သားတို့ရုပ်ရည် // ထင်လင်း
သားတို့ရုပ်ရည် // ထင်လင်း
(ငွေတာရီ မဂ္ဂဇင်း၊ အမှတ် ၂၂၊ ၁၉၆၂ ခု။)
---
ညဥ့်ဦးပိုင်းက တအိမ်လုံး ဆူညံနေသလောက် ယခုမူ တိတ်ဆိတ်လျက် ရှိလေပြီ။ အပြင်ဘက်တွင် မိုးတစိမ့်စိမ့် ရွာနေသဖြင့် သွပ်မိုးပေါ်သို့ မိုးရေကျသော အသံသည် လွှမ်းမိုးလျက် ရှိ၏။ တချက် တချက်တွင် မနီးမဝေးရှိ တာလမ်းမကြီး ပေါ်မှ ကားများ အရှိန်ပြင်းစွာ မောင်းနှင်သွားကြသည်ကို ကြားရသည်။ ကားသံ ပျောက်သွား၍ မိုးတဖြောက်ဖြောက်သည် လွှမ်းမိုးမြဲ လွှမ်းမိုးပြန်၏။
တအိမ်လုံး အိပ်ကောင်းနေသည့် အချိန်တွင် ဦးရွှေထင်မှာ အိမ်ရှေ့ ဧည့်ခန်းထဲရှိ ပက်လက်ကုလားထိုင် တလုံးပေါ်တွင်ပင် ရှိသေး၏။ ဘုရားစင်မှ မီးလုံးလေးများမှတပါး တအိမ်လုံးမှာ မှောင်လျက်ရှိသည်။ သူသည် ဆေးပြင်းလိပ် တလိပ်ကို ခပ်မြှင်းမြှင်း ဖွာရင်း အမှောင်ထဲသို့ စူးစိုက်ကြည့်လျက် ရှိ၏။
လမ်းထဲမှ လူသံသူသံလိုလို ကြားရလျှင် ပြတင်းတံခါးဆီသို့ ခေါင်းထောင်၍ ကြည့်၏။ ခွေးဟောင်သံ ကြားလျှင် တံခါးဆီသို့ သွား၍ ကြည့်၏။ ဘယ်သူ့ကိုမျှ မမြင်ရသောအခါ ပက်လက်ကုလားထိုင်တွင် ပြန်ထိုင်ကာ ဆေးပြင်းလိပ်ကို ဖွာပြန်၏။
သူသည် သူ့သားကြီး အကြောင်းကို တွေး၍ နေလေသည်။ သူ့သားကြီးကို မွေးသည့်အချိန်မှစ၍ ယခု အသက် ၁၆ နှစ်အရွယ်တိုင်အောင် အရိပ်ပြပွဲ ကြည့်သလို မြင်နေ၏။ ငယ်ငယ်က ချူချာခဲ့သောသား၊ မိဘ စိတ်နှလုံး ပူပန်ရသောသား၊ အငယ်တွေလို မဟုတ်။ အငယ်တွေမှာ အထိုက်အလျောက် အေးချမ်းခဲ့ကြသည်။ မိဘကို နားပူနားဆာ မလုပ်ခဲ့ကြ။ “ဟဲ့” ဆိုလျှင် မလှုပ်ဝံ့အောင် မိဘကို ကြောက်တတ်ကြသည်။ သားကြီးလည်း ကြောက်တော့ ကြောက်သည်။ နောက်တော့ ကြောက်လွန်း၍ မြှောက် မြှောက်ပေးကြသဖြင့် သားကြီးမှာ ဘောက်ထိုးထိုး ဘုကျကျလေး ဖြစ်လာသည်။ သူ့စိတ်ကြိုက် မဖြစ်လျှင် သုန်သုန်မှုန်မှုန် လုပ်နေတတ်သည်။ သူ့စိတ်ကြိုက် ဖြစ်လျှင်လည်း ပျော်တတ်ရွှင်တတ်သူ ဖြစ်ပြီး ညီငယ် ညီမငယ်ကလေးများနှင့် ချစ်ချစ်ခင်ခင် ကစားနေတတ်သည်။ သုန်မှုန်လာပြီ ဆိုလျှင်လည်း အငယ်တွေ သူ့အနား မကပ်ရဲကြတော့။ သည်တော့ အဖေက အငယ်တွေကိုလည်း အတူတူ ချစ်ရသည်မို့ အငယ်တွေ ပျော်ရွှင်ပါစေတော့ဟု အကြီးကို ပျော်ရွှင်အောင် လုပ်ပေးရသည်။ သည်တော့မှ တအိမ်လုံးမှာ ရယ်သံမောသံနှင့် ရွှင်ပျနေသည်။
တခါတခါတော့ သားကြီးကြောင့်ပင် စိတ်အကြီးအကျယ် ဆင်းရဲရ၏။ သူ့စိတ် အခန့်မသင့်သည့် အခါဆိုလျှင် အိမ်ကလူတွေ အားလုံးကို ဘုပြောပြီး ထွက်လည် နေတတ်သည်။ အိမ်ကလူများမှာ သူပြန်မလာမချင်း စိတ်မကောင်းနိုင်ကြချေ။ အဖေနှင့် အမေက အထူးသဖြင့် စိတ်ပူပန်ကြရ၏။
“အရက်တွေများ သောက်လာမလား” အမေက စိုးရိမ်တတ်သည်။ အဖေက “အရက်သောက်လာ ဘာဖြစ်လဲ။ ယောက်ျားပဲ” ဟု ဆိုလေ့ရှိသည်။ “ဖဲများ ရိုက်နေသလား” ဟု အမေက ပူပန်လျှင် အဖေက “သူ့မှာ ပိုက်ဆံ အလုံအလောက် ပါသွားရဲ့လား” ဟုသာ မေးတတ်သည်။
ဦးရွှေထင်က ဒီသားကို အကြီးဆုံးမို့ တကြောင်း၊ စိတ်ထက်သည်ဟု ထင်၍တကြောင်း၊ အားထားသည်။ အားထားသည် ဆိုရာဝယ် သားကို မှီခိုချင်သော အားထားမှုမျိုး မဟုတ်။ လူဖြစ်လာသည့် ဘဝတွင် လူ့လောကကြီးအတွက် အကျိုးပြုနိုင်သော သားကောင်းရတနာ တယောက်ကို မွေးပေးခဲ့ပြီ ဟူသော ဂုဏ်ကို လိုချင်သည်။ ကျေနပ်ချင်သည်။ သားကို လူလိမ္မာလေး ဖြစ်စေချင်သော ဆန္ဒ မဟုတ်။ လိမ္မာပြီး ဘာမှ အသုံးမကျလျှင်တော့ သူ့ဆန္ဒ ပြည့်ဝသည် မဆိုနိုင်။ ဖြစ်လာသမျှကလေးနှင့် ရောင့်ရဲပြီး တော်ရောပေါ့လေဟု သူက မပြောချင်။
ဦးရွှေထင်မှာ သူ့သားကို အရိပ်တကြည့်ကြည့်နှင့် လာခဲ့ရာတွင် သားအပေါ် မကျေနပ်သော၊ အားမရသော အချက်များကို တခါတခါ တွေ့ရ၏။ ထိုအခါမျိုးတွင် သူသည် ထမင်းကိုပင် ဟုတ်အောင် မစားချင်တော့ပေ။
ဥပမာ သူ့သားသည် မိန်းမ မပိုးတတ်ဘဲ ပိုးနေသည့်အခါမျိုး၊ ရည်းစားထားပြီး သူ့အသည်းကလေးကို ယုယနေတတ်သည့် အခါမျိုး၊ အရက်သောက်ပြီး မမူးသလို ဟန်ဆောင်ထားသည့် အခါမျိုး၊ တကယ် သတ္တိမရှိဘဲနှင့် တေပေနေသည့် အခါမျိုး။
စာမေးပွဲ ကျသည်ကိုတော့ အသေအလဲ ကြောက်ပြီး ကျက်ရမှာကိုတော့ ပျင်းတတ်သူ၊ သို့မဟုတ် စာကျက်တော့ ပျင်းပြီး စာမေးပွဲ ကျမှာကိုတော့ ကြောက်တတ်သူ မဖြစ်စေချင်။ ခံဝံ့လို့ မိုက်သည်၊ မိုက်မိလျှင် ခံဝံ့သည်ဆိုသည့် လူမျိုး ဖြစ်စေချင်သည်။ သို့သော် သူ့သားကြီးမှာ တခါတခါ ဇွဲမရှိ။ တခါတခါ တခုခုကို မိုက်ကန်းကန်း လုပ်တတ်သည်။ ဒါကို သူက မကြိုက်။ ဘာမျှ မဟုတ်သည့် ကိစ္စကလေးကိုပင် အစွမ်းပြချင်နေပြီး တကယ့်အရေးကျတော့ ခေါင်းလျှိုနေတတ်သော အကျင့်ကိုလည်း သူ မကြိုက်။ မကြိုက်ဆုံးမှာ တာဝန်မဲ့ခြင်းပင် ဖြစ်သည်။
နာရီသံချောင်းခေါက်သံ ကြားရသည်။ ဦးရွှေထင်သည် ထိုင်ရာကထ၍ လမ်းလျှောက်ပြန်သည်။ နံရံက နာရီကို လှမ်းကြည့်သည်။ ဘုရားစင်က မီးရောင်ပျပျဖြင့် နာရီဒိုင်ခွက်အဖြူပေါ်တွင် လက်တံအမည်းများကို ရေးရေးမျှ မြင်ရ၏။
ညနေကတည်းက သည်ည အရေးကြီးသည့်ကိစ္စရှိ၍ ၈ နာရီအရောက် ပြန်လာပါဟု မှာထားလျက် ယခုလို ညဥ့်နက် သန်းခေါင်တိုင် အိမ်ပြန်မရောက်သော သားကို သူ စိတ်ဆိုးနေသည်။
“တော်ပြီ တော်ပြီ။ သည်အကောင် တာဝန်မဲ့လွန်းသည်။ အဖေ စောင့်နေလိမ့်မည်ဟုမှ မတွေးမိရော့သလား။ ဘာတွေများ လုပ်နေလို့လဲ။ ဘယ်ဆီများ ရောက်နေပြီလဲ။ ကာလကြီးက ဆိုးပါဘိသနဲ့။ ဒုက္ခ တခုခုများ တွေ့နေပြီလား။ လူပြန်ပေးတွေ ဘာတွေကလည်း ထပါဘိသနဲ့”
ဦးရွှေထင်သည် ဂဏာမငြိမ် ဖြစ်၍ ထိုင်ရာက ထ၏။ အဝင်တံခါးကို ဖွင့်ကာ အပြင်ဘက်သို့ မျှော်ကြည့်သည်။ လမ်း ဓာတ်မီးရောင်ဖြင့် မိုးရေကြောင်းများကို မြင်ရသည်။ လမ်းပေါ်တွင်ကား လူရိပ်လူယောင်ပင် မရှိချေ။
“တယ်ခက်တဲ့ကောင်ပဲ”
ဦးရွှေထင်သည် အိမ်ထဲမှာပဲ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း တံခါးဆီသို့ နားတစွင့်စွင့် ရှိ၏။
“ဒီမိုးရေတွေထဲမှာ ပြန်လာလို့ စိုရွှဲလာရင် ဖျားဦး နာဦးမယ်။ ထီးလည်း ယူသွားတာ မတွေ့ဘူး။ ဒီကောင်ဟာ စည်းနဲ့ ကမ်းနဲ့ကို မနေတတ်ဘူး။ တယ် ပေါ့ပေါ့ဆဆ နိုင်တာပဲ။ ကျန်းမာရေးကလည်း ကောင်းတာ မဟုတ်ဘူး။ တယ် ခက်ပါတယ်”
တခါတုန်းက ယခုလိုပင် မိုးရေထဲ ထွက်သွားပြီး ပြန်လာတော့ အအေးမိ လာသည်။ နမိုးနီးယား ဖြစ်ပြီး ဆေးရုံတက်ရသည်။ အပြင်းဖျားပြီး သေမလို ဖြစ်၏။ အတော်ကြာအောင် ကုမှ အသေလွတ်ခဲ့သည်။ သည်တုန်းကများ အဖေနှင့် အမေသည် စိတ်ပူလွန်း၍ မအိပ်နိုင်ကြ။ မစားနိုင်ကြ။ သားကိုသာ ရင်တမမနှင့် ကြည့်နေခဲ့ကြသည်။ သားကတော့ အမှတ်သည်းခြေ မရှိ။ နေကောင်းလာတော့ ငါ့မှာ သည်လို သည်လို ဖြစ်ဖူးပါလား ဆိုပြီး မဆင်ခြင်။ မိုးရွာထဲ သွားလည်း ထီးဆောင်းချင်သူ မဟုတ်။ အဖေက ဖြစ်စေ၊ အမေက ဖြစ်စေ၊ သတိပေးသဖြင့် ထီးယူသွားသည့် တိုင်အောင် အပြန်ကျ ထီးပါလာလေ့ မရှိ။ ဘယ်လိုလူစားလဲ မသိ။
အပြောအဆိုလည်း မခံချင်။ သူ့ကို အပြစ် တခုခု တင်၍ ပြောလိုက်လျှင် သုန်သုန်မှုန်မှုန် လုပ်ပြီး ထမင်းမစား ဟင်းမစား လုပ်နေတတ်၍ အဖေနှင့် အမေမှာ ရင်ထဲက မချမ်းမသာ ဖြစ်ကြရ၏။
“မိဘကို အင်မတန် ဒုက္ခပေးတဲ့ အကောင်။ တော်ပြီ တော်ပြီ။ သည်အကောင်ကို အလိုလိုက်ထားရင် ပစ်လိုက်ရမယ့် အကောင်စားပဲ။ ကိုယ့်ကိုကိုယ်လည်း မထိန်းသိမ်းတတ်၊ မနေတတ် မထိုင်တတ်နဲ့။ စာမေးပွဲကလည်း နီးလှပြီ။ စာကျ ကျက်ရကောင်းမှန်းလည်း မသိဘူး။ ကပ်နေတော့မှ နေ့မအိပ် ညမအိပ် မိုက်မိုက်ကန်းကန်း လုပ်တော့မယ်။ စည်းနဲ့ ကမ်းနဲ့ သေသေဝပ်ဝပ်ကို မလုပ်တတ်ဘူး။ ဣန္ဒြေရရ မလုပ်တတ်ဘူး။ ကြည့်လေ ... အခု ည ၈ နာရီအရောက် ပြန်လာခဲ့ပါမယ် ဆိုပြီး ... တောက်”
နာရီသံချောင်းသံ တချက်ခေါက်သံ ကြားရ၏။ ဦးရွှေထင်သည် အိမ်ခန်းထဲသို့ သွားပြီး ဇနီးကို လှုပ်နှိုးလိုက်သည်။
“ဟေ့ ဟေ့ ရှင်မ။ မင်း သား ပြန်မလာသေးဘူးကွ”
ဇနီးသည်က အိပ်မှုံစုံမွှားနှင့် “အဲဒါ ဘာလုပ်ရမှာတုန်း” ဟု မေးသည်။
“ဘယ်ဆီများ လျှောက်သွားနေလဲ မသိဘူးကွ။ လိုက်ရှာရင် ကောင်းမလား”
“ဘယ် လိုက်ရှာမလဲ”
“ဟိုနား သည်နားများ ရှိမလား”
“သူငယ်ချင်းတွေနဲ့ နေမှာပါပဲ၊ ရှင့်သားဟာ ဒီလိုပဲ နေမိနေရာ နေတတ်တာပဲ။ လာရင် ဆိုစမ်းပါဦး။ ရှင်ကလဲ သားနေပုံထိုင်ပုံ မကြိုက်ဘူးသာ ပြောတာ။ ဘာမှတော့ မပြောဘူး။ ရှင်ပြောရင် ရပါတယ်”
“ပြောရုံတင် မဟုတ်ဘူး။ ရိုက်နှက်ပစ်ဖို့ ကောင်းတယ်”
“ရိုက်ပေါ့ရှင်။ သည်အရွယ်ဟာ ကြိမ်ကို ကြောက်ပါသေးတယ်။ ပြီးတော့ ရှင်က သားသမီးကို ရိုက်ရမှာ ဝန်လေးတယ်။ ကိုယ့်သားသမီး လိမ္မာအောင် ဆုံးမတာပဲ၊ မုန်းလို့ ရိုက်တာမှ မဟုတ်ဘဲ။ ကျွန်မတော့ တွေ့ရာနဲ့ ဆွဲရိုက် ပစ်လိုက်တာပဲ”
“အေးကွာ။ ငါ့အပြစ်ပါပဲ။ သည်အကောင်ကို ငါက သူငယ်ချင်းလို ပေါင်းကြည့်တယ်။ နားလည်အောင် ပြောကြည့်တယ်။ မရဘူး။ ဟုတ်တယ်။ ဆူသင့် ဆူ၊ ရိုက်သင့် ရိုက်ပစ်။ တင်းတင်းကလေး ကိုင်မှ ဖြစ်မယ်”
ဦးရွှေထင်သည် အိမ်ရှေ့သို့ ပြန်ထွက်လာသောအခါ အတော် စိတ်ဆိုးနေပြီ ဖြစ်၏။ သားပြန်လာလျှင် အပြစ်တင်စကား၊ ကြိမ်းမောင်း စကားများ ပြောရန် စကားလုံးများ ရှာဖွေရင်း ဆေးပြင်းလိပ်ကို ဖွာပြန်လေသည်။
အစတွင် ချိုချို ပြောရမည်လား၊ ထန်ထန် ပြောရမည်လားဟု ချိန်ဆနေ၏။ ဝင်လာလာချင်း “ဟေ့ကောင် ... လာပါဦး ဒီကို” ခပ်ထန်ထန် ခေါ်လိုက်ပြီး “ဘယ်အချိန် ရှိပြီလဲကွ၊ ဟင်” ဟု ငေါက်မည်။ သည်တော့ မျက်လုံးပြူးကြီးနှင့် သူ့ကို လှန်ကြည့်နေသော သား၏ မျက်နှာကို သူ မြင်ယောင်လာသည်။ အားရအောင် ဆူပြီးမှ “ဘယ်သွားနေလဲ၊ ပြောစမ်း” ဟု မေးမည်။ သည်တော့ သား ဘာပြောမည်လဲ။ “သူငယ်ချင်းတွေနဲ့ ဂစ်တာတီးနေတာပါ”လို့ ပြောမလား။ “မိုးတွေ ထန်နေတာ ထီးမပါလို့ပါ” လို့ ပြောမလား။ ဘယ်လိုဖြစ်ဖြစ် မှန်တာပြောလျှင်တော့ ခွင့်လွှတ်မည်။ အရက်သောက်၊ ဖဲရိုက်၊ အပျော်လိုက်နေတယ် ဆိုဦး မှန်တာကိုသာ ပြော၊ ခွင့်လွှတ်မည်။ လိမ်ပြောလျှင်တော့ ဒေါသနှင့် ထရိုက် ပစ်လိုက်မည်။ ပြီးတော့ ဒီလို တာဝန်မဲ့ နေတာမျိုး မကြိုက်ကြောင်း ပြောမည်။ အဖေက ကြီးပြီ။ နောက် အလုပ် လုပ်နိုင်လှ နှစ်နှစ် သုံးနှစ်။ သည်က နောက်တွင် အမေနှင့် ညီမလေးများကို စောင့်ရှောက်ဖို့ မင်း တာဝန်။ ငွေကြေးတာဝန် မရှိဘူးထား။ အိမ်မှာ လုံခြုံမှု အတွက်တော့ တာဝန် ရှိစေချင်သည်ဟု ပြောရမည်။ တာဝန်ရှိသူ အနေနှင့် လမ်းလျှောက်၊ ဂစ်တာတီး၊ အပေါင်းအသင်းတွေနှင့် ဟေးလားဝါးလား လုပ်သည်ကိုပါ ပြောရမည်။ ဒါကိုမကြိုက်၊ ပြင်ရမည်။
“ခုခေတ် လူငယ်များဟာ သည်လိုပဲ။ တယ် ပေါ့ပေါ့ဆဆ နိုင်တယ်။ အချိန်မတော် မယ်ဒလင်တီး၊ ဂစ်တာတီး၊ လမ်းလျှောက် သီချင်းဆို၊ အလကားပဲ။ မြန်မာပြည်ရဲ့ နောင်ရေးဟာ စိတ်လေးစရာပဲ။ သည်အထဲ ငါ့သား ပါသလား ... ဟင်။ ဒါကိုတော့ ခပ်တင်းတင်း ကိုင်မှပဲ ...”
ဦးရွှေထင်မှာ သူတယောက်တည်း ဒေါသဖြစ်လိုက်၊ စိတ်မောလိုက်နှင့် မည်မျှ ကြာသည် မသိ။ အိမ်ရှေ့က တံခါးခေါက်သံ ကြား၍ ကုလားထိုင်မှ ကပျာကယာ ထကာ တံခါးကို ဖွင့်လိုက်သည်။ အပြင်ဘက်တွင် သားကြီးသည် ပလပ်စတစ် မိုးကာတခု ခြုံလျက် စောင့်နေ၏။
“လူကလေး ...”
သားက အဖေကို ကွင်းရှောင်ပြီး အိမ်ထဲသို့ ဝင်သွားသည်။ ဦးရွှေထင်သည် ရေတစက်စက်နှင့် မိုးကာအင်္ကျီကို ကောက်ယူကာ ဖိနပ်ချွတ်ခန်းက ချိတ်တွင် ချိတ်ထားလိုက်သည်။ အဝတ်များ လဲပြီး ပြန်ထွက်လာသော သားက “ဖေဖေ စောင့်နေသလား” ဟု မေးပြီး ထမင်းစားခန်းထဲ ဝင်သွားသည်။ ပြီးတော့ ဓာတ်ဘူးကို ဖွင့်ပြီး အထဲက ကော်ဖီကို ငှဲ့သောက်နေလေသည်။ ဦးရွှေထင်က မကျေမချမ်းနှင့် ထမင်းစားခန်းထဲသို့ လိုက်သွား၏။
“ဖေဖေပါ သောက်မလား”
သားက မှောက်ထားသော ကော်ဖီပန်းကန်ကို လှန်၍ ဓာတ်ဘူးထဲက ကော်ဖီကို ငှဲ့ပေးသည်။ ဦးရွှေထင်လည်း သားနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ကာ ကော်ဖီကို သောက်လိုက်ရ လေသည်။
“မိုးချုပ်တယ်ကွာ”
သားက ဘီစကွတ် တချပ်ကို ပလုပ်ပလောင်း စားရင်းက
“တီးလုံး တိုက်နေကြလို့ပါ ဖေဖေ။ လာမယ့် စနေနေ့မှာ ပါတီတခု ရှိလို့”
“မိုးချုပ်မယ် ဆိုရင် ပြောဆိုသွားမှပေါ့ကွ”
“ဟာ ဖေဖေကလည်း ကျွန်တော် အိမ်က ထွက်သွားတုန်းက ၈ နာရီ ပြန်ဖို့ပဲ။ မိုးတွေ သိပ်ရွာနေတာ ထီးလဲ ယူမလာမိလို့။ မီလီတို့ ဂရေစီတို့လည်း ရှိနေတာနဲ့”
“ဂရေစီ ဘယ်တုန်းက ရောက်လာလဲ။ ကလောမှာ နေတယ်ဆို”
“ဟုတ်တယ် ... မနေ့ညကမှ ရောက်တယ်။ သူ့ဒက်ဒီလည်း ပါတယ်”
“ဪ ... ကိုထွန်းမင်းရော ပါလာသလား၊ ဘာကိစ္စတဲ့လဲ”
“မသိဘူး၊ ဖေဖေ့ကိုလည်း မေးလိုက်တယ်၊ မနက်ဖြန် သူ လာဦးမယ်တဲ့”
“ကိုထွန်းမင်း ငယ်ငယ်က သီချင်းဆို အင်မတန် ကောင်းတယ်”
“ဟုတ်လား။ ဖေဖေကော ငယ်ငယ်က သီချင်း ဆိုတတ်လား”
“မဆိုပါဘူး။ ဖေဖေတို့က အတီး သက်သက်ပါ။ ကိုထွန်းမင်းက အဆိုရော အတီးရော ရတာ”
“ဖေဖေ ဘာတွေ တီးတတ်လဲ”
“ဘာရယ် မဟုတ်ပါဘူးကွာ၊ မေ့ကုန်ပြီ။ ထူးမခြားနားတို့ ဘာတို့ပေါ့ကွာ”
“တပုဒ်လောက် တီးပြမလား ဖေဖေ”
“မတီးချင်ပါဘူးကွာ။ မိုးချုပ်ပါပြီ”
“ဒါဖြင့် ကျွန်တော် တီးပြမယ်၊ ဖေဖေ နားထောင်မလား”
သားက ပြောပြောဆိုဆို သွားပြီး သူ့အခန်းထဲက ဂစ်တာကြီးကို ဆွဲလာသည်။ ဦးရွှေထင်က “မိုးချုပ်လှပါပြီကွာ။ မနက်မှ တီးပါတော့” ဟု ပြောလိုက်မည်ဟု ထိုင်ရာမှ ထလိုက်သော်လည်း မပြောဖြစ်တော့။
များမကြာမီ ထမင်းစားခန်းဆီမှ ဂစ်တာသံသည် တိတ်ဆိတ် ငြိမ်သက်လျက် ရှိသော အိမ်ကြီး တခုလုံးရှိ အခန်းများထဲသို့ လှိမ့်ဝင်ပြီးလျှင် မိုးစိမ့်စိမ့် ရွာနေသော ပြင်ပလောကထဲသို့ပင် ပျံ့နှံ့သွားလေတော့၏။
---
#ထင်လင်း
#သားတို့ရုပ်ရည်
#shared_by_louis_augustine
Comments
Post a Comment