နန်းကြိုးကလေး // ကြပ်ကလေး

နန်းကြိုးကလေး // ကြပ်ကလေး

---

မုဆိုးမကြီး ဒေါ်မှုန်တွင် ရွှေစာဟုခေါ်တွင်သော သမီးငယ်လေးတဦး ရှိလေသည်။ ရွှေစာသည် ရက်ကန်းရက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်း၏။ရွှေစာလေး အရွယ်ရောက်လာသောအခါ သူ့ကိုကြိုက်နှစ်သက်၍ ပိုးပန်းကြသူ များပြားသော်လည်းမိခင်ဖြစ်သူ ဒေါ်မှုန်က သဘောမတူ၍ မပေးစားချေ။

“အမေ...တနေ့က ကိုလှဘူးရယ်...လယ်ထွန်သွားခါနီး သမီးကို မေတ္တာမျှတယ်လို့ ပြောသွားတယ်လေ...”

“အောင်မယ်...ဘာလုပ်ရမှာလဲ၊ လှဘူးက သွားခေါကြီးပဲ”

“အော်...သူကြီးသား ကိုမြဟန်ကလည်း ဒီလိုပဲတဲ့”

“ဟယ်...မြဟန်က မျက်ပြူးကြီးပဲဟဲ့”

“အောင်မယ်...အမေရေ့၊ ပန်းပဲဖိုက ကိုသံခဲကလည်း...ဟဲဟဲ”

“ဟဲ့...သူက ထန်းရည်သမားဟဲ့၊ တနေ့ကျရင် သံခဲကသံချေးတွေ တက်လာမှာ...”

“ပန်းရံသမားလေး ကိုမောင်အေးက...”

“အို-ဒီကောင်က ညီအစ်ကို မောင်နှမ များလွန်းတယ်။ဆယ့်တယောက်တောင်ပဲ”

“ပန်းပုဆရာကြီး ဦး‌ဒွေးဆီမှာ အလုပ်လုပ်တဲ့...”

“ငပုတက်လား၊ တော်စမ်းပါအေ...သူ့အရပ်က တနေ့တခြား ပုသွားတာ၊ ကြာရင်မြေမျိုသွားမှာတောင် ကြောက်ရသေးတယ်”

“အို-အမေ့ဟာက တယောက်လည်းမကောင်း၊
တယောက်လည်းမကောင်းနဲ့...”

“အေးလေ..ညည်းအကောင်တွေကလည်း အလကားကောင်တွေဘဲဟာ...”

“ဒီလိုဆိုရင် သမီး ဒီတသက်မှာ အိမ်ထောင်ပြုရပါအုံးမလား”

“အချိန်တန်တော့ နွားပိန်ကန်လိမ့်မပေါ့ဟယ်...”

“ဟင်...နွားပိန်ကြီးတော့ မယူချင်ပေါင်၊ ဒီဘဝလင်မရရင်နေပါစေတော့၊ နွားပိန်တော့ ဘာလုပ်ဖို့လဲ...”

“တယ်...ဒီကောင်မ၊ ငါဖနောင့်နဲ့ပေါက်ရရင်လေ၊အသက်နံကြားခိုသွားရော့မယ်၊ သွားစမ်း...”

ဤလိုနှင့်ပင် ရွှေစာ၏ ရှေ့ရေးမှာ မရေမရာ ဖြစ်ခဲ့ရ၏။

သို့သော် ဒေါ်မှုန်ပြောသည့် အချိန်တန်လျှင် နွားပိန်ကန်လိမ့်မည် ဆိုသော စကားမှာ မဆိုးလှပါ။အချိန်တန်တော့တကယ်ပင်နွားပိန်ကန်လာပါသည်။

ထိုနွားပိန်သည်ကား တရပ်တရွာမှ ထင်းလှည်းဖြင့် ထင်းလာရောင်းလေ့ရှိသူ မောင်ဒိုးပင် ဖြစ်တော့၏။မောင်ဒိုးတွင် မိဘဆွေမျိုးဟူ၍ မရှိတော့သော တကောင်ကြွက်ဖြစ်၏။ သူ့ရွာမှ ဘုန်းကြီးကျောင်းတွင် ကြီးပြင်းလာခဲ့ရပြီး ထင်းရောင်းသော အလုပ်ဖြင့် အသက်မွေးသူ ဖြစ်လေသည်။

သူ့ကျတော့ ဒေါ်မှုန်က မျက်စိကျ၏။

“ဟင်...အမေ့လူရဲ့ နာမည်ကလည်း ကိုဒိုးတဲ့”

“ကိုဒိုးတဲ့ မဟုတ်ပါဘူး၊ကိုဒိုးပါ...”

“အော်...ကိုဒိုးပါတဲ့ လား”

“ဟယ်...မဟုတ်ပါဘူး၊ ကိုဒိုးတဲ့ ဒါလည်းမဟုတ်ပါဘူး၊ ကိုဒိုး-အိုလွဲပြန်ပြီကွယ်၊ ကိုဒိုး...တော်ပြီဒါပဲ...”

“အဟီး...သူ့နာမည်က ကိုဒိုးတော်ပြီဒါပဲ ဆိုတော့တော်တော် ရှည်တာပဲ”

“မိရွှေစာ လျှာမရှည်နဲ့၊ ငဒိုးကို နင်ယူရမယ်၊ ဒါပဲ...”

“ဟင်-သူ့အရပ်ကြီးက တနေ့တခြား ရှည်ရှည်လာတော့ ကြာရင် မိုးကိုခေါင်းနဲ့ တိုက်မိတော့မှာပဲ”

“ဒါက သိကြားမင်း ပူလိမ့်မယ်၊ နင့်အလုပ် မဟုတ်ဖူး”

“ရုပ်ကလည်း မလှဘူး”

“နင်ကကော ဘယ်လောက်ချောလို့တုန်းဟဲ့၊ အိုးနဲ့ဆန် တန်ရုံပေါ့”

“အမေက ဘာများ သဘောကျလို့တုန်း...”

“သူက ဘုန်းကြီးကျောင်းထွက်၊ ပညာရှိတယ်၊ ဒါမှ နင့်ကို ကောင်းကောင်း ဆုံးမနိုင်မှာ၊ ညည်းဟာ တဦးတည်းသော သမီး၊ ဒါကြောင့် နွဲ့ဆိုးဆိုးလွန်းလို့ ပညာနည်းတယ်”

ထို့ကြောင့် ရွှေစာသည် မောင်ဒိုးနှင့် လက်ထပ် ထိမ်းမြား လိုက်ရလေသည်။

အိမ်ထောင်ကျပြီး၍ များမကြာမီပင် တနေ့သောအခါ မောင်ဒိုးသည် ဇနီးဖြစ်သူ ရွှေစာအားခေါ်၍ သူ၏ လက်ဝဲဘက် လက်မောင်းက ပစ္စည်းလေးကိုပြ၏။ ထိုပစ္စည်းလေးသည်ကား လက်ဝဲလက်မောင်းတွင် ပတ်နှောင်ထားသော သံနန်းကြိုးကလေးပင် ဖြစ်လေသည်။

“ဒါလေးနဲ့ ပတ်သက်လို့ နင်ဘာမှ မသိချင်နဲ့၊ ပြီးတော့ ဘယ်အခါဖြစ်ဖြစ် ဒီကြိုးလေးကို မဖြတ်လိုက်နဲ့နော်...”

“ဒီနန်းကြိုးကလေးကို ဖြတ်လိုက်ရင် ဘာဖြစ်မလဲ...ဟင်”

ထိုအခါ မောင်ဒိုးသည် မျက်စိမျက်နှာ ပျက်သွားပြီး...

“အို...မမေးပါနဲ့၊ ဘာပဲဖြစ်ဖြစ် နင်ဒုက္ခမရောက်ချင်ယင် ဒီနန်းကြိုးလေးကို ငါမသိတုန်း ဖြတ်မပစ်ရဘူး”

ထို့နောက် မောင်ဒိုးသည် တောသို့ ထင်းခွေရန်သွားလေ၏။

“အမေ…အမေကိုဒိုးရဲ့ လက်ဝဲလက်မောင်းမှာ နန်းကြိုးကလေး ပတ်ထားတယ်။ ဘယ်လောက်ကြာပြီလဲ မသိဘူး...၊ အသားတွေတောင် ချိုင့်ဝင်နေပြီ”

“ငါမြင်သားပဲ၊ ဒါဘာဖြစ်သလဲ”

“အဲဒါကို မဖြတ်ရဘူးတဲ့၊ ဖြတ်ရင်...သူဘယ်လိုဖြစ်သွားမလဲ မသိဘူးနော်...သေများသေသွားမလား”

“ဟယ်...မဖြစ်နိုင်ပါဘူး၊ လူ့အသက်ဆိုတာ လူ့ကိုယ်ထဲမှာပဲ ရှိတော့မပေါ့၊ ဘာဖြစ်လို့ နန်းကြိုးထဲ ရောက်နေမှာလဲ”

“သူက ပြောသေးတယ်၊ ဒါနဲ့ပတ်သက်လို့ ဘာမှမသိချင်ပါနဲ့တဲ့”

“ဒါဖြင့်လည်း မသိချင်နဲ့ပေါ့ဟယ်၊ သူပြောတာ ရှင်းသားပဲ”

ဒေါ်မှုန်နှင့် ဆွေးနွေး၍ ဟန်မကျချေ။ ဒေါ်မှုန်က ဤကိစ္စကို ခပ်အေးအေးပဲ ပြောပစ်လိုက်သည်။

ရွှေစာကား...ထိုအချိန်မှစ၍ နန်းကြိုးကလေးအကြောင်းကို စိတ်ဝင်စားနေတော့သည်။ စားလည်း ထိုနန်းကြိုးလေး၊ အိပ်လည်း နန်းကြိုးကလေး၊ အလုပ်လုပ်လည်း နန်းကြိုးကလေး...။

တခါတွင် ရက်ကန်းရက်ရင်း အဖော်ဖြစ်သူ မဇံသီးကို ပြောပြ၏။ ရွှေစာ၏ စကားကို ကြားသောအခါ မဇံသီးသည် မျက်လုံးပြူးသွား၏။

“ဟဲ့...ရွှေစာ၊ ညည်းယောက်ျားက လူစင်စစ်မှဟုတ်ရဲ့လားဟဲ့”

“ဟုတ်ပါတယ်ဟဲ့...ဇံသီးရဲ့၊ သူ့မှာလည်း တို့လိုပဲခေါင်းတလုံး၊ လက်နှစ်ဖက်၊ ခြေထောက်နှစ်ဖက်”

“ဟယ်...ဒါပြောတာမဟုတ်ဘူး၊ ဘီလူးတွေ နဂါးတွေ လူယောင်ဆောင်ထားလားမှ မသိတာ”

“အို...ဇံသီးရယ်၊ ဘီလူးတွေ နဂါးတွေက ဘုန်းကြီးကျောင်းမှာ ငယ်ငယ်ကလေးထဲက လာနေမယ်တဲ့လား..”

“ဒါက သူပြောတာ နင့်တို့ သိကြရတာပဲဟာ၊ ဟုတ်ချင်မှ ဟုတ်မှာပေါ့”

“ကဲ...ဘီလူးဖြစ်ဖြစ်၊ နဂါးဖြစ်ဖြစ်၊ ယက္ခဂုမ္ဘာဏ်ပဲဖြစ်ဖြစ် ဒီနန်းကြိုးကလေးကို ဘာလုပ်ဖို့ လက်မှာပတ်ထားရမှာလဲ အေ့”

“မပြောတတ်ဖူးလေ၊ ဒါလေးပြတ်သွားရင် သူ့ဇာတိရုပ် ပြန်ပေါ်လာပြီး ဘီးလူးဆိုလည်း ဘီလူးပြန်ဖြစ်၊နဂါးဆိုလည်း နဂါးပြန်ဖြစ်သွားမလားမှ မသိဘဲ၊ ကိုထောပတ်ကို မေးကြည့်ပါလား၊ သူက ဗေဒင်လေးဘာလေးလည်း တတ်တယ်”

ရွှေစာသည် တွေဝေသွားမိ၏။ ဤကိစ္စကို သူ့မိခင်ဒေါ်မှုန်ကို ပြန်၍ တိုင်ပင်၍ မဖြစ်ချေ။ ဒေါ်မှုန်က နန်းကြိုးကလေးကိစ္စကို မသိချင်ဘဲနေ၍ ဖြတ်တောက်ခြင်း ကိစ္စကိုလည်း စိတ်မဝင်စားချေ။

ထို့ကြောင့်ပင် ရွှေစာသည် ဇံသီးကို အဖော်ပြု၍ ကိုထောပတ်နှင့် သွားရောက် တွေ့ဆုံလေသည်။ ရွှေစာတို့ ပြောသမျှကို သိရသောအခါ ကိုထောပတ်သည် စိတ်ပါဝင်စားစွာ ပြန်၍ပြော၏။

“ဟာ...သိပ်ဖြစ်နိုင်တာပေါ့၊ ဒီလူဟာ နဂါးရင်လည်းဖြစ်ရမယ်၊ ဘီလူးရင်လည်း ဖြစ်ရမယ်၊ ညညကျ မအော်ဘူးလား”

“အော်တော့ မအော်ဘူး၊ တခါတခါ ဟောက်တယ်”

“အိပ်ပျော်နေရင်ကော....တွန့်လိမ် မသွားတတ်ဖူးလား”

“တခါတခါတော့...အင်းလို့ သံရှည်ကြီးဆွဲပြီးလက်ကြီးနှစ်ဖက်ကို အပေါ်ဆန့်ပြီး တွန့်လိမ်သွားတတ်တယ်။ ဒါ အညောင်းဆန့်တာ မဟုတ်ဖူးလား”

“ဟုတ်ချင် ဟုတ်မှာပေါ့၊ ဘာပဲဖြစ်ဖြစ်လေ...သူ့ရုပ်လက္ခဏာကို ကြည့်ပြီးမှ ပြောလို့ရမှာ၊ ဒူးခေါင်းမှာ အကြေးခွံတွေလို သဏ္ဌာန်ပါရင် နဂါးပဲ။ မျက်လုံးဒေါင့်မှာ သွေးနီရောင်ပိုလျှမ်းရင် ဘီလူးပဲ။ ဒါဟာလူတိုင်းက ကြည့်တတ်တာ မဟုတ်ဘူး၊ ငါကိုယ်တိုင် လာကြည့်မှရမှာ”

ထို့နောက် များမကြာမီ မောင်ဒိုး ထင်းတိုက်ရာမှ ပြန်ရောက်လာမည့်ရက်သို့ ရောက်ခဲ့လေ၏။ ဝီရိယကောင်းသော ကိုထောပတ်သည် ထိုနေ့ နေ့လယ်စောင်းအချိန် လောက်တွင် ရွှေစာတို့၏ အိမ်သို့ မယောင်မလည်နှင့် ရောက်ခဲ့၏။ ဝင်းခြံဝမှ ယောင်ပေယောင်ပေနှင့် ခြံထဲသို့ဝင်လာလေရာ သူ၏ယောင်ပေယောင်ပေ လုပ်မှုကြောင့် မောင်ဒိုး မွေးထားသော အောင်နက် ခေါ် ခွေးကြီးသည် ပြေးလာလေတော့၏။

“ဟယ်...နင် ခွေးမသား စစ်စစ်ပဲ ၊ထွက်...သွား၊ သွားလဟာ”

ကိုထောပတ်က လက်ကားယား ခြေကားယားနှင့် ခွေးကို အတင်းမောင်းထုတ်၏။ သူလွယ်ထားသော လွယ်အိတ်ကြီးကလည်း သူ့ကိုယ်လှုပ်ရမ်းသည်နှင့် အမျှ လွှဲလိုက်ရမ်းလိုက် ဖြစ်နေလေရာ အောင်နက်မှာပို၍ မျက်စိနောက်လာ၏။

ထို့ကြောင့် “ဝူး...ဝုတ်...ဝုတ်” ဟုတချက်ဟောင်ကာ ကိုက်တော့မည်ကဲ့သို့ ထိုး၍ ဝင်လာလေ၏။ ဤတွင် ကိုထောပတ်မှာ ဘာမျှမတတ်နိုင်တော့ဘဲ နီးရာမာလကာပင်ပေါ် တက်ပြေးရတော့သည်။

မလကာပင်ကား သိပ်မြင့်လှသည် မဟုတ်ချေ။ ထိပ်ဖျားမှာ လူ့တရပ်ခွဲစာရှိ၏။ ထို့ကြောင့်ကိုထောပတ်က သစ်ကိုင်းတကိုင်းပေါ်ဆောင့်ကြောင့်ထိုင်လိုက်ရာတွင် အကိုင်းမှာအိ၍ ညွတ်ပဲ့ကြီးဖြစ်သွား၏။ ထိုအခါ အောက်က အောင်နက်သည် “လူကိုမကိုက်ရလျှင် ကြုံရာကို ကိုက်မည်” ဟူသောသဘောဖြင့် တွဲရရွဲကျပြီး လွှဲရမ်းနေသော လွယ်အိတ်ကြီးကို ခုန်၍ဟပ်တော့၏။

လွယ်အိတ်၏ အောက်စွန်းတခုကို စွဲစွဲမြဲမြဲ ဟပ်မိလေရာ အောင်နက် မြေကြီးပေါ် ပြန်ကျသောအခါ လွယ်အိတ်ကနေကိုင်၍ ဆွဲလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် မာလကာကိုင်းကြီးမှာ ထပ်၍ ညွတ်သွား၏။

ကိုထောပတ်မှာ ကြောက်ကြောက်လန့်လန့်နှင့် အပေါ်က အကိုင်းကို လက်နှက်ဖက်ဖြင့် ဆုပ်ကိုင်ကာ မတ်တပ်ရပ်ရန် ကြိုးစားပြီး အတင်းထ၏။ သူကအတင်းရပ်သဖြင့် လွယ်အိတ်ကြီးပါ မြင့်တက်လာလေရာ မလွှတ်တမ်းကိုက်ထားသော အောင်နက်မှာ ယက်ကန်ယက်ကန်နှင့် မြေကြီးပေါ်မှ ကြွ၍ တန်းလန်းကြီး ပါလာသည်။

သို့သော် အောင်နက်၏ အလေးချိန်ကြောင့် ကိုထောပတ်နင်းထားသော မာလကာကိုင်းမှာ ပို၍အိပြီးအောင်နက်၏ ခြေထောက်များ မြေနှင့် ပြန်ထိသွား၏။ လက်နှစ်ဖက်ကမူ လေထဲတွင် တန်းလန်းဖြစ်လျက် ပါးစပ်က ကိုက်ထားသေး၏။

တဖန် ကိုထောပတ်က မတ်တပ်ရပ်ရန် ကြိုစားပြန်သည်။ ဤသို့ဖြင့် အောင်နက်မှာလည်း မြေကြီးပေါ်က စွေ့ခနဲ မြောက်တက်သွားလိုက်၊ တဖန်ပြန်၍ ခြေထောက်မိလိုက်နှင့် ဖြစ်နေစဉ် အိပဲ့အိပဲ့ ဖြစ်နေသော မာလကာကိုင်းမှာ အရင်းနားက ဂျွတ်ခနဲမြည်၍ ကျိုးကျလေတော့၏။

ကိုထောပတ်မှာလည်း မြေကြီးပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျလေရာ၊ ဖုန်များမှာ ထောင်းခနဲ ထသွားသဖြင့် အောင်နက်သည် လန့်၍ လွယ်အိတ်ကို လွှတ်လိုက်သည်။ ပြီးတော့ နောက်သို့ အတင်းဆုတ်ပြေး၏။

တကိုယ်လုံး ဖုံတွေပေနေသော ကိုထောပတ်သည် သူလဲကျနေစဉ် အောင်နက်က ဝင်ဆွဲမည်ကြောက်၍ ကပျာကယာ မုဆိုးထိုင်ထိုင်လိုက်သည်။ သူ့ရုပ်နှင့်လုပ်ပုံကို မြင်သော် အောင်နက်မှာ ပို၍အလန့်တကြားဖြစ်သွားကာ အတင်းဟောင်လေတော့သည်။ သို့သော် အနားသို့ ချဉ်းကပ်ခြင်းတော့ မပြုချေ။

ခွေးဟောင်သံကြား၍ ဒေါ်မှုန်ထွက်လာပြီး အောင်နက်ကို မောင်းနှင်ထုတ်လိုက်မှ ကိုထောပတ်မှာ စိတ်အေးသွားပြီး မတ်တပ် ထလိုက်၏။ ထိုအခိုက်တွင် မောင်ဒိုးလည်း ရောက်လာလေတော့သည်။

“ကိုဒိုးဆိုတာ ခင်ဗျားလား”

“ဟုတ်ပါတယ်”

“ခင်ဗျားဟာ ကျွန်တော့်ကျေးဇူးရှင်ပဲ၊ ဒီတော့ကျေးဇူးဆပ်ရမယ်”

“ကျွန်တော်က ဘာကျေးဇူးတွေများ ခင်ဗျားကို ပြုထားဖူးလို့လဲ”

“ခွေးရန်က ကယ်တာလေ...။ ခင်ဗျားသာ ခွေးကိုမောင်းမထုတ်လိုက်ရင် ကျွန်တော့် အသက်သေချင် သေသွားနိုင်တယ်”

ထိုအခါ...ဒေါ်မှုန်က ဝင်၍ပြော၏။

“ဟဲ့...ခွေးမောင်းထုတ်တာက ငါပါလကွဲ့”

“ဟင်...ဟုတ်လား၊ ဒါပေမယ့်ကျွန်တော်ကတော့ ဒီကကိုဒိုးကို ကျေးဇူးဆပ်ရမှာပဲလေ...၊သူက ဒီအိမ်မှာဦးစီး ဦးဆောင် ပြုနေတာကိုး”

“ကျွန်တော့်ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ”

“ကျုပ်က ဗေဒင်ဆရာလေ”

“ဗေဒင်ဆရာကလည်း ညစ်ပတ်လှချည်လား၊ကျွန်တော်က အရူးမှတ်လို့”

“အို...ဒါက ခွေးရန်ကြောင့် မာလကာပင် ပေါ်တက်ပြေးတာ မာလကာကိုင်း ကျိုးကျလို့ပါ၊ ကျုပ်ကျေးဇူးဆပ်မှာက ခင်ဗျားကို ဗေဒင်အလကားဟောပေးမယ်...”

“ဟာ...ကျွန်တော် ဝါသနာမပါဘူး...”

မောင်ဒိုးက အိမ်ထဲသို့ ဝင်သွားလေ၏။ ကိုထောပတ်ကဇွတ်ပင်

“ဝါသနာမပါပေမယ့် ကျွန်တော်ကတော့ အတင်းဟောရမှာပဲ”

ဟုပြော၍ နောက်က လိုက်ဝင်လာလေသည်။

အိမ်ထဲသို့ ရောက်သောအခါ မောင်ဒိုးသည် မောမောနှင့် ဖျာပေါ်တွင် လဲလျောင်းနေလေသည်။ ကိုထောပတ်ကား မျက်နှာချိုသွေးကာ မောင်ဒိုး၏ အနားသို့ လာရောက်ထိုင်၏။

ခဏကြာအောင်တော့ သူစောင့်ပါသေးသည်။သို့သော် ဤသို့ ထိုင်စောင့်နေ၍တော့ မောင်ဒိုး၏ ဒူးခေါင်းကို မြင်ရမည်မဟုတ်ဟု တွေးမိသည်။

“ကိုဒိုး-လာဗျာ၊ ခြင်းခတ်ရအောင်...”

“ကျွန်တော်...မခတ်ချင်ဘူး၊ အမောဖြေနေတယ်”

“ခါးတောင်းကျိုက်ပါဗျ...”

“အော်-မခတ်ချင်ပါဘူး ဆိုနေ”

“အို...ဘာပဲ ဖြစ်ဖြစ်လေ”

ကိုထောပတ်သည် ပြောပြောဆိုဆိုနှင့် မောင်ဒိုး၏ လုံချည်စကို အတင်းဆွဲ၍ လှန်ရာ အေးအေးလူလူနေနေသော မောင်ဒိုးမှာ မအေးလူနိုင်တော့ဘဲ ထိုးထိုးထွန့်ထွန့် ဖြစ်သွားရပြီး ရုန်းရင်းကန်ရင်းနှင့် လုံချည်စကိုဆွဲ၍ ဖိရလေ၏။

“ဟ...ဘယ်လိုတုန်းဗျ၊ ဘာကြောင့် ပုဆိုးဆွဲလှန်ရတာလဲ၊ ကျုပ်ဒေါသ ဖြစ်လာလိမ့်မယ်နော်၊ ဟေ့လူ...ဘာလဲဗျ”

ဆွဲရင်း လှန်ရင်းကန်ရင်းနှင့်ပင် ကိုထောပတ်သည်မောင်ဒိုး၏ ဒူးခေါင်းကိုမြင်သွားလေ၏။

သို့သော် သူလိုငါလို ဒူးခေါင်းပင်ဖြစ်သည်။

“အော်...ခင်ဗျားမှာလည်း ဒူးခေါင်းနဲ့ပဲကိုး..”

“ဒူးခေါင်းနဲ့ပေါ့ဗျ၊ ဒူးခေါင်းမရှိရင် ကျွန်တော့်ခြေထောက်ကို ဘယ်လိုလုပ်ပြီး ကွေးလို့ရမှာလဲ၊ခင်ဗျား စိတ်မှကောင်းရဲ့လား”

“ဟဲဟဲ...ပြီးတော့မျက်လုံး”

“ဘာဗျ...”

“အော်...ခင်ဗျားဟာ မျက်လုံးမျက်ခုံး တော်တော်လှတယ်လို့ ပြောတာပါ...”

“ကျွန်တော် မြှောက်ပင့်ပြောတာ မကြိုက်ပါဘူး...”

မောင်ဒိုးသည် မျက်လုံးများကို ပြန်ပိတ်၍ မှိန်းနေပြန်၏။ ကိုထောပတ်သည် ခဏတော့ စောင့်သေး၏။ သို့သော် ဤသို့ထိုင်စောင့်နေခြင်းဖြင့် အကျိုးမထူး။ ဒူးခေါင်းတုန်းကလိုပင် အတင်းလုပ်မှရတော့မည်ဟု ကြံမိသည်။

“အောင်မယ်...အပေါ်ကထုတ်မှာ တောက်တဲ့ကြီးပါလား”

“အော်သံ မကြားပါဘူးဗျာ”

“အလို- ဟိုပင့်ကူက ရွှေရောင်လေးပါလား...”

“နေရောင် နေပြောက်ကြောင့် ခင်ဗျား မျက်စိမှားတာပါ”

မောင်ဒိုးက မျက်လုံးများကို မဖွင့်ဘဲစိတ်ကူးဖြင့် ပြန်ပြောနေသည်။

“ကဲကွာ-ကဲကွာ...”

ကိုထောပတ်သည် မစောင့်နိုင်တော့ဘဲ မောင်ဒိုး၏မျက်လုံးများကို အတင်းဖြဲကြည့်လေတော့ရာ စောစောကလိုပင် မောင်ဒိုးမှာ ရုန်းရကန်ရ ပြန်လေ၏။

“ဟေ့လူ-ဘာလဲဗျ၊ သွား...”

မောင်ဒိုး၏ မျက်စိများကို ကိုထောပတ်မြင်သွားပါပြီ၊ သို့သော် ဘာမျှ မထူးခြားချေ။

“အော်..ခင်ဗျားကလည်း မျက်စိတွေနဲ့ပဲကိုး”

“ဘာလဲဗျ- မျက်စိမပါရအောင် ကျုပ်က အကန်းလားဗျ၊ အကန်းဆို ဘယ့်နှယ် ထင်းတိုက်နိုင်မှာလဲ၊ သွားဗျာ-သွား”

ထိုအခိုက်တွင် မလှမ်းမကမ်းမှ ထိုင်၍ အကဲခတ်နေသော ဒေါ်မှုန်သည် မနေနိုင်တော့ဘဲ ထလာလေတော့၏။

“ဟဲ့-ဗေဒင်ဆရာ၊ အခုပြန်ချင်ပြန်၊ မပြန်ရင် မောင်ရင့်ကို ကျုပ်ခုံဖိနပ်နဲ့ လာဘ်တင်မိလိမ့်မယ်...”

“အော်ဟုတ်ကဲ့၊ ဒီလိုဆိုတော့လဲ ပြန်ရမှာပေါ့..”

“ဘယ့်နှယ်တော်၊ ကျေးဇူးဆပ်မယ် ဆိုလို့ ဘယ်လိုဆပ်မလဲ မှတ်တယ်။ ပုဆိုးဆွဲလှန်လား လှန်ရဲ့၊မျက်လုံးတွေ နှိုက်လားနှိုက်ရဲ့၊ ဒူးခေါင်းနဲ့၊ မျက်လုံးနဲ့၊ ဗေဒင်နဲ့ ဘာဆိုင်သလဲ၊ ကျေးဇူးဆပ်တာနဲ့ ပိုပြီးဘာဆိုင်လဲ၊ တယ်လေ-ပြောရင်းက ရိုက်ချင်လာပြီ..”

ကိုထောပတ် ခပ်သုတ်သုတ် ထွက်သွား၍ ဒေါ်မှုန်၏ လက်ကို မတွေ့လိုက်ရတော့ချေ။ ရွှေစာပြန်ရောက်လာသောအခါ ဒေါ်မှုန်ပြောပြ၍ အကြောင်းစုံသိရသော်လည်း သူ့အနေဖြင့် ဘာမျှ ပြန်မပြောဘဲ နေလိုက်သည်။

နောက်များ မကြာမီ ရွှေစာနှင့် မဇံသီးတို့ စကားစပ်မိပြန်လေသည်။

“ဟဲ့ရွှေစာ- အရှေ့ပိုင်းက ဘုန်းကြီးကျောင်းမှာ သိုက်ဆရာကြီး တယောက် ရောက်နေတယ်တဲ့ တော့”

“အဲဒါ ငါနဲ့ ဘာဆိုင်သတုန်း ဇံသီးရဲ့”

“အော်...ညည်းယောက်ျား အကြောင်း ပြောကြည့်ပေါ့၊ သူက သိုက်ထဲက လာသလားမှ မသိတာ၊ ဒါကြောင့် ဒီနန်းကြိုးကလေးကို ဖြတ်လိုက်ရင် သူဟာသိုက်ထဲကို ပြန်သွားရမယ် ထင်တယ်...”

မဇံသီး ပြောသော စကားများထဲတွင် စိုးရိမ်မကင်းစရာတွေ ပါဝင်နေသည်။ တွေးရင်းတွေးရင်းပင် ထိုသိုက်ဆရာကြီးသည် တန်ခိုးတွေ အပြည့်အဝနှင့် သူနှင့် သူ့ယောက်ျား၏ ဘေးဒုက္ခကို ကယ်တင်နိုင်သော သူကြီး ပမာ ထင်မြင်လာသည်။

ဤသို့ဖြင့် ရွှေစာသည် မဇံသီးနှင့် အတူ သိုက်ဆရာကြီး ဆရာပွန်း၏ ရှေ့မှောက်တွင် ရောက်နေကြရလေ၏။

“အဲ...နင်တို့ ပြောတဲ့အတိုင်းဆိုရင် သေချာပါပြီလေ၊ ဒီသူငယ်ဟာ သိုက်ထဲက လာတဲ့ဥစ္စာစောင့် ဝင်စားတဲ့လူပဲ၊ ငါနဲ့အချိန်မီ တွေ့လို့သာပေါ့။ မတွေ့များ မတွေ့ရင် တော့လား ဒုက္ခပဲ...ဒုက္ခပဲ၊ ကောင်းပြီလေ ငါကနင့်ယောက်ျားကို မြင်ဖူးအောင် ကြည့်ထားမယ်၊ ကျန်တာ ငါ့တာဝန်သာ ထားပေတော့”

ရွှေစာတို့လည်း ပြန်လာခဲ့ကြလေ၏။ သိုက်ဆရာကြီး ဆရာပွန်းသည် မောင်ဒိုးမသိအောင် တိတ်တဆိတ် ကြည့်ထား၏။

ရက်များမကြာမီ မောင်ဒိုးသည် ထင်းတိုက်ရန် လှည်းကလေးနှင့် ရွာထဲမှ ထွက်လာခဲ့လေ၏။ တောစပ်သို့အရောက်တွင်ပင် သိုက်ဆရာကြီးနှင့် တပည့်နှစ်ယောက်တို့သည် မောင်ဒိုးကို ဝိုင်းဖမ်းကြလေ၏။

မောင်ဒိုးသည် ဘုမသိ၊ ဘမသိနှင့် အဖမ်းခံရသဖြင့် အတင်းရုန်းကန်ပါသော်လည်း သုံးယောက်နှင့် တယောက်ဖြစ်သဖြင့် အဖမ်းခံရတော့သည်။ ဆရာပွန်းတို့ လူသိုက်သည် တောထဲရှိ တနေရာတွင်ရှိသော သစ်ပင်ကြီး၌ မောင်ဒိုးကို ကြိုးများဖြင့် ချည်နှောင်ကြလေတော့၏။

ထို့နောက် ဆရာပွန်းသည် မောင်ဒိုး၏ လက်တဖက်ကို သူ့ဆေးကြိမ်လုံးနှင့် ထိုးပြ၏။

“ဟေ့ကောင်၊ မှန်မှန်ပြော၊ ဒါဘာလဲ...”

“ဒါ...နန်းကြိုးကလေးပေါ့”

“မင်းမှန်မှန် မပြောဘူးလား”

“မှန်မှန်ပြောတာပဲဗျ၊ ဒါနန်းကြိုးကလေးပဲ၊ ဘာလဲ...ခင်ဗျားက ဒါကို ပိုက်ဆံကြိုး မှတ်နေလို့လား”

“တယ်...ငါရိုက်လိုက်ရ၊ ပြောစမ်း... မင်းဟာ ဥစ္စာစောင့် မဟုတ်ဖူးလား”

“မဟုတ်ဘူး”

“ကဲ...လိမ်အုံးကွာ၊ လိမ်အုံးကွာ”

ဆရာပွန်းက လက်ထဲက ကြိမ်လုံးကြီးနှင့် လွှဲ၍လွှဲ၍ နှစ်ချက်သုံးချက်ခန့် ရိုက်လေ၏။

“ဟေ့လူကြီး...နာတယ်ဗျ၊ ဘာဖြစ်လို့ ကျုပ်ကို ရိုက်နေရတာလဲ”

“မင်း မှန်မှန်မပြောလို့ ရိုက်တာကွ..”

“ကျုပ်ပြောတာတွေဟာ အမှန်ကြီးပဲ...”

“ဘာမှန်ရမှာလဲ၊ မင်းဟာ ဥစ္စာစောင့် မဟုတ်ဘူးလား”

“မဟုတ်ဘူး”

“ကဲ...မဟုတ်အုံးနဲ့ကွာ...မဟုတ်အုံးနဲ့ကွာ...”

“အို...ဘယ်လိုလဲဗျ၊ သောက်ရမ်းပဲ ရိုက်နေရသလား၊ ခင်ဗျာဟာကျုပ်ရဲ့ အဖေလည်းမဟုတ်၊ ဆရာလည်း မဟုတ်ဘဲနဲ့၊ ဘာလို့ နင်းကန် ရိုက်နေရတာလဲ။ သတ္တိရှိရင် ကျုပ်ကို ကြိုးဖြေပေးလေ ကောင်းကောင်းကြီး ခင်ဗျားကို နားရင်း ရိုက်ပစ်လိုက်မယ်...”

“မင်းစကားတွေတော့ အများကြီး ပြောတတ်သလားကွ၊ ငါမေးတာတော့ မဖြေဘူးလား၊ မဖြေမချင်း မင်းကို ငါရိုက်နေရမှာဘဲ၊ ရိုက်ရမှာက ငါ့တာဝန်၊ ဖြေရမှာကမင်းရဲ့ တာဝန်ပဲ...ကဲလေ”

မောင်ဒိုးသည် ဆရာပွန်း၏ စကားများကို တွေပြီး နားထောင်လေ၏။ သူ့စိတ်ထဲတွင် ဘာလုပ်ရကောင်းမည်လဲဟု အကြံယူနေသည်။ မောင်ဒိုး ငြိမ်၍ တွေဝေစဉ်းစားနေသည်ကို မြင်သော် ဆရာပွန်းက မောင်ဒိုးသည် ဝန်ခံ၍ မိမိ၏အလိုသို့ လိုက်တော့မည်ဟု ထင်၍ ဝမ်းသာလာ၏။

“ပြောစမ်းငါ့လူရယ်၊ ဘာဖြစ်လို့ အသားကို အနာခံချင်ရတာလဲ ဒါဟာ ရိုးရိုးကြိမ်လုံး မဟုတ်ဖူးကွ၊ ဆေးကြိမ်လုံးပဲ”

“အော်...ခင်ဗျားတို့က ဆေးသုတ်ရင် ကြိမ်လုံးနဲ့ သုတ်သလား”

"ဟဲဟဲ...မင်းက ရယ်စရာပြောတာကိုး၊ ကဲပါကွာ-ငါမေးတာ ဖြေမယ်မဟုတ်လား...ဟင်”

“ဖြေမယ်...ခင်ဗျားက ဘယ်သူလဲ..”

“ဆရာပွန်းဆိုတာပေါ့ကွ”

“ဘာလုပ်စားတုန်း”

“ဥစ္စာသိုက်တူးတဲ့...သိုက်ဆရာလေကွ”

“ခင်ဗျားမှာ မိန်းမတွေ၊ သားသမီးတွေ မရှိဘူးလား”

“မရှိဘူးကွ၊ ငါကပညာနောက်ပဲ လိုက်နေတာ”

“သိုက်ကို ရှာလို့မတွေ့ရင် ခင်ဗျားဘယ်လိုလုပ် ထမင်းရှာစား”

“ဒါကတော့ ငါ့တပည့်တွေက ကျွေးတာပေါ့၊ အောင်မယ်...ခွေးမသား...နင်က ညာတာပါတေးနဲ့ ငါ့ကိုချည်း မေးနေတာကိုး ငါကမေးရမှာကွ”

“မေးပါလေ၊ ဒါထက် ခင်ဗျားအသက်...ဘယ်လောက် ရှိပြီလဲ”

“ငါးဆယ့်ကိုးနှစ်-တယ်...တော်ပြီ”

“တော်ရင်လည်း ကျုပ်ကို ကြိုးဖြည်လွှတ်လေ”

“အောင်မယ်..ဘာရမလဲ၊ နင်တော်တော် လူလည်ကျတဲ့ကောင်၊ ကိုင်းပါ ငါမေးတာဖြေလဟဲ့...”

“ဒါဖြင့်လဲမေးလဟဲ့”

“မင်းဟာ ဥစ္စာစောင့် မဟုတ်ဖူးလား”

“ဟုတ်တယ်”

မောင်ဒိုးက ဤသို့ဖြေလိုက်ရာ ဆရာပွန်းသည် ကျေနပ်သွားသလို လက်ဝါးကြီးနှစ်ဖက်ကို အားရပါးရ ပွတ်လိုက်လေ၏။ ထိုအခါ ကြိမ်လုံးကြီးလွတ်ကျသွားသဖြင့် ကပျာကယာ ပြန်ကောက်လိုက်ရာ မှည့်ပျော်နေသော ရဲယိုသီးကို ချော်၍ ကိုင်မိလေ၏။ ထိုအခါ ကျန်သော လက်တဖက်ဖြင့်ကြိမ်လုံးကို ကောက်လိုက်ပြီး ရဲယိုသီးကိုင်မိသောလက်ကို နမ်းကြည့်သည်။ နံသဖြင့် မျက်နှာကြီးရှုံ့သွား၏။

“တယ်နံပါလား”

“နံမှာပေါ့-သစ်သီး ပုပ်ကြီးကိုး”

“ဟေ့...ဒါက မင်းကို ငါမေးတာ မဟုတ်သေးဘူး၊ကဲ-မေးခွန်းဆက်မေးမယ်၊ မင်းဟာ ဥစ္စာစောင့်နော်...”

“ဟုတ်တယ်”

“ဟာ...ကောင်းပါပြီ၊ မင်းရဲ့ သိုက်နန်းကို ငါတို့ကို လိုက်ပြမလား”

မောင်ဒိုးက ခေါင်းကို ညိတ်ပြ၏။ သို့ဖြစ်လေရာ ဆရာပွန်းနှင့် တပည့်နှစ်ယောက်သည် များစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြပြီးလျှင် မောင်ဒိုးကို ကြိုးဖြည်ပေး၍ သိုက်နန်းဆီသို့ ခေါ်သွားစေ၏။

မောင်ဒိုးသည် ထင်းခုတ်သမားပီပီ ဤတောကြီး၏ အကြောင်းကို ကောင်းစွာ သိသူဖြစ်လေရာ ဆရာပွန်းတို့ကို တနေရာသို့ ခေါ်သွားလေ၏။ ထိုနေရာမှ လူတရပ်စာလောက် နက်သည့်တွင်းကြီးဖြစ်၏။ တွင်းဝမှာငါးပေခန့် ကျယ်ဝန်းသည်၊ ထိုတွင်းဝမှ နေ၍ ငုံ့ကြည့်လျှင် အောက်တွင် မဲမှောင်နေ၍ ဘာကိုမျှမမြင်ရ။စင်စစ်သော်ကား အောက်တွင် ရေသည် ခါးလောက်ရှိ၍ သစ်ရွက်ဆွေး၊ သစ်ရွက်ပုပ်၊ သစ်သီးပုပ်၊တိရစ္ဆာန်အသေကောင် ပုပ်များရှိသည်။

မောင်ဒိုးသည် တွင်းဝနားသို့ ရောက်သောအခါ တွင်းထဲသို့တချက်ငုံ့ကြည့်လိုက်ပြီးလျှင် လက်ညှိုးနှင့် တွင်းထဲသို့ တငေါက်ငေါက် ထိုးလိုက်၏။

ထိုအခါတွင် သိုက်တွင်းမှ ပစ္စည်းများကို လိုချင်သည့်လောဘဇောတက်လျက်ရှိသော ဆရာပွန်းနှင့် တပည့်နှစ်ယောက်တို့သည်လည်း တွင်း၏ နှုတ်ခမ်းဝသို့ လာရောက်၍ ရပ်ကာ ဘာမသိညာမသိနှင့် တွင်းထဲသို့ ငုံ့ကြည့်မိကြလေတော့သည်။

ထိုအခါတွင်မှ မောင်ဒိုးသည် နှုတ်မှ

“ကဲ...ငမိုက်သားတွေ သွားကြရော့ကွာ...သွားကြရော့ကွာ”

ဟုပြောပြောဆိုဆိုနှင့် သုံးယောက်သားကို တယောက်ပြီးတယောက် ဖင်ကိုကန်၍ ချလိုက်လေရာ ဆရာပွန်းနှင့် တပည့်နှစ်ယောက်တို့မှာ “အား..အား” ဟုအော်၍ ခြေကားယားလက်ကားယားနှင့် တွင်းထဲသို့ဂျွမ်းပျံကျ ကုန်ကြလေတော့သည်။

မောင်ဒိုးသည် ပြုံးရယ်ရွှင်ပျစွာနှင့် အိမ်သို့ပြန်လာခဲ့ပြီး တရေးတမော အိပ်နေလေတော့၏။

တွင်းထဲက ဆရာပွန်းနှင့်တပည့်နှစ်ယောက်သည်ပထမတော့ ရေအနက်ကြီးဟု ထင်မှတ်၍ တဗွမ်းဗွမ်းနှင့်ကူးသေး၏။ သူတို့ကူးသည့်တွင်းမှ အပုပ်နံ့မှာပို၍ပို၍ပင် ထောင်းခနဲထောင်းခနဲ ထလာသဖြင့် သူတို့၏ မျက်နှာကြီးများမှာ ကြည့်မကောင်း ရှုမကောင်းအောင်ပင် ရှုံ့မဲ့နေကြလေသည်။ ပြီးမှရေသည် ခါးလောက်သာ နက်မှန်း သိသွားကြ၍ မတ်တပ်ရပ်လိုက်ကြသည်။ တောနက်ကြီးထဲမှ တွင်းထဲရှိရေသည် အလွန်တရာမှ အေးမြလှသည်ဖြစ်၍ ခဏမျှစိမ်လိုက်ရုံကလေးဖြင့် တခိုက်ခိုက်ချမ်းလာကြရတော့သည်။ ပုပ်စော်ကနံ၊ ချမ်းလည်းချမ်းမို့ တပည့်
တယောက်သည် မျက်နှာကြီးမဲ့၍ ဆရာ့အားစကားပြောလိုက်သည်။

“ဆ-ဆရာ...ဂတ်ဂတ်...ဒီ-ဒီလိုပဲ...ဂတ်ဂတ်...ရေစိမ်နေနေ-ရရင်...အင်-အင်-မကြာခင်...အင်အင်ဂတ်...သေသေကြလိမ့်မယ်...မယ်...ဂတ်ဂတ်-ထင် ထင်..တယ်-ဂတ်ဂတ်”

“အအေး...ငငါ...လဲ...ဂတ်ဂတ်..ဂတ်ဂတ်..ဂတ်ဂတ်ဂါဂါ...ဂတ်...ဂဲ-ဂဲ...ဂိုက်ဂိုက်”

“ဟာ...ဂတ်ဂတ်-ဆဆ-ရာ-ရာဂတ်ဂတ်ပြောပြော..ဂတ်ဂတ်တာတွေဂဂတ်-ကျကျနော်-ဂတ်ဂတ်...ဘာမှနနားမမလယ်...ဂတ်ဘူး-ဂတ်ဂတ်”

ထိုအခိုက်တွင် သူကြီးနှင့် ရွာသား ဆယ်ယောက်ခန့်တို့သည် တုတ်များ၊ ဓားများ ကိုင်ကာ တွင်းကြီးနားသို့ ရောက်လာကြ၏။ ခြေသံများနှင့် စကားသံတွေကို ကြားရသောအခါ တွင်းထဲမှ ဆရာပွန်းတို့ လူစုသည် အားတက်ကာ ကုန်းအော်ကြလေ၏။

“တကယ်-ဂဂတ်-ဂတ်တတော်...ဂတ်ဂတ်”

ရွာသားတယောက်ကသူတို့၏ အော်သံကို ကြားသောအခါ အံ့ဩသွားကာ သူကြီးကို ပြောလိုက်၏။

“သူကြီး...ဟိုတွင်းထဲမှာ ဘဲတွေကျနေတယ် ထင်တယ်၊ တဂတ်ဂတ်နဲ့”

“ဟ...လူသံပါကွ၊ ငါတို့လိုက်နေတဲ့ သူခိုးတွေထင်တယ်၊ အသာနေ...”

သူကြီးသည် တွင်းနားသို့မသွားဘဲ နွယ်ကြိုးရှည်ကြီးများကို အဝေးကလှမ်းပစ်ချပေးပြီး သူတို့ကမူ ခြုံများ နောက်တွင် ပုန်းနေသည်။

နွယ်ကြိုး၏ တဖက်စများကို သစ်ပင်တွင် ချည်ထားသဖြင့် ဆရာပွန်းနှင့် တပည့်နှစ်ယောက်မှာ လွယ်ကူစွာပင် တွင်းပေါ်သို့ တက်ရောက် လာကြလေ၏။ သူတို့တကိုယ်လုံးမှာ ညစ်ပတ်ပေရေနေလေသည်။ ဆရာပွန်း၏ နဖူးတွင် သစ်ရွက်ပျော့ပျော့ အဖပ်ကြီးသည် အပြားလိုက်ကပ်နေ၏။ ဂုတ်ပိုးတွင် မျှော့ကြီးတွယ်နေ၏။ တပည့်
တယောက်၏ထိပ်ပေါ်တွင် ကြွက်သေကောင်လေးပါလာ၏။ အခြားတပည့်တယောက်၏ ယောင်ထုံးတွင် သရက်သီးပုပ်ကြီး ပါလာလေသည်။

အပေါ်ရောက်သောအခါ သူတို့သည် လူတယောက်မှ
မတွေ့သဖြင့် ဆရာပွန်းက တပည့်တွေကို လှည့်၍ ကြွားလိုက်သည်။

“လက်စသတ်တော့ ငါ့အစောင့်တွေက လာကယ်တာကိုးကွ၊ ကဲ-သွားကြစို့”

ထိုအခိုက်တွင် သူကြီးနှင့် ရွာသားများ ထွက်ပေါ်လာ၍ သူတို့ကို ဖမ်းဆီး ထုထောင်းကြလေ၏။ ထိုအခါတပည့် တယောက်က နာလွန်း၍ အော်ရှာသည်။

“ဆရာရေ-ဆရာ့အစောင့်တွေကို ပြောပါဦး၊ ချလှချည်လားဆရာရေ့...လုပ်ပါအုံးဗျို့၊ သေတော့မယ်...”

“ဟဲ့ကောင်ရဲ့-ငါ့ကိုပါ ငါ့အစောင့်တွေက ချသကွာ၊ အီးအီး”

ထိုနောက်မှ သူကြီးက သေသေချာချာကြည့်လိုက်ကာ

“ဟကောင်တွေ...နေကြပါအုံး၊ နေကြပါအုံး၊ ဒီလူတွေဟာ ဟိုအရှေ့ပိုင်းက ဘုန်းကြီးကျောင်းမှာ တည်းတဲ့ဆရာဆိုတာ မဟုတ်လားဟ”

ဟုပြောလိုက်မှ ရွာသားများက ရပ်လိုက်လေသည်။

“ဟုတ်ပါတယ် သူကြီးရယ်...၊ ကျုပ်ဆရာပါ”

“ဆရာကလည်း ပုပ်စော်နံလှချည်လား”

“အင်း သိုက်ကို မနိုင်လို့ ခံလိုက်ရတာပါဗျာ”

“ကျွန်တော်တို့ သူခိုးလိုက်ဖမ်းနေကြတာပါ၊ ကဲ-လူမှားတာ သည်းခံပါ ဆရာရယ်၊ ကျွန်တော်တို့ သူခိုးဆက်လိုက် လိုက်အုံးမယ်”

ဆရာပွန်းနှင့် တပည့်များကား လွန်စွာမှ ရှက်သွားကြသည် ဖြစ်သောကြောင့် အရှေ့ပိုင်း ဘုန်းကြီးကျောင်းတွင် ကျန်ရစ်ခဲ့သော ပစ္စည်းပစ္စယကလေးများကိုပင် မယူတော့ဘဲ ထိုတောထဲမှ နေ၍ အခြားသောအရပ်ဒေသသို့ ထွက်သွားကြလေတော့သည်။ ဤတသက်တွင်တော့ ဤရွာသို့ သူတို့ ပြန်မလာတော့ပါဟု အဓိဋ္ဌာန် ပြုသွားကြသည် ဆို၏။

ဒေါ်မှုန်သည် သရက်ကင်း ကျေးရွာမှ ပြန်ရောက်လာသောအခါတွင်ကား အိမ်တွင် သမီးဖြစ်သူ ရွှေစာသည် တရှုံ့ရှုံ့နှင့် ငိုနေသည်ကို တွေ့ရသဖြင့်အထိတ်တလန့် ဖြစ်သွားရသည်။

"ဟဲ့...သမီး ဘာဖြစ်တာလဲ”

“ကိုဒိုးပေါ့”

“မောင်ဒိုး ဘာဖြစ်သလဲ”

“ကျွန်မက သူအိပ်ပျော်နေတုန်း သူ့လက်မောင်းကနန်းကြိုးလေးကို ဖြတ်ပစ်လိုက်တယ်လေ၊ အီး...အီး”

“ဟင်-ဟုတ်လား၊ ဖြတ်ပစ်လိုက်တော့ ဘာဖြစ်သလဲ”

“ဖြတ်ပစ်လိုက်တော့ ပြတ်သွားတာပေါ့ အမေရဲ့”

“တယ် ဒီကောင်မလေးဟာ...မောင်ဒိုးကော ဘယ်မလဲ”

“သူ့သူငယ်ချင်း ကိုဖိုးထိန်ဆီ သွားလည်တာပေါ့”

“ငါ့ကို ရှင်းအောင် ပြောစမ်းပါဟဲ့”

“သူအိပ်ရာက နိုးတော့ ကျွန်မက နန်းကြိုးလေးကိုဖြတ်ပစ်တာကို သိရော၊ ဒီကြိုးဟာ ဘာကြိုးမှမဟုတ်ဖူး၊ ငါတမင်ပတ်ထားတာ၊ နင့်ကို စပ်စုတတ်တဲ့ရောဂါကို ပျောက်အောင် ကုမလို့ တမင်လုပ်ထားတာ...တဲ့၊ ပြီးတော့စပ်စုအုံးဟဲ့... စပ်စုအုံးဟဲ့ ဆိုပြီးကျွန်မကို ရိုက်ပြီး သွားလည်တော့တာပဲ...အင်း...အင်း”

ဒေါ်မှုန်သည် သမီးကို ကြည့်၍ မျက်ရည်များ ထွက်အောင်ပင် အော်၍ ရယ်လိုက်မိလေတော့သည်။

“ကောင်းသဟဲ့၊ ကောင်းသဟဲ့ စပ်စုချင်အုံး၊ စပ်စုတော့ဘာဖြစ်သလဲ...လင်ထောင်းခံရတာပေါ့တော့...လင်ထောင်းခံရတာပေါ့...ဟဲ...ဟဲ...ဟဲ...ဟား...ဟား...ဟား”

---

#ကြပ်ကလေး
#နန်းကြိုးကလေး

#shared_by_louis_augustine
#sbla

Comments