နာနာရူပ // နေဝင်းမြင့်
နာနာရူပ // နေဝင်းမြင့်
(ရွှေအမြုတေ၊ ဇူလိုင်၊ ၂၀၀၃။)
---
(၁)
၁၉ ရာစု ရုရှား ဝတ္ထုကြီးတွေ ထဲမှာ ဇာတ်လမ်း စဖွင့်သလို ဖွင့်ရတော့မှာပဲ။
အဲဒီနေ့က ထမင်းကျွေး တခု ကျုပ်တို့ လိုက်စားကြတယ်။ ထမင်းကျွေး ဆိုတာ ကျုပ်တို့ကို ဖိတ်ပြီး ထမင်းကျွေးတာကို ပြောတာ။ ဆွမ်းကျွေးလို၊ အလှူအတန်းလို၊ မင်္ဂလာဆောင်လို တွေမှာ လူမှုရေးအရ ဖိတ်ကျွေးတာတွေ ရှိသလို စီးပွားရေး လုပ်ငန်းရှင်က၊ ကုမ္ပဏီတွေ၊ ပြပွဲတွေက စသဖြင့် Business နဲ့ ပတ်သက်လို့ ဖိတ်တာလည်း ရှိတယ်။
အဲသလို မဟုတ်ဘဲ ထမင်းကို ကျွေးချင်လွန်းလို့ ဖိတ်ပါရစေ ဆိုပြီး (အကြောင်း မည်မည်ရရ မရှိပါလျက်နဲ့) လူစု ကျွေးတာ မွေးတာများလည်း ရှိတယ်။
ကျုပ်တို့ကို ဖိတ်တယ်ဆိုလို့ ဘယ့်နှယ်မှလည်း မထင်နဲ့။ ကျုပ်တို့က စာရေးဆရာတွေ။ စာရေးပြီး ထမင်းစားကြတဲ့ လူတွေ၊ ကျုပ်တို့ ရေးကြတဲ့ စာတွေလည်း ချစ်လို့ ၊ လူတွေကိုလည်း ချစ်လို့ တကန်တက ခေါ်ပြီး ကျွေးတာလည်း ရှိတယ်။ ကျုပ်တို့လည်း စားရချေသေးရဲ့ မဟုတ်ပါဘူး၊ အိမ်ထဲမှာ တကုပ်ကုပ် ရေးနေရတာ များတော့ အပြင်လေကလေး ရှူချင်တာရော၊ အချင်းချင်း ဆုံဖြစ် ကြတာရော၊ သတင်းပလင်း ကလေး ကြားချင် နာချင်တာရော ဆိုတော့ ဒီလိုမှ ဖိတ်ရင် လိုက်ဖြစ်ကြတယ်။ တွေ့ကြတော့လည်း ပျော်ပျော်ပါးပါးပေါ့။ ပြောကြ ဆိုကြပေါ့။ စားကြ သောက်ကြပေါ့။ အရက်ကလေး ဘာလေး ပါလာတော့ ကိုယ့်လူမျိုး ဘာသာစကားနဲ့တင် မလုံလောက်တော့ဘူး ထင်ပြီး အင်္ဂလိပ်လိုတွေ ဘာတွေ ပါကုန်ရော။ ကျယ်ကျယ် ကျယ်ကျယ် ပြောတတ်သူ ပါသလို လက်ကလေး ကာကာ ပြောတတ်သူလည်း ပါသပေါ့။ စိတ်ကို လွှတ်ထားသူတွေ ပါသလို နောက်ဆံငင်ကြ သူတွေလည်း ပါသပေါ့။ အသားငါးစားသူတွေ ပါသလို သက်သက်လွတ် စားသူတွေလည်း ပါသပေါ့။ အရက် ကြိုက်သူတွေ ပါသလို သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ တွေလည်း ပါသပေါ့။ ထားပါတော့၊ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုး စကားလက်စ မကုန်နိုင်ဘူး။ နည်းနည်းလေး မူးလာတော့ သဘင်၊ ဂီတ၊ သုခုမ အလုပ်ဖြစ်တဲ့ ကခြင်း၊ သီခြင်းတွေ ပါလာရော ပြောပါတော့။
အဲဒီနေ့က အချိန်ကလေး နည်းနည်းနှောင်းတော့ ထမင်းစားပွဲ ကိစ္စ ပြီးကရော။ ဒီမှာတင် တယောက်က အဆိုတင်တယ်။
“ဒီလို ကျွန်တော်တို့ လူစုံဖို့ ဆိုတာ မလွယ်ဘူး။ ဆုံတုန်းဆုံခိုက် တနေရာရာ သွားကြရအောင်ဗျာ။ အိမ်ရှေ့မင်း ထန်းတော သွားသွား၊ တောင်သမန် သွားသွား တခုခုပေါ့။ ကားတွေလည်း ပါသားပဲ။ ဆိုင်ကယ်တွေလည်း ရှိတယ်”
လုပ်ကရော။ အိမ်ရှေ့မင်း ထန်းတော တဲ့။ တောင်သမန် တဲ့။ တကယ်ဆိုရင် ပြဿနာက ဒါ မဟုတ်ဘူး။ ရွေးချယ်ရမှာက ဒါ မဟုတ်ဘူး။ ဘယ့်နှယ် အခု ထမင်းစား ပြီးတယ်။ အခုပဲ သောက်ကြလို့ ပြီးတယ်။ ဘယ်သွားစရာ လိုမှာတုန်း။ အိမ်ပြန်ရုံပေါ့။ သူ့ကိစ္စ၊ ကိုယ့်ကိစ္စ ရှိကြသူတွေချည်း မဟုတ်လား။ အိမ်မှာ ကိုယ်ရှိမှ ဖြစ်မယ် မဟုတ်လား။ ဒီကနေ့အတွက် ဒါ တော်လောက်ပြီ မဟုတ်လား။ မဟုတ်ဘူး။ ကျုပ်တို့က အဲဒါ မစဉ်းစားကြဘူး။ အိမ်ရှေ့မင်း ထန်းတောလား၊ တောင်သမန်လား ဆိုတဲ့ နှစ်ချက် အပေါ်မှာပဲ စဉ်းစားကြတယ်။ မဲခွဲတော့ အိမ်ရှေ့မင်း ထန်းတော ၉၇.၁၃ ရာခိုင်နှုန်းနဲ့ နိုင်တယ်။ ကားနဲ့လူ တွက်လိုက်တော့ ကိုကျော်စွာထက်ရဲ့ ကား ပါတယ်။ မနည်းဘူး။ ကိုညီပုလေးမှာ ပါတယ်။ ကိုဖူလုံမှာ ပါတယ်။ ဒေါက်တာ စောလှခိုင်မှာ ပါတယ်။ ရှေ့နေကြီး ဦးထွန်းအောင်ကျော်မှာ ပါတယ်။ မန္တလေး သောက်ရေသန့် ကိုမောင်မောင်မြင့်ကို ဖုန်းဆက်ရင် သူ့ကားလည်း ပါနိုင်သေးတယ်ပေါ့လေ။ ချက်ချင်းပါပဲ၊ တယောက်က လက်ကိုင်ဖုန်းနဲ့ ဆက်လိုက်တယ်။
ဒီလိုနဲ့ အဲဒီနေ့ မွန်းလွဲလောက်မှာ ကျုပ်တို့ အိမ်ရှေ့မင်းထန်းတောထဲ ရောက်ပြီ။ ထန်းတော ရွာက လူတွေကလည်း ဒီလူတွေကို သိနေကြတော့ နတ်ကွန်းစင် ရှေ့နားက ကွက်လပ်ကလေးမှာ ဖျာတွေ ခင်းပေးကြတယ်။ ထန်းရည်အိုးတွေ ရောက်လာတယ်။ ကိုညိုထွန်းလူက ဘယ်အချိန် စီစဉ် လိုက်သလဲ မပြောတတ်ဘူး။ ကြက်သား ရေချိုချက် အိုးကြီး ရောက်လာတယ်။ မြေကြီးထဲ ဝက်သစ်ချသား အရက်စည်ကြီးနဲ့ ဆယ့်နှစ်နှစ်လောက် လှောင်ထားတဲ့ စကော့တလန် ဝီစကီ သောက်ခဲ့ကြတဲ့ လူတွေကလည်း အိမ်ရှေ့မင်း ထန်းရည် ကျတော့လည်း မက်ရေစက်ရေ ရှိချက်တော့။ နည်းနည်းလေး ဟိုစကား ဒီစကား ပြောကြလို့ ပြီးတော့ ဥတ္တရလွင်ပြင် ကိုသန်းဌေးကြီးက စကားစရော။ ထုံးစံအတိုင်း ခပ်တိုးတိုး ဘယ်ဟုတ်လိမ့်မလဲ။ ပါးစုန့်ကြီးကလည်း နီတွတ်လို့။ ဒီလူက စကားကို အားပါးတရ ပြောသလောက် မျက်နှာက ပြုံးထားတတ်တဲ့ လူကိုး။ သူ့ကို ချစ်ကြတယ်။
“ထူးဆန်းတာက တခုဗျ။ ကျုပ် အဲဒါကို ပြောဖို့ ချောင်းနေတာ။ ပြောရင်လည်း ယုံကြည်မှာ မဟုတ်လို့ ချင့်ချိန်နေတာ”
ဆိုတော့ တယောက်က “မယုံဘူး” တဲ့ လုပ်ကရော။ ကိုသန်းဌေး မျက်နှာကြီးက ပိုနီသွားတယ်။ ဘာမှတောင် မပြောရသေးဘူး။ မယုံဘူးဆိုတော့ ထအော်ရော။
“နေပါဦး၊ ကျုပ် ပြောပါဦးမယ်။ ပြီးမှ ယုံတယ်၊ မယုံတယ် ပြောကြပါ၊ ခင်ဗျားတို့ ကလည်းဗျာ၊ ကျုပ် Seriously ပြောနေတာ။ ကျုပ်ကိုယ်တွေ့ ပြောမှာ၊ ဘယ်စာအုပ်ထဲကမှ မဟုတ်ဘူး”
ဒီလို ပြောလိုက်တော့ အားလုံး ငြိမ်သွားကြတယ်။ ကိုယ်တိုင် တွေ့ခဲ့တယ်တဲ့။ သူတောင် မယုံနိုင်စရာ ကောင်းတဲ့ ကိစ္စပဲ။ Seriously ပြောနေတာတဲ့။ ဒီမှာတင် ကိုသန်းဌေးက စပြောရော။
---
(၂)
မြူအိုးထဲက ထန်းရည်တခွက် စွပ်ခနဲ သောက်လိုက်ပြီး ချောင်းတချက် ဟန့်တယ်။ ပြီးမှ သူ့စကား ဆက်တယ်။
“ဒီလိုဗျ၊ တမနက်မှာ ကျုပ်အိမ်ရှေ့မှာ စာအုပ်တွေ စခင်းတယ်။ မနက်တော့ တော်တော် စောသေးတယ်။ ငါးနာရီခွဲလောက် အိမ်ရှေ့ ရေဖျန်းပြီး အမှိုက်လှည်း၊ ငှက်မကြီးက တကောင်ပေါ့ဗျာ။ ငှက်ပေါက် ကလေးတွေက သုံးကောင်။ ဒီငှက် ကျုပ်မမြင်ဖူးဘူး။ ငှက်မကြီးရဲ့ အရောင်တော့ ကျုပ်မှတ်ထား လိုက်တယ်။ အမောက်က ဘာအရောင်၊ လည်ရစ်က ဘာအရောင်၊ ကိုယ်လုံးက ဘာအရောင် ပေါ့ဗျာ”
အုန်းမှုတ်ခွက်နဲ့ ထန်းရည်တခွက် ခပ်တယ်၊ သောက်တယ်။ ကျုပ်တို့ကို လိုက်ကြည့်တယ်။ ကျုပ်တို့ကလည်း ဒီအထိတော့ ဘယ့်နှယ်မှ မနေကြပေါင်။ ဘာထူးဆန်းတာမှ မပါသေးဘူး။ မယုံလောက်စရာလည်း မပါသေးဘူး။ ဒါပေမဲ့ အားလုံးက နားထောင် နေကြတာပါပဲ။
“လိုရင်းလုပ်ဗျာ …”
တယောက်က ထအော်လိုက်သေးတာ။ ကိုသန်းဌေးကတော့ ဆင်းပါတော့ဗျို့လို့ အအော်ခံရတဲ့ အဆိုတော်လိုပဲ ဘယ့်နှယ်မှ မနေဘူး။ ပြောစရာရှိတာ ဆက်ပြောတယ်။ ကျယ်ကျယ်။
“နောက် ကျုပ်က ဒီအရောင်တွေနဲ့ ငှက် အင်ဆိုက်ကလိုပီးဒီးယားမှာ ရှာတော့ ထန်းစေ့မှုတ် ငှက်တဲ့ ဗျ။ အင်္ဂလိပ်လိုက ဂရက်ဘီ တဲ့။ ဂျီအာရ်အီးဘီအီး၊ အမေရိကား မိန်းပြည်နယ် ဘက်က ငှက်တဲ့”
ဒီတော့မှ ကျုပ်တို့လည်း မျက်လုံးတွေ ပြူးကြ ရတော့တယ်။ မြောက်အမေရိက တိုက်က ငှက်သားအမိဟာ ဘယ်လိုလုပ်ပြီး အာရှတိုက် မန္တလေးမြို့ ၈၃ လမ်းနဲ့ ၃၃ လမ်းထောင့်ကို ရောက်လာရ သလဲပေါ့လေ။ အင်ဆိုက်ကလိုပီးဒီးယား ဆိုတော့ မယုံလို့လည်း မဖြစ်ဘူး။
“မိုက်ဂေရေးထရီး ဘာ့ဒ် ပေါ့ဗျာ”
တယောက်က ဆောင်းခိုငှက်၊ နယ်ကျွံငှက် ဆိုတဲ့ သဘောနဲ့ မှတ်ချက်ပြုတယ်။ ဒန်အိုး မည်းမည်းထဲက နယ်ကျွံ ကြက်သားဖတ် ရှာရင်း အော်လိုက်တာပါ။ ကိုသန်းဌေးက ဆက်ပြောတယ်။
“နေကြပါဦးဗျာ ခင်ဗျားတို့ ကလည်း။ ဒါနဲ့ ကျုပ်ကလည်း တံမြက်စည်းကလေး ဓာတ်တိုင် မှီပြီး ရပ်ကြည့်နေတယ်။ လမ်းသွား လမ်းလာတွေ မရှိသေးဘူး။ ကျုပ်နဲ့ ငှက်သားအမိပဲ ရှိတာ။ အနားမှာ အသိုက်ပြုတ်ကျနေတဲ့ စာသိုက် ရှိတယ်။ ငှက်မွေးတွေနဲ့ မြက်ခြောက်တွေ ရောနေတဲ့ စာပုတီးသိုက်ဗျ”
“ဒါလည်း အင်ဆိုက်ကလိုပီးဒီးယားထဲ ကြည့်ပြောတာလား”
“နေဦး၊ ပြီးမှပြော လက်စသတ်တော့၊ ငှက်မကြီးက သူ့သားကလေးတွေ ဘာကျွေးနေတယ် မှတ်သလဲ။ ကိုင်း … ခင်ဗျားတို့ ဘာထင်သလဲ”
ကိုသန်းဌေးက စကားဖြတ်ပြီး ပြုံးပြုံးကြီး မေးနေပြီ။ ငှက်မကြီးက ငှက်သားသမီးတွေ ကျွေးနေတာ၊ ခွံ့နေတာ ဘာဖြစ်နိုင်သလဲ။
“ကိုယ် ကြိုက်တာ ကိုယ်ပြောရရင် ပဲပလာတာပဲ နေမှာပဲ”
ကိုငြိမ်းက ထဖောက်တယ်။ ဒီတော့ ဝိုင်းပြောကြရော။
“အမ်ဒိုးနတ်”
“ပေါက်စီ”
ဆရာ ညီစေမင်းက ထဟန့်တယ်။ တိတ်ကြပါ တိတ်ကြပါပေါ့လေ။ တိတ်သွားတာပါပဲ။ ရုရှားလွှတ်တော်လိုပေါ့။ ကိုသန်းဌေးကတော့ ပြုံးပြုံးကြီး ဆက်ပြောတယ်၊ ခပ်တိုးတိုး။
“ငှက်မွေးတွေ ခွံ့နေတာဗျ။ အနားမှာ ကျနေတဲ့ စာပုတီးသိုက်ထဲက ငှက်မွေး အဟောင်းတွေကို မအေကြီးက တပင်စီ ကောက်ကောက်ပြီး ငှက်ကလေးတွေရဲ့ ပါးစပ်ပေါက်တွေထဲ ခွံ့နေတာ။ ငှက်ကလေးတွေ ကလည်း ကျေကျေနပ်နပ်ကြီး စားလိုက်ကြစမ်း ဆိုဗျာ။ ငှက်မွေးစားတဲ့ ငှက်တွေလေ။ ကိုင်း - ခင်ဗျားတို့ တွေ့ဖူးကြသေးသလား”
ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ငှက်မွေးစား ငှက်လို့တော့ ကျုပ်အသက်လည်း ငါးဆယ် ပြည့်တော့မယ်။ မကြားဖူးသေးဘူး။ ကျန်တဲ့ စာရေးဆရာတွေ ကလည်း ငြိမ်နေကြတယ်။ မထူးဆန်း သလိုနဲ့ ထူးဆန်းတာတော့ အမှန်ပဲ။ ဒီမှာတင် တယောက်က “ထူးဆန်းပါပေ့ဗျာ” လို့ အော်တယ်။ အားလုံး ငြိမ်သွားကြတယ်။ ဒီမှာတင် ပင်လယ် ကမ်းရိုးတန်းဘက်က လာတဲ့ ကိုစိုးဘားဒိုင်က လှုပ်လာတယ်။
“ကျွန်တော်တို့ ပင်လယ် ဘက်မှာလည်း ထူးဆန်းတာ ရှိတာပဲ”
---
(၃)
ကျုပ်တို့ အားလုံးက ကိုစိုးဘားဒိုင်ဘက် လှည့်ကြရရော။ ထန်းတောထဲ ပြေးဝင်လာတဲ့ လေက ထန်းနံ့တွေ မွှေးနေလေရဲ့။ ပဲလှော်ဝါးသံ တတောက်တောက်နဲ့ စကားဝိုင်းပေါ့လေ။ အကြောင်းအရာက မထင်မှတ်ဘဲ အဲဒီဘက် ရောက်သွားပြီ။ ကျုပ်တို့ တယောက်စီ ကလည်း ကိုယ်စီ ကိုယ်စီ ထူးဆန်းတာလေးတွေ ပြောကြဖို့ တွေးနေကြတာလည်း ဖြစ်နိုင်တယ်။ ကိုစိုးဘားဒိုင်က သူ့မျက်မှန်ကို ပင့်တယ်။
“ကျွန်တော်တို့ ပင်လယ်ဘက်မှာ ငတငါ (ငါးတံငါ) ဆိုတဲ့ ငါးတမျိုး ရှိတယ်ဗျ။ နိုင်ငံခြားသားတွေ ကတော့ Anglerfish ခေါ်ကြတယ်။ ငါးငါးချင်း မျှားစားတဲ့ ငါး ဆိုပါတော့ဗျာ။ ကိုသန်း ဌေးပြောတဲ့ ငှက်မွေးစားတဲ့ ငှက်လိုပဲ ငါးစားတဲ့ ငါး ဆိုပါတော့”
ဒီမှာတင် စကားဝိုင်းဟာ လှုပ်သွားတယ်။ ငါးပေါက် ငါးသန်ကလေး တွေကို ငါးကြီးတွေက စားတာ ဘာထူးဆန်းလို့လဲ။ ဒီကိစ္စများ ပင်လယ် ကမ်းရိုးတန်းနဲ့ ချီပြီး ပြောနေရသလား။ မြစ်ထဲ ချောင်းထဲ အင်းထဲ အိုင်ထဲက ငါးတချို့လည်း ငါးနုပ်ပေါက်တွေ စားကြတာပဲ။ သားစားငါးခူ ဆိုတာတောင် ရှိသေး မဟုတ်လား။
“ဒါ မထူးဆန်းပါဘူး” တယောက်က ထချဲတယ်။ ကိုသန်းဌေး ငှက်ကိုတောင် ထူးထူးဆန်းဆန်း စာရင်းထဲ ထည့်သင့် မထည့်သင့် စဉ်းစား နေကြရတဲ့ကြား တယောက်က လာပြန်ပြီ ပေါ့လေ။ ပခုက္ကူမှ မပေါင်းတတ်ရတဲ့ ကြားထဲ အာလကပ္ပက တမှောင့် ဆိုတာမျိုး။
“နေပါဦး ဆရာတို့ရာ၊ ပြောတာများ နားထာင်ကြပါဦး။ ငါးကို ငါးစားတာ ပြောချင်တာ မဟုတ်ဘူးဗျ။ အဲဒီ ငတငါငါးက ခေါင်းမှာ ငါးမျှားကြိုး တချောင်း ပေါက်နေတာ ခင်ဗျ။ အရှည်ကြီး။ ထိပ်က လန်းလန်း လန်းလန်းနဲ့။ ဒီငါးက ပင်လယ်နက်ထဲက ကျင်းကြီးတွေထဲမှာ နေတာ။ အဲဒီ ငါးမျှားကြိုးက အနားဖြတ်လာတဲ့ ငါးတွေကို မူးအောင် မွှေ့ပစ်တယ်။ မူးပြီ ဆိုတော့မှ သွားကြီးတွေ ဖြဲထားတဲ့ ပါးစပ်ထဲ မျိုချကြတာ။ ဒီငါးမျှားကြိုးထိပ်မှာ အဆိပ် ပါတာကိုး။ ပိုက်တွေထဲ ဒီငါး ပါလာရင် ချက်ချင်း ဖယ်ပစ်ရတာ၊ အဆိပ်ပြင်းလို့”
ကိုစိုးဘားဒိုင်က ကိုယ့်နာမည်ကိုယ် အလုပ်ခေါ် သင်ပုန်းပေါ်မှာ ရှာနေတဲ့ သင်္ဘောသားသစ်လို လူတွေကို လိုက်ဖတ်နေတယ်။ ထန်းရည်ဝိုင်းက ငြိမ်နေပြန်ပြီ။ ခေါင်းပေါ်မှာ ငါးမျှားကြိုး ပါတဲ့ ငါး ငတငါ။ ငါးကလေးတွေကို မွှေနှောက် ပစ်ပြီးမှ မျိုချတာတဲ့။ ဒါ ထူးဆန်းတာပေါ့။ သတ္တလောကကြီးဟာ ဆန်းကြယ်လှချေလား။ သဘာဝတရားဟာ အံ့ဖွယ်ပါလား။ ကျုပ်တို့ မသိတာတွေ လောကထဲ အများကြီး ကျန်ပါသေးသကော။ ဒီမှာတင် သိပ္ပံဝတ္ထုတွေ ရေးနေတဲ့ ကိုကျော်စွာထက်က လှုပ်လာတယ်။ ဒီဆရာက တွေ့ရခဲတယ်။ ဆေးခန်း ပစ်ထားပြီး တညနေ လွတ်လပ်ရေး ရနေခိုက် ပြောစရာ ရှိတာတော့ ပြောကို ပြောမယ် ဆိုတဲ့ပုံ။ သူကတော့ ညင်ညင်သာသာ ပါပဲ။
“ကျွန်တော် တွေ့ဖူးတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော့် ဇာတ်ကောင်က ဝက်ဝံ။ ဩစတြေးလျ တိုက်ဟာ ဒီဝက်ဝံတွေရဲ့ အိုရီဂျင်။ ဒီဝက်ဝံကို ကိုအာလာလို့ ခေါ်ကြတယ်” ကိုကျော်စွာထက်က စကား ခဏရပ်တယ်။
---
(၄)
စာရေးဆရာတွေက ဒီမှာတင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ်။ မတွေ့ဖူးတာကို ပြောကြေးလား။ ဒီလိုဆိုရင် တို့လည်း ဖတ်ထားတာ ပြောမှာပေါ့။ ကိုယ်တွေ့များ ပြောကြေးလားလို့။ နေပါဦး၊ ဖတ်ထားတာ ပြောကြေး ဆိုရင်ကော ဘာပြောရမလဲ။ တယောက်က ငှက်ကို ပြောပြီ။ တယောက်က ငါးကို ပြောပြီ။ အခုတယောက်က ဝက်ဝံတဲ့။ ကိုအာလာ ဝက်ဝံတဲ့။
“နေကြပါဦး၊ ပြောပါစေဗျ။ ဝက်ဝံကြီး အိမ်ရှေ့ ဆေးခန်းရှေ့ တွေ့တယ်လုပ်လို့ ဘယ်ရပါ့ မလဲဗျ။ ဘယ်လို Reasonable ဖြစ်ပါ့မလဲ။ ပြီးတော့ ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ငြင်းလို့ ရမှာတုန်း။ နဂိုက စည်းကမ်းချက် မရှိဘဲနဲ့ ကိုယ်တွေ့ ပြောကြေးလို့ ဘယ်သူက ပြောထားလို့တုန်း”
ကိုညီပုလေးက ဝင်ဖျန်ဖြေတယ်။ ဟုတ်သားပဲ။ မူလ စည်းကမ်းချက် မရှိပါဘဲနဲ့ ထကန့်ကွက်လို့ ဘယ်ရပါ့မလဲ။ ဒီမှာတင် ကိုကျော်စွာထက် ပြောစေပေါ့လေ။ ဒီတော့မှ ကိုကျော်စွာထက်လည်း အလုံးကြီး ကျသွားပုံနဲ့ ဆက်ပြောတယ် ပြောပါတော့။
“ဒီအကောင်တွေကို The oddest of the beasts လို့တောင် ခေါ်ကြတယ်။ အင်မတန် ထူးဆန်းတဲ့ သတ္တဝါကြီးတွေ ပေါ့ဗျာ။ ဒီသတ္တဝါတွေက ရေမသောက်ကြဘူး။ ဘယ်သတ္တဝါမဆို အစာ တခုခု စားပြီးရင် ရေလိုကြတာချည်းပဲ မဟုတ်လားဗျ။ အစာအတွက် ရေက Supplement လေ။ ဒီ ဝက်ဝံတွေက ရေမသောက်ကြဘူး။ တသက်လုံး မသောက်ကြဘူး”
“ဒါ မဖြစ်နိုင်ဘူး”
ရှေ့နေကြီး ကန့်ကွက်တယ်။ တသက်လုံး ရေမသောက်ဘူး ဆိုတာတော့ လွန်ပါ့ မောင်ရာ ဆိုတဲ့ ပုံနဲ့ တရားရုံးမှာ ကန့်ကွက်တဲ့ လေသံနဲ့ ကန့်ကွက်လိုက်တာ၊ ရှေ့နေ ကန့်ကွက်တာများတော့ ရိုးနေပြီ ဆိုတဲ့ပုံနဲ့ ပြုံးတယ်။ အားလုံးကလည်း ဒီမေးခွန်းကိုပဲ မေးချင်နေကြတာ မဟုတ်လား။ ရှေ့နေကြီးက မေးလိုက်တော့ အဖြေစောင့် နေကြတယ်။ ကိုကျော်စွာထက် ကလည်း အဖြေရှိပါတယ်။ ဖြေတယ်။
“ဒီဝက်ဝံတွေရဲ့ ထူးဆန်းမှုက ဒါပဲဗျ။ သစ်ရွက်တွေထဲမှာ ပါတဲ့ ရေငွေ့ဓာတ်လောက်နဲ့ တင်းတိမ်နိုင်ကြတယ်။ သစ်ရွက် နည်းနည်းပါးပါး စားလိုက်လို့ ရတဲ့ ရေငွေ့လောက်နဲ့ အာသာပြေ ကြတယ်။ သူတို့ ဘဝမှာ ရေရယ်လို့ ရှာသောက်တာ မရှိကြဘူး”
ဒီတော့မှ ကျေနပ် သွားကြပုံနဲ့ ဝေးခနဲ အော်ကြတယ်။ ဒါဖြစ်နိုင်တယ်လို့ လက်ခံကြတယ်။ ရှေ့နေကြီး ကလည်း သူ့ကန့်ကွက်ချက်ကို ရုပ်သိမ်းတယ်။ ဆရာ ညီစေမင်း၊ ကိုညီပုလေးနဲ့ ကိုကျော်စွာထက်က အရက်နဲ့ ထန်းရည် မသောက်ကြသူတွေ ဆိုတော့ ပဲလှော်ကိုချည်း ဝါးကြတယ်။ ကျန်တဲ့ လူတွေက ထန်းရည် ထပ်မှာကြတယ်။ ထူးဆန်းသော စကားဝိုင်း ဆိုပါတော့။ ညနေတောင် စောင်းနေပါပြီ။ ဘယ်သူမှ မထနိုင်ကြသေးဘူး။
“ကျုပ်တို့ အောင်ပင်လယ် မြို့သစ် တည်တော့ အင်းဟောင်းကြီး တခုထဲမှာ ထူးဆန်းတဲ့ ငါးတမျိုး သွားတွေ့တယ်။ ကျုပ်ကိုယ်တွေ့၊ ကျုပ်ကိုယ်တွေ့ …”
အောင်ပင်လယ် မြို့သစ်သား ကဗျာဆရာ၊ ဝတ္ထုတိုဆရာ ကျုပ်တို့လူ ကိုငြိမ်း (မန္တလေး) က သူ့ရဲ့ ခရက်တုန်း (Crack Tone) နဲ့ စကားစလိုက်တော့ ကိုငြိမ်းကတော့ Ultra Modern ဝတ္ထု တပုဒ်တော့ စပြန်ပြီဆိုပြီး ပြုံးကြတယ်။ လုပ်ပြန်ပြီပေါ့လေ။
---
(၅)
ကိုငြိမ်း (မန္တလေး) ကတော့ မယုံတာ မောင်ရင်တို့ အလုပ်၊ မယုံလောက်အောင် ယုံအောင် ပြောဖို့က ကိုယ့်အလုပ် ဆိုတဲ့ ပုံစံနဲ့ မုတ်ဆိတ်ကို သပ်တယ်။ ခေါင်းပေါ်က ကောင်းဘွိုင် ဦးထုပ်ကို ချွတ်တယ်။ ထန်းရည်တခွက် မက်မက်စက်စက် ချလိုက်သေးတာ။ လေချဉ်ကြီးတချက် ဂေ့ခနဲ ထိုးပြီးမှ သူ့ရော်ဘင်ဟုဒ် စက်ဘီးအို တရုတ်တန်းရှေ့ ပျောက်သွားသလို လူတွေကို လိုက်ကြည့်တယ်။ စရတော့မလား ပေါ့လေ။
“ပြောမှာသာ ပြောပါဗျာ၊ ကျွန်တော်တို့ မပြောနဲ့ ဆိုလည်း ကိုငြိမ်းက ပြောမှာပဲဟာ”
တယောက်က ပြောလိုက်တော့မှ တဟဲဟဲ ရယ်တယ်။
“အခု ကိုငြိမ်း ပြောမှာက မူးလို့ မဟုတ်ဘူးနော်။ ကိုငြိမ်းက မူးတယ်ဆိုတာ မရှိဘူး။ ကိုငြိမ်းက အရက်ကို သောက်တာ မဟုတ်ဘူး။ အရက်က ကိုငြိမ်းကို သောက်နေတာ။ ကိုငြိမ်း မမူးဘူး ဆိုတာကို မူးလို့ ပြောတာထင်ပြီး မောင်ရင်တို့ မူးနေမှာ စိုးလို့ ပြောနေတာ”
“မူးတယ်ဗျို့”
“အခုက ဘာလဲ၊ ငှက်တွေ၊ ငါးတွေ ပြီးလို့ ကိုငြိမ်း သူ့အကြောင်းသူ ပြောနေတာလား”
“ဝတ္ထုရေးမယ့် ဟာတွေ မပြောကြေး”
“စပါတော့ဗျို့”
တယောက်တပေါက် ဝိုင်းအော်တော့မှ ကိုငြိမ်းက သူ့ရဲ့ ထူးဆန်းထွေလာ ပြည်မြည်မာကို စပြောလေရဲ့။ သူ့ဂျာကင် ကော်လာကြီးကို ထောင်တယ်။ အိတ်ထဲက ကွမ်းတယာ နှိုက်ပြီး ပါးစောင်ထဲ ထည့်တယ်။
“ဒီလို၊ ကိုငြိမ်း … အောင်ပင်လယ်ကို ခပ်စောစော ကတည်းက ရောက်တာ။ တထောင့်ကိုးရာ … အဲ … ထားပါတော့၊ အဲဒီနှစ် ရောက်တာ ဆိုတော့ အဲ …”
“တိတိကျကျ ပြောပါ သိပ္ပံနည်းကျ ပြောပါဗျို့”
“ရှက်ဖွယ် … ရှက်ဖွယ်”
စာရေးဆရာတွေက ထအော်ကြတယ်။ ကိုငြိမ်းကတော့ သူ့ထုံးစံအတိုင်း ပြုံးပြုံးကြီး။
“နေပါဦး၊ မောင်ရင်တို့က သမိုင်းဘာသာ ဖြေကြမှာ မို့လား။ ခုနှစ် သက္ကရာဇ်တွေ မလိုပါဘူး။ မသေချာခြင်းကိုက ကိုငြိမ်းရဲ့ သေချာခြင်းပဲ။ မောင်ရင်တို့ အေးအေးဆေးဆေး နားထောင်ဖို့ပဲ လိုတယ်။ ကိုယ့်ရဲ့ မြင့်မြတ်ခြင်းကို ကိုယ့်လက်နဲ့ မဖဲ့ကြပါနဲ့”
အားလုံး တိတ်သွားကြတယ်။ ပွစိ ပွစိဆိုရင် မြင့်မြတ်ခြင်းကို ဖဲ့ရာ ကျတော့မှာကိုး။
“ဒီလို၊ အောင်ပင်လယ် ဆိုတာက တကယ်တောအစစ်ကဲ့သို့ လယ်တော၊ လယ်တောဖြစ်လို့မို့ မဟုတ်လား၊ ထူးဆန်းတဲ့ သတ္တဝါတွေကို ရှိကောင်း ရှိမှာပေါ့။ တရက် ကိုငြိမ်း အင်းဟောင်းကြီးနား ရောက်သွားတယ်။ သွားခံစားတာ။ ဂျပန် ဟိုက္ကူဆရာ ဗသျှိုလိုပေါ့”
“ကောက်ရိုး ပါပဲကွာ”
ကိုညိုထွန်းလူက ညည်းတယ်။ ဘယ်လို သတ္တဝါကြီး ထွက်လာမယ်သာ မသိရသေးတာ။ စကားချီနေတာက လိုရင်း မရောက်သေးဘဲကိုး။
“အဲဒီမှာ ထူးဆန်းတဲ့ ငါးလိုလို သတ္တဝါတကောင် တွေ့တယ်။ ငါး မဟုတ်ဘူးနော်။ မောင်ရင်တို့ မျက်စိထဲ ငါးတွေ မြင်နေကြမှာ စိုးလို့ ပြောတာ။ ငါးလိုလို သတ္တဝါ၊ သေသေချာချာ ကြည့်တော့မှ အကောင်နှစ်ကောင် ပူးနေတာ။ ခွာထုတ်လို့ မရအောင် အသားချင်းပါ တဆက်တည်း ပူးကပ် နေတာနော်။ လိင်ကွဲချင်း ပူးနေတာပေါ့လေ။ တကောင့် တကောင့် ကိုက်ထားကြရင်းက မလွှတ်ကြတော့တာ။ နောက်တော့ အသားချင်း ဆက်သွားပုံ ရတယ်။ နောက်ပိုင်း မစ္ဆဗေဒ ဌာနကို သွားပြတော့ ပညာရှင် တယောက်က ဒါဟာ ပင်လယ် အောက်မှာပဲ ရှိရမယ့် ငါးမျိုးတဲ့။ အဖိုနဲ့ အမ ပူးထားရင် အမဆိုတဲ့ သဘောလက္ခဏာဟာ မိတ်လိုက်ဖို့ လောက်သာ ကျန်ပြီး အဖိုဘက်ကို ခပ်များများ ပြောင်းသွား တတ်ကြသတဲ့။ ပြောချင်တာက ကိုယ်တို့ အောင်ပင်လယ်ဟာ ရှေးက ပင်လယ်ရေ အောက်မှာ ရှိရမယ်။ ဒါက ကိုငြိမ်းရဲ့ တွေ့ရှိချက်ပဲ”
“နေပါဦး၊ အဲဒီ အကောင်က ဘယ်မှာတုန်း”
“ကိုငြိမ်း ကြော်စားလိုက်ပြီ”
“ဟယ် …”
စာရေးဆရာတွေထဲက တချို့ကတော့ သူရေးမယ့် ဝတ္ထုလားလို့ တွေးနေကြပုံ ပေါ်တယ်။ တချို့ကလည်း ဟုတ်လောက်ပါရဲ့ ဆိုတဲ့ ပုံနဲ့။ ဘာပဲဖြစ်ဖြစ် သူပြောတာလည်း ထူးဆန်းတာပဲ မဟုတ်လား။ ကျေနပ် သွားကြတယ်။
“ဘရာဗို” လို့ အော်ကြတယ်။ ဘာမှန်းသာ မသိတယ် ကြောက်စရာ သတ္တဝါပေကိုး။ စကားဝိုင်းဟာ စဉ်းစားရာ ရသွားသလို တိတ်သွားပြန်ရဲ့။
---
(၆)
“ကျွန်တော် ငယ်ငယ်တုန်းက ချိုးထောင်ဘက် နေခဲ့ဖူးတယ်။ ကျွန်တော် ဖားတကောင် တွေ့ဖူးတာများ တော်တော်ကို ထူးဆန်းတာ”
ဒီစကားကို စသူက ကိုညိုထွန်းလူပါ။ ဒီလူက တိရစ္ဆာန် ဆေးကုဆရာဝန်လည်း ဖြစ်ပြန်၊ နယ်တကာအနှံ့ ခရီးသွားဖူးသူလည်း ဖြစ်ပြန်ဆိုတော့ သူ့ဘက် အာရုံရောက် သွားကြတယ်။ ဓာတ်ခွဲခန်းမှာ ဖားအမျိုးမျိုး ခွဲလာတဲ့ လူက ထူးဆန်းတဲ့ ဖားတကောင် တွေ့ဖူးတယ် ပြောနေပြီ။ တော်တော့်ကို ထူးဆန်းလို့သာ ပြောနေတာပဲ ဆိုတာလည်း သဘောပေါက်ကြရဲ့။
“ဘယ်လိုဖားမျိုး ပါလိမ့်ဗျာ၊ ကျုပ်က ရွာမှာ ဖားရိုက် လာတာဗျနော်။ ဖားမျိုး ရှစ်ဆယ်တော့ ကျွမ်းပြီးသားရယ်။ တော်ရုံဖားတော့ မပြောနဲ့”
ကိုခင်အောင်ဝင့်က ဝင်ငေါက်တယ်။ ဖားတလက်၊ ဖားခုံညင်း၊ ဖားပျံ၊ စားဖား၊ ဖားပြုပ်တွေလောက် တွေ့ဖူးတဲ့ ကျုပ်ကလည်း ဘယ်လိုဖားမျိုး ပါလိမ့်လို့ တွက်တယ်။
“ဖားက ထူးဆန်းတာ မဟုတ်ဘူးဗျ။ အဲဒီဖားနားမှာ တောက်တောက်သံ ပေးရင် ဖားရဲ့ နားစည်ခွက်က သူ့မျက်လုံးထက် ကြီးကြီးလာတာ။ များများနဲ့ မြည်မြည် ကြားရလေ နားရွက်က ကြီးကြီး လာတာဗျို့။ ဒီလို ကြီးကြီးလာတော့ သောတအာရုံ ပိုကောင်းလာပုံ ရတယ်။ ခပ်ဝေးဝေးက အသံသဲ့သဲ့ကလေးတွေ ကိုတောင် ကြားရပုံနဲ့ ရေကန်ထဲ ခုန်ချတာပဲ”
“ဖားက နားရွက် ပါလို့လားဗျ”
ဟုတ်တယ်၊ ဒါ မေးရမယ့် မေးခွန်းပဲ။ ဖားတွေမှာ နားရွက်ရှိ၊ မရှိ ဘယ်သူမှလည်း မသိကြဘဲကိုး။ တယောက်က မေးလိုက်တာကို စဉ်းစားကြတာပေါ့လေ။ ဒါပေမဲ့ ကိုညိုထွန်းလူက ဒီမေးခွန်း လာလိမ့်မယ် ဆိုတာ သိသားပဲ။ မျှော်လင့်ပြီးသားပဲ။
“ရှိတယ်ဗျ၊ ဖားမှာလည်း အကြားအာရုံ ရှိတာပေါ့။ ယုန်တွေဆိုရင် နားရွက်ရှည်တော့ ဇီးကွက် အတောင်ခတ် ကြားရတယ်ဗျာ။ ဓားခုတ်ကောင်တွေက ဗိုက်အောက်မှာ နားရွက်ရှိလို့ ကျီးကန်း အန္တရာယ်ကို သိတယ်ဗျာ။ စနှိုက်ငှက်တွေက တီကျင်းထဲ နှုတ်သီးထိုးနှိုက် နေပေမယ့် ခေါင်းငယ်ထိပ်မှာ မျက်စိတစုံ ရှိလို့ ရေဒါလို ကြည့်နိုင်တယ်ဗျာ။ အဆိပ်ငါး တမျိုးက ဆေးထိုးအပ်လို ဥမင်နဲ့ ရန်သူကို ဆေးထိုး တတ်တယ်ဗျာ၊ ရှိတာပေါ့ဗျ”
ကိုညိုထွန်းလူ ရှင်းပြတော့ အားလုံးက ဟုတ်ချေရဲ့ပေါ့။ ကိုငြိမ်းက ဓားခုတ်ကောင်လို နားရွက်များ ဆိုက်ကပ် နေသလားလို့ ဗိုက်ကို စမ်းကြည့်နေတယ်။ ကိုသိုက်ထွန်းသက်က သူ့နားရွက်တွေကို သူစမ်းနေတယ်။ ကိုမောင်မောင်မြင့်က ဆေးထိုးအပ်တွေ မြင်ယောင်နေပုံမျိုး။
---
(၇)
မိုးချုပ်တော့မယ်။ နေလုံးက အနောက်ဘက် သခင်မတောင်နဲ့ ကွယ်နေပြီ။ ကြက်သားရေချို နောက်တအိုးတောင် ကုန်လုပေါ့။ ကိုဆူးငှက်နဲ့ ကိုသိုက်ထွန်းသက်က ဘာမှ မပြောသေးဘူး။ “တယောက်က လုပ်ပါဦးဗျ” လို့ သတိပေးပေမယ့် ဘယ်သူမှ မလှုပ်ကြသေးဘူး။ ထူးဆန်းတာတွေ ကုန်ပြီလား။ ကျုပ်ကတော့ ငါ့အလှည့်ကျရင် ငါပြောတာ ယုံပါ့မလားလို့ တွေးနေမိတယ်။ ထန်းရည်ကလေး တခွက်လောက် လှမ်းခပ်လိုက်ရုံ ရှိသေး ကိုဆူးငှက် အသံ ထွက်လာတယ်။
“ကျွန်တော်နေတဲ့ ရပ်ကွက်နောက်မှာ ကွင်းကြီး ရှိတယ်။ အဲဒီ ကွင်းကြီးနားမှာ အိမ်ကလေး နှစ်လုံး ရှိတယ်။ အဲဒီအိမ်ကလေးတွေ ရှေ့မှာ ကွက်လပ်ကျယ် တခုရှိတယ်။ အဲဒီ ကွက်လပ်ကျယ်ကြီး နားမှာ သစ်ပင်တပင် ရှိတယ်။ အဲဒီ သစ်ပင် …”
“အညာစာလွှာ၊ အညာစာလွှာ”
“မန္တလေးမျဉ်းဖြောင့်၊ မန္တလေးမျဉ်းဖြောင့်”
စာရေးဆရာတွေ ဝိုင်းအော်တော့ ကိုဆူးငှက် လန့်သွားလေရဲ့။ သူ့ထုံးစံ မပွင့်တပွင့် အပြုံးနဲ့။ ဥတ္တရလွင်ပြင်ကြီး ကတော့ မြန်မြန် ပြောကြဗျာ၊ မိုးချုပ်တော့မယ်လို့ အော်နေပြီ။ ကိုငြိမ်းက စိတ်ညစ်တာ အဲဒါတွေပဲလို့ ညည်းတယ်။ ကိုညီပုလေး ကတော့ ပဲလှော်ကြောင့် ဝမ်းနာနေပုံမျိုး။ ကိုဆူးငှက်က အားလုံးကို လိုက်ကြည့်ပြီးမှ သူ့စကားကို ဆက်တယ်။
“အဲဒီ သစ်ပင်အောက်မှာ အမြဲတမ်း ကြက်ဝိုင်း ရှိတယ်။ အဲဒီ ကြက်ဝိုင်းကို လာတဲ့ ကြက်သမားတွေ ထဲမှာ ကိုစံမောင် ဆိုတာက ဒေါင်းရိုးသား၊ ကျွန်တော်နဲ့ ခင်တယ်။ တရက် ကျွန်တော် တာရိုးပေါ် လက်ဖက်ရည် သွားသောက်ရင်း ဒီအိမ်ကလေးတွေနား ဖြတ်တယ်။ ကြက်ပွဲက ကောင်းနေပြီ။ လူတွေ ဆိုတာလည်း အုံခဲလို့၊ ကိုစံမောင်က သူ့တိုက်ကြက်ကြီး ပိုက်ထားရင်းက သစ်ပင်အောက်မှာ ကြက်ကို ရေပေးနေတယ်။ ရေကလေး ခွံ့လိုက်၊ ကြက်စလုတ် ဆွဲဆန့်ပြီး ကော့ကော့ ပေးတာ။ ဒါနဲ့ ကျွန်တော်က ကိုစံမောင်က ဒီနေ့ နားတာလား ဆိုတော့ မနားဘူးတဲ့။ ခက်တယ်ဗျာတဲ့။ ကျွန်တော့်ကြက်ကို အောက်ကြေး ချရတာပါတဲ့။ ကျွန်တော်က အောက်ကြေးဆိုတော့ ဘာလဲဆိုတော့ နိုင်ရင်တောင် ငွေပြည့် မရဘူးတဲ့။ ငါးမူးစား စားရတာတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်ကြက်က ကြက်မောင်းပြန် ခေါ်တယ်တဲ့”
စာရေးဆရာတွေ အားလုံး ကိုဆူးငှက် ပြောတာ နားစိုက်ထောင် နေကြပါတယ်။ ကြက်မောင်းပြန် ဆိုတာ မကြားဖူးကြဘဲကိုး။ တိုက်ကြက်များတော့ မြင်ဖူးကြတာပေါ့။ ကြက်တိုက်တာလည်း ကြုံဖူးကြသားပေါ့။ အခုဟာက ကြက်မောင်းပြန် ဆိုပါကောလား။ ထူးတော့ ထူးဆန်း နေပြီပေါ့လေ။ တချို့က ခဏနေဦး ဆိုပြီး ထသွားကြတယ်။ မရိုသေ့စကား အပေါ့အပါး သွားကြတာပါ။ နတ်ကွန်းစင် ကလည်း ရှိတော့ အာလုံးလိုလိုက “ကန်တော့” ဆိုပြီး သွားကြတာ။ အဲဒီနေ့က ထူးထူးဆန်းဆန်း တခြားဝိုင်း မရှိဘူး။ ကျုပ်တို့ချည်း လိုလိုပဲ ရှိကြတာ။
“လုပ်ပါ လုပ်ပါ၊ ဆက်လုပ်ပါ၊ ကြက်မောင်းပြန် ရောက်နေပြီ”
“ကျွန်တော်က ကြက်မောင်းပြန် ဆိုတာ မကြားဖူးပါလား ဆိုတော့ ကျွန်တော့် ကြက်ရဲ့ အတက်က မောင်းပြန် မောင်းချဓား လိုပဲ အတက်က ရုပ်လို့ သိမ်းလို့ ရတယ်တဲ့။ ဒီအတိုင်း ကြည့်ရင်တော့ ရိုးရိုး အတက်ပါပဲ၊ ငုတ်စိကလေး ပါပဲတဲ့။ ကြက်ချင်း တိုက်တော့မှ ထွက်လာတာတဲ့ ၊ ကိုစံမောင်က ရှင်းပြတာပေါ့လေ”
“တကယ်ကော တိုက်တာ မြင်ခဲ့ရလား”
တယောက်ကမေးတော့ ကိုဆူးငှက်က ခေါင်းညိတ်တယ်။
“တွေ့ပါ့ဗျာ၊ တကယ်လည်း တိုက်ရော စက္ကူဖြတ်စက် ခင်ဗျားတို့ တွေ့ဖူးကြတယ် မို့လား။ Shredder လေ၊ စက္ကူဖြတ်စက်ဟာ၊ တဖက်ကြက်ဟာ ကြက်မောင်းပြန်နဲ့ ဆိုင်ပြီး နှစ်ခါလား ခုန်လိုက်ရတယ်။ ရင်အုံမှာ တော်တော်နက်တဲ့ ဟက်တက်ကွဲ အမြှောင်းရာ ရှစ်ချက် ပေါ်လာတော့တာပဲ …”
တယောက်က အနားက ရေချိုချက် ကြက်သားဟင်းကို လှမ်းကြည့်တယ်။ ဒီကြက်များ ဖြစ်နေမလားပေါ့လေ။ ကျုပ်ကတော့ ဟက်တက်ကွဲနေတဲ့ ကြက်ရင်ပုံကြီးကိုပဲ မြင်နေတာပါ။
“ကိုဆူးငှက်က ကြက်မောင်းပြန် ပြောလို့ ကျွန်တော် တွေ့ဖူးတဲ့ အိမ်မြှောင် အကြောင်း သတိရမိတယ်”
အလို၊ လာပြန်ပဟ။ အိမ်မြှောင် ဆိုပါကလား။ ပြောလိုက်သူက ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ကိုသိုက်။ ကိုသိုက်ထွန်းသက် ပေါ့လေ။ အားရပါးရ ပြောတော့မယ် ဆိုတဲ့ ပုံနဲ့ အပေါ်က အနွေးထည် နှစ်ထပ်ကို ချွတ်တယ်။ ပါလာတဲ့ ကြွပ်ကြွပ်အိတ်ထဲ ထိုးထည့်တယ်။ ထိုင်ရက် ပုဆိုးပြင်ဝတ်တယ်။ ပြီးတော့မှ တယောက်စီ လိုက်ကြည့်နေလေရဲ့။ ကိုငြိမ်း (မန္တလေး) က ကိုသိုက်အတွက် ဆိုပြီး တခွက် ထပ်ချ လိုက်တယ်။ ရှေ့နေကြီးက “ကိုသိုက် ဂိုးအွန်” တဲ့။ ဆက်ပြော ပါပေါ့လေ။
---
(၈)
“ကျွန်တော် ငယ်ငယ် ကျွန်တော့်မိဘများ နေတဲ့ ရပ်ကွက် မလှမ်းမကမ်းမှာ ဘုန်ကြီးကျောင်း တကျောင်း ရှိတယ်။ စိန်နားပန် ကျောင်းလို့ ခေါ်တယ်။ ရှေးကျောင်းကြီး၊ ကျွန်းတိုင်ကြီးတွေကပဲ ဆန်ကောဝိုင်းစာလောက် ကြီးတယ်။ ကျွန်တော့် မိဘများက ဆွမ်းချိုင့် ပို့နေကျ ဆိုတော့လူကြီးတွေ မအားရင် ကျွန်တော့်ကို လွှတ်တတ်တယ်။ ကျွန်တော်က ၁၂ နှစ်၊ ၁၃ နှစ် သားလောက် ရှိဦးမယ်”
တချို့က ဒူးထောင် ပေါင်ကား လှဲရင်း နားထောင်ကြတယ်။ မိုးက ချုပ်တော့မယ်။ တချို့က ပြန်ချင်ပြီ။ ခက်တာက ထူးဆန်းတဲ့ အတွေ့အကြုံတွေ မပြောသေးသူတွေ ကျန်သေးတယ်။ ရှေ့က ပြောပြီးသား လူတွေကတော့ ပြဇာတ်ထဲ စောစော သေနတ်မှန်သူတွေလို ကိစ္စငြိမ်းကြပြီ။ မိုးက ချုပ်တော့မယ် ဆိုတော့ ကိုသိုက်ကို စကြတယ်။
“အီးဗီးနင်း ကိုကိုရဲ့ လုပ်ပါဟ”
“တရက် ကျွန်တော် ရောက်သွားတော့ ဦးပဉ္စင်း တပါးပဲ ကျောင်းမှာ ရှိနေတယ်။ ဦးပဉ္စင်းက ကျွန်တော့်ကို ဖန်ပုလင်းကြီး တလုံး ပြတယ်။ အထဲမှာ သဲတွေ။ သဲပေါ်မှာ အိမ်မြှောင်တကောင် ရှိနေတာတွေ့တယ်။ ကျွန်တော်တို့ တွေ့နေကျ အိမ်မြှောင်ထက် နှစ်ဆလောက် ရှိမယ့် အိမ်မြှောင်ပါ။ အိမ်မြှောင်က အမွေးတွေနဲ့။ အရေခွံ လဲခါစ ဆိုတော့ အသားတွေက ရဲလို့။ အနားမှာတော့ အရေခွံ ဟောင်းလည်း တွေ့တယ်”
“ကိုသိုက် ပြောချင်တာ အရေခွံလဲတဲ့ အိမ်မြှောင်ပေါ့၊ ဒီလိုလား”
ကိုဖူလုံက မေးလိုက်တော့ ကိုသိုက်ထွန်းသက်က ခေါင်းခါတယ်။ ဒါမေးခွန်းမှ မဟုတ်ဘဲနဲ့ ဆိုတဲ့ ပုံပေါ့လေ။ ကျုပ်တို့ကလည်း ဒီလို ထင်တာပါ။ မဟုတ်ဘူး ဆိုတော့ ဘာပါလိမ့်ပေါ့။ ကိုသိုက် မပြောသေးဘူး။ အနွေးထည် ပြန်ဝတ်တယ်။ နည်းနည်း အေးလာလို့တဲ့။ ဒါကို သည်းခံပြီး စောင့်ကြရ ပြန်ရော ပြောပါတော့။
“သူလည်း မထူးဘူး၊ အိမ်မြှောင်ပဲ။ အရေခွံချွတ်လိုက် လဲလိုက်နဲ့”
ကိုငြိမ်းကြီးက ဝေဖန်တာပါ။
“မဟုတ်ဘူးဗျ၊ ပုလင်းကို ဘေးကနေ တုတ်နဲ့ ပတ်ပတ်လည် ခေါက်လိုက်တော့ အိမ်မြှောင်က မြွေတကောင်လို ဆတ်ခနဲ ခေါင်းထောင် လာတယ်။ မျက်လုံးတွေ ကလည်း ပတ္တမြားလို နီလိုက်တာများ လမ်းအချက်ပြ မီးတိုင်က အနီရောင်မျိုး၊ ဦးပဉ္စင်းက ပုလင်းထဲကို စက္ကူလုံးကလေး စားတော်ပဲလုံးလောက် လုံးပြီးလည်း ပစ်ချလိုက်ရော”
ကိုသိုက်က ခဏနားတယ်။ လူးလဲ ထကြသူ ထတယ်။ ခါးကို မတ်သူက မတ်တယ်။ မတ်တတ်ရပ်ပြီး ခါးချိုးသူက ချိုးတယ်။ ပြီးမှ ပြန်ထိုင်ကြတယ်။
“အဲဒီ စက္ကူလုံးကို အိမ်မြှောင် မျက်လုံးက လေဆာ ရောင်ခြည်မျှင်လို အတန်းကလေး ထွက်လာပြီး လာမှန်တော့တာပဲ။ မီးတန်းကြီး မှုတ်တဲ့ နဂါးများ လိုပေါ့ဗျာ။ စက္ကူလုံးကလေး ပြာကျသွား တော့တာပဲ”
ကိုသိုက်က အိုက်လို့တဲ့၊ အင်္ကျီတွေ ပြန်ချွတ်တယ်။
---
(၉)
“ကျွန်တော် တွေ့ဖူးတဲ့ မေဖလိုင်း ဆိုတဲ့ ယင်ကောင်ကတော့ တရုတ်ပြည် နယ်စပ်မှာ တွေ့ခဲ့တာ။ ထောင်နဲ့ သောင်းချီပြီး ပေါတာဗျာ၊ တဝုန်းဝုန်းနဲ့ ၊ တရုတ်တွေ ပြောတာတော့ ဒီယင်ကောင်တွေက နယူးယောက် ကန်ကြီး မြောက်ပိုင်းမှ နဂိုက ရှိတာတဲ့”
ကိုမောင်မောင်မြင့်က သူတွေ့ဖူးတဲ့ ယင်ကောင်တွေ အကြောင်း ပြောပြန်တယ်။ ထူးဆန်းတာ မပါသေးဘူး။ သူက ပြန်ချင်ပုံ ရပြီ။ ကိုသိုက်လည်း ပြောပြီးရော ချက်ချင်း ဝင်ပြောတာပါ။ ထတော့ မထဘူး။
“လူသားစား ယင်ကောင်”
“မဟုတ်ဘူး ဗျ၊ အသက် တရက်ပဲ ရှင်တဲ့ ယင်ကောင်တွေ၊ ပါးစပ် မပါတော့ အစာ စားလို့လည်း မရဘူး။ တရက်ခံတဲ့ ကောင်တွေဆိုတော့ မလိုဘူးလေ။ ဒီကောင်တွေက တနေကုန် ကခုန် နေကြပြီး ညဘက်ကျ သေကုန်တာ၊ မဆန်းဘူးလား”
ကိုမောင်မောင်မြင့် စကားဆုံးတော့ ဆရာညီစေမင်းက ဝင်ပြောပြန်တယ်။
“တရုတ်ပြည် ဘက်မှာက ထူးထူးဆန်းဆန်း သတ္တဝါတွေ ရှိတယ်ဗျ။ ဆိုပါတော့၊ ဗိုက်ပေါ်မှာ နား၊ ခေါင်းပါတဲ့ ကင်းမြီးကောက်မျိုး၊ ငှက်မွေးလျှာ ပါတဲ့ တိုကန်ငှက်မျိုးတွေ”
ဆရာညီစေမင်း စကားပြတ်တော့ ကိုညီပုလေးက သူ့မျက်စိနဲ့ မြင်ခဲ့တာက စလို့ ပူတာအိုဘက်က ခရီး အတွေ့အကြုံ ဝင်ပြောရော။ ကချင်ပြည်နယ်မှာ သူ ရက်တော်တော် ကြာခဲ့တဲ့ အကြောင်း၊ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဓလေ့တွေ၊ ကချင် မုဆိုးကြီးတွေရဲ့ စွန့်စားခန်းတွေ၊ ကချင်လူမျိုး မုဆိုကြီး တယောက်ရဲ့ သမင်ခြံကို ရောက်ခဲ့ပုံတွေကို ပြောပြတယ်။ နေကတော့ လုံးလုံးကို ဝင်သွားပါပြီ။ အလင်းရောင် ကလေးတော့ ကျန်သေးတယ်။ ထန်းတောရွာက မိတ်ဆွေတွေက ဆရာတို့ မှာစရာရှိတာ မှာပါတဲ့။ သူတို့ အရောင်းသိမ်းတော့မယ် ပေါ့လေ။ လာမေးကြတယ်။ ကိုငြိမ်းက အစာပိတ် ပဲခြမ်းသုပ်ကလေး မှာတယ်။
“သမင်စားဖို့ ၊ အဲလေ ကျွန်တော်တို့ စားဖို့ ပဲခြမ်းသုပ်ခဲ့ဗျာ။ ကျန်တာတော်ပြီ၊ ပိုက်ဆံ တွက်တော့”
ယင်ကောင်တွေက တဝုန်းဝုန်းနဲ့။ မေဖလိုင်းတွေ များလား။ ထန်းတဲရှင်က အိုးတွေ သိမ်းသွားတယ်။ ပန်းကန် အလွတ်တွေ၊ ကြက်သားရေချို အိုးတွေ သိမ်းတယ်။ လက်ဖက် သုံးပန်းကန်ကို တပန်းကန်ထဲ ပေါင်းထည့်ခဲ့တယ်။ ဒါတွေ ပြီးတော့မှ ကိုညီပုလေးကို ပြောဗျာလို့ စကား စပေးကြတယ်။
“ကျွန်တော် တွေ့ခဲ့တဲ့ သမင်တမျိုးက ပြေးနှုန်းမြန်လွန်းလို့ Speedometer နဲ့ တိုင်းမှ ရတာတဲ့။ လှစ်ခနဲ ကြားလိုက်ရပြီး ပျောက်သွားတာတဲ့ဗျ။ ဖြစ်ပုံက သမင် ခြေထောက်က အရိုးနု အရွတ်ကလေးတွေဟာ သဘာဝအားဖြင့် အတွင်းထဲမှာ ကျိုးကြေ နေတာကိုး။ ဒီကျိုးနေတဲ့ အရိုးနု ရွတ်တွေက သမင်ပြေးတော့ မြည်ကြရော။ အဲဒီမြည်တဲ့ အသံက သမင်ကို ခွန်အားတမျိုး လှုံ့ဆွပေးတယ်။ လူတွေများ အူယားတယ် ဆိုတာမျိုး နေမှာပေါ့လေ။ သမင် အူယားတာ၊ အူယားလေ ပြေးလေ၊ ပြေးတာမှ ရိပ်ခနဲ မြင်ရတာ ဆိုပဲ”
“နို့ … ဘယ့်နှယ်လုပ် ရပ်တုန်း”
ဟုတ်သားပဲ၊ မြည်လေ ပြေးလေ၊ ပြေးလေ မြည်လေ။ မြည်ပြန်တော့ ပြေးပြန်လေ။ ဒီသမင် ဘယ်အချိန် ရပ်ပါလိမ့်။ ဒီအတိုင်းဆို ပြေးရင်းက ကံကုန်ဖို့ပဲ ရှိတော့တာ မဟုတ်လား။ ဒါကို အားလုံး က သိချင်ကြပုံ ပေါ်တယ်။
“သမင်က ပြေးရင်းလွှားရင်း ရပ်ဖို့ လိုပြီလို့ သူကိုယ့်သူ တွေးမိတဲ့ အချိန်မှာ အဲဒီအတွေးက အရိုးနု အရွတ်ကလေးတွေ မြည်တာကို ရပ်သွားစေသတဲ့။ မမြည်တော့ရင် သမင်ကလည်း မပြေးတော့ဘူးတဲ့ဗျ။ ရပ်ချင်စိတ် စိတ်လှိုင်းက အရွတ်တွေကို သက်ရောက်မှု ဖြစ်စေတဲ့ သဘောပဲ”
ဒီမှာတင် စကားဝိုင်းလည်း သိမ်းကြပြီ ပြောပါတော့။ အားလုံးလည်း ကျေနပ် သွားကြတယ်။ နေ့လယ် ထမင်းကျွေး ဖိတ်လို့ စုမိတဲ့ စာရေးဆရာတွေ နှစ်ပွဲ ဆက်လိုက်ကြတော့ ညောင်းကြပြီ ပေါ့လေ။ အားလုံး ပြန်ကြမယ် လုပ်တော့ ရှေ့နေကြီးက ကျုပ်ကို ပြောပါဦးလို့ ခိုင်းရော။ အားလုံးကလည်း ပြန်ချင် နေကြတာ ဆိုတော့ နောက်ပွဲမှ ဆက်ကြတာပေါ့လို့ တောင်းပန်လိုက်တယ်။ ဒီမှာ အားလုံးက လုပ်ပါဗျ၊ ခင်ဗျား ကြုံဖူးတဲ့ သတ္တဝါတကောင်အကြောင်း ပြောပါဦးပေါ့တဲ့။ တောင်းဆိုကြ ပါလေရော။ အားလုံးက နေရာ ပြန်ယူကြတယ်။ နားထောင်ကြမယ် ဆိုတဲ့ သဘောနဲ့ ထိုင်ကြတာ ဆိုတော့ ကျုပ်ကလည်း မနေသာတော့ဘူး။ ထန်းမြစ် ကျောမှီပြီး ထူးဆန်းသတ္တဝါ အကြောင်း စပြောတော့တာ ပါပဲ။
“ကျွန်တော် တွေ့ဖူးတဲ့ ထူးထူးဆန်းဆန်း သတ္တဝါဟာ …”
ကျုပ်က ပဲလှော်ကလေး နှစ်စေ့ ကောက်ဝါးတယ်။ ကိုစိုးဘားဒိုင် ဆီက ကွမ်းတယာ တောင်းပြီး ဝါးတယ်။ ကွမ်းရည်တွေ ပြည့်လာတော့ ထန်းပင်ရင်းမှာ ဗျစ်ခနဲ ထွေးတယ်။ ကျုပ်က သက်သက် လုပ်နေတာ သူတို့ သိသားပဲ။ ဘာမှတော့ မပြောဘူး။ ကိုငြိမ်းကြီးကသာ စက်ဘီးကလေး သူများ အပ်ထားတာ ပျောက်တော့မှာ ပါပဲတဲ့။
“လူပဲဗ်”
ဒီမှာတင် ပွက်ပွက်ရိုက် သွားတော့တာ ပါပဲ။ အော်ကြ၊ ဟစ်ကြ၊ ဆဲကြ၊ ဆိုကြ၊ မေတ္တာတွေ ပို့ကြ ပေါ့လေ။ ကျုပ်ကလည်း စတန့်လုပ်တာ မဟုတ်ပါဘူး။ တကယ် ရင်ထဲက အတိုင်း ပြောလိုက်တာပါ။ ကျုပ်က နေကြပါဦး ဆိုတဲ့ ပုံနဲ့ တောင်းပန် လိုက်တော့မှ ငြိမ်သွားကြတယ်။
“တကယ် ပြောတာဗျ။ ခင်ဗျားတို့ ပြောတဲ့ သတ္တဝါတွေဟာ ထူးဆန်းတာ မှန်ပါရဲ့။ ဒါပေမဲ့ ကျုပ်တို့လို လူထဲမှာ ရှိပြီးသားတွေချည်း မဟုတ်ဘူးလားဗျ”
ကျွန်တော် ပြောမယ်လေ ဆိုတော့မှ ငြိမ်သွားကြတယ်။ အိမ်ရှေ့မင်း ထန်းတောကြီးထဲမှာ အမှောင်က ပိန်းပိတ် နေလေရဲ့။ ထန်းတဲရှင်က ဖယောင်းတိုင်ကလေး တတိုင် လာထွန်းပေးတယ်။ မီးရောင်ထဲမှာ ယင်ကောင်တွေ။ အချိုဓာတ် ရှိနေတော့ အားလုံးက ဖယောင်းတိုင်မီးကို ထူးထူးဆန်းဆန်း စိုက်ကြည့်နေကြလေရဲ့။ ကျုပ်က ဒီတော့မှ ကျုပ်စကားကို ဆက်တယ်။
---
(၁ဝ)
“ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ၊ လူ ဆိုပါတော့၊ ကိုင်းပါဗျာ၊ လူဆိုတော့ ဝေးပါတယ်၊ ကျုပ်ဗျာ၊ နေဝင်းမြင့်ဗျာ။ ငှက်က ငှက်မွေး စားသလို ကျုပ်လည်း ဘာထူးဆန်း လို့လဲ။ ဇာတ်တူသား စားတာပဲ။ လူဆိုတဲ့ သဘောလက္ခဏာကို ဖဲ့ခြွေစား နေတာပဲ။ ကျုပ်တို့ဟာ 'ဘာရ' ပဲ။ ဘာရ ဆိုတာ ဝန်ထုပ်ဝန်ပိုးပဲ။ ဝန်ထုပ်ဝန်ပိုးဟာ ဒုက္ခပဲ။ ခန္ဓာငါးပါးကို ရယူနေရတာ ကိုယ်က ဒုက္ခကို ရယူဝါးမျို နေတာပဲ။ ကိုယ့်အကျိုးစီးပွား အတွက် သူ့ဝန်ထုပ်ဝန်ပိုးကို ကိုယ်က ဝန်ထမ်း နေတာဟာ သူတပါး ဒုက္ခကို ကိုယ့်အာဟာရလုပ် စားနေတာပဲ မဟုတ်ဘူးလား”
ကျုပ်က အားလုံးကို ဖြန်းကြည့်လိုက်တော့ ဘာမှတော့ မပြောကြဘူး။
“နောက် ကိုစိုးဘားဒိုင် ပြောတဲ့ ငတငါ၊ ဘာတဲ့ဗျ Anglerfish ဆိုတာ။ ငါးလည်း ငါးငါးချင်း စားတဲ့ ငါးပဲ။ ဒါပေမဲ့ ငါးမျှားကြိုးတချောင်း ခေါင်းမှာ ပေါက်နေပြီး ထိပ်ဖျားမှာ အဆိပ်ပါတဲ့ ငါးတဲ့။ အနား ရောက်လာတဲ့ သတ္တဝါကို မူးအောင် ချာလပတ်ယမ်း ပစ်ပြီးမှ ပါးစပ်ကြီး ဖြဲထားပြီး မျိုချတာတဲ့။ ဒါလည်း ကျုပ်လိုပါပဲ။ ဘာမှ မထူးဘူး။ ဒါဟာ ဂန္ထ ခေါ်တာပဲ မဟုတ်ဘူးလား။ တုပ်နှောင်တတ်တဲ့ တရား၊ အဘိဇ္ဈာကာယဂန္ထ၊ သူတပါး စည်းစိမ်ကို မတရား လိုချင်တဲ့ လောဘစိတ် ကျုပ်မှာ ရှိတယ်။ ဗျာပါဒ သကာယဂန္ထ၊ သူတပါး ပျက်စီးစေချင်တဲ့ ဒေါသစိတ် ကျုပ်မှာ ရှိတယ်။ သီလဗ္ဗတပရာမာ သကာယဂန္ထ တဲ့ ၊ အကျင့်သီလ အယူမှားမှုလည်း ကျုပ်မှာ ရှိတယ်။ ဣဒံသစ္စာဘိနိဝေ သကာယဂန္ထ၊ ဒီအယူသာ မှန်တယ်ဆိုတဲ့ ဒိဋ္ဌိလည်း ရှိတာပါပဲ။ ဒါတွေက ကိုယ့်ကိုယ်ကိုလည်း တုပ်နှောင်၊ သူတပါးကိုလည်း တုပ်နှောင်ပြီး ကျုပ်ဆိုရင် မိုးလင်းက မိုးချုပ် မျိုချနေတာပဲ။ ဒီအဆိပ် ငါးမျှားကြိုး လေးချောင်း ကျုပ်ခေါင်းပေါ်က တလန်းလန်းနဲ့ ရှိနေတာ ကြာပဲ ကြာလှပေါ့။ ခင်ဗျားတို့ မမြင်လို့သာ ဟာကိုးဗျ။ ဒီလေးချောင်းနဲ့ သူတပါးကို မူးအောင်လုပ်ပြီး ကျုပ်ပါးစပ်ကြီး ဖြဲထားတာ ဝင်လာသမျှ မျိုချနေတာ ကြာပြီပဲ”
ကိုသန်းဌေးနဲ့ ကိုစိုးဘာဒိုင်က ကျုပ်ကို မအီမသာနဲ့ ကြည့်တယ်။ ဒီလူ “ဂေါက်” ပဲ ဆိုတဲ့ မျက်နှာတွေမှန်း ကျုပ်သိသားပဲ။ ကိုကျော်စွာထက် ကတော့ သူ့ ကိုအာလာဝက်ဝံ အကြောင်း ပြောတော့မယ် ထင်လို့ ကျုပ်ကို ကြည့်တယ်။ သူ့ဆေးခန်း ရောက်လာတဲ့ လူနာ တယောက်ကို ကြည့်သလို ကြည့်နေတာပါ။
“နောက် ကိုကျော်စွာထက်ရဲ့ ကိုအာလာ ဝက်ဝံ။ ဘာတဲ့ ထူးဆန်းပုံက နေပါဦး။ ဒီဝက်ဝံက တသက်လုံး ရေမသောက်ဘူးတဲ့။ သစ်ရွက်ထဲက ရေငွေ့လောက်နဲ့ ကိစ္စပြီးသတဲ့။ ဟုတ်တယ်နော် ကိုကျော်စွာထက်၊ ကျုပ်လည်း ဘာထူးသလဲ။ 'ပရိညာ' ဆိုတဲ့ အမြိုက်ရေဓာတ်ကို တခါမှ မသောက်ဘဲ ကျုပ် ဒီလိုနေလာတာ နှစ်ပေါင်း ငါးဆယ်ရှိပြီ။ ကျုပ်တသက် ဆိုပါတော့။ 'ပရိညာ' ဆိုတာက ပိုင်းခြားပြီး သိတာ။ ပိုင်ပိုင်နိုင်နိုင်ကြီး သိတာကို ခေါ်တာ။ ကျုပ်က ပိုင်းခြားပြီးလည်း မသိဘူး။ ပိုင်ပိုင်နိုင်နိုင်လည်း မသိဘူး။ ဉာတပရိညာ ဆိုတာ ရှိတယ်။ လူဆိုတာ ရုပ်နာမ်တရားရဲ့ လက္ခဏာ သဘာဝတွေနဲ့ ကြောင်းကျိုး ဆက်စပ်မှုတွေကို ပိုင်းခြား သိရတယ်။ တိရဏပရိညာ ဆိုတာကျတော့ ရုပ်နဲ့ နာမ်နဲ့ မမြဲတဲ့ သဘော၊ ဆင်းရဲပြီး ကျေနပ်ဖွယ် ကင်းတဲ့ သဘော၊ အနှစ်သာရ ကင်းမဲ့ခြင်း သဘောတွေကို ပိုင်းခြား သိကြရတယ်။ ပဟာနပရိညာတဲ့၊ ရှိသေးတယ်။ ခန္ဓာငါးပါးကို တွယ်တာစိတ်ကို ပယ်ခွာ ကြရတယ်။ ဒီ ပရိညာသုံးပါး ရေဓာတ် တနည်းအားဖြင့် ပိုင်းခြားသိမြင်ခြင်း ရေဓာတ်ကို လူဟာ အမြဲသောက်သုံး နေကြရတယ်။ ဒါပေမဲ့ ကျုပ် ဘယ်တုန်းကမှ မသောက်ခဲ့ဖူးဘူး။ ဘုရားစူးရစေ့ …”
ကိုကျော်စွာထက်က ကျုပ်ကို ဘာဆေး ပေးရမလဲ ဆိုတာမျိုးနဲ့ ဆေးနဲ့ ရောဂါ ချိန်နေပုံမျိုး။ စိတ်လည်း ပျက်ပုံ ပေါ်ပါရဲ့။ ဖယောင်းတိုင်က တဝက်ကျိုးပြီ။ ဘယ်သူမှတော့လည်း ပြန်ဖို့ မပြော သေးဘူး။
“ကျုပ်တို့လူ ကိုငြိမ်းကတော့ လိင်ကွဲချင်း ပူးကပ်ရင်း တကောင်တည်း ပူးကပ်နေတဲ့ ငါးကို တွေ့တယ်လို့ ပြောတယ်။ တကောင့် တကောင် ခွာထုတ်လို့ မရအောင် အသားချင်း ဆက်နေတဲ့ ငါးတမျိုးတဲ့။ ဒါလည်း ကျုပ်မှာ ရှိတာပဲဗျ။ Actions ပေါ့။ ကမ္မ ခေါ်တာပေါ့။ ပြုလုပ်ခြင်း အမှု ကိစ္စကို ကမ္မခေါ်တာ မဟုတ်လား။ ဒီကံမှာက အကျိုးစီးပွားကို ဖြစ်ထွန်းစေတတ်တဲ့ ကုသလကံနဲ့ အကျိုးစီးပွားကို အကျိုးမဲ့စေတတ်တဲ့ အကုသလကံ ရယ်လို့ ကျုပ်မှာ နှစ်မျိုးစလုံး ရှိနေတယ်။ ခွာလို့ကို မရတာ။ အကုသိုလ်စိတ်က ကုသိုလ်စိတ်ကို ကိုက်ထားရင်း ဘယ်အကောင်ကမှ ပြုတ်ထွက် မသွားတာမျိုး ကျုပ်မှာ လည်း ရှိနေတာပဲ၊ ဘာထူးဆန်းလို့လဲ …
ကိုညိုထွန်းလူ တွေ့ခဲ့ဖူးတဲ့ ဖား ဆိုတာကတော့ အသံကြားရင် မျက်လုံးထက် ကြီးလာတတ်တဲ့ နားရွက်တွေနဲ့ ဖား ဆိုတာလေ။ ဗိုက်အောက်မှာ နားရွက်တွေ ရှိတဲ့ ဓားခုတ်ကောင်၊ တီကျင်းထဲ ခေါင်းထိုးနှိုက် နေပေမယ့် မျက်လုံးတစုံ ခေါင်းပေါ်မှာ ရှိနေတဲ့ စနှိုက်ငှက် ဆိုတာလည်း ကျုပ် မှတ်မိတယ်။ ဒါလည်း ကျုပ်မှာ ရှိတာပဲ။ ဖဿ ခေါ်တာပေါ့ဗျာ။ အတွင်းအာယတန ခြောက်ပါးကြောင့် ဖဿခြောက်ပါး ဖြစ်နေကျပဲ၊ မျက်စိအတွေ့ ရှိမယ်၊ နားအတွေ့ ရှိမယ်၊ နှာခေါင်းအတွေ့ ရှိမယ်၊ လျှာအတွေ့ ရှိမယ်၊ ကိုယ်အတွေ့ ရှိမယ်၊ စိတ်အတွေ့ ရှိမယ်။ နားကိစ္စက သာယာစရာကြုံရင် နားက မျက်လုံးထက် ကြီးနေတာပဲဗျ။ နှာခေါင်းအတွေ့က သာယာစရာ ကြုံရင်ကော ဒီလိုပါပဲ။ တကိုယ်လုံးမှာ နားရွက်တွေ ဖြစ်ကုန်တာပဲ မဟုတ်လား။ ဖဿဆိုက်ရာ ကြီးတာပါပဲဗျာ၊ နော့ …”
---
(၁၁)
ကျုပ်ကတော့ မှန်ရာမှန်ကြောင်း စိတ်ထဲ ရှိတာနဲ့ နှိုင်းယှဉ် ပြတာပါပဲ။ ဒါပေမဲ့ ဒီစာရေးဆရာ တွေက ခေါင်းခါတဲ့ လူက ခါကြတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေသူက ဖြစ်နေကြတယ်။ စုတ်သပ်သူက စုတ်သပ် နေကြတယ်။ “တအိုးလောက် ထပ်ပေးပါဦး” အော်သူက အော်လို့။ ခဲတံလုံး လောက်တောင် မရှိတဲ့ ဖယောင်းတိုင်ရဲ့ မီးရောင်ဆိုတော့ ဘယ်လောက် လင်းမှာလဲ။ ယင်ကောင်တွေ နည်းသွားပြီ။ မီးရောင်ကို လာတိုးတဲ့ ဖြုတ်ကလေး သုံးကောင်တော့ ရှိတယ်။ ထန်းရွက် လေတိုးသံတွေက တဝေါဝေါနဲ့။
“နောက်တခုက ကိုဆူးငှက်ရဲ့ ကြက်၊ ကြက်မောင်းပြန်၊ ကြောက် ကြောက်စရာ ပါဗျာ။ ကြက်အတက်က တခြားကြက်ကို စက္ကူလှီးစက်လို ခွဲချပြီး လေယာဉ်ဘီးအုံများလို ပြန်ကပ်သွားတာမျိုး ဆိုလား၊ ဒါလည်း သူတပါးကို ဒုက္ခပေးပြီး ကိုယ် မဟုတ်သလို ပြန်နေတတ်တဲ့ ကျုပ်နဲ့ သိပ်တော့ မထူးဘူးဗျ။ ဒါကို နီဝရဏ ခေါ်တယ်။ ကာမဂုဏ်ကို လိုလားတောင့်တတယ်ဗျာ။ သူတပါးကို ပျက်စီး စေချင်တယ်ဗျာ။ ထိုင်းမှိုင်းတယ်ဗျာ။ စိတ်ရဲ့ မငြိမ်မသက်မှု ဖြစ်ရတယ်ဗျာ။ ယုံမှားတွေးတော တယ်ဗျာ။ အမှန်တရားကို ဖုံးလွှမ်းတယ်ဗျာ။ ဒီခြောက်ပါးဟာ သူတပါးကို ဟက်တက်စေတဲ့ မောင်းပြန်အတက်ပဲဗျ။ ကြောက်စရာ ကောင်းတယ်။ ကိုယ့်လူတို့ မဂ်ဖိုလ်ဈာန်ကိုတောင် ပိတ်ပင်တဲ့ တရားတွေဗျို့။ ဘာမှတ်သတုန်း။ ဒီအတက်မျိုး ကျုပ်မှာ ရှိတယ်”
“ဒီအတက်မျိုး ကျုပ်မှာ ရှိတယ်” ဆိုတော့ ကိုငြိမ်း (မန္တလေး) က ကျုပ်ခြေထောက် တွေကို လိုက်ကြည့်တယ်။ ကိုဆူးငှက် ကလည်း လက်စသတ်တော့ နေဝင်းမြင့်ဟာ မောင်းပြန်ကြက်တကောင် ပါလား ဆိုတဲ့ မျက်နှာနဲ့ ကျုပ်ခေါင်းပေါ် အမောက်များ ရှိလေသလား ဆိုတဲ့ မျက်နှာနဲ့ ကြည့်တယ်။
ကျုပ်ကလည်း စဉ်းစား နေရတာပါပဲ။ ကိုဆူးငှက် ကြက်မောင်းပြန် ပြီးတော့ ဘယ်သူ ဘာပြောထားပါလိမ့် စဉ်းစားတယ်။ သတိရပြီ။ ကိုသိုက်ထွန်းသက်။ မီးလျှံတွေ မှုတ်ထုတ်တဲ့ အိမ်မြှောင်တကောင် သူတွေ့ခဲ့တာပဲ။ ကျုပ်က ကိုသိုက်ဘက် လှည့်တော့ ကိုသိုက်က ကျုပ်ကို ပြူးကြည့် နေလေရဲ့။
“ဘာထူးသလဲ ကိုသိုက်ရဲ့။ ကျုပ်တို့ မှာလည်း စိတ်ကြောင့် အပူတုံးကြီး ဖြစ်ရ၊ စိတ်ကြောင့် အအေးတုံးကြီး ဖြစ်ရ ဖြစ်နေကြတာပဲ။ စိတ္တဇသီတနာ စိတ်ကြောင့် အေးခဲလိုက်၊ စိတ္တဇဥဏှနာ စိတ်ကြောင့် အပူလုံး ကြွလိုက်ပုံများတော့ အပူလုံးကြွတုန်း အမျက်စောင်မာန်နဲ့ ပေါင်းလိုက်တော့ ဒေါသခိုးများဟာ ခြောင်းခြောင်းထွက် တာပေါ့။ ကျုပ်မှာ အဲသလို ဒေါသမျိုး ရှိတယ်။ အဲသလို စိတ္တဇဥဏှနာ ရှိတယ်”
---
(၁၂)
“ကိုမောင်မောင်မြင့် ပြောတဲ့ မေဖလိုင်း ယင်ကောင်ကတော့ ဘာထူးလို့လဲ။ အသက် တရက်ပဲ ရှည်တာတို့၊ ပါးစပ် မပါတော့ ဝမ်းဗိုက် အစာအိမ် မပါတာတို့ ထူးဆန်းပါတယ်။ မထူးဆန်းဘူး ကျုပ် မပြောဘူး။ ဒါပေမဲ့ ကျုပ်တို့ လူတွေကကော အစာဟောင်းဟာ အစာအိမ်ထဲ ဘယ်လောက်များ ကြာကြာ နေလို့လဲ။ လူ့သက်တမ်း ကကော ဘယ်လောက် ရှည်ကြလို့လဲ။ ကျင်လည်ခဲ့ရတဲ့ သံသရာနဲ့ နှိုင်းယှဉ်ရင် ကျုပ်တို့ ဘဝကကော အလွန်ဆုံးရှိရင် လက်ဖျစ်တတွက် ပေါ့ဗျာ။ မဟုတ်ဘူးလား။ သင်္ချေ ဆိုသကိုး ကိုသိုက်ရဲ့။ 'ကျော်သည် ရှိန်းရှိန်း၊ တသိန်းမက ဖြည့်တသင်္ချေ' တဲ့ ၊ တပြောင်းပြန်ပြန် သံသရာမှာ ဘဝဟာ တအိုးတအောင့် မဟုတ်လား။ မေဖလိုင်း ယင်ကောင်လို ကရင်း ခုန်ရင်း သေကြရသူတွေ ချည်းပဲ။ အာဂန္တုချည်းပဲ”
ကျုပ်က တဆက်တည်း ဆရာညီစေမင်း ပြောတဲ့ ခေါင်းပေါ်မှာ မျက်လုံးပါတဲ့ ကင်းမြီးကောက် ဆိုတာကိုလည်း ရှင်းပြလိုက်တယ်။ ငှက်မွေးလျှာ ပါတဲ့ တိုကန်ငှက် ဆိုတာရော ပေါ့လေ။ ကိုညီပုလေးရဲ့ သမင်ကိစ္စ ကိုလည်း မထူးဆန်းလှပါဘူး။ ကျုပ်မှာ ရှိပြီးသားပဲ ဆိုတာမျိုး ရှင်းပြလိုက်တယ်။
“ကျုပ်မှာလည်း မျက်လုံး ဇောက်ထိုးနဲ့ ပါဗျာ။ အဝိဇ္ဇာမာနပညတ် အထင်အရှား မရှိတဲ့ ပညတ်ကို မြင်ချင်သလို မြင်ချင်တာနဲ့ မြင်လိုက် ရတာချည်းပဲ။ ကျုပ်ဆို ဒီလို မြင်လိုက်တာပဲ။ မိုက်မြှေး မောဟာ၊ အဝိဇ္ဇာကို၊ ပယ်ခွာပိုင်းဖြတ်၊ မဂ်ဉာဏ်မြတ် ရယ်လို့ ကျုပ်မယ် တရွေးသားတောင် မရှိဘူး။ အမှန်ကို မမြင်တဲ့ မောဟ မျက်လုံးတွေ၊ မောဟ လျှာတွေ ကျုပ်မှာလည်း ရှိတာပဲဟာ။ အရွတ်နုတွေ မြည်တာကို ခွန်အားလုပ်ပြီး ပြေးရတဲ့ သမင်ကကော၊ ကျုပ်တို့မှာလဲ 'ဗျာပါရ' ကြောင့်ကြခြင်း၊ စိုးရိမ်ခြင်း အသံကလေးများ ချွင်ခနဲ တချက်မြည်တိုင်း ပြေးလိုက် ရတာမှဗျာ။ ပြေးရင်း လွှားရင်းက သူတပါး ပျက်ရာပျက်ကြောင်း ကြံမိသေးတာကော ခင်ဗျ။ ဒါကို ဗျာပါဒ ခေါ်တယ်။ ဗျာပါရနဲ့ ယှဉ်ပြီး ဖြစ်နေတဲ့ ဗျာပါဒ”
ဒီလူတွေ အားလုံး ကျုပ်ကို မကြည်ကြဘူး ဆိုတာ သူတို့ မျက်နှာတွေ ကြည့်ရုံနဲ့ သိသားပဲ။ ကတ်ဖိုးကတ်ဖဲ့ ပြောနေတာပါကွာ ဆိုတဲ့ အသံလည်း ကြားလိုက်ရတယ်။ ဒီမှာတင် တယောက်စီ မတ်တတ်ထရပ် ကြတယ်။ ပြန်ကြတော့မယ်ပေါ့။ စကားဝိုင်း ကောင်းနေတာကို သင်းမို့ ဖျက်ရက်လေခြင်း ဆိုတာမျိုးနဲ့ ကျုပ်ကို စကားပြန်မပြောကြဘူး။ နှုတ်ဆက်တာမျိုး၊ ထောက်ခံတာမျိုးလည်း မရှိဘူး။ အဆိုးဆုံးက ကျုပ် ပြောတာတွေကို မယုံကြတာဘဲ။ ကျုပ်က “ခင်ဗျားတို့ မယုံကြဘူး ဆိုရင် ခင်ဗျားတို့ ပြောတဲ့ သတ္တဝါမျိုး ဖြစ်အောင် ကျုပ်ကိုယ်ကျုပ် ဖန်ဆင်းပြနိုင်တယ်” ဆိုတော့ ဒေါက်တာ စောလှခိုင်က ဖယောင်းတိုင် မီးနား ကပ်ပြီး စာရွက်ပေါ်မှာ ဆေးညွှန်းစာလေး ရေးပေးတယ်။ ကျုပ်လက်ထဲ ထည့်တယ်။ ကိုဟန်တင့် ဆိုင်မှာ ဝယ်ရင်ရတယ်။ မြန်မြန် ဝယ်သောက် လိုက်ပါလို့ ပြောနေသေးတယ်။
“လက်စသတ်တော့ ကိုနေဝင်းမြင့်က စကစ်ဇိုဖရီးနီးယား ပဲဗျ” လို့ တယောက်က ပြောလိုက်တာကို တယောက်က “ မဟုတ်ဘူးဗျ။ ဟစ်စတီးရီးယားကို ဖြစ်နေတာ” တဲ့။ ကျုပ် ကြားသားပဲ။ တယောက်ကများ ဆိုရင် “မျိုးရိုး ရှိတယ်နဲ့ တူတယ်ဗျ” တဲ့။ ဒါကို “မျက်နှာပြောင်တာ ပါဗျာ” လို့ တယောက်က ကွန့်သေးတာ။ ကိုငြိမ်းက “မဟုတ်ဘူးဗျ။ ဒီလူက စာခံနေတာ သေချာတယ်” တဲ့။ ထားပါတော့၊ အားလုံး ကားပေါ် တက်သူက တက်၊ ဆိုင်ကယ်ပေါ် ခွသူက ခွကုန်ကြပြီ။ မပြန်လို့ ကလည်း မဖြစ်တော့ဘူးကိုး။ ကျုပ်ကလည်း ဘယ်ကားပေါ် တက်မိမှန်းတောင် မသိတော့ပါဘူး။ ကားပေါ်မှာ ရယ်သံတွေ တဝေါဝေါ ရှိနေတာတော့ သိပါရဲ့။ ရှေ့နေကြီး အသံက အအောင်ဆုံး။
“ဒါမျိုးက မြန်မာဆရာမှ ကောင်းတာဗျ။ ပယောဂပါ တွဲကိုင်တဲ့ ဆရာတွေ ရှိပါတယ်။ စဉ့်ကိုင်ဘက်မှာလား ဘယ်မှာလား ကြားဖူးပါတယ်”
ကျုပ်ကတော့ ခေါင်းကို မထောင်နိုင်တော့တာ။ ကားထဲ ပါတဲ့လူကချည်း ခြောက်ယောက်။ ရှေ့မှာက မော်တော် ဆိုင်ကယ်တွေ၊ လမ်းပေါ်မှာလည်း ကျုပ်တို့ချည်း လိုလို ပြောပါတော့။ ကားထဲက လူတွေကြည့်တော့ ကျုပ်မျက်စိထဲ ငှက်တွေ ဖြစ်လိုက်၊ ဖားတွေ ဖြစ်လိုက်၊ အိမ်မြှောင်တွေ ဖြစ်လိုက်၊ ငါးတွေ ဖြစ်လိုက်၊ ယင်ကောင်တွေ ဖြစ်လိုက်၊ ကင်းမြီးကောက်တွေ ဖြစ်လိုက်ကိုး။ နာနာရူပ ခေါ်တဲ့ အထူးထူးသော အရုပ်တွေ ဖြစ်နေတယ်။ သူတို့ကလည်း ကျုပ်ကို ဒီလို မြင်ကြပုံ ပေါ်တယ်။ ကျုပ်ကို ကြည့်ကြတိုင်း တဝေါဝေါ ရယ်နေကြတာကိုး။ ရှေ့နေကြီးက အော်နေလေရဲ့။
“လက်စသတ်တော့ ကိုနေဝင်းမြင့်က သတ္တရူပဗျ၊ ဖားကိုယ်လုံး၊ ငှက်နှုတ်သီး၊ ငါးတံငါ အကြေး၊ ကင်းမြီးကောက်ကွေး၊ ကြက်အတက်၊ ယင်ကောင် အတောင်ပံ၊ အိမ်မြှောင်မြီး တလှုပ်လှုပ်နဲ့ သတ္တဝါ ခုနစ်မျိုး ပေါင်းထားတာ”
ဒီတော့ ကိုငြိမ်းက ဝင်ထောက်ခံတယ်။
“ဟုတ်တယ်ဗျ၊ ကျောက်တော်ကြီး ဘုရားပွဲကျရင် ထူးဆန်းသော သတ္တဝါကြီး ဆိုပြီး ရုံသွင်း ပြမယ်။ ကိုငြိမ်း အကြံ မပိုင်ဘူးလား”
ဒီတော့မှ ကျုပ်လည်း လန့်သွားတယ် ပြောပါတော့။ ဒီလူတွေက မလုပ်ဘူး မပြောနိုင်ဘူးလေ။ “ထူးဆန်းသော နာနာရူပ သတ္တဝါ၊ လူကြီး ၁၀၀၊ ကလေး ၅၀” ဆိုတာမျိုးနဲ့ ပိတ်ကားလေး ချိတ်၊ စင်ကလေး ထူချင် ထူကြမယ့် လူတွေ။
---
#နေဝင်းမြင့်
#နာနာရူပ
#shared_by_louis_augustine
Comments
Post a Comment