ပညာခေါင်းဆောင်ကြီးများ // အောင်သင်း

ပညာခေါင်းဆောင်ကြီးများ // အောင်သင်း

(စဉ်းစားစရာလေးတွေ)

---

နိုင်ငံခေါင်းဆောင်၊ အဖွဲ့အစည်းခေါင်းဆောင်၊ လူမှုရေး ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင် စသည် စသည်အားဖြင့် ကဏ္ဍအသီးသီးတွင် ခေါင်းဆောင်အသီးသီး ရှိကြစမြဲ ဖြစ်ပါသည်။ ထိုထိုသော ခေါင်းဆောင်များကို ကျွန်တော် လေးစားရိုသေစိတ် ရှိပါသည်။ သို့သော် ကျွန်တော် ကိုယ်တိုင်က ကျောင်းဆရာ၊ စာရေးဆရာ ဖြစ်နေသောကြောင့်ပေလားမသိ။ ပညာရေးခေါင်းဆောင်များကိုကား ရိုသေသည့်ပြင် ချစ်စိတ်ပါ ဝင့်နေမိတတ်ပါသည်။

ရှေးခေတ် ခပ်လှမ်းလှမ်းကို ပြန်ကြည့်လိုက်မည်ဆိုလျှင် အင်းဝခေတ်က ဒုတိယမင်းခေါင် လက်ထက်တွင် ပေါ်ပေါက်ခဲ့သော ရှင်မဟာသီလဝံသသည် ကျောင်းတိုက်ကြီးတခုလုံး၏ ပဓာန နာယက ဆရာတော် (ပါမောက္ခချုပ်) ဖြစ်သည်။ ကျောင်းဆရာကြီး တပါးဟုသာ ဆိုရတော့မည်။ ဆရာတော် သင်ကြားပေးလိုက်သည့်သင်ခန်းစာများမှာ ယခုထက်တိုင် ကျွန်တော်တို့ တမျိုးသားလုံးအား သွန်သင်နေဆဲဖြစ်သည်။

ကျွန်တော်တို့နှင့် အလွန်နီးစပ်သော မကြာသေးမီကခေတ်ကို ပြန်ကြည့်လျှင်လည်း ပညာခေါင်းဆောင်များကို တွေ့ နိုင်ပါသည်။ အမျိုးသား ပညာဝန် ဦးဖိုးကျားသည် နိုင်ငံရေးခေါင်း ဆောင်တယောက် မဟုတ်၊ ပညာရေး ခေါင်းဆောင်တယောက် သာဖြစ်သည်။ အမျိုးသား ကျောင်းများ ပေါ်လာလိုက်သည်နှင့် တပြိုင်နက် ဦးဖိုးကျား၊ မြို့မဆရာလွင် အစရှိသော ထိုထိုသော ပညာခေါင်းဆောင်ကြီးများသည် သင်ရိုးညွှန်းတမ်း၊ ပြဋ္ဌာန်းချက်များ အပါအဝင် ပညာရေး စီမံကိန်းကြီးတွေ ဆွဲကြသည်။ ထိုစီမံကိန်းများကို နေ့မနား ညမနား ကြိုးစားပမ်းစား အကောင်အထည် ဖော်ကြသည်။ ဆရာကြီး ဦးဖိုးကျားဆိုလျှင် အမျိုးသားရေးအတွက် မြန်မာ့ဂုဏ်ရည် ငါးရာ့ငါးဆယ် ကောက်နုတ်ချက် စသည်အားဖြင့် စာအုပ်တွေကို ပြုစုလိုက်သေးသည်။ အမျိုးသားကျောင်းမှ ထွက်သော ကျောင်းသားများသည် နောင်အခါ နိုင်ငံခေါင်းဆောင်များ ဖြစ်လာကြသည်။

ဆရာကြီး ဦးရာဇတ်ဆိုလျှင် အမျိုးသား ကျောင်းအုပ်ကြီးဖြစ်သည်။ အမျိုးသားကျောင်းအုပ်ကြီး ပီသလိုက်ပုံက သူ့တပည့်များ ရေးကြသည့် စာအုပ်တွင် တလုံးတခဲတည်း တွေ့ ရသည်။ သူကိုယ်တိုင်ကတော့ မူဆလင် တယောက်ဖြစ်သည်။ သို့သော် ကျောင်းတက် ဘုရားရှိခိုးချိန်တွင် ကျောင်းသားတိုင်း တက်အောင် ဂရုစိုက်သည်။ ဘုရားရှိခိုးချိန်တွင် လစ်ပြီး အိမ်သာတက် သလိုလို လုပ်နေသူများကို ကြိမ်တချောင်းနှင့် လိုက်ရိုက်လေ့ရှိသည် ဆိုတာကို ဖတ်လိုက်ရတော့ ဆရာကြီး၏ သဘောထား ကြီးရင့်မှုကို အံ့ဩမိသည့်ပြင် “သူမို့မှ မနံမစော်” ဟု တွေးကာ ဖတ်နေရင်း ပြုံးလိုက် မိသေးသည်။

နောက်ပိုင်းတွင် သူ့တပည့်တွေက နိုင်ငံရေးခေါင်းဆောင် များဖြစ်လာကြတော့ သူ့ကို ဝန်ကြီးအဖြစ် တင်မြှောက်ကြသည်။ လုပ်ပိုင်ခွင့်ရလာသည်နှင့် တပြိုင်နက် ပထမဆုံး လုပ်လိုက်သည်က အင်္ဂလန်က မဟာသိပ္ပံဘွဲ့ရထားပြီးဖြစ်သော ဦးကိုကိုလေးကို ခေါ် တဲ့ပြီး မန္တလေးတက္ကသိုလ်ကို ချက်ချင်း တည်ထောင်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ဦးကိုကိုလေးခမျာမှာ ကွမ်းလေးတယာလောက်တောင် ယာစားချိန်မရ။ မန္တလေးသို့ အတင်းပြေးရလေသည်။ ဤသို့အားဖြင့် မန္တလေးတက္ကသိုလ်ကြီး ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခြင်းခံရသော ပါရဂူတွေ တပုံကြီး ပေါ်လာခဲ့သည်။

သူတို့ဆရာကြီးကို တပည့်တွေက မြှောက်စားလိုက်သည် နှင့်ပင် ဆရာကြီးဦးရာဇတ်ခမျာမှာလည်း လုပ်ကြံခံရမှုတွင် ပါဝင်ပြီး စောစောစီးစီး အနိစ္စရောက်သွားရရှာတော့သည်။ ထိုအချက်ကို စဉ်းစားမိလိုက်ပြန်တော့ မြို့မ ဆရာကြီး ဦးဘလွင် အကြောင်းကို သတိရမိပြန်သည်။ သူ့ကိုလည်း အချို့ တပည့်များက ဝန်ကြီး တင်ချင်ကြသည်။ သို့သော် အချို့ တပည့်များက မြို့မကျောင်းကြီး၏ အရှိန်ပျက်မည်ကို စိုးရိမ်ကြ၍လည်းကောင်း၊ ဆရာကြီး ကိုယ်တိုင်က နိုင်ငံရေးဘက်ကို မကူးလို၍လည်းကောင်း ဝန်ကြီးမဖြစ် လိုက်ရှာတော့ချေ။ မြို့မဆရာကြီးအဖြစ် အသက်ထက်ဆုံး တာဝန်ထမ်းဆောင်သွားနိုင်ခဲ့လေသည်။

ပညာခေါင်းဆောင်ကြီးတွေ အကြောင်းကို စဉ်းစားမိလိုက်လျှင် ဆရာကြီး ဦးဖေမောင်တင်ကို ချန်ထားလို့ မရစကောင်း။ ရန်ကုန်တက္ကသိုလ်တွင် ယခင်က မြန်မာစာ ပြဋ္ဌာန်းခြင်း မရှိ၊ တက္ကသိုလ်တွင် မြန်မာစာပေကို သင်ကြားရန် အဆိုပြုတော့ မြန်မာစာမှာ ရသစာပေ (Literature) ရှိလို့လား၊ ‘ဇတက’ တွေကို ထည့်မပြောနှင့်။ အဲဒါတွေက ပါဠိစာပေတွေ ဘာညာနှင့် အမေးခံခဲ့ရသေးသည်။ ဤသည်တွင် ရှိပါသော်ကောဟု ကြည့်ကန်ရှင်ကြီးတို့၊ ဦးပုညတို့ စသည့် စာပေများကို တင်ပြခဲ့ရသည်။ ထိုကျေးဇူးကြောင့် ကျွန်တော်သည်ပင် ရန်ကုန်တက္ကသိုလ်မှ မြန်မာစာနှင့် မဟာဝိဇ္ဇာ ဘွဲ့ကို ရလိုက်ခဲ့သေးသည်။ မြန်မာစာဌာနတွင် ဆရာအဖြစ် အမှု ထမ်းခွင့် ရခဲ့သေးသည်။မြန်မာပြည်က မြန်မာတက္ကသိုလ်တွင် မြန်မာစာ သင်ကြားရသော အခြေအနေမှ မြန်မာစာဌာနကြီးတခု ဝင့်ဝင့်ထည်ထည် ပေါ်ပေါက်လာအောင် စွမ်းဆောင် ပေးခဲ့သည့် ပညာခေါင်းဆောင်ကြီးကို ကျွန်တော်တို့ ဘယ်မှာ မေ့ရက်နိုင်ပါ တော့မည်နည်း။

မကြာသေးမီက (စာရေးဆရာ) အောင်စိုးနှင့် တွေ့မိလိုက် သေးသည်။ (အောင်စိုးဟု ဆိုလိုက်လျှင် ယခုခေတ် လူငယ်များက ပန်းချီအောင်စိုးနှင့် ရောထွေးသွားတတ်သောကြောင့် စာရေးဆရာ အောင်စိုးဟု ခွဲခွဲခြားခြား ရေးလိုက်ရခြင်းဖြစ်ပါသည်။) သူက ညောင်ဦးသား ဆိုပါစို့။ ထိုစဉ်က ညောင်ဦးမြို့တွင် အထက်တန်းကျောင်း မရှိသေး။ ထို့ကြောင့် သူ့ခမျာ ကျွန်တော်တို့ တောင်တွင်းကြီး အမျိုးသားကျောင်းတွင် လာနေလိုက်ရသေးသည်။ ၁၃ဝဝ ပြည့် ကျောင်း သားသပိတ်ဖြစ်တော့ သူတောင်တွင်းကြီးမှာပဲ ရှိနေသေးသည်။ ဒေါက်တာဘမော် အစိုးရ ပြုတ်ကျပြီး နောက်ပိုင်းတွင် ဂဠုန်ဦးစော နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်လာသည်။ ထိုအခါ တွင် ဦးစောက ညောင်ဦးအမတ်အား သူ၏ ‘မျိုးချစ်ပါတီ’ ကို ဝင်မ လား၊ ဝင်လျှင် ညောင်ဦးမြို့ကို တန်းမြင့်ကျောင်းပေးမည်ဟု ကတိ ပေးသည်။ မြို့က လူတွေကို တိုင်ပင်ကြည့်လိုက်တော့ မြို့ခံ လူကြီး တွေကလည်း ဝင်သာဝင်လိုက်ဟု တိုက်တွန်းကြသည်။ ဤသို့နှင့် မျိုးချစ်ပါတီကို ဝင်လိုက်တော့ ချက်ချင်းတန်းမြင့် ကျောင်းတခုကို ချပေးလိုက်သည်။ ထည့်ပေးလိုက်သည့် ဆရာတွေကိုကြည့်ဦး ဘွဲ့ရတွေ၊ ဘီအေ၊ ဘီအီးဒီတောင် ပါလိုက်သေသည်။ ထိုစဉ်ခေတ်က ဘီအေ၊ ဘီအီးဒီကို မဆိုထားနှင့် ဘီအေရိုးရိုးပင် အတော်လေး ရှားသောခတ်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုအမတ်ကြောင့် ညောင်ဦး မြို့တွင် တန်းမြင့် ကျောင်းကြီး ပေါ်လာရခြင်း ဖြစ်သည်။ ကျောင်းဆရာအကောင်းစား တွေကို ရလိုက်သည်မှာလည်း ထိုညောင်ဦးအမတ် အပြောကောင်းသောကြောင့်သာ ဖြစ်တန်ရာပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအမတ်ကို ညောင်ဦးမြို့က ကျေးဇူးတင်နေသင့်သည်။ အဖျင်းဆုံး စာရေးဆရာ အောင်စိုးကတော့ ကျေးဇူးတင်နေ သည်။ သူက ထိုကျောင်းကပဲ ဆယ်တန်း အောင်လာခဲ့ရသည်ကိုး။

စစ်ပြီး လွတ်လပ်ရေးခေတ်တွင် တက္ကသိုလ်ကြီး ရှိပါသော်လည်း အလုပ်တဘက်နှင့် ကျောင်းတက်လို့မရနိုင်။ အလွတ်ဝင် ဖြေခွင့် ရှိပါသော်လည်း အောင်သည်လို့ကို မရအောင် ခက်လွန်းလှ သည်။ ဒီတွင်မှ ဆရာကြီး ဦးစံရွှေက ခေါင်းဆောင်ပြီး သက်ကြီး တက္ကသိုလ်ဟု ကျောင်းဖွင့်ပစ်လိုက်သည်။ ထိုအခါတွင်မှ အလုပ်သမားများမှာ ပညာရေး အသက်ရှူ ချောင်သွားကြသည်။ နောင်အခါတွင်တော့ ‘သက်ကြီးတက္ကသိုလ်’ မှသည် ‘လုပ်သားကောလိပ်’ ဖြစ်လာသည်။ ပညာရေးခေါင်းဆောင် ဆရာကြီး ဦးစံရွှေ၏ ကျေးဇူး ဟု ဆိုရပေမည်။ စစ်ကြီး ပြီးလိုက်လို့ လွတ်လပ်ရေး ရသောအခါတွင် မိမိ တို့မြို့နယ် ကျေးရွာတို့ကို ဖွံ့ဖြိုး စေလိုသော ရဟန်းတော်များသည်လည်း ပညာရေး ခေါင်းဆောင်များဖြစ်လာကြပြီး သင်္ကန်းတော် တဖားဖားနှင့် ဟိုပြေးဒီလွှားလုပ်ကာ မိမိတို့မြို့မှာ တန်းမြင့်ကျောင်း ရအောင်၊ မူလတန်းကျောင်းရအောင်၊ အလယ်တန်းကျောင်းဖြစ်အောင် ချွေးတလုံးလုံးနှင့် ကြိုးစားတော်မူကြပြန်လေသည်။ ဖြစ်လည်းဖြစ်လာကြသည်။ ထို့ကြောင့် ကျေးလက်များကအစ ပညာ ရေး မျက်စိပွင့်လာကြသည်။ ယခုအခါတွင်တော့ဖြင့် ကျေးလက် ဆရာတော်ကြီးများ၊ ပဉ္စင်းငယ်ကလေးများက ကျေးရွာဆေးပေးခန်းလို ကျေးရွာ စာကြည့်ခန်းကလေးများ ဖြစ်လာအောင် ကြိုးပမ်းနေသည်ကို တွေ့ ရသည်။ စာကြည့်ခန်းကလေးတွေ ဟော-တခု၊ ဟော-တခု ပေါ်လာနေသည်မှာ တိုင်းပြည်နှင့် လူမျိုးအတွက် အလွန်မင်္ဂလာရှိသော လုပ်ဆောင်မှုများ ဖြစ်သည်ဟု ဆိုထိုက်သည်။ ကျေးရွာ နည်းနည်းလေးကြီးလာလျှင် ‘ဗွီဒီယိုရုံ’ ကလေးတခုတော့ ရှိနေမြဲဖြစ်သည်။ ထိုကဲ့သို့ ဗွီဒီယိုရုံပင် ရှိနိုင်သေးလျှင် စာကြည့်ခန်း တခုလောက်တော့ ဘာကြောင့် မရှိနိုင်ရမလဲ ဟူသောစိတ်ဖြင့် ကြိုးပမ်းပါသည်ဟု ပဉ္စင်းငယ်လေးတပါးက ကျွန်တော့်အား မိန့်ကြာခဲ့ဖူးပါသည်။

ကျေးရွာများကို ကြည့်လိုက်လျှင် စာသင်ကျောင်းမရှိသော ရွာနှင့် ရှိသောရွာ အတော်ကလေးကို ကွာခြားသည်ကို ကျွန်တော် သတိထားမိသည်။ စာသင်ကျောင်းမရှိသော ကျေးရွာက လူငယ် ကလေးများမှာ အသိဉာဏ် ဗဟုသုတ အဘက်ဘက်မှာ နိမ့်ကျနေတတ်သည်။ စာသင်ကျောင်းရှိသော ကျေးရွာက လူငယ်များမှာ မိမိ တို့ကိုယ်တိုင်က ထိုက်သင့်သလောက် ပညာတတ်လာကြရုံမက စာသင်ကျောင်းက ဆရာ ဆရာမများကလည်း ကျေးရွာ၏ ပညာ ခေါင်း ဆောင်များ ဖြစ်လာကြတော့သည်။

ထိုကဲ့သို့ပင် စာဖတ်သင်းရှိသော ကျေးရွာနှင့် မရှိသော ကျေးရွာအဆင့် ကွာနေတတ်သည်။ ကျွန်တော်က စာပေဟောပြောပွဲ ခရီးအဖြစ် ကျေးရွာများသို့တိုင်အောင် ရောက်ခဲ့ရသည် ဖြစ်သောကြောင့် ထိုစကားကို အပိုင် ပြောနိုင်ခြင်းဖြစ်ပါသည်။ စာကြည့်သင်း ဖွံ့ဖြိုးသော ကျေးရွာသို့ စာပေဟော ပြောပွဲလိုက်သွားမိလျှင် ကျေးရွာ မို့လို့ဆိုပြီး အထင်မသေးလိုက်လေနှင့်၊ ဆွေးနွေးပွဲတွင် မေးလိုက်သည့် မေးခွန်းများမှာ အတော်အတန် စာရေးဆရာ လိုက်လာမိတာ မှားလေခြင်းဟု ချွေးပြန်နေလောက်သည်။ ယခုကဲ့သို့ ကျေးလက် ပညာခေါင်းဆောင်များ ပေါ်ပေါက်စ ပြုနေခြင်းမှာ နိုင်ငံတော် ကောင်းစားမည့် အတိတ်နိမိတ်များ ဖြစ်သည်ဟု ကျွန်တော် ယုံမှတ်ပါသည်။ တနိုင်ငံလုံးတွင် ပညာခေါင်းဆောင်များ တိုး၍တိုး၍ ပေါ်ပေါက်လာပါစေသတည်း။

---

#အောင်သင်း
#ပညာခေါင်းဆောင်ကြီးများ

#shared_by_louis_augustine
#sbla

Comments