ထိုည // ကြည်အေး

ထိုည // ကြည်အေး

(တာရာမဂ္ဂဇင်း၊ အတွဲ(၁)၊ အမှတ်(၄)၊ ၁၉၄၇)

---

အပျိုမလေးသည် မော့၍ကြည့်လိုက်၏။ လသည် အင်မတန်ပင် မြင့်၍ နေလေပြီ။ လသည် ပြာသောကောင်းကင်ဝယ် ရွှေရောင်လိုလို ငွေရောင်လိုလို ဝင်းမှည့်နေသဖြင့် ဖဲပြာပေါ်ဝယ် ဟိုလှိမ့်သည်လှိမ့်လိမ့်ကာ ဟန်ယူနေသော အရည်ရင့်ရင့် ပုလဲလုံးနှင့် ပမာတူ၏။ ဆောင်တော်ကူးခိုင်ပမာ အိ၍နေသော တိမ်တောင်တို့သည် လရောင်တဝက် အရိပ်တဝက်ဖြင့် ပြိုတော့မည့်ပမာ လေးပင်စွာတွဲကျနေပေ၏။ စိန်ကြယ်ပွင့်တို့သည်လည်း တဖျက်ဖျက်တောက်ကာ မျက်တောင်တခတ်ခတ်နှင့် လက်နေကြလေသည်။

လေသည် ‘ကန်သာ’ ကိုဖြတ်၍ ပြတင်းမှ တိတ်တဆိတ် ခိုးဝင်ကာ မေ့ဆေးသဖွယ် ကြာပန်းရနံ့များဖြင့် မူးမေ့ခွေပျော့အောင် ထုံလိုက်လေ၏။ ပြတင်းမှာတွယ်ကပ်နေသည့် အိုင်ဗီနွယ်များသည် လရောင်တွင် လှနေကြ၏။ ပျော့ညက်သောခန်းဆီးအဖြူသည် လရှိရာသို့ လက်လှမ်းကာ လူးလှိမ့်နေလေ၏။

အပျိုမကလေးသည် ည၏အလှကို အနုစိတ်၍ အမွှမ်းတင်ကာ နူးညွှတ်ဖွယ်ရာ စိတ်ကူးအိပ်မက် မက်နေ၏။ လွမ်းရမလိုလို ဆွေးရမလိုလို ထိုအိပ်မက်သည် ဇာတ်လမ်းအခြေတည်စရာမရှိသဖြင့် အရှည်ကြီးမျောနေတော့သည်။ အနက်မထင်သော အိပ်မက်သည် သူ့အား နွမ်းလျခွေပျော့ကာ မဆန့်တငံ့ဖြစ်စေလေ၏။ ကိုင်း ... ဘာလိုနေပါလိမ့်။ ည၏အလှကို စိတ်ဝင်စားနေသည်မှာ ရူးသွပ်စွာ တဖက်သတ်ပင် အယူသီးနေတော့မလောက် ဖြစ်၏။ သို့ပေမယ့် ကျေနပ်နှစ်သိမ့်မှုမရှိပဲ ဟာနေသည်မှာ ဘာလိုနေပါသလဲ။

အပျိုမကလေးသည် အိပ်ရာပေါ်သို့ နွမ်းလျစွာ လှဲချလိုက်သည်။ ပြတင်းမှမြင်ရသော လ၊ တိမ်၊ ကြယ်တို့နှင့် ပြည့်စုံသည့် ကောင်းကင်တဝက်တပျက်ကို ပြတင်းပေါင်သည် ပန်ချီကားချပ်တချပ်ဖြစ်အောင် လေးထောင့်ပုံကွပ်ပေးထားလေသည်။ သူမသည် ညပန်းချီကားကို ကြည့်ရင်း ပို၍ပို၍ နွမ်းခွေလာလေ၏။ ထိုပန်းချီကားချပ်သည် ကဗျာတပုဒ်ပမာ သူမအား ညှို့နိုင်စွမ်းသည်။

ဂီတသံကို ကြားရလေ၏။

ဂီတသံသည် အလွန်တရာ အေးဆေးချွဲနွဲ့သော တယောနှင့် အဆို တွဲထားသည့် အသံပင်ဖြစ်၏။ အသံသည် သဲ့သဲ့ကလေးပေါ်လာရာမှ အလွန်ဖြေးလေးစွာ နီး၍နီး၍လာ၏။ အနီးဆုံးသို့ ရောက်လာလေ၏။ ဝေးရာမှနီးလာသော်လည်း နီးရာမှ ဝေးမသွားချေ။ အပျိုမလေးသည် အသက်မရှုပဲ စိတ်ထက်သန်စွာ နားထောင်၏။

“ ပန်းပွင့်တွေလည်း လရောင်ဦးဝယ်
ငှက်ကလေးတွေလည်း တေးသံကျူးကာ
မြူးလို့ ချစ်သွေးဝင်
ငယ်ချစ်ခင် မောင့်ရင်တွင်းမှာ
ချစ်တင်းဆိုလို့ ပျော်စေချင်... ”

အပျိုမလေးသည် သူကိုယ်တိုင် ဇာတ်လိုက်ဖြစ်လာ၏။ အလွန်နွဲ့လျစွာ ထထိုင်လေ၏။ ဂီတသံသည် သူမ၏ ပြဿနာကို ရှင်းပေး၏။ ဘာလိုနေသည်ကို ရိပ်မိလာလေ၏။ သူမသည် ပင့်သက်ရှူကာ ပခုံးကို တွန့်လိုက်လေ၏။

သူမ၏ စိတ်မျက်စိဝယ် မိန်းမပျိုကလေး၏ အချစ်ကို မျော်မှန်းခွင့်ပန်နေသော ယောက်ျားပျို၏ သဏ္ဍာန် တယောပိုက်နေဟန်ကို မြင်ရပေ၏။ ယောက်ျားပျိုသည် အချစ်သွေးကြောင့် မည်မျှ တုန်လှုပ်ချောက်ခြား နေလိမ့်မည်နည်း။ သူ၏ မျက်လုံးတို့သည် မည်မျှဝင်းပြောင်နေလိမ့်မည်နည်း။

တယောသံသည် လှိုင်းတွန့်ကလေးဖော်သွား၏။ ပန်းခက်ကလေးတွေကို ဖော်သွား၏။ အရောင်အလျဉ်းသင့်စွာ စပ်သွား၏။ အကွက်စိပ်ကလေးများ မထိတထိ ဆက်စပ်၏။

ဂီတသံသည် ကရုဏာသံပါ၏။ ချစ်သော်လည်း မုန်းချင်စရာ၊ အင်မတန်ပဲ ချွဲလွန်းလှသည်။ ဂီတသံသည် အသက်ပါ၏။ အားတက်သည့်အရိပ်အယောင်ကိုလဲ ပြလေ၏။ လက်လျော့မလိုလိုလည်း ထင်ရသည့် ကြောက်ရွံ့သလိုလို၊ စကားနာထိုးသလိုလို အနေအထားနှင့် အချစ်ဝေဒနာကို ပြဆို၏။

အဖြေထွက်ပြီးပြီ။

ပန်းနတ်သမီးလေး၏ ဟန်ဖြင့် ဒူးချ၍ ထိုင်နေရာမှ ဒူးထောက်ကာ ပြတင်းကို မှီလေ၏။ အပျိုမလေးသည် စောင့်စားနေသည့် ချစ်သူသို့ ညွှတ်ခဲ့လေပြီ။ သူမသည် အနက်မထင်သည့် အညည်းလေးတချက်ကို တိုးတိုးသက်သာ မှုတ်ထုတ်ကာ မဝံ့မရဲ ရှေ့သို့ယွန်း၍ ပြတင်းမှငုံ့ကာ ဂီတသံဖြင့် အချစ်ပန်ကြားနေသူကို ကြည့်လိုက်လေသည်။

“ ဟာ...”

ယောက်ျားပျိုသည် တယောပိုက်ကာ စောင့်စားနေဟန်ပင်။ သို့သော် ... အောက်တန်းစားတယောက်၊ ခေါင်းစုတ်ဖွားနှင့် အဝတ်အစားသည်လည်း အထက်တန်းစား၏ဂိုက်မျိုး တစက်မျှမပါချေ။ လမ်းဘေး ဖုတ်တော ထဲမှာ ထိုင်လို့ပါကော။ ဘယ်နှယ့် ဂျပိုးပါလိမ့်။ ဂီတသံနှင့်မတန်လိုက်သည့် ဖြစ်ခြင်း။

အပျိုမလေးသည် ရင်ကိုမကာ အနောက်သို့ ယိုင်သွားလေ၏။ ငြူစူသော မျက်နှာထား၊ ကျိန်ဆဲနေသော နှလုံးဖြင့် ပြတင်းတံခါးကို ဂျုံးခနဲ ပိတ်၏။ အိုင်ဗီနွယ်လေးတနွယ် တံခါးမှာ ညပ်ကာ ကြေမွသွား၏။ ခန်းဆီးကလေးသည်လဲ မြောက်တက်သွား၏။

အပျိုမလေးသည် အိပ်ရာပေါ်သို့ ဆောင့်အောင့်လှဲချကာ စောင်ကို ခေါင်းမြီးတင်းတင်းခြုံ၍ မျက်စိအတင်းမှိတ်၍ အိပ်၏။

ညသည်လဲ မလှတော့ပြီ။ တေးသံသည်လဲ မနုတော့ပြီ။

---

#ကြည်အေး
#ထိုည

#shared_by_louis_augustine
#sbla

Comments