ပန်းပွင့်နှင့်လူ // သစ္စာနီ

ပန်းပွင့်နှင့်လူ // သစ္စာနီ

(ဒဂုန်၊ အောက်တိုဘာ၊ ၁၉၈၆)
(အခြားသောအရာများနှင့် လူ)
 
---

သူ...ဆယ်တန်း ဖြေသည့်နှစ်မှာပင် ဦးလေး၏ဇနီးဆုံးပါးသွားသည်။ ဦးလေးသည် ပို၍ စကားနည်းကာ ပို၍ ဆေးတံသောက်လာသည်။ မင်းဝေလည်း ဆယ်တန်းအောင်၍ တက္ကသိုလ် ရောက်လာသည်။ ဒဿနိကဗေဒ ယူသည်။ တတိယ နှစ်ဝက် အရောက်တွင် သူ့ သဘောနှင့်သူ ကျောင်းထွက်ပစ်လိုက်၏။ ဦးလေးကိုတော့ ကျောင်းမနေချင်တော့ဘူး ဟု အကြောင်းပြသည်။

သို့ဖြင့်...ဘဝတွင်။

မော်တော်ဆိုင်ကယ် တစီးနှင့် သူ့ အလိုပါသော ကောင်မလေးများကို တယောက်ပြီးတယောက် နောက်က တင်စီးကာ မြို့အနှံ့ လည်၏။ ဟိုတယ်မျိုးစုံမှာ အကောင်းစားအရက်မျိုးစုံကို သောက်မူး၏။ တနေ့တည်းလေးပွဲဆက် ရုပ်ရှင်ကြည့်၏။ တခါတရံတော့ တပတ်လုံး အပြင် မထွက်ဘဲ အခန်းအောင်းကာ စာအုပ်တွေတအုပ်ပြီးတအုပ် ပြောင်းဖတ်နေသည်။ တအုပ်မကုန်ခင် နောက်တအုပ်ဖတ်၏။ (အပျော်ဖတ်စာအုပ်များ မဟုတ်ပါ) ဘယ်စာအုပ်ကမှ အဆုံးထိ ဖတ်ဖြစ်အောင် သူ့ကို မဆွဲဆောင်နိုင်။ သူ့ခုတင် ဘေးပတ်လည် ကြမ်းပြင်ပေါ်တွင်လွှင့်ပစ်ထားသော စာအုပ်များနှင့် စီးကရက်တိုများ ပြန့်ကျဲ ပွရှုပ်နေသည်။

သူ တခုခုကို ရှာနေမှန်းတော့ သူ့ကိုယ်သူ သိသည်။ သို့သော်...ဘာကိုရှာနေမှန်းတော့ မသဲကွဲ။ သေချာတာတခုတော့ ရှိသည်။ သူ ရှာဖွေနေသောအရာသည် သူတွဲခဲ့သော ကောင်မလေးတွေဆီမှာ လည်း မရှိ။ ရောင်စုံအရက်ထဲမှာလည်း မရှိ။ ရုပ်ရှင်ရုံ ထဲမှာလည်း မရှိ။ နောက်ဆုံးစာအုပ်များထဲတွင် ရှိမည်ဟု ထင်ရသော်လည်း မရှိ။ သို့ဖြင့် သူ ဘာမှ မလုပ်ဘဲ နေပြန်သည်။ အရက်နှင့် စီးကရက် မသောက်တော့ဘဲ၊ ရုပ်ရှင်မကြည့်ဘဲ၊ ကောင်မလေးတွေနှင့် မတွဲဘဲ၊ နောက်ဆုံး စာပင်မဖတ်ဘဲ နေသည်။

သူ့ ဦးလေးက “မင်းဘာလုပ်ချင်သလဲ” ဟု မေးသည်။ ကျွန်တော် ပျော်ရွှင်ချင်တာ ထင်တာပဲ ဟု သူက မသေမချာ ဖြေ၏။ သူ့ ဦးလေးက ဆေးတံကို ကိုက်ကာ အတော်ကြာအောင် ငြိမ်သက်နေပြီးမှ “ပျော်ရွှင်မှု... ဟုတ်လား” ဟု အခုမှ မိုးပေါ်က ကျလာသော စကားလုံး တလုံးကို တွေ့လိုက်ရသလို အထိတ်တလန့် ရေရွတ်ရင်း “မင်းပြောမှ ငါ သတိထားမိတယ်၊ ငါတော့ အဲဒါကို မရှာခဲ့ပါဘူးကွာ” ဟု ဆိုသည်။ အတန်ကြာအောင် ဆိတ်ငြိမ်စွာ တွေးတောဟန် ပြုနေပြီးမှ...

“ငါ...စာသင်တယ်၊ မိန်းမယူတယ်၊ တခါတလေ ရယ်မောတယ်၊ ကလေးတယောက် ရခဲ့တယ်၊ မျက်စိမှုန်လာတယ်၊ ထမင်းစားကောင်းတဲ့အခါ ကျေနပ်တယ်...အဲ...ဒါပါပဲ၊ တကယ်တော့ ဘဝဆိုတာ ဒီလောက်ပါပဲကွာ” ဟု ပြောရင်း မီးသေနေသော ဆေးတံကို မီးညှိသည်။ တဖွာနှစ်ဖွာ ရှိုက်လိုက်ပြီးမှ...လေသံတိုးတိုးဖြင့်...

“မင်း အခု အဲဒါကို တွေ့ပြီလား”

ဦးလေးသည် ပျော်ရွှင်မှု ဆိုသော စကားလုံးကို နှုတ်မှ ထွက်ရမှာ ဝန်လေးဟန်ရှိသည်။ ဦးလေးအကြောင်း သူကောင်းကောင်း သိသည်။ ဦးလေးသည် အသက်ခြောက်ဆယ်နားနီးနေပြီ ဖြစ်သည့်တိုင် လက်ဖက်ရည်ဆိုင်တွင် တခါမှ ထိုင်သောက်ဖူးသူ မဟုတ်ချေ။ မင်းဝေက...

“တခြားသူတွေ အတွက် ပျော်စရာလို့ ဆိုကြတဲ့ ကိစ္စတွေ အားလုံးလိုကို ကျွန်တော် အကုန်လျှောက်လုပ် ကြည့်တယ်၊ ပျော်သလိုလို ရှိတယ်လို့တော့ ထင်စရာပဲ၊ ဒါပေမယ့် အဲဒါဟာလဲ ကျွန်တော် လိုချင်တာ မဟုတ်ဘူးဆိုတာ သိလာပြန်တယ်”

“ဆေးပညာ ရှုထောင့်က ပြောရရင် အကောင်းဆုံးကတော့ မင်း စိတ်ရောဂါကု ဆရာဝန်တယောက်ယောက်နဲ့ တိုင်ပင်ကြည့်သင့်တယ် ထင်တာပဲ”

ဦးလေးက အတည်ပြောခြင်း ဖြစ်ဟန် တူသော်လည်း သူက ပြုံးနေခဲ့သည်။ ဤကိစ္စကိုပင် သူ့မိတ်ဆွေ ကိုဘုန်းမြင့် နှင့် ဆွေးနွေးမိတော့...

“ပျော်စရာရှာတယ်ဆိုတာ လူပေါ့လူသွမ်းတွေအလုပ်ပါဗျာ၊ ပျော်ရွှင်ခြင်းဆိုတာ ကျွန်တော့်အတွက်တော့ အဓိပ္ပာယ် မရှိလှပါဘူး၊ လေးနက်တဲ့ခံစားမှု တခုလည်းမဟုတ်ဘူး၊ အနှစ်သာရလည်း ကင်းမဲ့ပါတယ်။ ပျော်ရွှင်ခြင်းဆိုတာ အေးစက်တယ်၊ ဒါပေမယ့် ခင်ဗျားကို လောင်ကျွမ်းမယ်၊ ကျွန်တော်ကတော့ လူတွေဟာ ငြိမ်သက်တည်ကြည်မှု ကိုသာ ရှာဖွေသင့်တယ် ထင်ပါတယ်...”

အဲဒီကိစ္စ များမှ သူကျောင်းက ထွက်ပြီးစကာလများက ဖြစ်ခဲ့သည်။ သည်တုန်းက သူလည်း ယခုနေထိုင်သော လေးထပ်တိုက် ခေါင်မိုး ပေါ်မှ အခန်းကလေးသို့ မရောက်သေး။ ဦးလေး တို့နှင့်အတူ ပါရမီကတထပ်တိုက်ကလေးမှာပင် နေထိုင်နေသေးသည်။ သူ့အစ်ကို (ဝမ်းကွဲ) အောင်ဖေညွန့်ကတော့ “မင်း စိတ်လေနေတယ် ထင်တယ် အလုပ်တခု ဝင်လုပ်ကွာ” ဟု ပြောရင်း သူ အလုပ်လုပ်နေသော မြို့လယ်ရုံးကြီး တရုံး တွင် အလုပ်သွင်းပေးခဲ့၏။ အလုပ်ဝင်ပြီး တနှစ် မပြည့်မီအလုပ်ကို မငြီးငွေ့ဘဲ စာရေးဘဝကို ငြီးငွေ့လာကာ ခွင့်လည်းမတင် အလုပ်လည်း မဆင်းဘဲ နေလိုက်သဖြင့် သူ အလုပ်ပြုတ်သွားသည်။ ဤကိစ္စအတွက် သူ့အစ်ကိုကသူ့ကို စိတ်ခုကာ တလခန့် မခေါ်မပြောဘဲ နေလေသည်။

သူ့ ဦးလေးကတော့ ဆေးတံ တအိုးပြီးတအိုး ဖွာကာနေသည်။ သို့မဟုတ် ဆေးပညာ စာအုပ်အထူကြီး တအုပ်ကို တနေ့လုံး မပျင်းမရိ ထိုင်ဖတ် နေသည်။
စိတ်ပြေသွားသောအခါ သူ့အစ်ကိုက အလှမ်းဝေးသော သူတို့ အမျိုး ထဲမှ ဘွဲ့ရ မိန်းကလေးတဦးနှင့် သူ့ကို ပေးစားရန် ကြံစည်သည်။ ထိုမိန်းကလေးကို သူ ငါးနှစ်သမီး အရွယ်ကတည်းက စသိခဲ့၏။ အိမ်မြှောင်ကို မြင်ရုံနှင့် ဆရာဝန် ခေါ်ကုရသော၊ သစ်ရွက်လေတိုးတိုင်း လန့်ဖျပ်နေတတ်သည့် ဖြူရော်ရော် ပိန်ကပ်ကပ် ကောင်မလေးဖြစ်သည်။ သူ့ အစ်ကို စကားဆုံးသည်နှင့် ဟက်ဟက်ပက်ပက် မရယ်စဖူး ရယ်သည်။ သူ့အစ်ကိုက မျက်နှာကြီးနီကာ စိတ်ဆိုး၏။ ဦးလေးကတော့ သူ့ကို တချက်ငဲ့ စောင်းကြည့်ကာ “သူများသားသမီးကို ဒုက္ခမပေးပါနဲ့ကွာ” ဟုသာ မှန်ကန်သော မှတ်ချက်ချ၏။

သုံးရာသီလုံး ဆွယ်တာမချွတ်ရသော ထိုသတို့သမီးလောင်းကို သူ မယူသောအခါ သူ့ အစ်ကိုက ယူလိုက်လေသည်။ ထိုမိန်းမအိမ်ပေါ်မရောက်ခင်လူရှုပ်တယ်ဟုအကြောင်းပြကာ သူအိမ်ပေါ်မှဆင်းလာခဲ့ပြီး ဝိုင်အမ်စီအေတွင် အခန်းငှားနေ၏။ သူ့ဦးလေးက မြို့လယ်တွင်အတော်အသင့် ကောင်းမွန်သော တိုက်ခန်းတခန်း ဝယ်ပေး၏။ သူ့ကိုမသေခင် အမွေခွဲပေးသည့် သဘောလည်း ပါပေမည်။

ကောင်းမွန် ကျယ်ဝန်း လှသော ဦးလေးဝယ်ပေးသည့် တိုက်ခန်းမှာ အစစအရာရာ သူနှင့် ပိုနေသည်ဟု ခံစားရသဖြင့် ထိုအခန်းကို ပြန်ရောင်းကာယခု လက်ရှိနေသည့် လေးထပ်တိုက် ခေါင်မိုးပေါ်မှ အခန်းကလေးကို သူ ရွေးခဲ့သည်။ ဤ အခန်းကလေးမှာ သူနှင့် အံဝင် ခွင်ကျ ဖြစ်သည်။ ခေါင်မိုးပေါ်တွင် သူ့အခန်းကလွဲ၍ တခြားအခန်းမရှိသဖြင့် နေထိုင်ရတာ လွတ်လပ်သည်။ အသံတိတ်ဆိတ်သည်။ လေသန့်ပြန့်သည်။ နေဝင်နေထွက်နှင့် သစ်ပင် ထိပ်ဖျားများ၊ တခြား အိမ်ခေါင်မိုးများကို စိတ်ရှိတိုင်း ထိုင်ကြည့်နေရသည့် အခွင့်အရေး ကလည်း ကျေနပ်စရာဖြစ်သည်။

သူ့ အခန်းတွင် ကုတင်တလုံး၊ ပြတင်းပေါက်တခု၊ ကုလားထိုင်တလုံး နှင့် စာရေးစားပွဲတလုံးသာ ရှိ၏။ နံရံလေးဘက်တွင် ပန်းချီကား၊ ဓာတ်ပုံ၊ ပြက္ခဒိန် ဘာမှချိတ်ဆွဲထားခြင်းမရှိ။ သောက်ရေအိုးမရှိ။ (နောက်တော့ ငြိမ်းလာပြီး အတင်းပေးထားသည့် ဖန်ရေတကောင်း တလုံးရှိသည်။ ခိုက်မိသဖြင့် နှုတ်ခမ်း အတော်ပဲ့နေသည်။)

သည်တုန်းက ငြိမ်းနှင့်လည်း မပတ်သက်သေး။ သို့ဖြင့် သူ့တွင်...သေဖို့ အချိန်ကို ပျင်းပျင်းရိရိနှင့် စောင့်စားနေရသည့် အလုပ်သာရှိတော့သလို ဖြစ်နေသည်။ တခါတလေတော့ သူ ပန်းဆိုးတန်း သွားသည်။ ထိုပန်းဆိုးတန်း စာအုပ်တန်းတွင် သူနှင့်ခင်သော ကိုသီတာ၊ တင်မောင်ဝင်း၊ ကိုထိန်လင်း၊ ဘုန်းမြင့် စတဲ့ လူတချို့ရှိ၏။ ကဗျာဆရာ၊ ပန်းချီဆရာ၊ အယ်ဒီတာ လုပ်ဖူးသူ စာပေနှင့် ဆက်နွယ်နေသူများ ဖြစ်၏။ သူ... ရုံးမှာ အလုပ်လုပ်စဉ်က ထိုသူများနှင့်လည်း သိကျွမ်းခဲ့သည်။ သူတို့ကလည်း သူ့ကို စာပေသမားသူဌေးကလေးဟု လက်ခံထားကြဟန် တူ၏။
နောက်တော့ ငြိမ်းနှင့် သိခဲ့သည်။ နောက်တော့ သူ နယ်ထွက်ခဲ့သည်။ သူ့အသက် သုံးဆယ်ကျော်ခဲ့ပြီ။ ရန်ကုန်ကလွဲ၍ ဘယ်မှမရောက်ဖူးခဲ့။( ငယ်စဉ်ကတော့ ဦးလေးမိသားစုနှင့်အတူ ပဲခူးသို့ ဘုရားဖူး တကြိမ်ရောက်ဖူးခဲ့သည်။) သူ ဧရာဝတီမြစ်ကို မမြင်ဖူးသဖြင့်ကြည့်ရအောင် ပြည်မြို့ကို ထွက်လာခဲ့ခြင်းဖြစ်သည်။ နောက်တော့ မန္တလေး၊ တောင်ကြီး အထိ ရောက်သွား၏။ တည်းခိုခန်းတွေမှာ ညအိပ်သည်။ ဆိုင်မှာ ဝယ်စားသည်။ တလကျော်ခန့် ရှိ၍ ရန်ကုန် ပြန်ရောက်သောအခါ ပန်းဆိုးတန်းက မိတ်ဆွေတချို့နှင့် အရင်တွေ့၏။ ကိုတင်မောင်ဝင်း က

“ခင်ဗျားကို ငြိမ်း ခဏခဏ လာမေးတယ်၊ ခရီးထွက်တာ သူမသိဘူးဆို”

သူ ခရီးထွက်သွားတာ ဘယ်သူမှ ကြိုမသိ။ နယ်ကနေ၍လည်း ဘယ်ကိုမှ စာမရေး။

“မင်းအခု အဲဒါကို တွေ့ပြီလား”

“ခင်ဗျား ထွက်ပြေးနေတာလား”

ကိုထိန်လင်းက နောက်၏။ သူက ပြုံးကာ...

“နောက်ဆုံး တရားတော်အရ ပြေးနေတဲ့သူနဲ့ ရပ်နေတဲ့သူဟာအတူတူပဲဗျ ကိုထိန်လင်းရဲ့၊ အဲဒါကို မသိလို့တချို့က မလွတ်နိုင်တဲ့ဆီက အမောခံပြီးထွက်ပြေးနေတာ၊ ကျွန်တော် ဘယ်တော့မှ မပြေးဘူး”

“ဂျွန်အပ်ဒိုက်ရဲ့ ဝတ္ထုတပုဒ်ထဲက ဇာတ်လိုက်ကတော့ သူ့ဘဝဟာငြိမ်သက်လွန်းအားကြီးလို့ ငြိမ်သက်နေတာ အဓိပ္ပာယ်မရှိဘူးဆိုပြီး လက်ရှိဘဝအခြေအနေကိုစွန့်ပြီး ထွက်ပြေးတယ်တဲ့”

သူတို့ထဲတွင် ဘာသာရေးကို တီးခေါက်မိသည့် ကိုဘုန်းမြင့်က...

“ပုထုဇဉ်ဘဝဆိုတာ ဘယ်ကလာ ငြိမ်သက်နိုင်ပါ့မလဲ၊ ကိုတင်မောင်ဝင်းရယ်၊ လောကဓံ ရှစ်ပါးရဲ့ဒဏ်ကို ဘယ်သူမဆို အချိန်နဲ့အမျှ ရိုက်ခတ်ခံနေရတာပဲ၊ အဲ...ငြိမ်သက်တယ်ဆိုတာက ထင်ယောင်ထင်မှား ဖြစ်မှုတခုဗျ။ လူဆိုတာက လောဘက ပြေးခိုင်းလို့၊မောဟ ကပြေးခိုင်းလို့ မနားတမ်းပြေးနေရတဲ့ သတ္တဝါတွေပါ၊ ဒီဘဝတွင်မဟုတ်ဘူး၊ သံသရာ နဲ့ချီပြီး ပြေးလာရတဲ့ မာရသွန် အပြေးသမားတွေ၊ ကျွန်တော်တို့လဲ အာနာပါနလေးလုပ်လိုက်၊ အမောပြေလိုက်၊ ထပြေးလိုက်ပါပဲ”

သူက စကားကို စဉ်းစားနေခိုက်၊ ကိုထိန်လင်းက...

“ခင်ဗျား အစ်ကိုလည်း လာမေးတယ်၊ နယ်သွားတာ သူ့လဲ ပြောမသွားဘူးတဲ့၊ ခင်ဗျား အဘိုးကြီးလည်း ဆေးရုံတင်ထားရတယ်ဆို”

သည်တော့မှ သူ နယ်မသွားခင် တလလောက်က သူ့ဦးလေး ဆေးရုံတင်ထားရတာကို သတိရလာ၏။ ဦးလေးဆိုသော်လည်း ထိုဦးလေးမှာ မွေးစားအဖေ ပင်မို့ သူဂရုစိုက် သင့်သည်။ ဆေးရုံတင်စက သူ တခေါက် ရောက်ခဲ့သေး၏။ ဘာရောဂါရယ်လို့ အမည် မတပ်ရသေး။

သူ့ အမေက သူ့ကိုဗိုက်ခွဲ မွေးရင်း သေဆုံးခဲ့သည်ဟု ဆို၏။ အမေ့ဓာတ်ပုံတော့ ငယ်စဉ်က သူ့ဆီမှာ ရှိခဲ့ဖူး၏။ နောက်တော့ ဘယ်အချိန်က ပျောက်ဆုံးသွားမှန်းပင်မသိတော့။ သူ ငါးနှစ်သားလောက်မှာ သူ့အဖေ ရုတ်တရက် ကွယ်လွန်ပြန်သည်။ လေဖြတ်တာလား၊ သွေးတိုးလား၊ နှလုံးရောဂါလား၊ တခုခုဖြစ်မည်။ သူ့ဦးလေးကတော့ ပြောဖူးသည်။ အခုတော့ အဖေ့ရုပ်ပုံလွှာလည်း သူ့အာရုံထဲတွင် ဝိုးတဝါး မှိန်ပါးခဲ့သည်။

သည်ကတည်းက သူ့အဖေ၏ညီ၊ လောကတွင် သူ၏ သက်ရှိထင်ရှား ရှိသည့် တဦးတည်းသော ဆွေမျိုးရင်းချာဟု ဆိုရမည့် သူ့ဦးလေးထံသူခိုကပ်ခဲ့ရသည်။ သူ့ဦးလေး ဆရာဝန်သည် ချမ်းသာကြွယ်ဝသော မိန်းမနှင့်ရခဲ့၏။ သူတို့တွင် သူ့ထက်ငါးနှစ်ခန့် ကြီးသော အောင်ဖေ ဆိုသည့် သားတယောက်သာ ရှိခဲ့သည်။ (တက္ကသိုလ် သို့ ရောက်သောအခါ အောင်ဖေညွန့် ဟု ပြောင်းလိုက်သည်။)
ဦးလေးသည် သူ့ကိုသားတယောက်လိုပင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ထိုဦးလေးနှင့် ပတ်သက်၍ ငြိမ်းက “အစ်ကို့အပေါ် စေတနာရှိသားပဲ” ဟု တခါက မှတ်ချက်ချဖူး၏။ သူလိုချင်တာက စေတနာမဟုတ်ဘဲ မေတ္တာဖြစ်သည်။ (အခုတော့လည်း ဘာကိုမှ မလိုချင်တော့သော သူ ဖြစ်နေလေသည်။) အမှန်တော့ သူ့ဦးလေးသည် သူ့အပေါ်တွင် တွယ်တာချစ်ခင်ခြင်း ကင်းပြတ်တာ မဟုတ်ဘဲ သူ့သဘောအရ အေးတိအေးစက်နေတတ်တာလည်း ဖြစ်မည်။ ဆေးတက္ကသိုလ်မှ ကထိကတဦး ဖြစ်သော ဦးလေးသည် ပညာရှာမှီး ခြင်းမှာ ဘဝကို ပုံချမြှုပ်နှစ် ထားသူဖြစ်သည်။ သားအရင်း ဖြစ်သူ ကိုပင် ငယ်စဉ်ကတည်းက ချော့မြှူချီပိုး တာမျိုး လုပ်လေ့လုပ်ထ မရှိ။ သို့သော် အောင်ဖေညွန့်က သားအရင်း ဖြစ်သဖြင့် စိတ်သိမ်ငယ်စရာ အကြောင်းမရှိ။ ပြီးတော့ သူ့မှာ အမေကို ထောက်ထားတွယ်မှီ နိုင်သေးသည်။
မင်းဝေ (ကလေးတဦး) အဖို့ကတော့ ငယ်နုစဉ်မှာ (မေတ္တာဆိုပါတော့) အဲဒါ လိုအပ်ခဲ့တာ အမှန်ပင်။ အထူးသဖြင့် မိဘမဲ့ ကလေးတဦး အဖြစ် သူ့ဘဝ ထိုကွက်လပ်ကြီးမှာ အတော်အတန် ကြီးပြင်းခဲ့သည့် တိုင်အောင်ဤအတိုင်း လပ်ဟာနေခဲ့၏။ နောက်ပိုင်း သူ့အသိဉာဏ် ရင့်မာခဲ့ပြီးမှ ထိုကွက်လပ်ကို တစုံတရာနှင့် အစားထိုး ဖြည့်ဆည်း နိုင်ခဲ့သော်လည်း ထိုတစုံတရာမှာ မေတ္တာတော့ မဟုတ်ခဲ့တော့ချေ။ တုန်လှုပ်ချောက်ချားဖွယ် ကစဉ့်ကလျား အိပ်မက်ငယ်တို့ဖြင့် ပိမွန်းပိတ်လှောင်နေသည့် အေးစက်မည်းမှောင်သော တယောက်အိပ် အခန်းကျဉ်းကလေးထဲဝယ် သူ့ဘဝဦး၏ အစပိုင်းကာလများမှာ နက်ရှိုင်းစွာ စုတ်နစ်မြုပ်ဝင် ပျောက်ရှခဲ့ပြီ ဖြစ်သည်။

ငြိမ်းနှင့်တွေ့သောအခါ ငြိမ်းသည် သူ့ကို ကယ်တယ်ရန် နောက်ကျခဲ့ပြီ။ တနေ့ ရုပ်ရှင်ရုံထဲတွင် ကလေးတယောက် ပါသော မိန်းမတယောက်နှင့် သူ ခုံချင်းကပ်လျက်ကျခဲ့၏။ အသားလတ်လတ် ကိုယ်လုံးသွယ်သွယ်၊ ရိုးရိုးယဉ်ယဉ် ဝတ်စားတတ်သော ငြိမ်းသည် ရုတ်တရက် ကြည့်လျှင် ဆွဲဆောင်မှု ရှိလှသည်မဟုတ်။ ခုခေတ်ထဲဝယ်ဆံပင်ရှည်ကို ကျစ်ဆံမြီးတချောင်းတည်း ကျစ်ထားပုံကသာ ဂရုပြုစရာလို ဖြစ်ခဲ့သည်။

ထိုမိန်းကလေးသည် ရုပ်ရှင်မပြမီ တချိန်လုံး နားငြီးလောက်အောင် သားနှင့် တွတ်တီးတွတ်တာ ပြောသည်။ လက်ထဲမှာ ကိုင်ထားသော မုန့်များကို တခုပြီးတခု ကျွေးသည်။ (လက်တန်းပေါ်တွင် ခွထိုင်နေသော ကလေးလက်ထဲမှ စားလက်စ နို့အေးချောင်းက မင်းဝေပေါင် ပေါ် ပြုတ်ကျခဲ့၏။) ထိုသားအမိ နှစ်ယောက်ကို ကလေးမချစ်တတ်သော မင်းဝေသည် အမှတ်ရခဲ့သည်။

နောက်တပတ်လောက်ကြာသောအခါ စားသောက်ဆိုင်တခုထဲတွင် တကိုယ်တည်း စားသောက်နေခိုက် တဖက်စားပွဲမှ မိန်းကလေးတယောက် ပြုံးပြသည်နှင့် ကြုံရသည်။ သူ ရုတ်တရက် မမှတ်မိ။ နောက်မှ ကျစ်ဆံမြီးရှည်ရှည်ကို သတိပြုမိသွားသည်။

သည်တခါ တွေ့ရသည်မှာ ရုပ်ရှင်ရုံထဲကမှိန်ဖျော့သော မီးရောင်အောက်တွင်မဟုတ်၊ ဝင်းလက် ကြည်ထိန်သော နေ့အလင်းထဲမှာဖြစ်သည်။ သူမအသားမှာ ပို၍ ဖြူဝါနေသည်။ လှပတွန့်ကွေးသော နှုတ်ခမ်းကိုလည်း အနီရောင် ဆေးဆိုးထားသည်။ မျက်နှာပေါ်မှာသနပ်ခါးမိတ်ကပ်တော့ လိမ်းထားခြင်းမရှိ။ မျက်လုံးဝိုင်းဝိုင်းလေးများကလည်း ကြည်လင် တောက်ပနေသည်။ သူမမျက်နှာမှာ ဆေးကြောပြီးစ ကြွေပန်းကန်တချပ်လိုပင်သန့်စင်နေသည်။ ဒါမှမဟုတ်လျှင်လည်း မည်သည့်စာမှ ရေးခြစ်ထားခြင်းမရှိသော ဗလာစာအုပ်တအုပ်ကို လှန်ကြည့်နေရတာနှင့် တူသည်ဟု မင်းဝေ နောက်ပိုင်းတွင် မကြာခဏ တွေးမိသည်။
ထူးခြားတာက သည်တခါ သူ့ဘေးက အဖော်မှာ ငါးနှစ်သားကလေး မဟုတ်ဘဲ စပို့ရှပ်နှင့် မျက်နှာနီစပ်စပ် ရှိသော လူကြီးတယောက် ဖြစ်နေလေသည်။ ကျစ်ဆံမြီးရှည်ရှည်က သူ့ကို ခိုးကြည့်ရင်း ပြုံးသည်။ သူမ၏ရွှန်းစိုသော နှုတ်ခမ်းနီနီ ကလေးများမှာ စားပွဲဘေးမှ မှန်နောက်ပြတင်းကို ဖြတ်ယို စိမ့်ဝင်လာသော အလင်းနုရိပ်နှင့် ထိစွန်းကာဖိတ်ဖိတ်လက်နေသည်။ သူက သူ့အလေ့အထအတိုင်း တကိုယ်လုံး ပခုံးတွန့်ကာ ဆိုင်ထဲမှ ထွက်လာခဲ့လေသည်။

နောက်တခါတွင်မူ ကျစ်ဆံမြီးရှည်ရှည်က သူ့ကို စမြင်ခြင်း ဖြစ်သည်။ သူ စတိုးဆိုင်ကြီး တခုတွင် သွားတိုက်ဆေး ဝယ်နေခိုက် သူ့ဘေးကောင်တာမှ သူ့လိုပင် ဈေးဝယ်နေသော မိန်းကလေးတဦးက နှုတ်ဆက်သဖြင့်လှည့်ကြည့်လိုက်တော့ ကျစ်ဆံမြီးရှည်ရှည် ဖြစ်နေလေသည်။ သည်တခါတော့ သူမနှုတ်ခမ်းနီဆိုးမထားပါ။ (ဤဆိုင်ထဲကို သူဝင်သွားတာ မြင်သဖြင့် တမင်ဝင်လိုက်လာတာ၊ မတော်တဆဆုံမိဟန် ပြုခြင်းဟု နောက်တော့မှ ငြိမ်းကဖွင့်ပြောခဲ့သည်။) သည်တခါတော့ သူမဘေးမှ အဖော်မှာ သူ ဖြစ်သွားလေသည်။

သားဖြစ်သူအတွက် ကစားစရာအချို့ ငြိမ်းက ဝယ်သည်။ သူတို့ အငှားကားတစီးနှင့် ရှစ်မိုင်ဘက် စားသောက်ဆိုင်တခုကို ရောက်မှ ကျစ်ဆံမြီးရှည်ရှည်၏ နာမည်မှာ ငြိမ်းဖြစ်ကြောင်း သိရလေသည်။ နောက်တော့လည်း သူ့အခန်းကိုမကြာမကြာ ငြိမ်း ရောက်လာတတ်သည်။ သူ က စခေါ်လာခဲ့သလား၊ ငြိမ်းကပဲ စရောက်လာခဲ့သလား၊စဉ်းစားမရ၊ လိပ်စာကတော့ သူပေးခဲ့သည်။

သူ့ကို မြင်ကတည်းကစွဲလမ်းသည်ဆိုသော ငြိမ်းသည် ရိုးသားဖြူစင်သူဟု သူခံစားမိပါသည်။ မြင်သမျှကို တမက်တမော ငေးကြည့်နေသကဲ့သို့ ဝန်းစက်ပြူးကြောင်သည့်မျက်လုံးကလေး များရှိသော်လည်း ထိုမျက်လုံးများထဲတွင် ဘာကိုမှ အလေးအနက် သဘောပေါက်သည့် အရိပ်အယောင်များ မမြင်ရ။

သို့သော်ငြိမ်းသည် သူ့အခန်းမှာ သောက်ရေအိုး (ဖန်ရေတကောင်း) တလုံး ဝယ်ထားပေးသူ၊ တခါတရံ ဓာတ်ခဲသုံး ကက်ဆက်ကလေးယူကာ သူ့အခန်းကိုသီချင်းသံတွေဖြင့် ဝေစည်စေသူ (သူကတော့ သီချင်းနားထောင်လေ့မရှိသူ ဖြစ်သည်။) သူ့ကို ခေါင်းဖြီးပေးတတ်သူ၊ သူ့ကို မြည်တွန်တောက်တီးတတ်သူနှင့် သူ့ကိုနမ်းတတ်သူ ဖြစ်သည်။
သူ နယ်မထွက်ခင် ငြိမ်းနှင့်နောက်ဆုံးအကြိမ်တွေ့တုန်းက လူတယောက်နှင့် လက်ထပ်တော့မည့်အကြောင်း ငြိမ်းက ဖွင့်ပြောခဲ့သည်။ အဲဒီလူတယောက်မှာ ငြိမ်းထက် အသက်လည်းကြီး၊ မည်းမည်း ဗိုက်ရွှဲရွှဲမို့ အရုပ်ဆိုးသည်ဟု ခေါ်နိုင်သော်လည်း ချမ်းသာကြွယ်ဝကာဂုဏ်လည်းရှိသော မုဆိုးဖိုကြီး တဦး ဖြစ်လေသည်။

“သူ့ဆီမှာ ငြိမ်းမလိုချင်တာ တခုနဲ့ ငြိမ်းလိုချင်တာတွေ အကုန်လုံး ရှိတယ်အစ်ကို၊ ငြိမ်းရဲ့ သားလေးအတွက်လည်း ငြိမ်း ထည့်စဉ်းစားရတယ်”ဟု ဆိုသည်။

နယ်က သူပြန်ရောက်ပြီး တနေ့၊ ပန်းဆိုးတန်းက အပြန်၊ သူ့အခန်းတွင် ငြိမ်းရောက်နေသည်ကို တွေ့ရ၏။ (ငြိမ်းတွင် သူ့အခန်း သော့ပိုတချောင်း ရှိသည်။) ငြိမ်းက ခုတင်ပေါ်တွင်ထိုင်ကာ သူ့အဝတ်အစားများကို ခေါက်နေရာမှ ထလာရင်း သူ့ပါးကို နမ်းသည်။ ငြိမ်း မျက်လုံးကလေးများ မျက်ရည်လည်နေသည်ကို သူ သတိထားမိသည်။ ပြီးတော့ သူ့ကို စကားတခွန်းမှ မပြောသေးဘဲ အခန်းထောင့်တွင် ဖရိုဖရဲ ဖြစ်နေသော စာအုပ်ပုံဆီ သို့သွားကာ စီထပ်နေသည်။ ဤကိစ္စအတွက် သူ ကန့်ကွက်သော်လည်း မရ။ သူ့အနေနှင့် ယခုလို ပြန့်ကျဲပုံထားရှိတာက လိုချင်သော စာအုပ်ကို ရှာရာ၌ ပို၍ လွယ်ကူသည်ဟု ထင်နေသည်။ ငြိမ်းက သူ ဖြစ်ကတတ်ဆန်း နေတတ်ပုံအတွက် အပြစ်တင်တတ်၏။

“လူတွေဟာ ကိုယ့်ရဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ စိတ်တွေကိုသာ သေသပ်အောင် သိမ်းဆည်းတတ်ဖို့ လိုပါတယ်ငြိမ်းရယ်” ဟု သူ ပြောခဲ့ဖူးသည် ထင်သည်။

မီးပူတိုက်ထားတဲ့ အင်္ကျီအောက်က အသည်းနှလုံးဟာ သန့်ရှင်းပါတယ်လို့ ဘယ်သူ အာမခံနိုင်မှာလဲ၊ ညစ်ညမ်းတဲ့ ဦးနှောက်တခုကို ညီညီညာညာ ဖြီးသင်ထားတဲ့ ဆံပင်တွေက အကာအကွယ် ပေးမထားဘူးလို့ ဘယ်သူ ဝန်ခံနိုင်မှာလဲ။ ပြိုလဲနေတဲ့ စာအုပ်ပုံနဲ့ တွန့်ကြေနေတဲ့ လုံချည်တထည်ကို လောကကြီးဟာ ကြောက်စရာမလိုလှပါဘူး။ အဲဒါတွေက ဘာအန္တရာယ် ပေးနိုင်မှာလဲ။ သူ ဤအခန်းသို့ ပြောင်းလာခါစက သူ့ ဦးလေးသည် အကဲခတ်ရအောင် တခေါက် ရောက်လာခဲ့သေးသည်။ ကျဉ်းမြောင်းရှုပ်ပွ နေသော သူ့အခန်းကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။ နှုတ်ကလည်း

“မင်းအခန်းက ပြန်လာပြီးတော့ အောင်ဖေကပြောတယ်၊ အဖေ၊ အဖေ့သားအငယ်တော့ မသေခင် ခေါင်းတလုံး ဝယ်လိုက်ပြီတဲ့”

သူက ပြုံးရုံသာ ပြုံးနေသည်။
ဦးလေးက သူ့စားပွဲပေါ်မှာပြန့်ကျဲနေသောစာရွက်များကိုကောက်ကြည့်သည်။ (မဖတ်ပါ) စာရွက်များမှာ ဘယ်တော့မှ အဆုံး သတ်နိုင်မည် မထင်ရသော သူ၏ ရေးဆဲဝတ္ထုရှည်တပုဒ် ဖြစ်၏။

“မင်း စာရေးဆရာလုပ်ဖို့ စိတ်ကူးနေပြန်ပြီလား၊ တည်တည်တံ့တံ့အလုပ်တခု လုပ်ပါလားကွာ”

ဦးလေးတို့လူစားမျိုးသည် စာရေးခြင်းကိစ္စကိုအလုပ်ဟု ယူဆလေ့မရှိ။ ဦးလေးသည် သူကြားဖူးနားဝ ရှိသလို သူ့မွေးစားသားသည် ကောင်မလေးနှင့် ကောင်လေးတွေ ကြိုက်ကြချစ်ကြသည့် ကပျက်ကချော် အကြောင်းများကို စာအုပ်အထူကြီးတွေ ဖြစ်အောင် တဖွဲ့တနွဲ့ရေး၍ အချိန်ဖြုန်းနေသည်ဟု ထင်ဟန်ရှိ၏။

“ကျွန်တော် ဘာလုပ်ရမလဲ”

“နွားဖြစ်ဖြစ် မွေးပေါ့၊ အခု နို့ဈေးကောင်းနေတယ်”

“ဒီလေးထပ်တိုက် ခေါင်မိုးပေါ်မှာလား”

သူ ရယ်စရာ လုပ်သော်လည်း ဦးလေးက မျက်နှာထား တည်တည်ဖြင့်

“မင်းလုပ်ချင်တယ် ဆိုရင် မြို့ပြင်မှာ ခြံဝယ်ပေးမယ်”

“အဖေက အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ကိစ္စကို မကွဲဘူးထင်တယ်”

သူ့ ဦးလေးကို သူငယ်စဉ်ကတည်းက အဖေဟုသာခေါ်ခဲ့ရသည်။ ဤအချက်မှာ သူ့ဦးလေး၏ ဘဝတာတွင် သူ့အပေါ် ထားခဲ့ဖူးသည့် တခုတည်းသော စည်းကမ်းသာ ဖြစ်လေသည်။ သူ့ဦးလေးက သူ နှင့် ငြင်းခုံလိုဟန် မရှိ။

“အင်းလေ...မင်းက ဖီလော်ဆိုဖီကို နှစ်နှစ်ခွဲလောက် သင်တဲ့သူပဲ”

သူ့သဘောနှင့်သူ ကျောင်းက တပိုင်းတစ ထွက်ခဲ့တာကို ဦးလေးသည် ယခုထက်တိုင် ကျေချမ်းဟန်မပြ။ စကားဆက်မပြောချင်ဟန်ဖြင့် ဆေးတံကိုထုတ်ကာ ဆေးဖြည့်နေသည်။ ပြီးတော့

“မီးခြစ်မေ့လာ ခဲ့ပြီ၊ မီးခြစ်ခဏပေးစမ်းကွာ”

“ကျွန်တော့်မှာ မီးခြစ်မရှိဘူး အဖေ”

ဦးလေးက လူတယောက်မှာခေါင်းမပါဘူး ဟူသော စကားကိုကြားရသည့်အလား မော့ကြည့်သည်။ “မင်းအခန်းမှာ မီးခြစ် မရှိဘူးလား” ဟု မယုံသလို ထပ်မေး၏။

“ကျွန်တော် ဆေးလိပ်မသောက်တာ အဖေအသိပဲ၊ ထမင်းလဲ ချက်စားတာ မဟုတ်ဘူး၊ ကျွန်တော့်အခန်းမှာ လျှပ်စစ်မီးလဲ ရှိနေတော့...”

“အေး...မင်းအခန်းမှာ မင်းရှိနေတာတောင် တော်တော်အံ့ဩဖို့ ကောင်းနေပြီ၊ တခါတလေ မီးပျက်ရင်ကော”

“ကျွန်တော် မှောင်ထဲမှာ ဒီအတိုင်းထိုင်နေတာပေါ့၊ ကျွန်တော့်မှာ အရေးတကြီး လုပ်စရာ ဘာမှမရှိဘဲ”

ဦးလေးက ပြန်တော့မည် ဟူသော ရည်ရွယ်ချက်ဖြင့် ထိုင်ရာမှ ထသည်။ ပြီးတော့ သူ ထိုင်နေသော ခုတင်ဆီသို့ လျှောက်လာကာ ရုတ်တရက်မွေ့ရာပေါ်မှဆံညှပ်ကလေးတခုကို ကုန်းကောက်ယူလိုက်ရင်း...
“မိန်းကလေးက ဘယ်ကလဲ”ဟု ခပ်တည်တည် မေး၏။

နောက်တော့ သူ အဖြေမပေးနိုင်မီပင် ဆံညှပ်ကလေးကို သူ့လက်ထဲ ထည့်ခဲ့ကာ အေးအေးလူလူ ကျောခိုင်း ထွက်သွားလေသည်။ ငြိမ်းကရယ်ရင်း “အဘိုးကြီးက တော်တော် မျက်စိရှင်တာပဲ” ဟု ဆိုသည်။ နောက်တော့ အိပ်ရာပေါ်တွင် ဆံညှပ်တွေ ဘာတွေကျကျန်မနေရစ်ခဲ့အောင် ဂရုစိုက်လေသည်။ သူ့ဦးလေးသည် ဤကိစ္စကို အလိုလိုမေ့လျော့ သွားလိမ့်မည်ဟု သူထင်ခဲ့သည်။သို့သော်... ဦးလေး ဆေးရုံတက်စက သူ တခေါက်ရောက်သွားသောအခါ

“မင်းလဲ အိမ်ထောင်ပြုဖို့ ကောင်းပြီ”

“ဘယ်သူနဲ့ ပြုရမှာလဲ အဖေ”ဟု သူက နောက်ပြောင်ကာမေး၏။

“မင်းအခန်းကို လာလာနေတဲ့ ကောင်မလေးနဲ့ ဖြစ်ဖြစ်ပေါ့”

သူက ဆံညှပ်ကလေးကိုပြန်သတိရလာသည်။ သူတို့အကြောင်းများကို ဦးလေးသည် အောင်ဖေညွန့်ကနေတဆင့် သိနေလေသလား မသိ။ သူ့အစ်ကိုကတော့ သူနှင့်ငြိမ်းကိုတွဲကာ သုံးလေးခါ မြင်ဖူးဆုံဖူးသည်။ သူဘာပြန်ပြောရလျှင် ကောင်းမလဲဟု စဉ်းစားရင်း လူနာခုတင်ဘေးမှ ကုလားထိုင်ပေါ်တွင် အတန်ကြာ ငြိမ်သက်စွာ ထိုင်နေမိသည်။

“မင်း...ဘာဖြစ်နေတာလဲ”

“သွားကိုက်နေတယ်”

သူ့အိတ်များကို ဟိုနှိုက်သည်နှိုက် လုပ်သည်။
ဦးလေးအမေးကို သူ ရုတ်တရက် ဖြေလိုက်မိသည်။သူသွားအနည်းငယ် ကိုက်နေသည်မှာ သုံးရက်ခန့် ရှိပြီ။ ယခင်ကလည်း ဤသို့ မကြာခဏ ကိုက်ဖူး၏။ မခံမရပ်နိုင်လောက်အောင်မူ မဟုတ်။

“ပေါ့မနေနဲ့”

“နှုတ်ပစ်ရင် ကောင်းမလား”

“သွားဆရာဝန်နဲ့ ပြကြည့်ပေါ့ကွာ”

သူ့ဦးလေးရော သူပါ ဆံညှပ်ကလေးကိစ္စကို မေ့လျော့သွားကြသည်။ သူပြန်ဖို့ ထိုင်ရာကထမှ ဘောင်းဘီအိတ်ထဲက ဆေးတံ သောက်ဆေးဘူးကို သတိရလာသည်။

“ဪ...အဖေ့အတွက် ဝယ်လာတာ”

သူ့ဦးလေးကြိုက်တတ်သော လင်ကွန်းတံဆိပ်ဖြစ်ကာ ရှားရှားပါးပါး ရှာဝယ်ခဲ့ရသည်။ သူ့ဦးလေးသည် သူ စားပွဲပေါ် လှမ်း တင်လိုက်သော ဆေးတံသောက်ဆေးဘူးကို တချက်စောင်းငဲ့ကြည့်ကာ မချိတရိ ပြုံးရင်း...

“ငါ...ဆေးတံ ဖြတ်လိုက်ပြီကွ၊ ဆရာဝန်က ခွင့်မပြုတော့ဘူး”

ဆေးရုံက အပြန်တွင် ရွှေဘုံသာလမ်းထဲရှိ သွားရောဂါအထူးကုဆေးခန်းတခုကို ရောက်ခဲ့သေးသည်။ သူ ကုလားထိုင်တလုံးတွင် သွားနှုတ်ဖို့ ထိုင်စောင့်နေခဲ့ရသည်။ သို့သော်သူ့ရှေ့မှ သွားနှုတ်နေသူတဦး၏ ဒုက္ခကိုမြင်ကာ စိတ်ပျက်ပြီး ကိုယ့်အလှည့်မရောက်ခင် ထပြန်လာခဲ့သည်။ နောက်တော့လည်း သူ့အခန်းတွင် ဆားရည်ငုံရင်း ပျောက်သွားပြန်သည်။

ထိုရက်များထဲတွင် သူ ငြိမ်းနှင့်လည်း မတွေ့ဖြစ်။ မတွေ့ချင်သဖြင့် ငြိမ်းလာတတ်သောအချိန်များတွင် အခန်းမှ တမင် ရှောင်ထွက်နေခဲ့သည်။ ငြိမ်းက သူ့ကိုတွယ်တာတာဟာ လိုအပ်တာထက် ပိုနေသည်ဟု သူ ယူဆနေသည်။ ဤတွယ်တာမှုက သူ့ကို ဘယ်လိုမှ မဝါးမျိုနိုင်ဘဲ ငြိမ်းကိုသာ တနေ့တွင် ဟုတ်ခနဲ တောက်လောင်စေလိမ့်မည်။

“အစ်ကို့မျက်လုံး အေးစက်စက်တွေထဲမှာ တလောကလုံးကို အနိုင်ယူထားတာ တွေ့နေလျက်သားနဲ့ ဘာလို့ တဝက်ပဲ ပြုံးနေရတာလဲဟင်” ဟု ငြိမ်းတခါက မေးဖူး၏။ သူက ပြုံးပြန်တော့

“အစ်ကို့ နှုတ်ခမ်း တွန့်တွန့်ကလေးတွေက ဒီလိုပြုံးတာပဲလှပါတယ် မပြင်ပါနဲ့တော့ အစ်ကိုရယ်” ဟု တောင်းပန်ပြန်သည်။ ကိုယ်ဟာ ဘဝမှာ ဘာကိုမှ အနိုင်မယူချင်သလို ဘာကိုမှ အရှုံးမပေးချင်သူ ဖြစ်တာ ငြိမ်းသိဖို့ရာ မလွယ်၊ ရူးဆိုး၏ စကား တခွန်းကို သူ သဘောကျခဲ့သည်။ 

“ကျုပ်ဟာ ကျုပ်တွေ့ဖူးတဲ့ ဘယ်သူနဲ့မှ မတူအောင် ဖန်ဆင်းထားတဲ့ လူတဦးပါ၊ ကျုပ်က ပိုမကောင်းရင်သာ ရှိရမယ်၊ သူများနဲ့ မတူတာတော့ အမှန်ပါပဲ”တဲ့။

ဒီလို နားမလည်မှုဖြင့် တခါကလည်း ငြိမ်းသူ့အပေါ် စိတ်ကောက်ခဲ့ဖူးသည်။ သူ့အခန်းမှာ သူနှင့်အတူ ငြိမ်းရှိနေခိုက် မိတ်ဆွေ တယောက် ရောက်လာကာ ငွေသုံးရာချေး၏။ အမေဖြစ်သူကို ဆေးရုံတင်ရ၍ တကယ်ငွေလိုနေခိုက်လည်း ဖြစ်ကြောင်း သူယုံကြည်သည်။ သို့သော် သူငွေမချေးလိုက်။ ထိုလူ မျက်နှာငယ်လေးနှင့်ထပြန်သွားသောအခါ ငြိမ်းကသူ့ကို မကျေမချမ်း အပြစ်တင်တော့သည်။ ငွေသုံးရာဆိုတာ သူ့အဖို့ မခက်ခဲဘူးဆိုတာ ငြိမ်းသိသည်။

“ပြီးတော့ သူ့အမေ ဆေးရုံတင်ထားရတာ”

“ငြိမ်း မင်းဘာဖြစ်နေတာလဲ၊ သူ့အမေက ကိုယ့်အမေမှ မဟုတ်တာ”

သူက အေးအေးလူလူ ပြောသော်လည်း ငြိမ်းစိတ်ဆိုးကာ အခန်းက ချက်ချင်းပြန်သွားလေသည်။ တပတ်လောက်နေတော့ ပြန်လာကာ သူ့ရင်ခွင်ထဲ တိုးဝင်ရင်း...

“အစ်ကို့ အသည်းနှလုံးက ဘာလို့ ဒီလောက်မာကျော နေရတာလဲဟင်”ဟု မေး၏။

“ဒီလူကို သုံးလေးကြိမ် ကူညီခဲ့ဖူးတယ် ငြိမ်းရဲ့၊ ကိုယ်က အတိုးနဲ့ ချေးတာလဲ မဟုတ်ဘူး၊ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ပေးထားတဲ့ ငွေနဲ့ ကင်းတဲ့လူ ရှားပါတယ်၊ ဒါပေမယ့် အဲဒီလူတွေဟာ သူတို့ပြေလည်နေသည့်တိုင်အောင် ကိုယ့်ငွေကို ဘယ်သူကမှ ဂရုတစိုက် ပြန်ပေးဖို့ စိတ်မကူးကြဘူး၊ အဲဒီတော့ ဒီလူတွေအတွက် ငွေထပ်ထွက်သင့်သလား”

“သူ တကယ် အရေးကြုံနေတာနဲ့ တူပါတယ်”

“ဟုတ်ပါလိမ့်မယ်၊ တောင်ပေါ်မှာဖြစ်စေ၊ တောင်အောက်မှာဖြစ်စေ၊ ကိုယ်ကြဲခဲ့တဲ့ မျိုးစပါးကို ကိုယ်ပဲ ရိတ်ရလိမ့်မယ်လို့ သမ္မာကျမ်းစာထဲမှာပါတယ်၊ ကိုယ့်ဆီက ငွေထပ်မရအောင် သူပဲ ဖန်တီးခဲ့တာ မဟုတ်လား”

“အစ်ကိုက ကလဲ့စားချေလိုက်တာပေါ့”

“မဟုတ်ပါဘူး ငြိမ်း၊ အစ်ကိုက ဘယ်သူ့အပေါ်မှာမှ အပြစ်မယူတတ်ဘူး၊ ဒီလိုပဲ ဘယ်သူ့ကိုမှလည်း ခွင့်မလွှတ်တတ်ဘူး”

ငြိမ်းက မျက်နှာအိုအို ကလေးနှင့် ခေါင်းယမ်းကာဆိုသည်။

“အစ်ကို့မှာ အပြစ်ဆိုစရာ ဆိုလို့ တခုပဲ ငြိမ်းရှာတွေ့တယ်။ အဲဒါက လူတွေကို မုန်းတာပဲ”

ငြိမ်းစကားကို သူ မခုခံချင်ပေ။ သူ့အနေနှင့် လူတွေကို မမုန်းတောင်မှ မချစ်တာတော့ သေချာသည်။ သို့သော် ငြိမ်းကိုတော့ (အဲဒီတခါပဲ) ရှည်ရှည်ဝေးဝေး ရှင်းပြခဲ့ပါသည်။ သူ့အပေါ် လူတွေနားလည်မှုအပေါ် သူသည် မျှော်လင့်တန်ဖိုး ထားတတ် သူမဟုတ်ပါ။ နားလည်မှုဆိုတာ လူတိုင်းနှင့်ဆိုင်သော အရာမဟုတ်။ ဉာဏ်ပညာနှင့်သာ ဆိုင်သော အရာဖြစ်သည်။ ဒါပေမဲ့ လောကတွင် သူ့ကို နားလည်ဖို့ လူတယောက် မဖြစ်မနေ လိုအပ်သည်ဆိုပါမူ ထိုသူကို ငြိမ်း ဖြစ်စေချင်သည်။

“ကိုယ့်မိတ်ဆွေ ကိုဘုန်းမြင့်ဆိုတဲ့လူက ပြောတယ်၊ ပုထုဇဉ်တော့ ပုထုဇဉ်ပေါ့ဗျာ၊ ဒါပေမဲ့ လူတွေကလဲ အကျင့်သီလ ကမ်းကုန်အောင် ကင်းမဲ့နေကြတော့ ဇဉ်-ဇဉ် လွန်းအားကြီးတယ်လို့ ငြီးရမလို ဖြစ်နေပြီ၊ ပုထုဇဉ်ကနေ တမဂ်တဖိုလ်ရတယ် ဆိုတာလဲ ဒီရုပ်ခန္ဓာပါပဲ၊ စိတ်ကလေးကို ပြောင်းလိုက်တာပဲ ကွာတာပါတဲ့”

အဲဒီ ကိုဘုန်းမြင့် ဆိုတဲ့လူကတော့ သူနှင့်အတော်တူညီတာတွေ ရှိခဲ့သည်။ ဥပမာ နှစ်ဦးစလုံး ဆေးလိပ်နှင့်အရက်ကို မသောက်တာမျိုး ဖြစ်သည်။

“ကိုယ်ဟာ တခါတုန်းကတော့ လူတွေကို ချစ်ဖို့ ကြိုးစားခဲ့ဖူးသေးတယ်လို့ ထင်ပါတယ်၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ အနှစ်သာရမရှိတဲ့ လူတွေ ဖြစ်နေတာပဲတွေ့ရတယ်။ တကယ်တော့ ကိုယ်ဟာ လူတောထဲမှာနေပြီး လူငတ်နေတဲ့ လူတယောက်ပါ ငြိမ်း”

ပြောသာပြောခဲ့သည်။ သူနှင့်ငြိမ်းသည် အသေးအဖွဲကအစ သဘောချင်း ညီမျှ တိုက်ဆိုင်လေ့မရှိ။ ဥပမာ၊ သူ့အခန်း ပတ်ဝန်းကျင်တွင် နားလာသည့် ခိုများကို သူ မောင်းနှင်ပစ်လေ့ရှိပါသည်။ ခိုများ၏ ညည်းသံသည် စိတ်ပျက်ဖွယ်ကောင်းသော အသံဖြစ်သည်။ ခိုများသည် အနေအထိုင်ညစ်ပတ်ကာ လူကိုရောဂါဥပဒ် ပေးနိုင်သော တိရစ္ဆာန်တမျိုးဟု သူနားလည်ထားသည်။ ငြိမ်းကတော့ ထိုခိုများကိုတွေ့သည်နှင့် ဝမ်းသာအားရဖြစ်သည်။ ဆူးလေဘုရားအနားက ခိုစာများကို တကူးတက ဝင်ဝယ်ကာ ပလတ်စတစ်အိတ်နှင့်ထည့်၍ သူ့အခန်းသို့ယူလာတတ်သည်။ ပြီးတော့ ခိုစာကျွေးရင်း ခိုတွေနှင့် လုံးထွေးနေလေသည်။ ခိုတွေက သူ့ပခုံးပေါ် လက်ပေါ်တက်ကာအစာစား၏။ အစာစားရင်း သူ့ကိုယ်ပေါ်မှာပင် မစင်စွန့်ပစ်ကြ၍ အဝတ်အစားကောင်းများ ပေကျံကုန်သည်ကိုပင် သဘောကျကာ ရယ်မောမဆုံးရှိသေးသည်။ ထိုအခါမျိုးတွင် သူကတော့ ပြတင်းပေါက်က (ခိုစာကျွေးသော နေရာနှင့် အတော်ဝေးသည်။) လက်ထောက်ကြည့်ရင်း ငြိမ်းကို စိတ်ပျက်နေမိ၏ ။ သူ့အမြင်မှာတော့ ငြိမ်းသည် လောဘကြီးလွန်းသည်။ အရာရာကို ကောင်းမွန်စေချင်သည်။ အနည်းဆုံး သူမနှင့် ပတ်သက်သမျှကိုတော့ ကောင်းမွန်စေချင်ပုံရ၏။ မင်းဝေကိုလည်း ကောင်းမွန်စေချင်သည်။ ခိုများကိုလည်း ကောင်းမွန်စေချင်သည်။ ပန်းပင်တပင်ကိုလည်း ကောင်းမွန်စေချင်သည်။

“အစ်ကိုဟာ တော်တော် နေနိုင်တဲ့လူ၊ ပန်းပင်ကိုတောင် ရေမှန်မှန် လောင်းဖော်မရဘူး”

အခုလည်း သူ့အခန်းမှာရှိသည့် တခုတည်းသော ပန်းအိုးကလေးကို ဂရုတစိုက် ရေလောင်းရင်း ခုတင်ပေါ်တွင် ပျင်းရိပျင်း တွဲလဲလျောင်းနေသော သူ့ကို ကြည့်ကာ အပြစ်ဖို့နေသည်။

ဤပန်းအိုးကလေး တလုံးမှာလည်း ငြိမ်းဝယ်လာခြင်းဖြစ်သည်။ နဂိုက သူ့အိမ်အတွက် ဝယ်လာတာဆို၏။ မင်းဝေ အခန်းကို ဝင်ရင်း အပြန်မှာ မေ့ကျန်ခဲ့လေသည်။ နောက်အခေါက်များတွင်လည်း ယူမသွားဖြစ်တော့။ အစ်ကိုနဲ့ထိုက်တန်လို့ရတာ၊ အစ်ကို့အခန်းမှာပဲထားတော့ ဟုဆိုသည်။ သူ့ပန်းပင်ကလည်း ပန်းပင်ဟုသာ ပြောသည်။ အပွင့်ပွင့်မည့် ပန်းပင်နှင့် မတူလှ။ သဲကန္တာရတွင် ပေါက်တတ်သော ရှားဇောင်းပင်လို ဆူးပင်ကြမ်းကလေး တပင်သာဖြစ်သည်။ ငြိမ်းက ထိုအပင်အမည်ကို ပြောသော်လည်း သူချက်ချင်းမေ့သွားသည်။ သူကပန်းပွင့်ဆိုတာ ပန်းရောင်းစား သူများနှင့်သာ ပတ်သက်သော အရာဟု တသမတ်တည်း ထင်ထားသူဖြစ်၏။

ငြိမ်းက ဤပန်းအိုးကို သူ့အခန်းမှာ ထားမည်ဆိုတော့လည်း သူမကန့်ကွက်ဖြစ်။ သူက ပန်းကိုပင် ရေလောင်းသည် ဆိုသော အဓိပ္ပာယ်မဲ့ အလုပ်မျိုးကို လုပ်လေ့မရှိသဖြင့် ဤပန်းပင် မကြာခင်မှာ ခြောက်သွေ့သေဆုံးသွားလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ဤအပင်က ယခုတိုင်မသေ။ နွမ်းခြောက်ဟန်လည်း မပြ။ သူ့အိမ်ကို တပတ် နှစ်ခါသုံးခါ ရောက် လာတတ်သော ငြိမ်းကတော့ ရောက်တိုင်း ရေလောင်း၏။ ကန္တာရထဲတွင် ပေါက်သောအပင်မျိုး ဖြစ်သဖြင့် ရေမလိုအပ်လှဘဲ ရှင်သန်နေနိုင်တာလည်း ဖြစ်ချင်ဖြစ်ပေမည်။

“ငြိမ်းကို ဘာမှ မပြောတော့ဘူးလား”

တခန်းလုံး သိမ်းဆည်းပြီးတော့မှ ကုလားထိုင်တွင် ဝင်ထိုင်ရင်း ငြိမ်းက အမောမဖြေနိုင်ဘဲ မေးသည်။

“ဟုတ်တယ်၊ မင်းကိုငါ တောင်းပန်ရဦးမယ်၊ မင်းတို့ လက်ထပ်ပွဲကို မင်္ဂလာလက်ဖွဲ့ပေးဖို့ ငါမေ့နေတယ်၊ ကဲ...ပြော၊ မင်း ဘာယူမှာလဲ”

ငြိမ်းက သိသိသာသာ သက်ပြင်းချရင်း ပြောသည်။

“ငြိမ်း သူ နဲ့ လက်မထပ်ရသေးပါဘူး”

သည်တခါတော့ မင်းဝေ နည်းနည်း အံ့အားသင့်သွားသည်။ သူ နယ်မသွားခင် တပတ်အလိုလောက်က ငြိမ်းရောက်လာကာ သူ မကြာခင် မုဆိုးဖိုကြီးတဦးနှင့် ယူတော့မည့်အကြောင်း ပြောခဲ့သည်။ အဲဒီနေ့က သူသွားကိုက်နေသဖြင့် ငြိမ်းကိစ္စကို လေးလေးနက်နက်စိတ်မဝင်စားနိုင်။ ကောင်းသားပဲဟု စိတ်ရင်းအတိုင်း ပြောခဲ့သည် ထင်ပါသည်။

ငြိမ်းဘဝကိုတော့ သူနားမထောင်ချင်ဘဲ ငြိမ်းကပြောပြသဖြင့် သူသိပြီးသားဖြစ်သည်။ ရိုးရိုးကလေးပင်။ ငြိမ်းမှာအဖေမရှိ။ အမေကစက်ချုပ်ကျွေးကာ ကျောင်းထားပေးသည်။ ငြိမ်း ဆယ်တန်း နှစ်နှစ်ဆက်ကျသောအခါ သူချစ်တဲ့သူနှင့် အိမ်ထောင်ပြုလိုက်သည်။ သူ့ယောက်ျားသည် သူတို့ ရပ်ကွက်ထဲကပင် ဖြစ်၏။ ငြိမ်းအိမ်ထောင်ကျစမှာပင် ငြိမ်းအမေ စက်မချုပ်နိုင်တော့။ နှစ်ရှည်လများ အညောင်းမိလာခဲ့သည့် ဒဏ်ကို စုခံရကာ လူမမာ ဖြစ်နေ၏။
ငြိမ်းကိုယ်ဝန် ရှိစမှာ ငြိမ်းယောက်ျားဖြစ်သူကုန်ကူး၏။ နှစ်ခေါက်တော့မြတ်လိုက်၏။ တတိယအခေါက်သွားသောအခါ ဘယ်တော့မှပြန်မလာတော့ချေ။ အတော်ကြီးကြာမှ သေဆုံးသလို သတင်းကြားရ၏။ ငြိမ်းလည်း ကလေးမီးဖွားပြီးသည်နှင့် အမေ့ကို နို့ဘူးနှင့် အပ်ကာ ဘဝကို စိန်ခေါ်ရတော့သည်။ တနှစ်က သူ့အမေ ဆုံးသွားခဲ့၏။ သည်လိုနှင့် တခုသောတနင်္ဂနွေမှာ ရုပ်ရှင်ရုံထဲတွင် သူနှင့် ဆုံခဲ့လေသည်။

“သူ နယ်ကို သွားတာတောင် ငြိမ်းကို အသိပေးမသွားဘူး၊ ဘာလဲ...စိတ်လေသွားတာလား”

သည်တော့မှ သူ ရေးတေးတေး သဘောပေါက်လာသည်။ ငြိမ်းက မိမိ ရိုးရိုးသားသား ခရီးထွက်သွားတာကို သူ လက်ထပ်တော့မည် ဆိုသဖြင့် စိတ်မချမ်းမြေ့ဖြစ်ကာ လေလွင့်သွားခြင်းဟု ထင်နေဟန်ရှိသည်။ ဒါကြောင့် သူလက်ထပ်မည့် ကိစ္စကိုလည်းရွှေ့ဆိုင်းထားဟန်တူသည်။ ငြိမ်း၏ လက်ဖဝါးနုနု ကလေးများကို သူ အသာအယာ ဆုပ်ကိုင်ရင်း...

“ငြိမ်း...တကယ့်ဘဝဆိုတာဖတ်ကောင်းအောင် အကွက်ဆင်ရေးထားတဲ့ဝတ္ထုတွေ၊ ကြည့်ကောင်းအောင် ရိုက်ထားတဲ့ ရုပ်ရှင်ကားတွေ ထဲကလို အစီအစဉ်တကျ ဖြစ်ပျက်နေတာ မဟုတ်ဘူး၊ ဖြစ်ချင်သလို ဖြစ်ပြီး ပျက်ချင်သလို ပျက်နေတဲ့ နေရာမှာ ဘာကိုမှ မမျှော်လင့်ကောင်းပါဘူး ငြိမ်း”

ငြိမ်းက ခေါင်းညိတ်ရင်း သူ့ကို မော့ကြည့်သည်။ ငြိမ်း၏ အပြစ်ကင်းစင်သော ကြည်လင်သော မျက်လုံးများထဲတွင် မျက်ရည်စများ ဝေ့သီနေသည်။

“အစ်ကို ငြိမ်းကို မချစ်ဘူးလားဟင်”

သူ့ကို တခါမှ မမေးခဲ့ဖူးသော မေးခွန်းကို ငြိမ်းက စွန့်စားကာ မေးသည်။ ငြိမ်းအသံမှာ မသိမသာ တုန်ယင်နေသည်။ သူနှင့် ငြိမ်းမျက်လုံးချင်းဆုံမိကြ၏။ သူကစ၍ မျက်လုံးများကို လွှဲဖယ်လိုက်သည်။ နောက်ဆုံးတကြိမ် ပဲဖြစ်ဖြစ်၊ သည် တခါတော့ ငြိမ်းကို အနိုင်ပေးလိုက်ချင်ပါသည်။ ဆုပ်ကိုင်ထားသော ငြိမ်း၏လက်ကို တချက်မျှ ခပ်ဖွဖွ ညှစ်ပြီး လွှတ်လိုက်သည်။

“ကိုယ် ဘယ်သူ့ကိုမှ မချစ်ဘူးငြိမ်း၊ အဲသလို မချစ်မိအောင်လည်းသတိထားပြီးနေတယ်၊ လမင်းကိုဖြစ်ဖြစ်၊ သီချင်းတပုဒ်ကိုဖြစ်ဖြစ်၊ လူတယောက်ကိုဖြစ်ဖြစ်၊ သစ်သီးတလုံးကို ဖြစ်ဖြစ်၊ ဘာကိုပဲဖြစ်ဖြစ် သတိလက်လွတ်ဖြစ်ပြီး ချစ်မိတာနဲ့ အဲ့ဒီလူဟာ ဒုက္ခနဲ့ရင်ဆိုင်ရတော့တာပဲ မဟုတ်လား၊ တခုခုကိုချစ်မိရင် အဲဒါကိုပိုင်ဆိုင်ချင်လာတယ်၊ ပိုင်ဆိုင်ရတော့ လောဘဖြစ်တယ်၊ မပိုင်ဆိုင်ရတော့ ဒေါသဖြစ်တယ်။ မခိုင်မြဲတဲ့ တရားလွှမ်းမိုးနေတဲ့ ဒီလောကကြီးထဲမှာ ကိုယ်ကတော့ အရာရာကို သဘာဝအတိုင်းပဲ ရှိနေစေချင်တယ်။ တခုခုနဲ့ တခုခု၊ ဒါမှမဟုတ် တစုံတရာနဲ့ တစုံတရာတွေ့ထိတာလဲ သဘာဝပဲ၊ ကင်းကွာတာလဲ သဘာဝပဲ၊ ထိရင်လဲ ထိတဲ့အတိုင်း၊ ကွာရင်လည်း ကွာတဲ့အတိုင်း ရှိပါစေ၊ သဘာဝကို မလွန်ဆန်မိစေနဲ့၊ သဘာဝကို လွန်ဆန်မိတာနဲ့ အရှုံးနဲ့ အနိုင်ဆိုတာ ဖြစ်ပေါ်လာတော့မှာပဲ၊ အဲဒီ အရှုံးနဲ့ အနိုင်ဆိုတာ စိတ်ခံစားမှု အရသာ ကွဲပြားတယ် ထင်ရပေမယ့် အဓိပ္ပာယ်နဲ့ အနှစ်သာရကတော့ အတူတူပါပဲ ငြိမ်းရယ်”

အဲဒီနေ့က သူ့ ရင်ထဲမှာ ငြိမ်းအားရအောင် ငိုပြီးမှ ပြန်သွားခဲ့လေသည်။ မပြန်ခင် “ငြိမ်းတော့ အစ်ကို့ကို ဘယ်လိုမှ နားမလည်နိုင်ဘူး” ဟု ပြောသေး၏။ သူက ပြုံးကာ ငြိမ်းရယ်မောစေရန် “ကိုယ်သာ စာအုပ်တအုပ် ဖြစ်မယ်ဆိုရင် ငြိမ်းကို အရင်ဆုံး ဖတ်ခွင့်ပေးမယ်” ဟု ပြောခဲ့သည်။

ငြိမ်းပြန်သွားပြီး နောက်ရက်တွင် သူ သွားကိုက်နေခဲ့သည်။ တညနေ ဆန်ပြုတ်သောက်ပြီး အပြန်တွင်...

“ ဟေ့ကောင်...မင်းဝေ”
ဟု ခေါ်သံကြား၏။ လှည့်မကြည့်ဘဲ သူ့အစ်ကို အောင်ဖေညွန့် မှန်းသိလိုက်သည်။ သူ့အစ်ကိုက သူနဲ့ မျက်နှာချင်းဆိုင် လာရပ်ရင်း...

“မင်း နယ်က ပြန်ရောက်တယ်ကြားလို့ ငါ မင်းအခန်းကို နှစ်ခေါက် လောက်ရောက်သေးတယ်၊ မတွေ့လို့တံခါးမှာ စာရေးညှပ်ထားခဲ့တယ်၊ မင်းမရဘူးလား၊ (သူက အဖြေမပေးနိုင်ခင်) အဖေက မင်းကိုတွေ့ချင်လို့တဲ့၊ ဆေးရုံကိုလာခဲ့ဦး”

“ဟုတ်ကဲ့”

“အဖေတော့ မရတော့ပါဘူး၊ လည်ချောင်းကင်ဆာတဲ့”

လည်ချောင်းကင်ဆာ ဆိုသော စကားကိုအသံတိုးတိုးနှင့် ပြော၏။ ကြောက်စရာရွံ့စရာ ကိစ္စ တခုကို မလွှဲသာ၍ ပြန်ပြောရသည့် လေသံမျိုးဖြစ်၏။ ဦးလေး ဘာရောဂါလဲ ဆိုတာမေးဖို့ သူ့မှာ တာဝန်ရှိလျက်သားနဲ့ မေ့လျော့နေခဲ့သည်။ သူ့မျက်နှာ ကိုကြည့်၍ သူ့အစ်ကိုက...

“မင်း ဘာဖြစ်နေတာလဲ”

“သွားကိုက်နေတာ”

သူ့အစ်ကို မျက်နှာမှာ စိတ်ပျက်ဟန်ပေါ်လာသည်။ သူနှင့်တွေ့ဆုံလေ့ ရှိသည့် လူများ၏ မျက်နှာပေါ်တွင် မကြာခဏ ထိုအမူအရာမျိုး ပေါ်လေ့ရှိတတ်တာ သူသတိထားမိသည်။ ဝန်ခံရလျှင် ဤမျက်နှာမျိုး တခြားသူများထံတွင် မြင်ရလျှင် သူကလည်း ကျေနပ်မိလေသည်။

“မင်း အဖေ့ဆီ သွားလိုက်ဦးကွာ”

“ဟုတ်ကဲ့”

“မင်း မိန်းမယူတော့ မလို့ဆို”

“ဘယ်သူပြောလဲ”

“ငါ ကြားတာပဲ”

သူတို့ အတန်ကြာအောင် တိတ်ဆိတ်နေကြသည်။

“မိုးကလဲ ထပ်ရွာဦးမလား မသိဘူး”

“မိုးတွင်းပဲ အစ်ကိုရယ်”

ကောင်းကင် တပြင်လုံးမှာ မှိုင်းညို့နေသည်။

“ငါ့ကားပါလာတယ်၊ မင်းလိုက်မလား”

“ဟင့်အင်း”

“ဒါဖြင့် ငါသွားမယ်၊ ဪ...ဘတ်စပရို ဝယ်သောက်လိုက်ဦး”

တော်တော်ညံ့တဲ့ ဆရာဝန်သားပဲ ဟုမင်းဝေမှတ်ချက်ချနေစဉ် သူ့အစ်ကိုခပ်သွက်သွက်ထွက်သွား၏။

နောက်တလလောက် ကြာသောအခါ ငြိမ်းလည်းလက်ထပ်ပြီး၍ ဦးလေးလည်း ဆေးရုံပေါ်မှာ သေဆုံးသွားလေသည်။ ငြိမ်းကသူ့ထံကို ဖိတ်စာပို့လိုက်သေး၏။ နာမည်ကြီး ဟိုတယ်တခုမှာ ကျင်းပသော ငြိမ်းလက်ထပ်ပွဲကို သူ ကြိုးစားတက်ရောက်ရန် စိတ်ကူးထားသော်လည်း တကယ်တမ်း မရောက်ဖြစ်ခဲ့။ လက်ဖွဲ့ပစ္စည်းကိုတော့ လူကြုံနှင့်ပို့ခဲ့သေး၏။ သူ လူစုလူဝေး အခမ်းအနားများကို တွေ့ရသည်နှင့် ရွံရှာစိတ် ဖြစ်ပေါ်တတ်သဖြင့် ရှောင်ရှားနေသည်မှာ ကြာလေပြီ။ တီကောင်ကို တကောင်ချင်းမြင်လျှင် မရွံလှသော်လည်း အထွေးလိုက်မြင်လိုက်သောအခါ ရွံသောစိတ်နှင့် တော်တော်တူသည်ဟု ထင်သည်။ သူ့ ဦးလေး အသုဘတွင်တော့ ဤကိစ္စကို မလွှဲသာမရှောင်သာ ရင်ဆိုင်ရပြန်သည်။ လူအတော်များများက သူ့ကို ဆရာဝန်ကြီး ဦးကျော်ခေါင်၏ သားအရင်း (အငယ်) ဟုပင် ထင်မှတ်နေကြ၏။

သူ့အစ်ကို အောင်ဖေညွန့် နှင့် တွေ့ပြီးနောက် တော်တော်ကြာသည်အထိ သူဆေးရုံကို မရောက်ဖြစ်သေး။ သွားနာနေတာကို အကြောင်းပြကာ အခန်းထဲမှာအောင်းနေသည်။ တညနေ လဟာပြင်ဈေးက ထမင်းစားပြီးအထွက် လမ်းမပေါ်တွင် ဖြတ်မောင်းသွားသောအသုဘယာဉ် ဖြူဖြူကြီးကို မြင်တော့မှ ဦးလေးကို ဗြုန်းခနဲသတိရလာသည်။ ဆေးရုံနှင့်လည်း ကပ်နေပြီ ဖြစ်သဖြင့် ရောက်ခဲ့သည်။ အစီအစဉ် မရှိသဖြင့် ဘာမှပင် ဝယ်မလာနိုင်။ အမှန်တော့ လည်ချောင်းကင်ဆာ ဖြစ်နေတဲ့ သေဆုံးလုဆဲဆဲ လူနာတယောက်အတွက် (လောကွတ်လုပ်စရာ မလိုချင်) စားသောက်စရာတွေ ဝယ်ခြမ်းနေစရာ မလိုအပ်လှမှန်း သိနေတာလည်းပါသည်။

သူ့ ဦးလေးမှာ သိသိသာသာကြီး ပိန်ချုံးကျနေလေသည်။ အသားတွေလည်း ညိုခြောက်နေ၏။ အစာမဝင်တော့ ဟုဆိုသည်။ အရည်သောက်လျှင်ပင် လည်ချောင်းက မခံမရပ်နိုင်အောင် နာကျင်နေသည်ဟု သိရသည်။ အောင်ဖေညွန့်တို့ လင်မယားလည်း ဦးလေးနားတွင် ရှိနေသည်။

အပြင်ဘက်တွင် မိုးသည်းသည်းမည်းမည်း ရွာသွန်းနေသည်။ တမိုးလုံး မှိုင်းအုံ့နေသည်ကို ပြတင်းပေါက်ကတဆင့် သူ မြင်နေရ၏။ ဆေးရုံအတွင်းမှာ အလင်းရောင် အားနည်းလွန်းသဖြင့် အရာရာတိုင်း မှုန်တိမှုန်ဝါးဖြစ်နေသည်။ ဦးလေးက...

“မီးချောင်း ဖွင့်လိုက်စမ်းကွာ”ဟု ပြောသည်။ သူ့ဦးလေး အသံမှာ တခါမှ မကြားဖူးသောအသံ ဖြစ်နေသည်။ တိုးတိုးမျှင်မျှင် နှင့် အက်ကွဲကွဲ ရှတတ။ သူက ဘယ်ခလုတ် ဖွင့်ရမှန်းမသိဘဲ ယောင်နနဖြစ်နေစဉ် ခုတင်ခေါင်းရင်းမှ ခလုတ်တခုကို သူ့အစ်ကိုက ဖွင့်လိုက်၏။ တခဏချင်းမှာ မီးချောင်းအရောင်ဖြင့် လင်းထိန်သွားသည်။ သူ့ဦးလေးက သူ့ကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား မြင်တွေ့သွားလိုသော ဆန္ဒရှိပုံ ရသည်။ သူကတော့ ခုန မှုန်တိမှုန်ဝါး အလင်းရောင်ပြပြထဲမှာ ဦးလေးနှင့် တွေ့ဆုံနေရတာကိုပဲ ပိုသဘောကျသေးသည်။ လူတဦးစီ၏ ဘဝတိုင်းထဲတွင် ရှိသော အမှောင်ရိပ်များထဲမှာ တခြားသူတွေ နှင့်လည်း မသက်ဆိုင်။ တခြားသူတွေလည်း နားမလည်နိုင်သော တသီးတခြားကိစ္စများ၊ သဏ္ဍာန်မပျက် လွတ်လပ်စွာ ခိုဝှက် တည်မြဲနေခွင့် ရှိစေချင်ပါသည်။

“အဖေ နေရတာဘယ်လိုနေလဲ”

“ကောင်းပါတယ်”

အမှန်တော့ မေးပြီးမှ မှားမှန်းသိသည်။ ပြင်းထန်သော ဝေဒနာ တရပ်ကို ခံစားနေရတဲ့ လက္ခဏာရပ်တွေ အထင်အရှား မြင်နေရပါလျက် “နေရတာ ဘယ်လိုနေလဲ” ဟု သူ မမေးသင့်။ ဦးလေးကလည်း ဘာကြောင့် “ကောင်းပါတယ်” လို့ ဖြေရတာလဲ၊ မေးလာတဲ့သူကို စိတ်ချမ်းသာချင်စိတ် တခုနဲ့တော့ သေလုဆဲဆဲ အချိန်မှာ မုသား မသုံးသင့်ပါဘူး။

သည်အချိန်သည် လူ့ဘဝတွင် အရေးကြီးဆုံးအချိန်။ ဒါမှမဟုတ် အရေးကြီးတာတွေ ဆုံးသွားသော အချိန် (အရေးမကြီးသော အချိန်) ဖြစ်မည်။ သဘောပေါက်မည်ဆိုလျှင် ဤအချိန်သည် လူ့ဘဝတွင် လွတ်လပ်အပေါ့ပါးဆုံး အချိန်လည်းဖြစ်နိုင်သည်။ ထိုသူကို (ယခုအချိန်တွင်) ဘာကမှ ချည်နှောင်မထားနိုင်တော့၊ ဘာကမှ ချည်နှောင်ထားပိုင်ခွင့်လည်း မရှိတော့။ (ကိုယ်က ချည်နှောင်နေဆဲ ဆန္ဒရှိလျှင်တော့ မပြောတတ်။)

ဦးလေး ခုတင်ဘေးစားပွဲပေါ်တွင် စာအုပ်အထူကြီးတအုပ် တွေ့သဖြင့် လှမ်းကြည့်မိလိုက်သည်။ ဆေးပညာစာအုပ် မဟုတ်ဘဲ နာမည်ကျော်ဆရာတော်တပါးရေးသည့် ဝိပ္ပဿနာရှုနည်း ကျမ်းကြီး ဖြစ်နေသည်။ ဦးလေးက မျက်လုံးပိတ်ကာ မှိန်းနေ၏။ ထွက်လေဝင်လေကို မှတ်နေတာလည်း ဖြစ်နိုင်သည်။
သူ ဤဆေးရုံကိုလာမိတာ မှားယွင်းမှုတခုကို ကျူးလွန်မိသလို ခံစားနေရသည်။ ယခုလို စကားမပြောဘဲ လူနာခုတင်ဘေးတွင် အေးတိအေးစက် ထိုင်နေရမည့်အစား လာမတွေ့ဘဲ နေတာက သူရော ဦးလေးအတွက်ပါ ပို၍ သင့်လျော်ဦးမည် ထင်သည်။ အမှန်တော့သူနှင့်ဦးလေးအကြားတွင် လောကွတ် မပြောကြစတမ်းဆိုလျှင် ပြောစရာစကားဟူ၍ မရှိလှ။ ဤသို့ ကုန်ခန်းနေခဲ့သည်မှာ ယခုမှမဟုတ်ဘဲ ကြာမြင့်လှပြီဖြစ်ကြောင်း သတိထားတွေးမိပြန်သည်။ ဘဝအပေါ် သဘောထားပုံ၌ သူနှင့် ဦးလေးသည် ဘယ်လိုမှညှိနှိုင်းရလိမ့်မည် မဟုတ်ကြောင်းနှစ်ဦးလုံး အလိုအလျောက် သဘောပေါက်ကတည်းက ဤကိစ္စကို သိမ်သိမ်မွေ့မွေ့ပင် ရှောင်ရှားခဲ့ကြသည်။ ဟန်ဆောင်၍ လောကွတ်စကားကို သူကလည်း အလေ့အထ မရှိသဖြင့် မပြောတတ်။ (ဦးလေးကလည်း နားထောင်လိုစိတ် ရှိလိမ့်မည် မဟုတ်ချေ။)
ထိုင်ရင်း တိတ်ဆိတ်ခြောက်ကပ်ခြင်းရဲ့ အရသာကိုပင် သူနှစ်သက်နေမိပြန်သည်။ သူ့အစ်ကို အောင်ဖေညွန့်နှင့် သူ့မိန်းမကလည်း ဘယ်ထွက်သွားလေသည် မသိ။ သူတို့အနားတွင် မရှိ။ သူ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ ရေးလက်စ ဝတ္ထုတပုဒ်အကြောင်း စိတ်ရောက်သွားပြန်သည်။ သူ့ဝတ္ထုမှာ ရေးပြီးမှ ဝတ္ထုနှင့်တူနေသဖြင့်ပြန်ဖျက်ဆီးနေရသော အကြောင်း ဖြစ်၏။ ဝါကျအကြောင်းကို သူ့ခေါင်းထဲမှာ စီရေးနေရင်း သူ့မျက်လုံးများက အမှတ်မထင် ဦးလေးထံရောက်သွားသည်။

မျက်တောင်မခတ်ဘဲ သူ့ကို ငေးစိုက်ကြည့်နေသော ဦးလေးကို မထင်မှတ်ဘဲတွေ့ရ၏။ သူ့တွင် ပေါ်ခဲလှသော အားတုံ့အားနာစိတ်ကလေး အနည်းငယ် ပေါ်လာကာ ဦးလေးကို တောင်းပန်စကား ပြောမည်ဟု ရည်ရွယ်လိုက်သေး၏။ သို့သော် သူ့ကို စိုက်ငေး ကြည့်နေသည့် ဦးလေးမျက်လုံးများထဲတွင် တခါမှ မတွေ့ဖူးသော အရိပ်ကလေးတခု အမှတ်မထင် ဝင်းပြက်သွားတာကို မြင်လိုက်ရသဖြင့် ပြောဖို့ မလိုအပ်တော့ကြောင်း သိလိုက်၏။ ထိုအရိပ်ကလေးမှာ မျက်လုံးပေါ်က ပြန် ပျောက်သွားသည်။ (ရင်ထဲကို ခုန်ရွှေ့သွားခြင်း ဖြစ်သည်။)

“မင်း ဒီအတိုင်း နေတော့မလား”

“ဟုတ်ကဲ့”

သူ သွက်သွက်လက်လက်ပင် ဖြေလိုက်၏။

“အေးလေ၊ ကိုယ့်ဘဝကိုယ် ကျေနပ်ရင် ပြီးတာပဲ”

စောတာနှင့် နောက်ကျတာပဲ ကွာခြားတာ၊ နောက်ဆုံးတော့ ဤအဓိပ္ပာယ်ကို လူတိုင်း နားလည်သွားသင့်သည်။

“ကျွန်တော်...”

ရုတ်တရက် မှောင်သွား၏။ မီးပျက်သွားသည်။

“ဒီလိုပါပဲကွာ”

ဦးလေးရဲ့ “ဒီလိုပါပဲကွာ” မှာ လေးနက်လှသည်။ လေသံက မကျေမချမ်းသံမဟုတ်၊ တောင်ပြိုတာကနေ အပ်ပျောက်တာ အထိ အဆက်မပြတ် ဖိစီးတင်းကျပ် နေသော လူသား၏ ဒုက္ခတရားများကို
ခုတော့လည်း ခံနိုင်ရည် ပြည့်ဝစွာဖြင့် သဘောပေါက်ကာ ဦးလေးသည် ဘဝတွင် ပြီးသင့်သလောက် လူ့ကိစ္စကို ပြီးစီးနိုင်ခဲ့ပြီ ထင်သည်။ အပြင်ဘက်တွင် မိုးကရွာဆဲဖြစ်သည်။ မိုးစက်နှင့် တခြားအရာများ အရှိန်ပြင်းစွာ ထိတွေ့သံက အဆက်မပြတ်တရစပ် ဆူညံစွာ မြည်ဟိန်းနေသည်။ အခုတော့ တလောကလုံးမှ အသံများကို မိုးသံက အားကောင်းစွာ ဖုံးလွှမ်းထားသည်။ တဖက်ခုတင်မှ လူနာနှင့် လူနာ မေးသူများ စကားပြောနေသည့် အသံ၊ ပန်ကာလည်သံ၊ စားပွဲပေါ်မှ ချိုင့်ခွက်ရွှေ့သံ၊ အင်္ဂတေကြမ်းပြင်ကို လျှပ်တိုက်ကာ လျှောက်သွားနေသော သူနာပြုဆရာမ၏ ခြေသံ၊ ဘာသံကိုမှ မကြားရ။ မိုးရွာသံကို နောက်ခံဂီတအဖြစ် အသုံးပြုထားသော အသံတိတ်ရုပ်ရှင်ကား တချပ်ကို ကြည့်နေရသလိုသာ ရှိသည်။ ဤနေရာတွင် အလင်းနှင့်အမှောင် တိတ်ဆိတ်ခြင်းနှင့် ဆူညံခြင်းကို ပူလောင်အေးစက်စွာ တွဲပျော့ရောစပ်နေသည်။

ဦးလေးက တဖက်သို့စောင်းကာ လှဲနေသည်။ အိပ်နေသည်တော့ မထင်။ အတော်ကြာအောင် သူ ဆက်ထိုင်နေမိ၏။ အောင်ဖေညွန့်တို့ လင်မယား ပြန်ရောက်လာတော့ ဦးလေးကို နှုတ်မဆက်တော့ဘဲ ပြန်လာခဲ့သည်။

အပြင်ဘက်တွင် မိုးတိတ်နေလေပြီ။ သို့သော် မြေပြင်တွင် ပြင်းထန်သော ရေစီးကြောင်းများ ဖြစ်ပေါ်နေဆဲ ရှိကာ တရုတ်စကားပွင့် ဖြူဖြူတချို့သည် ရေစီးထဲတွင် (မလိုက်ပါလိုဟန်) တွန့်ဆုတ်ချည် ထစ်ငေါ့ချည်နှင့်ပင်၊ တလိမ့်ခေါက်ကွေး ပွတ်တိုက်မျောပါသွားကြသည်။ သူလည်း ဆေးရုံကို နောက်ထပ်မရောက်တော့ဘဲ နောက်တပတ်လောက် ရှိသောအခါ ဦးလေး သေလေသည်။

ဘယ်မှမရောက်ဘဲ အခန်းထဲမှာ အောင်းကာ အတော်ကြာအောင် တယောက်တည်း နေနေသည်။ စာရေးစာဖတ်ပင် မလုပ်။ ပန်းဆိုးတန်းကိုလည်း မရောက်။ အချိန်များစွာ လေးထပ်တိုက်၏ ခေါင်မိုးပေါ်တွင် တကိုယ်တည်းရှိနေခဲ့၏။ ငြိမ်းကိုတော့ လွန်ခဲ့သောအပတ်က ဗိုလ်ချုပ်လမ်းပေါ်တွင် ကားကြီးတစီးထဲမှာထိုင်ရင်းပါသွားတာတော့ လှမ်းမြင်ခဲ့သေးသည်။ ခိုများလည်း မလာ၊ စွန်တက်လွှတ်သည့် ကလေးများလည်းမလာ၊ တခါတရံ အေးစက်သော မိုးပေါက်များသာ ပျင်းရိပျင်းတွဲကျနေတတ်သည်။

များသောအားဖြင့်မူ မိုးတိမ်များသည် ခပ်ဝေးဝေးဆီမှသာ လွင့်ပါသွားကြလေသည်။

တနေ့ သူ ထမင်းစား ပြန်တက်လာသောအခါ ပိတ်ထားသော သူ့တံခါးကို မှီရပ်၍ သူ့အားစောင့်နေသော သူ့အစ်ကို အောင်ဖေညွန့် ကို တွေ့ရ၏။

“အစ်ကို ရောက်နေတာ ကြာပြီလား”

“မကြာသေးပါဘူး၊ မင်းဘယ်သွားနေတာလဲ”

“ထမင်းဆင်းစားတာ”

အခန်းတံခါးသော့ကို ဖွင့်ရင်း သူဖြေသည်။ သူ့အစ်ကိုက...

“ငါက ဒါကို မေးတာမဟုတ်ဘူး၊ မင်းရန်ကုန်မှာ ရှိရဲ့လားလို့ ” ဟု အခန်းထဲကို နောက်မှ ဝင်လာရင်း ပြော၏။ တလုံးတည်းသော ကုလားထိုင်မှာ သူ့အစ်ကိုက ထိုင်သည်။ သူက ခုတင်ပေါ်ထိုင်လိုက်ရင်း...

“ရှိပါတယ်....ဘာဖြစ်လို့လဲ”

“မတွေ့တာ ကြာလို့ပေါ့၊ အိမ်ကိုလဲ တခေါက်မှ မလာဘူး၊ ဆန်းဒေးကျရင် အိမ်ကိုလာဦး၊ ဟိုရောက်မှ ထမင်းစား”

“လူတွေ အများကြီးလား”

သူ့အစ်ကိုက စိတ်တိုသလို ပြန်ကြည့်ရင်း...

“မင်းရယ်...တို့လင်မယား ရယ်ပေါ့...ဒါပဲ”

“လာခဲ့မယ်လေ”

ထိုနေ့က လွယ်လွယ်ပြောလိုက်သော်လည်း ချိန်းထားသော (တနင်္ဂနွေ) နေ့ရောက်သောအခါ သူ မသွားတော့ဟု ဆုံးဖြတ်မိပြန်သည်။ နံနက်၁ဝနာရီ ထိုးလုနီးအထိ အိပ်ရာထဲ လှဲနေသည်။

သူ့သွားကလည်း ကိုက်နေသည်။ ကိုက်နေသည်မှာ သုံးလေးရက် ရှိပြီ။ တခါတရံ ဆိုးဆိုးဝါးဝါးပင် ကိုက်ခဲ၏။ အပြင်တွင် မိုးကလည်း စိတ်ပျက်စရာကောင်းအောင် တစိုစို တစွတ်စွတ် ရွာနေသည်။ နေရောင်ကို ကောင်းကောင်းမမြင်ရသည်မှာ တပတ်ကျော်ကျော်ခန့် ရှိပေပြီ။ သွားကိုက်သည့် ဒဏ်ကြောင့်လား၊ အအေးဒဏ်ကြောင့်လား မသိ။ သူ့ကိုယ်လည်း နည်းနည်းနွေးနေ၏။ နောက်တော့ သူ စိတ်ကူးတမျိုးပြောင်းကာအင်္ကျီထလဲရင်း တိုက်ခန်းမှထွက်လာခဲ့၏။ သူ့အစ်ကို အောင်ဖေညွန့် သည် လေးနက်မှု မရှိသော်လည်း လူရိုးလူကောင်း တယောက်ဖြစ်သည်။ သူ့အပေါ် တွင်လည်း အစ်ကိုရင်းတယောက်နှင့် မခြားရှိသည်။ အပြင်တွင်မိုးသည် အုံ့မှိုင်းနေသေးသော်လည်း တဖွဲဖွဲသာရွာတော့၏။ နံရံတွင် ချိတ်ထားသော ဂျင်းကွတ်အင်္ကျီကို သူ ကောက်ဝတ် ခဲ့သည်။

မိုးလင်းကတည်းက ဘာမှမစားရသေးသဖြင့် နီးစပ်ရာ လက်ဖက်ရည်ဆိုင်တဆိုင်ထဲကို ဝင်ခဲ့သည်။ ဆိုင်ကမိုးခိုရင်း ဝင်စားသောက်နေသူတို့ နှင့် ပြည့်နေသည်။ သူ တကိုယ်တည်း ထိုင်၍ ရနိုင်သည့် စားပွဲလွတ် မရှိသဖြင့် လူနှစ်ယောက် ထိုင်နေသော စားပွဲတလုံးတွင် ဝင်ထိုင်လိုက်ရ၏။ သူ့ရှေ့မှ သူနှင့်မတိမ်းမယိမ်း လူနှစ်ယောက်သည် အသံကျယ်ကျယ်နှင့် စကားပြောနေကြ၏။

“အင်္ကျီဘယ်လောက် ပေးရလဲ”

မင်းဝေ၏ ဂျင်းကုတ်ကို လိုချင်သော မျက်လုံးနှင့် ကြည့်ကာ တယောက်ကမေး၏။

“ငှားဝတ်လာတာ”

မင်းဝေ ဤသို့ဖြေရင်း စိတ်ပျက်စ ပြုလာသည်။ လက်ဖက်ရည်ကလည်း ချိုလွန်းသည်ကလွဲ၍ ဘာအရသာမှမရှိ။ မင်းဝေက အချိုကြိုက်သူမဟုတ်။ သွားက နာလာပြန်သည်။ သူ့ဘေးက တယောက်က မေးပြန်၏။

“ဘယ်နှစ်နာရီ ရှိပြီလဲ”

“နာရီ ပျက်နေတယ်”

ထိုလူနှစ်ယောက် မကျေမချမ်းဖြစ်နေစဉ် သူဆိုင်ထဲကထွက်လာခဲ့သည်။ ထမင်းစားချိန် နောက်ကျနေမှာ စိုးသဖြင့် သူ ဘတ်စ်ကားတစီးပေါ် တိုးတက်ခဲ့သည်။ ကားပေါ်ရောက်မှသူ မှားမှန်း သိသည်။ ဘာကြောင့်အငှားကား တစီးကို စီးသွားရန် စိတ်ကူးမရသနည်း။
မှတ်တိုင်တခု အရောက်တွင် သူ့ဘေးမှလူက တိုးဝှေ့ဆင်းရင်း သူ့ ခြေထောက်ကို တက်နင်းသွားလေသည်။ ဘတ်စ်ကားထွက်မည့် ဆဲဆဲ အချိန်မှာပင် မင်းဝေ အပေါက်သို့ တိုးဝှေ့ဆင်းလိုက်၏။

သူ့ရှေ့တွင် ထီးနက်ကြီးတစင်းဆောင်းကာ လျှောက်သွားနေသော သူ့ခြေထောက်အား တက်နင်းသွားသူကို တွေ့ရ၏။ မင်းဝေ သူ့နောက်ကို ခပ်သွက်သွက် လျှောက်လိုက်လာခဲ့သည်။ မီသောအခါ ထိုသူ၏ ပခုံးကိုကိုင်ကာ ဆွဲလှည့်လိုက်သည်။ ထိုလူက နားမလည်နိုင်သလို ငေးကြည့်နေမိ၏။ မင်းဝေက ဘာမှမပြောတော့ဘဲ ပြန်လှည့်ထွက်လာခဲ့သည်။

အောင်ဖေညွန့်တို့လင်မယား ထမင်းပွဲပြင်ပြီး သူ့ကို စောင့်မျှော်နေသောအချိန်တွင် မင်းဝေသည် သူ့အခန်းကို ရောက်နေကာ ခုတင်ပေါ်တွင် အေးအေးလူလူ လှဲလျက်ရှိ၏။

ဘယ်တုန်းက ပွင့်ခဲ့သည်မသိ။
သူ သတိမထားမိဘဲ ဆူးကြမ်းပင်တွင် လက်သည်းခန့်ရှိသော ပန်းဖြူဖြူကလေး တပွင့် အားကုန် ပွင့်၍ နေလေသည်။
 
---

#ပန်းပွင့်နှင့်လူ
#သစ္စာနီ

#shared_by_louis_augustine
#sbla

Comments