ကားနှင့် လူ // သစ္စာနီ
ကားနှင့် လူ // သစ္စာနီ
( ဒဂုန်၊ ၁၉၈၈၊ ဇူလိုင်လ )
(အခြားသောအရာများနှင့် လူ)
---
ကားဟွန်း အဆက်မပြတ် မြည်သံက ဦးအောင်မြတ်ကျော်၏ ငြိမ်သက်စ ပြုနေသော တည်ဆောက်ဆဲအာရုံကို လန့်ပြိုပျက်ကွဲစေသည်။ ခပ်မြန်မြန် ဘုရားကို ဦးချဝတ်ပြုလိုက်၏။ ဘုရားခန်းကထွက်လာတော့ ဧည့်ခန်းမှာ ရုံးစုနေသည့် သူ့မိသားစု တစိတ်တဒေသကို တွေ့ရသည်။ မြေးအပျိုမက စတီရီယို အဆိုတော် ရှုံးလောက်အောင် ပြင်ဆင်ထား၏။ အပြင်ထွက်တော့ မည်ဟု မှန်းဆ၍ ရသည်။
ဦးအောင်မြတ်ကျော်က ခပ်လှမ်းလှမ်း ပြတင်းပေါက်နားက ဆိုဖာ ပေါ်မှာ သွားထိုင်သည်။ လက်က စားပွဲပေါ်မှ စာအုပ်တအုပ်အား ကောက်ယူ လိုက်သော်လည်း နားထဲကို သူတို့အသံတွေက တိုးဝင်လာ၏။ အမေလုပ်သူက သမီးလုပ်သူကို မှာနေသည်။
“သမီး၊ ပန်းသီးကို ဝင်ခဲ့ဦးနော်။ မြန်မာခွေ ဘာခွေ ကောင်းကောင်း ထွက်သလဲမေး၊ မရှိရင် ကုလားကားပဲ တခွေ ယူခဲ့။ အပ်ဖို့ အခွေတွေလည်း တခါတည်း ယူသွား”
ဗွီဒီယိုအခွေ ငှားခိုင်းနေခြင်း ဖြစ်ကြောင်း ဦးအောင်မြတ်ကျော် ကောင်းကောင်း သဘောပေါက်သည်။ သူ၏ တဦးတည်းသောသမီး အလုပ်က များများစားစား မရှိ။ လောကမှာ ယောကျာ်းကောင်းကောင်းတယောက် ယူကာ ကလေးသုံးယောက် မွေးပြီးတော့ တာဝန်တွေ ကုန်ခန်းသွားသလိုပင်။ ဗွီဒီယို ပေါ်လာမှပင် သူ့ဘဝမှာ နည်းနည်း အဓိပ္ပာယ်ပြန်ရှိလာ၏။ အခုတော့ ဗွီဒီယိုမှ တနေ့ တကားလောက် မကြည့်ရလျှင် ခေါင်းကိုက်ချင်သည့် ရောဂါပင် စွဲစပြုနေ၏။
“အမေကလည်း အမြဲ ကုလားချည်းပဲ။ ပေရှည်ရတဲ့အထဲ တခါ တခါ သီချင်းဆို ကနေရင် မပြီးတော့ဘူး၊ ပျင်းစရာကြီး။ တရုတ်သိုင်းကားလေး ဘာလေး လုပ်စမ်းပါ”
မြေးအငယ် ယောကျာ်းလေးက သူ့အမေကို အရေးဆိုသည်။
“သားငယ် မကြိုက်ရင် မကြည့်နဲ့ပေါ့။ မင်းတို့ သိုင်းကားတွေက ယုတ္တိရှိတာ မဟုတ်ဘူး”
ဒီအငယ်ကောင်က ရှစ်တန်းကျောင်းသား ဆိုသော်လည်း လူကောင် ထွားသည်။ ကွန်ဖူးသင်တန်းတခု ခါးပတ်နက်ရပြီးသား ဆိုလား မသိ။ တလောက လမ်းထိပ်က ကောင်လေးတွေနှင့် ရန်ဖြစ်တော့ လေးခွနှင့် အပစ်ခံရသဖြင့် ခေါင်းပေါက်သွား၏။
အပြင်က ကားဟွန်းသံ ကြားရသည်။ ပြတင်းပေါက်က ဦးအောင်မြတ်ကျော် လှမ်းကြည့်လိုက်တော့ ရပ်ထားသည့် ကားထဲမှာ ထိုင်ရင်း ကားဟွန်းကို စိတ်မရှည်သလို နှိပ်နေသော မြေးအကြီးကောင်ကို တွေ့ရ၏။
“မမရေ၊ ဟေမာနေဝင်းအခွေ ထွက်ရင် ဝယ်ခဲ့စမ်းပါ။ ပြီးတော့ ကန်းထရီးဘွိုင်းကို ဝင်၊ မိုက်ကယ်ဂျက်ဆင်ရဲ့ သည်ဘက်ဒ် အခွေ ကူးလို့ ရပြီလား မေးပေးစမ်းပါ”
“နင်တို့အလုပ်ချည်းပဲ၊ ငါ့မှာ ရေမွှေးပုလင်း သွားလဲဖို့ကလည်း ရှိသေးတယ်”
မြေးမက ငြူငြူစူစူ ပြော၏။ အမေလုပ်သူက ...
“ရေမွှေးပုလင်းက ဘာဖြစ်လို့လဲ သမီး”
“အမေ့သားငယ်ပေါ့၊ မနေ့က သူ ဗိုလ်ချုပ်ဈေးသွားမယ် ဆိုလို့ သမီးက ရက်ဗလွန် တပုလင်း မှာလိုက်တာ၊ သူက မဉ္ဇူ ဝယ်လာတယ်”
“မမ မှာလိုက်တဲ့ဆိုင်မှာ ရက်ဗလွန်မှ မရှိတာ။ ကုန်နေတယ်။ ဒါလည်း ကောင်းပါတယ်။ စမ်းသုံးကြည့်ပါ ဆိုလို့ ယူလာတာ”
“အဲဒီအနံ့ကြီး ငါမှ မကြိုက်တာ။ ငါက ရက်ဗလွန်ကလွဲပြီး သုံးတာ မဟုတ်ဘူး”
အိမ်ပေါက်ဝမှ မြေးအကြီးကောင် ပေါ်လာ၏။ သူက စိတ်မရှည် သော လေသံဖြင့်...
“ဟေ့… ခွေးဖြူမ ကြာလှချည်လား။ သွားမှာဖြင့် မြန်မြန်လာ ဘာတွေ ရှုပ်နေတာလဲ”
“ကိုကိုကြီးကလည်း ဘာလို့ ဒီလောက် လောနေတာလဲ”
အကြီးကောင်က စိတ်ဆိုးလျှင် သူ့ညီမကို ခွေးဖြူမဟု ခေါ်နေကျ ဖြစ်သည်။
“ငါ့မှာ ချိန်းထားတာ တခု ရှိသေးတယ်။ ကားယူသွားရမှာ”
အကြီးကောင်က ဆေးကျောင်းသား ဆိုပြီး အိမ်မှာ အခွင့်အရေး အယူဆုံး ဖြစ်၏။
ညီမဖြစ်သူက နှုတ်ခမ်းစူကာ...
“သိပါတယ်၊ စန္ဒာနဲ့ ချိန်းထားတာ မဟုတ်လား၊ စိတ်က ဟိုရောက် နေမှာ”
စန္ဒာဆိုတာ အကြီးကောင်နဲ့ တွဲနေတဲ့ ကောင်မလေး။ အိမ်ကိုလည်း ဝင်ထွက်နေသည်။
အမေလုပ်သူက...
“ဒါကြောင့် နင်တို့အဖေကို ပြောနေတာပေါ့၊ ကားတစီး မြန်မြန် ထပ်ဝယ်ပါလို့၊ အိမ်မှာ ရှိတာက လူခုနစ်ယောက်၊ ကားတစီးတည်းနဲ့ ဘယ်လိုလုပ် လောက်မှာလဲ”
“အေးလေ၊ အဲဒါကြောင့် အခု ကားထွက်ရှာနေပြီ မဟုတ်လား၊ အပြစ်ပြောမနေနဲ့တော့”
အဘွားကြီးက သမက်လုပ်သူဘက်က ဝင်ကာကွယ်၏။ အမှန်တော့ အိမ်တွင် လောလောဆယ်ပင် ကားနှစ်စီး ရှိနေ၏။ တစီးက သမက်ဖြစ်သူ၏ အလုပ်ဌာနက ပေးထားသည့် မာဇဒါဂျစ်၊ ဤကားကို သမက်ဖြစ်သူသာ ရုံးသွား၊ ရုံးပြန် သုံး၏။ အိမ်တွင် တခြားသူတွေ သုံးလေ့သုံးထ မရှိသဖြင့် စာရင်းမဝင် သလို ဖြစ်နေသည်။ တခါတလေ ဦးအောင်မြတ်ကျော် ဘုရားသွားချင်လျှင် သမက်ဖြစ်သူ ရုံးအတက်မှာ ထိုကားနှင့် လမ်းကြုံ လိုက်သွားတာမျိုးတော့ ရှိ၏။
“ဘာမှာဦးမလဲ အဘွား”
မြေးကြီးက သူ့အချစ်ဆုံး အဘွားကို သွားခါနီး မေးသည်။
“ရွှေငါးက ဘဲကင်တကောင်လောက် ဆွဲခဲ့ကွယ်”
ဦးအောင်မြတ်ကျော်က အဘွားကြီးကို လှမ်းကြည့်မိသည်။ တစုံ တခုကို ပြောတော့မည် ပြုပြီးမှ ကိုယ့်စိတ်ကိုကိုယ် ပြန်ချုပ်တည်းလိုက်၏။ အမှန်တော့ အိမ်မှာက ဟင်းလျာ အပြည့်အစုံ ချက်ပြီးသားပဲ။ အမြဲတမ်း အသားဟင်း နှစ်ခွက်၊ အရည်သောက်နှင့် အကြော် အလှော်ကလည်း မပါ မပြီး။ ဧည့်ခန်းထဲက မြေးနှစ်ယောက်က ထွက်သွား၏။ သူ့စိတ်ကို ဖတ်လက်စ ဓမ္မပဒ စာအုပ်ထဲ ဦးအောင်မြတ်ကျော် ပြန်ပို့လိုက်၏။
‘ သစ်သီးကို အလိုရှိသော မျောက်သည် တော၌ တပင်မှ တပင်သို့ ခုန်လွှား ပြေးသွားသကဲ့သို့၊ ထိုတဏှာ တိုးပွားသောသူသည် တဘဝမှ တဘဝ သို့ ပြေးသွားရ၏ ’
ရုတ်တရက် အနားမှ ကပ်ပေါ်လာသော တယ်လီဖုန်းသံကြောင့် ဦးအောင်မြတ်ကျော် အာရုံက ပြိုကွဲသွားပြန်သည်။ သမီးလုပ်သူက တယ်လီဖုန်း ကို ကောက်ယူ နားထောင်နေ၏။
မျက်နှာက အပြုံးဖြင့်...
“ယူလိုက်လေ ကိုကို၊ ဘာရောင်လဲ၊ အဖြူရောင်ပဲ မဟုတ်လား၊ ဈေးမများပါဘူး၊ လိုချင်တာရရင် တော်ပြီပေါ့၊ တခါတည်းသာ ငွေချေလိုက်”
“ဖေဖေ့ဆီကလား မေမေ”
မြေးအငယ်ကောင်၏ အမေးကို အမေလုပ်သူက တယ်လီဖုန်း ပြန်ချရင်း ခေါင်းညိတ် ပြ၏။
“ကားရပြီ သားရေ၊ စပရင်တာ၊ အက်စ်အီး၊ ဝမ်းပွိုင့်ဖိုက်တဲ့၊ အဖြူရောင်”
“ဟာ… ကျွန်တော် ကားမောင်းလိုင်စင် မြန်မြန်ရအောင် လုပ်ရမယ်”
“ဘယ်လောက်တဲ့လဲ သမီးရဲ့”
အဘွားကြီး မေးသံ ကြားရ၏။
“ငါးသိန်းခွဲတဲ့”
“မများဘူးလား သမီး”
“အဲဒါ ကျဈေး အမေရဲ့၊ ဒါတောင် ဒထွေးနံပါတ်မို့ ရတာ”
“ညည်းတို့လည်း ဒီလိုသာ ပေါ်တိုင်း ဝယ်စီးနေရင် ရှိတာလေးတွေ ကုန်မယ်”
“အမေကလည်း ဘယ်မှာ ပေါ်တိုင်းဝယ်စီးလို့လဲ၊ လင်ဆာပေါ်တုန်း ကလည်း မစီးရဘူး။ အခု သုံးနေတဲ့ ဒတ်ဆန်းဝမ်းတွမ်တီးဝိုင်ပုံစံ အခုတော့ အောက်နေပြီ။ သမီးတို့ အကိုင်သန့်နေလို့ ဒီလောက် လွင်နေတာ။ ပြီးတော့ အခုခေတ်က အမေတို့ခေတ်ကလို စိန်တွေ ရွှေတွေ ပြိုင်တဲ့ခေတ် မဟုတ်ဘူး၊ အဝတ်အစားနဲ့ ကားပြိုင်တဲ့ခေတ် အမေရဲ့။ လူတိုင်း အခု အက်စ်အီး နေကြတာ”
“လူတိုင်း မပြောပါနဲ့ သမီးရယ်၊ တတ်နိုင်တဲ့ လူတွေလို့ ပြောစမ်းပါ”
ဦးအောင်မြတ်ကျော်က သမီးဖြစ်သူ၏ စကားကို ပြင်ပေးသည်။ သူ့စကားကို ဘယ်သူကမှ ဂရုမစိုက်။ မြေးအငယ်ကောင်က သူ့အမေကို ပူဆာနေသည်။
“မေမေ၊ သား ကားမောင်းသင်တော့မယ်နော်”
သူက မြေးအငယ်ဘက် လှည့်ကာ...
“ဒီမယ် ငါ့မြေးရဲ့၊ လူတွေဟာ ကားကို ဘယ်လိုမောင်းနှင်ရမလဲ ဆိုတာကိုသာ ဂရုစိုက်သင်ကြားနေကြတယ်။ တကယ်အရေးကြီးတာက ကိုယ့် ဘဝကို ဘယ်လို မောင်းနှင်ရမလဲ ဆိုတာပဲ”
မြေးငယ်က သူ့စကားကို ကောင်းစွာသဘောပေါက်ဟန် မတူ။ ပြူးကြောင်ကြောင် မျက်လုံးနှင့်သာ အဘိုးဖြစ်သူကို ငေးစိုက်ကြည့်နေ၏။
ဦးအောင်မြတ်ကျော်က စကားအရှိန် ရကာ...
“တမနက်လုံး သမီးတို့ကို အဖေ ကြည့်နေတယ်၊ သမီးတို့က တယ်ပြီး ချဲ့ကြ ကားကြတာကိုး၊ အဘွားကြီးလည်း အတူတူပဲ။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့ အာရုံခြောက်ပါးရဲ့အလိုကို လိုက်ပြီး ချဲ့ကားနေ ဘယ်လာ ဆုံးနိုင်တော့မလဲ။ အဲသလို ကားတာဟာ သံသရာကို ကျယ်အောင် ချဲ့နေတာနဲ့ အတူတူပဲ”
သဘောတူဟန် မရှိသော်လည်း သူ့ကို ရွံ့သဖြင့် သမီးနှင့် မြေးက ငြိမ်နေ၏။
အဘွားကြီးကသာ မျက်စောင်းတချက် ထိုးရင်း...
“ကိုအောင်မြတ်ကျော်၊ ရှင်က အခုမှ စကား ကားမနေပါနဲ့။ ရှင်နဲ့ ကျွန်မ တချိန်တုန်းက ကားခဲ့ကြလို့ အခုဟာတွေ တိုးပွားနေတာ မဟုတ်လား”
ဦးအောင်မြတ်ကျော်အနေနှင့် ချေပစကားဆိုမှသာ ဖြစ်တော့မည်။ သို့သော် စကားဆိုချိန် မရတော့။ အိမ်ဝမှာ ကားတစီးထိုးဆိုက်သံ ကြားရ၏။ ဧည့်ခန်းထဲက သုံးယောက်လုံး အပြင်ကို ခပ်သွက်သွက် ထွက်သွားကြသည်။ သူတို့အိမ်ရှေ့မှာ အသစ်စက်စက် အဖြူရောင် ကားတစီး ဆိုက်ရပ်ထားလေသည်။
---
#သစ္စာနီ
#ကားနှင့်လူ
#shared_by_louis_augustine
Comments
Post a Comment