လာတော့ ဖောက်သည်တွေက ရှောင်ကြတာ သဘာဝကျပါရဲ့။ အေးမတို့တတွေ၏ ကောင်းမှုကြောင့်သာ ထမင်းမငတ်ခဲ့ချေ။ မွေးချိန်တန်တော့ ဒပ်ဖရင်မှာ အသာလေး တက်မွေးခဲ့၏။ (၃)ရက်အရမှာ သားလေးကို ပိုက်ပြီး ဆေးရုံမှ ဆင်းခဲ့သည်။ သားလေးက အသားနီနီရဲရဲ၊ ဆံပင်ကောက်ကောက်လေးတွေနဲ့ရယ်။ တကယ့် ကော်ပတ်ရုပ်လေးနှင့် တူသည်။ အေးမတို့ ဝိုင်းချစ်ကြသည်။ နို့မထွက်တော့ နို့မှုန့် ဖျော်တိုက်ကြသည်။
“သားလေးက အပူမိပြီးဆုံးရှာတာ။ အဲဒီတော့ (၅)လသားထင်တယ်။ ပြုံးတတ်ရယ်တတ်ပြီး။ သိပ်ချစ်စရာကောင်းတာ”
ဂွမ်းယုံက လွမ်းလွမ်းဆွေးဆွေး ပြောနေသည်။
လူမမာက နို့ခွက်ကိုမသောက်ဘဲ ငေးနေသည်။
အပြင်ဘက်မှ နွေလေရူးက ဟူးခနဲတိုက်လာ၏။ တောင်ယာတောမှ စပါးလင်အနံ့များ ပါလာလေသည်။ စပါးလင်နံ့ ရတော့လည်း ကြည့်မြင်တိုင်ညဈေးမှ စပါးလင်နံ့ကဲသော ငရုတ်ကောင်းမုန့်ဟင်းခါးကို လွမ်းသည်။
“ဒီတခါ လွတ်ရင် ညဈေးမုန့်ဟင်းခါး အဝသွား စားဦးမယ်”
ဂွမ်းယုံက လက်ဖျစ်တီးပြီးဆို၏။
“နင်တို့က ကြာကြာမှ မနေရဘဲကိုး”
လူမမာ မသိန်းအေးက အားကျသလို ပြောလေသည်။ ဟုတ်သည်။ သာတီးဒီ(မှောင်ရိပ်ခိုမှု)က (၃)လလောက်ပဲ ကျတာကိုး။ ဂွမ်းယုံတို့လို ဝင်လိုက်ထွက်လိုက် လုပ်နေသူတွေ အများကြီး။ ထောင်ဆိုတာ အနားယူစရာဆိုပဲ။
မိသားစုတစုအဖြစ် ထူထောင်ပြီး မှီခိုနေဖို့ ဂွမ်းယုံ မစဉ်းစားဖူးချေ။ ခဏတာ လာအိပ်သူတွေမှာ သည်လိုစိတ်ကူးမျိုး တယောက်မျှ မကြုံဖူးသေး။ ပြည့်တန်ဆာဘဝမှာ မကြည့်ရက်လို့ ကယ်တင်မယ်ဆိုတာ ဝတ္ထုတွေထဲမှာတောင် ရှေးကပဲ ရှိတာဆိုပဲ။
နောက်ပိုင်း အလုံအမှိုက်ပုံကြီး အဖျက်ခံခဲ့ရသည်။
သီရိမင်္ဂလာညဈေးကို မှီခိုသော အဝေးပြေးကုန်ကားတွေလည်း ဘယ်ဆီဘယ်ဝယ် သွားနားကြလဲမသိ။ ဂွမ်းယုံတို့အုပ်စုလည်း မုန်တိုင်းထဲမှာ ကွဲကွာကြသော ငှက်တွေလို တကွဲတပြား။
တချို့လည်း ရုပ်ရှင်ရုံတဝိုက်တဲ့။
ဒါက ညပွဲ၊ နေ့ပွဲ ပွဲစဉ်များတယ်ဆိုပဲ။
တချို့ကတော့ ကီလီဆိပ်ကမ်းတဲ့။
ဒါကလည်း သိပ်သေချာသည်မဟုတ်။
မြို့တော်သန့်ရှင်းရေး ကောင်းမွန်လာသည်နှင့်အတူ ဂွမ်းယုံတို့ စားကျက်တွေ ပျောက်သည်ထက် ပျောက်သွားသည်။ တချို့တလေတော့ အမျိုးသမီးစောင့်ရှောက်ရေးကို ရောက်သွားသည်ဟု ကြားရသည်။ အားလုံးရောက်သွားလျှင် ဘယ်လိုနေမလဲ။ ဒါတွေ ဂွမ်းယုံ မစဉ်းစားပါ။ ဘဝဆိုတာ အစကတည်းက ခြေသလုံးအိမ်တိုင်ပဲ။ ဘယ်မှာနေနေ တနေ့ကို ထမင်း(၂)နပ်စားတာပဲ။ အဝတ်အစားဆိုတာ အပိုတစုံရှိရင် ရပြီ။
ရောဂါရပြီး ကူးစက်ဆေးရုံရောက်သွားသူတွေအဖို့တော့ ဝဋ်ကျွတ်သွားပြီဟု မှတ်ရတော့မည်။ သိပ်မကြာခင်မှာပင် လောကကြီးထဲမှ ထွက်သွားခွင် ရကြပေသည်။ ခွင့်ပြုချက်မရခင် ဂွမ်းယုံတို့အဖို့ကား ကျီးလန့်စာစားဘဝ။
ခိုတအုပ် ညည်းသံပေါ်လာ၏။
မိန်းမဆောင်၏ နေ့လယ်ခင်းသည် ငြိမ်သက်နေသည်။ ခိုညည်းသံတွေ ပိုပြီး စိုးမိုးနေသည်။ သည်လိုနှင့် … တရက် မိုးချုပ်ဦးတော့မည်။
---
#အမှိုက်ပုံဂွမ်းယုံ
#ရွှေကူမေနှင်း
#shared_by_louis_augustine
Comments
Post a Comment