အကျိုးထူးပေးတော့မယ် တဲ့ဗျ // မောင်ဝဏ္ဏ
အကျိုးထူးပေးတော့မယ် တဲ့ဗျ // မောင်ဝဏ္ဏ
(ရွှေအမြုတေ၊ ဇွန်လ၊ ၂၀၁၀)
---
(၁)
မောင်စိန်သောင်း ဆိုတဲ့ ငတိက တော်တော့်ကို အူပါတယ်ဗျာ။ သူ့ဘာသာသူ အပျင်းထူပြီး ပိုက်ဆံ ရပေါက် ရလမ်း အလုပ်တွေ မလုပ်ဖြစ်တာကို ရိုးရိုးသားသား ၀န်မခံဘဲ ကမ္ဘာ့ စီးပွား ပျက်ကပ်ကြောင့်တို့၊ နယူးရှော့ခ် ဝေါလ်စထရိတို့၊ စတော့ရှယ်ယာ စျေးကွက် ပျက်လို့တို့ ထင်ရာ မြင်ရာတွေ လျှောက်ပြော နေတယ်။ နယူးရော့ခ်တို့ ဘာတို့ဆိုတာ အဝေးကြီး။ လေယာဉ်ပျံ စီးသွားရင်တောင် နာရီ ၂၀ လောက် စီးရဆိုပဲ။ အဲဒီလောက် ဝေးတဲ့နေရာက ဝေါလ်စထရိ စတော့ ရှယ်ယာ တွေနဲ့ သူနဲ့ ဘာဆိုင် လို့တုံး။ အဲဒီလို ပြောတော့ မောင်စိန်သောင်း ဆိုတဲ့ ငအူက ဂလိုဘယ် လိုက်ဇေးရှင်းတဲ့။ ဂလိုဘယ် လိုက်ဇေးရှင်းတဲ့။ ကမ္ဘာကြီးဟာ ရွာကြီးတရွာနဲ့ တူလာပြီ ဆိုပဲ။ ရွာမြောက်ပိုင်းမှာ မီးလောင်ရင် ရွာတောင်ပိုင်းကို ကူးနိုင်ဆိုပဲ။ မထော်မနန်းတွေ လျှောက်ပြော ပြန်ရောဗျ။ လက်ဖက်ရည်ဆိုင် ထိုင်ပြီး လေပစ်ရင် ဆိုမာလီ ပင်လယ်ကွေ့မှာ ဓားပြတိုက်လို့ သူ့အိမ်မှာ စီးပွားရေး သိပ်အဆင်မပြေဘူးလို့ ပြောလား ပြောရဲ့ဗျာ။ အဲဒါနဲ့ ဘာဆိုင်လဲဆိုတော့ ဘတ်တာဖလိုင်း အဖက်တဲ့။ အိန္ဒိယမှာ လိပ်ပြာ တကောင် တောင်ပံ ခတ်ရင် အမေရိကမှာ မုန်တိုင်းတိုက် နိုင်တယ်ဆိုလား။
အဲဒါများ အဆန်းမှတ်လို့။ ရှေ့လူကြီးတွေက ပြောပြီးပြီ။ ညောင်ဦးကမ်းပါး ပြိုတာနဲ့ စမ္ပာနဂိုက နွားမ ပေါင်ကျိုးတဲ့။ ဒီလို ပြောကြေးဆိုရင် နွားမပေါင် ကျိုးအဖက်လို့ မြန်မာမှု ပြုလို့ရတာပေါ့နော် ... ပေါ့နော်။ ပြီးတော့ ငတိက နိုင်ငံတကာ အရေးတွေလည်း ဟိုပြောဒီပြော ပြောပြီး (ဖြီးပြီး) သူ့ကိုယ်သူ ကမ္ဘာ့ ရေးရာ ပါမောက္ခလိုလို ဘာလိုလို လုပ်ချင် လုပ်နေတာကလား။
အမေရိကန်က အီရတ်ကို ဗုံးကြဲတာ များသွားလို့ ကမ္ဘာ့ ရာသီဥတု ဖောက်ပြန်တယ်လို့ ပြောတယ်ဗျ။ တခါတလေ မြက်ပင်တွေကို ယုယပါတဲ့။ မြက်ခင်းတွေကို ကြင်နာပါတဲ့။ သီချင်းရှင်ကို ကြင်နာပါ ဆိုတဲ့ ခေတ်ပေါ်တေး ခေတ်ဦးတုန်းက သီချင်း နာမည်ကို သံယောင်လိုက်တာ ဖြစ်ပါလိမ့်မယ်။ မြက်ခင်းတွေကို ကြင်နာမယ် ဆိုရင် ဂေါက်ကွင်းတွေမှာ အလုပ် လုပ်ပါလားလို့ သူ့ကို ပြောတော့ အဲဒီ မောင်စိန်သောင်းဆိုတဲ့ ငတိက ဂေါက်သီးရိုက်တာ စိတ်ငြိမ်ကြောင်း၊ ဟင်ဒီးကက်တွေ ဘာတွေ ရှိရကြောင်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိရကြောင်း၊ ကြားဖူး နား၀နဲ့ ပြောပြန်တယ်ဗျာ။
ဒီငနဲက တော်တော် စိတ်ညစ်စရာ ကောင်းတဲ့ ငနဲပဲ။ သူ့ကို ပြောလိုက်ရင် သူ မသိတာ မရှိ၊ မတတ်တာ မရှိ။ သူပဲသိ၊ သူပဲ တတ်လုပ်ချင်တယ်။ သူ့ဘာသာ သူအပျင်း ထူလို့ ပိုက်ဆံ ကြေးငွေ အရ နည်းတာကို မိုးကြိုးပစ်တာ ထန်းလက်နဲ့ကာ ဆိုသလို ဂျီအို ပိုလစ်တစ်ကြောင့် ၀င်ငွေ နည်းရပါ သလေး၊ ဘာလေး ညာလေး လျှောက်ပြောပြန် တာဗျ။ ဂျီအိုပိုလစ်တစ် ဆိုတာ ဘာလဲ ဆိုတော့ ဘေးနားရှိတဲ့ လူတွေကို အထက်စီးကနေ ကြည့်ရင်း ပထဝီ၀င် နိုင်ငံရေး တဲ့။
ကျောင်းတုန်းက စာနှစ်ကြောင်းလောက် သင်ဖူးတာနဲ့ပဲ အဲဒီ ပထဝီ၀င်နိုင်ငံရေးတို့ မဟာဗျူဟာတို့ ပြောပြန်တယ်ဗျာ။ အဲဒါဘာတုံးဆိုတော့ တောင်တောင်အီအီတွေ လျှောက်ဖြီးတယ်ဗျာ။ မရူးတရူးက တော်တော် ဆိုးတာပဲ။ ရူးသွားရင်လည်း ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံ ပို့ရကောင်းရဲ့။ ခုတော့ မောင်စိန်သောင်း ဆိုတဲ့ ငနဲက ပေါတောတော ဖြစ်နေတာ။ ရူးတာကို ဆေးကုလို့ ရမယ် ထင်တယ်။ ပေါတောတော ကိုတော့ ဆေးကုလို့ မရပါပဲ။
ဒါပေတဲ့ပေါ့ဗျာ။ အဲသလို မထော်မနန်း မကိုးမကား လုပ်တတ်တဲ့ ငနဲ တွေကို တစုံတရာက တစုံတနည်းနဲ့ ဆုံးမမြဲ မဟုတ်လား။ ဒါက လောက သဘာ၀နိယာမ အတိုင်းပေါ့လေ။
(၂)
တညတော့ မောင်စိန်သောင်း အပြင်ဘက် ထွက်လမ်း လျှောက်တယ်ဗျ။ ည ၁၂ နာရီလောက် ရှိပြီး လမ်းမီးတိုင်ဝါလဲ့လဲ့တွေက သူ့အိမ် ရှေ့လမ်းမကြီးမှာ မလင်း တလင်းကို ထိန်လို့။ လမ်းမပေါ်မှာ ကား အသွားအလာလည်း ကျဲသွားပြီ။ အရပ်ထဲက လူတွေက လည်း သူ့လို အားအားယားယား ရှိနေတာမှ မဟုတ်တာ။ ဒီတော့ ဟိုသွားဒီသွား လမ်းသလားတာတွေ ဘာတွေ ဘယ်ရှိမှာတုံး။ ရပ်ကွက်ထောင့် ဘီယာဆိုင်ကလည်း ည ၁၁ နာရီဆို ပိတ်ရတာ။ လူရှင်းနေတာပေါ့ဗျာ။
လူတွေ ရှင်းနေတာ ထားဦး။ တော်သလင်း လကုန်ပြီမို့ ခွေးတွေလည်း ရှင်းလို့။ ပလက်ဖောင်းပေါ်မှာ စိန်သောင်း တယောက်တည်း ဟိုနားဒီနား လျှောက်နေတယ်။ တကယ်ဆို အဲသလို အချိန် ည ၁၂ နာရီဆိုတာ လူခြေလည်း တိတ်ပြီ။ ဇာတ်လမ်းတွဲတွေလည်း ပြီးပြီ။ စာလေးဘာလေး ထိုင်ရေးပါတော့လား။ ဒါမှမဟုတ်လည်း စာဖတ်ပေါ့။ လျှပ်စစ် မီးတွေ ဆက်တိုက် လာနေတဲ့ အချိန်မှာ လုပ်စရာရှိတဲ့ အလုပ်ကလေး လုပ်ရင် ဘာဖြစ်ဖြစ် သူ့လက်ဖက်ရည်ဖိုး လောက်တော့ ရနိုင်တဲ့ ဥစ္စာ။ ငနဲက ပျင်းတာမို့ ညောင်းသလေး၊ ညာသလေးနဲ့ ဆင်ခြေပေး၊ ပလက်ဖောင်းပေါ် ထွက်ပြီး သြကာသ လောကကြီးကို ရှုစားနေလေသကိုး။
တော်သလင်းလကုန် သီတင်းကျွတ် လဆန်း ဆိုတာကို သတိထားမိတော့ ငနဲသား တော်တော်ချောက်ချားသွားတယ်။ ဘာကြောင့်ဆို နောက် တပတ်ဆယ်ရက်ဆို သီတင်းကကျွတ်တော့မှာ။ သီတင်းကျွတ်ရင် သူ့တူတွေ တူမတွေ၊ နောက်ပြီး အဲဒီတူ တူမ၀မ်း ကွဲတွေက မွေးတဲ့သူ့မြေးတော်တဲ့ကလေးတွေ လာကန်တော့ ကြမှာ။ ကလေးတွေလာ ကန်တော့ရင် မုန့်ဖိုးပေးရမှာ။ ကလေးတွေကို နှစ်ရာတန်တွေ မုန့်ဖိုးပေးလို့ကတော့ သူ့ကို အဘိုးကြီး ဂေါက်သွား ပြီလို့ မပြောရင် ကံကောင်း။ ဒီတော့ အနည်းဆုံး တယောက်ကို ငါးရာတန် တရွက်လောက်တော့ မုန့်ဖိုး ပေးမှ။
ဒါကလည်း ချွတ်တား တွေမှ ဖြစ်နိုင်မှာ။
ကလေးတွေ ခမျာလည်း ငါးရာပဲရရင် ကန်တော့ရတာ သိပ်မတန်ဘူးလို့ ထင်မှာပဲ။ တယောက်တ ထောင်စီ လောက်တော့ပေးမှ။ အဲ ကြီးကောင် ကြီးမားဖြစ်နေတဲ့ တူ၊ တူမတွေ ကျတော့ ပိုက်ဆံ တထောင်စီပေးလို့ ကလည်း ဟိုမရောက် ဒီမရောက်။ သူတို့က အပျို လူပျိုတွေ တချို့ဆို အပျိုကြီးလူပျိုကြီး စာရင်း ၀င်နေပြီ။ သူတို့ကို ကျေးဇူး တင်နေရတယ်။ ဘာလို့လဲဆိုတော့ အိမ်ထောင်မပြု ကြသေးဘူး။ ပြုပြီးတဲ့ တူ တူမတွေကလည်း ကလေး မမွေးသေးဘူး။ သင်း(ဒင်း) တို့တော်တော် တော်ကြပါ ကလား။ မိသားစု စီမံကိန်း လုပ်ထားတယ် ဆိုလား။ ဒါကြောင့်ကလေးတွေ မမွေးကြသေးဘူး။ သူတို့စကားနဲ့ ပြောရရင်တော့ “ကလေး မယူကြသေးဘူး”တဲ့။
တယ်ဟုတ်တဲ့ ခေတ်လူငယ်တွေ၊ မောင်စိန်သောင်း တို့တုန်းကတော့ အိမ်ထောင် ပြုပြီး နောက်တနှစ်မှာ ကလေး မွေးတော့တာပဲ။ ခေတ်မမီ ဘူးပေါ့လေ။ “ဖဲင်မလီပလဲင်းနင်း”တို့ ဘာတို့ သိပ်ဂရုမစိုက်ခဲ့ဘူး။ မောင်စိန်သောင်းတို့ထက် ခုခေတ် ကလေးတွေက ပိုတော်တာကတော့ မြေကြီး လက်ခတ်မလွဲဘဲ။
သူတို့က အိမ်ထောင်လည်း စောစောမပြုကြဘူး။ အိမ်ထောင်ပြုပြီးရင်လည်း ကလေး မယူသေးဘူး။ ယူရင်လည်း နှစ်ယောက်လောက်ဆို ဟိုးထားလိုက်တာ။ ဘုစု ခရုတွေ မလုပ်ဘူး။
အဲ အစ်ကိုကြီးတွေနဲ့ အစ်မကြီးတွေက မွေးတဲ့ တူ၊ တူမတွေကတော့ အသက်လည်း ရကြပြီ။ ကလေးတွေလည်း မွေးထားကြတယ်။ ဒီတော့ အဲဒီ တူ၊ တူမတွေ လာကန်တော့ရင် မောင်စိန်သောင်းရဲ့မြေးတော်တဲ့ လူပျိုပေါက် အပျိုပေါက်တွေပါပါ လာတယ်။ သူတို့ကျတော့ ငါးရာ တန်တချပ်စီ မုန့်ဖိုးပေးရင် မတရားရာ ကျမှာပေါ့။ တယောက် တထောင်တော့ မုန့်ဖိုးပေးမှ။ ခွ(ဂွ)ပဲ။
ငွေရေးကြေးရေး ကျပ်တည်းနေတဲ့အချိန် မောင်စိန် သောင်း စကားနဲ့ပြောရရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဆိုက်နေတဲ့အချိန်။ သင်း (ဒင်း)တို့ကို တယောက် တထောင်စီပေးရမှာ တော်တော်ခက်တဲ့ကိစ္စ။ စဉ်းပဲ စဉ်း စားကြည့်ပါဦး။ ပြီးခဲ့တဲ့လက မဂ္ဂဇင်းတိုက်တတိုက် က စာမူခပေးတာ ၀တ္ထုတပုဒ် ငါးထောင်တဲ့။ အဲဒါ တောင် မောင်စိန်သောင်းလို စာရေးသက်နည်းနည်းရှိတဲ့ လူမို့တဲ့။ နို့မို့ဆို တပုဒ် သုံးထောင်တဲ့။
အဲဒီတော့ မောင်စိန် သောင်း စဉ်းစားတယ်။ စာရေးတဲ့အလုပ်က သိပ်မနိပ်ဘူး။ သူတို့အိမ်နားကွမ်းယာ ရောင်းတဲ့ အမျိုးသမီးဆို နေကုန်နေခန်းရောင်းတာ တနေ့ နှစ်ထောင်လောက်တော့ ကျန်တယ်ဆိုပဲ။ ကွမ်းယာ ရောင်းစားရင် ကောင်းမလားပေါ့လေ။ ခက်တာက ကွမ်းယာလည်း မယာတတ်ဘူး။ ထုံးဘယ်လို စပ်ရမလဲ မသိဘူး။ ငယ်ငယ် တုန်းကတည်းက စာရေးတာ ဝါသနာမပါဘဲ ကွမ်းယာ ရောင်းတာကို ဝါသနာပါခဲ့ဖို့ ကောင်းတာ။ ခုတော့ ဘယ့်နှယ့်ရှိစ။
အဲဒီလို စဉ်းစားရင်း ကောင်းကင်ကို မော့ကြည့် တယ်။ အလို ကြယ်ပွင့်လေးတွေ လက်လို့ပါလား။ အနောက်ဘက်မှာ လင်းလက်နေတဲ့ ကြယ်တပွင့်တွေ့ရတယ်။ တဆက်တည်း လင်းနေတာဆိုတော့ ကြယ် မဟုတ်နိုင်ဘူး။ ဂြိုဟ်ဖြစ် လိမ့်မယ်။ ကြာသပတေး ဂြိုဟ်လား။ အင်္ဂါဂြိုဟ်လား မသိဘူး။ အဲ တိမ်တွေကလည်း အဆုပ်လိုက်အဆုပ်လိုက်ဖြူ နေတယ်။ တယ်လှတဲ့ ကောင်းကင်ပါပဲ။
ဘယ်ပုံက ဘယ်လို စိတ်ကူးပေါက်သလဲတော့ မသိဘူး။ မောင်စိန်သောင်း စိတ်ထဲ ငယ်ငယ်က ထီထိုး ရင် အတိတ်ရေးလို့ရတာကို မှတ်မိတယ်။ အများအားဖြင့်တော့ ဘိုးဘိုးအောင် မ,ပါ။ မိဘ ကျေးဇူးဆပ်ရန်။ အဲ ပြီးတော့ သီတင်းကျွတ်ရင် လက်ထပ်မယ်ဆိုတာမျိုးလည်း အတိတ်ရေးနိုင်တယ်။
အဲဒါတွေထဲက “ဘိုးဘိုးအောင် မ,ပါ”ဆိုတာကို ရေရေလည်လည် သတိရမိတယ်။
(၃)
မောင်စိန်သောင်းဟာ ကောင်းကင်ပေါ်ကို ကြည့်ရင်း လက်နှစ်ဖက် ဆန့်တန်းလိုက်တယ်။ ပြီးတော့ သူငယ်ငယ်က ဆကြည့်ဖူးတဲ့ နိုင်ငံခြားရာဇ၀င်ရုပ်ရှင်ကားထဲမှာ ၀တ်ရုံကြီး၀တ်ပြီး လက်နှစ်ဖက် ဆန့်တန်း၊ ကောင်းကင်ကို တိုင်တည်တဲ့ဟန်ပန်နဲ့ တမ်းတလိုက်တယ်။
“ဘိုးဘိုးအောင် မ,ပါ”
အသံက သိပ်မကျယ်ပေတဲ့ ညဘက် လူချိန်တိတ် ချိန်ဆိုတော့ မောင်စိန်သောင်း ကိုယ်တိုင် သူ့အသံသူပြန် ကြားလိုက်ရတယ်။
တော်သေးတာပေါ့လေ။ ရပ်ကွက် ရဲကင်းကလည်း မောင်စိန်သောင်း ဆိုတဲ့ ငနဲဟာ စာရေးတဲ့ ကြောင်တောင်တောင် ဘူဒါးတယောက်။ အရပ်ထဲ စွပ်ကျယ် အင်္ကျီနဲ့ လျှောက်သွားနေလေ့ ရှိတယ် ဆိုတာ သိထား ပေလို့။ နို့မို့ ငနဲကို ဂေါက်နေပြီဆိုပြီး စိတ်ကျန်းမာရေး ဆေးရုံတန်းပို့မှာ။ အဲသလို တမ်းတပြီးမှ မောင်စိန်သောင်းလည်း သူ့ဘာသာ ပြန်သတိထားမိတယ်။ ဒီပုံစံနဲ့တော့ ဘယ်သူမှ လာမမှာ မဟုတ်ဘူးလို့။ ရှက်ရှက်နဲ့ ဘေးဘီ ကြည့်တယ်။ တော်ပါသေးရဲ့။
ညဉ့်နက်ပိုင်းမို့ လူမပြောနဲ့၊ ခွေးတကောင်၊ ကြောင်တမြီးတောင် မရှိဘူး။ မ မယ့် ပုဂ္ဂိုလ်လည်း အရိပ်အယောင်တောင် မတွေ့ရဘူး။
အလုပ်တော့ လက်ကြောတင်းအောင် မလုပ်ချင်ဘဲ ဘယ်တန်ခိုးရှင်က လာမ မှာတဲ့တုံး။
ဒါပေတဲ့ပေါ့လေ။
(၄)
ဘုန်းကြီး ကျောင်းဘက်က အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ လူကြီးတယောက် ထွက်လာတယ်။ မောင်စိန်သောင်း စဉ်းစား ကြည့်တယ်။ ညကြီးအချိန် မတော် ဒီအဘိုးကြီး ဘုန်းကြီး ကျောင်းထဲက ဘာကြောင့်များ ထွက်လာရသတုံး။ ဘုန်းကြီးကျောင်း ၀င်းတံခါးကလည်း ည ကိုးနာရီကျော်ရင် ပိတ်ထားတာ။
မောင်စိန်သောင်း စဉ်းစားနေတုန်းမှာပဲ အဲဒီ အဘိုးကြီးက သူ့ဆီ တည့်တည့် လျှောက်လာပါလေရော။ လမ်းမီးရောင်ဝါ လဲ့လဲ့ အောက်မှာ အဘိုးကြီးကို မြင်ရတယ်။ ဖျင်ဖြူအင်္ကျီနဲ့ ဖျင်ကြမ်း ပုဆိုးကြီးဆီးလို့ ခေါင်းတုံး တုံးထားတယ်။ အညာကနဲ့ တူပါတယ်။ ဖြစ်နိုင်တာပေါ့။ ကျောင်းထိုင် ဆရာတော်ကလည်း အညာက ပုဂ္ဂိုလ်ပဲ။ အဘိုးကြီးက မောင်စိန်သောင်းနဲ့ နီးသထက် နီးလာတယ်။ အသက်က ခြောက်ဆယ်ကျော် အဲ ခုနစ်ဆယ်လောက်။ မဟုတ်ဘူးထင် တယ်။ ရှစ်ဆယ်ကျော် အင်း ခြောက်ဆယ်ကျော်လောက်ပဲ။ မောင်စိန်သောင်းလည်း အသက် ခြောက်ဆယ် ကျော်ပြီပဲ။ မဟုတ်သေးပါဘူး။ သူ့ထက်တော့ အသက်ကြီးတယ်။
ရုတ်တရက် ကြည့်ရင် မကြာခင်ကမှ ကွယ်လွန်သွားတဲ့ သမိုင်းဆရာကြီးနဲ့ တူတယ်။ အသားဖြူဖြူခန့်ခန့်၊ ထောင်ထောင်မောင်းမောင်း ပိန်သလိုလိုပေတဲ့ မပိန်ဘူး။ မောင်စိန်သောင်း ကြက်သီး ထသွားတယ်။ အဘိုးကြီး မောင်စိန်သောင်းနား ရောက်လာတယ်။ ပြုံးယောင်ယောင်ပဲ။ ဒါပေမယ့် ပြုံးတာလည်း မဟုတ်ဘူး။
“မောင်ရင်က မောင်စိန်သောင်းလား”
“ဟုတ်ကဲ့ ဦးလေး အဲ ဦးကြီး”
“ခေါ်ချင်သလို ခေါ်ကွာ၊ မောင်ရင်က ခုန ဘိုးဘိုးအောင် မ ပါလို့ တသ မဟုတ်လား”
“ဟုတ်၊ ဟုတ်ကဲ့ပါ ခင်ဗျ”
“အေး၊ အဲဒါကြောင့်ပဲ။ မောင်ရင်က ဘာ မ စေချင်သတုံး”
“ခင်ဗျာ အဲ ဦးကြီးက အဲ အဘိုးက ဘိုးဘိုးအောင်လား”
“မဟုတ်ပါဘူးကွာ၊ ဒါပေမယ့် မောင်ရင့်ကိုတော့ ကူညီမှိုင်း မနိုင်သကွဲ့”
“ဦးကြီး တကယ်လား ဟင်”
“အေးပါကွ”
မောင်စိန်သောင်း စိတ်ထဲ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ ဒါကြောင့်
“ဒါဖြင့်လည်း ဦးကြီးရယ် လောလောဆယ် ကျွန်တော် ဆန်တအိတ်လောက် လိုချင်တယ် ရနိုင်မလားဟင်”
“ဒါပဲလား”
“အဲ ဖြစ်နိုင်ရင်တော့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ပေါ့ဗျာ”
“အေး အေး”
အဘိုးကြီးက မျက်စိ မှိတ်လိုက်တယ်။ ခဏလေး ပါပဲ။ ပြီးတော့ မျက်စိမှိတ် လျက်
“ရောက်လာပြီကွ၊ ဟိုမယ်”
မောင်စိန်သောင်း အဘိုးကြီး လက်ညိုး ညွှန်တဲ့ဆီ လှမ်းကြည့်တယ်။အလို နွားလှည်း တစီးပါလား။ ရန်ကုန်လမ်းမကြီးတွေပေါ် နွားလှည်း မ၀င်ရတာ ကြာလှပြီ။
“ဦးကြီး ရန်ကုန်လမ်းတွေပေါ်ကို နွားလှည်း မ၀င်ရဘူးဗျ။ အမှု ပတ်နေဦးမယ်”
“မင်းက အမှုပတ်မှာတော့ ကြောက်သားပဲ”
ပြောရင်း ပြုံးတယ်။
အဲဒီအချိန်မှာပဲ နွားလှည်းက ရွှတ်ခနဲ မောင်စိန်သောင်း အိမ်ရှေ့ရောက်လာတယ်။ လှည်းပေါ်မှာ ဆန်၊ ဆီ၊ ဆား စသဖြင့်တွေပါ လာတယ်။ နွားလှည်းမောင်း တဲ့လူကြီးက သျှောင်ထုံးနဲ့။ ဘယ်လိုကဘယ်လို ဖြစ်သွားတယ်မသိဘဲ ဆန်တွေ၊ ဆီ တွေက မောင်စိန်သောင်းအိမ်ရှေ့ အပုံတိုက်ဖြစ်သွားတယ်။
ခက်ပုံက ဆန်တွေကို မကြိတ်ရသေးဘူး။ စပါးတွေ လူတဖက်လောက်ရှိတဲ့ ပုတ်နဲ့ ထည့်ထားတယ်။ ဆီက စဉ့်အိုးနဲ့ ဆားကဖက်တွေနဲ့ ငရုတ်၊ ကြက်သွန်လည်း အကန့်လိုက် စီထားတဲ့ ဝါးတောင်းကြီးထဲမှာ။
တခြားဟာတွေ ထားပါတော့။ စပါးကနေ ဆန်ဖြစ်အောင် မောင်စိန်သောင်း မဖွပ်တတ်ဘူး။
“အဲ ဟုတ်တော့ ဟုတ်ပါရဲ့ ဦးကြီး အဲ အဘိုးရယ်၊ စပါးတွေကို ကြိတ်ဖို့ ဆန်စက်ကို ပို့ရဦးမှာ”
“တို့တုန်းကတော့ စပါးတွေ မောင်းနဲ့ ထောင်းတာပဲကွ။ မင်းလည်း ကိုယ့်ဘာသာ မောင်းထောင်းပေါ့”
ပြောရင်းဆိုရင်း မောင်စိန်သောင်း အိမ်ရှေ့ ပလက်ဖောင်းမှာ မောင်းထောင်းတဲ့ ဆုံနဲ့ သစ်သား မောင်းတံကြီး ရောက်လာတယ်။
“ဟာ အဘိုး ကျွန်တော် မောင်းမထောင်းတတ်ဘူးဗျာ”
“လုံမလေးတွေ လုပ်တတ်တယ်ကွ”
“ခုခေတ်မှာ မောင်းထောင်း၊ ဆန်ဖွပ်တွေ မလုပ် တတ်ကြတော့ဘူး အဘိုးရယ်”
(ဦးကြီး ခေါ်ရာကနေ အဘိုးလို့ ပြောင်းခေါ်နေပြီ။)
“တော်တော် အပျင်း ထူကြတာကိုး။ ကိုင်း ရှိစေတော့”
အဘိုးကြီးက လက်တချက် ယမ်းလိုက်တယ်။ စပါးတွေက ဆန်ဖြစ်သွားတယ်။ တယ်ဟုတ်ပါလား။
“ကိုင်း ဒါပဲလား။ ငါ ပြန်မယ်”
အဘိုးကြီးက ပြောဆတယ်။ မောင်စိန်သောင်း ကမန်းကတန်းတားရင်း
“နေ နေပါဦး အဘိုး၊ နောက်ထပ် လိုချင်တာလေး တွေရှိသေးလို့ပါ”
“ဘာတွေများတုံးကွာ”
မောင်စိန်သောင်း စဉ်းစားတယ်။ ဘာတွေထပ်လို ချင်သေးလဲ။
“အဲ ဟို ကျွန်တော့် အိမ်က ဆောက်ထားတာ ကြာပြီ။ ဒီတော့ တိုက်ကြီးနဲ့ နေချင်တယ်ခင်ဗျ”
“တိုက်ဆိုတာ ဘာတုံး”
“ဟာ အဘိုးကလည်း ဟိုရှေ့မှာ ဘုန်းကြီးကျောင်းထဲက ဇရပ်ကြီးလို အုတ်တွေ နဲ့ စီထားတာပေါ့ဗျာ”
“ကိုင်း ရော့ကွာ”
မောင်စိန်သောင်းရဲ့ အိမ်ဟာ မျက်လှည့် ပြလိုက်သလို တိုက်ဇရပ်ကြီး တဆောင် ဖြစ်သွားတယ်။
“ဟာ မဟုတ်ဘူး အဘိုး။ ဟိုး ဟိုမှာ တွေ့လား ခြောက်ထပ်တိုက်ကြီးတွေ။ အဲဒါက အခန်းတွေ ဖွဲ့ထားတာ အဲဒါမျိုး နှစ်ထပ်၊ သုံးထပ်ပေါ့ ခင်ဗျာ”
“တော်တော် ဇယားရှုပ်တဲ့ကောင် ကဲရော့”
မောင်စိန်သောင်း အိမ်ဟာ ခြောက်ထပ်တိုက်ရဲ့ တ၀က် သုံးထပ်တိုက် ဖြစ်သွားတယ်။
“ကိုင်း ဘာလိုချင်သေးလဲ”
“မော်တော်ကား အသစ် တစီးလောက်”
“မော်တော်ကားဆိုတာ ဘာလဲ၊ တို့ခေတ်တုန်းက အဲဒါ မရှိဘူး”
“အဘိုးက ဘယ်ခေတ် ကလဲ”
“အမရပူရ ခေတ်ပေါ့ ကွ”
“အဲ ကျွန်တော်လည်း မပြောတတ်ဘူး။ မော်တော် ကား အသစ်ဆို ရပါပြီ”
“ကိုင်း ရော့ကွာ”
ချက်ချင်းဆိုသလို နောက်ဆုံးပေါ် ကားတစီး ရောက်လာတယ်။
“ဟာ ၀မ်းသာလိုက်တာ။ ဒါနဲ့ ဒီကားက လိုင်စင် လုပ်ပြီးပလား”
“လိုင်စင်ဆိုတာ ဘာလဲ”
“အဲ ဌာနဆိုင်ရာက စာရွက်စာတမ်းနဲ့ ခွင့်ပြုတာ ပေါ့ ခင်ဗျာ”
“မင်းတို့ဟာကလည်း တယ်ရှုပ်သကိုး။ ကိုင်း ရော့ ကွာ”
ကားရှေ့ဖုံးပေါ် ဝီးလ် တက်နဲ့တကွ လိုင်စင်စာအုပ် ရောက်လာတယ်။
“ဒါပဲလား၊ တော်ပြီလား။ ငါ ပြန်မယ်”
“အဲ ကျွန်တော် လိုချင်တာတွေ ရှိသေးတယ်။ ခဏလေးပါ အဘိုးရယ်”
မောင်စိန်သောင်းက လက်အုပ်ချီပြီး တောင်းပန် တယ်။ အဘိုးကြီး မြိန့်မြိန့် ကြီး ပြုံးနေတယ်။
(၅)
မောင်စိန်သောင်း စိတ်ကူးပေါက်ရာတွေ လျှောက် တောင်းတယ်။ အဘိုးကြီးကလည်း အားလုံးလိုက်လျောပြီး ဖန်ဆင်းပေးတယ်။ ဒါပေမယ့် မောင်စိန်သောင်းကလည်း လောဘမသတ်နိုင်ဘူး။ အဘိုးကြီးက ခွင့်လွှတ်စိတ်နဲ့ ကြည့်နေတယ်။
(၆)
မောင်စိန်သောင်း စိတ်ထဲ၊ ပြောချင်ရာပြောလို့ ရပြီ လို့ ယုံကြည်သွားတယ်။ ဒါနဲ့ ထအော်တယ်။
“ဘိုးဘိုးအောင် အလို မရှိ”
အဲဒီအချိန်မှာ အဘိုးကြီး မရှိတော့ပါဘူး။ ဒါပေတဲ့ တောင်ဝှေးတချောင်းက မောင်စိန်သောင်း ခေါင်းကို ဒိန်းခနဲ မြည်အောင်အုပ် ထည့်လိုက်တယ်။ ချက်ချင်း ပဲ ဝုန်းဆိုတဲ့ အသံကြီးမြည် ဟီးပြီး မောင်စိန်သောင်း တောင်းထားတဲ့ တိုက်၊ ကား၊ ခြံ၊ ဆန်၊ ဆီ၊ ဆား စတာတွေ အားလုံး ပျောက်သွားတယ်။
မောင်စိန်သောင်း ၀မ်းနည်းလှိုက်ဖို အံ့သြဆွေးမြည့် စတာတွေ အားလုံးဖြစ်သွားပြီး
“အဘိုး ကျွန်တော် မှားပါတယ် ခင်ဗျာ”
လို့ စွတ်အော် တယ်။
(၇)
သူ့ဇနီး မနှင်းရည် တရေးနိုးလို့ အပြင်ထွက် လာပြီး ပြောတယ်။
“ဘာဖြစ်တာလဲ”
“မှားတယ် မှားသွားပြီ”
“ရှင်က အမြဲ မှားနေတဲ့ ဥစ္စာ။ ကျွန်မလည်း ရှင့်ကို ယူမိတာ မှားတာပါပဲ။ အိပ်တော့”
---
#မောင်၀ဏ္ဏ
#အကျိုးထူးပေးတော့မယ်တဲ့ဗျ
#shared_by_louis_augustine
Comments
Post a Comment